(Jan_13)စာကောင်းကင်က လင်းလက်ကြယ် PDF Print E-mail
Written by မင်္ဂလာရွှေမောင်း   
Tuesday, 01 January 2013 23:03
Share |

ကိုကာကိုလာ ကုမ္ပဏီဟာ ကမ္ဘာ့ နံပါတ်တစ် ကုမ္ပဏီကြီး ဖြစ်သလို လူသိများ၊ ဈေးကွက်မှာ တွင်ကျယ် နေတဲ့ ကုတ်၊ စပရိုက်၊ ဖရက် စကာ တို့လို နာမည်ကြီး အချိုရည်တွေ ထုတ်လုပ်ပြီး အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ်၊ အတ္တလန္တာ မြို့မှာ အခြေစိုက် ပါတယ်။

cialis priceclick here order viagra online cialis non generic
argaiv1931

စတော့ ဈေးကွက်မှာ ထိပ်ဆုံး နေရာကို ရနေတဲ့ ကိုကာ ကိုလာကို ပြိုင်လာတာက ပက်စီပါ။ ၁၉၅၀ မှာ ကိုကာကိုလာ ဟာ နိုင်ငံတကာ ဈေးကွက်မှာ ပက်စီထက် ၅၀၀ ရာခိုင်နှုန်း ပိုရောင်းနေ ရပေမဲ့ ၁၉၈၀ မှာတော့ ကိုကာထက် ပက်စီရဲ့ လက်ပတန် တံဆိပ် လက်ဖက်ရည် အအေးဘူးတွေ က ပိုရောင်း လာရတယ်။ ပက်စီ အချိုရည်တွေဟာ ကိုကာနဲ့ ဈေးကွက် ဝေစု တန်းတူ ရရှိ လာခဲ့ပါတယ်။ ဒီအချိန်မှာ အဲဒီ အခြေအနေကို ပြောင်းလဲဖို့ အတွက် ဗျူဟာ တစ်ခု ခင်းကျင်း လာပါတယ်။

ဖော်မြူလာ ပြောင်းလဲ လိုက်ပြီး ကိုလာ အသစ်ကို (New Coke) လို့ခေါ်ပြီး အဟောင်းကို (Coke Classie) ခေါ်တွင် စေပြီး စားသုံးသူတွေရဲ့ သဘောထား ကို ခံယူလိုက်တယ်။ ဒါကို ကမ္ဘာ့ဈေးကွက် မဟာဗျူဟာ ပညာရှင် တွေက “ရှေ့လူ နှစ်ကိုယ် ခွဲခြင်း”လို့ခေါ်တယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်က ဒုတိယ နေရာနဲ့ အတော် နီးနီး ရောက်လာပြီ ဆိုရင် ကိုယ့်ကိုယ်ကို နှစ်နေရာ ခွဲပြီး ပထမနဲ့ ဒုတိယ နေရာကို ယူလိုက်တယ်။ အဲဒီအခါ ဒုတိယ နေရာကို ရောက်နေတဲ့ ပြိုင်ဘက်ဟာ အလိုလို တတိယ နေရာကို ရောက်သွား တော့တယ်။

ဒီ ရှေ့လူ နှစ်ကိုယ် ခွဲခြင်းကို နိုင်ငံရေးမှာလည်း တွေ့မြင် ရပါတယ်။ ဆိုပါစို့၊ အိန္ဒိယ ကွန်ဂရက် ပါတီ။ အိန္ဒိယ ကွန်ဂရက် ပါတီဟာ နေရူး ကွယ်လွန်တဲ့ အထိ အိန္ဒိယ အစိုးရရဲ့ အာဏာကို ယူထား နိုင်ခဲ့ပါတယ်။ နေရူး မရှိတဲ့ နောက် ပါတီ ယိုယွင်းလာ တယ်။ ပါတီတွင်း လူကြီး၊ လူငယ် ပြဿနာ ကြီးထွား လာတယ်။ အဲဒီ အချိန်မှာ အတိုက်အခံ အင်အားစုက ပခုံးချင်း ယှဉ်လာတယ်။ ဒါ ကြောင့်လည်း ၁၉၇၇ ရွေး ကောက်ပွဲမှာ ဂျာနာတာ ပါတီ ဟာနိုင် သွားတယ်။ အဲဒီမှာ ကွန်ဂရက်ပါတီ(I) နဲ့ ကွန် ဂရက်ပါတီ (S) လို့ နှစ်ပါတီ ကွဲသွားတယ်။ ဒီအချိန်မှာ အိန္ဒိယ ပြည်သူလူထုဟာ ဂျာနာတာ ပါတီကို စိတ်မ၀င်စား တော့ဘဲ ကွန်ဂရက်(I) နဲ့ ကွန် ဂရက်(S) ပါတီ တို့ကိုပဲ စိတ်ဝင်စား တော့တယ်။ ဂျာနာတာ ပါတီလည်း တတိယ နေရာကို အလိုလို ရောက်သွား တော့တယ်။

မြန်မာနိုင်ငံ သမိုင်း မှာလည်း အဲဒီလို အဖြစ်မျိုး ရှိခဲ့ဖူးပါ တယ်။ ၁၉၅၀ ခုနှစ်လောက်က ခွဲထွက်တဲ့ အလုပ်သမား လယ်သမား ပါတီ(ဆိုရှယ်နီ) ဦးဆောင်တဲ့ ပမညတ အဖွဲ့ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ ၄၀ ရာခိုင်နှုန်း လောက်ရ လာတယ်။ အဲဒီအချိန်မှာ ဖဆပလ အဖွဲ့မှာ နုတင်၊ ဆွေငြိမ်း ကွဲလာတယ်။ အဲဒီတော့ ပမညတ ဟာ အလိုလို တတိယ နေရာ ရောက်သွား တော့တယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ပမညတဟာ အမတ် နေရာ မရတော့ ပါဘူး။ ဒါဟာ ရှေ့လူ နှစ်ကိုယ်ခွဲ တဲ့အခါ ဒုတိယ လူဟာ တတိယ နေရာ ရောက်သွားတဲ့ အဖြစ်ပဲ။ အခု ရွှေမောင်း တို့နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျပ်အတည်း ဆိုတဲ့ အသံ ကြား နေရတယ်။ ဒါက  အာဏာ သုံးရပ်ရဲ့ အားပြိုင်မှုပါပဲ။

၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီ ဘက်ပြောင်းတယ် ဆိုပြီး ရွေး ကောက်ပွဲ ကျင်းပခဲ့တယ်။ အပြိုင် မရှိဘူး။ မရှိဘူး ဆိုတာထက် ရှိခွင့် မရခဲ့ဘူး ဆိုတာက ပိုပြီးမှန် ပါလိမ့်မယ်။ ရှိတဲ့ အပြိုင်တွေက လည်း လောက်လောက် လားလား မရှိတာ တွေမို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် နှစ်ရပ်စလုံးမှာ အမတ် အများစု ရခဲ့ပါတယ်။ တပ်အတွက် ပေးထားတဲ့ ၂၅ ရာခိုင်နှုန်းကို နုတ်ယူ လိုက်ရင် ပြည်ခိုင်ဖြိုး ပါတီက ၇၅ ရာခိုင် နှုန်း ဆိုပါတော့။ အဲဒီလို ရထား လေတော့ လွှတ်တော် အမတ် တွေကပဲ သမ္မတကို ရွေးတယ်။ ဒီတော့ နိုင်ငံ့ အာဏာသုံးရပ် အနက် ဥပဒေပြု ရေးနဲ့ စီမံခန့်ခွဲရေး ကဏ္ဍမှာ အားလုံး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ကချည်းပဲ။ နည်းနည်း ကြာလာတော့ မူလ တစ်ညီတည်း ဖြစ်တဲ့ အင်အားစု တွေအကြား မှာပဲ သဘော ထားကွဲလွဲ မှုတွေ ရှိလာတယ်။ အဲဒီအချိန်မှာ NLD က စွန့်စားပြီး လွှတ်တော် ထဲကို ၀င်လိုက်တယ်။ ကြားဖြတ် ရွေးကောက် ပွဲကို သန့်သန့်ရှင်းရှင်း ကျင်းပပေး လိုက်လို့ အမတ် နေရာ အားလုံး နီးပါးရ လိုက်တယ်။ အဲဒီအခါ မှာတော့ တစည ပါတီဟာ အလိုလို နောက်တန်းကို ရောက်သွားပြီး NLD ဒုတိယ နေရာကို ရောက်လာတယ်။

ဒီလ ရနံ့သစ်မှာ ဖော်ပြထားတဲ့ ဇော်ဝင်းကိုရဲ့ ကိုလာ စစ်ပွဲ တုန်းက နည်းဗျူဟာ ဟာ ကိုကာ ကိုလာ ကုမ္ပဏီရဲ့ ဈေးကွက် နည်းဗျူဟာနဲ့ နိုင်ငံရေး ပါတီ တို့ကို နှိုင်းယှဉ် ရေးသားထား တဲ့ဆောင်းပါးပါ။ ဆရာ ဇော်ဝင်းကိုဟာ ဆောင်းပါး တစ်ပုဒ် ရေးပြီ ဆိုရင် တစ်ပုဒ်ဆို တစ်ပုဒ်ဆိုရ လောက်အောင် အချက် အလက် အထောက်အထား တွေနဲ့ လှပ သပ်ရပ်စွာ ထုပ်ပိုး တတ် ပါတယ်။

တည်ငြိမ် အေးချမ်းပြီး ဒီမိုကရေစီ အပြည့်အ၀ ရှိတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်း ကြိုးပမ်း နေကြ ရတဲ့ အခုလို အချိန်မျိုးမှာ ဆရာက ဖြစ်လာနိုင်တဲ့ အခြေအနေ တွေကို တင်ပြ သတိ ပေးလိုက် ပါတယ်။ ဆရာ ဇော်ဝင်းကိုက သူ့ဆောင်းပါး နိဂုံးမှာ နောက်တန်း ရောက်နေတဲ့ နိုင်ငံကို ရှေ့တန်း ပြန်ပို့တဲ့ ကိစ္စ ဆောင်ရွက် ဖို့ အရေးတကြီး လိုအပ် နေချိန်မှာ အာဏာ ပြဿနာ အတွက် အင်အားနဲ့ အချိန်တွေ အကုန် မခံ သင့်ကြောင်း ထောက်ပြခဲ့ ပါတယ်။

ဒီလရနံ့သစ် ၀တ္ထုတို တွေထဲက မောင်သင်းထုံ (ကျောက်မဲ)ရဲ့ ခင်ဗျား တို့ ၀န်းကျင်မှာ ဒေါ်ချို ရှိပါသ လား ကို ညွှန်းချင် ပါတယ်။ ၀တ္ထုရေး ဆရာက သူ့ရဲ့ ပဓာန ဇာတ်ကောင် ဒေါ်ချိုကို ထု ဆစ် ပြထား တာက အလွန် လှပါတယ်။ ၀တ္ထုရေးသူ တစ်ဦး အဖို့ ဇာတ်ကောင် တစ်ကောင် ရဲ့အတွင်းစိတ်(စိတ်စရိုက်)ကို စာဖတ်သူ ပြက်ပြက် ထင်ထင် ရှုမြင် နိုင်အောင် ရေးဖွဲ့ရတဲ့ အလုပ်က အလွန် ခက်ခဲပါ တယ်။ အဲဒီ ခက်ခဲတဲ့ အလုပ် ကိုမှ မောင်သင်းထုံက အရေး အခင်း အဖြစ်အပျက် တွေထဲ မှာ ဇာတ်ကောင်ကို ချပြရင်း ဇာတ်ကောင် စရိုက်ကို ပုံဖော် ပြထား ပါတယ်။ မိခင်နေရာ၊ ဇနီးနေရာက ထားရမဲ့ သဘောထား ကိုလည်း စာရေး ဆရာက ဒေါ်ချိုကို စံပြုဇာတ် ကောင်ထားပြီး ရေးဖွဲ့ပြပါ တယ်။ သူတကာနဲ့ မတူတဲ့ အယူအဆ တွေမို့လည်း ဒီဝတ္ထုတို လေးကို မဖြစ် ဖြစ်အောင် ဖတ်ကြည့် ပါလို့ ညွှန်းချင်ပါ တယ်။
၂၀၁၂၊ နိုဝင်ဘာ၊ ရနံ့သစ်

ဒီတစ်လ မဟေသီမှာ ဖော်ပြ ထားတဲ့ ဝေ(စီးပွားရေး တက္ကသိုလ်)ရဲ့ ကျန်ရစ်လေ သောအရာ ဟာ မိန်းကလေး တစ်ဦးက အတူနေ ကိုယ့် ထက်ငယ်တဲ့ ယောက်ျားတစ် ယောက်ကို ချစ်မိတဲ့ အခါ ကြုံတွေ့ရတဲ့ အဖြစ် အပျက်ကို အဲဒီ လုပ်ငန်း ကြီးကြပ်သူ အဒေါ် တစ်ယောက်ရဲ့ အတွေးအမြင် နဲ့ ရက်ဖောက် ရေးဖွဲ့ ပြထားတဲ့ ၀တ္ထုပါ။ အမှန်ကတော့ အနိုင် မရသူ လူနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလေး တစ်ပုဒ် သာဖြစ်ပါတယ်။ ဘာမှ မထူး ခြားပါဘူး။ ဒါပေမဲ့ ရွှေ မောင်း သဘောကျ တာက ဒီဝတ္ထု ထဲမှာ အဆာသွပ်ထား တဲ့ အတွေးအမြင် တွေဟာ ပျို ရွယ်သူ မိန်းကလေးတိုင်း အတွက် တန်ဖိုးရှိ လှတဲ့ အတွေးအမြင် လေးတွေ ဖြစ်နေ လို့ပါပဲ။ ဝေ ဟာ အတတ် ပညာရှိ သူပီပီ သူ ပြောချင်တဲ့ အတွေး အမြင်ကို သူ့ဝတ္ထု ထဲမှာ နေသား တကျ၊ သေသေ သပ်သပ်၊ ပိပိရိရိ ထည့်ပြနိုင် ခဲ့ပါတယ်။

ဝတ္ထု တစ်ပုဒ်ဟာ လတ် ဆတ်တဲ့ အလင်္ကာ၊ အဖွဲ့အနွဲ့ တွေနဲ့ ရေးဖွဲ့ထားနိုင် ရုံမျှနဲ့ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ် မလာနိုင် သေးပါဘူး။ လေး နက်စူးရှတဲ့ လောက အမြင်လေး တွေနဲ့ ချည်နှောင် ရက်ဖွဲ့နိုင် ရန်လည်း လိုပါ သေးတယ်။

နိုင်မြင့်ရဲ့ မုန့်ဖက် ထုပ် ရောင်းပွဲ ကိုလည်း ညွှန်းချင် ပါတယ်။ ဒီဝတ္ထု လေးဟာ သာမန် ကြည့်လိုက်ရင် ဘာ မဟုတ်တဲ့ အကြောင်း အရာလေး တစ်ခုကို ပေါ့ပေါ့ ပါးပါးရေး ဖွဲ့ထားတဲ့ ၀တ္ထု တစ်ပုဒ်ပါပဲ။ ကျောင်းဝင်း ထဲမှာ ပြင်ပဈေး သည်တွေ ဈေးရောင်း ခွင့်မပြု တော့ဘဲ ဆရာမတွေ ကိုသာ ရောင်းရမယ် ဆိုပြီး အမိန့် ထုတ်ခဲ့တဲ့ ဆရာမကြီးရဲ့ အမိန့်ကို ကျောင်းသားလေး နှစ်ယောက်က ညင်သာ သိမ် မွေ့စွာ ဆန့်ကျင် တိုက်ပွဲဝင် ခဲ့တဲ့ အကြောင်း အရာပါ။ နိုင်မြင့်ဟာ Humour Sense ရှိတဲ့ ၀တ္ထုရေး ဆရာတစ်ဦး ပါ။ စီမံခန့်ခွဲ မှုမှားယွင်း တာကို ခပ်ရွှင်ရွှင်လေး ရေးဖွဲ့ထား ပါတယ်။ ဒီဝတ္ထုလေးကို လည်း လက်အောက်ငယ် သားတွေက ထောက်ပြ လိုက်လို့ ငါတကော ကောမဲ့ အစား ပြုပြင်ပေး လိုက်တဲ့ ဆရာမ ကြီးကို နိုင်မြင့်က စာဖတ်  ပရိသတ်ကို မပြောဘဲ ပြနိုင် ခဲ့ပါတယ်။ ရွှေမောင်း သဘော ကျမိတာက နိုင်မြင့်ရဲ့ နိဂုံး လေးပါ။ ဖတ်ကြည့်ပါဦး။

ငြိမ်း(ရွှေလီ)ရဲ့ စာသစ် ပင်တွေ စိုက်ကြစို့ ဟာ အနာ ဂတ်ကို မျက်နှာမူ ထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ ၂၁ ရာ စု ရတနာပုံ မင်းနေပြည်တော် ရဲ့ ရုပ်ပုံကား ချပ်ကိုလည်း လင်းလင်း ပွင့်ပွင့် ပြောပြထား ပါတယ်။ ဒီနေ့ ရွှေမောင်း တို့ လူ့အဖွဲ့ အစည်းရဲ့ အပြောင်း အလဲဟာ ဘယ်လို ပြောင်းလဲ တာလဲ။ ညီအစ်ကို မသိတသိ ကာလကို ကျော်ဖြတ် ခဲ့ပြီးပြီ လား။ တရား ဥပဒေ စိုးမိုးမှုရဲ့ ထိရောက်မှု ရာခိုင်နှုန်း။ နိုင်ငံ ခြားသား တွေရဲ့ ၀ါးမျိုမှု။ အဲဒါတွေကို ကြည်ကြည်လင် လင်ရှုမြင်လာ နိုင်ဖို့ ဆိုတာက စာဖတ်မှ ဖြစ်ပါလိမ့်မယ်။ မဟေသီ စာမျက်နှာ ပေါ်မှာ စာရေးဆရာ တစ်ဦး အမြဲ မပြတ် ရေးသား နေတဲ့ စာ မဖတ်သူ ပပျောက် ရေးဟာ အလွန် အရေးကြီးတဲ့ အမျိုး သားရေး တာဝန် တစ်ရပ်ပါ။ ဆရာမ ငြိမ်း(ရွှေလီ)ရဲ့ ဒီ ဆောင်းပါး ဟာလည်း စာမဖတ် သူ ပပျောက်ရေးကို  အရေး တကြီး ကိစ္စအဖြစ် ပြုလုပ်ဖို့ သံချောင်း ခေါက်ပေး လိုက်တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။
၂၀၁၂၊ နိုဝင်ဘာ၊ မဟေသီ

ကလေး သူငယ်ပြုစု ပျိုးထောင်ရေး ဆိုင်ရာ စိတ် ပညာ သဘော တရားဆိုတာက လှေနံဓားထစ် နာယူ လိုက်နာ လို့ အောင်မြင် တာမျိုး မဟုတ်ပါဘူး။ ပြဿနာ တစ် ခုချင်းအပေါ် မူတည်ပြီး ချဉ်းကပ် ဆုံးဖြတ်ရ တာမျိုးပါ။  ပြီး ပညာရပ် ဆိုင်ရာ ဆောင်း ပါးတစ်ပုဒ် ဖတ်မိ လိုက်ရုံမျှနဲ့ လည်း ရင်ထဲ ရောက်သွား နိုင်တာမျိုး မဟုတ် ပါဘူး။ ဒါပေမဲ့ အဲဒီ အကြောင်းအရာ ကိုပဲ အတတ်ပညာ၊ အနုပညာ ပေါင်းစပ်ပြီး ၀တ္ထုတစ်ပုဒ် သွန်း လုပ်လိုက်ပြီ ဆိုတဲ့ အခါမှာ တော့ စာဖတ်သူရဲ့ ရင်ကိုပုတ် နှိုးလိုက်ရုံ မျှမက ဦးနှောက် ထဲမှာပါ စွဲစွဲမြဲမြဲ မှတ်မိသွား ခဲ့ပါတယ်။ ဒီလ ကလျာမှာပါ တဲ့ကြယ်လွဲမိုးရဲ့ ရထားလိုက် မုဆိုး ဟာ မိဘ အုပ်ထိန်းသူ (ဖခင်)တစ်ယောက်က သတိ လက်လွတ် ဖြစ်ပြီး သားလေး (ကလေး)အတွက် ရထား လက်မှတ် မ၀ယ်မိ ခဲ့လို့ ဘ၀ တစ်လျှောက်လုံး ဒဏ်တပ်၊ ဒဏ်ခတ်ခြင်း မခံခဲ့ ရတဲ့ ကလေးငယ် တစ်ဦးရဲ့ အသည်း မှာ အမှတ်မထင် ဒဏ်ရာ ကလေး ရရှိ သွားခဲ့ပုံကို ရေးဖွဲ့ ထားတဲ့ ၀တ္ထုတိုပါ။ အနာဂတ် ကို မျက်နှာမူ ထားတဲ့ ၀တ္ထု တစ်ပုဒ်လို့ ဆိုချင် ပါတယ်။

သင်းစည်ရဲ့ ဆုတောင်း ခန်းပျို့ ဟာ ခေတ်ရဲ့ အရိပ် အရောင် တွေနဲ့ ရေးခြယ်ထား တဲ့ ကဗျာ တစ်ပုဒ်ပါ။ ရပ်တန့်လို့ မရတဲ့ဘီး တစ်ပတ် ပြန်ပြီးလည် လာတော့ ဆန်အိုးကြီး သူနှင့် ဆန်အိုး မရှိသူကြား ကျွန်တော်တို့ နှလုံးသား မုဒိတာ ပွားနိုင်ဖို့ တရား ရေအေး တိုက်ကျွေး ပြီးပြီလားတဲ့။ ကဗျာဆရာ ကရွှေမောင်း တို့ကို မေးခွန်းတွေ တစ်ခုပြီး တစ်ခု မေးပြီးမှ သူ့ကဗျာကို  အခုလို အဆုံးသတ် ထားပါ တယ်။ ကျွန်တော်တို့ရဲ့ ဆယ်အိမ်စု လေးအပေါ် မတော် လို့များ ဖွ၊ဖွ၊ လွဲစေ၊ ဖယ်စေ ဘေးအန္တရာယ်တွေ မှန်သမျှ ဆံချည် တစ်မျှင်မျှ  မကျ ရောက်ပါ စေသားတဲ့။ သမင်နဲ့ ကျား အကြားမှာ ထားရမဲ့ မုဒိတာ တရားကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။
၂၀၁၂၊ ဒီဇင်ဘာ၊ ကလျာ

ဒီလ ရတီ ၀တ္ထုတိုတွေ ထဲက ပထမဦးဆုံး ညွှန်းချင် တာက သရ၀ဏ်ရဲ့ အမြင့်မား ဆုံးတံတိုင်း ပါ။ ပစ္စည်းမဲ့ လူတန်းစား၊ နွမ်းပါးသူတွေ နေကြတဲ့ လမ်းထဲကို ကိုစိန် ထွန်းတို့ မိသားစု ပြောင်းရွှေ့ နေထိုင်ခဲ့ပါ တယ်။ လမ်းပြင်ဖို့ ငွေကောက်ပြီး ပိုနေတဲ့ငွေ ၃၃၇၀ ကျပ်ကို စာရင်းရှင်း တမ်းလုပ် လမ်းမမှာ ကပ်ပြီး ဖော်ပြ ပေးတယ်။ ဆင်းရဲသား မိသားစု တွေချည်း နေတဲ့လမ်း မို့လို့ ငွေကောက်ခံလို့ မရ တော့တာမို့ ကိုစိန်ထွန်း က အဲဒီငွေကို ထီထိုး။ ပေါက်ရင် အဲဒီငွေနဲ့ လမ်းပြင်မယ် စိတ် ကူးပြီး အောင်ဘာလေ ထီထိုး လိုက်တယ်။ သိန်း ၆၀၀ ရ လာတဲ့ အခါ ဇနီးက ပြောတာ နဲ့ ငွေကိုယူ အဲဒီလမ်း ကိုပြင်၊ အိမ်ရောင်းပြီး အဲဒီလမ်း ထဲက ပြောင်းသွား ပုံလေးပါ။ သီ ကုံး ထားပုံလေးက သေသပ် လှပပါတယ်။ ရွှေမောင်း ကြိုက်မိတာက အိမ်ခြေရာ ခြေမရှိ၊ တကယ့် ပစ္စည်းမဲ့ မျိုးထွန်းကြီးတို့ လင်မယားရဲ့ ရိုးသားမှုနဲ့ ကိုစိန်ထွန်းတို့ လင်မယားရဲ့ ရိုးသားမှုကို နှိုင်း ယှဉ်ရေးဖွဲ့မှုပါ။ ဖတ်ကြည့် ပါ ဦး။
လူတင် ပါလို့ နွားကျား ကိုက်တာ ဆိုတဲ့ စကားရှိပါ တယ်။ မိန်းကလေး တစ် ယောက် S.W  ဘ၀ကို ကျ ရောက်သွား ရတာမှာ ဘယ်လို အကြောင်းတွေ ရှိနေပါ သလဲ။ အဲဒီ အစား အဲဒီ မိန်းကလေး တွေကြားမှာ သစ္စာ တရားမရှိ တော့ဘူးလား။ နဒီငယ်လေး ရဲ့ ကမ္ဘာနာ ဟာ အဲဒီမိန်း ကလေးတွေ ကြားမှာ ပွင့် လန်းနေတဲ့ သစ္စာပန်း လေး တစ်ပွင့်ကို စာဖတ်သူမြင် အောင် ရေးပြထား ခဲ့တဲ့ ၀တ္ထုလေးပါ။
၂၀၁၂ နိုဝင်ဘာ၊ရတီ

ဒီလ ပေဖူးလွှာ မှာပါတဲ့ သက်ဦးမောင်ရဲ့ ဘယ်သူမှ မရေးဖူး သေးတဲ့ ၀တ္ထုဟာ နာမည်ကြီး စာရေး ဆရာကြီး တစ်ဦးက အသက်တစ် ချောင်း ထွက်ခါနီးမှာ ဝေဒနာ သည်ရဲ့ခံစားမှုကို ကူးယူရေး မှတ်ဖို့ တာဝန်ယူ မိတဲ့ ဆရာဝန် စာရေး တစ်ဦးရဲ့ စိတ်ခံစား မှုကို ရေးသား ဖော်ပြထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ သက်ဦး မောင်ဟာ သူ့ဝတ္ထု ကို စာဖတ် သူ စိတ်ဝင်စားအောင် သီကုံး ရေးဖွဲ့ ထားပါတယ်။ ၀တ္ထုရေး ဆရာ တစ်ဦး စိတ်အဆင် သင့် ပြင်ဆင်မှု လိုအပ်ချက်ကို စာရေးဆရာက ဖော်ညွှန်းထား ပါတယ်။ ဖတ်ကြည့် ပါဦး။

ခေတ်တစ်ခေတ်ရဲ့ အပြောင်း အလဲကို မှန်မှန်ကန် ကန် မမြင်နိုင်ဘဲ အရိုးစွဲ နေတဲ့ နေရာယူမှု၊ ရာထူးမက် မှုတွေ ကို မြင်တွေ့နေရတဲ့ လဲ့ဝင်း ကြည်(ချို)က အဲဒါတွေကို မြင်ပြင်းကတ် လို့နဲ့တူပါရဲ့။ ၀တ္ထုလေး တစ်ပုဒ် ရေးပါတယ်။ ၀တ္ထုရဲ့နာမည်က ကမ္ဘာ့ မျက်နှာပြင်ကို ဗဟိုပြု၍ တဲ့။ တံတားက မပြီး သေးဘူး။ ဒါပေမဲ့ ဖွင့်ရမယ် ဆိုလို့ ဖွင့် လိုက်ရတဲ့ “အပြ” ခေတ်က အခုအထိ မကုန်သေးလား မသိ။ အသင်း အဖွဲ့တွေ ဖွဲ့ခွင့် ပြုလိုက်တော့ ဖွဲ့လိုက်ကြတဲ့ အဖွဲ့တွေ၊ ယူလိုက်ကြတဲ့ နေရာတွေ အဖွဲ့တောင် ဖွဲ့လို့ မပြီးသေး ကြဘူး။ ထိသံ၊ ခတ်သံတွေက တညံညံ၊ ဒါ ကို ပညာသား ပါပါ သရော် ထားတဲ့ ၀တ္ထုတို လေးပါ။

နန်းဧကရီရှင်ရဲ့ သား ငယ်နဲ့ ပထမဆု ဟာ ဒီနေ့ ခေတ်ထဲက ပညာရေး မျက်နှာ စာကို စာဖတ် သူမြင် အောင် ရေးဖွဲ့ပြ ထားတဲ့ ၀တ္ထုတိုပါ။ နန်းဧကရီရှင်က သမီး ကြီးဆု ရပုံနဲ့ သားငယ် ဆုရပုံ ကို သူတို့နေတဲ့ ကျောင်းနှစ် ကျောင်းနဲ့ ယှဉ်တွဲပြပြီး ဆု သိပ်လိုချင်တဲ့ သားငယ်က နောက်ဆုံးတော့ မိဘတွေ ပိုက်ဆံ အကုန်အကျ များလွန်း လို့ ဆုမရချင် တော့ပါဘူးလို့ ဆိုလာပုံနဲ့ နိဂုံးချုပ် ထားပါ တယ်။ ပညာရေး လောကရဲ့ အားနည်းချက်ကို ရက်ဖွဲ့ပြ ထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။

နီဟိန်းမော်ရဲ့ နေကာ မျက်မှန် မကြိုက်သူများ ဟာ “မကောင်းမှု ဟူသည် ဆိတ် ကွယ်ရာမရှိ” ဆိုတဲ့ အဆိုနဲ့ ပတ်သက်ပြီး ရှင်းလင်းဖွဲ့ဆို ထားတဲ့ အက်ဆေးတစ် ပုဒ်ပါ။ နီဟိန်းမော်က သူ့ အက်ဆေးရဲ့နိဂုံးပိုဒ်မှာ အခုလို ရေးသားထားပါတယ်။

ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး တည်ဆောက် နေချိန် မှာ လာဘ်ပေးလာဘ်ယူ ကိစ္စ တွေကို ကိုင်တွယ်ဖို့ ကျယ် ကျယ် လောင်လောင် အသံတွေ ကြားရသည်။ ဒီမိုကရေစီ ခရီး မှာ ခေါ်ဆောင် သွားမည့် ခေါင်းတွဲကြီးများ (နိုင်ငံတော် ၏ အုပ်ချုပ်ရေးတာဝန်ယူရ သူများ) ၏ ပိုင်ဆိုင်မှုကို ဖော် ပြဖို့ အဆိုတင် သွင်းမှုမှာ ကန့် ကွက်မဲ တွေနဲ့ ရင်ဆိုင် ရသည် လို့ ကြားရတော့ ရင်ထဲမှာ ကျဉ်တင်တင်”တဲ့။ ရွှေမောင်း ကတော့ အဲဒီ အဆို အောင်မြင် မယ်လို့ မထင်ပါဘူး ဆရာ နီဟိန်းမော်။ ဘာဖြစ်လို့လဲ သိလား။ ...ကြောင့်ပဲလေ။
၂၀၁၂ နိုဝင်ဘာ၊ပေဖူးလွှာ

ဒီလ ရွှေအမြုတေ ၀တ္ထု တိုတွေထဲက ပထမဦးဆုံး ညွှန်းချင်တာက ကျော်ခန့်လူ ရဲ့ ကြေးနီရောင် ကျွန်း ပါ။ ဒီဝတ္ထုဟာ ဦးခေါင်းပုံ သွင်းခံ စက်ရုပ် လူသားတွေရဲ့ လူ့ အဖွဲ့အစည်း တစ်ခုကို ရည် ညွှန်း ရေးသားထား တဲ့ဝတ္ထုတို တစ်ပုဒ်ပါ။ ခေါင်းကို ဖောက်၊ အဲဒီ အပေါက်ထဲကို တိရစ္ဆာန် တစ်ကောင်ရဲ့ ရုပ်ပုံ ရိုက်နှိပ် ထားတဲ့ ကြေးနီပြားတွေ ထည့်လိုက်ရင် အဲဒီ စက်ရုပ် လူသားတွေဟာ ခိုင်းသလို လုပ်ကြပါတယ်။ ကဲ ဆန်း တာက အဲဒီကျွန်းကို အုပ်ချုပ် နေတဲ့ သူကိုယ်တိုင် ကလည်း ခေါင်းကို ဖောက်ပြီး ကြေးနီ ထည့်မှ လုပ်တတ်တဲ့ သူဖြစ် နေတာပဲ။ စာဖတ်သူကို အတွေးစ ကလေး ချပေးထား တဲ့ နိမိတ် ပုံဝတ္ထုလေး တစ်ပုဒ် ပါ။ ဖတ်ကြည့်ပါဦး။

ပန်းရေဂျိုး(မိုးကုတ်) ရဲ့ ၀တ္ထုတိုတွေ စာမျက်နှာပေါ် မှာ မကြာခဏ မြင်တွေ့ နေရ လို့ ကြည်နူး ကျေနပ်မိပါ တယ်။ ဒီဝတ္ထု လူဈေး က တော့ ရှိသမျှ အင်အားလေးနဲ့ စေတနာ သန့်သန့် ကြိုးစားတည် ထောင်ခဲ့ တဲ့ စာကြည့်တိုက် ကလေးတစ်ခု။ စာကြည့် တိုက်ဖြစ်လာတော့မှ စာမှန်း လင်းတမှန်း မသိတဲ့ လူက ဥက္ကဋ္ဌ နေရာ ၀င်ယူ၊ စာပေ ဟောပြောပွဲ လုပ်တော့ စာရေး ဆရာ တွေကို သူ့အိမ်ဖိတ် ထမင်းကျွေး၊ စကားပြောတော့ သောက် တလွဲ၊ ကိုပြူးတန်နဲ့ ဦးဘ ဆင်တို့ကို စာဖတ်သူ ခွဲမြင် သွားအောင် ရေးဖွဲ့ပြ ထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။

သာကြည်ဆွေရဲ့ ကြော ထောက်နောက်ခံ ဟာ အသက် ၇၀ အရွယ် ဒေါ်စိန် ဆိုတဲ့ အဘွားအို တစ်ဦးရဲ့ နေ ၀င်ချိန် ဘ၀ ဖြတ်သန်း မှုကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ သာကြည်ဆွေဟာ မုန့်ဟင်း ခါးသည် မခင်ဆင့်ကို ပုံဖော် ရာမှာ သူ့ရဲ့စိတ် စရိုက်ကို အဓိက ထားပုံ ဖော်ပြခဲ့ပါတယ်။ ကျောထောက်နောက်ခံ မရှိတဲ့ သက်ကြီး ရွယ်အို တစ်ဦးရဲ့ “၀မ်းမီး” ဟာ ဘယ်အထိ ခက်ခဲ သလဲ ဆိုတာကို စာရေး ဆရာက စာဖတ်သူကို တင် ပြရေးဖွဲ့ ပါတယ်။ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး လုပ်နေတဲ့ ဒီနေ့ကာလမှာ သက်ဆိုင်ရာ တွေကို သတိပေး ရေးဖွဲ့ပြ ထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။
ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ အစိမ်းစား စုန်းပြူး ဟာ ဌာနတစ်ခုက အငြိမ်းစား ပေးခံ ရပြီး ရပ် ကွက်ထဲမှာ လူတွင်ကျယ် လုပ်၊ အဟုတ်လို့ ထင်ပြီး လူ တွေက အထင်ကြီး၊ ပြီးမှ ပါတီထဲဝင်၊ မဲအရွေးခံ အမတ် ဖြစ်သွားတော့ ရပ် ကွက်ကို လှည့်မကြည့် အိတ် ထဲထည့်တဲ့ ဦးပြုံးချိုဆိုတဲ့ အမတ်မင်း ကြီးအကြောင်းကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ ခေတ်ပြိုင် ပုံရိပ် တစ်ခုမို့ ရွှေ မောင်းတို့ လူ့အဖွဲ့ အစည်းရဲ့ “အသာစံ နိုင်ငံရေးသမား” ကို ပုံပေါ် စေပါတယ်။ ထွန်း တောက်ထွဋ်ဟာ ရွှေအသစ် စင်ပေါ်က လှမ်းတက် လာခဲ့ တဲ့ ၀တ္ထုရေး ဆရာတစ် ယောက်ပါ။ မဂ္ဂဇင်းစာမျက် နှာပေါ်မှာ ခပ်စိပ်စိပ် ရေးသား နိုင်တာကို ကြည်နူး ကျေနပ် မိပါရဲ့။ ဒါပေမဲ့ အရေ အတွက်ထက် အရည်အချင်း ကို ပိုပြီး အားပြု ရေးသားဖို့ တော့ လိုလိမ့်မယ် ထင်ပါ တယ်။ ဒီဝတ္ထုလေးဟာ ခေတ်ပြိုင် ခံစားမှု အားကောင်း သလို လမ်းတစ်ခြမ်း ခင်းသူ တွေကို လက်ညှိုး ထိုးပြနိုင်ခဲ့ ပါတယ်။

မောင်နှင်းပန်းရဲ့ လက် ညှိုးညွှန်ရာ ဟာ သြဇာရှိသူ အာဏာ ရှိသူတွေရဲ့ လက်ညှိုး တစ်ချောင်းရဲ့ တာသွားပုံကို လှလှပပ ရေးဖွဲ့ပြ ထားတဲ့ အက်ဆေး တစ်ပုဒ်ပါ။ မောင် နှင်းပန်းက အိမ်ထောင် ဦးစီး (ဖခင်) တစ်ဦးက ဆယ်လ သားအရွယ် သမီးငယ်ကို လက်ညှိုးညွှန် အမိန့်ပေး မိရာက လက်ညှိုး တစ်ချောင်းရဲ့အပျက် တွေ၊ အဖြစ်တွေကို တွေးမိ လာပုံနဲ့ သူ့အက်ဆေးကို ရေး ဖွဲ့ပါတယ်။ ဗုဒ္ဓရဲ့ လက်ညှိုး၊ ရခိုင်ဘုရင် မင်းထီး ရဲ့လက်ညှိုး၊ ဟစ်တလာရဲ့လက်ညှိုး၊ ဘန် ကီမွန်ရဲ့လက်ညှိုး၊ ၀ူကျင်း တောင်ရဲ့လက်ညှိုး၊ အိုဘား မားရဲ့ လက်ညှိုး စတဲ့ လက် ညှိုးတွေကို ရေးဖွဲ့ပြတယ်။ လူတစ်ယောက်စီက လက် ညှိုးများစွာရဲ့ ဂုဏ်သိက္ခာနဲ့ လက်ညှိုး တစ်ချောင်းရဲ့တန်ဖိုး ကို ဘယ်ပေတံ၊ ဘယ်စံနဲ့ တိုင်းတာ ကြမလဲ။ သေချာ တာက လက်ညှိုးပေါင်း များစွာရဲ့ ညွှန်ကြား ခဲ့သမျှ တွေ အားလုံးဟာ ပြည်သူ တွေရဲ့ ရင်နှလုံးထက်မှာ ကမ္ပည်း တင်ပြီးသား တွေပါ။ သမိုင်းကို မကြောက်တဲ့ လက်ညှိုး ပိုင်ရှင်တွေရဲ့ အနာ ဂတ်ကကော။ အက်ဆေး ဆရာက သူ့လက်ညှိုးတစ် ချောင်းနဲ့ သူ့သားသမီး တွေ ရဲ့ အနာဂတ် လှပ သပ်ရပ်လာ အောင် ညွှန်ကြားရဦး မယ်လို့ လည်း ဆိုပါတယ်။ မောင် နှင်းပန်းရဲ့ နိဂုံးစကားလေးက “ကမ္ဘာပေါ်ရှိ လူသားအား လုံးနဲ့ တစ်ပြေးညီ တန်ဖိုးမြင့် အောင် ဦးဆောင် ပေးနိုင်မဲ့ လက်ညှိုး တစ်ချောင်းကို အာ သာငမ်းငမ်း လိုချင် တပ်မက် နေပါတယ်” လို့ ဆိုပါတယ်။ မောင်နှင်းပန်း ချည်း မဟုတ် ပါဘူး။ မြန်မာပြည် တစ်ပြည် လုံးက လိုနေတာပါ။
၂၀၁၂ နိုဝင်ဘာ၊ ရွှေအမြုတေ

ကဗျာဆရာ ဟူသည် ပြည်သူ့ တိုက်ပွဲနဲ့ ကင်းကွာ၍ မရ၊ အနုပညာကို လက်နက် သဖွယ် အသုံးပြုပြီး ပြည်သူ့ အတွက် ရေးစပ်ခဲ့ ကြသူများ သမိုင်းမှာ အထင်အရှား ရှိခဲ့ ပါတယ်။ ဒီလ နွယ်နီမှာ မောရိယရဲ့ ပြည်သူ့ ကဗျာ ဆရာ၊ သူရဲကောင်း ကဗျာ ဆရာ ဟာ လူထု တိုက်ပွဲတွေ မှာ ရှေ့တန်းက ပါဝင်လှုံ့ ဆော်ခဲ့တာ ကမ္ဘာကျော် ကဗျာ ဆရာတွေနဲ့ မြန်မာနိုင်ငံက ကဗျာဆရာ တွေရဲ့ လက်ရာ ကို ညွှန်းဆို ရေးသား ထားတဲ့ ဆောင်းပါးပါ။ ဆရာ မောရိယက လူရွှန်း၊ မာယာ ကော့စကီး၊ ပါဘလိုနီရူဒါ၊ ဂါဆီယာလော်ကာ၊ ဘား တော့ဘရက်၊ သခင်ကိုယ် တော်မှိုင်း၊ ဒဂုန်တာရာ၊ မောင်လေးအောင်၊ တင်မိုးနဲ့ ကြည်မောင်သန်း တို့ရဲ့ ကဗျာ တွေနဲ့ ရေးသား တင်ပြ ထားပါ တယ်။ ကဗျာလေး တစ်ပုဒ် နှစ်ပုဒ် ရေးသားပြီး ကိုယ့် ကိုယ်ကို မဟာ့မဟာ ကဗျာ ဆရာအဖြစ် မှတ်ထင်ယုံ ကြည်နေသူတွေ ဖတ်သင့်တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။

မြင့်သန်းရဲ့ မော်နဲ့ ကဗျာ ဟာ သန်းပေါင်း များစွာသော တရုတ်ပြည်သူ တွေကို လွတ် လပ်အောင် ကြိုးပမ်း ပေးခဲ့တဲ့ ကမ္ဘာကျော် အတွေးအခေါ် ပညာ ရှင်ကြီး မော်စီတုန်း ရေးခဲ့တဲ့ နှင်းကဗျာ၊ ယန်ကိုင်တွေ အတွက်၊ လိရှူရီ သို့ပြန်စာ၊ ငှက်တစ်ကောင်ရဲ့ စကား ပြောခန်း စတဲ့ ဥက္ကဋ္ဌကြီးမော် ရဲ့ ကဗျာတွေကို ဖွင့်ဆိုရှင်း ပြပြီး ကဗျာဆရာ တွေရဲ့ သဘောထား အမြင်ကို တင် ပြထားတဲ့ ဆောင်းပါး တစ်ပုဒ် ပါ။ ဆရာ မြင့်သန်း ရဲ့ဆောင်း ပါးတွေဟာ အချက်အလက် အကိုး အကားတွေ ပြည့်ပြည့် စုံစုံ ဖော်ပြထား တဲ့အပြင် အဲဒီ အကိုး အကား တွေဟာလည်း ဆောင်းပါးရဲ့ ပဓာန ရည်ရွယ် ချက်ကို ဦးတည် ထားလေ့ရှိ ပါတယ်။ ဒီဆောင်းပါးမှာ ၁၉၆၀ ၀န်းကျင်မှာ မာ့က်စ် ၀ါဒနဲ့ ပတ်သက်လို့ ၀ိဝါဒ ကွဲလွဲ လာခဲ့တယ်။ အဲဒီမှာ ရုရှားနဲ့ တရုတ် ကွန်မြူနစ်တွေ ထိပ်တိုက် တွေ့လာကြပါတယ်။ ရုရှားကို ပြန်လည် ပြင်ဆင်ရေး သမားလို့ စွပ်စွဲ ပြောဆိုရေး သားသုံးနှုန်း ကြပါတယ်။ တရုတ် ခေါင်းဆောင် မော်စီ တုန်းကတော့ အဲဒီလို အနု ပညာ မဆန်တဲ့၊ ကဗျာဆရာ တွေ မသုံးသင့်တဲ့ အသုံးအနှုန်း တွေကို သူ့ကဗျာမှာ ထည့် မသုံးပါဘူး။ ကဗျာ ဆရာ ဆိုတာ စကားလုံး ဖန်ဆင်း နိုင်သူ တွေပါ။ အဲဒီတော့ သူ့ရဲ့ ငှက်တစ်ကောင်ရဲ့စကားပြော ခန်း ကဗျာမှာ ရုရှားပြန်လည် ပြင်ဆင်ရေး သမား တွေကို“ချုံ ထဲက စာကလေး”လို့ ပုံရိပ်ပြ ရေးဖွဲ့ ခဲ့ပါတယ်။ ဒီဆောင်း ပါးဟာ စာသမားတွေ ဖတ်၊ မှတ်၊ သိမ်းဆည်း ထားရမဲ့ ဆောင်းပါး တစ်ပုဒ်ပါ။

နေခြူးရဲ့ တင်မိုး သို့မဟုတ် အောင်ပွဲ တစ်ခုရဲ့ခေါင်း ကိုင်ဖခင် ဟာ ဆရာ တင်မိုး ရဲ့သိမှု ဆိုင်ရာ အမြင်ကို ရေးဖွဲ့ ထားတာပါ။ အင်းစိန်ထောင် ထဲမှာ အတူ နေခဲ့စဉ်က “ပုံစံ” လို့အော်လိုက်ရင် ဖင်ထိုင်ချ ခေါင်းငုံ့ နေရတဲ့ အဖြစ်ကိုတော် လှန်တိုက်ပွဲ ၀င်ဖို့ တိုင်ပင်တဲ့ အခါ ဆရာက“ခေါင်းမော့ချင် လွန်းလို့ ခေါင်းငုံ့ နေရ တာပါ” လို့ပြောခဲ့တဲ့ အပြင် ဆောင်းပါး ရှင်ကို ဆရာ တင်မိုးက အခုလို ရှင်းလင်း ပြခဲ့ပါတယ်။“ဘယ် နေရာပဲ ရောက်ရောက်၊ ဘယ် အခြေအနေမျိုး ပဲဖြစ်ဖြစ်၊ ကိုယ့်ရန်သူကို မှန်မှန် ကန်ကန် သရုပ်ခွဲ ကြည့်ဖို့ လိုတယ်။ အခု မင်းတို့ ငါတို့ ရင်ဆိုင် နေရတဲ့ ရန်သူက ဘာမဆို လုပ်ဖို့ ၀န်လေးတဲ့ သူမျိုး မဟုတ်ဘူး။ ယုတ်စွ အဆုံး သူတို့ရှေ့ မှာ အတား အဆီးဖြစ် နေတယ်လို့ ယူဆရင် မိဘဖြစ် နေဦးတော့၊ ဆရာသမား ရဟန်း သံဃာ ဖြစ်နေဦးတော့ သူတို့ နင်းခြေ ပစ်ဖို့ အဆင်သင့် ပဲ” တဲ့။ ဆရာ တင်မိုးရဲ့အေးဆေး တည်ငြိမ်မှု၊ ရင့်ကျက် တွေးခေါ် မြော်မြင်မှု တွေကို ဆောင်းပါးရှင်က သူနဲ့ ဆရာ တို့ ထောင်ထဲမှာ တွေ့ခဲ့စဉ်က အဖြစ်အပျက် တွေနဲ့ ရေးသား ပြပါတယ်။ သူတို့ တွေ့ခဲ့စဉ် ကာလ မြန်မာနိုင်ငံ ရဲ့အမှန် တကယ်ဖြစ် ပေါ်နေမှုကို ဆောင်းပါးရှင်က အခုလို ရေးသား ထားတယ်။

“၁၉၉၂ နှင်းတွေ ဝေတဲ့ ဇန်န၀ါရီလရဲ့ နံနက်ခင်း တစ်ခုမှာပါ။ နေရာကတော့ နာမည်ဆိုးနဲ့ ကျော်ကြား လှတဲ့ အင်းစိန် ထောင်ကြီး။ မဆလ ခေတ် အဆုံးသတ် သွားလို့ လူထုတွေ ပြုံးလို့၊ ပျော်လို့၊ ဝေးစွ။ မြန်မာ တစ်ပြည်လုံး တစ်သွေး တစ်သံ တစ်မိန့်နဲ့ ယူနီဖောင်း ၀တ်တွေ ထင် တိုင်းကြဲ နေတဲ့ကာလ။ ပစ္စတို ကို ခါးချိတ်ပြီး ဘုရားရှေ့၊ သံဃာရှေ့ မရှောင် လူရှေ့သူ ရှေ့ လူလုံး ထွက်ပြရဲလောက် အောင် အရှက် တရား ကင်းမဲ့ နေတဲ့ ကာလ” တဲ့။

ဆရာ နေခြူး ပြောတဲ့ ကာလဟာ ဆရာဉာဏ ပြော ခဲ့သလို ဦးနှောက် တံခါးကို မင်းတုပ်ချ ထားရုံမျှနဲ့ စိတ်မချ သေးလို့ သော့ပါ အခတ်ခံ ထားရတဲ့ သူတွေက ပြည်သူ့ ရေးရာကို စီမံ ခန့်ခွဲခဲ့တဲ့ ကာလ တစ်ခုပဲ ဖြစ်မယ် ထင် ပါတယ်။
၂၀၁၂ အောက်တိုဘာ နွယ်နီ


မင်္ဂလာရွှေမောင်း
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)