မှတ်တမ်းရုပ်ရှင်နှင့် လူမှုဘ၀ဖော်ဆောင်ရေး၊ လူမှုဘ၀ဖူလုံရေး PDF Print E-mail
Written by တင်တင်အေး   
Tuesday, 15 January 2013 20:25
Share |

ဖူးငုံတို့ရေ။ နှင်းဖွေးဖွေး ဆောင်းအေးအေး ကာလလေးမှာ သာယာအေး ချမ်းကြပါရဲ့လားရှင်။ နှစ်ဟောင်း တစ်ခုကို နှုတ်ဆက် ခဲ့ရတာလည်း မကြာ  သေး။ နှစ်အသစ် စက်စက်လေး တစ်ခုကိုလည်း စပြီး ပိုင်ဆိုင် နေရတဲ့ အချိန်။

argaiv1398
argaiv1513


ဒိုင်ယာရီ စာအုပ် အသစ် ကလေး တစ်အုပ်မှာ ဘယ်လို မှတ်တမ်း တွေများ ရေး သားနေ ကြပြီလဲရှင့်။ ဒီဒိုင်ယာရီ စာအုပ် အသစ် ကလေးက ဖူးငုံတို့ရဲ့နေ့စဉ် မှတ်တမ်းလေး ဖြစ်ပြီး နောင် ဖူးငုံတို့ အရွယ် ရောက်လာတဲ့ အချိန်မှာ ဘယ်လို မှ ပြန်မရ နိုင်တော့တဲ့ ငယ်ရွယ်မှုတွေ၊ လတ်ဆတ်မှုတွေ၊ တောက်ပတဲ့ အတွေး ရဲရဲတွေ၊ ရဲရင့်တဲ့ ဆုံးဖြတ်ချက် ချခဲ့မှုတွေနဲ့ နုပျိုတဲ့ ခံစားချက် တွေကို ပြန်ပြီး တူးဆွနိုင်တဲ့ နေရာ တစ်ခု ဖြစ်လာမှာပါ။ အဲဒီတော့ ဒီဒိုင်ယာရီ စာအုပ်အသစ် ကလေးထဲမှာ ဖူးငုံတို့ ရင်ထဲက တကယ့်ကို အရေးပါတဲ့ အတွေးတွေ၊ ခံစား ချက်တွေကို တိတိ ကျကျလေး ရေးဖို့ မမေ့ကြနဲ့ ဦးနော်။ ဒါမှဖူးငုံတို့ ဘ၀ရဲ့ တကယ် မှတ်တမ်း လေးဖြစ်မှာလေ။ ဖူးငုံတို့ကို မေးရဦးမယ်။ တကယ့်ဘ၀ တစ်ခု စီတိုင်းရဲ့ စိတ်ဝင်စား စရာ၊ တန်ဖိုးထား စရာတွေ၊ အတုယူ စရာတွေ၊ စိတ်လှုပ်ရှား ခံစားစရာ တွေကို မှတ်တမ်းတင် ထားတဲ့  မှတ်တမ်း ရုပ်ရှင်တွေကို ဖူးငုံတို့ သဘောကျ ကြရဲ့လားရှင်။ ကျွန်မ အထင်တော့ Discovery ကထုတ် လွှင့်တဲ့ တကယ် အဖြစ်မှန် မှတ်တမ်းလေး တွေကိုတော့ နှစ်သက် ကြမယ် ထင်ပါတယ်။ ဟုတ်ပါရဲ့ လားရှင်။  အဲဒီဟာ တွေကလည်း မှတ်တမ်း ရုပ်ရှင် တစ်မျိုးပဲလို့ ပညာရှင် တွေက ပြောကြ တယ်လေ။ အဲဒီတော့ ဖူးငုံတို့ရဲ့စိတ်က မှတ်တမ်း ရုပ်ရှင်လေးတွေ တကယ် နှစ်သက်ကြမယ် လို့ ယူဆ လိုက်ပါ တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ၊ မြန်မာလူထု နဲ့ ရင်းနှီး ကျွမ်းဝင်မှု သိပ်မရှိ သေးတဲ့ မြန်မာ့ မှတ်တမ်း ရုပ်ရှင်တချို့ကို ရိုက်ကူးခဲ့ ကြတဲ့ ဒါရိုက်တာ အသစ် ၃ ဦးနဲ့ မိတ်ဆက် ပေးဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့တွေကတော့ Yangon Film School ရဲ့ သင်တန်းဆင်း များပဲ ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ သင်တန်း ဆင်းလေ့ကျင့်မှု အနေနဲ့ မှတ်တမ်း ရုပ်ရှင် ၂ ခုစီ ရိုက်ကူးခဲ့ကြပြီးသူများ ဖြစ်ကြပါသည်။ သူတို့ ၃ ဦးကတော့ ကိုသက်ဦးမောင်၊  ကိုစိုးမိုးအောင်နဲ့ မချိုပြုံးတို့ပါ။ ကျွန်မ သူတို့တွေနဲ့ ပြောဖြစ်ခဲ့ တာတွေ ကတော့ မှတ်တမ်း ရုပ်ရှင် ဆိုတာတွေက လူမှု ဘ၀တွေကို တကယ် ဖော်ဆောင်နိုင် ရဲ့လားဆိုတာနဲ့ ဒီမှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးတဲ့ သူတွေရဲ့ လူမှုဘ၀ ဖူလုံရဲ့လား ဆိုတာတွေပါပဲ။ ဖူးငုံတို့ရဲ့ သူငယ်ချင်းတွေ ဘယ်လို ပြန်ဖြေထား သလဲဆိုတာ ဖတ်ကြည့်ကြ ပါဦးနော်။

ကိုသက်ဦးမောင် (Yangon Film School)
မှတ်တမ်း ရုပ်ရှင် ဆိုတာက လူတိုင်း ကိုတော့ ကိုယ်စား ပြုမှာမဟုတ်ဘူး။  ကျွန်တော့်အနေ နဲ့ကတော့ သာမန် လူတွေရဲ့ဘ၀ကို တူးထုတ် ရတာဟာ မှတ်တမ်း ရုပ်ရှင်လို့ သတ်မှတ်တယ်။ ရွှေတွေ တူးသလို ပေါ့ဗျာ။ ဖုံးကွယ်ထား တာတွေကို တူးထုတ် ရတာ။ ကျွန်တော်တို့ နားလည်ထားတဲ့ ပညာ တွေနဲ့ပေါ့။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အားထုတ်မှုက အနည်း အကျဉ်းပါပဲ။ တကယ်အရိုက် ခံရတဲ့ ဘ၀တွေက ရွှေဖြစ်ဖို့တော့ လိုတာပေါ့။ ကြေးပဲရှိတဲ့ သူဆိုရင်  ကြေးပဲ ထွက်လာမှာလေ။ အဲဒီလို ရိုက်တဲ့အခါမှာ သတင်းအချက် အလက်ကို ၂၅ ရာခိုင်နှုန်း လောက်ပဲ ထည့်ပြီး၊ စိတ်လှုပ်ရှား မှုများအောင် ရိုက်ရတယ်။ ကျွန်တော် ကိုယ်တိုင် ကတော့ မှတ်တမ်း ရုပ်ရှင် တစ်ခုရိုက် တော့မယ် ဆိုရင် ကိုယ်တိုင စိတ်ဝင်စားမှု ရှိလား တွေးတယ်။ ပြီးရင် အဲဒီဘ၀ကို မေးတယ်။ ခံစား တယ်။ ဘ၀တွေမှာ စိတ်ဝင်စား စရာ အများကြီး ရှိတတ်တယ်။ အဲဒါတွေကို ကိုယ်တကယ်ကြိုက် ပြီဆိုရင် ကျွန်တော် ရိုက်တယ်။ သာမန်လူ တွေမှာလည်း ပြောစရာ ဇာတ်လမ်းတွေ အများကြီးရှိ တယ်။ ဒီလိုမျိုး တကယ့်လူ တွေရဲ့ ဘ၀တွေကို ဆွဲထုတ်ပြ ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံမှာ လို အပ်နေတဲ့ အားနည်းချက် တွေကို ထောက်ပြ ချင်တယ်။ ဒီဟာကို အစိုးရ ပိုင်းပဲဖြစ်ဖြစ်၊ လူတွေ အားလုံးက ပဲဖြစ်ဖြစ် သတိထား မိပြီးတော့ တစ်ခုခု အကျိုး သက်ရောက် မှုရှိ မယ်ဆိုရင် ရိုက်ရ ကျိုးနပ်မယ် ပေါ့နော်။ ရုပ်ရှင်နဲ့ ကွာတာက မှတ်တမ်း ရုပ်ရှင်ကို ကြည့်ပြီးသွားရင် တုံ့ပြန်မှု တစ်ခုခုရတယ်။

မှတ်တမ်း ရုပ်ရှင်နဲ့ ရပ်တည် ဖို့ကတော့ သိပ် မလွယ်လှဘူး။ ဘာလို့လဲ ဆိုတော့ ဈေးကွက်မရှိ သေးလို့လေ။ အသက်မွေးဝမ်း ကျောင်းအဖြစ် ရပ်တည်လို့ မရသေးဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ စီးပွားရေး မြင့်တက် လာရင်၊ လူတွေလည်း ဖျော်ဖြေရေး တွေမှာ ငွေကို များများ သုံးလာမယ်။ အဲဒီအခါ ကျရင်တော့ မှတ်တမ်း ရုပ်ရှင်ရိုက် တဲ့အခါမှာ အချိန် တွေ၊ စွမ်းအားတွေ ပိုပေးပြီးတော့ ရိုက်လာမယ်။ အဲဒီလို ကောင်းကောင်း လုပ်ရင် တန်ရာ တန်ကြေး ပေးဝယ်မယ်။ အဲဒါနဲ့ပဲ တစ်ပတ် လည်ပြီးတော့ မှတ်တမ်း ရုပ်ရှင်တွေ ဖွံ့ဖြိုး လာနိုင်ပါတယ်။

ကိုစိုးမိုးအောင်(Yangon Film School)
ကျွန်တော်ထင် တာတော့ မှတ်တမ်း ရုပ်ရှင် တွေက နိုင်ငံ တစ်နိုင်ငံရဲ့သရုပ်ကို အများကြီးထင် ဟပ်နိုင်တယ်လို့ ထင်တယ်။ နိုင်ငံရေးပါမှ ဒုက္ခတွေ ရောက်မှ မှတ်တမ်း ရုပ်ရှင်ဖြစ်တာ မဟုတ်ဘူး။ ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပဲ သူတို့ရဲ့ဘ၀ကို ၀င် ကြည့်ရသလို ဖြစ်သွားဖို့ပဲ။ ကျွန်တော် ရိုက်ချင်တဲ့ မှတ်တမ်း ရုပ်ရှင်ကတော့ လှုပ်ရှားမှု တွေကို လိုက်ရိုက်တဲ့ ပုံစံမျိုးပေါ့။ ဘေးကနေ လိုက်ကြည့် ပြီး ရိုက်တယ်။ စကား အများကြီး ပြောတာမျိုး မပါဘဲနဲ့ အပြနဲ့ပဲ ရိုက်ရတာကို ပိုကြိုက်တယ်။
မြန်မာနိုင်ငံမှာ မှတ်တမ်း ရုပ်ရှင်က အခု တော့ သိပ်ခေတ် မစားသေးဘူး။ ခေတ်တွေ ပြောင်း လာတာနဲ့ တဖြည်းဖြည်း ခေတ်စား လာနိုင်ပါတယ်။ အခု အချိန်မှာ မြန်မာနိုင်ငံရဲ့ မှတ်တမ်း ရုပ်ရှင်က ရုန်းကန်ဆဲ ကာလပဲ ရှိသေးတယ်။ နိုင်ငံတကာ မှာလည်း မှတ်တမ်း ရုပ်ရှင်က ရုန်းကန် ရတာပဲလေ။ ရုပ်ရှင်ကား တွေလိုတော့ မဟုတ်ဘူး ပေါ့။ ပိုက်ဆံ ၀င်ငွေ ကောင်းတဲ့ အရာ မျိုးတော့ မဟုတ်ဘူး။ နောက်ပိုင်း ကျရင်တော့ အခွင့် အလမ်းတွေ အများကြီး ရှိလာ နိုင်ပါတယ်။ ဒုက္ခတော့ ခံရမှာပေါ့။ မှတ်တမ်း ရုပ်ရှင်ဆိုတာ လူတွေစု လုပ်တဲ့ အလုပ်ဆိုတော့ ပူးပေါင်းပြီး လုပ်မှလည်း အောင်မြင် နိုင်မယ်လို့ ထင်တယ်။ Fun ငွေက လည်း အရေးကြီး သေးတယ်။ ရိုက်ပြီးရင် ဘယ် လိုဖြန့်ရမလဲ ဆိုတာလည်း အရေးကြီးတယ်။

မချိုပြုံး (Yangon Film School)
မှတ်တမ်း ရုပ်ရှင်က ဘ၀ အစစ် အမှန်တွေ၊ တကယ် ဖြစ်ပျက်တဲ့ အဖြစ်အပျက် တွေနဲ့ တကယ် ဖြစ်နေတဲ့ အချိန်မှာ ရိုက်ရတဲ့ မှတ်တမ်း တစ်ခု ပေါ့။ နောက်လူတွေ ပြန်ကြည့်တဲ့ အခါမှာဝမ်းနည်း စရာကိစ္စ ဆိုရင်လည်း ဟာ၊ ဒီလို ဖြစ်ခဲ့ပါလား ပေါ့။ သင်ခန်းစာ ယူစရာ ဆိုရင်လည်း ဒီလိုလုပ် သင့်ပါလား၊ မလုပ်သင့် ပါလားဆိုတာ သိလာမှာ ပေါ့။ပြီးရင် မှတ်တမ်း ရုပ်ရှင်ကို ကြည့်တဲ့သူက တစ်ဦးချင်း ခံစားချက် ပြောင်းသွား နိုင်တယ်။ တစ်ဦးက သူ့ရင်ထဲ ထိတဲ့ဟာ တစ်ခုနဲ့ ခံစား တယ်။ နောက်တစ်ဦး ကလည်း သူ့ရင်ထဲ ထိတဲ့ဟာ တစ်ခုနဲ့ ခံစားတယ်။ ခံစားရတဲ့ အချက်ချင်း က တူချင်မှတူ နိုင်မယ်။ အတွေးတွေ အများကြီး ထွက်လာ နိုင်တယ်။ ဒါဟာ မှတ်တမ်း ရုပ်ရှင်ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး အချက်ပဲ။
အခု မြန်မာနိုင်ငံမှာ မှတ်တမ်း ရုပ်ရှင်လို့ ပြောရင် သိပ်စိတ်မ၀င် စားကြဘူး။ တိုလည်းတို တယ်။ ပြီးတော့ ဘာကို ဆိုလိုတယ် ဆိုတာကို လည်း စဉ်းစား ရသေး တယ်ပေါ့။ မှတ်တမ်း ရုပ်ရှင်ကို လူထု ကြားထဲမှာ များများ ဖြန့်ဖို့လိုတယ်။ အဲဒါမှ လူထုက မှတ်တမ်း ရုပ်ရှင်ဆိုတာ ဒီလိုမျိုး ပါလားဆိုပြီးတော့ သိလာမယ်။ သိလာမှ စိတ်ဝင် တစားကြည့် လာကြမယ်။ အဲဒါမှလည်း ရိုက်ရ ကျိုးနပ် မှာပေါ့။ ရိုက်ရ တာလည်း အားပိုရှိတာပေါ့ နော်။ မှတ်တမ်း ရုပ်ရှင်ရိုက်တဲ့ အခါ အရိုက် ခံရတဲ့ လူတွေရဲ့ ငြိုငြင်တာတွေ ခံရတယ်။ နင်တို့ ကင်မရာ မထုတ်နဲ့ ထုတ်ရင် ရဲတိုင်မယ် ဆိုတာမျိုး တွေ၊ အခု သွားမလား မသွားဖူးလား ဆိုပြီးတော့ အော်ထုတ်တာ တွေ့ကြုံ ရတယ်။ အဲဒါကြောင့် မှတ်တမ်း ရုပ်ရှင် တစ်ခုဖြစ်ဖို့ ဆိုတာ သိပ်မလွယ် ဘူး။ အဲဒီလို မလွယ်တဲ့ ကြားကပဲ ရိုက်နေကြတာ ပါပဲ။ ရိုက်သလောက် ကိုသာ ကြည့်ရှုတဲ့ လူတွေ ဆီကို ရောက်မယ် ဆိုရင်တော့ ကောင်းတာပေါ့ နော်။ အခုကျတော့ မှတ်တမ်း ရုပ်ရှင်တွေကို ဘယ် မှာရှာဝယ် ရမလဲ။ ဘယ်မှာ ရှာကြည့်ရ မလဲဆိုတာ မျိုးဖြစ်နေတော့။ သိပ်ပြီး လူတွေက မသိသေးဘူး။ အဲဒီတော့ ရိုက်တဲ့သူတွေ လည်းရိုက်၊ ပြန့်အောင် လည်းဖြန့်နိုင်ရင် မှတ်တမ်း ရုပ်ရှင်ရဲ့ အလား အလာက ပိုကောင်းလာ မယ်လို့ထင်တယ်။
ကဲ၊ ဖူးငုံတို့ရေ။ သူငယ်ချင်း တွေကတော့ သူတို့ အတွေ့အကြုံ တွေနဲ့ ယှဉ်ပြီး တွေးတောပေး သွားကြတာ ဖူးငုံတို့ရဲ့ အတွေး တွေနဲ့ရော ဆင်တူ ရဲ့လားရှင့်။ ဘာပဲ ဖြစ်ဖြစ်ပါ မှတ်တမ်း ရုပ်ရှင်တွေ မကြာခင် ဖွံ့ဖြိုးလာဖို့ ကျွန်မတော့ မျှော်လင့်ပါ တယ်။ မှတ်တမ်း ရုပ်ရှင်တွေ များများ ဖွံ့ဖြိုးလာ လေ ကျွန်မတို့ မသိသေးတဲ့ ဘ၀ တွေကို မြင်တွေ့ ရလေဖြစ်မှာမို့ ကျွန်မတော့ စိတ်လှုပ်ရှား မိတာ အမှန်ပါပဲ။ ဒါတင် မက ပါဘူး။ မှတ်တမ်း ရုပ်ရှင် ရိုက်ကူး သူတွေရဲ့ဘ၀ တွေလည်း ဖူလုံဖို့၊ မှတ် တမ်းရုပ်ရှင် ဈေးကွက တွေလည်း မြင့်တက်လာ ဖို့၊ မှတ်တမ်း ရုပ်ရှင် ယဉ်ကျေးမှု ထွန်းကားလာဖို့ လည်း မျှော်လင့် နေမိပါတယ်။ ဖြစ်ကို ဖြစ်ရမယ် လို့လည်း ယုံကြည် နေမိပါတယ်။ ဖူးငုံတို့ရော။ ကဲ၊ ဖူးငုံတို့ အားလုံး ဆောင်းလေး အေးအေး၊နှင်းလေး ဖွေးဖွေးနဲ့ လေပြည် လေးသွေးတဲ့ ဘ၀မျိုး ပိုင်ဆိုင် ကြပါစေလို့ ဆုတောင်း ပေးရင်းနဲ့    Happy New Year ပါနော်။

 


တင်တင်အေး
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)