|
အလွမ်းသင့်ပန်းချီသီချင်းကို ဖန်တီးခဲ့ကြသူများ |
|
|
|
|
Written by မြစံပယ်ခိုင်
|
|
Tuesday, 15 January 2013 18:56 |
ဒီလ အတွက် ဖန်တီးသူတို့ အပြော ကဏ္ဍမှာ ဖူးငုံ ပရိသတ်ကြီးကို သီချင်း ကောင်းလေး တစ်ပုဒ်နဲ့ တင်ဆက် ပေးချင်ပါတယ်။
argaiv1275
အဲဒီ သီချင်းကို ပုံဖော် ပေးကြတဲ့ သူတွေ ကလည်း ပုံစံမျိုးစုံ ရှိတဲ့ ဂီတထဲကမှ Rock ဂီတနဲ့ ပတ်သက်တဲ့ အနွယ်ဝင်တွေကို အကုန် သဘောကျတယ် ဆိုတဲ့ တေးသံရှင် အောင်လနဲ့ Slow Rock လေးတွေကို ဆက်ဆိုဖို့ စဉ်းစားထားတယ် ဆိုတဲ့ တေးသံရှင် ရတနာမိုင် တို့ပဲ ဖြစ်ပါတယ်။
ဖူးငုံ ပရိသတ်ကြီး အတွက် နှစ်ဟောင်းမှာ အချစ်နဲ့ ပတ်သက်ပြီး အသည်းကွဲ ဖူးတဲ့ အလွမ်း အဆွေး ခံစားချက်တွေ ရှိခဲ့မယ် ဆိုရင် အတိတ်မှာ ဖြစ်ပျက် ခဲ့တဲ့ အလွမ်းအဆွေး ပုံရိပ်တွေကို မေ့ဖျောက် ဖြစ်ကာ အချိန်အတိုင်း အတာ တစ်ခုကို ကျော်ဖြတ် နိုင်ပြီး Happy New Year မှာ အလွမ်း အဆွေးတွေနဲ့ ကင်းဝေးနိုင် ပါစေ။ အသည်းကွဲ နေတဲ့ ပရိသတ်တွေ ရှိခဲ့မယ် ဆိုရင် နှစ်သစ်မှာ အချစ်စစ်နဲ့ သာဆုံတွေ့နိုင် ပါစေလို့ ဆန္ဒပြုရင်း ဇန်န၀ါရီလ အတွက် အလွမ်းသင့် ပန်းချီ သီချင်းလေးနဲ့ နှစ်သိမ့် ပေးချင်ပါတယ်။
ကဲ၊ ဖူးငုံပရိသတ်ကြီးရေ။ ဒီသီချင်းကို ဒီလောက်ထိ ညွှန်းနေမှတော့ တေးရေး၊ တေးဆိုတွေက ဒီသီချင်းကို ဘယ်လို စိတ်ကူးတွေနဲ့ ပုံဖော်ခံစား ထားလဲ ဆိုတာတွေကို ဖူးငုံ ပရိသတ်တွေ သိရအောင်လို့ အလွမ်းသင့် ပန်းချီ သီချင်းကို ရေးခဲ့တဲ့ တေးရေး ဆရာ အောင်လနဲ့ တေးသံရှင် ရတနာမိုင် တို့ကို ပရိသတ်ကြီးနဲ့ တွေ့ဆုံပေး လိုက်ပါတယ်။
အောင်လ
အလွမ်းသင့် ပန်းချီ သီချင်းလေးကို ဘယ်လို ရေးဖြစ်သွား တာလဲ။ သီချင်းက တိုက်ဆိုင် သွားတာ။ ကျွန်တော် ရေးတုန်းက စတူဒီယိုမှာ ညအိပ်တယ်။ ညအိပ်ပြီးတော့ မနက် အစောကြီး နိုးလာပြီးတော့ ကြောင်တောင်တောင်နဲ့ သီချင်းရေးချင် လို့ဆိုပြီး ရေးလိုက်တာ။ အဲဒီ သီချင်းရေးတာ တစ်နာရီ လောက်ပဲ ကြာတယ်။ Mood ပါသွားတော့ ရေးရတာ မြန်သွားတယ်။
ဒါဆို အဆွေး ဓာတ်ခံ ရှိတယ် ဆိုတော့ ခံစားချက်နဲ့ တိုက်ဆိုင်လို့ ဒီသီချင်းလေးကို ရေးဖြစ် သွားတာလား။ ဒီသီချင်းရေး နေတဲ့ အချိန်မှာရော ဘယ်လို ခံစားရလဲ။ ထူးထူးခြားခြား ခံစား ရတာမျိုးရော ရှိလား။ ခံစားချက် ကတော့ ရှိပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း အသည်းကွဲတဲ့ သြသိ ကတော့ ခံစားချက် ကရှိတယ်။ ကိုယ်မကွဲရင်တောင် သူငယ်ချင်း တွေကွဲရင် ကွဲတဲ့ဟာကို လိုက်ပြီး ခံစားတယ် ပေါ့နော်။ ထူးထူးခြားခြား ကတော့ မခံစား ရပါဘူး။ လွမ်းလွမ်း ဆွေးဆွေးပေါ့။ ကျွန်တော်က နာအောင် ရေးတတ်တယ်။ ကိုယ့်ကိုယ်ကို အရမ်းနာ ပြီးတော့ ကိုယ့်ကို သူများ သနားအောင် တအားရေးတာ။ အဲဒီထဲမှာ နောက်ဆုံး စာသား လေးလည်း ကြိုက်တယ်။ ငါ့ရဲ့စိတ်တွေက မပြတ်သား နိုင်ခဲ့ တာတဲ့ မင်း နားလည် ပေးပါ အဲဒီစာသား လေးပေါ့။ အဓိပ္ပာယ် ကတော့ မေ့လို့ မရတဲ့ အတွက် ဘယ်လိုမှ မတတ်နိုင် တော့ဘူး ပေါ့နော်။ အဲဒီ စာသားလေး ကိုလည်း ကြိုက်ပါတယ်။
သီချင်းထဲမှာ အဓိက ပြောချင်တဲ့ အကြောင်းအရာလေးက ဘာဖြစ်မလဲ။ အဓိက ပြောချင်တာ ကတော့ ဇာတ်လမ်းတွေ အားလုံးက ပြီးဆုံး သွားပြီ။ ဒါပေမဲ့ ရင်ထဲမှာ ကျန်နေ ခဲ့တဲ့ ပန်းချီကားလေး တစ်ချပ်ကတော့ အလွမ်းသင့် နေတယ် ဆိုတဲ့ အဓိပ္ပာယ်လေးပါပဲ။ ဇာတ်လမ်း တစ်ခုကို ကျွန်တော်က ပန်းချီကား တစ်ချပ်နဲ့ နှိုင်းယှဉ် ထားတာ ပေါ့နော်။ အဲဒီ့ ပန်းချီကားက အလွမ်းသင့် နေတယ်လို့ ပြောချင်တာပါ။
ဒီသီချင်းကOwn Tune လေးဖြစ်တဲ့ အတွက် အဲဒီထဲက စာသားတွေနဲ့ သံစဉ်တွေကို ဘယ်လို အတွေးမျိုးနဲ့ ထည့်ဖြစ် သွားတာလဲ။ သံစဉ်ကတော့ ဒီလိုပါပဲ။ ကျွန်တော့် ထည့်နေကျ သံစဉ်နဲ့ ကျွန်တော်ရေး နေကျ သံစဉ်မျိုး ပါဘဲ။
ဒီသီချင်းကို ဆိုပေးတဲ့ မိုင်လေး ကိုရော ဘာပြောချင် သေးလဲ။ မိုင်လေးဆို ထားတာလည်း အရမ်းကောင်းပါတယ်။ တစ်ခုပဲ ကျွန်တော် သူ့ကို Demo ဆိုပေးထားတဲ့ သီချင်း ကျွန်တော့် အသံကြီးနဲ့ ဟာက ပြန့်သွားတယ် ပေါ့နော်။ အဲဒီတစ်ခု ပါပဲ။ ဒါပေမဲ့မ မိုင်လေး ကိုတော့ အားပေး ကြပါတယ်။ ကျွန်တော့် အသံကြီးနဲ့ အရင်ထွက် လာလို့။ ကျွန်တော့် အဲဒီ တစ်ခုပဲ စိုးရိမ်တာပါ။ အဲဒါကလည်း သူငယ်ချင်း တွေကို နားထောင်ခွင့် ပေးရင်း ပေးရင်းနဲ့ အွန်လိုင်းပေါ် ရောက်ပြီး ပြန့်သွားတာ ပေါ့နော်။ ဒါပေမဲ့ မိုင်လေး ဆိုတော့လည်း အောင်မြင် ပါတယ်။ တော်တော် ကောင်းတယ်။ အဲဒီထဲမှာ သူလည်း တော်တော် ကြိုးကြိုးစားစား ဆိုထားပါ တယ်။
သီချင်းထဲမှာ ပါတဲ့ စာသားတွေ အားလုံး အရမ်းလည်း ကောင်းတယ်။ပရိသတ်တွေ ကလည်း ကြိုက်ကြတယ် ဆိုတော့ ဒီသီချင်းကို အားပေးနေတဲ့ ပရိသတ် တွေကို အစ်ကို့ အနေနဲ့ ဘာပြောချင် သေးလဲ။ ဒီသီချင်းကို တိုက်ဆိုင်ပြီး ကြိုက်တဲ့ ပရိသတ်တွေ ဆိုရင်တော့ အသည်း ကွဲနေမှာ ပေါ့နော်။ သီချင်းထဲ ကလိုပေါ့။ တစ်နေ့တော့ ပြန်လာပါစေလို့ ဆုတောင်း ပေးပါတယ်။ ဒါမှမဟုတ် ဒီအတိုင်းပဲ မိုင်လေးဆို ထားတာကို ကြိုက်တယ် ဆိုတဲ့ ပရိသတ်ကို မိုင်လေး ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါ တယ်လို့ ပြောချင် ပါတယ်။
ဖူးငုံ Teen ကနေ ဖူးငုံကို ချစ်တဲ့ စာဖတ် ပရိသတ်ကြီး နဲ့အတူ အစ်ကို့ကို အားပေးနေတဲ့ ဂီတ ပရိသတ် တွေကိုရော စကား လက်ဆောင်လေး ပြောပေးပါဦး။ ဖူးငုံကို ချစ်တဲ့ စာဖတ် ပရိသတ်ကြီးနဲ့ အတူ ကျွန်တော့်ကို အားပေး နေကြတဲ့ ပရိသတ် တွေကိုလည်း ကျွန်တော် အရမ်း ကျေးဇူးတင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာ ရောက်အောင် ပရိသတ် တွေကပဲ ပံ့ပိုး ပေးခဲ့တာ။ စင်ပေါ် ရောက်အောင် ပရိသတ်တွေ ကပဲ တင်ပေးခဲ့ တာဆိုတော့ ပရိသတ် တွေကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်လို့ ဖူးငုံ Teen ကနေ တစ်ဆင့် ပြောလိုက် ပါ ရစေ။
အောင်လရဲ့ အပြောအပြီး မှာတော့ မကြာသေး ခင်က ထွက်ရှိ ထားတဲ့ ပဖဘဗမ တေးစီးရီးရဲ့အဆိုရှင် ရတနာမိုင်ပဲ ဖြစ်ပါတယ်။ ပထမဆုံး စထုတ် ခဲ့တဲ့ မရှိလို့မဖြစ် တေးစီးရီးမှာ အလွမ်းသင့်ပန်းချီ သီချင်းနဲ့ ပရိသတ် အားပေး မှုကို အပြည့်အ၀ရရှိထားတဲ့ တေးသံရှင် ရတနာမိုင်နဲ့ ခေတ္တ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့တာ တွေကတော့

ရတနာမိုင်
ဘယ်လို ဖြစ်ပြီးတော့ အလွမ်းသင့် ပန်းချီ သီချင်းလေးကို ဆိုဖြစ်သွားတာ လဲ။ ဒီသီချင်းက အမှန် တကယ် အခုထွက်တဲ့ ပဖဘဗမ ခွေထဲမှာ ပါတဲ့တေး သီချင်းလေးပါ။ ဒါပေမဲ့ ပဖဘဗမ တေးစီးရီ က လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က တည်းက စလုပ်ခဲ့တာ။ အဲဒီထဲမှာ အလွမ်းသင့် ပန်းချီ သီချင်း ပါတယ်။ ပါတဲ့ဟာကို ပဖဘဗမကို IC က ဆရာချစ် တို့ကလည်း အလုပ်ရှုပ် နေတော့ ဒါလေးက နောက်ဘက်ကို ရွေ့သွားတယ်။ အခွေထွက် တော့မယ် ဆိုတာ ဂျာနယ်တွေ မှာလည်း ပြောပြီး နေပြီ။ နောက်ပြီးတော့ မိုင်လေးကို အားပေးနေတဲ့ Audio တွေကလည်း ဘယ်တော့လောက် အခွေထွက် မှာလဲလို့ မေးကြတော့ ပဖဘဗမ ကို ခဏ ထားပြီးတော့ မရှိလို့မဖြစ် အခွေ စထုတ်လိုက်တယ်။ စထုတ်လိုက် တဲ့အခါမှာ ပဖဘဗမ ထဲမှာပါတဲ့ တေးသီချင်း ကောင်းလေး တွေပါတယ်။ အဲဒီထဲမှာ အလွမ်းသီချင်း လေးတွေပါတယ်။ အလွမ်းသင့် ပန်းချီ သီချင်းကို ကိုအောင်လ ဆီက ခွင့်ပြုချက် တောင်းတယ်။ ဒီသီချင်းကို မရှိလို့ မဖြစ် ထဲမှာ ထည့်လိုက်မယ် ပေါ့နော်။ ကိုအောင်လက ရတယ် မိုင်လေး ထည့်လိုက် ဆိုတာနဲ့ ဆိုဖြစ် သွားတာပေါ့။
ဒီသီချင်းလေးကို ဆိုတဲ့ အခါမှာရော ဘယ်လို Mood သွင်းပြီး ဆိုခဲ့လဲ။ ယောက်ျားလေး Mood နဲ့ ရေးထားတာဆိုတော့ မိုင်လေး ပြန်ဆိုတဲ့ အခါ မှာရော ဘယ်လိုကွာခြား မှုရှိလဲ။ အခက်အခဲ တွေရှိခဲ့လား။ ဒီသီချင်းလေးကို ကိုယ်တကယ်ဖြစ်နေတဲ့ အတိုင်းကို ခံစာပြီးတော့ ဆိုလိုက်ပါတယ်။ ဒီသီချင်းလေး ကလည်း Slow Rock လေးပဲ။ Slow Rock လေးဆိုတော့ ယောက်ျားလေး Mood ရေး ထားတယ်။ အဲဒါကို မိန်းကလေး Mood လိုပြန် ခံစားပြီ ဆိုထားတော့ ကိုယ့် Mood အတိုင်း ဆိုရတာ ပေါ့နော်။ ဒီသီချင်းကို သွင်းတဲ့ အခါမှာ အခက်အခဲ မရှိဘူး။ ၂ ခေါက်ပဲ သွင်းလိုက်ရတယ်။ ရှောရှော ရှုရှုပဲ။ အကြမ်းတုန်း ကလည်း ကိုယ့် ဟာကိုယ် ပြန်နားထောင် ကြည့်နေတာ အားလုံး အဆင်ပြေတယ်။ နားထောင်လို့ ကောင်းတယ် ဆိုပြီး ဖေဖေရော၊ မေမေရော ပျော်နေတာ။
ဒီသီချင်း ထဲမှာ ပါဝင်တဲ့ စာသားတွေ အကုန်လုံး ကောင်းပါတယ်။ အဆွေး ပုံစံလေးနဲ့ ရေးထားတာ ဆိုတော့ ဒီသီချင်းထဲက ဘယ်စာသားကို အကြိုက်ဆုံးလဲ။ ဒီသီချင်းထဲမှာ မိုင်လေး အကြိုက်ဆုံး စာသား ကတော့ မေ့မရတဲ့ အချိန်တွေ အဆုံးထိ မျက်စိမှိတ် မျှော်လင့်ခဲ့ပြီ ဘာမှ မသိတဲ့ တစ်နေ့နေ့ ကို ငါစောင့်စားလို့ နှလုံးသား ကွဲကြေနေ တဲ့အထိ အလွမ်းသင့် ခဲ့တဲ့ အတိတ်ရဲ့ ပန်းချီ လမ်းစ မရှိတဲ့ ငါ့အဖြစ်ကို မြင်လည်း ငါ ဆက်ချစ်မယ် အထိ ပေါ့နော်။ အဲဒီလို ဖော်ဆဲဒိုးလေး နဲ့ အသံခိုး ဆိုရတဲ့ နေရာလေးတွေကို ကြိုက်တယ်။
အလွမ်းသင့်ပန်းချီ သီချင်းကို ကြိုက်ကြတဲ့ ပရိသတ်တွေက ဘယ်အရွယ် တွေဖြစ်မလဲ။ ဒီသီချင်းကို အားပေးကြတဲ့ ပရိသတ်တွေကိုရော ဘာပြောချင်လဲ။ အလွမ်းသင့် ပန်းချီ သီချင်းကို ကိုအောင်လ ရေးပေးထားတာ တော်တယ်လေ။ အရွယ်စုံ ဆိုဒ်စုံကို ကြိုက်ကြတယ်။ ကလေးလေး ကအစ ဒီသီချင်းကို အလွတ် ရတယ်။ များသော အားဖြင့်တော့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ မိန်းကလေး ပရိသတ် တော်တော် များများ ကြိုက်ကြ ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို ပြောချင် တာက အခု အလွမ်းသင့် ပန်းချီ သီချင်းကို မိုင်လေး ဆိုတာကိုလည်း အားပေး ကြတဲ့ အတွက် မိုင်လေးက ကျေးဇူး အများကြီး တင်ပါတယ်။ မိုင်လေး ဆိုထားတဲ့ အလွမ်းသင့် ပန်းချီ သီချင်းကို လက်ခံ ပေးတဲ့ အတွက် မိုင်လေးရဲ့ ချစ်တဲ့ ချစ်ပရိသတ်တွေ ဘယ်သူမဆို ကြိုက်တဲ့သူ တွေ မှန်သမျှ အားလုံးကို အများကြီး ကျေးဇူးတင် ပါတယ်။
မိုင်လေးကို အားပေးနေတဲ့ ပရိသတ်တွေ ရော၊ ဖူးငုံကို ချစ်တဲ့ ပရိသတ်ကြီးကိုရော စကား လက်ဆောင်လေး ပြောပေး ပါဦး။ ဖူးငုံ teen မဂ္ဂဇင်းကို ဖတ်ရှု နေကြတဲ့ ဆယ်ကျော်သက်လေးတွေ အားလုံး ပေါ့နော်။ ခံစားချက်တွေ ကင်းဝေးကြ ပါစေလို့။ နောက်ပြီးတော့ စီးပွားရေး တွေလည်း အဆင်ပြေ ကြပါစေ။
ဘာပဲဖြစ်ဖြစ် ဆယ်ကျော်သက် ကလေးတွေ ဆိုတာ ရင်ခုန်တတ်စ အရွယ်ဆိုတော့ အချစ်စစ်၊ အချစ်မှန်နဲ့ တွေ့ကြပါစေ။ ဖူးငုံ Teen မဂ္ဂဇင်း ကနေ တစ်ဆင့် ပြောချင်တာ ကတော့ မိုင်လေးကို အားပေး နေတဲ့ ပရိသတ်ကြီးကို ကျေးဇူး အရမ်းတင် ပါတယ်လို့။ ဒီလောက် ဆိုရင် အောင်လရဲ့ သီချင်းတစ် ပုဒ်ဖန်တီး မှုနဲ့ ရတနာမိုင် သီဆိုထားတဲ့ အလွမ်းသင့် ပန်းချီ သီချင်းကို သိလောက်ပြီလို့ ထင်ပါတယ်။ ပရိသတ်တွေ အားပေးမှုကို ရရှိ ထားတဲ့ အောင်လ ကတော့ သူကိုယ်တိုင် ရေးထားတဲ့ တောင်းပန်တယ် သီချင်းနဲ့ နာမည်ကြီးခဲ့ တာပါ။ ဂီတ လောကထဲမှာ ရှေ့ဆက်ပြီးတော့ လည်းသီချင်းတွေ ဆက်ရေး ဦးမယ်။ဆက်ဆို ဦးမယ်။ နောက်ထပ် စီးရီးအသစ် ထွက်ဖို့လည်း အကြမ်းဖျင်း စီစဉ် နေပါပြီလို့ ပြောသွား ခဲ့ပါတယ်။ အလွမ်းသင့် ပန်းချီ သီချင်းနဲ့ ပရိသတ် တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိထားတဲ့ ရတနာမိုင် ကတော့ မကြာသေး ခင်က ပဖဘဗမ တေးစီးရီး အသစ် ထွက်ရှိခဲ့ပြီး Slow Rock သီချင်းတွေကို ဆက်ဆိုဖို့ အစီအစဉ် ရှိကြောင်း ပြောသွားခဲ့ ပါတယ်။ နောက်လ တွေမှာလည်း သီချင်း တွေကို ဘယ်လိုတေးရေး၊ ဘယ်လို အဆိုတော် တွေနဲ့ ဖန်တီးကြ ဦးမလဲ ဆိုတာကို စောင့်မျှော် အားပေး ကြပါဦးရှင်။

မြစံပယ်ခိုင် (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Last Updated on Thursday, 31 January 2013 17:28 |