|
Written by Teen အယ်ဒီတာအဖွဲ့
|
|
Tuesday, 11 December 2012 23:48 |
အခုက စပြီး လွတ်လွတ် လပ်လပ် တွေးကြ ရအောင်။ ဒီလို ပြောတော့ အရင်က လွတ်လွတ် လပ်လပ် မတွေးခဲ့ ကြဘူးလို့ ယူဆနိုင် တာပေါ့။တကယ်လည်း ဖူးငုံတွေ အားလုံး အနေနဲ့ ဘယ်လောက်ထိ လွတ်လွတ် လပ်လပ် တွေးဖူး ကြလဲလို့ ဆန်းစစ် ကြည့်စေချင် ပါတယ်။
argaiv1133
လူဆိုတာ တစ်ယောက်တည်း နေလို့ မရတဲ့ အတွက် ကိုယ်နေတဲ့ လူ့အဖွဲ့ အစည်းရဲ့ ကောင်းကျိုး ဆိုးကျိုးကို တိုက်ရိုက် ဖြစ်ဖြစ်၊ သွယ်ဝိုက် ဖြစ်ဖြစ် ခံကြရရိုး ထုံးစံ ရှိပါတယ်။ အဲဒီအထဲမှာ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်း ထဲက အများစုကြီး ဖြစ်တဲ့ လူတွေရဲ့အတွေးတွေက ကိုယ့်အပေါ် ရိုက်ခတ်တတ် တာလည်း သဘာဝပါပဲ။ ဒါကြောင့် လွတ်လွတ်လပ်လပ် တွေးကြ ရအောင် ဆိုရာမှာ ကိုယ့်ကိုယ်ပိုင် အတွေးမျိုး ဖြစ်အောင် ကြိုးစား အားထုတ်ဖို့ လည်းလိုတဲ့ အကြောင်း သတိပြု ကြရပါမယ်။ လွတ်လွတ် လပ်လပ် တွေးတယ် ဆိုတာ သူများရဲ့ အတွေးကို သဘောကျပြီး သူ့အတွေး အတိုင်း လိုက်တွေး တာမျိုး မဟုတ် ကြောင်းလည်း သတိထား ရမှာပါပဲ။ သူများ တွေးထား တာတွေ သဘောကျ လို့ဆိုပြီး ကိုယ့်က လွတ်လပ်စွာ အဲဒီ အတိုင်း လိုက်တွေးတာ ဆိုတာမျိုး ဖြစ်သွားမှာလည်း စိုးရိမ် ရပါတယ်။ တကယ့်ကို လွတ်လွတ် လပ်လပ် ကိုယ့်ကိုယ်ပိုင် အတွေးဆိုတာမှာ ဘယ်သူ့ နောက်ကိုမှ လိုက်ပြီး တွေးတဲ့ အတွေးမျိုး မဖြစ်ဖို့ လိုတာပေါ့။ ကိုယ့်မိဘ၊ ကိုယ့်ဆရာ/ဆရာမ၊ ကိုယ့် သူငယ်ချင်း၊ ကိုယ့် ချစ်သူ၊ ကိုယ့် အလုပ်ရှင် စတဲ့ ကိုယ့်နားက လူတွေရဲ့ အတွေးတွေကို ပေါင်းစပ်ပြီး သူတို့ သြဇာကို ခံယူတဲ့ အတွေးမျိုး မဖြစ်ဖို့ ဆိုတာ လွယ်တယ်တော့ မထင်ပါနဲ့။ တကယ်တမ်းမှာ အသက် အင်မတန် ငယ်တဲ့ ကလေးလေး တွေမှာ အင်မတန် လွတ်လပ်တဲ့ အတွေးတွေ ရှိနေတတ် ပါတယ်။
နမူနာ ပြရရင် အသက် သုံးနှစ်လောက် ကလေး တစ်ယောက်က သူ့အမေကို “မေမေ ထမင်းလုံး တွေမှာ နတ်ရှိလို့ မတက်နင်း ရဘူးဆို။ သားတို့ ထမင်းလုံး တွေကို စားလိုက်တဲ့ အခါ အဲဒီနတ် တွေက သွားတွေ ကြားကနေ ထွက်ပြေး သွားတာလား”လို့ မေးသတဲ့။ ဒီအမေးကို ဆန်းစစ် ကြည့်ရင် လူကြီး မိဘတွေ ဆိုတာ ကလေး တွေကို လွှမ်းမိုးဖို့ ကြိုးစား လေ့ရှိပြီး ခြောက်လုံးတွေ၊ မြှောက်လုံးတွေနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားလေ့ ရှိတာ ကိုလည်း တွေ့ရမှာပါ။ ဒါပေမဲ့ ကလေးတွေက လွတ်လွတ် လပ်လပ် တွေးတတ်တော့ လူကြီး လုပ်တဲ့ သူတွေ ခွကျကုန် ရောဆိုပါတော့။ ဒီလိုပဲ ငယ်ငယ်က ကလေးတွေ ငိုရင် “တိတ်တိတ်နေနော်။ လမ်းထိပ်က ကုလား အဖိုးကြီး ကြားရင် လာကိုက်စား သွားမယ်”ဆိုတာမျိုး ခြောက်လုံးတွေ ကလည်း လူ့အဖွဲ့ အစည်း တိုင်းလိုလိုမှာ ရှိနေတတ် ပါတယ်။ အမှန်တော့ ဒီလို ခြောက်လုံး မြှောက်လုံး တွေဆိုတာ သာမန်ကာ လျှံကာ ကြည့်မယ် ဆိုရင် ဘာအန္တရာယ်မှ မရှိဘူးလို့ ယူဆရ ပေမယ့် ဘာမှ မသိသေးတဲ့ ကလေး တစ်ယောက်ရဲ့ အတွေးတွေကို သော့ခတ်ပေး သလိုက် သလို ဖြစ်သွားတတ် ပါတယ်။ ဒီအပြော နှစ်ခု အရ ကလေးတွေရဲ့ အတွေးမှာ ထမင်းလုံး ဆိုတာ နတ်နေတဲ့ အိမ်လို့ တွေးတာက သိပ်အန္တရာယ် မများပေမယ့် ကုလား အဘိုးကြီး ကိုက်စား တတ်တယ်လို့ တွေးတတ်တဲ့ အတွေးက အန္တရာယ်များ ပါတယ်။ ကလေးအနေနဲ့လွတ်လွတ် လပ်လပ် မတွေးတတ်၊ မမေးတတ် ခဲ့ရင် အဲဒီကလေး ဟာခုလို အသေးအဖွဲ လေးတွေကို ယုံပြီး အဲဒီအတိုင်း လိုက်တွေး ရုံမကဘဲ ဒီ့ထက် ကြီးကျယ်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး အတွေးအခေါ် တွေမှာ လူကြီးတွေရဲ့ ခြောက်လုံး မြှောက်လုံးတွေ အတိုင်း လိုက်တွေးပြီး လောကကြီးကို ကြောက်လာ နိုင်ပါတယ်။ ဆိုရိုး စကားတွေ၊ စကားပုံ တွေဆိုတာဟာ ယဉ်ကျေးမှု အမွေအနှစ်မို့ ထိန်းသိမ်းသင့် တယ်ဆိုပေမယ့် တချို့ စကားတွေက နုနယ်တဲ့ ကလေး တွေရဲ့ အတွေးတွေကို သော့ခတ်ပေး သလို ဖြစ်သွားတတ် ပါသေးတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် တွေးတတ်ဖို့ ဆိုရင် ဆိုရိုး စကားတွေ၊ စကားပုံ တွေကို ကိုးကားဖို့ မကြိုးစားမှ ဖြစ်မှာပါ။ ဆိုပါတော့ “ဗမာ စော၊ ရှမ်းတောက ပြန်”ဆိုတာ မျိုး၊“တရုတ်လို ရှာ၊ ကုလားလို စု၊ ဗမာလို မသုံးနဲ့” ဆိုတာမျိုး၊ “မော်လမြိုင် အစား၊ မန္တလေး စကား၊ ရန်ကုန် အကြွား” ဆိုတာမျိုး တွေလည်း အလားတူ ပါပဲ။စကားပုံ အနေနဲ့ရှိတာက ပြဿနာ မဟုတ် ပေမယ့် အဲဒီ စကားပုံကို အမှန်လို့ လှေနံဓားထစ် သဘောထားပြီး ကိုးကား တွေးတော တာက ပြဿနာပါ။ လွတ်လွတ် လပ်လပ် တွေးချင်ရင် အဲဒီလို ဆိုရိုးတွေ၊ စကားပုံတွေ ဆိုတာမျိုးကို အခြေ မခံဘဲ ကိုယ့်ကိုယ်ပိုင် လေ့လာ တွေ့ကြုံမှုအား၊ ဆန်းစစ်မှု အားတွေ သုံးပြီးမှ ကိုယ့်ကိုယ်ပိုင် ခံယူချက်၊ ကိုယ့်ကိုယ်ပိုင် အတွေးမျိုး ဖြစ်အောင် ကြိုးစား ရပါမယ်။ ဒါမှ လွတ်လွတ် လပ်လပ် တွေးရာကျ မှာပါ။ ဖူးငုံတို့ အားလုံး လွတ်လပ်တဲ့ ကိုယ်ပိုင် အတွေးမျိုကို တွေးနိုင်၊ ပိုင်ဆိုင် နိုင်ကြပါစေ။
အယ်ဒီတာ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|