(Jan_13)Message to teen PDF Print E-mail
Written by အယ်ဒီတာ   
Tuesday, 15 January 2013 18:52
Share |

စာရေးသူ တွေရဲ့ စာတွေကို ဖတ်ရတာ ကောင်းတယ်လို့ ခံစားရတဲ့ အခါ စာရေးသူတွေ တယ်စွမ်း ပါလားလို့ စာဖတ်သူ  တွေက တွေးတတ် ကြပါတယ်။ တကယ်တော့ စာရေးသူ တွေချည်း စွမ်းတာ မဟုတ်ဘဲ စာဖတ်သူ တွေလည်း စွမ်းလို့ စာပေကို အရသာ ခံနိုင်တာ ပဲဖြစ်ပါတယ်။

where to buy cialis onlinecialis no prescription non generic 50mg sildenafil side effects
argaiv1978

သေချာ တွေးကြည့်ရင် စာပေဆိုတာ ရုပ်ရှင်၊ ဂီတလို အရောင်၊ အရုပ်၊ အသံ၊ အလှုပ်တွေရဲ့ အကူအညီ ဘာဆို ဘာမှ မပါပါဘဲ စာဖတ်သူ တွေကို ရယ်စေ၊ ငိုစေ၊ ရသ ခံစားစေတာ ဟာ အံ့သြ စရာပဲ မဟုတ်လား။ အဲဒီလို ဖြစ်ရတာဟာ စာရေးသူ တွေချည်း စွမ်းလို့ မဟုတ်ပါဘဲ စာဖတ်သူ များဘက် ကလည်း စကားလုံး ဝေါဟာရများ၊ အရေးအသား တင်ပြပုံ များကို ဉဏ်နဲ့ယှဉ်ကာ မြင်ယောင်၊ ကြားယောင် ခံစား သုံးသပ်နိုင်စွမ်း ရှိကြတဲ့ အတွက် ဖြစ်ပါတယ်။ စာဖတ်သူ တွေရဲ့ စိတ်မျက်စိမှာ ပုံဖော် မြင်ယောင်ကာ ခံစားနိုင် စွမ်းသာ မကောင်း ခဲ့ရင် စာရေးသူတွေက ဘယ်လောက် အားထုတ်ထုတ် ရသ ဆိုတာကို စာဖတ်သူတွေက သဘောပေါက် ခံစားနိုင်မှာ မဟုတ်ပေဘူး မဟုတ်လား။ “အရှေ့ အရပ်မှ နေထွက်၏”ဆိုတဲ့ ၀ါကျမျိုးနဲ့ “အရှေ့ အရပ်တွင် နေမင်းကြီး သည် ရောင်ခြည် တစ်ထောင် အလင်း၊ ပုစွန်ဆီ ရောင် အသွေးဖြင့် ပြူထွက် လာလေ၏”ဆိုတဲ့ ၀ါကျမျိုးကို တစ် ဘာသာစီ ခံစားတတ် ကြတာဟာ စာရေးသူ ကြောင့်လို့ ဆိုနိုင် ပေမဲ့ “နေထွက်၏”လို့ တုံးတိတိ ရေးထားတဲ့ ၀ါကျမျိုးကိုတောင် စိတ်မျက်စိမှာ အမျိုးမျိုးကွဲပြားပြီး ပုံဖော်တတ်၊ ခံစားတတ်ကြတာ အမှန်ပဲ မဟုတ် ပါလား။ ဒီတော့ စာဖတ်သ တွေရဲ့ စိတ်အခံ၊ ဘာသာ ဗေဒကို နားလည် ပုံဖော်နိုင်စွမ်း၊ ကိုယ်တွေ့ ဘ၀ အတွေ့အကြုံနဲ့ အခြား ဗဟုသုတတွေ အပေါ်မှာ မူတည်ပြီး တော့လည်း ရသကို ခံစား နိုင်စွမ်း ကွဲပြားတာ သေချာ လှပါတယ်။ ဒီတော့ စာပေရဲ့ အရသာ၊ စာပေရဲ့ တန်ဖိုးတွေမှာ စာရေးသူ တွေရဲ့ အစွမ်းသက်သက် ပေါ်ချည်း မူမတည်တာ သေချာ ပါတယ်။

ရုပ်ရှင်မှာ ဆိုရင် ရုပ်ရှင်ကို ဖန်တီးသ တွေရဲ့ အစွမ်းက ကြည့်သူရဲ့ အစွမ်းကို လွှမ်းမိုး ထားတာက ပုံသေပါပဲ။ အရောင် အရုပ်၊ အသံအလှုပ် တွေက ကန့်သတ် ပေးထားတဲ့ အတွက် ရုပ်ရှင်ကြည့်သူ ဟာ ဇာတ်ကောင်ကို သရုပ်ဆောင် အဖြစ်ပဲ မြင်ခွင့် ရတာကိုး။ ရသ စာပေ မှာတော့ ဇာတ်ကောင် ဆိုတာ စာဖတ် သူရဲ့ စိတ်မျက်စိမှာ ပုံဖော်နိုင်စွမ်း အတိုင်း ကိုယ်ကိုယ်တိုင် လည်း ဖြစ်သွား နိုင်တာ အသေ အချာပါ။

ဒါကြောင့် စာပေရဲ့ အရသာမှာ စာရေးသူက စာဖတ်သူကို တစ်ဖက်သတ် လွှမ်းမိုး ထားလို့ မရဘဲ စာဖတ်သူ တွေ စွမ်းရင် စွမ်းသလောက် အရသာက ပိုသွားတတ် တာပဲ ဖြစ်ပါတယ်။ စာဖတ်သူ တွေဟာ ကိုယ့်ကိုယ်ကို စွမ်းသူလို့ တထစ်ချ သတ်မှတ်နိုင် ခွင့်ကို စာဖတ်တဲ့ အခါမှာ ပိုရ နိုင်ကြကာ ရုပ်ရှင်ကြည့်သူ တွေမှာတော့ စက္ကန့် နဲ့ အမျှ လှုပ်ရှားနေတဲ့ ပုံရိပ်တွေ၊ အသံတွေနောက်ကို တရွတ်တိုက် လိုက်ပါရင်း အဲဒီ ဘောင်ထဲမှာ (ကိုးရီးယား ကားမျိုးဆို စာတန်းထိုး ကိုလည်း အလျဉ်မီအောင် လိုက်ဖတ်ရင်း) ကိုယ်ပိုင် အစွမ်းအစ ဖြစ်တဲ့ စိတ်ကူး ပုံဖော် နိုင်စွမ်းကို အဆုံးရှုံး ခံကြရ ပါတယ်။

ဒီတော့ ကိုယ်တိုင်က ဖန်တီးသူ မဖြစ်နိုင် သေးပေမဲ့ ကိုယ့်ကိုယ်ကို အစွမ်း ရှိသူလို့ ခံယူ လိုရင် ရုပ်ရှင်ကြည့်မဲ့ အစား စာဖတ်ပါလို့ ပြောရ မှာပါပဲ။ စာဖတ်သူ တွေအားလုံး ကိုယ့်အစွမ်း အစကို မမေ့မလျော့ သတိရ ကြကာ စာဖတ် လိုစိတ်နဲ့ စာဖတ်နိုင် စွမ်းကို ဖူးငုံတို့ အပါအ၀င် နိုင်ငံသား အားလုံး အသုံးချ အစွမ်းပြ နိုင်ကြပါ စေကြောင်း အသိပေး တင်ပြ အပ်ပါတယ်။


အယ်ဒီတာ
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)