ဂီတဒဿန ၃ သို့မဟုတ် -က်လေးကို ပီအောင်ဆို PDF Print E-mail
Written by ကိုရွှန်းမြိုင်(မြို့မ)   
Friday, 01 February 2013 17:51
Share |

မြို့မငြိမ်းရဲ့ ဂီတ အယူအဆ အတွေး အခေါ် တေးသွား တည်ဆောက်ပုံ စာသား စပ်ဆို ဖွဲ့နွဲ့ပုံ လေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ခံစားရေး ဖြစ်တဲ့ ဆောင်းပါးလေးတွေ ရှိခဲ့ ပါတယ်။

provides accurate and independent information on more than , medications, over-the-counter medicines and natural products generic tadalafil. Be carefulHowever, this does not indicate no interactions exist buy cialis jelly online.
argaiv1343

မြို့မငြိမ်း ဒီလိုတွေး ဒီလို ရေးတယ် ဆိုပြီး တော့ တပ်တပ် အပ်အပ် ပြောတာမျိုး တော့ မဟုတ် ပါဘူး။ စာရေးသူရဲ့ ကိုယ်ပိုင် ဂီတ ဒဿန မျှသာ ဖြစ်ပါ တယ်။

ဂီတ ဒဿနနဲ့ ပတ်သက်ပြီး မြို့မငြိမ်းရဲ့ သီချင်းလေး နှစ်ပုဒ်ကို ဂီတ သုတေသန ဆောင်းပါး လေးများ အဖြစ်-
၁။ ပိတောက် ပွင့်သစ် မဂ္ဂဇင်းမှာ နှိုင်းတော့....
၂။ ရွှေမန္တလေး ဂျာနယ်မှာ ပြဿနာပဲ၊ ပြဿနာပဲ ဆိုပြီး ရေးဖြစ် ခဲ့ပါတယ်။
မြို့မငြိမ်းကို “ငြိမ်း”လို့ပဲ တစ်ခါ တစ်ရံ ကိုယ်စားပြု ရေးပါမယ်။
“ငြိမ်း”ဟာ အချစ် သီချင်းတွေ အများကြီး ရေးဖြစ် ခဲ့တယ်။

ကိုယ်တိုင် ချစ်ဖို့ထက် (သူ့ ပင်ကို သဘာဝက အရှက် အကြောက်  အလွန် ကြီးသူပါ) အချစ်စံ၊ အချစ်ဟန်၊ အချစ်မာန်၊ အချစ်အသံ အမျိုးမျိုးနဲ့ သူ့ သီချင်း ဂီတ တွေမှာ အချစ် သဘာဝတွေ ကို အတွေး ရောင်စုံနဲ့ စပ်ဆို ဖွဲ့နွဲ့ခဲ့ ပါ တယ်။

ကိုယ်တိုင်က ယောက်ျားသား၊ ချစ်ရ မည့်သူ အနေအထား Active mood ယောက်ျား တစ်ယောက် အနေနဲ့ ခံစား ရမှာ။
ဒါပေမဲ့ စစ်ကြိုခေတ်နဲ့ လွတ်လပ် ရေး မတိုင်မီ ခေတ်၊ လွတ်လပ်ရေး ရပြီး ခေတ်တွေက “ငြိမ်း”ရဲ့ အချစ် သီချင်း အများစု ကတော့ မိန်းမသား အမြင်၊ မိန်းမသား ကိုယ်စားပြုတဲ့ အချစ်ခံ ရမည့်သူ အနေ အထား Passive mood နဲ့ ခံစားရေး တာများတယ်။

စစ်ကြိုခေတ် စောစောပိုင်း သီချင်း များဖြစ်တဲ့ ခင့်အိပ်မက်၊ လားတွေထပ်၊ ၀မ်းဘဲဥနဲ့ ဖရဲသီး၊ အူချင် ယောင်ဆောင် စသည်...
စစ်ကြိုခေတ် နှောင်းပိုင်း သီချင်းများ ဖြစ်တဲ့ ချစ်ကဝေ၊ ချစ်ပလီ၊ ရေပက် မ၀င်၊ မောင့်အရည် အချင်း၊ ဆင်ဝန် ကတော်၊ မန်ဒါလီ၊ ရှင်တခုဘဲ၊ လေချိုသွေး၊ တစ်ချစ်ထဲ ချစ်၊ ချစ်တာ ပဓာန၊ ချစ်ကျိုး တော်ဆောင်၊ နှစ်ယောက်ထဲ စသည်...

လွတ်လပ်ရေး မတိုင်မီ နောက်ပိုင်း သီချင်းများ ဖြစ်တဲ့ ယောက်မ၊ မုန့်စား၊ ပျို့မှာတမ်း၊ ဖူးစာပိုင်၊ ပျို့မှတ်တမ်း စသည် စသည် တွေပါ။
ကမ္ဘာ့ဂီတ တေးသီချင်းတွေမှာ အိပ်မပျော်တဲ့ည တေးသီချင်းတွေ အများကြီး ရှိပါတယ်။ မြန်မာမှာ လည်း ဒီလို အမျိုးအစား တေးသီချင်းတွေ အများကြီး ရှိမယ် ထင်ပါတယ်။ လူသိများတဲ့ စန္ဒရား ကိုလှထွဋ်ရဲ့ အိပ်မပျော် သောည သီချင်းကို သတိပြု မိကြပါ လိမ့်မယ်။ မူရင်းက ယောက်ျား တစ်ယောက်ရဲ့ ခံစားချက် တေးသီချင်းပါ။

စာသား ခံစားချက်
“ငြိမ်း”ရဲ့ စစ်ကြိုခေတ် စောစောပိုင်း သီချင်း အုပ်စုထဲက ခင့်အိပ်မက်  သီချင်း လေးကို ဂီတ ဒဿနဖွင့် ခံစား လေ့လာ ကြည့်ကြ ရအောင်။ ကျွန်တော် တစ်ယောက် တည်း ခံစားတာထက် စာဖတ်သူတွေပါ အဖော်ပြု အကူအညီ ယူရင်း မျှဝေခံစား တာပါ။ “ငြိမ်း”ရဲ့ ခင့်အိပ်မက် သီချင်းဟာ မိန်းကလေး တစ်ဦးရဲ့ ခံစားချက်ကို ကိုယ်စား ပြုတယ်။ ဒီမိန်းကလေး လည်း အိပ်မပျော်တဲ့ ညနဲ့ ကြုံခဲ့ရတဲ့ အိပ်မပျော်တဲ့ မိန်းကလေး ပါပဲ။

ကျွန်တော်တို့ ကျောင်းနေစဉ် သင်ခဲ့တဲ့ မြန်မာ သဒ္ဒါ (ယခုခေတ် ကျောင်းသုံး သဒ္ဒါ မဟုတ်ပါ)မှာပါတဲ့ သင်၊ မင်း၊ နင်၊ ညည်း၊ ညဲ၊ မောင်၊ အမောင်၊ မောင်ရင်၊ ခင်ဗျား၊ ရှင်၊ တော်၊ မောင်မင်း စသည့် နာမ်စား တွေထဲမှာ မပါတဲ့ မိန်းကလေး ကိုယ်စားပြု နာမ်စားဟာ “ခင်” ဖြစ်ပါတယ်။ မိန်းကလေးရဲ့ အိပ်မက် ဆိုတော့ ပိုင်ဆိုင်မှု ပြနာမ်စား အဖြစ် အောက်ကမြစ်နဲ့ တွဲတော့ “ခင့်အိပ်မက်”ပေါ့။
သိမီသမျှ ဂီတ ဗဟုသုတနဲ့ ပြောရလျှင် “ခင့်အိပ်မက်”ဟာ ဓာတ်ပြား ခေတ်ဆီက မန္တလေးသား သီချင်းရေး ဆရာ နန်းတော်ရှေ့ ဆရာတင် ရန်ကုန်သို့ ဓာတ်ပြား သွင်းသွားစဉ် လိုအပ် နေတဲ့ သီချင်းအရေ အတွက် မပြည့်တော့ မြို့မ အသင်းက မြို့မမောင်ငြိမ်း နောင် မြို့မငြိမ်း ဖြည့်စွက် ရေးပေးတဲ့ သီချင်းရေး သက်တမ်း အလွန် စောတဲ့ အချိန်က သီချင်း တစ်ပုဒ်လို့ သိရ ပါတယ်။ စာရေးသူတို့ မမွေး သေးပါဘူး။ စာရေး သူက ၁၉၄၅ ခုနှစ်မှ လူဖြစ် လာပါတယ်။

ခင့်အိပ်မက် သီချင်းကို ခြေဆင်းလေးနဲ့ စပါတယ်။
ခြေဆင်းက ။    ။
တိမ်ပြာ မိလ္လာ ရှိန်ကာ သန်းတယ်
ချမ်းမပြေ တပြေငုံ ငွေနှင်းယုန်မှာ
ရောင်ဝါ ဖျော့ဖျော့ အလင်းရောင် မှုန်ပြာရီ...
အိပ်ဆောင် လေသာ စက်ရာခန်းဝယ်
ငြီးငွေ့လှပေါ့ ကိုယ်တည်း မေ့မှာ
မျှော်ကာ တမ်းတ ယောင်မိသည်...။
(ပြည်သူ ချစ်သော အနုပညာ သည်များ၊ လူထု အဒေါ်အမာ။
မြို့မငြိမ်းနှင့် သူ့အနုပညာ၊ သန်းအောင်ခိုင်)
ဒီခြေဆင်း လေးမှာ ကဗျာသဘော Two stanzas ကဗျာဆန်တဲ့ သီချင်း စာပိုဒ် နှစ်ပိုဒ် ပါတာ တွေ့ရတယ်။
စာသား ခံစားချက် အနေနဲ့က တိမ်ပြာ မိလ္လာ ရှိန်ကာ သန်းတယ်
....................................................
....................................................
အိပ်ဆောင် လေသာ စက်ရာခန်း ၀ယ်
....................................................
....................................................
ဆိုတဲ့ သီချင်း စာပိုဒ် stanzan တစ်ခုစီရဲ့နိဒါန်း ပြုမှုလေးကို တွေ့မြင် ခံစား နားဆင် နိုင်ကြရ ပါမယ်။ စာကြီး ပေကြီး တေးကြီး ဘွဲ့ကြီး သဘော မဟုတ်ဘဲ မြန်မာ့ ခေတ်စမ်း စာပေခေတ်၊ ခေတ်စမ်း ဂီတခေတ်ကို စမ်းသပ် ကြိုးပမ်း ခဲ့တဲ့ အဲဒီခေတ် စာပေ၊ ဂီတ ဆိုင်ရာ လူရွယ်တွေဟာ ကမ္ဘာ့ စာပေ၊ ကမ္ဘာ့ဂီတ အယူ အဆတွေ ကို ကူးလူး ပေါင်းစပ် လက်ခံ လာခဲ့ ကြတယ်။ “ငြိမ်း”ကလည်း သူ့ ခင့်အိပ်မက် သီချင်းရဲ့ ခြေဆင်းလေး မှာ အနောက်တိုင်း ကဗျာ စာပေဆန်ဆန် စာပိုဒ် stanza ပုံစံအနေနဲ့ ဖွဲ့စပ် ထားပါတယ်။ ဒီသီချင်းမှာ ကဗျာရဲ့ ကောင်းခြင်း လက္ခဏာ သုံးခု Three Rs-Rhyme, Rhythm and Repetition ကာရန်နဘေ၊ စည်းဝါး၊ ပိုဒ်ပြန် ကိုလည်း လှလှပပ တွေ့ရတယ်။
ခြေဆင်းမှာ ပထမ သီချင်း စာပိုဒ် stanza ရဲ့ အဓိက လိုရင်းက
ငွေနှင်းယုန်မှာ ဆိုတဲ့ လ နဲ့
ဒုတိယ သီချင်း စာပိုဒ် stanza ရဲ့ အဓိက လိုရင်းက
ကိုယ်တည်း မေ့မှာ ဆိုတဲ့ ခံစား ရှင် မိန်းကလေး တို့ပါပဲ။ ဒီတော့ သြကာသ လောကမှ လနဲ့၊ သတ္တလော ကမှ ခံစားရှင် မိန်းကလေးကို ဘယ်လို ဆက်စပ်ဖွဲ့ ဆိုသလဲ။
တိမ်ပြာ မိလ္လာတွေ တရှိန်ရှိန် တရွေ့ ရွေ့ ကူးလူး ယှက်သန်း နေစခိုက် ရာသီ ဥတုကလည်း အချမ်းလေး မပြေ့တပြေ ခံစား နေရတယ်။ ငွေနှင်းမှုန်တို့ ငုံကာ အုပ်ကာ၊ အရောင်လေး ဖျော့ဖျော့ အလင်းကလေး မပီတပီ မှုန်မှုန် ရီရီကြား က လမင်းလေးကို သတိထား မိတယ်။

သတိထား မိသူ မိန်းကလေး အဖို့ ပြင်ပ သဘာဝ ခံစားမှုဟာ သူမရဲ့ အဇ္ဈ တ္တအတွင်း သဏ္ဌာန် ကိုပါ ကူးစက်လာ တယ်။ သူမရဲ့ အိပ်ဆောင် စက်ရာခန်း  လေသာ ပြတင်းဆီက ဒီသဘာဝမြင် ကွင်းတွေကိုမြင် ရတော့ တစ်ကိုယ်တည်း မေ့မှာ ငြီးငွေ့ ရပြီပေါ့။ ငြီးငွေ့လို့ ထွက် ပေါက်ရှာတော့ မသိစိတ်ကို သိစိတ် ဖြစ်စေဖို့ စေ့ဆော် ပေးတဲ့ ရင်ထဲက သမုဒယ နွယ်လေးဟာ အနုစား ချစ် လောဘ အနုသယ ဖြစ်လာတယ်။ အနု သယ မပယ်နိုင် သေးတဲ့ သူမအဖို့ တဒင်္ဂ ပဟန် အချစ်ကို မျိုသိပ် အောင့်အည်း နိုင်သော်ငြားလည်း ချစ်သူ ဆီသို့သာ မျှော်ကာ တမ်းတ ရော်ရမ်း မှန်းဆ နေမိ ပါတော့တယ်။

ဒီသီချင်း စာသားကို လူထု ဒေါ်အမာရဲ့ ပြည်သူ ချစ်သော အနုပညာ သည်များ စာအုပ်နဲ့ ကျွန်တော့် အစ်ကို သန်းအောင်ခိုင်ရဲ့ မြို့မငြိမ်းနဲ့ သူ့အနု ပညာ စာအုပ် နှစ်အုပ် စလုံးမှာ မျှော်ကာ တမ်းတ ယောင်မိသည် လို့ ပါနေပါ တယ်။ စာသား မူရင်းဟာ မျှော်ကာ တမ်းတ ယောင်မိသည် မဟုတ်ဘူးလို့ ယူဆမိတယ်။ မျှော်ကာ တမ်းတ ရော်မိ သည်လို့ ဖြစ်ရ ပါမယ်။ ရော်ရမ်းရဲ့ အတို ချုပ် ရော်ဆိုမှ မျှော်မှန်းတယ် တမ်းတ တယ်ဆိုတဲ့ နုနုညံ့ညံ့ ရင်တွင်း ခံစား ချက်ကို အဓိပ္ပာယ် ဖွင့်ဆို နိုင်မှာပါ။ အင်္ဂလိပ်လို Yearn For လို့ ဆိုလိုတာ ပါ။ ရော်လို့ ဆိုမှ ရှေ့က မျှော်နဲ့ Rhyme, Rhythm တွေမိပါမယ်။ မျှော်ကာတမ်း တ ရော်ကာ မှန်းဆ မိသည် သဘောပဲလို့ ယူဆ မိပါတယ်။

တေးသွားခံစားချက်
ခင့်အိပ်မက် သီချင်း ခြေဆင်းကို တေးသွား ခံစားချက် အနေနဲ့ လေ့လာ ကြည့်ကြ ရအောင်။
၁၉၂၉-၁၉၃၉ ခုနှစ် ဆယ်စုနှစ် ဟာ မြန်မာ့ စာပေ၊ မြန်မာ့ ဂီတတို့ရဲ့ ထူး ခြားတဲ့ ခေတ်ပါ။

ကမ္ဘာ နဲ့ မြန်မာ တို့ရဲ့ ကူးလူးဆက် သွယ်မှုဟာလည်း ယခင့် ယခင်က ထက် ပိုများ လာခဲ့တယ်။ အဲဒီ့ခေတ် စာပေဂီတ လူရွယ်ပိုင်း တွေဟာ ရှေး ရိုးမဆန် ဟန်မဖွဲ့ လွတ်လပ်စွာ တွေး လို ရေးလို ကြတယ်။ ခေတ်စမ်း စာပေ ခေတ်၊ ခေတ်စမ်း ဂီတခေတ် သန္ဓေ တည် မွေးဖွား လာခဲ့တယ်။ မြန်မာနိုင်ငံ ရဲ့ ခေတ်စမ်း စာပေ၊ ဂီတ ရှင်သန်စီး မျောမှုဟာ ၁၉၂၉-၁၉၃၉ ခုနှစ် ဆယ်စု နှစ်မျှ မက ရှေ့သို့ ဆက်လက် တိုးတက် လာခဲ့တယ်။

ဒါမျှမက ၁၉၄၅ ခုနှစ် စစ်ကြီးပြီး စအချိန်တိုင် စစ်ဘေး စစ်ဒဏ် ခံကြရလို့ ကမ္ဘာ့နိုင်ငံ များမှာလို မြန်မာ နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ရေးရာ ရေးရာ ပေါင်းစုံကို သူတူ ကိုယ်တူ ပြန်လည် နှိုးဆွ ထူထောင်ခဲ့ ကြရတဲ့ ပြန်လည် ထူ ထောင်ရေး ခေတ်ကြီးနဲ့ ကြုံခဲ့ ရတယ်။  ဒါပေမဲ့ စစ်ဘေး စစ်ဒဏ်ကြောင့် ပျက် သမျှ၊ ကျွမ်းသမျှ၊ ဟောင်းသမျှ၊ နွမ်း သမျှတွေကို တမ်းတ မနေကြဘူး။ စစ်ရိပ် စစ်ငွေ့ ပြယ်သမျှကို အလွမ်း သယ်မနေ ကြဘူး။ အဲ့ဒီခေတ် ကျွန်တော် တို့ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေး၊ ဒေါ်လေး အရွယ် ယောက်ျား၊ မိန်းမ မှန်သမျှဟာ ရင်ပေါင် တန်းပြီး သူ့နယ် ကိုယ့်နယ် နယ်ပယ် အသီးသီးမှာ တိုင်းပြည် အတွက် ထူထောင် ခဲ့ကြတယ်။ သူတို့ရဲ့ တစ်ခဲနက် စွမ်းဆောင် ချီတက် ကြိုးပမ်း ချက်တွေဟာ ကျွန်တော်တို့ မျိုးဆက် သစ်တွေ အတွက် လက်တွေ့ အကျိုးခံ စားရသလို အောက်မေ့ ဂုဏ်ယူ မဆုံး လည်း ရှိခဲ့ ရတယ်။ ကျွန်တော် တို့လိုစာ ရူး၊ ဂီတရူးတွေ အတွက် အဲ့ဒီ ပြန်လည် ထူထောင်ရေး ခေတ်နဲ့ အတူ ဒွန်တွဲ ပါလာခဲ့တဲ့ ခေတ်စမ်း စာပေ၊ ခေတ်စမ်း ဂီတ ခေတ်အဆက် ဆက်ရဲ့ အခြေအမြစ် အမွေအနှစ် တွေကိုလည်း မတူး မဆွဘဲ မနေနိုင်အောင် ရှိလှ ပါတယ်။

ငြိမ်းရဲ့ ခင့်အိပ်မက် သီချင်းခြေ ဆင်းဟာ မြန်မာ့ ခေတ်စမ်း ဂီတခေတ် က မွေးဖွား ခဲ့တာပါ။ ခင့်အိပ်မက် သီချင်းရဲ့ခြေဆင်းဟာ မြန်မာ သံစဉ်မဟုတ် ပါဘူး။ Bohemia (now the Czech Republic) နိုင်ငံသား ဖြစ်တဲ့ Antonin Dvorak (1841-1904) ရဲ့ Humeresque တေးသီချင်း မှာပါတဲ့ အဓိက တေးသွား အနှစ် main theme ဖြစ်ပါတယ်။

မြန်မာ့ခေတ် စမ်း ဂီတခေတ်မှာ မြန်မာ သီချင်း နားဆင်သူ တွေကို ကမ္ဘာ့ ဂီတနဲ့ မိတ်ဖွဲ့ပေးလို ဟန်တူတယ်။ ငြိမ်းဟာ ကိုယ်တိုင် တယောဝါသနာ ကြီး၊ တယောထိုး လေ့ကျင့် လိုက်စား ရင်း Humeresque တေးသီချင်းရဲ့ ကမ္ဘာ့ ဂီတ သင်္ကေတ မြူးဇစ်နုတ် ကလေးတွေ ကို ဖတ်ရှု မြင်တွေ့ရ ဖန်များတော့ အလွန့် အလွန် သဘောကျ ဟန်တူတယ်။ Humeresque Op.101 တေးသီချင်းရဲ့ သံစဉ်နုတ် ကလေး တွေက Dotted notes ()ပုံစံ ဆင့်ကာ ဆင့် ကာနဲ့ ထွက်လာတဲ့ သံစဉ်လေးတွေက လည်း ဆတ်တောင့် ဆတ်တောင့်။ နား ထောင်ရတာ ယားကျိကျိနဲ့ ကလိ ကလိပြီး သူ့ ခံစားချက် နှလုံးအိမ်ကို တို့ဆိတ် ထိမိ နေသလို ပဲလား မသိဘူး။ မနေနိုင်တော့ ဒီသံစဉ်ကို သူ မွေးစားပြီ ပေါ့။ သူ့သီချင်း ခင့်အိပ်မက် အတွက် ခြေဆင်းမှာ ထည့်သုံး တော့တယ်။ ကျွန်တော် ဒီသီချင်းကို မြို့မငြိမ်းရဲ့ တပည့်ရင်း မြို့မ အဆိုတော်ကြီး ဦးသိန်း တန်ဆီက ၁၉၆၃-၁၉၆၄ ခုနှစ်ဝန်း ကျင်က လက်ထပ် တက်ယူခဲ့ပါတယ်။ အဲဒီအချိန် ထက်စောပြီး မည်သူ့ထံမှ ခင့် အိပ်မက် ကို မကြားခဲ့ ဖူးပါဘူး။

မြို့မဦးသိန်းတန်
မြို့မငြိမ်းရဲ့ စစ်ကြိုခေတ် ဓာတ် ပြားသီချင်း၊ အလွတ် သီချင်း၊ မြို့မ သီချင်း ရေးသမျှ အတော် များများရဲ့ သီချင်း ဘဏ္ဍာစိုး ဟာ မြို့မ အဆိုတော်ကြီး ဦးသိန်းတန် ပါပဲ။ မြို့မမှာ သူ့ ထက် စီနီယာကျ သူကတော့ သူတို့ အစ်ကို ကြီးလို ချစ်ကြရလို့ မြို့မ ကိုကြီးအုန်းလို့ ခေါ်ကြတဲ့ အဆိုတော်ကြီး ဖြစ်ပါတယ်။ မဟာဂီတ ၀မ်းစာ ကောင်းသမို့ မြို့မ တူရိယာ အသင်းနယ် တွေထွက် ဖျော်ဖြေ ရာမှာ အစမ်းသပ်ခံ ရေစိမ်ခံ အဆို တော်ကြီးလို့ မှတ်သားခဲ့ ရဖူး ပါတယ်။ ဦးသိန်းတန် ကတော့ ခေတ်စမ်း ဂီတ ခေတ်မှာ မွေးတဲ့ ရှေးရော ခေတ်မီမြို့မ အဆိုတော် ဂီတ ဟီးရိုးပါ။ ဒီလိုဟီးရိုး တစ်ယောက် ဖြစ်ရဖို့ ကလည်း သူ့ဘ၀နဲ့ အမျှ ဂီတမှာ တကယ် နစ်မွမ်း ရူးသွပ် ခဲ့ရတယ်။ ဒီဆောင်းပါးရေးရင်း သူ့ အကြောင်း မျက်ရည် ဝေ့ဝေ့နဲ့ ပြန်အောက် မေ့နေမိတယ်။ အတူနေ သူ့လက်ပေါ် အတူကြီး ခဲ့ရတာကိုး။ မြို့မငြိမ်းဟာ နေရေး ထိုင်ရေး အခက် အခဲရှိတဲ့ သူ့ တပည့်တွေကို မိသားစုပါ မကျန် အိမ်မှာ အတူ နေထိုင် ခွင့်ပေး လေ့ရှိတယ်။ စစ် ကြိုခေတ် ကတော့ အဘိုးဦးရိပ်၊ အဘွား ဒေါ်မမလေးတို့ရဲ့ တိုက်ကြီး တာကြီးပေါ် မှာပေါ့။ စစ်ပြီး ခေတ်မှာတော့ ကျွန်တော့် အစ်ကို သန်းအောင်ခိုင်ရဲ့ မြို့မငြိမ်းနဲ့ သူ့ အနု ပညာ စာအုပ်မှာ ပါတဲ့ ဓာတ်ပုံထဲက အိမ်မှာပေါ့။ ဒီအိမ်မှာ ကျွန်တော်တို့ အခေါ် ကိုသိန်းတန်လည်း နေဖူးတယ်။ ရီးလေးကံ(တယောကိုကံ)လည်း နေဖူး တယ်။ ကိုသိန်းတန်ကို အထူး သတိရနေ တာပါ။ ဂီတအဆို ရူးတာ ကတော့ ထူးမှ ထူးပဲ။ ကောင်းလည်းရူး မူးလည်းရူး၊ မနက်လည်း ရူး၊ ညလည်းရူး၊ နေ့နေ့ ညည အချိန် ရှိသမျှ ရူးတယ်။ မူးလို့ ရူးတဲ့ သူ့ပုံရိပ်တွေ အနက် တချို့ ရေးရေးထင် လာတယ်။ မူးနေစဉ် သူ့ မိန်းမ ဒေါ်နှင်း ကို ညုလေ့ ရှိပုံက မြင့်မိုရ်ရွှေတောင် ထိပ်ခေါင်ဖျားက ခုန်ချရမလား မတား နဲ့ကွယ်... မှန်တာ ဆိုရရင် ဖြင့် ကိုယ်ချစ် သူနဲ့ ညားရ စေသား လို့ ဆိုဆိုပြီး တစ် တောင်လောက် မရှိတရှိ ကွပ်ပျစ်လေး ပေါ်က အောက်ကို ခုန်ချပါ လေရော့။ ဒေါ်နှင်းရဲ့ သူ့ယောက်ျား အပေါ် ခွင့် လွှတ်ချစ် တတ်ပုံ ကလည်း မြင်းမိုရ်ရွှေ တောင်ဖျား ကွပ်ပျစ် အနားဆီက ခွေခွေ လေး သူမ ရှေ့နား ကျလာတဲ့ အချစ်သူရဲ ကောင်း လင်တော်မောင်ကို ပွေ့ထူရင်း စွေ့ခနဲ မျက်စောင်းလေး ထိုးရင်းနဲ့ ရင် ခုန်သံ ခနိုးခနဲ့ တုံ့ပြန်ချက်က တော့် ကိုသိန်းတန် ဖစ်မှ ဖစ်ရလေ ကျွတ် ကျွတ် တဲ့။ တစ်ခါ တစ်ရံ မူးမူးနဲ့ ပြန်လာ လျှင် သမီးတွေ ကိုခေါ်ပြီး “ခင်မူရေ၊ ခင်ကြူရေ၊ ခင်မြရေ၊ ခင်လှရေ (ဂျကတပ် ဂျိန်း ဂျိန်း ဂျိန်း)၂”ဆိုပြီး မြည်လှတဲ့ သူ့ လက်ဖျောက် စည်းချက် နဲ့ အတူ ပခုံးလှုပ်၊ ခါးလှုပ် ကရင်းဆို ဆိုရင်းက မူးရာက ရူးတော့ တာပဲ။ ရူး တယ်လို့ ဆိုချင်ဆို ဆိုတဲ့ ငြိမ်းရဲ့စာသား ဟာ သူ့ ဗိုင်းရပ်စ် လားမှ မသိဘဲ။

ဝါသနာပါ လွန်းလို့ မြို့မနဲ့ မြို့မ ငြိမ်းနောက် တကောက် ကောက်လိုက် ပြီး သီချင်း ဆိုခဲ့တယ်။ သူပေါင်း တဲ့ မြို့မနဲ့ မြို့မ အသင်းသား တွေကလည်း လေးစား လောက်ပါတယ်။ “စိဖွယ် (ချစ်ဖွယ်) နိမ့်စား (နင့်သား) စိပိုး (ဂျပိုး) တေနဲ့ ပေါင်းပီး ပျက်စီး နေတယ်”လို့ အဲဒီခေတ် မန္တလေး သားစစ်စစ် တရုတ် မိတ်ဆွေ ပေါက်ဖော် များက သူ့ အဖေ လူရွှင်တော်ကြီး ဦးချစ်ဖွယ် (ဒေါ်စိန်သုံ) ကို သတိပေး ယူရ လောက်အောင်ပါပဲ။

မြို့မ ဦးသိန်းတန်ဟာ ဟွန်းတယော ဘင်ဂျို ခေတ်ကစပြီး ၁၉၇၇ ခုနှစ် အသက် ၇၀ကျော် ကွယ်လွန် သည့် အရွယ်တိုင် မြို့မ အဆိုတော် ဘ၀နဲ့ ဂီတ မှတ်တိုင် ထူခဲ့တယ်။ ဦးသိန်းတန်ဟာ ဆိုပေါက် ဆိုဟန် မာန်ထန် ပြည့်ဝတယ်။ နန်းတော် ရှေ့ဆရာတင်၊ မြို့မငြိမ်းတို့ရဲ့ သီချင်းက လွဲပြီး တော့လည်း ဆိုလေ့ ဆိုထ မရှိခဲ့ဘူး။ နန်းတော်ရှေ့ရဲ့ အောင် ပင်လယ်၊ ကြားဖူးကြရဲ့လား၊ လှောင်။ မြို့မငြိမ်းရဲ့ ခင့်အိပ်မက်၊ မေဓာဝီ၊ အိုလံပစ်၊ လူမိုက်နဲ့ ငွေ၊ မြင်းခင်း၊ ရေ ခင်း၊ ဘင်ဂျို၊ ရှုမ၀ လူပျိုသိုး၊ အလှပြိုင် ပွဲ၊ တကြိုက် တည်းကြိုက် သီချင်းတွေ ကို ဆိုရာမှာ ဒီနေ့ထိ သူ့ဆို ပေါက်ဆို ဟန်လောက် ကောင်းတဲ့သူ ကျွန်တော့် နားထဲမှာ မရှိသေး ပါဘူး။ သူ့ရဲ့အဆို သဘောဟာ မြို့မသံ ပေါက်ပြီး နန်းတော် ရှေ့ဆရာတင်နဲ့ မြို့မငြိမ်း တို့ရဲ့လက် ထွက်လို့ ပြောရ မလားဘဲ။

ခင့်အိပ်မက် သီချင်းကို ပွဲဦးထွက် အနေနဲ့ မြို့မ အဆိုတော်ကြီး ဦးသိန်းတန် ရဲ့ ကြီးကြပ်မှုနဲ့ ၁၉၇၉ ခုနှစ် နိုဝင်ဘာ လမှာ အလင်္ကာ ကျော်စွာ မြို့မငြိမ်း၏ အလှ ပြိုင်ပွဲ အမည်နဲ့ စီးရီး ထုတ်ခဲ့ပါ တယ်။ မန္တလေး ဗမာ့ ခေတ်စာအုပ်ဆိုင် မှ ကျွန်တော့် မိတ်ဆွေကြီး ကိုသိန်းထွန်း က ထုတ်ဝေသူ ဖြစ်ပါတယ်။ တေးသီ ချင်း ၁၂ ပုဒ်ပါတယ်။ မန္တလေးအမှတ် ၁၊ မောင့်အရည် အချင်း၊ အလှပြိုင်ပွဲ၊ ဒေါင်းစက်ယာဉ်၊ လားတွေထပ်၊ မြင်း ခင်းတော်၊ ထိုသုံးပါး၊ ၀မ်းဘဲဥနဲ့ ဖရဲ သီး၊ ချစ်သူ့သြဇာ စစ်မင်းသား၊ ခင့်အိပ် မက်၊ ဘိုးရာဇာတို့ ဖြစ်ပါတယ်။ ၀င်းဦး၊ ဦးဖူးအံ၊ တင်တင်မာ၊ ခင်ခင်ငြိမ်းတို့ သီဆို ထားပါတယ်။ ဂီတမှူး စန္ဒရား တင်ဝင်းလှိုင်ပါ။ ဒီစီးရီးမှာ ခင့်အိပ်မက် ကို မြို့မ အသင်း သူအဆိုတော် တင်တင် မာ ဆိုပါတယ်။ ၁၉၈၀ ခုနှစ်ဆီက မြို့မငြိမ်း အမှတ်တရ ထုတ်တဲ့ ချစ်ကြည် သံ စီးရီး မှာလည်း ကျွန်တော် ဂီတမှူး လုပ်လို့ ကျွန်တော် ကြိုက်နှစ် သက်တဲ့ ခင့်အိပ်မက်ကို ထည့်သွင်း အသံသွင်းခဲ့ ပါတယ်။ ဒီစီးရီးမှာ သုမောင်၊ တင်တင် မြ၊ ဖြူသီတို့က မေတ္တာဖြင့် ကူညီ သီဆို ပေးခဲ့ကြတယ်။ သတိထား မိတာက ခင့်အိပ်မက် ခြေဆင်းပါ မူရင်းဖန်တီး ရှင် Antonin Dvorak က Dotted Quavers (Dotted Eighth Notes) တွေနဲ့ တေးသွား သံစဉ်ဖွဲ့ပါတယ်။ ကျွန်တော် လုပ်တဲ့ ချစ်ကြည်သံ စီးရီးမှာ ခင့်အိပ် မက်ကို ဖြူသီဆို ပေးပါတယ်။ ဒီသီချင်း နဲ့ လိုက်ဖက်ပြီး ကျွန်တော် ကြိုက်တဲ့ ပြေပြေညင်ညင် ချိုလွင်တဲ့ အသံလေးသီ ဆိုပေး ခဲ့ပါတယ်။ Dvorak ရဲ့ မူရင်း
Dotted Notes
(၂) အရသာ

(၃) အစား၊                                               

(၄)

First Beat ပထမ ရိုက်ချက်မှ Melody တေးသွား ဟာလွဲပြီး Dotted ဖြစ်လိုက် မဖြစ်လိုက် သူ့အသံ သဘာဝ အတိုင်း ပြေပြေ ညင်ညင် အဆွဲအငင် Slurring တွေနဲ့ ဆိုတော့လည်း နားထောင်ရတာ ချိုချို လွင်လွင် လေးနဲ့ တစ်မျိုးကောင်း တော့တာပါပဲ။ ခင့်အိပ်မက် သီချင်းက မြန်မာ သီချင်းဖြစ်လို့ Dvorak ရဲ့ Dotted Notes ဆန့်ငင်ဆန့်ငင် အသံကို ကျွန်တော့်နှမ အဆိုတော် ဖြူသီ သဘော တွေ့ဟန် မတူဘူး။ သူလိုက်စား နား လည်တဲ့ အသံ အယူအဆနဲ့ Dvorak ရဲ့ တေးသွားကို ပုံဖော်တော့ နားထောင် လို့တော့ အကောင်းသား။ ကျွန်တော် ကျေနပ် လက်ခံပါတယ်။ ဂီတ ဖြစ်ပါ တယ်။

အထက်က ကျွန်တော် တင်ပြနေ တာဟာ ခင့်အိပ်မက် သီချင်းရဲ့ခြေဆင်း ပိုင်းနဲ့ ပတ်သက် သမျှ ပဲရှိပါ သေးတယ်။
သီချင်းစာ ကိုယ်ပိုင်းမှာ အပိုဒ်သုံး ပိုဒ်ပါတယ်။
ပထမအပိုဒ် အနေနဲ့
အိမ့်တောင်
ပညောင်ကိုင်း ကမြည်....
အစချီပြီး
အိပ်မက်ထဲမို့ တော်တော့သည်
နဲ့ ဆုံးတယ်။
ပြီးလျှင် Chorous အနေနဲ့
ဒီအိပ်မက် မှန်ရင်....
ကစပြီး
ဒီအိပ်မက် အတိုင်း မှန်ပါရစေ
နဲ့ ဆုံးတယ်။
နောက်ဆုံး အပိုဒ် အနေနဲ့
လေပြည် လေညင်း
ဆော်သွင်းရိုက်ချီ
ကစပြီး Cyrous မှာ ပြန်ဆုံးပါ တယ်။
ကဗျာဆန်တဲ့ ဒီသီချင်း ခြေဆင်း ဟာ ကဗျာ တစ်ပုဒ်ရဲ့ ကောင်းခြင်း 3 Rs အနက် Rhyme, Rhythm တွေကို သီချင်းရဲ့ ခြေဆင်းမှာပဲ ပြည့်ပြည့် စုံစုံ လေးတွေ့ရတယ်။ Repetition ကိုတော့ ဒီအိပ်မက် မှန်ရင် မောင်မင်းကြီး သားနဲ့ အစချီတဲ့ Chorous အနေနဲ့ တွေ့ရပြန် တော့ 3 Rs နဲ့ညီတဲ့ ဂီတ ဒဿန သုတေ သန ပြုချင်စရာ သီချင်း တစ်ပုဒ်ပါပဲ။
သီချင်းစာ ကိုယ်ပိုင်းမှာ သီချင်းရဲ့ အနှစ်ချုပ် သဘောကို အသေးမစိတ် လိုပါဘူး။ အမေ လူထု ဒေါ်အမာရဲ့ ပြည်သူ ချစ်သော အနုပညာ သည်များ စာအုပ်မှာပါတဲ့ “ဆရာငြိမ်း၏ ခင့်အိပ် မက်မှာ ကောင်မလေး တစ်ယောက် အချစ် အကြောင်း စိတ်ကူးနှင့် ရူးနေပုံ လေးကို” အစချီတဲ့ စာပိုဒ်ကို ဖတ်လျှင် ပြည့်စုံပြီလို့ ထင်ပါတယ်။ အမေက ငယ်မူ ငယ်သွေးနဲ့ အိပ်မက်ရှင် ကောင် မလေးရဲ့ ခံစားမှု လွန်းပျံလေးကို အရပ် သူဆန်ဆန် အရပ် သူဟန် ရိုးရိုးလေး ရေးပြထားတယ်။ ဖတ်လို့ တကယ် ကောင်းတယ်။

ကျွန်တော်ကတော့ ငြိမ်းရဲ့ ခင့် အိပ်မက် သီချင်းစာ ကိုယ်တွေ ထဲကို မယောင် မလည် ၀င်ပြီး တို့ တို့ တိတိ ဟိုကျော် ဒီကျော်လေး တွေနဲ့ ဖြည့်စွက် ပြောချင်တာပါ။ ချစ်-ရွှင်-သနား-တည်ကြား-ကြမ်းကြုတ်-စက်ဆုပ်- ကြောက်ရွံ့-ရဲဝံ့-အံ့သြ-နောအရသာ (ငယ်ငယ်က ဆရာတွေ သင်ပေး ခဲ့တာ ကို ပြန်ရွတ်မှ-မှတ်မိလာ မှာမို့ပါ) ခံစား မှုအရသာ ကိုးပါး ထဲက ဂမ္ဗဒေါသ၊ ရုဒ္ဓ ရသ ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် စေ့စေ့တွေးရင် ဟာသ ရသမြောက်တဲ့ ငြိမ်းရဲ့ အတွေး အရေးလေး တွေပါ။

ပထမစာပိုဒ် စလျှင် စချင်းပဲ သုံး ထားတဲ့ “အိမ်တောင်” ဆိုတဲ့ စာသား အတွက် သုံးထားတဲ့ အသံလေး နှစ်သံ။ အသံရဲ့သဘောက မူတည်သံ-ချသံ Tonic (ဒိုသံ) ဟာ အားကောင်း ပါ တယ်။ လူ့သဘာဝ နဲ့ပြောရလျှင် Home ပေါ့။ ဘယ်သွားသွား ဘယ်ရောက် ရောက် နောက်ဆုံးတော့ ကိုယ့်အိမ်ကိုယ့် ယာကို ရောက်ကြ ရစမြဲပါ။ ငယ်ငယ် တုန်းက သင်ခဲ့ရတဲ့ ကျောင်းစာ ထဲကလို East is east, West is west but home is the best ဆိုတဲ့ Home sweet home လို ပေါ့။ အိမ်ရောက်မှ စိတ်တုံးတုံး ချကြရ တာ။ “အိမ်တောင်” ရဲ့ အသံယူ ပုံဟာ အားကောင်းတဲ့ Tonic (ဒိုသံ) ထက် ပိုအားကောင်းတဲ့ တစ်သံမြင့်တဲ့ Super Tonic (ရေသံ) က စတင်ပြီး အသံတွေ ထဲမှာ အားအကောင်းဆုံး အလွှမ်းမိုးဆုံး Dominate လုပ်တဲ့ အောက်ဘယ် Dominant (ဆိုသံ) ကို ပစ်ချတယ်။ အာမေဍိတ် ဆန်ဆန် ဆိုင်းဆင့်၊ ဗုံဆင့် လိုက်တဲ့ အသံ မျိုးနဲ့ပါ။

ပြီးတော့ ဆက်တာက “အိမ် တောင် ပညောင်ကိုင်း ကမြည်၊ သူတို့ ချင်းကြိတ် ကြသံ၊ တကျည်ကျည် အိပ် မရ စိတ်က မောင့်ဆီ မြင်ယောင် မိလှပါ သည်...” တဲ့။ ဒီနေရာမှာ ငြိမ်းရဲ့ စာသား အယူအဆ လေးကို ပြောချင် တယ်။ ငြိမ်းဟာ သီချင်း စာသား ရှာရာ မှာ သူ့စာဟန်က စာကြီး ပေကြီးသံ ဆို တာထက် အရပ်သံ၊ အရပ်ဟန်ကို ပိုမို နှစ်သက် သုံးစွဲ တတ်တယ်။ အိမ်ရဲ့ တောင်ဘက်က ညောင်ပင်ကြီး ရဲ့အကိုင်း (သစ်ကိုင်း) ကို ဖော်ပြလို ရာမှာ ညောင် ပင်ကိုင်း၊ ပင်ညောင် ကိုင်းလို့ မသုံးဘဲ “ပညောင်ကိုင်း” လို့ မြန်မာ့ တောဓလေ့၊ ရွာဓလေ့သံ လေးနဲ့ သုံးတာ တွေ့ရတယ်။ မြန်မာ့ဓလေ့ ရွာသစ်ကို “ရသစ်” လို့ အသံထွက် ကြတာမျိုးပေါ့။ ကဲ ဒီမှာ မတွေးဝံ့ဝံ့၊ တွေးဝံ့ဝံ့ တွေးမိတာက ညောင်ကိုင်းတွေ လေတိုက်လို့ အချင်း ချင်းပွတ် တိုက်တာကို “သူတို့ချင်း ကြိတ် ကြသံ” ဆိုတဲ့ အသုံးနဲ့ အိပ်မရတဲ့ မိန်း ကလေးရဲ့ ခံစားချက်။ ဟိုလို ဒီလို ဘယ်လိုပါ လိမ့်လို့တောင် အတွေး ကျွံရ မလိုဘဲ။ ဆန်းဆန်းတော့ ဂမ္ဗဒေါသ၊ ရုဒ္ဓရသတော့ မဟုတ်လောက် ပေဘူး။ ရိုးရိုးလေး ဟာသ ရသနဲ့ ခံစား ရှုမြင်တာ ပိုကောင်းမယ်။

ဒီလိုပဲ အောက်ဆုံး အပိုဒ်မှာလဲ...
“မောင် မိန်းမသားပါ ရမ်းကား လျှင် အရှင်းပင် မတော်သည်၊
သို့ပေမယ့်လည်း သူ့လက်ချောင်း က ဆင်နှာမောင်းနဲ့ မသာကပြီ-
ကမြင်းကြောပွေလီ... အိပ်မက် ထဲမို့... တော်တော့သည်...” တဲ့။
၁၉၈၀ ခုနှစ်ဆီက အိုအေစစ် စတူ ရီယိုမှာ ဒီသီချင်း အသံ သွင်းစဉ် မနီ (ဖြူသီ) ဆိုတော့ ဘေးကနေ ဂရုစိုက် ဖေးမရတယ်။ ခင့်အိပ်မက် သီချင်းထဲ က ဖြူသီ ဆိုတဲ့ မောင် ကတော့ မိန်းမ သျှတ္တရနဲ့  အသက် ပါလှ ပါတယ်။ ခင်ပွန်းသည် ကိုအောင်မြင့် မခံနိုင် လောက်တဲ့ အညု အခရာ ကညာဆန်လှ တဲ့ တေးသံရှင်ရဲ့ အနုရသမြောက်တဲ့ အသံ မှတ်တမ်းပါပဲ။ နားထောင် သူတွေ တောင် အူယားမိတယ်။

ဇာတ်ရှိန်က ဒီထက် တက်လာပြီ။
“မောင် မိန်းမသားပါ ရမ်းကားလျှင်
အရှင်းပင် မတော်သည်...” တဲ့
ဘာတွေများ လုပ်နေ ပါလိမ့်ပေါ့။
အားနွဲ့သူ မိန်းကလေးက တောင်းပန် သော်ငြား...
အဆုံး Climax ကို ရောက်သွားပြီ လားပဲ။
“သို့ပေမယ့်လည်း
သူ့လက်ချောင်းက
ဆင်နှာမောင်းနဲ့ မသာကပြီ
ကမြင်း ကြောပွေလီ...
အိပ်မက်ထဲမို့ တော်တော့သည်” တဲ့။
အသံသွင်းရင်းနဲ့ မနီကို ဟိုး ဟိုး ခိုင်းပြီး စာသားပါ “လက်” က“-က်” လေးကို ပီအောင် ဆိုပါလို့ သတိပေး ရတယ်။ သူကလည်း ပြုံးစေ့စေ့နဲ့ ကြိုး စားဆို ရှာတယ်။ အသံသွင်းပြီး အပြန် သူတို့ ဇနီး မောင်နှံ ကျွန်တော့် တည်း ခိုခန်းထိ ကားနဲ့ လိုက်ပို့ ကြရှာတယ်။ အမြဲ သတိရ နေတဲ့ သူတို့ရဲ့ခင်မင် ဖော်ရွေ မှု မှတ်တမ်းလေးပါ။

စိတ်ကူးယဉ် ဂီတ၀ိရောဓိ
ခင့်အိပ်မက် သီချင်း ခြေဆင်း အဆုံး စာသားနဲ့ ပတ်သက်ပြီး ရှေ့ပိုင်း စာသားခံစားချက်ကဏ္ဍမှာ ကျွန်တော့် ကိုယ်ပိုင် အယူအဆ ဂီတ ဒဿနကို ခပ် ပြင်းပြင်းလေး တင်ပြခဲ့ပါတယ်။ ဒါဟာ ၀ိရောဓိ တစ်ခု ဖြစ်လာပြီပဲ။ ကျွန်တော် အမေလို မြတ်နိုးတဲ့ လူထု ဒေါ်အမာနဲ့ ကျွန်တော့် အစ်ကို အရင်း သန်းအောင်ခိုင်တို့ မှတ်တမ်းပြုချက်က တစ်ဖက်၊ ကျွန်တော့် ကိုယ်ပိုင် အယူအဆက တစ်ဖက် အယူအဆ ရေးရာ မတူဘဲ ကွာခြား နေပါပြီ။ သူတို့နှစ်ဦးက “မျှော် ကာ တမ်းတ ယောင်မိသည်...”။ ကျွန်တော်က “မျှော်ကာ တမ်းတ... ရော် မိသည် ...” လို့ ဆင်ခြင် ဆင်လက်တွေ နဲ့ တင်ပြတယ်။

သူတို့ မှတ်တမ်း ပြုချက်ကလည်း နောက်ဆုတ် ပေးဖို့ အကြောင်း မရှိဘူး။ သဲလွန်စ အနေနဲ့က ပထမ အပိုဒ်မှာကိုပဲ အိပ်မရ စိတ်က မောင့်ဆီ မြင်ယောင် မိလှ ပါသည် ဆိုတော့ ယောင် ကလည်း အတော်မာ နေပြီပဲ။ ကျွန်တော်တို့ မိသား စု အချင်းချင်းတောင် အယူ အဆရေး ရာ မတူကွဲပြား ခြားနား နေကြပြီ။ ဒါဟာ ဖြစ်ကောင်းတဲ့ ဖြစ်ရမဲ့ ကိစ္စပါ။

အာရုံခံ အာရမ္မဏ ပစ္စယ သတ္တိ တွေမှာ Free Ways of Thinking လွတ် လပ်စွာ တွေးခေါ် ယူဆခွင့် နည်းလမ်း ဆိုတာ တစ်ခုတည်း တစ်ဖက်တည်း ပန္နက်ချ ဆုံးဖြတ်ချက် ချလို့ကတော့ မဖြစ်သင့်ဘူး။ သူ့ အယူ အဆ ကိုယ့် အယူအဆ ရှိမယ်။ ပရ အတ္တ သူ့ အကြိုက် ကိုယ့်အကြိုက် ရှိမယ်။ ဒါပေမဲ့ အကျိုး အကြောင်း ဆီလျော် အပ်စပ်မှု Reasonable ဖြစ်မှ ခိုင်မာမှု Valid ဖြစ်မှာ ပါ။ အကျိုး အကြောင်း ဆီလျော် အပ် စပ်ဖို့ ဆိုတာက မျိုးရိုး၊ ဗီဇ၊ ၀န်း ကျင်၊ Heredity and Enviroment လိုအပ်ပါ လိမ့်မယ်။

မြို့မငြိမ်းရဲ့ ခင့်အိပ်မက် သီချင်း ပါစာသား ယောင်မိသည် လား၊ ရော် မိသည်လားနဲ့ ပတ်သက်ပြီး လူထု ဒေါ်အမာနဲ့ ကျွန်တော့် အစ်ကို ကတစ် ဖက်၊ ကျွန်တော်က တစ်ဖက် ဂီတ ဒဿန ၀ိရောဓိ အယူအဆ ပြဿနာဖြစ် ပြီဆို ကြပါစို့။ ကျွန်တော့် အမေလို လေး စားရတဲ့ လူထု ဒေါ်အမာက “ပြည်သူချစ် သော အနုပညာ သည်များ”စာအုပ်နဲ့ မြို့ မငြိမ်းကို ရင်းနှီး ကျွမ်းဝင်ထဲထဲ ၀င်ဝင် သိသူ၊ မြို့မနဲ့ မြိုမ ၀န်းကျင်ကို သိသူ၊ မန္တလေးကို သိသူ၊ မန္တလေးရဲ့ တော်ဝင် စာပေ အနုပညာ ရှင်ကြီး မြန်မာသိ၊ ကမ္ဘာသိ စသည် စသည် ဧရာမ ဧရာမ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံ လိုက်သမှ။ ကျွန်တော့် အစ်ကို သန်းအောင်ခိုင်က လည်း မြို့မငြိမ်းရဲ့ သားအရင်းကြီး။ ကျွန်တော်တို့ အဘ(အဖေ)ကို ကျွန်တော့် ထက် ပိုသိသူ။ မြို့မနဲ့ တကွ မြို့မငြိမ်းရဲ့ တပည့်တပန်း ၀န်းကျင်အားလုံးထဲမှာ ကြီးပြင်း ကျင်လည် ခဲ့ရသူ၊ ဂီတကိုလည်း ရောက်သင့်တဲ့ အနေအထား တစ်ခု အထိ နားလည်တတ် ကျွမ်းသူ စသည် သူ့ အတိုင်းအတာနဲ့ သူပြည့်စုံ သူပါ။ ဒီတော့ လူထု ဒေါ်အမာက ဧရာ့ ဧရာမ ပြည့်စုံ နားလည်သူ ကျွန်တော့် အစ်ကိုက သူ့ အတိုင်း အတာနဲ့ သူ ပြည့်စုံ နားလည် သူတို့က တစ်ဖက်၊ ကျွန်တော်က ဘာမှ မဟုတ်တဲ့ ပိစိကွေး ဂီတ အတွေးအယူ အဆသမား ကတစ်ဖက် ဖြစ်ကြရမဲ့ စိတ် ကူးယဉ် ၀ိရောဓိ အယူအဆ ပြဿနာ။

ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဇာတိ အစမှ ခန္ဓာဝန် ရှိကြလို့ အာရုံခံ အာရမ္မ ဏပစ္စယ သတ္တိတွေတော့ ရှိကြသူ ပိုင် ဆိုင်ကြ သူတွေ ချည်းပါပဲ။ သူတူ ကိုယ် တူ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် အာရုံ ငါးပါးနဲ့ အာရုံခံ ပစ္စည်းတွေ အပေါ် စိတ်မနောနဲ့ အာရုံပြု နားလည် ကြရတာ ပဲ။ ကျွန်တော်လည်း ထိုနည်းလည်း ကောင်းပဲပေါ့။ Human Rights လူ့ အခွင့်အရေး ပဲဟာ။ အယူအဆ အတွေး အမြင် မတူညီမှု ဆိုတာကို လက်ဖ၀ါးနဲ့ လက်ဖမိုးလို့ မငြင်းကြ စတမ်း ဆိုလျှင်   ပျော်စရာ ကောင်းတဲ့ ဗဟုသုတ ဖလှယ် ပွဲလေး ဖြစ်ကြ ရမှာပါ။ မြို့မ တူရိယာ အသင်းရဲ့ ဂီတ သမားကြီး ဒါးတန်းဦး သန့်က သူ့အနုပညာ ရသ စာတမ်းမှာ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ စသည် အနုပညာ ဆိုင်ရာ တွေကို လေ့လာလိုက် စားကြရာမှာ မိမိ နှစ်သက် ရွေးချယ်ထား တဲ့ ဘာသာရပ် တစ်ခုတည်း အမြင်နဲ့ မဟုတ်ဘဲ ဘက်ပေါင်းစုံ အမြင်နဲ့ သူ့ နယ်ကိုယ့်နယ် ဖလှယ်ပေါင်းစပ် နား လည်တဲ့ အာရုံ ခံစားမှု ကျွမ်းကျင်သူ Connoisseur ဖြစ်ရမယ်လို့ ပညာပေး ပြောကြား ဖူးပါတယ်။ ကျွန်တော် နား လည်သလိုက အနု ပညာ ငရမန်ကန်း မဖြစ်သင့် ဘူးပေါ့။ ဒီတော့ ကျွန်တော် တို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည် လာကြမယ်လို့ ယုံကြည်တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆို တာထက်၊ ဘယ်သူ့အမြင်က ဘယ်လို ဆိုတဲ့ အယူအဆ အတွေး အခေါ်တွေ ဗဟုသုတနယ် ကျယ်သထက် ကျယ် လာစေနိုင် တာပေါ့။ ဒါက အကောင်း မြင်အသိ၊ အကောင်းမြင် သတိနဲ့ ပဋိ ပက္ခအသွင် မဆောင်တဲ့ ဣဋ္ဌာရုံ ပွဲလေး ပေါ့။

ဒါပေမဲ့ ဆိုတဲ့ ဒါပေမဲ့ ပေါင်းများ စွာနဲ့ ပြောရမယ် ဆိုလျှင် အဖြေမှန် တစ်ခု အတွက် ခိုင်မာမှု Validity ရဖို့ကျိုး ကြောင်းဆီ လျော်အပ်စပ် Reasonable ဖြစ်ရန် မျိုးရိုး၊ ဗီဇ၊ ပတ်ဝန်းကျင် ဆိုတဲ့ တိုင်းတာမှု ပေတံသုံး ချောင်းကတော့ အမှန်တကယ် လိုအပ် ပါတယ်။ မြို့မ ငြိမ်းရဲ့ ခင့်အိပ်မက် သီချင်းပါ စာသား ယောင်မိသည် လား ရော်မိ သည်လား ဆိုတဲ့ စိတ်ကူးယဉ် ပြဿနာမှာ ပါဝင် မည့် ကျွန်တော် အပါအ၀င် သုံးဦးစ လုံးဟာ အဲ့ဒီ ပေတံ မလိုပါဘူး။ အဲ့ဒီ ပေတံထက် ပိုသူ တွေချည်းပါ။ ဒီတော့ ဘာပြဿနာ ၀ိရောဓိမှ ဖြစ်စရာ မလို တော့ပါဘူး။ စာဖတ် အားပေးသူများ လည်း ဒီစိတ်ကူးယဉ် ၀ိရောဓိ အယူ အဆ လွန်ဆွဲ ပွဲလေးမှာ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည် နူးနူးနဲ့ ဂီတ ဒဿန ဗဟုသုတ ရဖွယ် မှတ်သားဖွယ် လေးတစ်ခုတော့ ဖြစ်ကောင်းရဲ့လို့ ဆန္ဒပြု ပါတယ်။
ဒါတွေကို စိတ်ထဲ ရှိသမျှ ရေးလာ ရတာဟာ ယခင့် ယခင်က မြို့မငြိမ်းရဲ့ သီချင်း စာသားနဲ့ ပတ်သက်တဲ့ ပြဿနာ လေးတွေ ရှိခဲ့တယ် ဆိုတာကိုလည်း စာဖတ် သူများ သိကြမှာပါ။

မြို့မငြိမ်းဟာ ပြည်သူ ချစ်တဲ့ ပြည်သူ အားလုံး ပိုင်တဲ့ အနုပညာ ရှင်ပါ။ သူ့ရဲ့ သီချင်းကို နှစ်သက် သဘောကျလို့ ကိုယ့်အာရုံနဲ့ ကိုယ် ဒဿနဖွဲ့ ရင်ထဲ ရှိသမျှ၊ စိတ်ထဲ ရှိသမျှ၊ ပြောလိုကြတာ ပြောဆို ကြရာမှာ ၀မ်းပန်း တသာ ပီတိ လက်ကမ်း ကြိုဆို ကြရမှာပါ။ မြို့မငြိမ်းနဲ့ ပတ်သက်တဲ့ ဘာဘာညာညာ အယူအဆ ရေးရာ ဆွေးနွေးပွဲ စက္ကူဖြူ အလုပ်ရုံ ဆွေးနွေးပွဲ White Paper Work Shops ကလေးတွေပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့သီချင်း တွေနဲ့ ပတ်သက် သမျှဟာ ကာယကံရှင်က သူ(မြို့မငြိမ်း) ဖြစ်နေတော့ ကျွန်တော်တို့
ဆွေးနွေး သမျှကိုတော့ ခေါင်းညိတ် ခေါင်းရမ်း မှာတော့ မဟုတ်ဘူး။ ရှက်တတ်တဲ့ သူ့ရဲ့ ပြုံးမယောင် မျက်နှာလေးက မရဲ တရဲဟာ ပြုံးမယောင် မျက်နှာလေးက မရယ့် တရယ် ဖြစ်နေမှာတော့ သေချာတယ်။
သူ့ဥစ္စာ သူမှ သိမှာကိုး။


ကိုရွှန်းမြိုင်၊မြို့မ၊
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


Last Updated on Thursday, 07 February 2013 21:19