|
Written by ထွန်းတောက်ထွဋ်
|
|
Tuesday, 08 January 2013 18:40 |
“ဒီရုံးမှာ အလုပ်လုပ်တဲ့(...)ဌာနက ဒေါ် သန္တာမွန်နဲ့ တွေ့ချင်လို့ပါ” “သုံးထပ်မြောက်ကို တက်သွားပြီး တွေ့တဲ့ လူကို မေးကြည့် လိုက်။ ခေါ်ပေး ပါ လိမ့်မယ်။ ဒီမှာ ဧည့်တွေ့ ကတ်ပြား ယူသွား ပါရှင်”
argaiv1206
ထုထည် အခိုင် အမာနဲ့ တည်ဆောက် ထားတဲ့ အဆောက် အအုံကြီး ထဲက လှေကားထစ်ပေါင်း များစွာကို နင်းတက်ခဲ့ရင်း သုံးထပ်မြောက် အရောက်မှာတော့ ကော်ရစ်ဒါ အတိုင်း လျှောက် လာတဲ့ ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်ရတဲ့ အတွက် မေးမြန်း စုံစမ်းရ ပြန်ပါ တယ်။ “ဒေါ်သန္တာမွန်နဲ့ တွေ့ချင်လို့ပါ” “ဟို ရှေ့မှန်လုံ ခန်းထဲက တစ်ယောက် ယောက်ကို မေးကြည့် လိုက်ပါ” “ဟုတ်ကဲ့။ ကျေးဇူးပါပဲ” အမျိုးသမီး နှစ်ယောက် ညွှန်ပြရာ မှန်လုံ ခန်းထဲ ၀င်လိုက်တဲ့ အခါမှာတော့ အေးစိမ့် လွန်းတဲ့ အဲယားကွန်း အရှိန်ကို စတင် ခံစားရပြီး ရုံးစားပွဲ ကိုယ်စီမှာ ကွန်ပျူတာ ကိုယ်စီနဲ့ အလုပ်လုပ် နေကြ တဲ့ အမျိုးသမီး အများစုကို တွေ့ရပါတယ်။ အမေး စကားတွေ ထွက်မလာဘဲ စူးစမ်းတဲ့ အကြည့် တွေကြောင့် ကျွန်တော့် ဘက်ကပဲ စတင် မေးမြန်း ရပါတယ်။
“ဒေါ်သန္တာမွန်နဲ့ တွေ့ချင်လို့ပါ ခင်ဗျာ” “သြော်၊ ကျွန်မပါ။ ဘာကိစ္စ ရှိလို့လဲ မသိဘူး” “ဒီလိုပါ။ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဟိုပင်မြို့နယ် ခွဲမှာ နေတဲ့ စာရေးဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)က ကျွန်တော့် အတွက် “လက်ဆောင် ပစ္စည်း တစ်ခု ပို့ထားပါတယ်။ ဒီရုံးက ဒေါ်သန္တာမွန် ဆီမှာ သွားယူ ပေးပါ”ဆိုပြီး ဖုန်းဆက်၊ မေတ္တာရပ် ခံလာလို့ ကျွန်တော် လာယူ တာပါ။ ကျွန်တော့်နာမည် ထွန်းတောက်ထွဋ်ပါ”
ကျွန်တော့် စကားအဆုံး မှာတော့“ကျွန်မပါ”လို့ ပြောခဲ့တဲ့ အသက် နှစ်ဆယ်ကျော် အရွယ် အမျိုး သမီးဟာ ခေါင်းရှုပ်တဲ့ ပုံစံနဲ့ မျက်နှာ တစ်ချက်မဲ့ သွားခဲ့ပြီး- “ဘယ်က စာရေး ဆရာမလဲ။ ကျွန်မ မသိ ဘူးရှင့်။ ပြီးတော့ ရှင့်နာမည် ကိုလည်း ဘယ်သူမှ ဖုန်းမဆက် ထားဘူး။ ရှင် ရုံးမှားလာပြီနဲ့ တူတယ်” အဲဒီ အမျိုးသမီးရဲ့ ခါးခါး သီးသီး စကားသံ ကြောင့် စိတ်ထဲ ကသိကအောက် ဖြစ်သွားတဲ့ ကျွန်တော့် ဘက်ကပဲ သေချာ ပြန်ပြော ရပါတယ်။
“ဒီရုံးမှာ အလုပ်လုပ် တယ်လို့ သေချာဖုန်း ဆက်ထား တာပါ။ ကချင်ပြည်နယ်က လာပြီး အလုပ် လုပ်နေတဲ့ ဒေါ်သန္တာမွန်ပါ” ကျွန်တော့် စကားကြောင့် မျက်မှောင်ကြုတ် သွားတဲ့ အမျိုး သမီးက- “နေပါဦး။ ရှင်တွေ့ချင်တာ စန္ဒာမွန်လား၊ သန္တာမွန်လား” “ဒေါ်သန္တာမွန်ပါ”
“သြော်။ ရှင်က လေးလုံး ကွဲအောင်မှ မပြောတာကိုး။ ကျွန်မ နာမည်က စန္ဒာမွန်ရှင့်။ သန္တာမွန်က ဟိုးအတွင်း ဘက် အခန်းက စားပွဲမှာ။ ဘာတွေ မှန်းကို မသိဘူး။ ရှုပ်နေတာပဲ။ ဟဲ့၊ ဟိုတစ်ယောက်ကို ခေါ်ပေး လိုက်ဦး”
သူကိုယ်တိုင် သွားမခေါ်ဘဲ တခြားတစ် ယောက်က တစ်ဆင့် လှမ်းခေါ် ခိုင်းလိုက်တဲ့ အဲဒီ အမျိုးသမီးရဲ့ ပုံစံကြောင့် သန္တာမွန်နဲ့ စန္ဒာမွန်တို့ သိပ်ပြီးကီး မကိုက်ကြဘူး ဆိုတာ အလိုလိုသိ လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ဗလုံး ဗထွေး အသံနဲ့ ခပ်မြန်မြန် စကားပြော တတ်ပုံက စန္ဒာမွန် ဆိုသူကို ကသိကအောက် ဖြစ်သွားစေတာ သေချာခဲ့ပြီး နောက်မှာတော့ ဒေါ်သန္တာမွန် တစ် ယောက် ကျွန်တော့် ရှေ့ကို ရောက်လာတာပါပဲ။
“ကိုထွန်းတောက်ထွဋ် ထင်တယ်” “ဟုတ်ပါတယ်။ ဒေါ်သန္တာမွန်” “လာပါ ဆရာ။ ကျွန်မရဲ့ ညီအစ်မ တစ်ဝမ်း ကွဲ လင်းယဉ်နွဲ့(မြို့သစ်ကလေး) က ကျွန်မဆီ ဖုန်းဆက် ပြောပြီး သေချာ မှာထား ပါတယ်။ ဆရာ့ ကို ပေးခိုင်းတဲ့ လက်ဆောင် ပစ္စည်း ကလည်း လူကြုံက တစ်ဆင့် ကျွန်မဆီ ရောက်နေ ပါပြီ။ ဒီခုံ မှာ ထိုင်ပါ ဆရာ။ ကျွန်မနဲ့ တွေ့ဖို့ အတော်လေးမှ ရှာလိုက်ရ သလား မသိဘူး။ စိတ်အနှောင့် အယှက် ဖြစ်သွားတာ တွေအတွက် ခွင့်လွှတ်ပါ ဆရာ။ကျွန်မတို့ ရုံးထုံးစံက ဒီလိုပါပဲ။ သူနဲ့ ကျွန်မက သိပ်အစေး မကပ် ကြဘူးလေ။ ဟင်း...ဟင်း...” “ရပါတယ်ဗျာ”
လေးစား သမှုနဲ့ ဒေါ်သန္တာမွန် လို့သာ ခေါ်လိုက် ရပေမဲ့“ဒေါ်”တပ်ခေါ်ရ လောက်တဲ့ အထိ အသက်မကြီး သေးတဲ့ စကားသံ ၀ဲဝဲနဲ့ ပွင့်ပွင့်လင်း လင်းပြောဆို တတ်ပုံ ရတဲ့ ခင်မင်နှစ် လိုဖွယ် ကောင်းတဲ့ အသက်နှစ်ဆယ် ကျော် အရွယ် သန္တာမွန်ဟာ ပျာပျာသလဲ ပုံစံနဲ့ပဲ ဧည့်ခံ စကားဆို ရင်း ကျွန်တော့်ကို ကော်ဖီ ဖျော်တိုက်ပါတယ်။ ကိုယ်ရေး ရာဇ၀င် အနည်းအကျဉ်းနဲ့ ဒေသိယ ကိစ္စ တချို့ပြောဆို၊ ရယ်မော ဖြစ်ကြပြီး နောက်မှာတော့ ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ပေးလာတဲ့ လက်ဆောင် ပစ္စည်းကို မြင်လိုက်ရတဲ့ အတွက် ကျွန်တော့် ရင်ထဲမှာ စစ်ခနဲ နာကျင် သွားရတာ အမှန်ပါပဲ။ မှန်ဆို ကျွန်တော် လူပျိုဖြစ်စ အရွယ် ကတည်းက နှစ်သက်ခဲ့ပြီး ခေတ်ကာလ အခြေ အနေနဲ့ အကြောင်းတရား အမျိုးစုံ ကြောင့် ၁၅ နှစ် ကျော်ကျော် မ၀တ် ဖြစ်ခဲ့တဲ့ ကချင် ပုဆိုး ကလေး တစ်ထည် ဖြစ်နေတာကိုး။
ဘာပဲဖြစ်ဖြစ် အတိတ်က နာကျင် ခံစားခဲ့ရ တာတွေနဲ့ လက်ရှိ နာကျင်စပြု လာပြန်တာကို ခဏ လောက် မေ့ဖျောက်ရင်း သန့်စင်တဲ့ မေတ္တာနဲ့ပေး လာတဲ့ ကချင် ပုဆိုးလေးကို စလွယ် သိုင်းအိတ် ထဲထည့်။ ဒေါ်သန္တာမွန်ကို နှုတ်ဆက် စကားပြော ပြီး အတွေး များစွာနဲ့ ရွှေပြည်သာ ပြန်လာခဲ့သူ ကျွန်တော့် ရင်ထဲမှာတော့ အတိတ်က နာကျင် စရာ ဖြစ်ရပ်တွေ ပြန်လည် နေရာယူ လာတာပါပဲ။
ချည်သား စစ်စစ် အနက်ခံပေါ်မှာ ဘဲခေါင်း စိမ်းရောင်၊ နီညိုရောင်နဲ့ ခရမ်းရင့် ရောင်တွေကို အကွက်ကြီး၊ အကွက်ငယ် ရောဖောက်“ရက်လုပ်” ထားတဲ့ ကချင်ပုဆိုး အဆင် တစ်မျိုးကို ၁၉၈၄ ခုနှစ် ကျွန်တော် လူပျိုဖြစ်စ အရွယ် ကတည်းက နှစ်သက် မက်မောစွာ ၀တ်ဆင်ခဲ့ တာမျိုးပါ။
အဲဒီ အချိန်ကာလ တွေတုန်းက မြန်မာပြည်ထဲ မှာရှိတဲ့ အမျိုးသားထု ၁၀၀ ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း လောက်က အဲဒီလို ကချင် ပုဆိုး အဆင် မျိုးတစ်ယောက် တစ်ထည် လောက်တော့ ပိုင်ဆိုင် ထားကြ ပါတယ်။ အရောင် အသွေးတောက် တောက်ပပကြီး မဟုတ်သလို ခပ်မှိုင်းမှိုင်းဘက် လည်း မကျတဲ့ ပုဆိုး အဆင် တစ်မျိုးမို့ အမျိုးသား အများစု နှစ်သက်ကြတာ မဆန်းပါဘူး။ အဲဒီပုဆိုး အဆင်ရဲ့ အားသာချက်က “အပေ အရေခံခြင်း၊ ရာသီ ဥတုနဲ့ ကိုက်ညီခြင်း၊ အဆင်အသွေး၊ မကလက်ဘဲ တည်ငြိမ်ခြင်းနဲ့ ၀တ်ဆင်တဲ့ အခါ လွတ်လပ် ပေါ့ပါးခြင်း” လို့ ပြောရင်ရပါတယ်။ လည်ကတုံး အင်္ကျီ အဖြူနဲ့ တွဲဝတ်ရင် အင်မတန် လိုက်ဖက်တဲ့ အဆင်လို့ ပြောရ မှာပါ။ တချို့အမျိုး သားတွေ ဆိုရင် ခေတ်ပေါ် စပို့ရှပ်၊ တီရှပ်၊ တခြား အရောင်အသွေး ရှိတဲ့ ရှပ်အင်္ကျီ တွေနဲ့တောင် မက် မက်စက်စက် တွဲဝတ် လေ့ရှိကြ တာမျိုးပါ။
ကျွန်တော် ကိုယ်တိုင် အဲဒီ ပုဆိုးအဆင်ကို နှစ် သက်လွန်းတာမို့ ပထမ တစ်ထည် အရောင်မလွင့် ခင်မှာဘဲ ဒုတိယ တစ်ထည် ကြိုဝယ် ထားတတ် တာမျိုးပါ။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်မှာ တိုင်းရေး ပြည်ရေး မငြိမ်မသက် ဖြစ်သွားခဲ့ပြီး နောက်ပိုင်း ပြောင်းလဲ သလိုလို၊ မပြောင်းလဲ သလိုလို ဖြစ်နေတဲ့ ခေတ်၊ စနစ် တစ်ခုမှာ အဲဒီပုဆိုး အဆင် ကလေးနဲ့ ၀တ်ဆင်မိသူတွေ ဓားစာခံ ဖြစ်ခဲ့ရပါတယ်။ ဖြစ်ဆို အာဏာ လက်ဝယ် ရှိတဲ့ အုပ်ချုပ်သူ လူတန်းစား တစ်ရပ်ကို“လမ်းကြောင်းမှန်၊ စနစ်မှန် ရောက်စေ ဖို့။ ပြည်သူ လူထု ဘ၀ အခြေအနေ တိုးတက် မြင့်မား စေဖို့”အတိုက်အခံ လုပ်နေတဲ့ ပါတီ တစ်ခုက အဲဒီ ပုဆိုး အဆင်ကို ပါတီဝင် အမျိုးသားတွေ အတွက် တူညီ ၀တ်စုံ လုပ်ခဲ့ရာက စပါတယ်။ ဒီအထိ လည်း ဘာပြဿနာမှ မရှိသေးပါဘူး။ နောက် ပိုင်းအချိန်တွေမှာတော့ အဲဒီ ပုဆိုး အဆင်ကလေး ၀တ်ထားတဲ့“အမှန်တရား အတွက် ဆန္ဒပြဖော် ထုတ်”နေသူတွေကို နှိပ်ကွပ်၊ ဖမ်းဆီး၊ ထိန်းသိမ်း လာရာ ကအစ အဲဒီပုဆိုး အဆင်နဲ့ ဘာ ပယောဂမှ မပါဘဲ နှစ်သက်စွာ ၀တ်ဆင်ခဲ့ သူတချို့ ဓားစာခံ ဖြစ်ခဲ့ရတယ် ဆိုတာပါပဲ။
“ဆူးလေ၊ ရွှေပြည်သာ”ဘတ်စ်ကား စီးရင်း အတိတ် အတွေးစတွေ လွင့်မျောစွာနဲ့ အိမ်ပြန် ရောက်လာတဲ့ ကျွန်တော်ဟာ အဲဒီကချင်ပုဆိုး ကလေးကို မလိုချင်၊ လိုချင်ပုံစံမျိုးနဲ့ ဒုတိယ အကြိမ်ထုတ် ကြည့်ဖြစ်တဲ့ အခါမှာတော့ ပုဆိုးနဲ့ အတူ ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ရဲ့ စာတစ်စောင်ကို တွေ့လိုက် ရပါ တော့တယ်။ ဆရာ... ဖြူသော မေတ္တာနဲ့ ကျွန်မ ပေးပို့ လိုက်တဲ့ လက်ဆောင်လေးကို နှစ်သက် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အစ ကတော့ ဒီနွေမှာ ကျွန်မ ရန်ကုန် လာဖြစ် ခဲ့ရင် လက်ဆောင်ကို ပေးမယ်လို့ တွေးထားပေ မဲ့ မနက်ဖြန် ဆိုတာ ဒီနေ့လောက် မသေချာတာမို့၊ လူကြုံလည်း ကောင်းလို့ ပါးလိုက်တာ ပါဆရာ။ ကျွန်မ လိုချင်တဲ့ စာအုပ် တချို့ကို အလုပ်ရှုပ်ခံ၊ အကုန် အကျခံပြီး ပို့ပေးတဲ့ ဆရာ့ကို ကျေးဇူး အထူးတင် မိသလို အားလည်း အရမ်းနာ မိပါတယ် ဆရာ။ ငယ်စဉ် ကတည်းက စာအုပ်တွေနဲ့ အနေများ သူမို့ စာအုပ် ဆိုရင် ကျွန်မ တအားကို မက်မောပါ တယ်။ စာကောင်း ပေကောင်း တွေက ကျွန်မ အတွက်တော့ တန်ခိုးရှင် ပါပဲ။ စိတ်ပျက် အားငယ် မှုတွေ၊ ၀မ်းနည်း နာကျင်မှု တွေကို ဖြေဖျောက်ပေး စေနိုင်ပါတယ်။ ယိုင်လဲ ချင်နေတဲ့ စိတ်ဓာတ်တွေ ကိုလည်း တည့်မတ် ပေးစေ ပါတယ်။ ဆရာ့ရဲ့ မဂ္ဂဇင်း စာမျက်နှာ ပေါ်မှာ ရောက်ရှိပြီးတဲ့ ၀တ္ထုတို တွေ အားလုံးကို တစ်ခုမကျန် ကျွန်မ ဖတ်ခွင့်ရ ချင်ပါသေးတယ် ဆရာ။ ဆရာ မင်းဝေဟင်ရဲ့ ၀တ္ထုတိုစု စာအုပ် လိုမျိုး ဆရာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထုတ်ဖြစ် ပါစေလို့ ကျွန်မ ဆု တောင်းပါတယ်။
ကချင် ပုဆိုးကလေး ၀တ်ဖြစ်တိုင်း ကချင် တောင်တန်း တစ်နေရာက ရှမ်းမြန်မာ တောင်ပေါ် သူသွေးချင်း တစ်ယောက်ကို သတိတရ ရှိနိုင်ပါ စေ။ လေးစား ခင်မင်စွာဖြင့် လင်းယဉ်နွဲ့(မြို့သစ်ကလေး) ကချင်ပြည်နယ်
ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး) ရဲ့ စာကို ဖတ်ပြီး သွားတဲ့ အခါမှာ တော့ အဲဒီကချင် ပုဆိုး ကလေးနဲ့ ပတ်သက်ပြီး စိတ်ထဲ ကြည်လင် သွားတဲ့ ကျွန်တော်ဟာ ကချင် ပုဆိုးကလေးကို တစိမ့်စိမ့် ထိုင်ကြည့်ရင်း လက်ဆောင် ပေးလာသူ ဆရာမ အတွက် ပြန်စာ တစ်စောင် ကောက်ရေးမိ တော့တာပါပဲ။
ဆရာမ... ကချင်ပြည်နယ် ဒေသ ထွက်ကုန် အစစ်ဖြစ် တဲ့ ကချင် ပြည်နယ် ပုဆိုး တစ်ထည် လက်ဆောင် ရတာကြောင့် အတိုင်းမသိ ၀မ်းသာရ သလို အတိုင်း မသိလည်း အားနာ ရပါတယ်။ ကျွန်တော် ၀တ်ခဲ့ ဖူးတဲ့ ကချင်ပုဆိုး တွေထက် ပိုစစ် နေမှာ သေချာတဲ့ ပုဆိုးကလေး တစ်ထည် အတွက်ငွေ ကြေးအတိုင်း အတာ တစ်ခု အထိ ကုန်ကျ ခဲ့မှာသေ ချာပေမဲ့ ဆရာမရဲ့ မေတ္တာ၊ စေတနာက တန်ဖိုး ဖြတ်လို့ မရနိုင်ဘူးလို့ ယုံကြည် နေပါတယ်။
ဒါပေမဲ့ ဆရာမရေ။ အဲဒီ ပုဆိုး အဆင်ကို ကျွန်တော် မ၀တ် ဖြစ်ခဲ့တာ ၁၅ နှစ်မက ကြာခဲ့ ပါပြီ။ ကျွန်တော်ဟာ ဘ၀ သရုပ်ဖော် စာရေးဆရာ တစ်ယောက်ပါ။ မတရားမှုကို မနှစ်ခြိုက် သလို တရား မျှတမှုကို လိုလားတဲ့လူ သားတစ်ယောက် လို့ ပြောရင်ရ ပါတယ်။ ကျွန်တော့်မှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ နိုင်ငံရေး အစွဲ မရှိပါဘူး။ ကျွန်တော် သိသလောက်၊ တတ်သလောက် ပညာ၊ အတွေး အခေါ်၊ ဆင်ခြင်တုံ တရားနဲ့ ကျွန်တော် ကျင်လည် နေရတဲ့ လူ့ပတ်ဝန်းကျင်က လူမှုဘ၀ဒုက္ခ၊ သုခ ပေါင်းစုံကို ၀တ္ထုတို အဖြစ်ချ ရေးနေတဲ့ ရသစာရေး ဆရာ တစ်ယောက်ပါ။ “စာပေဟာ နိုင်ငံရေးရဲ့ အထက်မှာ ပဲရှိ နေရမယ်”။ “ပြီးပြည့်စုံတဲ့ နိုင်ငံရေး စနစ်ဆိုတာ ဘယ်ခေတ် ဘယ်အခါ ကမှ မပေါ် ပေါက်ခဲ့ သေးပါဘူး။ ကမ္ဘာတည် သရွေ့ နောင် လည်း ပေါ်ပေါက် လာစရာ အကြောင်း မရှိဘူး”လို့ ယုံကြည် လက်ခံထား သူပါ။ ဘာပဲဖြစ်ဖြစ် တိုင်း ရင်းသား ရိုးရာ အထည်တ စ်မျိုးကို နိုင်ငံရေး ကစား ကွက်တစ်ခုမှာ ရမယ်ရှာ လာကတည်းက စိတ် အနှောင့် အယှက် ဖြစ်ခဲ့ ရသူပါ။ အဲဒီပုဆိုး အဆင်ကို ပါတီအတွက် ၀တ်ဆင်ခဲ့ သူတွေကို စိတ်ခုပြီး အဲဒီ လူတွေကို ဖမ်းဆီး နှိပ်ကွပ် ခဲ့တဲ့ သူတွေကို စိတ်နာ ခဲ့တာ အမှန်ပါ။ ဟုတ်ပါတယ် ဆရာမ။ ဘာ ပယောဂမှ မပါဘဲ ကျွန်တော်ကြိုက်လို့ ကျွန်တော် ၀တ်တာ အပြစ်ရှိ လားဗျာ။ အဲဒီ အချိန် ကာလတွေ တုန်းက ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာ တွေကြောင့် ၀တ်ချင် တာတောင် မ၀တ်ရဲ ခဲ့တာ အမှန်ပါ။ စိတ် ပေါက်ပေါက်နဲ့ ရွဲ့ပြီး ၀တ်မိပြန် တော့လည်း အိမ် အပြင်ထွက် တာနဲ့ မိဘ၊ အုပ်ထိန်းသူတွေက တားကြ ဆီးကြ လုပ်ပြန်ရောဗျာ။ ဘယ်သူ့ကိုမှ ပုတ်ခတ်ချင်တဲ့ သဘောနဲ့ ဒီစာကို ကျွန်တော်ရေး တာ မဟုတ်ပါဘူး။ တိုင်းပြည် တိုးတက်အောင် ပြည်သူ လူထုရဲ့စားဝတ် နေရေး၊ လူမှုရေး မှန်သမျှ အဆင်ပြေအောင် လုပ်ပေး နေသူ“ဘယ်သူ့ကို မဆို” ကျွန်တော် လေးစား ပါတယ်။ ထောက်ခံပါတယ်။ အားပေးပါတယ်။ ဒါဟာ မှန်သော စကားပါ။
ကျွန်တော်က ၁၉၆၉ ခုနှစ်မှာ မွေးခဲ့တာပါ။ ကျွန်တော် လူပျိုဖြစ်စ အချိန်က ယောက်ျားလေး မှန်ရင် ခုဆရာမ လက်ဆောင်ပေးတဲ့ ကချင်ပုဆိုး အဆင်မျိုး တစ်ထည် လောက်တော့ ရှိနေကြတာ များပါတယ်။ ရှိလောက်တဲ့ အထိ အဆင်အသွေး ကလည်း ယောက်ျား အများစု အကြိုက်ကိုး။ ကျွန်တော် ဆိုရင် ၀တ်နေကျ အထည်အရောင် မလွင့်ခင် နောက်တစ်ထည် ထပ်ဝယ်ထား မိတဲ့ အထိပါပဲ။ ဖြစ်ချင်တော့ ကျွန်တော်တို့တိုင်း ပြည်ရဲ့ နိုင်ငံရေး စနစ် လမ်းကြောင်း မှန်ပေါ်ရောက် အောင် လုပ်ပေးနေတဲ့ အတိုက်အခံ ပါတီ တစ်ခုရဲ့ ပါတီ ၀တ်စုံ ဖြစ်ပြီး နောက်ပိုင်း(...)နေ့၊ (...) နေ့တွေမှာ အဲဒီပုဆိုးနဲ့ အင်္ကျီ အဖြူဝတ်ပြီး အပြင် ထွက်ရင် ဘယ်သူ့ကို မဆို စစ်ဆေးမေးမြန်း တယ်၊ ဖမ်းတယ် ဆိုတာ မျိုးတွေ ဖြစ်လာကြုံလာ ကတည်းက ပါတီကို စိတ်ခု၊ အာဏာရှိသူ တွေကို စိတ်နာ သွားခဲ့ တာပါ။ လွတ်လပ်တဲ့ လူသားတစ် ယောက်အနေနဲ့ ဘာ ပယောဂမှ မပါဘဲ လွတ်လပ် စွာ ၀တ်ဆင်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့် မရှိတဲ့ ရန်ကုန် မြို့ကဆိုးရွားတဲ့ နေ့တချို့ကို ကြုံခဲ့ရတယ် ဆိုပါတော့ဗျာ။ အဲဒီ နောက်ပိုင်းမှာ ကစပြီး ဘာကို နာလို့ နာသွား မှန်းတောင် မပြောတတ် တော့ပါဘူး။ ဒါတောင် ကချင်ပုဆိုး အတုတွေ ရပ်ကွက်ထဲ လှည့်ရောင်းတဲ့ ဈေးသည်နဲ့ ဆုံတိုင်း အဲဒီပုဆိုး အဆင်ကို အရင်ဆုံး ကောက်ကိုင် မိတာ မျိုးပါ။ ၀ယ်တော့ မ၀ယ် ဖြစ်ခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဆရာမ လက်ဆောင်ပေး လာတဲ့ အဲဒီ ပုဆိုးကလေးကို ၀တ်ဖြစ် မှာပါ။ ဒါပေမဲ့ အဲဒီပုဆိုးကို ၀တ်မိလို့ အများတကာ မြင်တဲ့ အမြင်နဲ့ လက်ရှိ ကျွန်တော် ခံယူလိုက်တဲ့ အမြင် လုံးဝ ကွားခြား နေမှာပါ။ ကျွန်တော်ဟာ ပါတီ၊ နိုင်ငံရေး အစွဲမကြီး တဲ့အတွက် ရှမ်းမြန်မာ အမျိုး သမီး တစ်ယောက် ပေးလာတဲ့ ကချင် ပုဆိုးတစ် ထည်ကို မွန်မြန်မာ အမျိုးသား တစ်ဦးက ၀တ် တယ်လို့ပဲ ခံယူ မှာပါ။ ဆရာမ ပေးလာတဲ့ လက် ဆောင်ကို မြင်မြင်ချင်း စိတ်ထဲ နာကျင် သလိုလို ဖြစ်ခဲ့ရ ပေမဲ့ ဆရာမရေး တဲ့ စာကိုဖတ်ပြီး ဆရာမရဲ့ မေတ္တာ၊ စေတနာကို လေးစား လာတာကြောင့် ၀တ်ဖြစ်အောင် ၀တ်တော့ မှာပါ။ ဒီပုဆိုး ကလေး ထဲမှာ ဆရာမရဲ့ ခွန်အားတွေ၊ ချွေးနှဲစာတွေ၊ မေတ္တာ စေတနာတွေ အများကြီး ပါနေမှာပါ။ ဟို ဘက်သာ ဟိုဘက်ကူး၊ ဒီဘက်သာ ဒီဘက်ပြန် လာ လုပ်နေကြတဲ့ ခေတ်ကာလ ကြီးထဲမှာ ဘာ နိုင်ငံရေး အသွေး အရောင်မှ မပါဘဲနဲ့ လက်ဆောင် ပေးလာတဲ့ ပုဆိုး တစ်ထည်အတွက် ကျေးဇူး အနန္တပါလို့ပဲ ပြောချင် ပါတယ်။
နောက်ဆိုရင် ဘာလက်ဆောင်မှ မပို့ပါနဲ့ ဆရာမရယ်။ ဆရာမရဲ့ ချွေးနှဲစာကို မယူရက် လို့ပါ။ ဒီတစ်ခုနဲ့ တင် ကျေနပ်ပေးပါ။ ကျွန်တော့် ဘက်ကလည်း လက်ဆောင်ရ ထားတဲ့ စာအုပ် တွေကလွဲလို့ ဘာမှ ပြန်မပေး နိုင်တာ အမှန်ပါ။ ကျွန်တော်ရဲ့ ၀တ္ထုတို ပေါင်းချုပ် စာအုပ် ဖတ်ချင် တယ်ဆိုတာ ကတော့ ထုတ်ဝေသူ တွေဘက်က စီစဉ်မှပဲ ဖြစ်မှာပါ။ ကျွန်တော် ရေးလိုက်တဲ့ စာကို အဓိပ္ပာယ် အကောက်လွဲပြီး စိတ်မကောင်း မဖြစ်ပါနဲ့ ဆရာမ။ ရင်ထဲမှာ နာကျင် ခံစားခဲ့ရ တာတွေကို ရေးပြရုံ သက်သက်ပါဗျာ။ ခုဆိုရင် ၀တ်ချင်တဲ့ အချိန်မှာ ၀တ်ချင်တာကို ၀တ်ပြီး သွားချင်တဲ့ နေရာသွားလို့ ရပြီလေ။ အဲဒီလိုဖြစ် လာအောင် ကြိုးပမ်း ပေးခဲ့သူတွေ၊ အနစ်နာခံခဲ့ သူတွေကို လေးစား ကျေးဇူးတင် ရမှာပေါ့ ဆရာမ ရယ်။ ဘာပဲ ပြောပြော ဆရာမ ရေးခဲ့တဲ့ စာထဲက အတိုင်း တိုင်းရင်းသား ညီအစ်ကို မောင်နှမဆိုတဲ့ စိတ်ဓာတ် တစ်ခုတည်းနဲ့ အဲဒီ ကချင်ပုဆိုး ကလေး ကို ပြန်ဝတ်ဖို့ လုံးဝ ဆုံးဖြတ် လိုက်ရပါပြီ။
ဒါပေမဲ့။ အဲဒီပုဆိုး ကလေး တစ်ထည်ကို ကျွန်တော် ပြန်ဝတ်ကြည့်မဲ့ နေ့ကျရင် ကျွန်တော် ဖြစ်ပေါ်လာမဲ့ စိတ်ဓာတ်နဲ့ အသွေးအသား တွေထဲမှာ နိုင်ငံရေး အသွေးအရောင် တစ်ခုခုပါ၊ မပါဆိုတာကို တော့...။ လေးစားစွာဖြင့် ထွန်းတောက်ထွဋ် ရန်ကုန်တိုင်းဒေသကြီး
ထွန်းတောက်ထွဋ်၊သင်္ချာ၊ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃) မှတ်ချက်။ ။ ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)အတွက် အမှတ်တရ ရေးပါသည်။ ဆရာမဘက်က ခွင့်လွှတ်နိုင်မည် ထင်ပါသည်။
|