|
Written by ရဲဘုန်းခေါင်
|
|
Tuesday, 01 January 2013 23:42 |
သူမ၏ ထူထဲသော ဆံပင် ရှည်ရှည် တွေ အကြား လက်ချောင်း ငါးချောင်း စလုံး ထိုးသွင်းသပ်တင် လိုက်ရင်း လက်ချောင်းလေး တွေကိုလည်း ပြန်မ ဆွဲထုတ် ဖြစ်တော့ဘဲ ဟိုးအဝေး တစ်နေရာ ကိုသာ တိမ်းမူး ငေးတွေ ကြည့်နေ၏။
argaiv1936
argaiv1532
ဒါပေမဲ့ သူဘာကိုမှ မြင်သည် မဟုတ်ပေ။ သူ့အာရုံထဲက ပုံရိပ်ဟောင်း များကိုသာ ပြန်လည်တသ မြင်ယောင် နေခြင်း ဖြစ်သည်။ သူ့ကို လူတွေက စိတ်ညစ် တတ်ကြ လေသည်။ ဒါပေမဲ့ အဲဒီလူ တွေထဲမှာ သူမ တစ်ယောက် တော့ ပါဝင် လိမ့်မည် မဟုတ်ပါ။ ဘာကြောင့်မှန်း မသိသော်လည်း သူက အဲဒီလိုမျိုး ယုံကြည် နေတတ်သည်။ အခြားသော သူများ၏ ပျော်ရွှင်မှုများ သူ့ကြောင့် ပျက်စီးခဲ့ရ သည် ဆိုပါလျှင် သူ့ဘ၀၏ ပျော်ရွှင်မှု များကကော ဘယ်သူ့ကြောင့် ပျက်စီးခဲ့ ရသနည်း။ သူကိုယ်တိုင် ကြောင့်ပဲ ဖြစ်မှာပါဟု ဖျတ်ခနဲ တွေးလိုက် မိတော့ ရုတ်တရက် ငိုယို ပစ်လိုက် ချင်စိတ် ပေါက်သွားကာ သူ့မျက်လုံး အိမ်မှာလည်း မျက်ရည် ကြည်များ က တဝေ့ဝေ့ ပါးလျစွာ ရစ်လည် လာခဲ့ တော့သည်။ တကယ် တော့ ဟိုးအရင် ရှစ်နှစ်လောက် ကတည်းကပင် သူ့ဘ၀၏ ပျော်ရွှင် မှုများကို သူ ကိုယ်တိုင် ရိုက်ချိုး ခြေမွှ ပစ်ခဲ့ပြီး ဖြစ် ၏။
ကန်နံဘေး အုတ်ခုံလေး ပေါ်မှာပဲ သူ ဆက်ထိုင် နေခဲ့ သည်။ မိုးရေစက် များက ဒေါသ တကြီး ခုန်ဆင်း လာကြတော့ သူ့ အပေါ်မှ အုပ်မိုး ပေးထားသည့် ဗာဒံပင်လေး ထံမှ ညည်း ညူသံ တချို့ ကြားလိုက် ရသေး သလို သူ ထင်၏။ ထီး တစ်လက်တည်း အောက်မှာ ကျုံ့ကျုံ့ ယုံ့ယုံ့ ထိုင်ရင်း မိုးအစိုခံ ကာ သံယောဇဉ် နှောင်ဖွဲ့ခဲ့ ကြသည့် နေ့ရက်များ ဆီက ရှင်သန်ခဲ့ ဖူးသော သူ့နှလုံးသား ခုန်လှုပ်သံ များကို သူ အသေ အချာ သိမ်းဆည်း ထားခဲ့ဖူး ပါသည်။ “မိုးရေ မင်းကပဲ ရွာနိုင် မလား၊ ငါတို့ကပဲ ထိုင်နိုင်မလား ကြည့်ကြ သေးတာပေါ့” သူမက အလွန်တရာ လှပစွာ အပြည့်အ၀ ပြုံးရယ် နေခဲ့တော့ သူ တစ်ချက်လောက် ငုံ့နမ်း လိုက်ချင်စိတ် ပေါ်လာသည်။ သူတို့ကပဲ မိုးကို အမြဲတမ်း နိုင်ခဲ့ကြသည် မဟုတ်လား။
သူ့အတွက် လုံးဝ မထူးဆန်း တော့သော ၀မ်းနည်း ကြေကွဲ စိတ် တစ်မျိုးက သူ့ရင် ထဲမှာ တငွေ့ငွေ့ တရှိန်ရှိန် လှိုက်စား လောင်မြိုက် လာပြန်သည်။ ကန်ရေပြင်မှာ ချက်ချင်း ပဲ မှိုင်းမှုန် ညစ်ထေးကာ စိတ်နောက် ကျိဖွယ် ကောင်းလောက် အောင် ကျက်သရေ ကင်းမဲ့ သွားလေသည်။ လက်ကြားထဲက စီးကရက်မှာ မိုးရေဖြင့် ရွှဲနစ်ပြီး ဘယ်လိုမှ သောက်လို့ မဖြစ် နိုင်တော့ သော်လည်း သူက လွှင့်မပစ်နိုင် သေးဘဲ ဆက်ကိုင် ထားဆဲရှိ သေး၏။ ကန်ရေပြင် တစ်ခုလုံး မှာလည်း မမြင်သာ သော မကောင်း ဆိုးဝါးတွေက စိတ်ထင်တိုင်း မွှေနှောက် ရမ်းကား နေသည်ကို ဘယ်လိုမှ မတုံ့ပြန် နိုင်ဘဲ အထိတ်ထိတ် အလန့်လန့် ခေါင်းငုံ့ခံ နေရ တော့သလိုလို။ ဟိုတုန်း ကလိုမျိုး ပါပဲ။ ဟိုတုန်းက လိုမျိုးပါပဲ။ ဟိုတုန်းက လိုမျိုးပါပဲ။ ဒီတစ်ခါ မှာတော့ သူ၏ မျက်နှာသည် ကန်ရေပြင်နှင့် အပြိုင် မှိုင်းညို့ အိုမင်းလာကာ ပူနွေးသော မျက်ရည်စက် များကလည်း သူ့ ပါးပြင် နှစ်ဖက အပေါ် အတားအဆီး မရှိ လိမ့်ဆင်း ယိုစီးသွား ကြတော့သည်။ သူ့ အနားမှာ ဘယ်သူ တစ်ဦး တစ်ယောက်မှ ရှိမနေ ဘူးဆိုတာ ကလည်း သေချာ ပြန်တော့ သူက အသံ ထွက်ပြီး ရှိုက်ကာ ရှိုက်ကာ ငိုကြွေးသည်။ ဒါပေမဲ့ ခဏ လောက်ကြာတော့ သူ အငိုရပ် သွား၏။ မျက်ရည်များကို ခပ် ကြမ်းကြမ်း သုတ်ပစ်ပြီး နာကျင်စွာ ပြုံးနေ လိုက်သည်။ သူ့တစ် ကိုယ်လုံး စိုရွှဲ နေပေမဲ့ လည်း ထီးကို ဖွင့်ဆောင်းကာ ဆက် ထိုင်နေသည်။ သူ့နံဘေး၌ သူမ၏ ပါးလျသော ခန္ဓာကိုယ် ကလေးက နွေးထွေး ပူးကပ် ထိုင်နေသလို သူ ခံစားကြည့်၏။ ထီးကို သူမဘက် ပိုမို ငုံ့ကိုင်းကာ မိုးပေး ထားလိုက်သည်။ သူ့နှလုံးသားသည် ကျိုးကျ ပြိုလဲခါနီး သစ်ပင်အို တစ်ပင်လို တကျွတ် ကျွတ် တဆစ်ဆစ် အသံ မြည်ကာ အက်ကွဲ ပဲ့ထွက် နေသလို သူ ထင်မှတ် မိသည်။ နောက်ကျိ မှုန်ဝေသော ကန်ရေပြင် ညိုညစ်ညစ်ကိုပဲ သူ တွေတွေ ငေးငေးစိုက် ကြည့်နေ ခဲ့သည်။
သူ့ရင်ထဲမှာ မည်သူ တစ်ဦး တစ်ယောက်ကိုမှ နာနာ ကြည်းကြည်း ခံစားနေ ရခြင်းမျိုး မရှိတတ် တော့ တာ သေချာ ၏။ ဟိုတစ်ချိန် တစ်ခါတုန်းက ရှိခဲ့ဖူးသည် ဆိုလျှင်လည်း ယင်းခံစားမှု များကို အခုတော့ သူ လုံးဝ မေ့ဖျောက် ပစ်နိုင်ပြီ ဖြစ်သည်။ သူ့မှာ လူတစ်ဦး တစ်ယောက် အပေါ်၌ ချစ်ခင်နိုင် သည့် စွမ်းအားလည်း မရှိတော့။ မုန်းတီးနိုင် သည့် စွမ်းအား လည်း မရှိတော့။ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ သူ့အား ခြောက်လှန့် နေတတ်သည့် အတွေး ကတော့ တစ်ခုတည်း သာပဲ ဖြစ်သည်။ အရာရာ အားလုံး ခြောက်ကပ် လွန်းမက ခြောက်ကပ် နေခြင်း၊ အရာရာ အားလုံး အဓိပ္ပာယ် ကင်းမဲ့လွန် ကင်းမဲ့ နေခြင်း။ သူမ တစ်ယောက် ကိုတော့ သူ့ဘ၀ တစ်ခုလုံးနှင့် ချိန်စက်ကာ သတိရ ၀မ်းနည်း နေတတ် လေသည်။
သူမ နံဘေးမှာ ငြိမ်သက်စွာ ထိုင်နေရင်း ရုတ်တရက် ကျယ်လောင်စွာ လှုပ်ပွက် လာတတ်သော သူ့ နှလုံး ခုန်သံများ ကို သူမ ကြားသွားမှာ စိုးရိမ် စိတ်ဖြင့် တိတ်တဆိတ် ခိုးရှိုက် ခဲ့ရသော သက်ပြင်း လှလှ ကလေးတွေ အကြောင်းကိုလည်း သူ မကြာမကြာ ပြန်ပြီး သတိ ရသည်။ ငယ်ရွယ်စဉ် ကလေးဘ၀ ဆုတက် ယူခါနီး ခံစားခဲ့ ရသော တုန်ယင် လှုပ်ရှားမှု မျိုးနဲ့ ဆင်တူ နေတတ် သေးသည်။ ယင်း ရင်ခုန်သံ များမှာ ကန်ရေ ပြင်ပေါ် ငါးတစ်ကောင် ထပွက်လိုက် သလို လုံးဝ မထင်မှတ် ထားသည့် အချိန်မျိုး တွေမှာ ရုတ်တရက် ပေါ်ထွန်း လာတတ် ခြင်း ဖြစ်လေသည်။
သူမ၏ မျက်ဝန်းညိုညို ကလေး တွေကိုတော့ သူ ဘယ်တော့မှ မေ့နိုင် လိမ့်မည် မဟုတ်ပေ။ အဲဒီမျက်လုံး လေး တွေထဲမှာ ငြိမ်းအေးမှုကို သူ ရှာတွေ့ခဲ့သည်။ နားလည်မှုကို သူ ရှာတွေ့ခဲ့သည်။ နူးညံ့မှုကို သူ ရှာတွေ့ ခဲ့သည်။ မေတ္တာ တရားကို သူ ရှာတွေ့ ခဲ့သည်။ ဘ၀ ပေါ်ထား ရှိသည့် သူမ ၏ မာန တချို့ကို သူ ရှာတွေ့ခဲ့သည်။ အခုတော့ အဲဒါတွေ အားလုံး သူမနှင့် အတူတူ ကျန်ရစ် ခဲ့ပြီဟု သူ ကြေကွဲစွာ တွေးသည်။
သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် နေရာ ပြင်ရွှေ့ကာ ထိုင်ပြီး မျက်လုံးများ ကိုလည်း မှေးမှိတ် ထားလိုက်၏။ ချိုမြိန် လှပသော အိပ်မက် များထဲမှ မနိုးချင်သေးဘဲ နိုးထ လာခဲ့ရ သော သူတစ်ယောက် ပမာ ဖြတ်တောက် သွားခဲ့သော အိပ်မက် အတွေးများကို ပြန်လည် ဆက်စပ်နိုင်ဖို့ သူ ကြိုးစား နေမိ သည်။ ရင်တွင်း တစ်နေရာ၌ နာကျင်စွာ စူးအောင့် လာလေ သည်။ သူမနှင့် မဆုံစည်း ရခင်က အချစ် ဆိုသော အရာကို သူ ကောင်းစွာ မခံစားခဲ့ ရဖူးကြောင်း နည်းနည်းမှ သိမ်ငယ် ခြင်း မရှိဘဲ သူ ၀န်ခံဝံ့လေသည်။ မိန်းမများစွာနှင့် သူ ရင်းနှီး ဆက်ဆံခဲ့ ဖူးသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် သူတို့၏ လှပသော အရယ် အပြုံး အမူအရာ များကို တပ်မက် မိသည့် စိတ်ကို ပင်လျှင် အချစ်ဟု သူ ခံစားမိခဲ့ ကြောင်း တော်တော် လေး နောက်ကျပြီးမှပဲ သူ သိရ တော့သည်။
သူ့ အိပ်မက်ထဲမှ မိန်းမသည် သူမ တစ်ယောက်သာ ဖြစ်၏။ သူ့ နှလုံးသား ထဲမှ မိန်းမသည် သူမ တစ်ယောက် သာဖြစ်၏။ သူ့မှာ အိပ်မက်တွေ ရှိနေသမျှ သူ့နှလုံးသား ရှင်သန် ခုန်လှုပ် နေသမျှ သူမသည် သူ့ထံ၌ ရှိနေမည် ဖြစ် သည်။ အချစ် ဆိုသည်က အင်မတန် သန့်စင် မြင့်မြတ်သော၊ အင်မတန် သိမ်မွေ့ နူးညံ့သော၊ အင်မတန် နားလည်မှု ပြည့်ဝ သော ၀ိညာဉ်ချင်း ကူးလူး ဆက်နွှယ် နေမှု တစ်ခုပဲ မဟုတ် လား။
သူမ တစ်ယောက် ကလွဲ၍ မည်သူ တစ်ဦး တစ်ယောက်ကို မှ သူ၏ ဘ၀၊ သူ၏ အချစ်၊ သူ၏ ခံစားမှု၊ သူ၏ အမြင် အတွေး စသည် တို့ကို ကုန်စင်အောင် မပြောဆို၊ မဖွင့်ဟခဲ့ဖူး သေးသူ။ အမြဲတမ်း လွမ်းဆွတ်စွာ သတိ တရ ရှိလှ၏။ အထူးသဖြင့် မည်သည့် မိန်းမ တစ်ယောက်ကိုမှ သူ မပြောဖြစ်ခဲ့ တာ သေချာလေသည်။ သာမန် မိန်းမ တစ်ယောက် အနေနှင့် ယင်းတို့ကို သိနားလည်စွာ ခံစား နိုင်လိမ့်မည် မဟုတ်ဟု သူက သံသယ ကြီးစွာ မယုံကြည်နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သူ့နှလုံးသားကို သူ့ လက်နှစ်ဖက်နှင့် ဆွဲထုတ် ဆုပ်ကိုင် ပြထား သလို သူ့ကိုယ်သူ အရှင်းလင်းဆုံး သိမြင် စေခဲ့သော မိန်းမမှာ သူမ တစ်ယောက် တည်းပဲ ဖြစ်ခဲ့ သည်။
လက်ဖက်ရည် ဆိုင်လေးကို သူ ရောက်လာ ခဲ့တော့ အတော့်ကို စောနေ သေးသည်။ အနီးအနား လူတစ်ယောက် ယောက်၏ လက်ထဲမှ လက်ပတ် နာရီကို သူ အသာအယာ စောင်းငဲ့လျက် ခိုးကြည့် မိ၏။ ဆယ်နာရီခွဲ။ သူမက ဆယ့်နှစ် နာရီ ထိုးခါနီးမှ ရောက်လာ လိမ့်မည် ထင်သည်။ ဒါပေမဲ့ သူမက စောစော ရောက်လာ တတ်ပါသည်။ ဆယ့်တစ် နာရီ မထိုးခင်မှာပဲ သူမ ရောက်လာ၏။ အချိန်များက အလွန်အမင်း လျင်မြန်စွာ ပဲ့ကြွေ ကုန်လွယ် လွန်းခဲ့သည်။ ရန်ကုန်မြို့ကတော့ ဖြင့် အမှောင်ထု အောက်သို့ ခေါင်းတိုးဝင် ငိုက်မျဉ်း နေခဲ့ပြီပေါ့။ သူတို့ နှစ်ယောက်က ကားဂိတ်ဆီ ခပ်ဖြည်းဖြည်း လျှောက် လာခဲ့ကြသည်။ သူမက သူ့ကို အေးချမ်းစွာ ပြုံးရယ် မော့ ကြည့်လျက် စကား တစ်ခွန်း ပြောလိုက်သည်။ “တို့ နှစ်ယောက် အတူတူရှိ နေပြီဆိုရင် အချိန်တွေ ကလည်း အရမ်းကို အကုန် မြန်သွား သလိုပဲနော်” သူက လှည့်ကြည့် လိုက်တော့ သူမ၏ မျက်လုံးတွေ အထဲမှာ သူ့အပေါ်ထားရှိသည့် ချစ်ခြင်းတို့ ငြိမ်းအေးစွာ စွတ်စို ပျော်ဝင် နေတာကို မြင်ရလေသည်။ အဲဒီ တစ်ခဏမှာပဲ သူသည် ပျော်ရွှင်စွာ သေပစ် လိုက်ရန် အဆင် သင့် ရှိနေခဲ့သည်။ " ကံကြမ္မာ ဆိုသော အရာ၏ စီရင်ချက်ကို ဘယ်လိုမှ ရှောင် လွှဲလို့ မရနိုင်သည့် အတူတူ တတ်နိုင်သမျှ ခံစားမှု နည်းပါး တည်ငြိမ်စွာ လက်ခံယူဖို့ သူကျင့်သား ရခဲ့ပြီး ဖြစ်သည်။ အဲဒီတုန်းက သူမနှင့် စတွေ့ ခဲ့ကြတော့ နောင်တစ်ချိန်မှာ “သူ၏ သူမ”ဖြစ်လာလိမ့် မည်ဟု နည်းနည်းမှ မတွေး တတ်နိုင်ခဲ့ တာကိုလည်း သူ ပြန်ပြောင်း သတိရ အံ့သြမိ သည်။ ထိုစဉ် အခါကတည်း ကပင် သူသည် မည်သည့် အရာကိုမှ မယုံကြည်နိုင် တော့သည့် လူတစ်ယောက် ဖြစ်နေခဲ့ပြီ။ သူ့ကိုယ်သူပင် သိပ်ပြီး ယုံကြည်မှု ရှိလှတော့ သည် မဟုတ်ပေ။ သူ့ဘ၀ကို ရွဲ့စောင်း သည်ထက် ရွဲ့စောင်း သွားအောင် သူကိုယ်တိုင် ပုံဖျက်နေခြင်း အမှုမှ တစ်ပါး အခြား မည်သည့် အရာကိုမှ လုပ်ကိုင် နိုင်စွမ်း မရှိတော့ သူတစ်ယောက်သာ ဖြစ် နေခဲ့ သည်။
သူ့၌ မည်သူ တစ်ဦး တစ်ယောက်နှင့်မှ ချစ်ခင် ပတ်သက်လို စိတ်လည်း မရှိခဲ့ ပေ။ မည်သူ တစ်ဦးတစ် ယောက်၏ ချစ်ခင် ပတ်သက် လာမှုကိုလည်း လက်သင့် မခံ ယူလိုခဲ့ပေ။ အခြားတစ်ပါး သောသူများနှင့် ဆက်ဆံရှုပ် ထွေးလာခြင်းဖြင့် နောင်တစ် ချိန်မှာ ဒဏ်ရာ အနာ တစ်ခုခု စွန်းထင် ပေကျံရစ်မှာ သူ ကြောက်လန့် နေခဲ့သည်။ အထင်လွဲခံရမှာ သူကြောက် လန့်နေခဲ့သည်။ အစော်ကား ခံရမှာ သူကြောက်လန့်နေခဲ့ သည်။ အမုန်းခံ ရမှာ သူ ကြောက်လန့် နေခဲ့သည်။ သူတစ်ယောက် တည်း ရှိနေ ခြင်းဖြင့် သူ့ကိုယ်ပိုင် လွတ် လပ်ခွင့် တွေကို သူအပြည့်အ၀ ရယူ ခံစားနေနိုင် ခဲ့သည်ပဲ မဟုတ်လား။
သူ ဖြတ်သန်း ကြုံတွေ့ခဲ့ ရသမျှ အတွေ့အကြုံ များစွာက သင်ကြား ပေးလိုက်သည် သာဖြစ်၍ ထိုအတွေး များသည် အခြားသူများ အတွက် မှန်ကန်မှု ရှိချင်မှ ရှိလိမ့်မည် ဖြစ်သော် လည်း သူ့တစ်ယောက် အတွက်က တော့ လုံးဝ လုံလောက်စွာ ပြည့်စုံ မှန်ကန် နေခဲ့လေသည်။
ဒါပေမဲ့ သူမနှင့် ဆုံစည်းခဲ့ ရပြီး နောက်ပိုင်း ရက်များမှာ တော့ သူ၏ ခံစားချက် များမှာ တစ်စ တစ်စနှင့် ပြောင်းလဲသွား ခဲ့သည်။ အထူးသဖြင့် အချစ်ပေါ် ထားရှိသည့် သူ၏ ခံစား ချက်များမှာ သိသာစွာ ပြောင်းလဲသွား ခဲ့သည်။ ဘ၀အပေါ် ထားရှိသည့် ခံစားချက် များနှင့် လူတွေ အပေါ်ထား ရှိသည့် ခံစားချက် များကတော့ ထူးထူး ခြားခြား ပြောင်းလဲ သွားသည် မရှိခဲ့ပါ။ သူ၏ အချစ် အကြောင်း တွေးလိုက်မိ သည့် အခါတိုင်း အခါတိုင်း မှာတော့ သူ၏ဘ၀က မည်းမှောင်သော အရိပ်နက် ကြီးသဖွယ် အတူပူးတွဲ လိုက်ပါလာ တတ်မြဲ ဖြစ်သည်။ ရှည်ကြာ ခဲ့လေပြီ။ အဲဒီအရာ နှစ်ခု အကြား၌ ချွန်မြသော ကွဲပြား ခြားနားချက် တစ်စုံတစ်ရာ ရှိနေရ လိမ့်မည်ဟု သူ အသေအချာ ခံစား မိပေမဲ့ လည်း တစ်ခု အကြောင်း မပါဝင် လာစေဘဲနှင့် ကျန်တစ်ခု အကြောင်းကို တွေးတော စဉ်းစားမိရာ သူဘယ်လိုမှ မတတ်နိုင် ဘဲရှိ ခဲ့သည်။ သူ၏ ဘ၀ဆို သည်ထက် သူမ၏ဘ၀ ကိုသာ သူက ပိုမို၍ အလေးအနက် ထားနေခဲ့ သည် မဟုတ် လား။ သူမနှင့် ပတ်သက်၍ သူ့၌ ရှိနေ ခဲ့သည့် ၀ိသေသ လက္ခဏာ တစ်ခုမှာ သူမကို သူက တန်ဖိုးထား ခဲ့လွန်း ခြင်းပဲ ဖြစ်သည်။
သူတို့ နှစ်ယောက်လုံး အတွက် အသင့်တော်ဆုံး ဘ၀ ပုံစံ တစ်ခုကို သူ့ စိတ်ကူး ရှိသမျှ မောကြီး ပန်းကြီး ရှာဖွေနေ ခဲ့ဖူး လေသည်။ တကယ်တော့လည်း ခက်ခဲ ခဲ့ပါသည်။ အလွယ် တကူ ရယ်မော ပစ်လိုက် နိုင်သည့် အနေ အထားမျိုး တစ်ခု တလေမှ မရှိခဲ့ဖူး တာလည်း သေချာသည်။ သူဘာ ဆက်လုပ် ရမည်ကို ရုတ်တရက် စဉ်းစားလို့ မသိနိုင် တော့သည့် အခါ တိုင်းမှာ သူမသက် မသာ ပြုံးနေခဲ့ ရသည်။ စိတ်ဆန္ဒရှိ ရုံမျှနှင့် တော့ ဘာတစ်ခုမှ ဖြစ်မြောက် လာစရာ အကြောင်း မရှိမှန်း သူသိ၏။ ဤသို့ဖြင့် သူတို့ နှစ်ယောက်၏ ပတ်သက် ဆက်နွှယ် နေမှုသည် ဘယ်လိုမှ ကု၍ ရနိုင်တော့မည် မဟုတ်သည့် ရောဂါ တစ်ခု သဖွယ် ထာဝစဉ် တည်ရှိကြွင်း ရစ်နေတော့ မည်ဆိုတာ သူဆို့နင့် ကြွေကွဲ သိနှင့် နိုင်ခဲ့သည်။
အက်စစ်မိုးကြီး ရွာချလိုက် သလို ထိုအသိက သူ၏ ခံစားချက် များအား ခန်းခြောက် လောင်ကျွမ်း သွားစေ ခဲ့သည်။ ဖီးနစ်ငှက်၏ တောင်ပံ ရိုက်ခတ်သံလို သူ့ဘ၀ကို သူ မကျေနပ် နိုင်သည့် စိတ်ထားက ရင်တွင်း တစ်နေရာ၌ တ၀ုန်း ၀ုန်း နိုးထလာ တတ်ပြီး သူ့အတွက် လုံးဝအသစ် ဖြစ်သော ဘ၀ တစ်ခုဆီသို့ သူ၏ ဘ၀ဟောင်း နှလုံးသား ပြာပုံမှ တစ်ဟုန် ထိုး ထိုးထွက် ပျံသန်း သွားလိုက် ချင်သည်။
သူ့အိတ်ထဲ၌ ငြိမ်သက်စွာ ခိုစီး လိုက်ပါ လာသော (ဆ-မ) လက်မှတ် ကတ်ပြားလေး ကိုတော့ ခုလို အချိန် မျိုးတွေမှာ သူမ မုန်းတီးလို့ပင် နေမိ သေးသည်။ ဘ၀သစ် တစ်ခု စတင်ဖို့ ရာ လုံလောက်စွာ အရေးပါသော သင်္ကေတ တစ်ခုအဖြစ် မှတ်တင်နိုင်ဖွယ် ဖြစ်သော်လည်း သူ့အတွက် မှာတော့ အဓိပ္ပာယ် ထူးထူး ခြားခြား မစွမ်းသာသည့် ကတ်ထူ စာအုပ်ငယ်လေး တစ်အုပ် ဆိုသည်ထက် ပိုမိုသော ခံစားမှု မျိုးပေးစွမ်း နိုင်ခဲ့သည် မဟုတ်ပေ။ သူ့နှလုံးသား၊ သူ့အသွေးအသား ထဲမှ အတမ်း တနိုင်ဆုံး ခွန်အား ရှိသမျှနှင့် တမ်းတ နေမိ သည်မှာလည်း အဲဒီ လို ဘ၀ သစ်မျိုး မဟုတ်ခဲ့ပေ။
တိတ်ဆိတ် အေးဆေးစွာပဲ သူနေလာ ခဲ့ပါသည်။ သူ့ထံမှ ဘယ်လိုအသံ၊ ဘယ်လို လှုပ်ရှားမှု တစ်စုံ တစ်ရာကိုမှ မမြင် သာ မထွက်သာအောင် သိုသိပ် ငြိမ်ဝပ်စွာ နေလာခဲ့သည်။ လူတွေ၊ လူတွေ၊ လူတွေ...။ မည်သူ တစ်ဦး တစ်ယောက်နှင့် မှ စကားပြော လိုစိတ်၊ နွေးထွေးလိုစိတ်၊ ငြင်းဆန် လိုစိတ် မရှိတော့ပါ။ သူတို့အားလုံး၊ အားလုံး သူတို့ စိတ်ဆန္ဒ ရှိ သလိုသာ ဆက်လက်၍ လှုပ်ရှား ပြုမူ နေကြပါစေ။
ဒီလိုနဲ့ပဲ အိပ်ပျော်ရန် ခက်ခဲသော အတွေး လွန်ဖွဲ့ ညများ ကို သူ လွမ်းမောစွာ ဖြတ်သန်း ခဲ့ရသည်။ သူထိုင် နေကျ ပက်လက် ကုလားထိုင် လေးပေါ်မှာပဲ အသက်ငွေ့ငွေ့ ထင်ကျန် နေသေးဆဲ လူမမာ တစ်ယောက်လို နွမ်းဖျော့ ငြိမ်သက်ထိုင် နေရင်း သူ့နံဘေး ပတ်ပတ်လည် မှာလည်း ဖတ်လက်စ စာအုပ် တချို့ ဟိုသည် ပြန့်ကျဲ ၀န်းရံ နေရင်း တိုင်ကပ်နာရီ၏ ခြောက် ချက်ခြောက်ချက် ရှင်သန် ရွေ့လျားနေမှု အောက်မှာ တွင်းအောင်း သတ္တ၀ါ တစ်ကောင်လို သူတစ်ယောက်တည်း ထုံပေပေ ခွေခေါက် နေခဲ့ ရသည်။ ညမထွက်ရ အမိန့် ကလည်း တည်ရှိနေ သေးဆဲမို့ ညရဲ့ လမ်းမတွေ အပေါ် လိုက်လျှောက် သွားလာ နေလို စိတ်ကိုလည်း သူ ဘယ်လိုမှ မဖြည့်ဆည်း နိုင်ဘဲ ရှိနေခဲ့သည်။ ဒီလိုမှ မဟုတ်ခဲ့လျှင်တော့ သူ့စိတ်သူ အစိုးမရ တော့သည့် အချို့သော ညမျိုးတွေမှာ သူမတို့ အိမ်ရှေ့ လမ်းမပေါ် သူရောက်နေ ပေဦးမည်။ အခုတော့ ကုန်လွန်ရန် ခဲယဉ်းသော ည၏ ချိုင့်ခွက် နာရီများကို သူမအား တွယ်တာ တမ်းတ စိတ်တို့ဖြင့် မြေဖို့ ပစ်ခဲ့ ရလေသည်။
အိပ်ဆေးပြား လေးများ၏ အကူအညီ ကိုလည်း သူက မလိုချင် တတ်ခဲ့ပြန် လေတော့ အိပ်ပျော် နိုင်အောင် ကြိုးစားလေ မျက်လုံးများ ပိုကြောင်လေသာ ဖြစ်ခဲ့၏။ သို့ဖြင့် နောက်ပိုင်း ညတွေမှာ သူကလည်း အိပ်ပျော်နိုင် အောင် အထူးတလည် ကြိုးစား မနေခဲ့ တော့ပေ။
သူ၏ မျက်လုံးများကို မှေးမှိတ်ကာ နေမိသည့် အခိုက် အတန့် တချို့မှာလည်း သူ၏ မျက်စိ မြင်လွှာ ထဲကို အဝေးတစ် နေရာမှ မြွေလိမ် မြွေကောက် သဏ္ဌာန် တွန့်လိပ် စီးဆင်း ၀င်ရောက် လာသော ခရမ်းရောင် အလင်းလှိုင်း များက အသာ အယာ ထွင်းဖောက် ဖြတ်သန်း သွားခဲ့ ကြပြန်သည်။ အဲဒီလှိုင်း တွေထဲမှာ သူမ၏ မျက်နှာလေးက မြုပ်ချည်ပေါ်ချည် လူးချည် လိမ့်ချည်ဖြင့် ညင်သာ စီးမျော ပါလာ တတ်မြဲ ဖြစ်၏။
သူမ၏ သောကရိပ် ကင်းစင်သော ကြည်လင် ငြိမ်းအေး မျက်နှာ နုနုကို မြင်တွေ့ နေရသည့် အချိန်များ၌ သူခံစားရသည့် စိတ်ကြည်နူး ချမ်းမြေ့မှုကို ဘယ်လို အရာမျိုးနှင့်မှ မလဲ ပစ်ရက် နိုင်ခဲ့ကြောင်း သူမကို သူတစ်ကြိမ် တစ်ခါမက ပြောပြ ခဲ့ဖူး ပါသည်။
သူမကို ထိထိ ခိုက်ခိုက် လွမ်းဆွတ် တမ်းတ နေတတ် တာ၊ စာအုပ်များကို ဖတ်ရှုနေ ခဲ့မိတာ၊ ၀တ္ထုတို တချို့ ကဗျာ တချို့ ရေးဖြစ် နေခဲ့မိတာ။ အဲဒါ-အဲဒါတွေဟာ သူ လုံးဝ မကျေနပ် နိုင်သည့် သူ၏ ဘ၀ဟောင်း ဥခွံကနေ ရုန်းထွက် လွတ်မြောက် နိုင်ဖို့ တစ်နည်း တစ်ဖုံ ကြိုးပမ်း သလိုများ ဖြစ်နေ မလားဟု သူတစ်ခါ တစ်ရံ တွေးတောမိ တတ်ပေမဲ့ အဲသလို မျိုးတော့ဖြင့် မဟုတ်နိုင် ခဲ့သည်မှာလည်း သေချာသည်။ အထူးသဖြင့် သူက သူမကို အလွန် တွယ်တာစွာ ချစ်မြတ်နိုး နေခဲ့မိသည့် ကိစ္စ၌ အခြား မည်သည့်ကိစ္စ တစ်စုံ တစ်ရာမှ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း လိပ်ပြာ ရှင်းသန့်စွာ သူတိုင် တည် ကျိန်ဆို ၀ံ့ခဲ့သည်။ သူမကို သူက စွန့်လွှတ် ပေးဆပ်ရန် ချစ်ခဲ့ခြင်းလည်း မဟုတ်၊ ရယူ ပိုင်ဆိုင်ရန် ချစ်ခဲ့ခြင်း လည်း မဟုတ်၊ မှီခိုစရာ တစ်ခု အနေနှင့် ချစ်ခဲ့ခြင်း လည်း မဟုတ်၊ အမှီခိုခံ တစ်ခု အနေဖြင့် ချစ်ခဲ့ခြင်း လည်းမဟုတ်၊ “ခွင့်လွှတ်ပါ” လို့ (အဆုံး တစ်နေ့မှာ) တောင်းပန်ဖို့ရာ ချစ်ခဲ့ ခြင်းလည်း မဟုတ်၊ “အားလုံးကို မေ့ပစ် လိုက်ပါတော့” လို့ (အဆုံးတစ်နေ့ မှာ) တောင်းဆို ဖို့ရာ ချစ်ခဲ့ခြင်းလည်း မဟုတ်။
သူက သူမကို ချစ်နေဖို့ အတွက်သာ ချစ်ခဲ့ခြင်း ဖြစ်သည်။ သူမ ချစ်နေ သည်ကို ပြန်လည် ခံယူဖို့ အတွက် သာ ချစ်ခဲ့ခြင်း ဖြစ်သည်။ အခြား အခြားသော ကိစ္စရပ်များ အားလုံးသည် အပြင် ဘက်မှ ၀န်းရံဖွဲ့ယှက်လာကြသော အမြှေး ပါးကလေးများ သဖွယ်သာ ဖြစ်နေခဲ့၍ အတွင်းသား သဖွယ်ဖြစ်သော သူတို့ နှစ်ယောက်၏ ချစ်ခြင်း မေတ္တာနှင့် ယှဉ်တွဲ လာသောအခါ မည်သို့မှ အရေးပါခြင်း မရှိနိုင် ကြတော့ပေ။ သူတို့နှစ်ယောက် လုံးအတွက် တကယ်တမ်း အရေးပါ ခဲ့သည်က ထာဝစဉ် ထာဝရ ဘယ်သော အခါမှ ပျောက်ကွယ် သွားလိမ့်မည် မဟုတ် သည့် သူတို့ နှစ်ယောက်၏ အချစ် သစ္စာသာ ဖြစ်ခဲ့သည်။ (သစ္စာဆိုသည့် စကားလုံး ကလေးက အလေးအနက် ခံစားမည် ဆိုလျှင် ခံစားလို့ ရနိုင် ကောင်းသည့် စကားလုံး ကလေးပါပဲ)
မပြေလည်ခြင်း ကျပ်ခိုး များဖြင့် မည်းမှောင် ညစ်ထေး သော သူ့ဘ၀၏ အတွင်းခန်းများ အားလုံးကို သူမကောင်း စွာ မြင်တွေ့ သွားခဲ့ပြီး ချိန်မှာလည်း သူမ၌ နည်းနည်းမှ ကြောက်ရွံ့စိတ် မဖြစ်ပေါ်ခဲ့ ပါဘူးဆိုတာ သူ၏ ရင်ဖြင့် ရင်းနှီး ၍ နားလည် ခံစား နိုင်ခဲ့သည်။ သူမက သူ့ဘ၀၏ မိုက်မှောင် သော အရိပ် အနက် ရင့်များထဲ တည်ငြိမ် အေးချမ်းစွာ ထွင်းဖောက် စာနာ ကြည့်ရှု နေခဲ့၏။ ထိုထဲမှ ရှင်သန် လူးလွန့်နေ သော တစ်စုံ တစ်ရာကို သူမ အမိအရ ဆုပ်ကိုင် ဖမ်းယူ နိုင်ခဲ့ပါသည်။ တကယ်တော့လည်း သူမက သူ့လောက် တောင် ကြာကြာ ရှည် ရှည် ဟန်ဆောင် နေနိုင်ခဲ့သည် မဟုတ် ပေ။ သူကတော့ သူမအတွက် မို့သာ အရာရာကို ငဲ့ကွက်ထည့် တွက်လျက် နှောင့်နှေးတတ် သူတစ်ယောက် ဖြစ်နေ ခဲ့ရ လေသည်။
သူတို့ နှစ်ယောက် စလုံးပင် သူတို့နှင့် သက်တူ ရွယ်တူ ယနေ့ခေတ် လူငယ်တွေ အများစုနှင့် လုံးဝဆန့် ကျင်စွာ ခြားနား ကွဲပြား နေခဲ့သည်။ အဲဒါက တမင်တကာ ဖန်တီးလုပ် ယူလို့ ရနိုင် ကောင်းသည့် ကိစ္စလည်း မဟုတ်ခဲ့ လေတော့ အများ အလယ်မှာ သူတို့ နှစ်ယောက်ကို တစ်မျိုး မြင်စရာ ဖြစ်လာခဲ့ရသည်။ ဒါပေမဲ့ ယင်းမှာ သူတို့ နှစ်ယောက်၏ ပင်ကို စိတ်ထား၊ ပင်ကို စရိုက် သဘာဝ၊ ပင်ကိုအတွေး၊ ပင်ကို ခံစားချက် များက အံ့သြစရာ ကောင်းလောက်အောင် ထပ်တူညီ မျှနေရာမှ ဆင့်ပွား လာခဲ့သော အခက်အလက် များသာ ဖြစ်၍ မြစ်မ ပင်စည် ဖြစ်သော သူတို့ နှစ်ယောက်၏ သံယောဇဉ် ခိုင်မာ မှုကို ချည့်နဲ့ သွားစေဖို့ရာ ဘယ်လိုမှ မတတ်နိုင်ဘဲ ရှိခဲ့၏။ သို့ပေမဲ့ ကြေကွဲ ချင်စရာ ကောင်းခဲ့သည်ကတော့ အမှန်ပဲ ဖြစ်လေသည်။ (ရိုးရှင်း ပြီးသား၊ အေးဆေး ပြီးသား ကိစ္စတွေကို အရှုပ် ရှုပ် အထွေးထွေး ဖြစ်သွား အောင် ပြောတတ် ကြလုပ် တတ် ကြတာ။ အဲဒါဟာ လူတွေ-လူတွေ-လူတွေဆိုတာနဲ့ ဘယ်တော့မှ ပြင်လို့ မရနိုင်တော့တဲ့ အမှား ကြီး တစ်ခုပဲလား။ အစဉ်အလာ ယဉ်ကျေးမှု ဆိုတာ ကလည်း ဘာလဲ။ ဓလေ့ ထုံးစံ ဆိုတာကလည်း ဘာလဲ။ အဲဒါတွေကို မသိတာ အပြစ်လား။ သိလျက်နဲ့ မလိုက်နာ နိုင်ခဲ့ရင် အပြစ်လား။ ဘာဖြစ်လို့ အဲဒီ လူတွေ လူတွေ၊ လူတွေနဲ့ လိုက်ညှိ နေကြ ရမှာလဲ။)
အ၀တ်အစား ၀တ်ဆင် ဖို့ရာ အခက်အခဲ ရှိနေစဉ် အခိုက် အတန့်မျိုး မှာတောင် သူတစ်ပါး၏ အင်္ကျီ အ၀တ် အစားကို ခေတ္တ ခဏ ငှားရမ်း ၀တ်ဆင်ဖို့ ခေါင်းမာမာ ငြင်းဆန် တတ်သူ ဖြစ်နေပြန်တော့ အများ အလယ် နေသာခံ သာအောင်ဟု ဆိုကာ သူတို့နှင့် မတူညီသူ များထံမှ အမြင်အတွေး၊ အမူ အကျင့်များ ကို ချေးငှားလက်ခံ ဟန်ဆောင် နေထိုင်ကြဖို့ ဆိုသည် ကိုလည်း သူ ဘယ်လိုမှ လက်သင့်ခံ ယူလို့ မရနိုင်အောင် ခံစားခဲ့ရ သည်။
သူကတော့ ငှက်တစ်ကောင်သာ ဆိုလျှင်လည်း လူအများ အတွက် သာယာနာ ပျော်ဖွယ် တေးသီချင်း များကို တွန်ကျူး သီဆို ပြမည့် ချစ်စရာ ငှက်တစ်ကောင် ဖြစ်လာလိမ့် မည် မဟုတ်ဘဲ လူအများ နှလုံးနာ တတ်ကြသည့် ငှက်ဆိုး ထိုးသံလိုမျိုးကို ဟစ်အော်သီ ကြွေးပြမည့် မုန်းစရာ့ ငှက်တစ် ကောင်သာပဲ ဖြစ်လာဖို့ ရှိလေသည်။ လူအများက သူတို့၏ ပါးစပ်ထဲမှ ခါးခါး သီးသီး ဆွဲထုတ် လွှင့်ပစ်ကြသည့် အရိုး စနများကို သူက လိုလားစွာ ၀ါးမျိုချ တတ်သူဖြစ်ပြီး လူ အများ နှစ်သက်စွာ သုံးဆောင် မှီဝဲလိုကြသော ဆီဦး ကရင်မ် များကိုတော့ သူက ရွံရှာစွာ ထွေးထုတ် ပစ်ချင်သူ ဖြစ်သည်။
ဒါပေမဲ့ သူမက တော့ သူ့ကို ချစ်ခဲ့၏။ “ဒုက္ခနဲ့ တစ်ခါကြုံတိုင်း ချစ်သူရဲ့ လက်ကို တစ်ခါ ကိုင်ပါရစေ”
ဆိုတဲ့ အိုမာ ခရမ်ရဲ့ ကဗျာလေး တစ်ပုဒ်ကိုတော့ သူမကို ရွတ်ဆို ပြဖို့ရာ သူအကြိမ်ကြိမ် အခါခါ စိတ်ကူး နေခဲ့ မိသော်လည်း တစ်ခါမှ ရွတ်ဆို မပြခဲ့ ဖူးတာ အခုနေ ပြန်တွေး မိလျှင် သူ အမှတ်ရ ဆဲ ရှိသေးသည်။ အဲဒါ ဘာကြောင့်လဲ ဆိုတာတော့ သူလည်း မသိခဲ့ပါ။
မျက်လုံးများကို ခပ်စင်းစင်း မှေးမှိတ်ကာ ငြိမ်သက် ဖြေလျှော့ နေလိုက်၏။ မိုးမှုန် ဖွားဖွား ကလေးတွေ လွင့်လွင့် မှုန်မှုန် ဝေ့၀ဲဖွာကျ နေသေး တာကိုလည်း သူ သိနေ၏။ သူနှင့် သူမတို့၏ အကြောင်းကို မိုးရေစက် တွေအကြောင်း မပါဝင် စေဘဲနှင့် ပြောဆို ကြမည် ဆိုလျှင် ဘယ်လိုမှ မပြည့်စုံနိုင် ဘူးဆိုတာ လည်း သူ သတိရနေ၏။
အဲဒီနောက်မှာတော့... မိုး လုံးဝတိတ်သွားခဲ့တာ၊ ကန်နံဘေးမှာ နေ့ရဲ့ အလင်း ဟူသမျှ တစ်စတစ်စ ဆုတ်ယုတ် ချုပ်ငြိမ်း သွားခဲ့တာ၊ လေ တစ်ချက်မှ မတိုက်ပါဘဲနဲ့ သူ့နံဘေးသစ်ပင်ပေါ်မှ သစ်ရွက် ကလေး တစ်ရွက်က တငြိမ့်ငြိမ့် တခါခါ လှုပ်ယမ်းလို့ နေခဲ့ တာ။ အဲဒါ အဲဒါတွေကိုတော့ သူ လုံးဝ မသိလိုက်တော့ပေ။ စိတ်ညှို့ ခံထားရ သလိုပင် သူ မလှုပ်မခြောက် ဆက် ထိုင်နေ ခဲ့မိသည်။ မိုးစက် မိုးပေါက်များက တဝေါ ဝေါအော် မြည် သွန်ကျ လာပြန်၏။
သူက သစ်သားခေါင်း တစ်ခု အကြောင်းကို အိပ်မက်နေခဲ့ သည်။ အခေါင်း ပြုလုပ်ထားသည့် သစ်သား ပြားများက ဘာ ဆေးရောင်မှ သုတ်ခြယ် ထားခြင်း မရှိပေ။ သစ်သား အခေါင်း ကလေးကတော့ အုတ်ဂူ နံဘေး တစ်နေရာမှာ အတူယှဉ်တွဲ လျက် သိုသိပ် လေးလံစွာ ရှိနေခဲ့သည်။ ညနေခင်း နေ၀င်သွား ပြီးချိန်မျိုးပဲဟု ထင်၏။ ပြာမှိုင်း ရင့်မှောင်သော ခပ်ပါးပါး အလင်းရောင် ကလေး သည်သာ ငြိမ်သက်သော သစ်ရွက်အုပ် အုပ်တွေ အောက်မှာ တိုးလျှိုး ၀ပ်စင်း ကျနေ ခဲ့သည်။ အသံကို မှ မကြားရ လောက်အောင် ပကတိ အေးပြီး တိတ်ဆိတ်နေခဲ့ သည်။ အခေါင်းကလေး မှာလည်း အပြည့်အ၀ မဖုံးလိုက်ရ သေးဘဲ တစ်ဝက် တစ်ပျက် ပွင့်ဟ ကျန်နေ ဆဲဖြစ်၏။ သူက သေချာအောင် လှမ်းကြည့် လိုက်တော့ အခေါင်းထဲမှာ မလှုပ် မယှက် လဲလျောင်းနေတာ သူ၏ ခန္ဓာကိုယ် ဖြစ်နေ လေသည်။
အထိတ် တလန့်နှင့် နံဘေးမှ အုတ်ဂူ ကလေးဆီ လှမ်းကြည့် လိုက်ပြန်တော့ (သူ မျှော်လင့် ထားသလိုပင်) သူမ၏ နာမည်ကို သူ မြင်တွေ့ လိုက်ရသည်။
ရဲဘုန်းခေါင် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၂)
|
|
Last Updated on Monday, 07 January 2013 17:21 |