ရုပ်ရှင်သီချင်းအစ တောမြိုင်စွန်းက လွမ်းအောင်ဖန်က PDF Print E-mail
Written by သစ္စာ+မေတ္တာ ကိုကိုအောင်   
Thursday, 31 January 2013 22:47
Share |

?????? ???????????????? ???????? ????? ?????????? ??????????? ???????? ??????

free cialis samplescialis viagra generic india canadian cialis
argaiv1694

စစ်ကြိုခေတ် ကတော့ အောက်အရပ်က ဘိုင်စကုတ်လို့ ခေါ်တယ်။ မန္တလေးက ယနေ့တိုင် ဓာတ်ရှင် လို့ခေါ်တယ်။ တောနယ်တွေက  အရိပ်ပြပွဲလို့ ခေါ်ခဲ့ကြတယ်။ ပထမဆုံး ပြသခဲ့တဲ့ ရုပ်ရှင်က ဦးထွန်းရှိန် ဈာပန သတင်းကားပါ။ ရိုက်ကူးသူက လန်ဒန်အတ် ဦးအုံးမောင်ပဲ။ ဓာတ်ပုံဆရာ ဦးမောင်မောင်နဲ့အတူ ကြိုးစားခဲ့ကြတာပေါ့။ နောက်တော့ ဇာတ်ကွက် ဇာတ်လမ်း ပါတဲ့ မေတ္တာနဲ့ သူရာ ဇာတ်ကားကို ရိုက်ကြ ပြန်တယ်။ ဒီဇာတ်ကားဟာ ဇာတ်ကွက် ဇာတ်လမ်း ပါတဲ့ ပထမဆုံး မြန်မာ ရုပ်ရှင် ဇာတ်ကားပါ။ စီနီမာဒီ ပဲရစ်ရုံမှာ ပြသခဲ့ပါတယ်။ ၁၉၂၀ ပြည့်နှစ် အောက်တို ဘာလ (၁၃)ရက်နေ့မှာ ပေါ့။ ဒီရုပ်ရှင်ရုံဟာ ယခု ဗိုလ်ချုပ်ဈေး နေရာမှာ တည်ရှိ ခဲ့တာ၊ ဒီနေရာဟာ ရှေးတုန်း ကတော့ မီးရထား ဌာနပိုင် မြေနေရာ ဖြစ်လို့ ကျောက်မီးသွေး တွေပုံတဲ့ ကွက်လပ်ကြီးပဲ။ ဈေးကြီး မဆောက် မီက ဒီနေရာမှာ “အယ်လီဖင် စတုံရုံ”၊ “စီနီမာဒီ ပဲရစ်ရုံ”နဲ့ အလယ်မှာ “အင်ပိုင်ယာရုံ” ဆိုပြီး ရုပ်ရှင်ရုံ သုံးရုံ ရှိပါတယ်။ ဈေးကြီး ဆောက်ဖို့ အဲဒီ သုံးရုံကို မဖျက်သေးမီ အချိန်မှာပဲ “ရွိုင်ရယ်ရုံ”ကို ဗိုလ်ချုပ်လမ်းနှင့် (၃၁)လမ်းထောင့်မှာ ထပ်ဆောက်ပြီး ရုပ်ရှင် ကားများ ပြသ နေပါပြီ။ ယခု စင်ထရယ် ဟိုတယ်(Central Hotel) နေရာ မှာပေါ့။ လွပ်လပ်ရေး ရပြီး နောက်ပိုင်းမှာ တော်ဝင်ရုံ ရယ်လို့ အမည်ပြောင်း ခဲ့ပါတယ်။

မြန်မာ့ ရုပ်ရှင်ရယ် လို့ပေါ်ပြီး သုံးနှစ်အကြာ ၁၉၂၃ ခုနှစ်မှာ “တောမြိုင်စွန်းက လွမ်းအောင်ဖန်” ရုပ်ရှင် ဇာတ်ကား ပေါ်လာ ပါတယ်။ အသံတော့ မထွက် သေးဘူး။ အသံတိတ် ကားပါ။ ဒီဇာတ်ကား ဖြစ်လာပုံက ဒီလိုပါ။ မြန်မာ့ ရုပ်ရှင်ကို ပထမ စထွင်ခဲ့တဲ့ ဦးအုံးမောင်ဟာ သူရဲ့အစုစပ်ရုပ်ရှင် လုပ်ငန်းမှာ ငွေရေးကြေးရေး အခက် အခဲကြောင့် မိမိပိုင်တဲ့“ဘားမားဖလင်း”ကို မြန်မာ အဆွေ ကုမ္ပဏီထံ ရောင်းချလိုက် ပါတယ်။ ဒီ မြန်မာ အဆွေ ဟာ နောင် တော့ “အေ၀မ်း” ရုပ်ရှင် ကုမ္ပဏီရယ်လို့ နာမည်ကြီး လာခဲ့တာပါ။ မြန်မာအဆွေ ကုမ္ပဏီဟာ ကိုလိုနီ ခေတ်က နိုင်ငံခြား သားပိုင် ကုမ္ပဏီများနှင့် အပြိုင် ရောင်း ၀ယ် ဖောက်ကား ခဲ့တဲ့ မြန်မာပိုင် ကုမ္ပဏီ ပဲ။ ပိုင်ရှင် သူဌေးကြီး ဦးဘညွန့်ဟာ ဂီတ အနုပညာကို အလွန် ၀ါသနာ ပါသူ တစ်ဦးပါ။ ဒါကြောင့် ၁၉၂၃ ခုနှစ်မှာ “မြန်မာ အဆွေ ကုမ္ပဏီမှ စီမံ အုပ်ချုပ် သော ဘားမားဖလင်း ကုမ္ပဏီ”ဆိုတဲ့ အမည်နဲ့ တောမြိုင်စွန်းက လွမ်းအောင် ဖန် ဇာတ်ကား ရိုက်ကူးပြီး ရုံတင် ပြသ ခဲ့ပါတယ်။ ဒီကားပြတော့ ရှေးတုန်းက ရုပ်ရှင်ကား တွေနဲ့ မတူဘဲ ဇာတ်ကွက် ဇာတ်လမ်းနဲ့ ဆိုင်တဲ့ သီချင်းတွေကို ထည့်သွင်း လာပါတယ်။

ဒီကား ထက်စောတဲ့ ကျေးတောသူ မနု ဇာတ်ကားမှာ တူရိယာ ပညာရှင်သုံး ဦးက စန္ဒရား၊ တယော၊ မယ်ဒလင် သုံးမျိုးနဲ့ တီးခတ်ပြီး အဆိုတော် ကိုဖြိုး က သီဆိုခဲ့တယ် ဆိုပေမဲ့ ဆီလျော် သလို လက်တန်း သီဆို တီးမှုတ်ခဲ့ ကြရတာ ပါ။ ရုပ်ရှင် သီချင်းရယ်လို့ သီးသီးသန့် သန့်ရေးပြီး သီဆို တီးမှုတ်တဲ့ ဇာတ်ကား ကတော့ တောမြိုင်စွန်းက လွမ်းအောင် ဖန်ဟာ ပထမဆုံး ရုပ်ရှင် ဇာတ်ကားပဲ။

သူဌေးကြီး ဦးဘညွန့်က တေးရေး ဆရာများ ဖြစ်တဲ့ လှည်းတန်း ဦးလူက လေးနဲ့ နန်းတော်ရှေ့ ဆရာတင်ကို အခ ကြေးငွေ သတ်မှတ်ချက် မရှိဘဲ စေတနာ အပြည့်နဲ့ ငွေကြေး ထောက်ပံ့ပြီး ဇာတ်ဝင် တေးများ ရေးစေ ပါတယ်။ ဒီဇာတ်ကား ရဲ့ဇာတ်ညွှန်းကို ရေးပေးတဲ့ ဒဂုန်ခင် ခင်လေးကို ဆိုရင် ရွှေဒင်္ဂါး (၃)ပြားနဲ့ ငွေ(၃၀၀)ကျပ် ဉဏ်ပူဇော်ခ ပေးခဲ့ပါ တယ်။ ဦးဘညွန့်ဟာ အနုပညာ အပေါ် မှာ အဲဒီလောက် လေးစား တာပါ။ ဒီရုပ်ရှင် ကားကို စီနီမာဒီ ပဲရစ်ရုံနဲ့ ရိုင်ရယ် ရုံနှစ်ရုံ ခွဲပြခဲ့ပါတယ်။ စီနီမာဒီ ပဲရစ်မှာ စန္ဒရား ဦးသာဒင်၊ တယော ကိုဘရီ၊ အဆိုတော် ပြည်မောင်ကြီးနဲ့ မတင်လှတို့ ပါဝင် သီဆို တီးမှုတ်ကြတယ်။ ရိုင်ရယ်ရုံ မှာတော့ စန္ဒရား ဦးဘလတ်၊ တယော (၁၁)လမ်း ကိုမောင်မောင်၊ အဆိုတော် လှည်းတန်း ဦးလူကလေးနဲ့ ဒေါ်အုံးမေ ကြီးတို့က ဆိုကြ တီးကြတယ်။ အဲဒီ အချိန်က လှည်းတန်း ဦးလူကလေးဟာ မျက်စိ အလင်းမရ ရှာတော့ပါ။ ဒီ ဇာတ်ကားမှာ ပါဝင် သူများ ကတော့ ဦးညီပု၊ ကိုတင်ဖေ၊ ဦးဘကလေး၊ မိမိ လေး၊ မမြညွန့် တို့ပဲ။ ဦးညီပုဟာ မြန်မာ့ ရုပ်ရှင် လောကမှာ ဒါရိုက်တာ အဖြစ်နဲ့ သက်တမ်း ရှည်စွာ ကျော်ကြား ခဲ့တဲ့ ရုပ်ရှင် ဖခင်ကြီး တစ်ဦး ဖြစ်သလို၊ ဦးဘက လေးဟာလည်း ရွှေရိုးဘ ကလေးဆိုတဲ့ အမည်နဲ့ ရှေးဦး မြန်မာကာတွန်းရဲ့ ဖခင်ကြီး တစ်ဦးအဖြစ် ကျော်ကြားခဲ့ သူပါ။ တိုင်းပြုပြည်ပြု ကာတွန်းတွေ အများကြီး ရေးခဲ့သူ တစ်ဦးပေါ့။ တော မြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ် ကားဟာ ပထမဦးဆုံး ဇာတ်ဝင်တေးများ စသုံးတဲ့ ကားမို့ ဒီရုပ်ရှင် ကားမှာပါတဲ့ သီချင်း နှစ်ပုဒ်ကို ဖော်ပြပါမယ်။

တောမြိုင်စွန်း ပဏာမ
လှည်းတန်း ဦးလူကလေး ရေးသည်။
(အိုလေ တောမြိုင်စွန်းက လွမ်း အောင်ဖန်၊ မြန်မာ အဆွေ ကုမ္ပဏီကြီးက ထွင်လိုက်ပြန်)၂၊ ထူးတာ ဆန်းတာကြံ၊ မောင်ညီပုရဲ့ဉဏ်၊ ဇာတ်ကား အမည်မှန် တောမြိုင်စွန်းက လွမ်းအောင်ဖန်။
(သက်လယ်ရယ် သက်လယ် ရွှေသွေးရယ်၊ မကြင်နာ စိမ်းတော့ စိမ်းရက်ပြန်)၂၊ ထူးတာ ဆန်းတာကြံ မောင်ညီပုရဲ့ ဉဏ်၊ ဇာတ်ကားအမည် မှန်၊ တောမြိုင်စွန်းက လွမ်းအောင်ဖန်)
ဒီဇာတ်ကားမှာ ဦးရွှေရိုးနဲ့ ဒေါ်မိုး တို့ ရေပက်တဲ့ အခန်းပါတယ်။ နန်းတော် ရှေ့ ဆရာတင်က သူ့ရဲ့ ကျော်ကြားပြီး ရွှေကျီးညို သီချင်းအလိုက်ကို မှီးလို့ ဦးရွှေရိုး ရေပက် သီချင်းဆိုပြီး ဇာတ်ဝင် တေးတစ်ပုဒ် ဖန်တီး ခဲ့တယ်။ ဦးရွှေရိုး နဲ့ ဒေါ်မိုး အခန်းဟာ လူကြိုက် များလို့ ယနေ့ အထိ ရွှေရိုး ဒေါ်မိုး အကရယ်လို့ တွင်ကျန်ရစ် ခဲ့တာပေါ့။ ဦးရွှေရိုး ရေပက် သီချင်းက ဒီလိုပါ။

 

ဦးရွှေရိုး ရေပက်သီချင်း
နန်းတော်ရှေ့ဆရာ တင်ရေးသည်။
နှစ်သစ်ကူး သင်္ကြန်ရေ ပက်မဗျို ရွှေမျက်နှာ ကအို၊ ဦးရွှေရိုးက ဒေါ်မိုးကို ညိုမြ ညိုမြဆို၊ ရွှေပြွတ်တို ရွှေပြွတ်တို၊ မူဟန်ပို မပက်နဲ့လို့ ဒေါ်မိုးဆို၊ လာဗျို လာဗျို ရွှေပြွတ်တို၊ (ချိုချို သာသာပြော မရ သကို)၂ ရှက်စရာ သူဆို ကိုရွှေရိုးရဲ့ ပျိုတမေ ဇွတ်ပိုး ထိုးမဲ့ အကို၊ အငြိုးဖွဲ့လို့ ရန်ပို၊ အမှန်ဆို ရသကို၊ တန်ပါ ညိုမြပက် မဗျို။

(မပက်နဲ့ ဒေါ်မိုးသူဆို)၂ (ပြောတိုင်း ပို)၄ နေပူ ကျက်ကျက် ရေမပက် ပါနဲ့ ဒေါ်မိုး ကဆို(ရွှေပြွတ်တို)၃၊ မေမိုး ရွှေရိုး ရေချိုး မလား လို့ဆို။

မတက်တမ်း သင်္ကြန်ပက် ကြပါစို့ ဦးရွှေရိုး ကဆို၊ ဒေါ်မိုးကို အမျိုးမျိုး ကျီစား သဗျို၊ ရွှဲရွဲ လို့စို၊ ရွှေရိုး လူပျိုကြီး လေးဟာမို့ သည်းကို ကျုပ်ကြိုက် သဗျို ဒေါ်မိုးကို အမျိုးမျိုး ကျီစား သဗျို၊ ရွှဲရွှဲ လို့စို၊ သူ့ကာလရေ ပက်တာကို စိတ်မဆိုး နဲ့ဗျို၊ ဖိနပ်ကိုင်ကာ ဒေါ်မိုးက ရိုက်မယ် လို့ဆို၊ ဦးရွှေရိုး တစ်မျိုး လှောင်သကို ပြောင်ပြောင် တယ်ဆို၊ ဖိနပ်ကိုင်ကာ ဒေါ်မိုးက ရိုက်မယ် လို့ဆို။ (မူဟန်ပို မူဟန်ပို) ၄ရွှေကိုရွှေကို ဒေါ်မိုးပိုး တယ်ဆို၊ ဖမ်းသကို နမ်းမလို သူက အစစဇွတ် အတင်းညှဉ်းမယ့် ကိုလူပျို၊ တန်ပါဆို ဉဏ်ရှာသကို ပြောမရ သဗျို၊(ဒေါသပို)၂ ဦးရွှေရိုး ရေထဲ နှစ်လို့ငို
ဒီဇာတ်ကားဟာ ကျော်လွန်းလို့ “ပါလိုဖုံး”ဓာတ်ပြား ကုမ္ပဏီက ဓာတ်ပြား သွင်းရောင်း ခဲ့ပါတယ်။ နောက် တော့ မြန်မာ့ ရုပ်ရှင် အသံတိတ် တစ်ခေတ်လုံး ဇာတ်ဝင် ဇာတ်ပို့ သီချင်းများလည်း တဖြည်းဖြည်း အဆင့် အတန်း မြင့် တိုး တက်လာ သလို အသံထွက် ခေတ်ရောက် တော့လည်း အဆို အတီးဂီတ ပညာရှင် များရဲ့ ကြိုးစား မှုကြောင့် မြန်မာ ရုပ်ရှင် သီချင်းရယ်လို့ တသီး တသန့်နဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ပေါ်ထွန်း လာခဲ့ပါတယ်။ အသံတိတ် ခေတ်ကတော့ ရုပ်ရှင် ပြနေ စဉ်မှာ အဆိုတော်များ နဲ့ တီးဝိုင်းက တိုက် ရိုက် သီဆို တီးမှုတ်ရတာ၊ တစ်နေ့လေး ပွဲ ပြရင် လေးပွဲစလုံး ဆိုကြ တီးကြ တာပဲ။ အသံချဲ့ စက်မပေါ် ခင်က တစ်ရုံ လုံးကြား အောင် ဆိုကြ တီးကြ ရတဲ့ ဇွဲဟာ ဘယ် သေး မတုံး။ တော်ရုံ အဆိုတော်ဟာ ရုပ်ရှင် တီးဝိုင်းနဲ့ မဆိုရဲဘူး။ ဒါလောက် ပင်ပန်းတာပါ။ အသံထွက် ခေတ် ရောက်တော့ အေ၀မ်း၊ ဗြိတိသျှ ဘားမား လို ရုပ်ရှင် ကုမ္ပဏီကြီး တွေက ရုပ်ရှင် သီချင်းများကို သီးသန့် ဓာတ်ပြားသွင်း ရောင်းချ ခဲ့တယ်။ ဒါကြောင့် တစ်ခေတ် တစ်ချိန်က မြန်မာ ရုပ်ရှင် သီချင်းရယ်လို့ ဖြစ်ပေါ် လာအောင် ကြိုးပမ်း တီထွင်ခဲ့ ရတဲ့ ရုပ်ရှင် ဂီတ၊ တေးရေး၊ တေးဆို အနုပညာရှင် များကို အစဉ် လေးစားဂုဏ် ယူရင်း မြန်မာ ရုပ်ရှင်သီချင်း အစ “တော မြိုင်စွန်းက လွမ်းအောင်ဖန်”ကလို့ ဆိုထိုက် ကြောင်းပါဗျာ။
စာကိုး
၁။    ရုပ်ရှင်ဂီတနှင့် ကျွန်တော်            -စစ်ကိုင်းလှရွှေ
၂။    မြန်မာ့ရုပ်ရှင်သမိုင်းစဉ်            ငွေရတုကာလ
၃။    ကျွန်ုပ်နှင့်                မြန်မာ့ရုပ်ရှင်လောက    -ဒဂုဏ်ပ ဦးဘတင်
၎။    ပါလိုဖုံးဓာတ်ပြားစာရင်း             စာအုပ်ငယ်
၅။    နှစ်ငါးဆယ် ယဉ်ကျေးမှုရေးရာ
၆။    မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှုနှင့်
ရုပ်ရှင် အနုပညာရှင်များ
- ကေမြူး
၇။    မိုးဂျာနယ်                - ဒီဇင်ဘာ ၂၀၀၂

 

သစ္စာမေတ္တာ၊ကိုကိုအောင်၊
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)