|
Written by ခင်သန္တာ
|
|
Wednesday, 12 December 2012 21:20 |
argaiv1085
Writer’s Voice ကဏ္ဍ အတွက် လူငယ် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ ဆရာ ဝေမိုးနိုင် (မုံရွာ)ကို စတင် မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဆရာ ဝေမိုးနိုင်ဟာ အသက် ၁၃ နှစ်သား ကတည်းက ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ၀တ္ထုတို ဖော်ပြခံ ခဲ့ရသူပါ။
ဒီတစ်ပတ် အတွက်တော့ ဒီဘက်ခေတ် ဆယ်စု နှစ်လောက်မှာ ဘာကြောင့် စာဖတ်နှုန်းတွေ သိသိ သာသာ ကျဆင်း သွားရတာ ဆိုတာကို လူငယ်စာရေး ဆရာ တစ်ယောက် ရဲ့အမြင်ကို မေး မြန်းထားပါတယ်။ ဆရာ ဝေမိုးနိုင်ရဲ့ အမြင်က တော့ ဒီလိုလေး ပါတဲ့...။
စာဖတ်နှုန်း ကျဆင်း နေတယ် ဆိုတာ ခေတ် စနစ်နဲ့ဆိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည် ဟာ ဆင်းရဲ တွင်းနက်ခဲ့တယ်။ တိုင်းပြည်ကြီးက ဆင်းရဲ နေမှတော့ လူတွေကလည်း အေးအေးသက်သာ နေထိုင်စားသောက် နေလို့ ဖြစ်ပါတော့ မလား။ တစ်ဝမ်း တစ်ခါးအတွက် အသည်း အသန် ရုန်းကန် ကြရတာပေါ့။ ရုန်းကန်တဲ့ နေရာမှာ သာမန် ရုန်းကန် ရတာမျိုး မဟုတ်ဘဲ ကျားကုတ်ကျား ခဲဝမ်းရေး အတွက် လုံးပမ်း ကြရတယ်။ ဒီတော့ သူတို့အတွက် အချိန်ပိုရယ်လို့ တသီးတသန့် မရှိတော့ဘူး။ ရှိလာ ရင်တောင် ဒီအချိန် အားလေးမှာ ပင်ပန်းခဲ့သမျှကို အတိုးချ နားချင်နေ ကြတော့တာ။
ဒီတော့ စာအုပ်တစ်အုပ် ကောက်ကိုင် ဖတ်နေမယ့် အစား အိပ်ရာပေါ် တုံးလုံး ပက်လက် ပစ်လှဲ ပစ်ချင် ကြတော့တာ။ ဟုတ်တယ်လေ။ စာအုပ် တစ်အုပ် ဖတ်နေဦးမယ် ဆိုရင် ဦးနှောက်ကို အလုပ်ပေးနေ ရဦးမယ်။ အတွေး နယ်ချဲ့ နေရဦးမယ်။လူတွေက ဒါတွေ မလုပ်ချင် ကြတော့ဘူး။ ပင်ပန်း နွမ်းနယ် နေကြပြီလေ။ အရေးထဲ ခေတ်အခြေ အနေ ကို ထင်ဟပ်ပြ ထားတဲ့ စာပေတွေ၊ တစ်နည်းပြော ရရင် ဆင်းရဲသူ ဆင်းရဲသား အကြောင်း ရေးထား တာတွေဆို ကိုယ်တွေလို ဘ၀တွေ အကြောင်းဆို တော့ မဖတ်ချင် ကြတော့ဘူး။ ဖတ်ချင်တဲ့ သူက လည်း အပျော်ဖတ် ဇာတ်သိမ်းမှာ မင်းသား၊ မင်းသမီး ညားတာမျိုး၊ စိတ်ညစ် စရာတွေ ခဏဖျောက် ထားနိုင်တဲ့ ကလိထိုး ဟာသမျိုး၊ သူ၏ လျှပ်တစ်ပြက် တိုက်ခိုက်မှု ကြောင့် တစ်ဖက် လူမှာ မူးမေ့ ခွေခေါက်လဲ သွားသည်။” သူ၏ လှုပ်ရှား မှုမှာ မြန်ဆန်လွန်း လှသဖြင့် မည်သို့ တိုက်ခိုက် လိုက်မှန်း စာရေးသူ ပင် မသိချေ” ဆိုတဲ့ အရည်မရ အဖတ်မရ သိုင်းဝတ္ထုမျိုး တွေဆီကို အာရုံရောက် သွားတယ်။ အဆင့်အတန်း ရှိတဲ့ စာပေ ဖတ်ရှုသူတွေ နည်းပါး လာတယ်။ နောက်၊ ရွေ့နေ တဲ့ခေတ်ရဲ့ သဘောတရား အရ ဖျော်ဖြေရေး ပစ္စည်းတွေ အရှိန် အဟုန်နဲ့ ပေါ် ထွက်လာပြီး ငွေပေါပေါ ပဲပဲနဲ့ ခံစားလို့ရလာတယ်။ ဒီတော့ စာအုပ်တွေ ဖုန်တက်၊ စာအုပ်ဆိုင်တွေ တံခါးပိတ် လာရတယ်။ ဗီစီဒီ၊ ဒီဗီဒီ စက်အရောင်း ဆိုင် တွေ၊ ခွေဆိုင်တွေ၊ ခုဆိုရင် အင်တာနက် ပေါ့။ ဒါတွေ အင်မတန် မှကို ခေတ်စား လာတယ်။ လူတွေက အဲဒီ ဖျော်ဖြေရေး တွေမှာ အာရုံ ၀င်စားမှု တော်တော်ကြီး သွားကြတယ်။ ဒါ့အပြင် လူတွေက တဒင်္ဂ ပျော်ရွှင်မှုလေး ကို သာယာ လာကြပြီး အပျော် အပါးပွဲလမ်း သဘင်တွေမှာ အလွန်အကျွံ ပါဝင် မြူးထူး ချင်လာကြ တယ်။ ဒီလိုနဲ့ စာပေ လောကမှာ ဘာလေးဘာ (စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ရယ်လို့ စာအုပ် ရောင်းအားကျတဲ့ လတွေ အဖြစ်တောင် သတ်မှတ် ထားကြ ရတယ်လို့ ဆိုတယ်။ ဒီလိုတွေ ကနေပြီးတော့ စာပေ လောကမှာ အုပ်ရေ ငါးရာ မကုန်တဲ့ အထိ ဖြစ်လာတယ်။ နောက်တစ်ချက်က စာရေးသူတွေ။ စစ်မှန်တဲ့ စာရေးသူ တစ်ယောက်က ခေတ်ကို လျစ်လျူမရှု ဘူး။ ခေတ်ကို မျက်ခြေ အပြတ် မခံဘူး။ ခေတ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို သူတို့မြင်တဲ့ ရှုထောင့် ကနေ အနုပညာ အဖြစ်နဲ့သုံးသပ် ဝေဖန် ကြတယ်။ ပြည်သူ ကိုတင်ပြ ကြတယ်။ ဒီအခါ တင်းကြပ်တဲ့ ကန့်သတ် ချုပ်ချယ်မှု ဘောင်တွေ အောက်မှာ အနှောင့်အသွား မလွတ်မှုတွေ ဖြစ်လာပြီး အနုပညာ ကောင်းတွေ ဆုံးရှုံးရ တယ်။ ဖန်တီးမှု အနုပညာ လက်တွေ ရိုက်ချိုးခံ ခဲ့ကြရတယ်။ ပညာရေး ပိုင်း ကလည်း နိမ့်ကျတော့ ကျွန်တော်တို့ စာရေးသူ တွေမှာ အဆင့်အတန်းရှိတဲ့ တွေးခေါ် ဆင်ခြင်မှုတွေ၊ ဖန်တီး ခြယ်မှုန်း နိုင်မှုတွေ အားနည်း လာပြီး စာပေတွေ ဟာလည်း တစ်သတ်မှတ်တည်း ပုံစံဟောင်း ထဲက ခွဲမထွက် နိုင်ဘဲ ဖြစ်ရတယ်။ ဒါတွေကို စာဖတ် သူတွေက ငြီးငွေ့ လာတာလည်း ပါမယ် ထင်တယ်။ လူဆို တာတော့ အသစ်ကို မျှော်လင့်ကြတာပဲကိုး၊ အပြောင်း အလဲကို တောင်တကြ တာပဲကိုး။ ဒီအကြောင်း တွေကြောင့် မြန်မာ နိုင်ငံမှာ စာဖတ်နှုန်းတွေ ကျဆင်း လာ ရတယ်လို့ ကျွန်တော့် အမြင်နဲ့ ပြောချင် ပါတယ်။
ခင်သန္တာ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|