|
Written by သင်းပပ
|
|
Thursday, 07 February 2013 22:25 |
လူ့ဘောင်အလင်း ဒို့ဆောင်ကြဉ်း မသန်စွမ်းရှေ့ဆောင်အသင်း
argaiv1635
မသန်စွမ်းထု တစ်ရပ်လုံး အမှီ အခိုကင်းပြီး ၄င်းတို့ရဲ့ စွမ်းရည် တွေကို အပြည့်အ၀ အသုံးချနိုင်တဲ့၊ အားလုံး အတွက် အခွင့်အရေး တန်းတူ ညီမျှ ရရှိတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ထွန်း လာရန်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင် ချမှတ်ပြီး လှုပ်ရှား နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင် အဖွဲ့နဲ့ တွေ့ဆုံ ရတာ အားရ စရာ ကောင်းလှ ပါတယ်။ သန်သူနဲ့ စွမ်းသူ ကဏ္ဍမှာ စွမ်းသူအတွက် လိုက်လံ ရှာဖွေ တွေ့ဆုံရင်းနဲ့ တွေ့ကြုံ ဖြစ်ခဲ့တဲ့ စွမ်းသူ အဖွဲ့တစ်ဖွဲ့ပါ။ တစ်ဖွဲ့လုံးက စွမ်းသူတွေ အများဆုံး ပါဝင် နေတာကြောင့် တွေ့ဆုံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
“လူ့ဘောင် အလင်း ဒို့ဆောင်ကြဉ်း (We are Agents of Change) ဆိုတဲ့ ဆောင်ပုဒ်နဲ့ မသန်စွမ်းသူ များကိုယ်တိုင် ဦးဆောင် နေတဲ့ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်း ဖြစ်ပါတယ်။ ဂျပန် နိုင်ငံမှာ ပြုလုပ်တဲ့ “အာရှ-ပစိဖိတ် ဒေသ မသန်စွမ်း သူများ ခေါင်းဆောင်မှု ဆိုင်ရာ ဒတ်စတင်-တစ်နှစ်”သင်တန်းကို တက်ရောက် ခဲ့ကြတဲ့ ကိုယ်တိုင် မသန်စွမ်းသူ ၃ ဦးက မြန်မာနိုင်ငံတွင် မသန်စွမ်း သူများ အမှီအခို ကင်းစွာ ဘ၀ ရပ်တည် လာနိုင်ရေး လှုပ်ရှားမှု များနဲ့ ပံ့ပိုးမှုများ ဆောင် ရွက်ရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို ၂၀၁၁ ခုနှစ်၊ မေလ ၈ ရက်က စပြီး ရန်ကုန်မြို့မှာ စတင် ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ဒီအဖွဲ့က နေပြီး မသန်စွမ်း သူများ အရေးကိစ္စ အသိပညာပေး စည်းရုံးခြင်းနဲ့ စွမ်းရည် မြှင့်တင်ပေးခြင်း၊ နိုင်ငံတော် အဆင့် မသန် စွမ်းမှု ဆိုင်ရာ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲနဲ့ ကျပန်း စကားပြော ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပြီး အသိ ပညာပေး စည်းရုံးခြင်း၊ စွမ်းရည် မြှင့်သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲ များနဲ့ လေ့လာရေး အစီအစဉ်များ ပြုလုပ်ပေး ခြင်းဖြင့် မသန်စွမ်း အဖွဲ့အစည်းများ၊ မိဘ အသင်း အဖွဲ့များကို စွမ်းရည်မြှင့် တင်ပေးခြင်း၊ နိုင်ငံတော် အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်နဲ့ မြို့နယ် အဆင့် အသီးသီးမှာ မသန်စွမ်း သူများ အမှီအခို ကင်းမဲ့စွာနဲ့ ကိုယ်တိုင် ဆုံးဖြတ် ဘ၀ ရပ်တည် နိုင်ရေး အထောက် အကူပြု စင်တာများ ဖွင့်လှစ်ပြီး ပံ့ပိုး ဆောင်ရွက်ခြင်း၊ မသန်စွမ်း သူများ အမှီအခို ကင်းစွာနဲ့ ကိုယ်တိုင် ဆုံးဖြတ် ဘ၀ ရပ်တည် နိုင်ရေးနဲ့ လူမှု အသိုင်းအ၀ိုင်း အတွင်း အများ နည်းတူ ၀င်ဆံ့ လာနိုင်ရေးကို အထောက် အကူပြုတဲ့ စီမံ ကိန်းများ အကောင် အထည် ဖော်ဆောင်ရွက်ခြင်း ဆိုတဲ့ အချက်တွေကို ရှေ့လုပ်ငန်း စဉ်များ ဆောင်ရွက်ချက် များ အဖြစ် ချမှတ်ပြီး ဆောင်ရွက် နေပါတယ်။ ကိုနေလင်းစိုးက Program Director , ကိုအောင်ကိုမြင့်က Operation Director အဖြစ် ဦးဆောင် လှုပ်ရှား နေပါတယ်။ ဒီအဖွဲ့ အစည်းကနေ ဦးတည် ဆောင်ရွက်တဲ့ အကျိုး ခံစားရမဲ့ သူများကိုလည်း သတ်မှတ် ထားပါတယ်။ မသန်စွမ်း ကလေး သူငယ်များ၊ မသန်စွမ်း အမျိုး သမီးများ အပါအ၀င် မသန်စွမ်း သူများ အားလုံး အတွက် ဖြစ်ပါတယ်။ အစိုးရ အဖွဲ့ အစည်းများ၊ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ပြည်တွင်း ဖွံ့ဖြိုးရေး အဖွဲ့ အစည်းများ၊ ဘာသာရေး အဖွဲ့ အစည်းများ၊ စီးပွားရေး အဖွဲ့ အစည်းများ၊ သတင်း မီဒီယာ အဖွဲ့ အစည်းများ၊ မသန်စွမ်း အဖွဲ့အစည်း များအနေဖြင့် မသန်စွမ်းမှု ဆိုင်ရာ သင်တန်းများ ပြုလုပ် လိုပါက ဆက်သွယ် ညှိနှိုင်း ဖို့အတွက်လည်း လက်ကမ်းစာ စောင်များ ဖြန့်ချိ ကြေညာပြီး ဆောင်ရွက် နေပါတယ်။
မြန်မာနိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Initiative) က Independent Living ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆို ပြရာမှာ “မသန်စွမ်းသူ များသည် မည်သူ တစ်ဦး တစ်ယောက်၏ အကူ အညီမှ မယူဘဲ အရာ အားလုံးကို ကိုယ်တိုင် ဆောင်ရွက် သည်ဟု မဆိုလိုပါ။ လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပြီး အပြန်အလှန် လေးစားမှု များနဲ့ လူ့အဖွဲ့ အစည်း အတွင်း တန်းတူ ညီမျှ ပါဝင် ရပ်တည်လာ နိုင်ရေး အတွက် လှုပ်ရှား ဆောင်ရွက် ခြင်းကို ဆိုလိုသည်” ဟုဆိုပါတယ်။
ကိုယ်စွမ်း ကိုယ်စနဲ့ ကိုယ့်ဘ၀ ရပ်တည် နိုင်ရေး အတွက် လှုပ်ရှားဆောင် ရွက်နေ ကြတဲ့ စွမ်းသူ များကို ပါဝင် ကူညီ ပံ့ပိုး ဆောင်ရွက် ကြပါစို့ဟု တိုက် တွန်းလို ပါတယ်။

သင်းပပ (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|