|
Written by Administrator
|
|
Thursday, 17 January 2013 20:53 |
ယနေ့ခေတ် လူငယ် များ၏ ၀တ်စား ဆင်ယင် ပုံများသည် ရွေ့လျားနေ သည့်ခေတ်နှင့် လိုက်လျော ညီထွေစွာ ရွေ့လျား ပြောင်းလဲ လျက်ရှိသည်။
argaiv1023
အထူး သဖြင့် လူငယ် အချို့၏ ၀တ်စား ဆင်ယင် မှုသည် ခေတ်မီသည့် အဆင့်မှခေတ် လွန် သရုပ်ပျက် သည့်အဆင့် အထိ ပြောင်းလဲ လာကြသည်ကို တွေ့မြင် နေကြ ရ၏။ သို့ဖြစ်၍ ယခုလ Blogger's Voice ကဏ္ဍ အတွက် လူငယ်နှင့် ၀တ်စား ဆင်ယင်မှု ဆိုသည့် ခေါင်းစဉ် အပေါ် အွန်လိုင်းမှ အမျိုးသမီး ဘလော့ဂါ တစ်ဦး ဖြစ်သူ ချော(အစိမ်းရောင် လွင်ပြင်)၏ အမြင်နှင့် အသံကို ဖူးငုံ ချစ်သူများ စဉ်းစား ဆင်ခြင် နိုင်စေရန် ဖော်ပြပေး လိုက်ပါသည်။
ယနေ့ ခေတ်ဟာ အရာ အားလုံး မြန်ဆန်စွာ ပြောင်းလဲနေ တဲ့ခေတ် ဖြစ်ပါ တယ်။ ခေတ်လူငယ် တွေဟာ ကိုယ်ဖြတ်သန်း နေရတဲ့ ခေတ်ကြီး အတွင်း အရာ အားလုံးကို သိရှိ နားလည် နေအောင် အမီ လိုက်နေ ကြတာကို တွေ့ရ ပါ တယ်။ ခေတ်နဲ့အညီ ခေတ်မီမီ ဆိုတဲ့ နေရာမှာ ခေတ်နဲ့ လိုက်ပြီး လူတွေရဲ့ ၀တ်စား ဆင်ယင်ပုံ ပြောင်းလဲ ခြင်းဟာ အသိသာ အထင်ရှား ဆုံး မြင်ရတဲ့ ပြယုဂ် တစ်ခု ဆိုရင် မှားမယ် မထင် ပါဘူး။ ဒီနေရာမှာ အဓိက ကျွန်မ ပြောချင် တာက လူငယ် တွေ ခေတ်နဲ့ အညီ ခေတ်မီ လှပအောင် ၀တ်ဆင်တာကို ကျွန်မ အားပေးပါ တယ်။ ခေတ်မီမီ စတိုင်ကျကျ ၀တ်ဆင်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု ရှိစေ ပါတယ်။ ဒါပေမဲ့ တချို့သော လူငယ်များ ကတော့ ခေတ်မီရုံမက ခေတ်ကို ကျော်ပြီး သရုပ်ပျက် ၀တ်စား ဆင်ယင် လာကြတာကို တွေ့ရပါတယ်။ ခေတ်မီ တာထက် ကျော်လွန်ပြီး ခေတ်ဆန် လွန်းခြင်းဟာ မိမိနိုင်ငံ၊ မိမိ ယဉ်ကျေးမှုနဲ့ လိုက်လျော ညီထွေ ရှိပါရဲ့လားဆိုတာ စဉ်းစား မိကြပုံ မရပါဘူး။
ကျွန်မတို့ မြန်မာမှာ“တောင်းမှာ အကွပ်၊ လူမှာ အ၀တ်”ဆိုတဲ့ စကား ရှိပါတယ်။ ခေတ်မီတာ၊ ခေတ်ဆန်တာနဲ့ သရုပ်ပျက်တယ် ဆိုတာဟာ စကားလုံး အဓိပ္ပာယ် အားဖြင့် သိသာ ကွဲပြား သလို၊ ပုံဖော်ပြတဲ့ နေရာမှာလည်း အလွန် ကွဲပြားခြားနား မှုရှိပါတယ်။
အထူးသဖြင့် ယနေ့ခေတ်မှာ ((Public Figure လို့ နာမည်တပ်ကြရတဲ့) နာမည် ကျော်ကြားသူ အချို့သော အနုပညာရှင် များဟာ သူတို့ကို အားကျပြီး၊ အတုယူ၊ အတုခိုး တတ်တဲ့ အရွယ်တွေ ဖြစ်တဲ့ ကျောင်းသား သူငယ်၊ လူငယ် လူရွယ်များ ရှေ့မှာ ဘယ်လို ၀တ်စား ဆင်ယင်ရမယ်၊ ဘယ်နေရာ မျိုးကိုတော့ ဘယ်အ၀တ် အစားနဲ့ သွားသင့်တယ်၊ မသွားသင့်ဘူး ဆိုတဲ့ အခြေခံ စည်းကမ်းလေး မျှကိုတောင် မသိကြ တော့ပါဘူး။ ခေတ်မီတာ၊ ခေတ်ဆန်တာနဲ့ သရုပ်ပျက် ၀တ်စား ဆင်ယင်တယ် ဆိုတာကို ကွဲကွဲပြားပြား နားလည်ပုံ မရဘဲ နာမည်ကြီးဖို့ အတွက် မလုံ့တလုံ အရှက်ကင်းမဲ့ သရုပ်ပျက် လွန်းတဲ့ ၀တ်စား ဆင်ယင်မှု မျိုးတွေ အထိ ၀တ်ဆင် လာကြတာဟာ ယိုသူ မရှက် မြင်သူရှက် ပါပဲ။
ကျွန်မတို့ မြန်မာပြည်က မိသားစုတိုင်း မိဘ မောင်ဖားများနဲ့ အတူတူ နေထိုင် ကြတဲ့ ဓလေ့ ထုံးစံမျိုး ရှိကြတဲ့ နိုင်ငံပါ။ မိမိ ၀တ်ဆင် ထားတဲ့ အ၀တ်အစားဟာ မိဘတွေရှေ့ မောင်နှမတွေ ရှေ့မှာ ရဲရဲဝံ့ဝံ့ ၀တ်ဆင်ရဲ ပါသလား၊ ၀တ်လို့ သင့်တော် ပါရဲ့လားဆိုတာ မစဉ်းစားမိ ကြဘဲ လူစည်ကားရာ ပွဲလမ်း သဘင်တွေမှာ ထင်ပေါ် ကျော်ကြား လိုမှု၊ လူတွေရဲ့စိတ်ဝင်စားခံ လိုမှုစတဲ့ လွဲမှားတဲ့ အတ္တတစ်ခု အတွက်နဲ့ သူ့ထက်ငါ မတိုတိုအောင်၊ မမြင်သင့်၊ မမြင်အပ်တဲ့ အရာတွေကို မပေါ်ပေါ်အောင် ဆိုးဆိုးဝါးဝါး ၀တ်စား ဆင်ယင် လာကြတာကို တွေ့လာ ရပါတယ်။ လူငယ် ယောက်ျားလေး များအတွက် မထောင်းသာ လှပေမဲ့ အမျိုးသမီးငယ် များ အတွက် ဒီလို ကိုယ့်ရဲ့ မမြင်အပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို မမြင် မြင်အောင် ဖော်ပြ ၀တ်ဆင် ခြင်းဟာ အန္တရာယ်ကို အကြီးအကျယ် ဖိတ်ခေါ်ရာ ရောက်နေတာ ကိုလည်း အထူး သတိပြု မိဖို့ လိုအပ် လှပါတယ်။ အဲ့ဒီလို တိုပြတ်၊ မလုံ့ တလုံနဲ့ မြင်ရသူ တိုင်းကို ဗလောင်ဆူ စေတဲ့ အ၀တ်အစား မျိုးကို ပွင့်လင်း လွတ်လပ် ပါတယ်ဆိုတဲ့ အနောက် နိုင်ငံ တွေမှာတောင် Night Club လိုနေရာမျိုး၊ လူငယ် တွေပဲ ပျော်ကြတဲ့ ပါတီပွဲလို နေရာမျိုး တွေမှာပဲ ၀တ်ဆင် ကြတာပါ။ လူအများ ရှေ့ တက်ရောက် ရတဲ့ ပွဲတွေမှာ အလွန်အကြူး ဖော်ထားတဲ့ အ၀တ် အစားမျိုးကို ၀တ်ဆင်ကြတာ သိပ်နည်း ကြပါတယ်။
အဲဒီလို ပြောလို့ နေရာ တကာမှာ ရင်ဖုံး အင်္ကျီနဲ့ ထဘီပဲ ၀တ်ဆင်နေဖို့ ပြောနေတယ် လို့လည်း မမှတ်စေ ချင်ပါဘူး။ အ၀တ်အစား ဆိုတာ လှေနံဓားထစ် သတ်မှတ် ၀တ်ဆင် လို့ရတဲ့ အရာ မဟုတ်ပါဘူး။ အခြေ အနေ၊ အချိန်အခါ၊ အရပ် ဒေသနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ၀တ်စား ဆင်ယင်မှု မပြုတတ် ခြင်းဟာ မိမိရဲ့ ဂုဏ်သိက္ခာ ကိုရော မိမိ ပတ်ဝန်းကျင်၊ မိသားစု တွေရဲ့ ဂုဏ်သိက္ခာ တွေကို ပါ တစ်နည်း မဟုတ်တစ်နည်း ထိခိုက်မှု ရှိစေပါ တယ်။ မိမိဝတ်တဲ့ အ၀တ်အစားဟာ ခေတ်ဆန်တဲ့ အ၀တ်အစား ဖြစ်စေ၊ မြန်မာ့ ရိုးရာ ၀တ်စုံကို ၀တ်ဆင်သည် ဖြစ်စေ မိမိ ရောက်ရှိ နေတဲ့ နေရာဒေသ၊ လုပ်ရမဲ့ အလုပ်အကိုင်၊ အခြေအနေ၊ အချိန် အခါနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့ လိုပါတယ်။
အထူး သဖြင့်တော့ မိမိကို အတုခိုးမဲ့ လူငယ် လူရွယ်လေးတွေ ရှေ့မှာ ပိုပြီးတော့ သတိထား ၀တ်ဆင်သင့် ပါတယ်။ မိမိ ၀တ်စား ဆင်ယင် ပုံဟာ မိမိရဲ့ဂုဏ် သိက္ခာပါ။ မြန်မာတွေရဲ့ ယဉ်ကျေးမှုကို မြန်မာတွေ ကသာ ထိန်းသိမ်း စောင့်ရှောက် နိုင်တယ် ဆိုတာ မမေ့သင့် ပါဘူး။ မိမိ အဆင့် အတန်းနဲ့ လျော်ညီတဲ့ စမတ် ကျကျနဲ့ လှပ သပ်ရပ်တဲ့ အ၀တ် အစားမျိုးကို ရွေးချယ် ၀တ်ဆင်ဖို့ လိုပါတယ်။ ခေတ်မီ ဆန်းသစ်တဲ့ ၀တ်စုံလေး တွေဟာ ၀တ်တဲ့သူကို ခေတ်မီ စေတာ မငြင်း နိုင်ပါဘူး။ ဒါ့အပြင် လှပ တင့်တယ်တဲ့ မြန်မာ့ ရိုးရာ ၀တ်စုံလေးတွေ ၀တ်ဆင်ခြင်းဟာ နိုင်ငံတကာမှာ ၀င်ဆံ့ပြီး၊ ဂုဏ်မငယ် စေဘူး ဆိုတာကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း စံနမူနာ ပြနေ ခဲ့ပါပြီ မဟုတ်ပါ လားရှင်။
ချော၊အစိမ်းရောင်လွင်ပြင်၊ www.missgreenlady.com (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
Administrator |
| About the author: |
| | |