ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားစိတ်ဓာတ် ဘယ်လိုချိန်ကိုက်မလဲ PDF Print E-mail
Written by တင်တင်အေး   
Thursday, 07 February 2013 22:36
Share |

ဖူးငုံတို့ရေ ဆောင်းနှင်း အေးအေး လေးတွေ ပျံ့လွင့်စပြုလာတဲ့ ရာသီဥတု ကို ရောက်လာ ပြီနော်။

argaiv1693
argaiv1062

သိပ်မအေး လှတော့တဲ့ ကာလလေး လို့ဆို ရပေမဲ့ ကျွန်မတို့ နိုင်ငံရဲ့ တချို့ ဒေသတွေ မှာတော့ အအေးပို နေတာမျိုးတွေ ရှိနေကြ တယ်လို့ ကြားနေ ရတယ်။ အဲဒီ ဒေသတွေမှာ ကျွန်မတို့ ဖူးငုံတို့ရဲ့သွေးချင်း တိုင်းရင်းသား တွေ ရှိနြေ ကတယ်လေ။ သူတို့တွေ ဘယ်လိုများ အအေးဒဏ်ကို ကာကွယ်ကြ မလဲဆိုတာ တွေးမိရင် စိတ်ထဲမှာ အစိုင်အခဲ တစ်ခု ၀င်လာသလို  အဲဒီသွေး ချင်းတွေ အတွက် တစ်ခုခု ဘာများ လုပ်ပေးနိုင် မလဲလို့ တွေးတော စိတ်တွေ ၀င်လာမိ ပါတယ်။ ပြီးတော့ မြောက်ဖျားက သွေးချင်း တိုင်းရင်းသားတွေ အအေးဒဏ် ကာကွယ်ဖို့ နိုင်ငံ တစ်ဝန်းက သွေးချင်း တွေက လှူကြ၊ တန်းကြ၊ ဖေးမ ကူညီကြတဲ့ သတင်းတွေ ကြားရတော့ ဒါဟာ သွေးက ပြောတဲ့ ချစ်ခင် ခြင်းနဲ့ သွေးထဲမှာ ရှိနေတဲ့ ပြည်ထောင်စု ဖွားဆိုတဲ့ စိတ်တွေ ကနေ ပေါက်ဖွား လာတာ ဖြစ်မယ်လို့ ကျွန်မ ယူဆ မိတယ်။ ဒီယူဆ ချက်ကို ဖူးငုံတို့ ဘယ်လိုများ သုံးသပ် ကြမလဲ ရှင့်။ ဘာပဲဖြစ်ဖြစ် ဖူးငုံတို့ရဲ့သွေးထဲ မှာလည်း ပြည်ထောင်စု သားသွေးချင်း ညီအစ်ကိုချင်း ရိုင်းပင်းရ မယ်ဆိုတဲ့ စိတ်တစ်နည်း အားဖြင့် ပြည်ထောင်စု စိတ်ဓာတ် ရှိနေလိမ့် မယ်လို့ ကျွန်မ ယုံကြည် ပါတယ်။ ဘာလို့လဲ ဆိုတော့ ဖူးငုံတို့ ကလည်း ပြည်ထောင်စုဖွား သွေးချင်းများ ဖြစ်နေ ကြလို့ပါပဲ။ ကဲ၊ နိဒါန်းပျိုး နေတာနဲ့ ဒီတစ်လရဲ့စကားသံ တွေအကြောင်း ပြောဖို့နောက် ကျနေရပါပြီ။ ဖူးငုံတို့ သိကြတဲ့ အတိုင်းပါပဲ။ ဒီလဟာ ဖေဖော်ဝါရီလ ဖြစ်တဲ့ အတွက် ပြည်ထောင်စု နေ့ဆိုတဲ့ နေ့တစ်နေ့က ရှိနေပြန် တယ်လေ။ ဒါကြောင့် ဒီလမှာ ပြည်ထောင်စု နေ့နဲ ဆိုင်တဲ့ ပြည်ထောင်စု စိတ်ဓာတ် အကြောင်းပါတဲ့ အသံလေး တွေကို စုစည်း ထားပါတယ်။ ပြည်ထောင်စု ဆိုမှတော့ တိုင်းရင်း သားလည်း ပါပြီပေါ့။ ဒီတော့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသား စိတ်ဓာတ် ဘယ်လိုများ ချိန်သား ကိုက်မလဲ ဆိုတာကို ညှိကြည့် ထားပါတယ်။ ဖူးငုံ တို့ ဖတ်ရှု ကြပါဦးနော်။

မေမြတ်မွန်(ရခိုင်တိုင်းရင်းသူ)
တိုင်းရင်းသားတွေ အားလုံး ပြည်ထောင်စု စိတ်ဓာတ်ရှိ ဖို့ဆိုရင် အစိုးရ ဘက်ကလည်း တိုင်းရင်းသား အားလုံးကို တန်းတူ အခွင့်အရေး ပေးရမယ်။ဘယ်တိုင်းရင်းသား ကိုမှ ဘာအတွက် ကြောင့်မှ အခွင့်အရေး ပေးမယ် ဆိုတာ မျိုး မဖြစ်ရဘူး။ အဲလိုမှ မဟုတ်ရင် တိုင်ရင်းသား အချင်းချင်း ရန်တိုက် ပေးသလို ဖြစ်နေ မှာပေါ့။ အဲဒီအခါမှာ တိုင်းရင်း သားတွေ စည်းလုံး ညီညွတ်မှု ပျက်ပြား သွားနိုင်တယ်။ အဲဒါကြောင့် အုပ်ချုပ်တဲ့ အစိုးရ ကလည်း တစ်ပြေးညီ တန်းတူ အုပ်ချုပ်သင့်တယ်။

တိုင်းရင်းသား တွေအနေနဲ့ ကတော့ စည်းစည်း လုံးလုံးနဲ့ တစ်ယောက် ဒုက္ခရောက်ရင် တစ်ယောက်က ကူညီပေး ရမယ်။ ဒါဟာ ပြည်ထောင်စု စိတ်ဓာတ် ပဲ။ ငါ ရခိုင် မို့လို့ ရခိုင် တိုင်းရင်းသား ကိုပဲ အကူအညီ ပေးတာမျိုး မဟုတ်ဘဲနဲ့ အခြား ဘယ်နိုင်ငံကို ရောက်ရောက် ကိုယ့်နိုင်ငံ ကလူ၊ ကိုယ့်နိုင်ငံသား အချင်း ချင်း ဆိုပြီး အကူအညီ ပေးသင့်၊ ရိုင်းပင်း သင့်တယ်။ ဘာလို့လဲ ဆိုတော့ ညီမတို့ ငယ်ငယ်က သင်ခဲ့ရ သလိုပဲ ထင်းတစ်ချောင်း စီကို ချိုးလို့ ရပေမဲ့ထင်း ချောင်းတွေ စုပြီး စည်းထားတဲ့ ထင်းစည်းကို အလွယ်တကူ ချိုးလို့ မရသလို ပေါ့။ ဒါကလည်း အရေးကြီးတဲ့ အချက်ပဲ။ နွားကွဲရင် ကျားကိုက် ဆိုသလို လူမျိုးစု တစ်မျိုး စုချင်းက လမ်းကြောင်းတစ်ခုချင်း ခွဲထွက်မယ် ဆိုရင် တိုင်းပြည် တစ်ခုလုံး၊ ပြည်ထောင်စုကြီး တစ်ခုလုံး ပြိုကွဲ သွားနိုင်တယ်။ စည်းလုံးမှုရှိ ရှိနဲ့ နေမယ် ဆိုရင် ဘယ်သူမှ အန္တရာယ် လာမပေး နိုင်ဘူးပေါ့။

ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ဘာသာကို ချစ်ခင်တာ ကောင်းပါတယ်။ ဒါပေမဲ့ တခြားသူ တွေကိုတော့ မပုတ်ခတ် သင့်ဘူး ပေါ့နော်။ ကိုယ့်လူမျိုးစု၊ ကိုယ့်ဘာသာ တိုးတက် ရေးကိုလည်း လုပ်ရမယ်။ တခြား တိုင်းရင်းသားလူ မျိုးစုတွေ ကိုလည်းကူညီ ရိုင်းပင်း သင့်တယ်လို့ ညီမတော့ ယူဆတယ်။

ဖြိုးချေ(ရခိုင်တိုင်းရင်းသား)
ပြည်ထောင်စု နိုင်ငံ တကယ် စစ်မှန်တယ်ဆို ရင် ဒီပြည်ထောင်စု ထဲမှာ နေထိုင်ကြတဲ့ ပြည် ထောင်စုဖွား တိုင်းရင်းသား တွေအားလုံးဟာ တန်းတူ အခွင့်အရေး ရသင့်တယ်။ အခြားပြည် ထောင်စု ဆိုတဲ့ နိုင်ငံတွေမှာ အားလုံးဟာ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုတာ ရှိတယ် ပေါ့နော်။ ပြည်ထောင် စုအစိုးရ ရှိတယ်။ ပြည်နယ် အစိုးရ တွေ ရှိတယ်။  ပြည်နယ် အစိုးရမှာ လွတ်လပ်ခွင့် ရှိတယ်။ လွတ် လပ်တဲ့ အနေ အထားတွေ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာက အဲဒါမျိုး မရှိသေးဘူး။

နောက်တစ်ခုက ပြည်ထောင်စု စိတ်ဓာတ်။ ပြည်ထောင်စု နိုင်ငံသား တကယ် စစ်မှန် တယ်ဆို ရင် ပြည်ထောင်စု စိတ်ဓာတ်က တကယ်ကောင်း ပါတယ်။ စည်းစည်း လုံးလုံးနဲ့ ပြည်နယ်တစ်ခု မှာ တစ်ခုခု ဖြစ်နေရင် နောက်ပြည်နယ် တစ်ခုက အကူအညီ ပေးတာတို့ ရှိတာပေါ့။ အမေရိကန်မှာ ဆိုရင် ၅၁ ပြည်နယ်နဲ့ ဖွဲ့စည်း ထားတယ်။ သူတို့ မှာ တိုင်းရင်းသား လူမျိုး ပေါင်းစုံပါတယ်။ ဒါပေမဲ့ သူတို့မှာ အမေရိကန် နိုင်ငံသား ဆိုရင် အကုန်လုံးပါ ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း မြန်မာနိုင်ငံ သားဆိုရင် ချင်း၊ ဗမာ၊ မွန် အကုန်လုံး ပါတယ်။ အဲဒီလို စိတ်မျိုးပဲ တိုင်းရင်းသား အားလုံးကို ရှိစေ ချင်တယ်။ အကုန်လုံး တန်းတူ ဖြစ်စေချင်တယ်။

တိုင်းရင်းသားတွေ အနေနဲ့ စစ်မှန်တဲ့ ပြည် ထောင်စု ဖြစ်လာဖို့ လူမျိုးစွဲတွေ မထားသင့်ဘူး။ လူမျိုးစွဲ ထားလို့ မဖြစ်ဘူး။ ငါ့လူမျိုးမှ ဆိုတာမျိုး စိတ်မထား သင့်ဘူး။ မြန်မာနိုင်ငံ သားတွေ အားလုံးဟာ တန်းတူပါပဲ။ ဒီလို တိုင်းရင်းသား တွေ လူမျိုး စွဲမထား ဘဲနဲ့ ရခိုင်က ကိစ္စကိုလည်း ၀ိုင်းဝန်း ကူညီ။ ကချင်က ကိစ္စကိုလည်း ၀ိုင်းဝန်း ကူညီကြတော့ ပိုပြီး ထိရောက်တဲ့ ရလဒ်တွေ ထွက် နိုင်တာပေါ့။ ဘာလို့လဲ ဆိုတော့ သီးခြားနေထိုင် တဲ့ လွတ်လပ်တဲ့ နိုင်ငံတွေမှ မဟုတ်တာ။ နောက် ပြီး တစ်ပြည် ထောင်တည်း မဟုတ်ဘူးလေ။ ပြည်ထောင်စု ဆိုတော့ လူတိုင်း ကူညီကြ၊ စည်း လုံးကြစေချင်တယ်။ တိုင်းရင်းသား အချင်းချင်း၊ နိုင်ငံသား အချင်းချင်း စည်းလုံး ကြစေ ချင်တယ်။

ပီတာလွယ်လူး(ခူမီး၊ ချင်း)
ပြည်ထောင်စု ဆိုတာ တိုင်းရင်းသားတွေ ပေါင်းစုထား တာလို့ ကျွန်တော် ယူဆတယ်။ ပြည်ထောင်စု ဆိုတဲ့ အဓိပ္ပာယ်က တကယ့်ကို အရေးကြီးတယ်။ အခု ကျွန်တော်တို့ နိုင်ငံက ပြည် ထောင်စု ဆိုပေမဲ့ အစစ်အမှန် ပြည်ထောင် စုတော့ မဟုတ် သေးဘူး။ ပြည်ထောင်စု နိုင်ငံတွေ ဖြစ်တဲ့ အမေရိ ကန်တို့၊ ကနေဒါ တို့ကို လေ့လာ ကြည့်ရင် ကျွန်တော်တို့ နိုင်ငံနဲ့ အများကြီး ကွာဟတယ်။ ဘယ်လို ကွာဟလဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ပြည်နယ် အစိုးရ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့် မရှိသေးဘူး။ ဗဟို အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာပဲ ရှိနေသေး တယ်။ တကယ်တမ်း စစ်မှန်တဲ့ ပြည်ထောင်စုဖြစ် ချင်တယ် ဆိုရင် ပြည်နယ် အစိုးရ တွေကို လုပ်ပိုင် ခွင့်ပေး ရမယ်။ ဒီပြည်နယ်နဲ့ သက်ဆိုင်တဲ့ ဥပဒေ တွေကို အဲဒီ ပြည်နယ်ထဲ မှာပဲ လွှတ်တော် လုပ်ပြီး  တင်သွင်း ပြဋ္ဌာန်း သင့်တယ်။ ဥပမာ ချင်းပြည်  နယ်မှာ မီးမရှို့ ရဆိုတဲ့ ဥပဒေက ဘယ်လိုမှ အသုံး မ၀င်ဘူး။ ဘာလို့လဲ ဆိုတော့ ချင်းပြည်နယ်မှာ  က ရွှေ့ပြောင်း တောင်ယာ လုပ်ကြတာလေ။ မီးရှို့ မှ သူတို့ရဲ့ ၀မ်းစာ အဆင်ပြေမှာ။ ဒါကို ရန်ကုန်မှာ ပြဋ္ဌာန်း ထားတဲ့ ဥပဒေ အတိုင်း မီးမရှို့ရ ဆိုတော့ ချင်းပြည်နယ်က လူတွေ ထမင်းငတ်ပြီး သေကုန် မှာပေါ့။ အဲဒါကြောင့် သူ့ပြည်နယ်နဲ့ သူလိုအပ် တဲ့ ဥပဒေတွေ၊ မူတွေ သီးခြား ရှိသင့်တယ်။ ဗဟို အစိုးရ အနေနဲ့ ကတော့ ဘဏ္ဍာရေး၊ နိုင်ငံခြားဆက် ဆံရေးနဲ့ ကာကွယ်ရေး တွေကိုပဲ ကိုင်တွယ်သင့် တယ်။ ကျန်တာ ကတော့ သူ့ပြည်နယ်နဲ့ သူခွင့်ပြု မယ်ဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာပါ။

တိုင်းရင်းသားတွေ အနေနဲ့ကတော့ ကိုယ့် တိုင်းရင်းသား၊ ကိုယ့်လူမျိုး ဆိုတာ ရှိကြပါတယ်။ ဒါကလည်း တိုင်းရင်းသား တွေအနေနဲ့ ဘိုးဘွား တွေ လက်ထက် ကတည်းက ထိန်းသိမ်း လာတဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေ မပျောက်ကွယ်ရ အောင်လို့ဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ တိုင်းရင်းသား ရိုးရာ တွေကို မြန်မာ နိုင်ငံမှာ အားလုံး သုံးရမယ် လို့ပြောတာ မဟုတ်ပါဘူး။ ဒီဓလေ့ တွေကို ပြုစု ပျိုးထောင်း ပြီးတော့ တန်ဖိုး ထားချင် တာပါ။ အခြား တိုင်းရင်းသား တွေ အနေနဲ့ လည်း သူတို့ရဲ့ ရိုးရာ ဓလေ့ တွေကို ထိန်းသိမ်း သင့်လို့ ထိန်းသိမ်း နေကြတယ် လို့ပဲ မြင်ပါတယ်။

ကဲ၊ ဖူးငုံတို့ရေ ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသား စိတ်ဓာတ် ဘယ်လိုများ လိုက်ဖက် ညီ စီးဆင်းမှု ရှိမလဲ ဆိုတာကို ဖူးငုံတို့ရဲ့သူငယ်ချင်း တွေကတော့ တွေးတော ပေးသွား ကြပါပြီ။ သူတို့ရဲ့ ခံယူချက်တွေ ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပေး သွားကြပြီ။ အဲဒီတော့ ဖူးငုံတို့ ကိုယ်တိုင်က ဘယ် လို အတွေးမျိုး၊ ဘယ်လို စိတ်ဓာတ်မျိုး၊ ဘယ်လို ခံယူချက်မျိုး တွေနဲ့ ဘ၀ခရီး ဆက်ကြမလဲ ဆိုတာ ကျွန်မ သိချင် လှပါတယ်။ သေချာတာ တစ်ခု ကတော့ ဖူးငုံတို့၊ ကျွန်မတို့ အားလုံးက ပြည် ထောင်စု ဖွား တိုင်းရင်းသားတွေ မဟုတ်ပါ လား။ ဘာပဲဖြစ်ဖြစ် ဒီပြည်ထောင်စု ကြီးအတွင်းက အကောင်း အဆိုးတွေ အားလုံးကို ဖူးငုံတို့ ကျွန်မတို့ ပြည်ထောင်စု ဖွား တိုင်းရင်း သားတွေ အားလုံး  တန်းတူ ရရှိဖို့က ပိုပြီး အရေး ပါတယ်လို့ ကျွန်မကတော့ ယူဆ ပါတယ်။ ဖူးငုံတို့ ယူဆချက်နဲ့ ထပ်တူညီ လိမ့်မယ် လို့လည်း ထင်ပါတယ်။ ဖူးငုံ တို့ရေ သွေးစည်း ညီညွတ်တဲ့ ပြည်ထောင်စု ကြီးဖြစ်ဖို့ မျှော်လင့်ရင်း ဒီတစ်လ အတွက် နှုတ်ဆက် လိုက်ပါတယ်။ အတန်းတင် စာမေးပွဲကြီး နီးနေပြီ ဖြစ်တဲ့ ဖူးငုံတို့တွေ ကျန်းမာ ပြီး ဉာဏ်ရွှင် ပါစေလို့ ဆုတောင်း ရင်းဖြင့်...။

 

 


တင်တင်အေး
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)