|
Written by မြသွေးနီ
|
|
Wednesday, 12 December 2012 19:53 |
အွန်လိုင်းပေါ်မှ စာရေးသူ များ၏ လက်ရာ များကို ဖူးငုံ စာမျက်နှာ ပေါ်မှ စာဖတ်သူ များနှင့် တွေ့ထိ ပေးနေခဲ့ သည်မှာ အချိန် ကာလ တစ်ခုပင် ကြာခဲ့လေပြီ။
argaiv1554
အသွင် အသစ်နှင့် ပြင်ဆင် ထားသည့် ယခုလ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၏ Blog Digest ကဏ္ဍတွင် ၀က်ဘ်ဆိုက် လိပ်စာ www. Madankoo. blogspot.com တစ်ခုထဲ၌ အတူတူ စာရေးသား နေကြသည့် လူငယ် ဘလော့ဂါ မောင်နှံစုံ တွဲကို ဖူးငုံ ချစ်သူများ အတွက် ရွေးချယ် ထားဖြစ်ပါသည်။ လူငယ်ပီပီ ရိုးသား စွာဖြင့် ရေးဖွဲ့ထားသည့် သူတို့နှစ်ယောက်၏လက်ရာများကို ဖူးငုံချစ်သူများ အားပေး ကြည့်ကြ စေချင်ပါသည်။
ရွာကလေး အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။ အဲဒီ ရွာကလေးဟာ တောင်ကျ ချောင်းရေလို အရှိန်နဲ့ စီးဆင်းတယ်။ အဲဒီ ရွာကလေးဟာ စိမ့်စမ်းရေလို ကြည်လင် အေးချမ်းတယ်။ အဲဒီ ရွာကလေးဟာ သဇင်လို မွှေးပျံ့ ထုံသင်းတယ်။ အဲဒီ ရွာကလေးဟာ ပိုးသားလို နူးညံ့ ပျော့ပျောင်းတယ်။ အဲဒီ ရွာကလေးဟာ လက်လုပ် လက်စား တွေနဲ့ ရင့်ကျက် တည်ငြိမ်တယ်။ အဲဒီ ရွာကလေးဟာ ဆင်ရိုင်း တစ်ကောင်လို မုန်ယို ခက်ထန်တယ်။ အဲဒီရွာကလေးဟာ မိသားစုတစ်စုလို သိုသိပ်ပေါက်ကွဲတယ်။ အဲဒီ ရွာကလေးဟာ စာမတတ်ဘူး။ အဲဒီ ရွာကလေးဟာ ဂလိုဘယ် လိုက်ဇေးရှင်းကို မသိဘူး။ အဲဒီ ရွာကလေးဟာ ကိုရီးယား ယဉ်ကျေးမှု မထွန်းကားဘူး။ အဲဒီ ရွာကလေးဟာ ဇာတ်တူသား မစားဘူး။ အဲဒီ ရွာကလေးဟာ နောက်ကျောကို ဓားနဲ့ မထိုးဘူး။ အဲဒီ ရွာကလေးဟာ မြန်မာ ဆန်ပြီး မြန်မာ စကား လုံးဝ မပြောဘူး။ အဲဒီ ရွာကလေးဟာ ထမင်းကို ”အမ်း”လို့ ဆိုတယ်။ အဲဒီ ရွာကလေးဟာ ရေကို “လု” လို့ခေါ်တယ်။ အဲဒီ ရွာကလေးဟာ မြန်မာ့သမိုင်း။ အဲဒီ ရွာကလေးဟာ ဖားစည်။ အဲဒီ ရွာကလေးဟာ သဘာဝ ရှုခင်း။ အဲဒီ ရွာကလေးဟာ မြေနီလမ်း။ အဲဒီရွာကလေးဟာ တုံးမောင်းသံ။ အဲဒီ ရွာကလေးဟာ တယ်လီ ဗီးရှင်း။ အဲဒီ ရွာကလေးဟာ ခေတ်ဟောင်း တေးဂီတ။ အဲဒီ ရွာကလေးဟာ ယဉ်ကျေးမှု ပြယုဂ်။ အဲဒီ ရွာကလေးဟာ ဒီမိုက ရေစီ။ အဲဒီ ရွာကလေးဟာ အသွေးအသားနဲ့ ရင်းပြီး ငါ့အဖိုးကို မွေးတယ်။ အဲဒီ ရွာကလေးဟာ ဂုဏ်သိက္ခာနဲ့ အလဲ အထပ်လုပ်ပြီး ငါ့အဖေကို မွေးတယ်။ အဲဒီ ရွာကလေးဟာ ဓူဝံကြယ်ကို ကြည့်ပြီး ငါ့ကိုမွေးတယ်။ အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။
ကိုရင်
ပန်းခြွေသည့်ဆောင်း “ဘယ်ရောက် နေသလဲကွယ်” မက်ဆေ့ခ်ျလေး ဖတ်ပြီး သူမ ပြုံးလိုက် မိသည်။ သူမကို မတွေ့ရင် အချိန်မှန် မက်ဆေ့ခ်ျ ပို့နေကျ သူမ၏ ချစ်ရသော ချစ်သူ။ တစ်နေရာစီ မိုင်ပေါင်း များစွာ ဝေးကွာသော အရပ်မှာ ရှိနေသော ချစ်သူ။ သူမ ခပ်မြန်မြန်လေး စာပြန်ရိုက် လိုက်သည်။ “လမ်းမှာ၊ အခု ပြန်လာနေပြီ။ ကို့ကို ချစ်တယ်” မက်ဆေ့ခ်ျလေး ထွက်သွားတာကို သူမကြည့်ရင်း တစ်ချက် ပြုံးလိုက်သည်။ အား၊ ရာသီဥတုက လည်း အေးလိုက်တာ။ နှင်းတွေကလည်း တဖွဲဖွဲ ကျလို့။ သူရှိတဲ့ အရပ်မှာရော ဒီလိုနှင်းတွေ ကျနေ လေမလား။ သူမ တွေးနေမိသည်။ ဂျာကင်ထဲ လက်ကို ထည့်ရင်း ပါးစပ်မှ အငွေ့များကို ကလေးတစ် ယောက်လို မှုတ်ထုတ် လိုက်သည်။ လမ်းကို ခပ်သွက်သွက် မြန်မြန် လျှောက်ရင်း ခြေလှမ်း အရှိန်ကို မြှင့်လိုက်သည်။ ခုလောက် ဆိုလျှင် လိုင်းပေါ်မှာ ချစ်သူ စောင့်နေ ပေလိမ့်မည်။ မနက်ဖြန် ဆိုလျှင် သူရှိသော အရပ်သို့ သူမ သွားရ တော့မည်။ ချစ်သူနှင့် သူမ တွေ့ခွင့် ရတော့မည်။ အတွေးများဖြင့် သူမ ပျော်နေ မိသည်။ သူနှင့်သူမ အွန်လိုင်းပေါ်မှာ သိခဲ့ကြ၊ တွေ့ဆုံခဲ့ ကြသည်။ တစ်ယောက်နှင့် တစ်ယောက် စနောက် ပြောဆို နေလာရင်းမှ သံယောဇဉ် တွယ်လာခဲ့ ကြသည်။ တစ်ယောက်နှင့် တစ်ယောက် မွန်းကျပ်မှု တွေ၊ စိတ်ညစ်မှု တွေကို အပြန်အလှန် နားလည် ပေးခဲ့ကြရင်း ချစ်သူတွေ ဘ၀ ရောက်ခဲ့ ကြသည်။ သူ့ဘ၀က ပြည့်စုံ နေပေမယ့် သူမဘ၀ ကတော့ မိသားစုကို ပြန်ကြည့် နေရတဲ့ သမီးကြီး။
“စော၊ ကို့ကို မချစ်ရဲဘူး။ အားငယ်တယ်” လို့ ပြောမိရင်“အရူးမလေး”လို့ သူမကို ကြည်စယ် လေ့ရှိတဲ့ ချစ်သူ။ အွန်လိုင်းမှာ တွေ့ဆုံရင်း ချစ်ခဲ့ကြသူများ ဖြစ်ပေမယ့် သူနဲ့သူမ အချစ်က မေတ္တာစစ် ဖြင့် ခိုင်ခိုင်မြဲ ခဲ့ကြသည်။ သူက သူမထက် ငါးနှစ်ခန့် ကြီးပေမယ့် ကလေး တစ်ယောက်လို ရံဖန်ရံခါ ဆိုးတတ်သည်။ တစ်နေ့ တစ်ခါ ဖုန်းမဆက် ရဘဲ ဘယ်တော့မှ မိုးမချူပ် ခဲ့သူ။ “အလုပ်ထဲမှာ ကိုရဲ့၊ ဖုန်းပြောလို့ အဆင် မပြေဘူး” လို့ ပြောလိုက်မိ လို့ကတော့ သူမ အဲဒီနေ့ အလုပ်က ပြန်လာသည်နှင့် တစ်ညလုံး ဖုန်းပြောရင်း သူ့ရဲ့ ဂျီကျခြင်းကို သေချာပေါက် ခံရပြီ။ သို့သော် သူမ ကျေနပ်သည်။ ချစ်သူ၏ ဂရုစိုက် ခြင်းကို မခံယူ လိုသည့်သူ ရှိမည် မထင်။
“စော ပြန်လာရင် ကိုတို့ လက်ထပ်ကြမယ်”ဟု သူခဏခဏ ပြောတတ်သည်။ “ကိုနဲ့စော တို့နေဖို့ အိမ်တစ်လုံး ၀ယ်မယ်၊ အဲဒီ အိမ်လေးထဲမှာ အားတဲ့အခါ ရုပ်ရှင် ကြည့်ကြမယ်၊ ကိုက စောပေါင်ပေါ် ခေါင်းအုံးပြီး ရုပ်ရှင် ကြည့်မယ်၊ မျက်လုံး ညောင်းလာရင် စောကို ဖက်အိပ်မယ်”ဆို ပြီး ကလေး တစ်ယောက်လို သူပြောချင် တာတွေ တန်းစီပြီး ပြောတတ်သည့် ချစ်သူ။
“ကို မင်းကို သိပ်ချစ်တာပဲ စောရယ်၊ စောဟာ ဘယ်လို မိန်းကလေး မှန်းကို မသိဘူး”လို့ သူပြောလျှင်တော့ သူမက သဘောတကျ တခစ်ခစ် နှင့်ရယ်မော မိသည်။ သူက သူမကို တစ်ခါတလေ “ချစ်”ဒါမှမဟုတ်“စော”လို့ ခေါ်တတ်ပြီး သူ စိတ်ဆိုးလာတဲ့ အချိန်မှာတော့ စောနွယ်အေးလို့ ပြည့်ပြည့်စုံစုံ ခေါ်ပြီး ရစ်တတ်တာ သူမသိပ် သဘော ကျမိသည်။ “စော အသံလေးကို တစ်ရက် မကြား ရရင် အိပ်မပျော် ဘူး စောရယ်၊ ဒီကောင်ရူး တော့မယ်”ဆိုပြီး ဖုန်းထဲက ပြောလာသည့် ချစ်သူ ၏အသံကို ကြားလျှင်ဖြင့် သူ့အပေါ် အချစ် တွေပို တိုးလာသလို သူမ ရင်ထဲကြည်နူး ခံစားရသည်။
“စောလည်း ကို့ကို သိပ်ချစ် တာပေါ့ ကို ရယ်၊ကို ဖုန်းမဆက်ရင် စော ဘယ်လောက် စိတ်ပူ မိလဲ သိရဲ့လား။ တစ်ခါတလေ ကို့ဖုန်းကို ခေါ်မရ ရင် စော ရင်တွေပူ နေရော”လို့ ပြောရင် ဖြင့်သ၀န် လည်း တိုတတ်သည့် ချစ်သူက သူမကို အတည် ပေါက်ဖြင့် နောက်တတ်ပြီး တဟားဟားနှင့် သဘော တကျ ရယ်နေ တတ်သည်။ အဲ့သည် အခိုက် အတန့် မျိုးဆိုလျှင် ချက်ချင်းပင် သူ့ဆီ အပြေးသွား လိုက်ချင် မိသည်။
“စားပြီးပြီလား၊ ဂရုစိုက်နော်၊ နေမကောင်း မဖြစ်စေနဲ့၊ ကို စိတ်ပူတယ်။ တစ်ခုခု ဖြစ်ရင် အဝေးမှာ ဘာမှ လုပ်ပေးလို့ မရဘူးကွယ်”ဟု ချစ်သူက ပြောလာ လျှင်တော့ သူမ အတွက် စိတ် ခွန်အားတွေ ပြည့်လာ ရသလို၊ တစ်နေ့လုံး အရူး မလေးလို တွေးတွေးရင်း ပြုံးနေမိ တော့သည်။ “စောကို ချစ်ပေးလို့ ကျေးဇူးပါ၊ကို”ဟု ပြောလျှင် “စောကို ချစ်ပေးတာ မဟုတ်ဘူး။ စောကိုက ချစ်စရာ ကောင်းလို့ ချစ်တာ”ဟု ပြန်ပြောတတ် သေးသည်။ “လူကြီး ဆိုတော့ တစ်ခါ တလေမှာ ဟန်ဆောင် ထားရတယ်။ ချစ်တာတွေ အကုန်မပြ ချင်ဘူး။ ရောင့်တက် မှာစိုးလို့”ဟု ချစ်သူက ပြော လာရင်ဖြင့် သူမ တွေးပြီး သဘော တကျနှင့် သူ့ကို အချစ်တွေ ပိုနေမိ ရသည်။ “အသက် ငါးနှစ်တောင် ကွာတာ ကိုကိုလို့ ဘာလို့ မခေါ်တာလဲ”ဟုချစ်သူက မေးခဲ့ဖူးသည်။ အဲဒီတုန်းက သူမ တစ်ခွန်းထဲ ဖြေခဲ့သည်။ “ကိုလို့ ခေါ်တာ ပိုလေးလေး နက်နက်နဲ့ ပိုနူးညံ့ နွေးထွေး သလားလို့ပါ”လို့ ပြောပြီး ကတည်းက ဘာဆို ဘာမျှ စောဒက မတက်တော့။ အလုပ်ထဲမှ သူငယ် ချင်းများက “အန်နီက သိပ်ကံကောင်း တာပဲ၊ သိပ် ချစ်တတ်တဲ့ ချစ်သူကို ရထားတာပဲ”လို့ ပြောကြ သည်။ သူမလက်မ ထောင် လို့မဆုံးတော့။ သူနှင့် သူမတို့ နှစ်ဦးကြားတွင် ချည်နှောင်ထားသည့် သံယောဇဉ်ကြိုးက ဘယ်အရာနှင့်မှ မတူအောင် နွေးထွေး ခိုင်မြဲ လွန်းလှသည်။
မနက်ဖြန် ဆိုလျှင် ချစ်သူ ရှိရာမြေသို့ သူမ ရောက်ပေ တော့မည်။ လေယာဉ်ကွင်းမှာ သူလာကြိုမည်။ သူ မသိအောင် လုပ်လာခဲ့သည့် အရာလေး တစ်ခုကို ချစ်သူ သိရင် ဆူလေမလား ဟုလည်း သူမ တွေးပူ နေမိသည်။ အလုပ်ကနေ နေ့တစ်ဝက် ခွင့်ယူပြီး ကုန်တိုက် တစ်ခုမှာ စိတ် တိုင်းကျ မွှေနှောက်ပြီး ၀ယ်ထားသည့် ပစ္စည်း လေး။ အနီရောင် ကတ်္တီပါ ဘူးလေးကို နှုတ်ခမ်း ဖြင့် ဖွဖွနမ်း လိုက်မိသည်။ အိမ်ပြန်ရောက် သည်နှင့် အွန်လိုင်းပေါ် တက်ရင်း၊ ချစ်သူနှင့် စကားပြော ရင်း ပစ္စည်းများ သိမ်းရမည်။ ခွင့်တစ်လ ရသဖြင့် မင်္ဂလာဆောင် ကိစ္စများ အမြန် စီစဉ်ရမည်။ နေ့လယ်တုန်းက မင်္ဂလာ ဧည့်ခံပွဲတွင် ၀တ်ရန်ဆိုသည့် အတွေးဖြင့် ဂါဝန်လေး တစ်ထည်ပါ ၀ယ်လာ ဖြစ် ခဲ့လိုက် သေးသည်။ လက်မှတ်ထိုး မည့်နေ့တွင် တော့ မြန်မာ ၀တ်စုံ ၀တ်ရန် ဆုံးဖြတ် ထားသည်။ မင်္ဂလာဆောင် ပြီးလျှင် တစ်နှစ်လောက် မိသားစု အတွက် တစ်ခုခု လုပ်ပေးချင် သေးတယ်ဟု သူမ ခွင့်ပန်ထား သည်ကိုလည်း နားလည် တတ်သည့် ချစ်သူက သဘောတူ ထားခဲ့သည်။ သူမ၏ ပျော်စရာ အတွေးများဖြင့် အိမ်အပြန်လမ်း ရင်ခုန် စဖွယ်၊ တက်ကြွစဖွယ်။ အအေးဓာတ်က ပြင်ပ တွင် ပိုကဲလာသည်။ နှင်းမှုန် တွေက သူမ နံဘေး မှာ တဖွဲဖွဲ ကြွေလို့။ နွေးသွား လိုငြား သူမ၏ ဦးထုပ်ကို နားအထိ ရောက်အောင် ဆွဲချ လိုက်သည်။
“၀ါး၊ အေးလိုက်တာ။ မနက်ဖြန် ဘယ်လောက် အေးဦးမလဲ မသိဘူး၊ အို။ ချစ်သူရဲ့ရင်ခွင် နွေးနွေးက စောင့်ကြို နေမှာ ပဲဟာ၊တွေးရင်း ရင်တွေခုန် လိုက်တာ” အတွေးများနှင့် လျှောက် လာရင်း သူမ နေသည့် လမ်းနား ရောက်ခါနီးလာ လေပြီ။ လမ်းထိပ်က ဘူးခွံတွေ လိုက်စုတတ် သည့်အဖိုးကြီးပင် အမှိုက်ပုံး နားတွင် ဘူးခွံများ ရွေးနေ လေပြီ။ ထိုစဉ်ဖုန်းထဲက အသံလေး မြည် လာသည်။ သူမ ကြည့်လိုက်တော့- “ဘယ်ရောက်နေလဲကွယ်၊ ကြာလိုက်တာ၊ ဖုန်းခေါ်လို့မရဘူး၊ လိုင်း မကောင်းဘူး” ချစ်သူရဲ့ မက်ဆေ့ခ်ျလေး။ သူမ နှစ်နှစ်ခြိုက် ခြိုက်ကို ပြုံးလိုက် မိပါသည်။ အမှောင်ရိပ် တောင် သန်းချိန် ရောက်နေပြီမို့ သူစိတ်ပူမည် ဆိုလျှင် လည်း ပူချင် စရာပင်။ သူ့ကို စိတ်မပူဖို့ မက်ဆေ့ခ်ျ လှမ်းရိုက်ရင်း သူမ၏ ခြေလှမ်းတွေက အိမ်ရှိရာ လမ်းကွေသို့ ဦးတည်ပြီး ခပ်သွက်သွက် လျှောက်ရင်း လမ်းကွေ့ကို ဖြတ်ကျော် လိုက်သည်။ ဒီလမ်း ကွေ့ကျော်ရင် အိမ်ရောက်ပြီ။ ထိုစဥ်ကားတစ်စီး ၏ မီးရောင်က မျက်လုံးထဲ စူးခနဲ ဖြစ်သွားသည်။ “ဟာ၊ ကားမီးကလဲ စူးလိုက်တာ” သူမ ရုတ်တရက် ရေရွတ် လိုက်မိသည်။
အွန်လိုင်းပေါ်မှာ သူရှိနေသည့် မီးအစိမ်းရောင် သင်္ကေတလေးကို ၀မ်းသာစွာ တွေ့လိုက်ရ သဖြင့် သူ့ဆီ စာရိုက်လိုက်၏။ “ကိုရေ။ ပြန်ရောက်ပြီနော်၊ စိတ်မပူနဲ့ တော့ နော်၊ ကို စိတ်ကောက် နေတာလားဟင်၊ ကို ပြန် ဖြေလေကွာ၊ မနက်ဖြန် တွေ့ရတော့မယ့် ချစ်သူကို စိတ်မကောက် နေနဲ့တော့ ကွာနော်၊ လမ်းမှာ နှင်း တွေ မတရား ကျနေပြီး ကားလမ်းပိတ် နေလို့ပါ။ စိတ်မကောက် နေပါနဲ့ ကိုရာ။ ကို၊ ကို... ” သူ့ကို သူမ ခေါ်သည်။ တစ်ကြိမ်မက အကြိမ်ကြိမ်ပင်။ သူက ပြန်မဖြေ။ တုံဏှိဘာဝေ ဆိတ်ဆိတ် နေလျက်။ မျောလွင့်နေ လျက်မှ သူမ၏ မျက်ဝန်းမှ မျက်ရည်များ တစိမ့်စိမ့်ကျ လာရသည်။
လမ်းမတစ်လျှောက် နှင်းတွေက ပိန်းပိတ် နေအောင် ကျနေသည်။ အိမ်တိုင်း တံခါးလုံအောင် ပိတ်၍ အအေးဒဏ်ကို ကာကွယ် နေကြပြီ။ ဓာတ်တိုင် မီးရောင် အောက်မှာတော့ လဲလျောင်း နေသည့် အရာ တစ်ခု။ ခြေထောက် မသန်သည့် အဘိုးကြီး တစ်ဦးသည် ဘူးခွံများ ထည့်ထားသည့် အိတ်ကို ထမ်းလာရင်းမှ ရပ်လိုက်ပြီး ထိုအရာကို ငုံ့ကြည့် လိုက်သည်။ ပါးစပ်မှာ၊ ဦးခေါင်းမှာ သွေးစများ နှင့် လဲကျနေသည့် မိန်းကလေး တစ်ယောက်။ အဘိုးအိုက သူမ၏ နံဘေး ပြန့်ကျဲနေသည့် ပစ္စည်း များထဲမှ ထွက်ကျ နေသော ကတ်ပြားလေး တစ်ခု ကို တုန်ရီနေသော လက်ဖြင့် ကောက်ယူကာ ဓာတ်တိုင် အလင်းရောင် အောက်တွင် အသံတိုးတိုး ထွက် ၍ ဖတ်လိုက်သည်။
“အမည် စောနွယ်အေး၊ လူမျိုး မြန်မာ၊ မွေးသက်္ကရာဇ် ၁၉.၉.၁၉၈၁” တရွေ့ရွေ့ ထွက်ခွာ သွားသည့် အဘိုးအို၏ ကုတ်အင်္ကျီ ရှည်ကြီး အတွင်း ရှိ အိတ်ကပ် တစ်နေရာတွင် အနီရောင် ကတ်္တီပါဘူး လေးရှိနေသည်။ ဘူးလေး အတွင်းမှာတော့ ပိုင်ရှင် နှင့် အပြီးတိုင် ဝေးကွာသွား ခဲ့ရသည့် လက်စွပ် လေးတစ်ကွင်းက ငိုကြွေးလျက်။ ဆ မဒမ်ကိုး
မြသွေးနီ
BLOG မိတ်ဆက် Blog Digest ကဏ္ဍမှ ဘလော့ဂါများ၏ လက်ရာ မွန်များကို ဖော်ပြ ပေးနေ သကဲ့သို့ အွန်လိုင်း ပေါ်တွင် ရသ အဖုံဖုံဖြင့် ရေးသား နေကြသည့် စာရေးသူ များ၏ ဘလော့ဂ်ဆိုက် များနှင့်လည်း စာဖတ် ၀ါသနာပါသူ ဖူးငုံချစ်သူ များကို ယခုလမှ စတင်၍ မိတ်ဆက် ပေးချင်ပါသည်။
ရဲသျှမ်း www.yeshan.mmblogger.info စာရေးဆရာ ရဲသျှမ်းသည် ပုံနှိပ် စာမျက်နှာ ပေါ်များတွင် ရသ ၀တ္ထုတို၊ ရသစာတမ်း၊ ဆောင်းပါးပေါင်း များစွာကို စာဖတ်သူ များ၏ ရင်ထဲသို့ရောက် အောင် ရေးသားနိုင်သူ၊ အထူးသဖြင့် မီးရထား နှင့်ဆက်နွယ်လျက် ရှိသည့် ၀တ္ထုတို ကောင်းများစွာကို ရေးသားခဲ့သူ၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ဆုံးထွက် ရှိထားခဲ့သည့် ဖူးတံဝင့်လိုချီ ၀တ္ထုတိုများ စုစည်းမှု အပါအ၀င် ကိုယ်တိုင်ရေး ၀တ္ထုတိုစု ၄ အုပ် ထွက်ရှိ ထားသူ၊ အမျိုးသား စာပေဆုနှင့် ရွှေအမြုတေ စာပေဆု ရရှိထား သူတစ်ဦးဖြစ်သည်။ ပုံနှိပ်တွင ရေးသားပြီးခဲ့ သမျှထဲမှ ၄င်း၏လက်ရာ အချို့ကို အွန်လိုင်းပေါ်မှ စာချစ်သူများ အတွက် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ မှစတင်၍ အွန်လိုင်းပေါ်ရှိ ၄င်း၏ ၀က်ဘ်ဆိုက်တွင် တင်ထား ပေးခဲ့ပြီး ၀တ္ထု၊ အက်ဆေး၊ ဆောင်းပါး ဟူ၍ ကဏ္ဍများ ခွဲခြားပြီး သူ၏ လက်ရာများ တင်ပြ ထားသည်ကို တွေ့ရသည်။ ယနေ့ အချိန်အထိ အွန်လိုင်းပေါ်တွင် စုစုပေါင်း ၅၄ ပုဒ်ရွေးချယ် တင်ပေး ထားသည်။ ရသ စာပေ ချစ်မြတ်နိုး သူများ မလွတ်စတမ်း သွားရောက် ဖတ်ရှုနိုင်ရန် လက်တို့ လိုက်ရပါသည်။
ရွှေစင်ဦး www.shwesinu.com ဘလော့ဂါ ရွှေစင်ဦးသည် “မတရားမှု တစ်ခုမှာ ကြားနေတယ် ဆိုရင်၊ သင်ဟာ ဖိနှိပ်သူ ဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူ တူပါပဲ ”ဆို သည့် မာတင် လူသာကင်း၏ ဆောင်ပုဒ်ကို ၄င်း၏ ၀က်ဘ်ဆိုက် ညာဘက် ဘားမှာ ဖော်ပြထားသည့် မန္တလေးမှ ဘလော့ဂါ တစ်ဦးဖြစ်သည်။ အွန်လိုင်း ပေါ်တွင် စာများကို ၂၀၀၉ ခုနှစ်မှ စတင်၍ ယနေ့ အချိန်အထိ ပုံမှန် ရေးသား ခဲ့သည်။ ယနေ့ အချိန်အထိ ရေးထားသမျှ စုစုပေါင်း ပုဒ်ရေ ၂၆၂၈ ပုဒ်ရှိသည်။ နေ့စဉ် စာဖတ်သူ သုံးရာ ကျော်ရှိပြီး စတင် စာရေးချိန် မှစ၍ ယနေ့ အချိန်အထိ ၄င်းဆိုက်တွင် စာလာဖတ်သူ စုစုပေါင်း သုံးသိန်းကျော် ရှိနေသူ ဖြစ်သည်။ စာဖတ်သူများ ရှာဖွေရ လွယ်ကူ စေရန် ဆိုက်ဘားတွင် ကိုယ်တိုင်ရေး၊ စာရေးဆရာ များ၏လက်ရာများ၊ ဘာသာပြန် စာပေများစသဖြင့် အပိုင်း ခွဲခြား ဖော်ပြ ထားသည်။ ထူးခြားသည်မှာ ပင်ကိုယ်ရေး များထက် အများစုမှာ မြန်မာပြည်မှ နာမည်ကျော် စာရေးဆရာ များ၏ ဘာသာပြန် လက်ရာများ၊ ဂန္ထ၀င် ၀တ္ထုရှည်များ၊ ရသ ၀တ္ထုတို၊ ၀တ္ထုရှည်များ၊ အထင် ကရ မြန်မာ စာရေး ဆရာများ၏ ရှားပါး ၀တ္ထုများကို ရှာဖွေ၍ စိတ်ရှည်စွာ အပိုင်းများခွဲ၍ အွန်လိုင်းမှ ရသစာပေ ချစ်မြတ်နိုးသည့် စာဖတ်သူ များအတွက် အစဉ်တစိုက် မျှဝေပေးနေ သည့် ရသစာပေ ချစ်မြတ်နိုးသူ၊ မျိုးချစ်စိတ် ရှိသူ မန္တလာသူ တစ်ယောက်ဖြစ်သည်။ နာမည်ကျော် စာရေးဆရာကြီး ဆရာမကြီးများ ဖြစ်ကြသည့် ရွှေဥဒေါင်း၊ သော်တာဆွေ၊ ၀င်းဝင်းလတ်၊ လေသူရဲ တစ်ဦး၊ နုနုရီ(အင်းဝ)တို့၏ လက်ရာ မွန်များကို အွန်လိုင်းပေါ်တွင် အစအဆုံး အခမဲ့ အလွယ်တကူ ဖတ်ရှုနိုင် ရန်အတွက် PDF File များဖြင့် တင်ပေး ထားသည်။ ပုံနှိပ် စာမျက်နှာ ပေါ်မှ စာရေးဆရာများ ၏စာများကို အွန်လိုင်း ပေါ်တွင် အခမဲ့ဖ တ်ရှုလိုပါက ရွှေစင်ဦး၏ ၀က်ဘ်ဆိုက်သို့ သွားရောက် ဖတ်ရှု နိုင်ပါကြောင်း လမ်းညွှန်ပြ ချင်ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်) www.missgreenlady.com ချော(အစိမ်းရောင်လွင်ပြင်)သည် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ တွင်မှ အွန်လိုင်း ပေါ်တွင် စာရေးခဲ့ သူ ဖြစ်သော်ငြား အွန်လိုင်း စာဖတ် ပရိသတ်များစွာ ရရှိနေသည့် အောင်မြင်သည့် ဘလော့ဂါ တစ်ဦးဖြစ် သည်။ စာရေးအား ကောင်းသလို စာဖတ်သူ များအတွက် အချိန်၊ စေတနာများစွာ ထည်ြ့ပီး သေသေသပ် သပ် ရေးလေ့ ရှိသည်ကို ၄င်း၏စာများက ဖော်ညွှန်းနေသည်။ စိမ်းစို အေးမြသည့် အရောင်များဖြင့် သူ၏ ဆိုက်တွင် သုတ၊ ရသနှင့်၊ အတွေးအမြင် စာပေများ ရေးသလို၊ ဘာသာပြန် စိတ်ခွန်အားဖြည့် စာစုများ ကိုလည်း ရေးသားသူ လည်း ဖြစ်သည်။ ထို့ပြင် လှပ သေသပ်သော ဓာတ်ပုံများဖြင့် မွမ်းမံ၍ ၄င်း၏ ခရီးသွား ဆောင်းပါးများ၊ အလှအပ ရေးရာ၊ ဟင်းချက်နည်း၊ မုန့်လုပ်နည်းများ ပြန်လည် တင်ပြထား သည်ကို အွန်လိုင်း စာဖတ် ပရိသတ်များ အကြိုက် တွေ့ကြသည်။ ယနေ့ အချိန် အထိ အွန်လိုင်း ပေါ်တွင် စုစုပေါင်း ပုဒ်ရေ ၄၉၀ ခန့် ရေးသားခဲ့ပြီး ဖြစ်သည်။ ၄င်းဆိုက်တွင် နေ့စဉ် စာဖတ်သူ ၃၀၀ ကျော်ခန့် ရှိပြီး စတင်ရေး ချိန်မှစ၍ ယနေ့ အချိန် အထိ စာဖတ်သူ စုစုပေါင်း ငါးသိန်းနီးပါး ရရှိနေသည့် ကချင်မြေမှ ဘလော့ဂါ ရှမ်းအမျိုးသမီး တစ်ဦး ဖြစ်သည်။ ၄င်း၏ သုတ၊ ရသ၊ စိတ်ခွန် အားဖြည့် စာပေများ ဖတ်ရှု လိုပါက သွားရောက် ဖတ်နိုင်ရန် မိတ်ဆက်ပေး လိုက်ရ ပါသည်။ စာဖတ်သူ များနှင်တကွ မြန်မာပြည် ကြီး ငြိမ်းချမ်း ပါစေ။
မြသွေးနီ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Wednesday, 12 December 2012 23:19 |