|
Written by ဖွေးဖြူ
|
|
Tuesday, 08 January 2013 19:06 |
၁။ ဟိုတစ်နေ့က ကျွန်မ ဖေဖေနဲ့ တွေ့တယ်။ ဖေဖေက အသက်ကြီး မသွားပါဘူး။ ဖေဖေက ပြုံးလိုက်ရင် မျက်လုံးတွေ မှေးသွား တတ်တယ်။ ဖေဖေက နှုတ်ခမ်းက သာမက မျက်လုံးကပါ ပြုံးတတ်သူပါ။
argaiv1642
အရင်တုန်း ကလိုပဲ အဲဒီလို အပြုံးအတိုင်း ထပ်တူတူတဲ့ အပြုံးမျိုး ကိုပဲ ကျွန်မကို ဖေဖေက ပြုံးပြ ပါတယ်။ ကျွန်မကို သူများတွေက ဖေဖေနဲ့ တူတယ်လို့ ပြောရင် ကျွန်မ အင်မတန် နှစ်သက်ပါတယ်။ မသိသော သူများက“ဘယ်သူနဲ့ ပိုတူတာလဲ”လို့ မေးရင်လည်း ကျွန်မက ဖေဖေနဲ့ တူတယ်လို့ ပြောတတ်ပါတယ်။
ဖေဖေက အရင်လိုပဲ စမတ် ကျတယ်။ ဖေဖေက တကယ့်ကို အရင်အတိုင်း ပါပဲ။ ဖေဖေက အဖြူရောင် စပို့ရှပ်ကို ၀တ်ထားတယ်။ ကျွန်မက ဗုံရုပ်လေး တွေပါတဲ့ ကြက်သွေး ရောင်ချည်ဝမ်း ဆက်နဲ့။ ကျွန်မက ဖေဖေ့ကို မြင်တော့ အံ့သြတယ်။ ပြီးတော့ ၀မ်းလည်းသာ တယ်။ ကျွန်မတို့ မတွေ့တာ ကြာပြီ မဟုတ်လား။ ဖေဖေက ကျွန်မကို မှတ်မိ သေးသလား။ ကျွန်မက အများကြီး မပြောင်းလဲ လို့များလား။ ကျွန်မမှာ အံ့သြ လွန်းလို့ ဖေဖေ ပြန်လာပြီ လားလို့ အသံတွေ တုန်လို့ မေးမိတယ်။ ဟုတ်တယ်။ ဖေဖေခဏ ပြန်လာတာလို့ ဖေဖေက ပြန်ဖြေတယ်။ ဖေဖေ့အသံမှာ ပျော်ရွှင်မှုတွေ အပြည့်နဲ့ ပြီးတော့ ချစ်ခြင်းမေတ္တာလည်းပါတယ်။ နှစ်ပေါင်းများစွာ မတွေ့ခဲ့ ကြပေမဲ့ ကျွန်မတို့ စိမ်းမနေ ပါဘူး။ ဖေဖေက ဘယ်ကပြန် လာတာလဲ။ ဖေဖေ က ဘယ်ကို သွားနေတာ လဲဆိုတော့ ဖေဖေက ခရီးရှည်ကြီး ထွက်နေတာ ခုသမီး ကိစ္စ အတွက် ခဏ လာတာတဲ့။ ဖေဖေတို့ အဲဒီ နေရာကို သွားရအောင် သမီးတဲ့။
ကျွန်မက ဖေဖေ မောင်းတဲ့ ကားဘေးမှာ ထိုင်လျက် ပါသွားတယ်။ ဒီလိုနဲ့ ဖေဖေက ကျွန်မ ကို ခေါ်သွားတယ်။ ဖေဖေက ဘာကားနဲ့ လာခေါ် သလဲ ဆိုတာတော့ ကျွန်မ မသဲကွဲဘူး။ သွားရမဲ့ နေရာ ရောက်တော့မှ ကျွန်မက သမီးကိစ္စ၊ သမီး ကိစ္စ အားလုံးနီးနီး ပြီးပါပြီ။ သမီးတို့ စီစဉ် စရာတွေ စီစဉ်ပြီး ပါပြီ။ အဲဒီ နေရာကို သွားဖို့ မလိုတော့ ဘူးလေ ဖေဖေလို့ ဆိုတော့ ဖေဖေက ဒါပေမဲ့ တစ်ခု ကျန်သေးတယ်တဲ့။
ဒါဟာ ကျွန်မ မက်ခဲ့တဲ့ အိပ်မက်တို တစ်ခု ပါပဲ။ အဆုံး မသတ်တဲ့ အိပ်မက် တစ်ခုပါ။ အိပ် မက်ကနိုးမှ ကျွန်မဟာ ဒါဟာ တကယ့်ကိုအိပ် မက်သက်သက် ပါလားလို့ တွေးမိတယ်။ ဟုတ်တယ်။ ကျွန်မတို့ ပြောခဲ့တဲ့ စကားဟာ ဆယ်ခွန်းတောင် မပြည့်ပါဘူး။ ကျွန်မတို့ တွေ့ခဲ့တဲ့ အချိန်ဟာလည်း တကယ့်ကို ခဏလေးရယ်။ ဒါဟာ တကယ့်ကို အိပ်မက်လို့ ကျွန်မ လက်ခံရ ပြန်ပါတယ်။
၂။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းက ကျွန်မ လက်မခံ ချင်တဲ့ အရာတချို့ ရှိခဲ့ ပါတယ်။ တကယ် မှန်းသိလျက်နဲ့ ကျွန်မ လက်မခံ ချင်ဘူး။ “မဟုတ်ဘူး။ ဒါ မဟုတ်ဘူး”လို့ ဇွတ်မှိတ် တွေးဖူးတယ်။ ကျွန်မတို့ငယ် ငယ်ကနေ တဲ့အိမ် မှာဆို စာအုပ် ဗီရိုလို့ ကျွန်မတို့ ခေါ်တဲ့ ဗီရိုတစ်လုံး ရှိတယ်။ တကယ်တော့ စာအုပ်ချည်း သက်သက် ထည့်ထား တာတော့ မဟုတ်ပါဘူး။ ဗီရိုက အထပ်လေး ထပ်ပါပြီး ရှေ့ကို ဖွင့်ရတဲ့ မှန်ဗီရိုပါ။ ပထမထပ်နဲ့ ဒုတိယထပ် နဲ့မှာ ဓာတ်ပုံ အယ်လ်ဘမ် တွေ တစ်ထပ်ကြီး ရှိတယ်။ ဟိုး၊ ကျွန်မတို့ မမွေး ခင်က ပုံတွေက အစ၊ ကျွန်မတို့ ဘ၀ တစ်လျှောက် ပုံတွေပေါ့။ အားတဲ့ အခါမျိုးမှာ ကျွန်မက ကြည့် ဖူးပြီးသား ဓာတ်ပုံတွေကို ပြန်ပြန် ကြည့်တတ် တယ်။ အဲလို ကြည့်ရတာ ပျော်စရာ ကောင်းပါတယ်။ အဲဒီထဲမှာ ကျွန်မတို့တွေ ဖေဖေနဲ့ အတူ တော်လှန်ရေး ပန်းခြံ ထဲမှာ စက်ဘီးစီး တဲ့ပုံတွေ ပါတယ်။ ကျွန်မတို့ ပြည်သူ့ ရင်ပြင် သွားတုန်းက ပုံတွေလည်း ပါတယ်။ နောက်ထပ် ကျွန်မ မွေးနေ့ ပွဲက ပုံလေး တွေပါတယ်။ ခရီး သွားကြတဲ့ ပုံတွေ ပါတယ်။ ဟိုးတုန်းက ဖေဖေတို့ ကျောင်းတက် တုန်းက ပုံတွေပါတယ်။ မေမေ့ပုံတွေ ပါတယ်။
ဒါပေမဲ့ အဲဒီထဲမှာ ကျွန်မ မကြည့်ချင် တဲ့၊ ကျွန်မ မကြည့်ဝံ့တဲ့ ဓာတ်ပုံ တချို့လည်း ရှိခဲ့ တယ်။ အယ်လ်ဘမ် နှစ်အုပ်ပေါ့။ ကျွန်မဟာ အဲသည့် အယ်လ်ဘမ် နှစ်ခုကို ဗီရို အပေါ်ဆုံး ထပ်ရဲ့ ဟိုးနောက်ဆုံးကို အတင်း ထိုးထည့်ထား ခဲ့တယ်။ ကျွန်မ လက်လှမ်း မမီနိုင်တဲ့ နေရာမျိုး ကိုပေါ့။ ကျွန်မဟာ ကလေး သာသာမို့ အဲဒီအပေါ် ဆုံးထပ်က အယ်လ်ဘမ်တွေ အားလုံးကိုထုတ် နိုင်ဖို့ဆိုရင် ခုံနဲ့တက်ရတယ်။ ဒီအယ်လ်ဘမ် နှစ်ခုကို ကျွန်မ ဘယ်တော့မှ မကြည့်ဘူးလို့ ဆုံး ဖြတ်ထားတယ်။ ငါ ကြီးလာတဲ့ အခါကျမှ ရဲရဲ ၀ံ့ဝံ့ကြည့်မယ် လို့လည်း တွေးမိခဲ့ ဖူးရဲ့။ တကယ် တော့ တကယ့် အဖြစ်အပျက် တွေကို မြင်ထားပြီး ရက်နဲ့ အဲဒီ ဓာတ်ပုံတွေကို ကျွန်မ ပြန်မကြည့်လို ဘူး။ အဲဒီတုန်းက ကျွန်မ အသက်ဟာ ဆယ်နှစ် မပြည့်တပြည့် အရွယ်ပေါ့။ ဒါပေမဲ့ တစ်ခါ တလေ ကျတော့လည်း အဲဒီ မကြည့်ချင်တဲ့ ဓာတ်ပုံ တွေကို ကျွန်မ မ၀ံ့မရဲနဲ့ ခပ်မြန်မြန် လှန်ကြည့်မိ ပြန်တယ်။ ပြီးရင် ထုံးစံအတိုင်း ကျွန်မ ပြန်ထိုး ထည့်လိုက်တယ်။
အဲဒီအယ်လ်ဘမ် ထဲမှာ ဖေဖေ့ပုံတွေ ချည်း ပဲ။ ဖေဖေ့မျက်နှာက ဒဏ်ရာတွေ ဟာရောင် နေ သလိုပဲ။ ဖေဖေ့ခေါင်းက ဒဏ်ရာ တွေကိုတော့ ပန်းတွေနဲ့ အလှဆင်ပြီး ကာကွယ်ပေး ထားတယ်။ ဖေဖေဟာ ဒဏ်ရာ တွေနဲ့ နာနာကျင်ကျင်နဲ့ အိပ်နေရ သလိုပါပဲ။ ဖေဖေ့ကို အင်္ကျီ အပြာရောင် ယူနီဖောင်း ၀တ်ပေးထားတယ်။ ဖေဖေ့ရင်ဘတ် ပေါ်မှာလည်း ပန်းတွေ အပြည့်ပါပဲ။ ဖေဖေ့ကို အဖြူရောင်နဲ့ ငွေရောင် နှစ်ရောင် ရောနေတဲ့ အခေါင်းထဲမှာ ထည့်ထား ကြတယ်။ ဖေဖေ့ပုံ တွေကို အမျိုးမျိုး ရိုက်ထားတယ်။ ဖေဖေ့ကို လူတွေက ၀ိုင်းကြည့် ကြတယ်။ ဖေဖေ့ကို လာ ကြည့်ကြတဲ့ လူတွေ၊ ဖေဖေ့ နောက်ဆုံးခရီး ကို လိုက်ပို့ကြတဲ့ သူတွေဟာ တစ်ပုံ တစ်အုပ် ကြီးပဲ။ နှမြော တမ်းတ ၀မ်းနည်းရိပ်တွေ ပြည့်နေကြ တယ်။ ၀မ်းနည်း ကြေကွဲတဲ့ လွမ်းသူ ပန်းခွေနဲ့ ပန်းခြင်း တွေဟာ နေရာအနှံ့ ပြည့်နေတယ်။ ကျွန်မတို့ ပုံတချို့လည်း ပါတယ်။ အဘွားဟာ ငိုနေတယ်။ ရှိုက်ကြီးတငင် ငိုနေတယ်။ သူ့ထက် အရင်သွားနှင့် လေတဲ့ သူချစ်ရတဲ့ သားလေး အတွက် ဖြေမဆည်နိုင် ဖြစ်နေတယ်။ မေမေက ၀ါးချောင်းလေး တွေပါတဲ့ အမည်းရောင် ပါတိတ် အင်္ကျီနဲ့ လုံချည်ကို ၀တ်ထားတယ်။ မေမေဟာ အကြီးအကျယ် ငိုမနေပါ ဘူး။ မေမေဟာ မေမေ့ကို နှစ်သိမ့်နေတဲ့ လူကြီး ဧည့်သည် တွေကိုလည်း စကားပြန် ပြောနေ ရတယ်။ ဒါပေမဲ့ မေမေ့ ရင်ထဲမှာတော့ အတိုင်းမသိ ငိုနေပါလိမ့်မယ်။ အားလုံးထက် ပိုတဲ့ ၀မ်းနည်းမှုတွေ၊ မျက်ရည်တွေ မေမေ့ နှလုံးသားမှာ ပြည့်လျှံ နေမယ်ဆိုတာ အသေ အချာပါပဲ။ မေမေဟာ သတိ္တတွေ မွေးနေသလား။ မေမေ ဘာတွေ တွေးနေမလဲ လို့တော့ ကျွန်မ အတိအကျ မဆိုတတ် ပါဘူး။ မေမေ့ မျက်နှာဟာ တကယ့်ကို သနားစရာ ကောင်းပါတယ်။ မေမေဟာ ဖေဖေ့ကို ကြည့်နေတယ်။ ဘယ်တော့မှ ထပ်မတွေ့နိုင် တော့တဲ့ ထာဝရ ခွဲခွာခြင်း မဟုတ်လား။ ကျွန်မနဲ့ ကျွန်မ အစ်ကို ကတော့ ငေးငေး ကြောင်ကြောင်ပဲ တွေးငေး နေတယ်။ အဲဒီပုံတွေ ဟာ ဘယ်လို အခြေအနေ မျိုးမှာမှ ပြန်ကြည့် ချင်စရာ မကောင်းတဲ့ပုံ တွေပါပဲ။ ဘာကြောင့်များ အဲဒီပုံတွေကို ရိုက်ခဲ့ကြသလဲ ဆိုတာတော့ နားမလည် နိုင်အောင်ပါပဲ။
မီးခိုးတန်း တွေကို မြင်ခဲ့ရ တာတောင် ကျွန်မ ဘယ်တော့မှ လက်မခံ ချင်ခဲ့ပါဘူး။ အဲဒီ ဓာတ်ပုံတွေဟာ တကယ့် အဖြစ်အပျက် တွေပါပဲလို့ ဆိုချင်နေတာတောင် ကျွန်မ လက်မခံ ချင်ခဲ့ပါဘူး။ ဒါဟာ ဖေဖေပဲ ဆိုတာ သိလျက်နဲ့ ဒါဟာ ဖေဖေ မဟုတ်တဲ့ တခြား တစ်ယောက်ပါလို့ ကျွန်မ တွေးတတ်တယ်။ ရုပ်ရှင်ထဲကလို ဖေဖေနဲ့တူတဲ့ လူတစ်ယောက်ကို လူတွေဟာ ဖေဖေလို့ ထင်နေ ကြတာ။ တကယ့် ဖေဖေဟာ ခရီးသွားနေ တာ။ ခရီးရှည်ကြီး တစ်ခုကို သွားနေတာလို့ ကျွန်မ ဇွတ်တွေး ခဲ့ဖူးတယ်။ ဟုတ်တယ်။ တစ်နေ့ ကျတော့ “ဖေဖေဟာ ခရီးရှည် ကြီးကနေ ပြန်လာ ပြီ”ဆိုပြီး ပြန်လာလေ မလားရယ် လို့လည်း ခဏခဏ တွေးတော မျှော် လင့်ခဲ့ရဖူးတယ်။
၃။ အိပ်မက် ထဲမှာ ဖေဖေ ပြောခဲ့ သလိုပေါ့။ ဟုတ်တယ် ဖေဖေဟာ ခရီး ရှည်ကြီး တစ်ခုကို သွားနေတာပါ။ ဒါပေမဲ့ ဖေဖေ သာမက ကျွန်မ တို့ အားလုံးဟာလည်း မဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို သွားနေသူ တွေပဲ မဟုတ်လား။ မဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို ကျွန်မတို့ သွားနေရ ဦးမှာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ကျော်တုန်း ကတော့ တစ်နေ့နေ့မှာ“ဖေဖေဟာ ခရီးရှည်ကြီး တစ်ခုကို ခဏသွား နေတာပါ”လို့ ပြောပြီး ပြန်လာ မလားလို့ ကလေးတစ်ယောက်ဟာ သူ့ဖေဖေကို မဖြစ်နိုင်မှန်း သိရက်နဲ့ တွေးတော မျှော်လင့်ခဲ့ ဖူးပါတယ်။ ငယ်ငယ်က တွေးခဲ့သလို ငါ ကြီးလာတဲ့ အခါ ကျဆိုတဲ့ အတွေးအတိုင်း၊ ခု ကျွန်မရဲ့အသက် အရွယ်ဟာ ကြီးပြီလို့ အပီ အပြင်ကို ဆိုနိုင်ပါပြီ။ ဖေဖေဟာ ခရီးရှည်ကြီးက ဘယ်တော့မှ ပြန် မလာနိုင်တော့ ဘူးဆိုတာ ကိုလည်း နားလည် လက်ခံနိုင် နေပါပြီ။ ဒါပေမဲ့ ကျွန်မ အဲဒီ ဓာတ်ပုံ အယ်လ်ဘမ်တွေ ကိုတော့ မကြည့်ချင် ပါဘူး။ ရဲရဲ ၀ံ့ဝံ့လည်း မကြည့်ဝံ့ သေးပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီအယ်လ် ဘမ်တွေထဲမှာ ဘယ်လို ပုံရိပ်တွေ ရှိနေလဲ ဆိုတာကို ကျွန်မ အတိအကျ သိနေ လို့ပါပဲ။
ဖွေးဖြူ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|