|
Written by အဲလိုထူး
|
|
Tuesday, 08 January 2013 18:01 |
ဗေဒင် ဆရာက ဟောတယ်။ ရှေ့ဖြစ်ဖတ် ဆရာက ပြောတယ်။ ကလင်ဒါ ကျတွေသာ အမြဲတမ်း မှန်မယ်ဆို သူဌေး ဖြစ်တာ ကြာပေါ့။
argaiv1093
argaiv1694
ကောင်မလေးက သေသေချာချာ တွေးပြီး အဖြေ မရေရာလို့ မေးလိမ့်မယ်။ သူဌေးဖြစ်ဖို့ လူလုပ်နေ ကြတာလားလို့၊ ဟုတ်များ ဟုတ်နေကြ သလား။ မသိဘူး။ ညနေစောင်းလို့ ကောင်မလေးက တစ်ကိုယ်လုံးကို အမွှေးနံ့သာတွေ ပက်ဖျန်းပြီး တိုက်ခန်း လှေကားက ဆင်းသွားချိန်မှာ အဘိုးကြီးက ၀ီစကီ ပုလင်းပြားကို ဖွင့်ပြီ။ လှေကား အချိုးအကွေ့မှာ နည်းနည်းမှောင်တော့ မီးထွန်း ထားရတယ်။
ဘ၀တွေ တချို့ သွေးတိုးပြီး တချို့ ချွဲကျပ် နေကြတယ်။ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်ခြေထောက်နဲ့ ကိုယ်လျှောက် ရမဲ့ နေ့တစ်နေ့မှာ ဆောက်လုပ် ပြီးစ အသစ်ကျပ်ချွတ် တိုက်ခန်းတွဲ ကြီးဆီကို ဟာမိုန မဖြစ်တဲ့ စုံတွဲတစ်တွဲ ပေါက်ချလာတယ်။အနံ့အသက် အသစ် အဆန်း ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင် ပါးစပ်ပေါက် တွေဆီ ဟုတ်ခနဲ ပြန့်သွား တာပေါ့။ ဟုတ်တာတွေ ဟုတ်ပြီး မဟုတ်တာ တွေလည်း မဟုတ်ပါဘူး။ လူတော်တော် များများက အနုပညာ ဆန်ကြတယ်။ လုပ်ဇာတ်တွေကို ပြောကောင်း၊ ကြားကောင်း ဖြစ်အောင် ဖန်တီး နိုင်စွမ်း ရှိကြလို့။ အသံတွေ၊ ကိုယ့်ထမင်း ကိုယ် ရှာစား ရပြီးတော့ မှတ်ချက်တွေ ပေးလိုက်တာ အရောင်စုံ။ ဘယ်သူကတော့ ကိုယ့်ဇာတ်ကြောင်း အလုံးစုံကို ကန့်လန့်ကာရှေ့ ထွက်ရပ်ပြ ပါ့မလဲ။ လက်လှမ်းမီ သမျှ သတင်းတွေကို စုချုပ် လိုက်တော့ အဲဒီနှစ်ယောက်က လင်မယားလို့ အဖြေထွက် ပါတယ်။
ဆယ်ကျော်သက် တို့ရဲ့ ဘာသာ စကားနဲ့ ပြောမယ် ဆိုရင်တော့ ကောင်မလေးက တကယ့် အလန်း၊ ၀င်းဖန့် နေတဲ့ အသားအရေ ပေါ်မှာ ပ၀ါပါးပါး အုပ်ထား သလိုမျိုး၊ နှုတ်ခမ်းသား ကိုတော့ ရွှဲရွှဲနီ ဆိုးထားတယ်။ အားလုံးက ထင်ကြတယ်။ ကောင်မလေး တစ်ကိုယ်လုံး သန့်ပြန့် မွှေးကြိုင် နေမယ်ဆိုတာ။ အရပ်အမောင်းနဲ့ မျက်နှာကျက တိုင်းချုပ်ထားတဲ့ အလား၊ ဘယ်လို မိဘတွေရဲ့ သားသမီး ကလေးလဲ ဆိုတာလည်း သိချင် နေကြမှာပေါ့။ ဘောင်းဘီတို အကျပ် ၀တ်တယ်။ အသားကပ် အ၀တ်အစား တွေဆင်တယ်။ နားကပ် မ၀တ်ဘဲ နားပေါက် တွေက နှစ်ဖက်ပေါင်း လိုက်ရင် သီးသီး ထနေ လိမ့်မယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူ ဆင်လိုက်ရင် ကြည့်ကောင်းတာမှ ဟိုဘက်တောင် လွန်သွား လိမ့်ဦးမယ်။
နဂိုရှိမှ နကိုင်း ထွက်တယ်ဆိုတာ ပင်ကိုလှ တဲ့သူ တွေကို ပြောတာလား။ ဒါနဲ့များ ဒီအဘိုးကြီးနဲ့ ဘယ်လိုညားကြ သလဲ ဆိုတာ တွေးတော ကြပါ လိမ့်မယ်။ အဖြေက အဝေးကြီးမှာ မရှိပါဘူး။ အများကြီးလည်း မရှိဘူး။ အရင်းစစ် အမြစ်မြေ ကဆိုသလို ခေတ်စနစ် ကြီးကိုပဲ စုပုံ အပြစ် ပြောရပါ လိမ့်မယ်။ ဒါကြောင့်သာ ဒါဖြစ်တာ ဆိုသလို မျိုးပေါ့။ ဘာပဲ ပြောပြောပါ။ ဖူးစာပါ လို့ပဲဖြစ်ဖြစ်၊ ဦးရာလူ ရလာတယ်ပဲပြောပြော လတ်တလော မှာတော့ ချိုသာ စရာရှိရင် လှိုက်လှိုက်လှဲလှဲ ချိုသာပြီး ပြတ်သား စရာရှိရင် ရှင်းရှင်းလင်းလင်း ပြတ်သားမဲ့ မေးရိုးမျိုးနဲ့ ကောင်မလေးက ယာယီ သန်းခေါင်စာရင်း အသစ်မှာ ချရေး လိုက်တယ်။ မှီခို၊ ဟုတ်တယ်။ သူက မှီခို ပါတဲ့။
စပ်စု တတ်တဲ့ ပတ်ဝန်းကျင်ရဲ့ သတင်း အချက်အလက် အရတော့ အဘိုးကြီးက သစ်လုပ်ငန်း လုပ်တယ်လို့ အသံထွက် ပါတယ်။ မောင်းလို့ရ၊ စီးလို့ရတဲ့ ကားတစ်စီး ပါလာတယ်။ သေချာလောက် ပါတယ်။ ဒါ အသစ် တည်ဆောက် လိုက်တဲ့ နောက်အိမ်ထောင် ဆိုတာ။ တိတ်တိတ် ပုန်းလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ထင်ကြေး ပေးကြတာ တွေလည်း ရှိရဲ့။ ပတ်ဝန်း ကျင်ထင်မယ် ဆိုလည်း ထင်လောက်တာပေါ့။ တိုက်ခန်း အသစ်ကြီး ကိုပြောင်း လာတဲ့ လင်မယား အသစ်က အ၀တ် တစ်ထည် ကိုယ်တစ်ခု သာသာနဲ့ တိုက် ခန်း တွဲကြီးရှေ့ ကားရပ်ပြီး တိုက်ခန်း ပေါ်တက် နေသလိုမျိုး။
ပတ်ဝန်းကျင်မှာ အမြင်သစ်တွေ ဖြစ်ထွန်းလာတာနဲ့အမျှ စိတ်ဝင်စားမှုအာရုံက ယင်ကောင်တွေလို အုံကျ လာပါ လိမ့်မယ်။ မကြာခင် မှာတော့ မွေ့ရာ၊ ခုတင်၊ ဗီရို၊ မှန်တင်ခုံတွေ ကားကြီး ကားငယ် နဲ့ ရောက်ရှိလာ ပါတော့တယ်။ ရေခဲ သေတ္တာ၊ အပေါ်စက်၊ အောက်စက်၊ ဆက်တီခုံ ၀မ်းဆက်နဲ့ အဲယားကွန်း လေအေး ပေးစက်ကို သူတို့ အိပ်ခန်းခေါင်း ရင်းမှာ နံရံ အပြင်ဘက်က မူလီနဲ့ ကပ်စုပ်လိုက်တော့ ပတ်ဝန်းကျင် တစ်ခွင်တစ် ပြင်လုံး သွားရည်ယို ကြပြီပေါ့။ ငါ့သမီးလေးသာ ဖြစ်လိုက်ပါတော့ အထိ ပါမယ် မထင်ပါဘူး။ ကောင်မလေးရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ဆင်းကာ တက်ကာ ၀ယ်ယူ နေတာကို ပတ်ဝန်းကျင် က ကူညီချင် ကြပါလိမ့်မယ်။ လက် ကိုင်ဖုန်း ကလေးကလည်း ခဏခဏ မြည်တယ်။ စပန့် ဂါဝန်ရှည်ကြီး ကလည်း ကောင်မလေးရဲ့ ကုပ်သားဝင်းဝင်းကို ဖုံးဖိ မထား နိုင်ဘူး။ အဘိုးကြီး ကတော့ အရက် သောက်ချင် သောက်နေ မှာပေါ့။
ကြည့်စမ်း၊ မေတ္တာ တရားက တစ်ဖက်မှာ ကမ်းပြိုပြီး တစ်ဖက်မှာ သောင်ထွန်း လိုက်ပုံများ။ ပထမ အိမ်ထောင်နဲ့ သားကြီး သမီးကြီးတွေ ရှိမှာ သေချာတဲ့ အဘိုးကြီးရဲ့ မေတ္တာ တရားတွေ။ ဒါနဲ့ ပတ်သက်ပြီး ဆယ့်ခြောက်နှစ် သမီးကလေး ကိုတောင် မေးငေါ့ကောင်း မေးငေါ့ ကြပါလိမ့်မယ်။ တစ်ဖက်နဲ့ တစ်ဖက် ကြည်ဖြူလို့ အပေးအယူ လုပ်ကြတဲ့ ကိစ္စမှာ ဘေးဝင် မပါတာ အကောင်းဆုံး။ စီးပွားရေး သမား ရင့်မာကြီး တွေရဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ထုံးစံ အတိုင်းပေါ့။ ခေတ်ရေစီး ကြောင်းရဲ့ တောင်းဆိုမှု ကြောင့်လည်းဖြစ် ကောင်းဖြစ် နိုင်ပါတယ်။ စာနာမှု ရှိရှိ၊ တာဝန်သိသိ ကရုဏာ တရားက ထားတတ် မယ်ဆို တစ်ဖက်တစ်လမ်း အကျိုးရှိ ပါလိမ့်မယ်။ အဘိုးကြီး ဘက်က မဖြစ်မနေ တာဝန် ယူပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အတွက် ပေးဆပ် ထားရတာ တွေလည်း တနင့် တပိုး ဖြစ်နေ ပါလိမ့်မယ်။ ကောင်မလေးဘက် ကလည်း ပြတ်ပြတ် သားသား ပါပဲ။“စိတ်ချမ်းသာရေး ဦးစားပေးတဲ့ နေရာမှာ ဘယ်သူ့ ဘယ်သူ နင်လား၊ ငါလား မထိခိုက်ရင် ပြီးတာပါပဲ။ ကိုယ့်အနေ အထား ကိုယ်နားလည် ပါတယ်။ တစ်ဖက်ကလည်း ခံစား နားလည် ပေးရင် ပြီးတာပါပဲ”လို့ ဆိုတဲ့ အခါ ကျတော့ ဒီလူကြီးနဲ့ ပတ်သက် သမျှတွေ ထဲမှာ ပစ္စည်းဥစ္စာ မပါဘူး။ နေရာတစ်ခု အမည်ခံ ပေးတယ် ဆိုရင်ပဲ တစ်ဖက်ရဲ့အရင်းအနှီးကို အသိအမှတ်ပြုပါတယ်တဲ့။ ဟုတ် လည်းဟုတ်တယ်။ လူချည်း သက်သက် ထွက်လာတဲ့ အဘိုးကြီးနဲ့ ပတ်သက် ပြီး လက်ထက် ပွား ဥစ္စာပစ္စည်း တွေက ကောင်မလေးရဲ့ ကံဇာတာ ကြောင့်လို့ ပြောရ ပါလိမ့်မယ်။
ချစ်တော့ ချစ်တယ်၊ အလိုမ လိုက်ဘူး ဆိုသလိုမျိုး။ မနက် မိုးလင်းစာ စားသောက်ပြီးလို့ အဘိုးကြီး လုပ်ငန်းခွင်ထဲ သွားတော့မယ် ဆိုတာနဲ့ ကောင် မလေးကို မယ်သီတာလို စည်းသုံးတန် တားခဲ့ပြီးသား။ အလှူခံ လာရင်တောင် တိုက်ခန်းတံခါး ဖွင့်မပေးရ။ ကောင်မလေး ကလည်း ပြီးခဲ့ သမျှကို ခ၀ါချပြီး ပြတ်ပြတ် သားသား နားထောင်တယ်။ တိုက်ခန်းထဲမှာ အိမ်မှုကိစ္စတွေ သိမ်း ကျုံးလုပ်မယ်။ ရုပ်ရှင်ကြည့်မယ်။ သီချင်း နားထောင်မယ်။ စာအုပ် ဖတ်မယ်။ အဆင်သင့် ရှိပြီးသား အသံနဲ့ ဆက်သွယ်မှုကို တောင် တစ်ချက် ကလေးမှ အတို့ အထိ မရှိ။ ပတ်သက်ခဲ့ သမျှကို Black List လုပ် ထားသလားမှ မသိတာ။
အသွား အပြန်ရှိတယ် ဆိုတဲ့ မေတ္တာ တရားက တချို့နေရာ တွေမှာ နားလည်ရ ခက်မှာ သေချာ တယ်။
ဘယ်သူ့ အတွက်ရယ်လို့ တပ်အပ်မပြောနိုင် တဲ့ ခေါင်းစဉ် တချို့နဲ့ ပတ်ဝန်းကျင်ကို အားဖြည့် ပေးတာမျိုးလည်း ရှိပါတယ်။ ဒါသည်ပင်လျှင် ကောင်မလေးရဲ့ သဘော တူညီချက်က ရာခိုင်နှုန်း ပြည့် လိုအပ် တော့တာပေါ့။ ခြေခင်း လက်ခင်းသာ ယာတဲ့ ညနေမျိုးမှာ ကောင်မလေးတို့ လင်မယား ကို ရပ်ကွက် ကလေးရဲ့ လမ်းမပေါ် မှာတွေ့နိုင်ပါ တယ်။ လမ်းလျှောက်တာ။ အသက်ကြီး သူတွေ အတွက် ကျန်းမာရေး ဆေးတစ်လက် အနေနဲ့။ ကလေးမလေးရဲ့ လက်မောင်း တစ်ဖက်က အဘိုး ကြီးရဲ့ ချိုင်းကြားကို လျှိုပြီး၊ ကားနဲ့ ထွက်သွားရင် လည်း ကားခေါင်းခန်းမှာ ရယ်ရယ် မောမောပျော် ပျော်ပါးပါး။ ကလေး မလေးရဲ့ ရွယ်တူ တန်းတူ ဆယ့်ခြောက်နှစ် သားတွေ ဒေါသပွားလည်း ပွားချင် စရာပေါ့။ “ငါတို့လည်း ပိုက်ဆံစု ရမယ်။ ဆုတောင်း နေရုံနဲ့တော့ ဒါမျိုးရမှာ မဟုတ်ဘူး”
အသက်ရင့်သူ တွေနဲ့ ပတ်သက်လို့ ကျတော့ အရောင်အသွေး ကရင့်ထော်ကြမ်းတမ်း သွားပါလေ ရော။ ဒေါသ၊ မောဟ၊ သောကတွေ။ ဘယ်သူ့ ဘက်က ရပ်တည်မလဲ ဆိုတဲ့ အချက်အတွက် ပတ် သက်ရာ ပတ်သက် ကြောင်းတွေ ပါလာပါပြီ။
“ကောင်မလေးက အပိုင်ချည် လိုက်တာဗျ၊ ကြည့်ရတာ အဘိုးကြီးက လုပ်ငန်းကောင်းပုံရ တယ်။ ဒီလိုပါပဲ။ ဒီလို ကောင်မလေးတွေက ရုပ်ပြပြီး လုပ်စားနေကြတာ” “ဟုတ်တယ်။ ကြည့်နေ၊ ဘယ်လောက်ခံ မလဲဆိုတာ အဘိုးကြီးလည်း ကုန်ရော သူလည်း ပြေးရောပဲ” အရောင်း အ၀ယ်ဆန်တဲ့ တွက်ချက်မှု ဧရိယာ ထဲမှာတော့ ကောင်မလေးရဲ့ သဘောထား တွေက ရစရာ မရှိအောင် မွဲပြာ ကျလို့။ အရောင်ပြောင်း သွားမဲ့ အကြောင်း တရားကို သေချာပေါက်ကြီး သတ်မှတ်ပြီး အချိန်နဲ့ အမျှ စောင့်ကြည့်နေ ကြပါ တော့တယ်။ ရာသီဥတုတွေ အမြဲတမ်း ပြောင်းလဲ နေပါ တယ်။ ဗေဒင်ကိန်းနဲ့ တွက်ချက်လို့ မရတော့ ယတြာ ချေလို့ မလွယ်ဘူးပေါ့။ ရန်ကုန် အ၀င် ညချမ်းတွေ မှာအဘိုးကြီးက ကားအ၀င် အထွက် စာရင်း ရှင်း ပေးရတယ်။ ဒါသည် ပင်လျှင် အဘိုးကြီးရဲ့ ပင်မ စီးပွားရေး၊ ရာသီဥတု အလွန်အမင်း ချမ်းအေးတဲ့ ညတစ်ညမှာ တိုက်ခန်းကို ပြန်ရောက်လာတဲ့အဘိုး ကြီးက စကား မပီ တော့ဘူး။ အသက်ကြီးတာ ရယ်၊အသောက် များတာရယ်၊ ရာသီဥတု ပြင်းတာ ရယ်ရောပြီး ဆုံးဖြတ်ချက် ချပေးလိုက်တာ။ ဆေးပူ တွေထောင်းထောင်းထ အောင်လိမ်းပြီး ခြေဆုပ် လက်နယ်ပြုပေး ပေမဲ့ ကုစားလို့ မရတော့ ပါဘူး။အဘိုးကြီးရဲ့ကိုယ်တစ်ခြမ်း လေဖျန်း သွားတယ်။ အပြောင်း အလဲ တစ်ခု အပေါ်မှာ လတ် တလော အဆင်ချောဖို့ လွယ်မလား။ အချိန်ယူ အားမွေး ပြင်ဆင်ရမဲ့ ခေါင်းစဉ်တွေ အများကြီး ရှိပါ လိမ့်မယ်။ ရုပ်သံ ကစားနည်း အစီအစဉ်ထဲ ကအတိုင်း ကောင်မလေးမှာ အခွင့်အရေး များစွာ ရှိနေပါ တယ်။ ဒီမှာတင် ရပ်မလား၊ ဆက်ကစား မလား ဆိုတာ။ ဒီနေရာမှာ ရပ်ပြီး လက်ရှိ ဂရပ် ကလေးနဲ့ ရောင့်ရဲ တင်းတိမ်စွာ ရှောင်ထွက် သွားမယ် ဆိုရင် လည်း ကောင်မလေးကို နင့်နင့် သီးသီး အပြစ် ပြောစရာ မလိုပါဘူး။ သူ့ရေစီးကြောင်း အတိုင်း သူသွားတာ။ ကာယကံရှင်တွေ ကိုယ်၌က ဒီအဖြေ မျိုးကို ကြိုတင် တွက်ချက်ပြီးသား ဖြစ်ပါလိမ့် မယ်။ ဒါမှမဟုတ် ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ရှေ့ဆက် တိုးမယ်ဆိုလည်း...။
လတ်တလော မှာတော့ ဆယ့်ခြောက်နှစ် သမီးကလေး ပျာယာခတ် နေတယ်။ ဒီရောဂါဝေ ဒနာမျိုးကို ကုစားဖို့ ဆိုတာ သူကျွမ်းကျင် တဲ့ဘာ သာရပ်မှ မဟုတ်တာ။ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ဆရာကောင်း သမားကောင်း တွေဆီ ပြေးတယ်။ ဒီနေရာမှာ ပတ်ဝန်းကျင် ကူညီမှု လိုအပ် လာပါပြီ။ သူ့အလှအပ၊ သူ့ချိုသာ မှုတွေ ထုတ်ခင်းပြီး ပတ် ၀န်းကျင် အကူ အညီနဲ့ သူ့ယောက်ျားကြီးကို တိုက် ခန်းပေါ်က လူနဲ့တွဲချ။ ကောင်မလေး ကိုယ်တိုင် ကားမမောင်း တတ်တော့ အငှားကားနဲ့ ခေါက် ကယ်ပြန်ကယ်။ ဆရာတစ်ယောက် မကောင်း တစ်ယောက်ပြောင်း။ ကုန်လိုက်တဲ့ ငွေတွေလည်း သောက်သောက်လဲ။ ဒါပေမဲ့ ဒီဝေဒနာ မျိုးက ဖြစ် ပြီးရင် ပြန်ကောင်း ဖို့မှ မလွယ်တာ။
ရှိတော့ တန်ဆာ။ မရှိတော့ ၀မ်းစာတဲ့။ အဘိုးကြီးလည်း ပထမတော့ ၀ူးဝူးဝါးဝါး အော်သေးတယ်။ ဘာသာပြန် လိုက်ရင် နင်သွားတော့လို့ ပြောတာ ဖြစ်ချင်ဖြစ် လိမ့်မပေါ့။ ဒါပေမဲ့ ဆယ့်ခြောက်နှစ် သမီး အချောစား ကလေးက ခြောက်ဆယ် ကျော် လင်ယောက်ျား ဒုက္ခိတကြီးရဲ့ သေးကလူ ချီးကလူ တွေကို မျက်နှာတစ် ချက်မပျက် လုပ်ကိုင်ပေးနေတာ တာဝန်အရ မဟုတ်မှန်း ပတ်ဝန်းကျင်က နား လည် သဘောပေါက် သွားပါပြီ။ သြော်၊ မေတ္တာ တရားဆိုတာ။
မနက်ဖြန် နေ့ရက်တွေကို အလုံးအထည် မပျက် ရှေ့ဆက်ချင် တယ်ဆိုရင် တော့ ချနင်းစရာ ငွေကြေး မဖြစ်မနေ လိုအပ် ပါတယ်။ ဒီနေရာမှာ ကောင်မလေး ရဲ့ ပြောစကားနဲ့ပဲ ဆုံးဖြတ်ရ ပါတော့မယ်။
“ကျွန်မက ဖြစ်သလိုနေ ဖြစ်သလိုစား ဘ၀က လာတာ။ ကျွန်မ အမျိုးသား က အဲဒီလို မဟုတ်တော့ အခုလို အချိန်မှာ သူ့အတွက် ကျွန်မ လုပ်မပေး နိုင်မှာစိုး တယ်။ သူ့လုပ်ငန်းနဲ့ ပတ်သက် လို့လည်း ကျွန်မ ဘာမှ မသိဘူး။ ကျွန်မက လည်းအပြင် စီးပွားရေးနဲ့ ပတ်သက်လို့ ဘာမှ မကျွမ်းကျင်။ ဒီအတိုင်းကြီး ဆက်နေသွား လို့လည်း ဘယ်ဖြစ် ပါ့မလဲ၊ မိသားစု တာဝန်က ကျွန်မ ခေါင်းပေါ် တင် ပြီးပါပြီ။ ဘာလုပ်ရ မှန်းသာ မသိသေးတာ”
ဘယ်လောက် ကြာကြာ အသုံးခံ မှာလဲ။ မမာရေး မကျန်းရေးနဲ့ ပတ်သက် လာတော့ ပါလာတဲ့ ကားကို ရတဲ့ဈေးနဲ့ ရောင်းပစ် လိုက်တယ်။ အဘိုးကြီးရဲ့ အနေ အစားကို အရင်ကထက် ယုတ်လျော့ မသွားအောင် မရနိုင် လောက်တဲ့ ရောဂါကို ရအောင်ကု မယ်ဆိုတဲ့ စကားတွေနဲ့။
အဘိုးကြီးကတော့ သူ့ဒုက္ခ သူသိတယ် ထင်ရဲ့။ ဒရင်းဘက် ပေါ်က မဆင်းဘဲ တစ်ခွက်ပြီး တစ်ခွက် ခွက်ဆင့် သောက်နေ တော့တယ်။ စိတ်တိုလာ ရင်တွေ့ရာနဲ့ ကောက်ပေါက် တတ်တဲ့ အဘိုးကြီးရဲ့ ညဉ်ကို နားလည်ပြီး ကောင် မလေးကတော့ လိုလေ သေးမရှိ ပြုစုပေး ပါတယ်။ ဒါပေမဲ့ အိတ်ထဲကဖား တွေလို ထုတ်ရိုက်ပါ များတော့ မျိုးမပွားနိုင် တော့ဘူးပေါ့။ ရှေ့ဆက်မဲ့ နေ့ရက် တွေအတွက် မဖြစ်မနေ လိုအပ်တာ ၀င်ငွေ ဖြစ်ပါတယ်။ နှစ်ယောက်တည်း ရှိတဲ့ မိသားစုမှ တစ်ယောက်က တုံးလုံး ကျရှုံး သွားတော့၊ အဲဒါကလည်း အိမ်ထောင် ဦးစီး ခေါင်သူကြီး။
ဘောလုံးပွဲ တစ်ပွဲ လိုပါပဲ။ အသင်း ခေါင်းဆောင်က ဒဏ်ရာရ ထွက်ခွာ လိုက်ရတဲ့ အခါ အသင်း ခေါင်းဆောင် လက်ပတ်က တခြား သင့်တော်ရာလူ လက်ထဲ ပုံအပ်ခံရ သလိုမျိုး၊ ကောင်မလေးက ရဲရဲရင့်ရင့် ခေါင်းခံ လိုက်ရပြီ။
ကိုယ်တစ်ခြမ်း လေဖြတ် ထားတဲ့ သက်ကြားအို ဒုကိ္ခတကြီးရဲ့ဝေယျာဝစ္စ အားလုံးကို ကောင် မလေးက တစ်နေကုန် အပြုံးမပျက် ဒိုင်ခံဖြေရှင်း ပေးရင်း အိမ်မှု ကိစ္စတွေကို အိမ်ထောင် ရှင်မကြီး တစ်ယောက်လို ထောင့်စေ့အောင် တာဝန်ကျေတယ်။ အားကိုး အားထား ဖြစ်တဲ့ ပတ်ဝန်းကျင်ကိုလည်း ဒုကိ္ခတ ယောက်ျားအို ကြီးအတွက် မျက်နှာချိုသွေးရင်း သန်းခေါင် စာရင်းဝင် နှစ် ယောက်တည်းရှိတဲ့ မိသားစုမှာ အရာရာကို ကောင်မလေး တစ်ယောက်တည်း ဒိုင်ခံ ဖြေရှင်းနေတဲ့ ကာလမှာ ကောင်မလေးရဲ့ကျောနာမည်က ဘာဖြစ် မလဲ။ အဲ။ ညနေစောင်း ရင်တော့ ကောင်မလေးက အမွှေးနံ့သာ တွေဆွတ်ဖျန်း ပြီး အဆွဲဆောင်နိုင် ဆုံးပြင်ဆင်လို့ တိုက်ခန်း လှေကားက ဆင်းချိန်မှာ အဘိုးကြီးက ၀ီစကီ ပုလင်းပြားကို ငှဲ့ထည့် နေပြီ။ လှေကား တစ်ဆစ်ချိုး အကွေ့က မှောင်ရိပ် ကျရင် မီးထွန်းလိုက်။
အဲလိုထူး (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|