|
ကမ္ဘာကျော်တဲ့ ကဗျာဆရာတင်မိုး |
|
|
|
|
Written by Teen အယ်ဒီတာအဖွဲ့
|
|
Wednesday, 12 December 2012 18:09 |
ဆရာ ဦးတင်မိုးကို ဆရာဂျမ်း လို့လည်း နာမည်ရင်းနဲ့ လူသိများ ပါတယ်။ အထူး သဖြင့်တော့ အင်မတန် မေတ္တာစိတ်ကြီးတဲ့ ကဗျာဆရာဖြစ်ပြီး နိုင်ငံ့ အရေးကို ကြောင့်ကြ စိုက်တတ် သလို ကဗျာတွေ ကိုလည်း ကလေးလူကြီး မရွေး စွဲငြိတသသွားအောင် စပ်ဆို ရေးဖွဲ့နိုင်သူ အဖြစ် လူသိပါတယ်။
argaiv1317
ဆရာ့ရဲ့ ကလေးကဗျာ တွေနဲ့ ကြီးပြင်းရ သူတွေက စစ်အစိုးရ လက်အောက်မှာ ဆရာ ရေးခဲ့တဲ့ နိုင်ငံရေး ကဗျာတွေကိုလည်း ခံတွင်း တွေ့ကြပါတယ်။ ဆရာက ကာရန်ကိုလည်း အလွတ် မခံဘဲ အနှစ်သာရ ရှိရှိ စကားလုံး ပြောင်ပြောင် မြောက်မြောက် ဖန်တီးရေး ဖွဲ့တတ်သူပါ။ ဆရာ့ကို ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က မြင်းခြံခရိုင်၊ ကန်မြဲ ကျေးရွာ မှာ မွေးဖွား ခဲ့ပါတယ်။ ရေစကြို အစိုးရ အထက်တန်း ကျောင်းမှာ ဒေါင်းနံရံ ကပ်သတင်းစာနဲ့ မဉ္ဇူလက်ရေး စာစောင်တွေကို ထုတ်ဝေပြီး စာပေနယ်ကို ၀င်ရောက် ခဲ့ပါတယ်။ ပခုက္ကူ နေ့စဉ် သတင်းစာ မှာလည်း ကိုရင်ဂျမ်း နာမည်နဲ့ ဆောင်းပါးတွေ ရေးခဲ့ ပါတယ်။ ၁၉၅၇ ခုနှစ်မှာ တစ်နိုင်ငံလုံး မြန်မာစာ အမှတ် အများဆုံးရပြီး ဆယ်တန်းအောင် ပါတယ်။ မန္တလေး တက္ကသိုလ်တက် နေရင်း မှာပဲ မန္တလေး ဆေးတက္ကသိုလ်ဝင် ကျောင်းမှာ မြန်မာစာဆရာ ဖြစ်လာ ခဲ့ပါ တယ်။ မြင်းခြံမှာ အောင်တက္ကသိုလ် ဆိုတဲ့ နာမည်နဲ့ အလွတ်ပညာ သင်ကျောင်း ကိုလည်း တည်ထောင် ခဲ့ပါတယ်။ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း ကနေ ဆရာရဲ့ ဖန်မီးအိမ် ကဗျာများ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ စာပေ ဗိမာန် ကဗျာဆုရခဲ့ပါတယ်။ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းမှာလည်း မြန်မာစာ စာစီအဖြစ် တာဝန်ယူခဲ့ပြီး တက္ကသိုလ် ကျောင်းသား သမဂ္ဂ စာကြည့်တိုက်မှူး လည်း ဖြစ်ခဲ့ ပါတယ်။ ၁၉၆၁-၆၂ မှာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဂုဏ်ထူးတန်း တက်ကာ ၁၉၆၅ ခုမှာ ဘီအေ၀ိဇ္ဇာဘွဲ့ရခဲ့ပြီး အထက်ဗမာ နိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၁၉၆၆-၆၇မှာတော့ လူထု သတင်းစာမှာ ကဗျာ အယ်ဒီတာ ဖြစ်လာပါတယ်။ ၁၉၆၇မှာရန်ကုန် တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေး ဋ္ဌာနမှာ တာဝန် ထမ်းဆောင် ခဲ့ရာ ၁၉၈၇ ခုနှစ် အထိ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ ထီးကလေးနဲ့ မနီ ကဗျာ စာအုပ်နှင့် အမျိုးသား စာပေ(ကလေးစာပေ)ဆု ရရှိခဲ့ပါတယ်။ ဆရာ ဆောင်ရွက်ခဲ့တဲ့ အထဲက ထင်ရှားတာ တစ်ခုကတော့ မြန်မာစာ သင်ရိုး အဖွဲ့ဝင် အဖြစ် ကျောင်း သုံး မြန်မာ ဖတ်စာ စာအုပ် အတွက် အားထုတ် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တတ်သိ ပညာရှင်များ အဖွဲ့မှ ပါဝင် လှုပ်ရှားခဲ့ ပါတယ်။ ဆရာရဲ့ ရဲရဲတောက် ကဗျာများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် ကန့်သတ် ဆိုတဲ့ အညွှန်းနဲ့ အတူ အဖွဲ့ချုပ်ကပဲ ပုံနှိပ်ထုတ်ဝေခဲ့ရာက ဆရာ့ကို စစ်အစိုးရ ဆန့်ကျင်သူ ကဗျာဆရာ အဖြစ် ပိုပြီးလူသိ များလာခဲ့ ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စက်တင်ဘာလ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် အထိ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ခံ ရပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပြည်ပကို ထွက်ခွာသွားခဲ့ပြီး ပြည်ပ အခြေစိုက် သတင်း မီဒီယာ အသီးသီးမှာ ကဗျာ၊ ဆောင်းပါးတွေကို အများအပြား ရေးသား ခဲ့ပါတယ်။ ပြည်ပမှာ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြား ကဗျာများ(၂၀၀၀)၊ ခွပ်ဒေါင်းအလံ ခေါ်ရာသို့ (၂၀၀၂)၊ သစ်ရွက်ကြွေလေး ပေါ်မှာ ရေးတဲ့ မှတ်တမ်း(၂၀၀၄)၊ ကဗျာပေါင်းချုပ် (၁၉၉၉-၂၀၀၄)၊ အညာလမ်းက တမာတန်း (၂၀၀၆) ကဗျာစာအုပ် တွေကို ထုတ်ဝေ ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်စဉ် အတွင်း မိုးမခ ရေဒီယိုနဲ့ မီဒီယာမှာလည်း အမှုဆောင် လူကြီးအဖြစ် ဆောင်ရွက် ခဲ့ပါတယ်။
ဆရာရဲ့ စာပေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် ချီးကျူး ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၀၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ (Human Rights Watch) အဖွဲ့က Hellman Hammett Grants ၂၀၀၄ ခုနှစ်မှာ နယ်သာ လန်နိုင်ငံက Prince Claus စာပေဆုတွေ ပေးအပ်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အကျိတ်အခဲ အကျပ် အတည်းတွေ မပြေလျော့ နိုင်သေးတဲ့ အတွက် ဆရာဟာ သူချစ်တဲ့ မြန်မာပြည်ကို အလည် တစ်ခေါက်ပြန် မရောက်လာ နိုင်တော့ဘဲ ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်က အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ သမီးဖြစ်သူ မိုးချိုသင်းရဲ့ နေအိမ်နားက လက်ဖက်ရည် ဆိုင်လေးမှာ ရုတ်တရက် ကွယ်လွန် ခဲ့ပါတယ်။ ဆရာနဲ့ ပတ်သက်ရင် အတိုတောင်းဆုံး မှတ်မိခဲ့ ရတဲ့ ကဗျာကတော့ ဧည့်သည်ကြီး ပဲ ဖြစ်ပါတယ်။ “ဆေးလိပ်လည်း တို၊ နေလည်း ညိုပြီ၊ ငါ့ကို ပြန်ပို့ကြ ပါလေ”လို့ စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဆရာက ရိုးစင်းတဲ့ ဝေါဟာရ တွေကို အထိရောက်ဆုံး တွဲဖက် အသုံးပြုကာ ခွန်အား အရှိဆုံး ၀ါကျတွေ ဖြစ်အောင် ဖန်တီးနိုင်သူ အဖြစ် ထင်ရှား လှပါတယ်။ စာရေးဆရာမ မိုးမိုး(အင်းလျား)ကွယ်လွန် စဉ်က ၀မ်းနည်း မှတ်တမ်းမှာ ဆရာ ရေးခဲ့တဲ့ စာသားက သက်သေပဲ ဖြစ်ပါတယ်။“ချစ်သူတို့ သက်တမ်း တိုလှ၏။ မုန်းသူတို့ သက်တမ်းကား ရှည်ကြာလှ၏။ ၀မ်းနည်း၍ မဆုံးပါ” လို့ဖြစ်ပါတယ်။ အမေ့သား စကား တိုးတိုး ပြောလှည့်ပါ ဆိုတဲ့ နာမည်နဲ့ လူသိများတဲ့ ၁၉၈၈ ခုနှစ်က ဆရာ ရေးသားခဲ့တဲ့ အိမ်လည် ကြူးတဲ့သား ကဗျာကို ဆရာ့ လက်ရာ အမြည်းအဖြစ် ဖော်ပြပေး လိုက်ပါတယ်။

အိမ်လည် ကြူးတဲ့သား ကာရန်ချိုမြ၊ သွေးစစွန်း နေတယ် တယောကြိုးလည်း၊ တီးတိုး ငိုကြွေးတယ် ဂစ်တာတစ်လက်၊ အုတ်ခုံထက်မှာ အသက်မရှိ ရှာတော့ဘူး။
အမေ့အိမ်နား၊ ဒီည များမှာ စစ်သားဖိနပ်၊ တခွပ်ခွပ်နဲ့ ရပ်လို့စောင့် နေတယ်။
အိမ်လည်ကြူး တဲ့သား မိုးစက်တွေ ကြားမှာ ငှက်ဖျားမိနေ ရော့သလား။
အမေ့နားမှာ “သား”ခေါ်သံများ၊ တိုးတိုးကြားလျှင် နားကို လှည့်စား၊ ဒီညများ ဘယ်သွားနေလဲ လူလေးရယ်။
သားတို့ ကျောင်းက ခွပ်ဒေါင်းလံ ကလေး ရေမြောင်းဘေးမှာ သွေးတွေ စွန်းလျက်၊ ညနေဘက်က ရပ်ကွက်ထဲက လူတွေ တွေ့ခဲ့သတဲ့။
အမေ့သား စကားတိုးတိုး ပြောလှည့်ပါ။
အယ်ဒီတာ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|