(Dec_12)ဝေါဟာရမှော်ရုံတောမှာ PDF Print E-mail
Written by ဦးအေးချစ်(EEAC)   
Wednesday, 12 December 2012 18:14
Share |

သဒ္ဒါလားကွယ် မာယာများတယ် (English Grammar)
လူဟာ ဘာသာ စကား တစ်ခု တတ်ရင် တစ်ဘ၀စာ သိမြင် နိုင်တယ်။ နှစ်ခု တတ်ရင် နှစ်ဘ၀စာ။ အများကြီး တတ်ရင်တော့ ဘ၀ပေါင်း များစွာကို ၀င်စား ခံစား နိုင်တာပေါ့။ ကမ္ဘာ ပေါ်မှာ ဘာသာ စကားပေါင်း ခြောက်ထောင် ကျော်ရှိတယ်။

argaiv1965
argaiv1565

အဲဒီဘာသာ စကားတွေ ထဲမှာ ဒီနေ့ကမ္ဘာမှာ အများဆုံး အသုံးပြု နေတာ အင်္ဂလိပ် ဆိုတာ လူတိုင်း သိပါတယ်။ ဗြိတိသျှ နယ်ချဲ့တွေဟာ နေမ၀င် အင်ပါယာ ဖြစ်ခဲ့လို့  အင်္ဂလိပ်စာ ကမ္ဘာမှာ ပျံ့နှံခဲ့တယ်။ မြန်မာပြည် ကိုလည်း အလားတူ ရောက်ရှိ လာခဲ့ပါတယ်။
လွမ်းစရာ အဖြစ် ပြောရရင် မြန်မာ့ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ မင်းညီမင်းသား၊ သူဌေးသူကြွယ် သားသမီးတွေ လောက်သာ အဋ္ဌာရသ ပညာရပ်တွေ သင်ခွင့် ရှိတာ။ တိုင်းသူပြည်သား လူအများ ကတော့ မိဘ လက်ငုတ် လက်ရင်း အသက်မွေး ပညာ လောက်ကိုသာ လက်ဆင့်ကမ်း အမွေယူ ခဲ့ကြရတယ်။ လောကဓတ် သိပံ္ပ ပညာတွေနဲ့ ဝေးပါတယ်။ ကိုလိုနီ ခေတ်ရောက်လာ ပါမှ ခေတ်ပညာနဲ့ အင်္ဂလိပ်စာကို ထိတွေ့ခွင့် ရခဲ့ကြတယ်။

လက်ရှိ မှာတော့ သင်ကြားရေး ကြားခံ (Medium of instruction) အဖြစ်  အင်္ဂလိပ်စာကို သူငယ်တန်း ကစပြီး သင်ယူနေ ရတယ်လေ။ ဒါပေမဲ့ စနစ်ဖျက် ၊ မူပျက်၊ လူပျက်နေတာမို့ သင်ကား သင်၏။ မတတ်ဆို သလို ဖြစ်ခဲ့ရ ပြီမဟုတ်လား။ ဒါကြောင့် အမြန်ဆုံး တတ်မြောက် နိုင်မယ့် နည်းလမ်းတွေကို ရှာကြံပြီး တိုးတက်လာ အောင် လုပ်ရတော့ မှာပေါ့။ ပထမဦးဆုံး ဘာသာစကား တစ်ခုကို လေ့လာရာမှာ မလွဲမသွေ ဖြတ်သန်း ရမယ့် အခြေခံ တံတိုင်းကြီး သုံးခု ရှိပါတယ်။

၁။ ဝေါဟာရ(Vocabulary)
၂။ ၀ါကျ ဖွဲ့နည်း(Syntax)
၃။ သဒ္ဒါစည်းမျဉ်း(Grammar)
ဒီသုံးမျိုးထဲမှာ ဝေါဟာရ ကိစ္စက တစ်သက်တာ လေ့လာ သွားရမှာပါ။ ဆုံးတယ်လို့ မရှိပါဘူး။ ထိတွေ့ ရင်း တိုးပွား နေမှာပါပဲ။ ၀ါကျ ဖွဲ့နည်းနဲ့ သဒ္ဒါ စည်းမျဉ်းတွေကတော့ အကန့်အသတ် နဲ့မို့ တစ်ကြိမ် တစ်ခါ ဆည်းပူး ရုံနဲ့ တစ်သက်လုံး အသုံးချ သွားနိုင် ပါတယ်။
ဖူးငုံလေး တို့ရေ။ ဒီတစ်ခေါက်တော့ အင်္ဂလိပ် ၀ါကျဖွဲ့နည်း တွေနဲ့ သဒ္ဒါ စည်းကမ်း တွေကို ဝေါဟာရ မှော်ရုံတော ထဲမှာ သွားပြီး လေ့လာကြည့် ကြမယ်နော်။ ကဲ-အင်္ဂလိပ်ဝါကျ တည်ဆောက် နည်း စီးကြောင်းပြ ဇယားလေး(English Syntax Flow Chart) နဲ့စလိုက် ရအောင်-
ဘာသာစကား တစ်ခုခုကို လေ့လာရာမှာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထား ရမှာက-
ဝါကျဟာ ဘာသာ စကားတိုင်းရဲ့ အဓိက သော့ချက် ဖြစ်တယ်။

Sentence is the key to every language ဆိုတာပါပဲ။
ဝါကျ ဖြစ်လာဖို့ အဆင့် ငါးဆင့်ရှိတယ်။ အတိုကောက်က AWPCS ပါ။ အရှည် ကတော့ ဒီလို-
A   -    Alphabet    အက္ခရာ
W -     Word        စကားလုံး
P   -      Phrase    စကားစု
C   -      Clause    ၀ါကျခွဲ
S    -      Sentence    ၀ါကျ
အရေး အင်္ဂလိပ်စာ(Written English)မှာ ပထမဆုံးနဲ့ အသေးငယ်ဆုံး အဆင့်က Alphabet ခေါ် အက္ခရာ ပါပဲ။ ၂၆ လုံးရှိတယ်။ အုပ်စု နှစ်စုခွဲရင် သရ(Vowel) နဲ့ဗျည်း(Consonant) ရတယ်။ သရကို နှစ်မျိုး ထပ်ခွဲရင် သရသံပြည့် (Full Vowel) ဖြစ်တဲ့ a,e,i,o,u နဲ့ သရ၀က်(Semi-Vowel)ဖြစ်တဲ့ ပယတ တွေရပါတယ်။ ဗျည်းတွေ ကတော့ b,c,d,f,g,h,j,k,l,m,n,p,q,r,s,t,v,w,x,y,z ဆိုပြီး ၂၁ ခုရှိတယ်။ အက္ခရာ အဆင့်မှာ အဓိပ္ပာယ် မရှိသေးပါဘူး။ ဒုတိယ အဆင့်ဖြစ်တဲ့ စကားလုံး(Word) တွေက သရနဲ့ ဗျည်းပေါင်းစပ်ပြီး ဖြစ်ပေါ် လာပါတယ်။ ဘာသာ စကားရဲ့ အဓိပ္ပာယ် သက်ဝင်မှုက စကားလုံးက စပါတယ်။ စကား တစ်လုံးမှာ ဂုဏ်အင်္ဂါ လေးမျိုးရှိတယ်။

၁။    စာလုံးပေါင်း (Spelling)
၂။    အသံထွက် (Sound)
၃။    အဓိပ္ပာယ် (Sense)
၎။    အမျိုးအစား ၀ါစင်္ဂ (Speech) တို့ဖြစ်ပါတယ်။
အခု အချိန် အထိ အင်္ဂလိပ် စကားလုံး ဝေါဟာရ ပေါင်း တစ်သန်းကျော်သွား ပါပြီ။ ဒါပေမဲ့ စကားလုံး အမျိုးအစား(Word Class) ခွဲရင် ရှစ်မျိုးပဲ ရပါတယ်။  သူတို့ကို နှစ်စုခွဲရင်-
၁။    ခိုင်မာ တိကျ/အဓိက စကားလုံး
(Content or Major Word)နဲ့
၂။    ဖွဲ့စည်းမှု/သာမည စကားလုံး
(Struture/ Minor Word) တို့ရပါတယ်။ အဓိက စကားလုံး တွေက နာမ် (Noun)၊ ကြိယာ(Verb)၊ နာမ ၀ိသေသန(Adjective) နဲ့ ကြိယာ ၀ိသေသန (Adverb) တို့ဖြစ်ပါတယ်။ ဒီအဓိက စကားလုံးတွေ အနက် အဓိပ္ပာယ် ပိုပြီး ကျယ်ဝန်း လာအောင် ဖွဲ့စည်း ပေးတဲ့ သာမည စကားလုံးတွေ ကတော့ နာမ်စား (Pronoun)၊ ၀ိဘတ် (Preposition)၊ စကားဆက်(Conjunction)နဲ့ အာမေဋိတ် (Interjection)တွေပဲ ဖြစ်ပါတယ်။

အဲ၊ ထူးခြားတာက အဓိပ္ပာယ် မရှိပါဘူး ဆိုတဲ့ အက္ခရာ ၂၆ လုံးထဲမှာ စကားလုံး အဖြစ် သုံးလိုက်လို့ အနက်ရှိလာတဲ့ အက္ခရာ သုံးလုံး ရှိတယ်။ အဲဒါက နာမ ၀ိသေသန အဖြစ်သုံးတဲ့ A/a ။ သူ့ကို Indefinite Article လို့လည်း ခေါ်သေးတယ်။ နောက်တစ်ခုက ၀ါကျရဲ့ရှေ့ဆုံးမှာပဲ နေနေ၊ အတွင်းမှာပဲ သုံးသုံး၊ ထောင်လွှား မာနကြီးတဲ့ “ငါ”ဆိုတဲ့ I, သူ့ကို နာမ်စား အဖြစ်သုံးတယ်။ နောက်တစ်ခု ကတော့ အာမေဋိတ် အဖြစ်သုံးတဲ့ ‘O’ ပါ။ ကဗျာအလင်္ကာ (Verse)တွေ မှာသုံးတယ်။ စကားပြေ(Phrase) မှာတော့ ‘Oh’ လို့ ရေးတယ်လေ။
တတိယ အဆင့် ဖွဲ့စည်းမှု ကတော့ စကားစု(Phrase) တဲ့။ ပိုပြီး အနက် ကျယ်လာတယ်။ သူ့ကို လေးမျိုးခွဲ တယ်။ နာမ်စကားစု(Noun Phrase) ၊ ကြိယာ စကားစု(Verb Phrase) ၊ နာမ ၀ိသေသန စကားစု (Adjective Phrase) နဲ့ ကြိယာ ၀ိသေသန စကားစု(Adverb Phrase) တို့ဖြစ်ပါတယ်။ ခေတ်သစ် အင်္ဂလိပ်စာ လေ့လာ နည်းမှာ အသုံးဝင်တဲ့ စကားစုတွေ များများ သိလေကောင်း လေပါတဲ့။

စတုတ္ထ အဆင့် ကတော့ ၀ါကျခွဲ(Clause) ။
ရုံးချုပ် ရှိရင် ရုံးခွဲ ရှိသလို အဓိပ္ပာယ် ပိုမို ကျယ်ဝန်း လာစေပါတယ်။ ၀ါကျခွဲ သုံးမျိုး ရှိတယ်။ နာမ်ဝါကျခွဲ (Noun Clause), နာမ ၀ိသေသန ၀ါကျခွဲ (Adjective Clause) နဲ့ ကြိယာ ၀ိသေသန၀ါကျ ခွဲ(Adverb Clause) တွေပေါ့။ ၀ါကျခွဲ တွေကို ဖွဲ့တတ်ရင် ၀ါကျရှည်တွေ လုပ်နိုင်ပါတယ်။
ဝါကျ တည်ဆောက် ရာမှာ နောက်ဆုံး အဆင့်ကတော့ ၀ါကျ(Sentence)ပဲ ဖြစ်ပါတယ်။ အတွေးအခေါ်(Idea)၊ အတွေ့အကြုံ (Experience)  နဲ့ ခံစားချက်(Feeling)တွေကို ၀ါကျ တစ်ကြောင်း သယ်ဆောင် ပေးနိုင်ပါတယ်။ ၀ါကျ ဆိုတာ အဓိပ္ပာယ် သယ်ယူ ပို့ဆောင်ရေး ယာဉ် (Vehicle)ပဲပေါ့။ ၀ါကျတွေကို အဓိပ္ပာယ် ဖော်ပြပုံ (Description)နဲ့ ဖွဲ့စည်းပုံ(Structure)အရ နှစ်မျိုး သတ်မှတ် နိုင်ပါတယ်။

အဓိပ္ပာယ် ဖော်ပြပုံ အရ ခွဲမယ် ဆိုရင်
၁။    ရိုးရိုး ဖော်ပြ၀ါကျ (Statement Sentence)
၂။    အမေး ၀ါကျပေါင်း (Question Sentence)
၃။    အမိန့်ပေး/တောင်းပန် ၀ါကျ (Order or Request Sentence)
၎။    အာမေဋိတ် ၀ါကျ (Exclamatory Sentence) တွေ ရပါတယ်။
ဖွဲ့စည်းပုံ အရ ခွဲရင်တော့-
၁။    ၀ါကျရိုး (Statement Sentence)
၂။    ၀ါကျပေါင်း (Compound Sentence)
၃။    ၀ါကျနှော (Complex Sentence)
၎။    ၀ါကျပဲ့ (Elliptical Sentence) တွေ ရပါတယ်။ တစ်မျိုးချင်းကို လေ့လာ ကြည့်ပါဦး။
ဝါကျရိုး ဆိုတာ ကတ္တား တစ်ခုနဲ့ကြိယာ  တစ်ခုနဲ့ အဓိက ဖွဲ့စည်း ထားပါတယ်။
Subject + Verb = ect.
Birds Fly in the sky
ငှက်တွေ ကောင်းကင်မှာ ပျံသန်း ကြတယ်။

ဝါကျနှော ဆိုတာ အဓိက ၀ါကျခွဲ (Main Clause)နှစ်ခု ဒါမှမဟုတ် အများကို တန်းတူဖြစ် စကားဆက်(Co-Ordinating Conjuction) နဲ့ ချိတ်ဆက် ရတယ်။ တစ်နည်း အားဖြင့် ၀ါကျရိုး နှစ်ကြောင်းကို ဆက်ပေးရ တာပါ။ ပြန်ခွဲလို့လည်း လွယ်ပါတယ်။

Simple Sen    Co-ord Conj Simple Sen.
S+V etc.                        S+V etc.
Main Clause         Main Clause

She is rich but she is stingy
သူမက ချမ်းသာတယ်။ ဒါပေမဲ့ ကပ်စေး နည်းတယ်။
ဝါကျပေါင်း ကတော့ အဓိက ၀ါကျခွဲ (Main Clause) တစ်ခုနဲ့ မှီခို ၀ါကျခွဲ (Sub Clause) တစ်ခု၊ ဒါမှမဟုတ် အများကို လက်အောက်ခံ အဖြစ် စကားဆက် (Subordinating Conjuction)နဲ့ ချိတ် ဆက် ပေးတာပါပဲ။ အပြန်အလှန် မှီခို နေလို့ ခွဲလို့ မရပါဘူး။

Simple Sen    Sub-ord ConJ    Simple Sen.
S+V ect.         because        S+V etc.
when
Main Clause          if              Sub-clause

She is stingy although she is rich.
သူမက ချမ်းသာပေမဲ့ ကပ်စေးနည်းတယ်။
ဝါကျပဲ့ ဆိုတာကတော့ မြန်မာ စာသင်သား ပရိသတ်နဲ့ အခေါ် အဝေါ်ပိုင်းမှာ သိပ်ရင်းနှီးမှု မရှိပါဘူး။ သူက ပြီးပြည့်စုံတဲ့ ၀ါကျ (Complete Sentence) ဖြစ်မလာပဲ။ ၀ါကျ အနက်ကို ပေးတဲ့ ၀ါကျခွဲ (Clause)၊ စကားစု(Phrase) နဲ့ စကား လုံး(Word)တွေပါ။ တစ်ပိုင်းတစ်စ အနေအထား မှာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါကျပဲ့လို့ ခေါ်တာပါ။
ဒီလောက် အထိ ၀ါကျမျိုးစုံ လုပ်တတ်ရင် ၀ါကျဖွဲ့စည်း တည်ဆောက်မှု ဆိုင်ရာ အရေးအသား ပိုင်း(Structural Writing) ကိုနားလည် ပြီပေါ့။ ပြီးတော့မှ တစ်ဆင့် တက်ပြီး သီကုံး ရေးဖွဲ့မှု ဆိုင်ရာ အရေး အသားပိုင်း(Compositional Writing) ကို လေ့ကျင့် သွားရပါတယ်။ ဒီနှစ်ပိုင်း လုံးကို ကောင်းမွန် မှန်ကန်စွာ ရေးသားနိုင်ဖို့ အခြေခံ လိုက်နာရမယ့် သဒ္ဒါ စည်းမျဉ်း စည်းကမ်းတွေ ရှိပါသေးတယ်။ ကြည့်လှည့်ပါဦး-

ဝါကျထဲက ကတ္တားနဲ့ ကြိယာ သဘော တူညီ ညွတ်ဖို့-
Agreement of Subject and its Verb.
နာမ်တွေနဲ့ မှန်မှန်ကန်ကန် တွဲဖက် သုံးဖို့-
Uses of Articles
ကြိယာ ပုံပြောင်း တာတွေ မှန်ကန်ဖို့-
Verb Forms
ကာလနဲ့ စိတ်ထားတွေ ပြနိုင်ဖို့-
Tenses of Verbs
စကားလုံးတွေ ဖွဲ့စည်းတတ်ဖို့-
Formation of Words
နှိုင်းယှဉ် တာတွေ နားလည်ဖို့-
Comparison of Adjectives and Adverbs
နာမ်တွေကို အများကိန်းလုပ်တတ်ဖို့-
Making Phural Nouns
ကြိယာတွေကို တစ်ခုကိန်း ပြောင်းတတ်ဖို့-
Making Singular Verbs
နာမ်ညွှန်း ပုဒ်တွေ သေချာ သုံးနိုင်ဖို့-
Different Kinds of Determiners
နာမ်စားတွေ တိတိကျကျ ရွေးချယ် နိုင်ဖို့-
Pronouns and their forms
ပုဒ်ဖြတ် ပုဒ်မတွေ မှန်ကန် စေဖို့-
Punctuations
စတာတွေကို ကြိုတင် လေ့လာမှတ်သား ထားဖို့ မလိုပေ ဘူးလား။ ဒါမှသာ Good English ဖြစ်လာမယ်လေ။
ဖူးငုံလေး တို့ရေ၊ အခုလောက် လေ့လာ မိရင် သဒ္ဒါ မှန်မှန်နဲ့ ၀ါကျမျိုးစုံ သုံးပြီး သီကုံးရေး ဖွဲ့မှု (Composition) တွေ ရေးနိုင် ပြောနိုင် ပြီပေါ့။ နောက်ဆုံး မှာတမ်းလေး ကတော့“သဒ္ဒါမတတ်၊ စာမတတ်”ဆိုတာ အဓိပ္ပာယ်မဲ့ ပြောထားတာ မဟုတ်ဘူးနော်။ Grammer, Which can govern even king’s ဆိုတဲ့ အဆို အမိန့်အရ သဒ္ဒါဆိုတာ ဘုရင် ဧကရာဇ်တွေ ကိုတောင် စိုးမိုးချုပ် ကိုင်ထားပါသတဲ့။

အရူး တစ်ယောက်ရဲ့ စကားနဲ့ ပြောရရင် “ဘုရားရှင်တောင် သေရတာ၊ မင်းက ဘာမို့လဲ”။ မူလ ဌာနေ အင်္ဂလိပ် စကားပြော လူမျိုးတွေတောင် သူတို့ရဲ့ သဒ္ဒါ ဥပဒေသ တွေကို လေးလေးစားစား လိုက်နာ ကြရတာ ပါပဲ။ ဈေးဆစ် မနေပါနဲ့။ ရှောင်ဖယ်ဖယ် လုပ်မနေပါနဲ့။ သူစိမ်းပြင်ပြင် မနေပါနဲ့။ တွေဝေ မနေပါနဲ့။ ဘေးပြောတာတွေ ယုံမနေ ပါနဲ့။ တည့်တည့် တိုးလိုက်ပါ။ ပြေးတွေ့ လိုက်ပါ။ တစ်ကြိမ် တစ်ခါလောက် အပြတ် သင်ယူ လိုက်ပါ။ ဧကန်မုချ အကျိုးပေးမှာ အမှန် ပါပဲ။


ဆယ်ကျော်သက် ထက်မြတ်ပါစေ
ဦးအေးချစ်EEAC
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)