နေမ၀င်သေးတဲ့ နေ့ရက်များ PDF Print E-mail
Written by သိန်းသန်းလင်း(အလင်းသစ်)   
Tuesday, 15 January 2013 19:15
Share |

သားနာမည်လား
“ခွေးလေး”လို့ ခေါ်ကြတယ်။

cialis professional onlinebuy cialis Canada viagra online here 50mg tadalafil
argaiv1238


ဘာကြောင့် ဒီလို ခေါ်တာလဲ
လို့တော့ အမေ့ကို မေးဖူးတယ်။
“နင် ငယ်ငယ်တုန်းက ခွေးလေး
တစ်ကောင်လို ချစ်စရာ ကောင်းလို့ပဲ၊ လွယ်လွယ်“ခွေးလေး”လို့  ခေါ်လိုက်တာ”တဲ့။ ဘာဖြစ်ဖြစ် သား ကျေနပ် ပါတယ်။

“နာမည် ဆိုတာ လူတွေရဲ့ သတ်မှတ်ချက် တစ်ခုပဲ။ ဘာမှ အရေးမကြီး ပါဘူးကွ”လို့ ဦးလေး ၀က်ကြီးက ပြောတယ်။ သားတို့ မိသားစု ငါးယောက် ရှိတယ်။ အဖေကတော့ သားငယ်ငယ် ကတည်းကနေ မီးရထား ကြိတ်ပြီး ဆုံးသွား ပြီလေ။ ခုတော့ အမေရယ်၊ ကိုကို သုံးယောက်နဲ့ အစ်မ တစ်ယောက် ရှိတယ်။ သားအသက် က ခုဆိုရင် ၁၃ နှစ်ရှိပြီ။ သားတို့က မီးရထား လမ်းဘေးက ဘူတာရုံနဲ့ မနီးမဝေးက တဲစုလေး တွေမှာ နေကြတယ်။ သားရဲ့ကိုကိုတွေက အုတ်ဖိုမှာ အလုပ်လုပ် ကြတယ်။ အမေ ကတော့ ပျင်းလို့တဲ့။ ရွာထဲမှာ ဖဲကစားတယ်။ ဒါမှ မဟုတ်ရင် ဒိုးဇက် ကစားတယ်။ တစ်ပတ်ကို ၁၀ ကြိမ် နှစ်လုံး ထီထိုးတယ်။ နိုင်တစ်လှည့် ရှုံးတစ်လှည့် ပါပဲ။ ဒါပေမဲ့ ရှုံးတာက ခပ်များများ ပေါ့။ ရှိတဲ့ အစ်မတစ်ယောက် ကျတော့ ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ သူများ အိမ်ဖော် သွားလုပ်တယ်။ သားကတော့ မီးရထား ပေါ်မှာ ဈေးလိုက်ရောင်းတယ်။

သားလိုပဲ ဈေးရောင်း နေတဲ့ ကလေးတွေ အများကြီးပဲ ရှိတယ်။ မိစုတို့၊ ဘုတိုတို့၊ ကြွက်သိုး တို့ဆို သားထက်တောင် ငယ်သေးတယ်။ ရထားကြီးလာ ပြီဆိုရင် သူတို့က ရေရောင်း ကြတယ်။ သားလည်း အစကတော့ ရေရောင်း တယ်။ နောက်ပိုင်း ခရီးသည်တွေက ရေသိပ် မ၀ယ်ကြ တော့ဘူး။ ရေပါကင် ဘူးတွေပဲ သောက်ကြတော့ ရေမရောင်း ရဘူးပေါ့။ ရွာထဲက ဒေါ်ကြီး မိစိုး အိမ်က ရေခဲချောင်း ဖောက်သည်ယူ၊ ဦးဝတုတ် ကွမ်းယာဆိုင်က ကွမ်းနဲ့ ဆေးလိပ်ယူ၊ လွယ်အိတ်ထဲမှာ ထည့်လွယ်၊ ရေခဲပုံး ဆွဲပြီး ရထားပေါ်တက် ရောင်းလိုက်တော့ ပိုရောင်း ရတာပေါ့။ ရထားကြီးပေါ်မှာ အသွားအပြန်လိုက် ရောင်းရ တာပါ။ ညနေပိုင်း အိမ်ပြန်ပြီဆို သားအတွက် သုံးထောင်ကျော် လောက် ကျန်တယ်။ ရတဲ့ ပိုက်ဆံ အမေ့ကိုပေး၊ နှစ်ရာလောက် ပြန်တောင်းပြီး ညကျရင် ဒေါ်ကြီးမြတို့ လက်ဖက်ရည် ဆိုင်မှာ မုန့်စားပြီး ဗီဒီယိုထိုင်ကြည့် တယ်။ ဒေါ်ကြီးမြတို့ ဆိုင်မှာက ညတိုင်း ဗီဒီယို ပြတယ်။ လက်ဖက်ရည်လည်း သောက်ရ သလို ဗီဒီယိုလည်း ကြည့်ရတယ်။ နှစ်ရာပဲ ကုန်တာပါ။ ဒါဟာသား တို့လို မရှိ ဆင်းရဲသား တွေရဲ့ အပန်းဖြေ စရာ တစ်ခုပဲလေ။

သားလား ကျောင်းမနေ တော့ဘူး။ နှစ်တန်းထိပဲ နေဖူးတယ်။ နောက် တော့ ကျောင်းမှာ မပျော် တော့ဘူး။ သူများတွေလို ဈေးရောင်း ရတာကို သိပ် ပျော်တယ်။ အဖေကလည်း ရထား ပေါ်မှာပဲ ဈေးရောင်းပြီး အမေ့ကို ရှာကျွေး ခဲ့တာတဲ့။ အမေကလည်း ဈေးရောင်း တာပဲလေ။ အဖေ ရထားပေါ် ကပြုတ်ကျ ပြီးဆုံးသွား တော့မှ အမေက ဈေးသည် ဘ၀ကို စွန့်လွှတ်ခဲ့တာ။ သားကိုလည်း ဈေးမရောင်းဖို့ တားပါတယ်။ ဒါပေမဲ့ သားကမှ မနေနိုင်တာ အဖေတူသား ထင်တယ်။ နောက်တော့ အမေက တားလို့ မရတော့မှ ခွင့်ပြုတယ်။

မီးရထားတွေက အသွား အပြန် လေးစီးလောက် ရှိတယ်။ ဘူတာ ထဲမှာ လူအမြဲစည် တယ်လို့ ပြောလို့ ရတယ်။ ဘူတာကြီးရဲ့ စင်္ကြံပေါ်မှာ ကုန်မျိုးစုံ ပုံ ထားကြတယ်။ ပြောင်းဖူးပုံ၊ ဖရဲသီးပုံ၊ ကြံပိုင်းတွေနဲ့ ဘုရား ပန်းစည်းတွေ ရှိတယ်။ တချို့ ဈေးသည်တွေ ကျတော့ မီးရထားမ ဆိုက်ခင် ဈေးဗန်းတွေ ဘေး ချပြီး ဘူတာကြီး ထဲမှာ ပြသနေတဲ့ တီဗွီကြီးကို ကြည့်နေ လိုက်တယ်။ ခွေးတွေ ကလည်း လစ်ရင် ဆွဲဖို့ အမြီး တကုပ်ကုပ်နဲ့ ချောင်းနေ ကြတာပေါ့။ သားတို့ ကလေးတွေ ကျတော့ မီးရထား မလာမချင်း မျိုးစုံအောင်ကို ဆော့နေ ကြတာပဲ။

ခရီးသည် တွေကလည်း အတော် စုံတယ်။ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ အဘိုး၊ အဘွား၊ သက်ကြီးတွေနဲ့  ရွယ်စုံ ဆိုက်စုံ ပါပဲ။ ကျွန်တော် တို့မြို့က ယိုးဒယားနဲ့ နီးတော့ ယိုးဒယား ကုန်ပစ္စည်းတွေ အများဆုံး ၀င်တယ်။ ဒါကြောင့် ဒီမြို့ကို ကုန်သည် ပွဲစားတွေ အများကြီး လာကြတယ်။ ကုန်ပစ္စည်း တွေကို မီးရထားနဲ့ပဲ သယ်ကြတာ များတယ်။ တော်တော်များများ ကတော့ တန်ဆာ လုပ်ပြီး သယ်ကြ ပါတယ်။

ဒါပေမဲ့ တချို့ကုန်သည် တွေကျတော့ မီးရထား ၀န်ထမ်း တချို့နဲ့ ပေါင်းပြီး ဒီအတိုင်းပဲ ခုံတွေ အောက်ထဲ ထိုးထည့်၊ အိမ်သာတွေထဲ ထည့်ကြနဲ့ ကျပ်သိပ် နေတာပဲ။ သူတို့တွေရဲ့ အထုပ်တွေကြောင့် ခရီးသွား ပြည်သူတွေမှာ အရမ်းဒုက္ခ များရတာကို နေ့စဉ်လိုလို တွေ့နေရတယ်။ အဲဒီလို မှောင်ခိုနည်းနဲ့ ပါသွားတဲ့ ပစ္စည်း တွေကို ဂိတ်ဆုံး ဘူတာ (ရန်ကုန်ဘူတာကြီး)မရောက်ခင် သူတို့ရဲ့ လူတွေ အဆင်သင့် စောင့်နေတဲ့ နေရာ ရောက်ပြီဆိုရင် ပစ္စည်း တွေဆွဲချ ပစ်ချကြတယ်။ အဲဒီလို အချိန်မျိုးမှာ မီးရထားကြီး ကလည်း အရှိန် နည်းနည်း လျှော့ပေးထား သလိုပါပဲ။ ဒီအကြောင်း တွေကို ဘယ်လိုသိ သလဲ ဟုတ်လား။ ဒါကတော့ ဒီမီးရထား ပေါ်က ဈေး သည်ကြီးတွေ ပြောပြတာပေါ့။ သားက ရန်ကုန်မှ မရောက်ဖူး သေးတာ။ သားက ကျိုက်ထိုထိ လောက်ပဲ နေ့တိုင်းလိုက် ရောင်းဖူးတာ ဆိုတော့ လေ။

ခရီးသည် တချို့ကတော့ အထုပ်ကလေး တွေမှီပြီး ငိုက်နေ ကြတယ်။ ဒီလိုပဲ တစ်ခါတစ် ခါကျရင် မီးရထားက အချိန် မမှန်ဘူး။ အကြောင်း အမျိုးမျိုးနဲ့ နောက်ကျ တတ်တယ်။ အဲဒီလို အချိန် မျိုးဆိုရင်တော့ ပြစ်တင် စကားတွေ မျိုးစုံ ကြားရ တယ်။ ဘူတာကြီးရဲ့ မနီး မဝေးမှာ ရှိတဲ့ စား သောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်နဲ့ ဘုံဆိုင်လေး တွေမှာလည်း လူတွေက အမြဲစည် နေကြတယ်။ စောစောစီးစီး ထမင်းစား တတ်ကြသူ တွေကတော့ ပါလာတဲ့ ထမင်းချိုင့် လေးတွေကို ဖွင့်ပြီး စားနေ ကြတယ်။ ရေသည်တွေ ကတော့ ဘူတာထဲ မှာပဲ ဟိုဘက် လျှောက်လိုက်၊ ဒီဘက်ကို လာရောင်း လိုက်နဲ့ ဂနာကို မငြိမ်တာပါ။

“ရေနွေးရမယ်၊ အစ်မ ရေနွေးယူပါဦး၊ ပူပူ လေးပါ”
ရေသန့်ဘူး လွတ်တွေကို ကောက်ပြီး ရေနွေး ထည့်ရောင်း နေကြတာပါ။ တစ်ဘူးကိုမှ တစ်ရာ ပဲ ပေးရတာပါ။ သူတို့လည်း တစ်နေ့ ၀င်ငွေ မဆိုးပါဘူး။ ကျိုပြီးသား ရေဆိုရင်တော့ ပိုရောင်း ရပါတယ်။ မြန်မာလူကြီး တော်တော် များများက ရေနွေး ကြိုက်ကြတယ်။ ဒါကြောင့် လူကြီးတွေ ပိုဝယ် ကြတယ်။ သားလည်း အရင်က အဲဒီလိုပဲ ဘူတာထဲမှာ လိုက်ရောင်း ခဲ့တာပါ။ ဒါပေမဲ့ ရောင်းသူ များတော့ သိပ်မကိုက်ဘူး။ နောက်ပိုင်း ကျတော့ ရထားပေါ်မှာ ရောင်းဖို့ မြေပဲယိုသည် “မမသီတာ”က ခေါ်သွားတယ်။ မဆိုးဘူး၊ ဘူ တာမှာထက် ပိုရောင်း ရတယ်။ ရောင်းပြီးရင်တော့ မီးရထားပေါ်က တာဝန် ရှိသူကို ဈေးကောက်ပေး ရတယ်။ မပေးတဲ့ အသည်ဆို သူတို့က ဖမ်းမယ်၊ ဒဏ်ရိုက်မယ် ဆိုပြီး ခြောက်လှန့်တယ်။ ဒါကြောင့် သားတို့ ပေးကြ ရတယ်။

အန္တရာယ်လား ရှိတာပေါ့။ ရထားပေါ် ပြေး တက်၊ ပြေးဆင်း လုပ်ရ တာဟာ အရမ်းကို အန္တရာယ် များတယ်။ ကံမလှလို့ တစ်ခုခု ဖြစ်သွား ရင်တော့ ဒုကိ္ခတ ဖြစ်ဖို့ သေချာတယ်။ တချို့က တော့ အသက်ပါ ပေးသွားရတယ်။ သားတို့လို ရထားပေါ်မှာ ဈေးရောင်းတဲ့ သူတွေကိုဆို ခရီး သွားပြည်သူ တချို့က အရမ်း အထင်သေး ကြတယ်။ ဒီကောင်လေး၊ ဒီကောင်မလေးတွေ ငါတို့ ပစ္စည်းပဲ ခိုးမလားဆိုပြီး မယုံမကြည်နဲ့ ကြည့်ကြ သေးတာပေါ့။ နောက်ပြီး ရှိသေးတယ်။ တချို့ ကလည်း ဈေးသည်တွေ သူတို့အနား ရောက်လာ ပြီဆိုရင် မတူသလို မတန်သလို ဆက်ဆံကြတာ လည်း ရှိတယ်။ လူအမျိုးမျိုး ပါပဲ။

သူတို့ ထင်မယ် ဆိုရင်လည်း ထင်လောက် ပါတယ်။ သားတို့ ဈေးသည်တွေ ဘ၀က လူ အထင်ကြီး စရာ တစ်ကွက်မှ မရှိခဲ့တာ ပဲလေ။ပြောင်ပြောင် ရောင်ရောင်လည်း မ၀တ်နိုင်ဘူး မဟုတ်လား။ မီးရထား ဈေးသည် တော်တော် များများက ကိုယ့်အရင်း အနှီးနဲ့ ဈေးရောင်းကြ သူတွေ ခပ်ရှားရှားပါ။ သူများ(ငွေရှင်)ဆီမှာ နေ့ သွင်း၊ ဒါမှမဟုတ် နေ့ပြန်တိုးနဲ့ ချေးငှားပြီးလုပ် စားကြရ သူတွေက ပိုများ ပါတယ်။ ဥပမာ ငွေ ၅၀၀၀၀ ချေးတဲ့သူက နေ့ပြန်တိုး ဆိုရင် တစ်နေ့ ကျပ် ၂၀၀၀ သွင်း ရတယ်။ နေ့သွင်း ကျတော့ နည်းနည်း သက်သာတယ် ဆိုပေမဲ့ ဈေးမရောင်း ကောင်းတဲ့ နေ့များဆိုရင် မသွင်းနိုင်လို့ အပြော အဆို ခံရတော့ တာပဲလေ။ ဘာတတ် နိုင်မှာလဲ။ ကိုယ် ဘာမှ ပြန်ပြောလို့ မရဘူးလေ။ ပြန်ပြော မိရင် နောက် ကိုယ် လိုတော့ မပေးတော့ရင် ဒုက္ခ ပဲ မဟုတ်လား။ ရထားကြီး ဘူတာရုံ ထဲကို အမော တကောပြေးဝင် လာပြီ ဆိုရင်ပဲ ဘူတာရုံ တစ်ခုလုံး ကမ္ဘာပျက်တဲ့ အလား ဆူညံ ပွက်လော ရိုက်နေ တော့တာပဲလေ။ တက်သူ၊ ဆင်းသူတွေနဲ့ အတင်း တိုးကြ၊ ထိကြ၊ ခိုက်ကြ ဈေးသည်တွေ ကလည်း တိုးပြီးတက်၊ လဲသူလဲ၊ လွဲသူလွဲနှင့် အော်ဟစ်နေ ကြတာဟာ နေ့စဉ်မြင်တွေ့နေရတဲ့ ဘ၀ပန်းချီ ကားတစ်ချပ်ပါပဲ။

ခရီးသည်တွေကို လိုက်ပို့တဲ့ သူတွေက လည်း မှာတမ်း အဆင့် ဆင့်ခြွေ၊ အလွမ်းသယ်နှုတ် ဆက်ကြ...။
“ဟိုရောက်ရင် ဖုန်းဆက်နော်”
“ဟဲ့ ပစ္စည်းတွေ စုံရဲ့လား”
“သေချာ ဂရုစိုက်သွား၊ ခါးပိုက်နှိုက် တွေ ရှိ တယ်”
“ဟဲ့အကောင် ဟိုဘက် နည်းနည်း တိုးပါဦး”
“အမေရေ ရပြီလား၊ ခုံနံပါတ်တွေ့လား”
“ကျန်းမာရေး ဂရုစိုက်နော်”
“တွေ့ကရာတွေ မစားနဲ့” စသဖြင့် အသံမျိုး စုံပါပဲ။ ဒါပဲလား ဆိုတော့ ဘယ်ဟုတ် သေးမလဲ၊ ဈေးရောင်းသူ တွေကလည်း
“အစ်မ ဖရဲသီး စားပါဦးလား၊ ချိုတယ်လေ”
“ကွမ်းယာ၊ ဆေးလိပ် ရမယ်”
“အကြော်စုံ ရမယ်။ အစ်ကိုကြီး စားပါဦး။ ရွတယ်လေ”
“ထမင်းပေါင်း ရမယ်၊ ထမင်းပေါင်း”
“ယူပါ အဒေါ်ရယ်။ ဒါ ယိုးဒယား ဒူးရင်းသီး တွေပါ။ လက်ဆောင်ပေး လို့ ကောင်းတယ်”
“ဟဲ့ ရထား ထွက်တော့မယ်။ ငါတို့ကို ပိုက်ဆံ ပြန်အမ်းဦး”
“ဖိုးကုလားရေ၊ ရထားပေါ် ရောက်ပြီလား”
“ရော့ ရော့”
“ငါ့ ဗန်းလှမ်း ယူဦး”   

ဒီလို အသံ မျိုးစုံ၊ ဘ၀ မျိုးစုံကို တွေ့နေရ၊ ကြားနေရ တာဟာ ဘယ်တော့ မှ ရိုးသွားမှာ မဟုတ် ဘူးနော်၊ တစ်ဝမ်း တစ်ထွာ အတွက် နေ၀င် မိုးချုပ် တကုပ် ကုပ်နဲ့ ပြေးလွှား ရုန်းကန် နေရတဲ့ ဘ၀တွေပါ။ ရထားကြီး ဘူတာထဲ ကနေ နှုတ်ဆက် ထွက်ခွာပြီ ဆိုတာနဲ့ ဈေးသည်တွေကလည်း အပြေးလိုက်တယ်။ ရထားက အရှိန်ကောင်းကောင်းနဲ့ ခုတ်မောင်း နေပေမဲ့လည်း ပြေးဆင်း ပြေး တက်ရဲကြတယ်။ ဒါဟာ မီးရထားပေါ်မှာ ဈေးရောင်း နေရတဲ့ သားတို့လို ဈေးသည်တွေရဲ့ ဖြစ်စဉ် တချို့ပဲလေ။

သားလည်း အရင်တုန်း ကတော့ ကြောက်တာပေါ့။ နောက်ပိုင်းတော့ မကြောက် တော့ပါဘူး။ ဘူတာကို ရထားဆိုက်ပြီ ဆိုတာနဲ့ အရင်ဆုံး ရထား ပေါ် ပြေးတက် ထားလိုက်တယ်။ ဒီဘူတာမှာ မရပ်တဲ့ ရထား ဆိုတော့ ဒီလိုပဲ အလုအယက် ပြေးတက် ရသေးတယ်။ သားတို့ထက် ကြီးတဲ့ ဈေးသည်တွေ ကျတော့ ရထား ခေါင်မိုး ပေါ်ကနေ တစ်တွဲနဲ့ တစ်တွဲ ကူးပြီး ရောင်းကြတယ်။ ရထားပေါ်မှာ စစ်ဆေးရေး ၀င်တာနဲ့ ကြုံရင်တော့ သားက ခရီးသည်တွေ ကြားမှာ ရောပြီး ငုတ်တုတ် ထိုင်နေ လိုက်တယ်။ ဈေးသည်ကြီး တွေကတော့ ခေါင်မိုးပေါ် တက်ပုန်း တတ်ကြတယ်။ အဲဒီလို ခေါင်မိုးပေါ် အတက်ကောင်း လို့ပဲ ပြုတ်ကျပြီး သေကြတာလည်း မနည်းတော့ ပါဘူး။ သားဖေဖေလည်း ဒီလို သေခဲ့ တာပဲလေ။

တစ်ခါတစ်ခါ ကျရင် ရထားပေါ်မှာ သားတို့နဲ့ ရွယ်တူ ကလေးတွေကို မြင်ရရင် အရမ်း အားကျမိတယ်။ သူတို့လေး တွေမှာ ၀တ်ကောင်း စားလှနဲ့ သိပ်ပျော် နေကြတယ်။ သားတို့ ဘ၀မှာတော့ ဒီလို ဘယ်တော့များမှ နေရမလဲ လို့ အကြိမ်ကြိမ်တွေးမိတယ်။ ဒီလို ဈေးရောင်းစား ရတာကိုတောင် လူတွေ က တစ်ခါတလေ ပိုက်ဆံ မပေးဘဲ အကြွေရှာ သလိုလို လုပ်ပြီး ရထားထွက် သွားတော့ ပိုက်ဆံ မရလိုက်တဲ့ ဈေးသည်တွေ အများကြီး ရှိတယ်။ လူသား ချင်း ကိုယ်ချင်း မစာနာ တတ်တဲ့ သူတွေ အများကြီး ပါပဲလေ။
ဟော ပြောရင်း ဆိုရင်း မီးရထားကြီးက မြွေတစ်ကောင်လို ရှူးခနဲ ပြေးဝင် လာခဲ့တယ်။ ချက်ချင်းပဲ ငြိမ်သက် နေတဲ့ ဘူတာကြီးဟာ အသက် ၀င်လာခဲ့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံနေပြီလေ။ သားလည်း တစ် ၀မ်းစာဖူလုံဖို့ အတွက် ရေခဲပုံး ကလေးမပြီး ရထားကြီး ပေါ်ကို အလုအယက် တိုးဝှေ့တက်ရင်း...
“ရေခဲချောင်း ရမယ်”
“ကွမ်းယာ၊ ဆေးလိပ်ရမယ်”


သိန်းသန်းလင်း၊အလင်းသစ်၊
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)

 


Last Updated on Thursday, 31 January 2013 17:25