(Dec-2012)ရွှေအသစ် PDF Print E-mail
Written by ၀င်းငြိမ်း   
Wednesday, 05 December 2012 22:54
Share |

ဒီလမှာလည်း ဇာတ်လမ်း ဇာတ်ကွက် အနေနဲ့ ၀ိညာဉ် လောက နောက်ခံ စာမူတွေ ပါလာတာကို သတိထား မိပါတယ်။ ခေတ်စား နေတဲ့ ဗီဒီယို ဇာတ်ကား တွေရဲ့ ရိုက်ခတ် မှုလို့ မြင်ပါ တယ်။

argaiv1303

စာရေးသူတွေ အတွက် ရုပ်ရှင် ဗီဒီယို ဇာတ်လမ်း ဇာတ်ကွက် တွေကို အတုခိုးပြီး ဖန်တီး နေမယ် ဆိုရင် ရသစာပေ ကျဆုံး ခန်းဟာ လက်တစ်ကမ်း မှာပဲ ရှိပါတော့တယ်။ ဒါကြောင့် တတ်နိုင်ရင် ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင် အရေး အသားနဲ့ ရသ စာပေ ကောင်းတွေ ဖန်တီး နိုင်ဖို့ ကြိုးစားကြပါ လို့ တိုက်တွန်း လိုပါတယ်။

၁။    မျဉ်းပြိုင် နှစ်ကြောင်း၏ သံယောဇဉ် အလွမ်းပုံရိပ်
၂။    ပြိုလဲ သွားသော လေထဲ ကအိမ်
ကိုရင် သန်းထွန်း
အရေး အသား ပြေပြစ်တဲ့ စာမူများ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့အနွဲ့မှာ ရိုးစင်း လွန်းပြီး ဆွဲဆောင်မှု မရှိသလို အကြောင်း အရာနဲ့ တင်ပြပုံ မှာလည်း ဆောင်းပါး ဆန်တဲ့ အတွေးနဲ့ အရေး မျိုးဖြစ်နေ ပါတယ်။ မျဉ်းပြိုင် နှစ်ကြောင်း... က ရွှေနှလုံးသား ဖြစ်ပြီး သာသနာ့ ၀န်ထမ်း တစ်ဦးနဲ့ အချစ် ဇာတ်လမ်းမျိုး ရေးဖွဲ့ ထားတာ ဖြစ်နေ ပါတယ်။ ပြိုလဲသွားသော... ကတော့ အစား အသောက် သောင်း ကျန်းလို့ အသက် ပေးလိုက်ရတဲ့ အကျဉ်းသား တစ်ယောက် အကြောင်း ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။

၃။    လှည်းကောင်း ကောင်းနဲ့ ကျောက်ပန်းတောင်း မောင်းမယ်
၎။    လူ့အကြိုက် နတ်မလိုက်နိုင်
နေတင် တင်လတ်(မိတ္ထီလာ)
အရေး အသား အားနည်းတဲ့ စာမူများ ဖြစ်ပါတယ်။ လှည်းကောင်းကောင်း... က အတိတ် ဇာတ်လမ်း တစ်ခုကို ပြန်ပြောပြတဲ့ အကြောင်း ရေးဖွဲ့ ထားတာ ဖြစ်ပြီး ထူးခြား မှုမရှိ ပါဘူး။ လူ့အကြိုက်... ကလည်း အပြန် အလှန် စကားပြော တွေကို အားပြု ထားတဲ့ သာမန် စာမူ တစ်ပုဒ်သာ ဖြစ်ပါတယ်။ စာများများ ဖတ်ပြီးမှ စာရေး စေချင်ပါတယ်။

၅။    ချစ်ခြင်း၏ ပဉ္စလက်
၆။    အချစ်၏ ဦးတည်ရာ ချစ်ခြင်း ဆီသို့
လရိပ်ဦး
စကားလုံး တွေကို ပါဒ မခွဲဘဲ တစ်ဆက်တည်း ရေးထား တဲ့အတွက် ဖတ်ရ အလွန် ခက်တဲ့ စာမူ ဖြစ်ပါတယ်။ အရေး အသားလည်း ဆွဲဆောင်မှု မရှိ ပါဘူး။ ချစ်ခြင်း၏...က ကျေးလက် အချစ် ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး အချစ်၏... က လည်း ရေးနေကျ အချစ် ဇာတ်လမ်း မျိုးပဲ ဖြစ်ပါတယ်။ ထူးခြား မှုမရှိပါဘူး။

၇။    ကျွန်မ ဘာမှ မတတ် နိုင်ခဲ့ပါ
၈။    ထုံးဆက် ပါရမီ နည်းခဲ့တယ်
မိုးစက်သာ
အရေးအသား အိုင်နေတဲ့ စာမူများ ဖြစ်ပါတယ်။ ကျွန်မ ဘာမှ... က အိမ်ထောင်ရေး သံယောဇဉ်နဲ့ လူဝင်စား ဆိုတာ မျိုး ရေးထားပြီး ဆွဲဆောင်မှု အားနည်း လှပါတယ်။ ထုံးဆက် ပါရမီ... ဆိုတဲ့ ခေါင်းစဉ် မှာလည်း ဘာကို ဆိုလိုတာ မကွဲ ပါဘူး။ အထုံ ရေစက်ကို ဆိုလိုလေ သလားလို့ တွေးမိ ပါတယ်။ စာလုံးပေါင်း အမှား အယွင်းကြောင့် အနက် အဓိပ္ပာယ်ကို မှန်းဆ ရခက်လှ ပါတယ်။ လေဖြတ် ထားတဲ့ လူနာ တစ်ယောက် အကြောင်းကို ရေးဖွဲ့ထား တာဖြစ်ပြီး ဆွဲဆောင်မှု မရှိပါဘူး။

၉။    ဘ၀ခါး
ဇမင်းမြတ်
အပြန် အလှန် စကားပြော တွေနဲ့ ရေးဖွဲ့ထားတဲ့ သာမန် အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ စာများများ ဖတ်ပြီးမှ စာရေးပါ။

၁၀။    သံယောဇဉ် မှန်ရာ
၁၁။    ရိုးသားသော ကလိမ် ကကျစ်
အင်္သခယာ မောင်(Civil)
စာလုံးတွေကို ပါဒ မခွဲဘဲ တစ်ဆက်တည်း ရေးထား ပြန်တဲ့ စာမူတွေ ဖြစ်ပါ တယ်။ ဖတ်ရ အလွန်ခက် တဲ့အတွက် ဆွဲဆောင်မှုအား လျော့နည်း ရပါတယ်။ သံယောဇဉ် မှန်ရာ က တိရစ္ဆာန် တစ်ကောင်ရဲ့ ကျေးဇူး သိတတ်မှုကို အခြေခံ ဖွဲ့ဆို ထား တာဖြစ်ပြီး ရိုးစင်း လှပါတယ်။ ရိုးသားသော... က လောဘ ရှိသူကို အရိုး အစင်းဆုံး လိမ်လည် သွားနိုင်တဲ့ အကြောင်း ရေး ဖွဲ့ထားတာဖြစ်ပြီး ဇာတ်ဘယ်လို အဆုံးသတ်မယ် ဆိုတာ မှန်းဆ နိုင်လောက်တဲ့ စာမူမျိုး ဖြစ်ပါတယ်။ ကြိုးစားပါဦး။

၁၂။    ရင်သွေး ရှိုက်သံ
၁၃။    ပျံလွှား ငှက်ကလေးများ
၁၄။    မမေ့သော ကျေးဇူးတရား
၁၅။    အမေ့ စေတနာ အမေ့စကား
မြတ်မိုမြင့်
အခု အချိန်ထိ စကားပြေ၊ စကားပြော တွေရောနေပြီး စနစ် တကျ မရေးဖွဲ့ နိုင်သေးတဲ့ စာမူတွေ ဖြစ်နေပါတယ်။ စာမူတွေ ရဲ့ အစနဲ့ အဆုံးကို စာဖတ်သူ စိတ်ဝင် စားအောင် မကြိုးစားနိုင် သလို ကိုယ်ပြော ချင်တာကို သိသာ အောင်လည်း အကွက်ချ ရေးဖွဲ့ နိုင်ခြင်း မရှိပါဘူး။ စာမူ ခေါင်းစဉ်တွေ ကိုလည်း အဆင် ပြေသလို တပ်ထား တယ်လို့ မြင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် က တွေ့ကြုံ ရသမျှကို ကိုယ်စိတ်ဝင်စား သလို ရေးတိုင်း စာမူ မဖြစ်တာကို သတိထား စေချင်ပါ တယ်။ စာများများ ဖတ်ပြီးမှ စနစ်တကျ တွေးခေါ် စဉ်းစားပြီးမှ ရေးဖွဲ့စေ ချင်ပါ တယ်။ ရင် သွေးရှိုက်သံ က ကလေး တစ်ယောက် နေရာက ရေးဖွဲ့နေရာ ကနေ ဆရာမ တစ်ယောက် နေရာက ပြောင်းလဲ ရေးဖွဲ့ ထားတာ မျိုး ဖြစ်နေပါတယ်။ ပျံလွှားငှက်... ကလည်း လမ်းပေါ်က ကလေးတွေ အကြောင်း ရေးလိုရင်းဖြစ် ပေမယ့် ပထမ နာမ်စား နေရာ ကနေ တတိယ နာမ်စား ပြောင်းသုံး တာမျိုး ရှိနေပါ တယ်။ မမေ့သော... က အခမဲ့ ခွဲစိတ် ကုသိုလ် ယူတဲ့ ဇာတ်တစ်ခုကို ရေးဖွဲ့ထား ပေမယ့် အရေး အသား အားနည်း လွန်းပြီး ပြောချင် တာ မပီပြင် ပါဘူး။ အမေ့ စေတနာ... ကလည်း ခေါင်းစဉ် ဖတ်ရုံနဲ့ ဘယ်လို ဇာတ်မျိုး ဆိုတာ သိနိုင်နေသလို အကြောင်း အရာ တင်ပြပုံ ရွေးချယ်ထား တာ အားလုံး ကလည်း ရိုးစင်းလှ ပါတယ်။ လစဉ်စာမူတွေ အများကြီး ရေးပို့ နေမယ့်အစား စာမူ တစ်ပုဒ်စီကို အခုထက် ပိုအား ထုတ်ကာ ပြန်ဖတ်၊ ပြန်ပြင်၊ ပြန်ရေးမူနဲ့ စိတ်တိုင်းကျ ပြင်ဆင်ပြီးမှ တစ်ပုဒ် ကောင်း၊ နှစ်ပုဒ် ကောင်းဆို သလို ပေးပို့စေ ချင်ပါတယ်။ စာမူ အရေအတွက် များဖို့ ထက် အရည် အသွေး ကောင်းဖို့ကို အားစိုက် စေချင် ပါတယ်။

၁၆။    ဗီဇ
ငယ်လေး
အပြန် အလှန်စကားပြော တွေနဲ့ ရေးဖွဲ့ထားတဲ့ စာမူတစ် ပုဒ်ဖြစ်ပြီး ပြောချင် တာကို ပီပြင်အောင် မရေးဖွဲ့ နိုင်ပါဘူး။ စာများများ ဖတ်ဖို့ အရင်ဆုံး ကြိုးစားစေ ချင်ပါတယ်။

၁၇။    အုတ်တံတိုင်းမှာ မင်ပြာနဲ့ ရေးခဲ့တယ်
ဝိုင်ချို
ဗလာစာအုပ် စာမျက်နှာနဲ့ ၃၅ မျက်နှာ ရှိနေတဲ့ စာမူတစ် ပုဒ်ဖြစ်ပါတယ်။ ရွှေအသစ် ကဏ္ဍဟာ ၀တ္ထုတိုများကို အကဲ ဖြတ် ရွေးချယ် ပေးတဲ့ ကဏ္ဍ ဖြစ်ပြီး စည်းမျဉ်း စည်းကမ်း ကိုလည်းတရားဝင် ထုတ်ပြန်ထား ပါတယ်။ စည်းကမ်းနဲ့ မညီတဲ့ စာမူ ဖြစ်ပါတယ်။

၁၈။    ရင်ခတ်စည်း
ခိုင်သွေးကို
ကဗျာ တစ်ပုဒ်ပါ ထည့်ရေးထားတဲ့ အချစ် ၀တ္ထု တစ်ပုဒ် ဖြစ်ပါတယ်။ ၀တ္ထုတွေရဲ့ အဖွင့်တွေဟာ စာဖတ်သူကို အရင်ဆုံး ဆွဲဆောင် ရတဲ့ ၀ါကျတွေမို့ ဂရုတစိုက် ရေးဖွဲ့ဖို့ လိုပါတယ်။ အရေးအသား ပြေပြစ် ပေမယ့် အဖွဲ့အနွဲ့ ဆွဲဆောင်မှု မရှိပါဘူး။

၁၉။    အချစ် မဟုတ်သော အချစ်
ရာစုသစ်
ရေသန့်ဘူး ပို့တဲ့ လူငယ် တစ်ယောက်ရဲ့ သူဌေးသမီး တစ်ယောက်ကို ချစ်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ အရေး အသား အားနည်း လွန်းသလို ဆွဲဆောင်မှုလည်း မရှိပါဘူး။

၂၀။    ဒီလိုဆို ချစ်သေးရဲ့လား
သစ္စာတည်
အရေးအသား အားနည်းလှတဲ့ အချစ် စာမူ တစ်ပုဒ်ဖြစ် ပါတယ်။ စာဖတ်နာမှ စာရေးပါ။

၂၁။    လူပျောက် ကြော်ငြာ
မောင်ပျားရည်(ကသာ)
ဆရာ တစ်ယောက်ရဲ့ မေတ္တာ စေတနာကို ရေးဖွဲ့ထားတာ ဖြစ်ပြီး အရေးအသား အားနည်း သလို တင်ပြပုံ၊ ဆွဲဆောင်မှု မရှိပါဘူး။

၂၂။    အရင်ကလို
ထူး(KKK)
အရေး အသားရော တင်ပြပုံပါ အားနည်းတဲ့ သာမန် အချစ် ၀တ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။
၂၃။    ထပ်တူညီ သီအိုရီ
ကျော်ဇောဟိန်း(ရွှေပြည်သာ)
အဖနဲ့ သားကြားက မေတ္တာ အကြောင်း ဖြစ်ပြီး အရေး အသားရော တင်ပြပုံပါ အားနည်း လှပါတယ်။ စာများများ ဖတ်ပါဦး။

၂၄။    မုသာဝါဒ
အယ ဟွမ်(မြစ်ကြီးနား)
အပြန် အလှန် စကားပြော သက်သက်နဲ့ ရေးဖွဲ့ထားတဲ့ စာမူ ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။

၂၅။    မေတ္တာလွန်
မိုးလူမြင့်
သမီးဇောကို တိရစ္ဆာန်မှာပင် တွေ့ရတတ် ကြောင်းရေးလို ရင်းဖြစ်ပေမယ့် အရေး အသား ရောတင်ပြပုံ ပါအားနည်း လှပါတယ်။

၂၆။    မိန်းမ ဟူသည်
နှင်းနွယ်(ကြို့ပင်ကောက်)
ဝါကျကို ဖြောင့်ဖြောင့် တန်းတန်း မဖွဲ့နိုင်တဲ့ အထိ အရေး အသားအားနည်း နေပါတယ်။ စာလုံးပေါင်း သတ်ပုံတွေမှား နေသလို သဒ္ဒါ အထားအသို တွေလည်း မှားလှပါတယ်။ စာများ များ ဖတ်ပြီးမှ စာရေးဖို့ စဉ်းစားပါ။

၂၇။    အကျိုးဆောင်၏ နိဒါန်း
မင်းရေချမ်း(ကညင်မြေ)
အရေး အသား သင့်ပေမယ့် အကြောင်း အရာက ရိုးစင်း နေသလို တင်ပြပုံက လည်း ဆွဲဆောင်မှု မရှိပါဘူး။

၂၈။    နှလုံးသားနဲ့ မိုးထားတဲ့ အိမ်ကလေး
ဆောင်းသဇင်လင်း(နမ္မတီး)
အချစ် ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး အရေး အသားရော တင်ပြပုံပါ အားနည်းလွန်းနေ ပါတယ်။ စာဖတ် နာအောင် အရင်ကြိုးစား စေချင်ပါတယ်။

၂၉။    ရေခံမြေခံ
ထွန်းတေဇာ
ဆောင်းပါး ဆန်တဲ့ အကြောင်း အရာ တစ်ခုကို ရေးသား ထားတာ ဖြစ်ပေမယ့် စာရေးသူ ကိုယ်တိုင် တပ်အပ် မသိတဲ့ အချက်အလက် တွေကို ၀တ္ထု ဖြစ်အောင် ထည့်သွင်း ရေးသား ထားတာမျိုး ပါရှိနေပါတယ်။ ကိုယ်သေချာ မသိတဲ့ အကြောင်း အရာတွေကို ထည့်သွင်း ရေးသားမယ် ဆိုရင် ၀တ္ထု အနေနဲ့ အားမကောင်း နိုင် တဲ့အပြင် ယုတ္တိ အားနည်းပြီး အဓိပ္ပာယ် မဲ့သွား တတ်ပါတယ်။ ဆင်ခြင်ပါ။

၃၀။    မျဉ်းပြိုင် နှစ်ကြောင်းသည် အင်ဖနတီတွင်...
မောင်ဇိုဖေ(ကလေး)
မိဘ မေတ္တာနဲ့ အဝေးရောက် သားတစ်ယောက်ရဲ့ ခံစား ချက်ကို ရေးဖွဲ့ ထားတာဖြစ်ပြီး အရေးအသား မကျွမ်းကျင်တဲ့ အတွက် ရုပ်လုံး ကြွလာအောင် ပုံမဖော် နိုင်ခဲ့ပါဘူး။

၃၁။    အပြစ်
မိုခကျော်သွင်
အချစ် ၀တ္ထု တစ်ပုဒ်သာ ဖြစ်ပြီး အရေး အသား ဆွဲဆောင်မှု အားနည်း သလို တင်ပြပုံ ရိုးစင်း နေပါတယ်။

၃၂။    ချစ်လိုက်ကြစို့ သူငယ်ချင်း
၃၃။    သဇင်နှင့်ကြာ ဝေးကွာ သည်ထင်
ကမ္ဘာ လုံးစိန်
အရေးအသား ပြေပြစ် ပေမယ့် ပညာပေး လိုတဲ့ အကြောင်း အရာနဲ့ ဆောင်းပါး ဆန်တဲ့ အကြောင်း အရာတွေကို ၀တ္ထုဖြစ် အောင် ဖန်တီးထား တာဖြစ်ပြီး အဖွဲ့ အနွဲ့နဲ့ စာရေးဟန်က အတော်လေး ရှေးကျသလို ဖြစ်နေတဲ့ စာမူ တွေပါ။ ၀တ္ထုကောင်း တစ်ပုဒ်အတွက် ပညာပေး အချက် အလက်ထက် ရသ မြောက်ရေး က ပိုအရေးကြီး တာကို သတိပြု စေလိုပါတယ်။

၃၄။    ခင်မ ၀မ်းမြောက် ပါလေတော့
မန်းလူ(မင်းဘူး)
အရေး အသား အိုင်နေတဲ့ သာမန် အချစ် ၀တ္ထု တစ်ပုဒ်မျိုး ဖြစ်နေပါတယ်။ လက်ရှိ ဖော်ပြ လေ့ရှိတဲ့ ၀တ္ထုတိုများရဲ့ အရေး အသားနဲ့ ရေးဟန်ကို သတိပြုစေ ချင်ပါတယ်။

၃၅။    အနွေးထည်လေးများ
ဝေယံငြိမ်းချမ်း
ဟာသ ရသ မြောက်အောင် ကြိုးစား ထားပေမယ့် အရေး အသားကို လိုသလို မဖန်တီး နိုင်တဲ့ အတွက် အားနည်းသွား တဲ့ စာမူဖြစ်ပါတယ်။ ကြိုးစားပါဦး။

၃၆။    တိမ်တိုက် ၀တ်စုံ
ရွှေရည် လင်းလက်
စာညွန့်ဆန်တဲ့ စာမူ တစ်ပုဒ် ဖြစ်ပြီး အဖွဲ့အနွဲ့ရိုးစင်း သလို တင်ပြပုံ ဆွဲဆောင်မှု မရှိပါဘူး။

၃၇။    နတ်မျက်စိနှင့် ငိုညည်းသံ
၃၈။    စကား ၀ှက်သူ
လွန်းတင်ရ(ရေစကြို)
အရေး အသား ပြေပြစ် ပေမယ့် သွက်လက်မှု မရှိတဲ့ အတွက် ဆွဲဆောင်မှု အားနည်း နေပါတယ်။ မလိုအပ်တဲ့ အကြောင်း အရာတွေကို ကျစ်ကျစ် လျစ်လျစ် မဖွဲ့နိုင်တဲ့ အတွက် ဖောင်းပွ နေတာ ကြောင့်လည်း စာမူဟာ လိုတာထက် ပိုပြီး ရှည် နေပါတယ်။ အချက် အလက်တွေနဲ့ ပတ်သက်ပြီးလည်း ရသ စာပေကို အားနည်း သွားစေမယ့် အထိ မထည့် မိစေဖို့ သတိပြု စေချင်ပါတယ်။ အပြန်အလှန် စကားပြော တွေမှာလည်း မလို အပ်ဘဲ ရှည်လျား နေတာတွေကို လှီးဖြတ် စေချင် ပါတယ်။ နတ် မျက်စိ... က ကြက်ခြံ စီးပွားရေး နောက်ခံ ဇာတ်တစ်ပုဒ် ဖြစ်ပြီး ဖောင်းပွနေ တဲ့အတွက် ရေးလိုရင်းကို လွယ်လွယ်နဲ့ သဘော မပေါက် နိုင်ဖြစ်ရ ပါတယ်။ စကားဝှက်သူ ကတော့ အချစ် ၀တ္ထု တစ်ပုဒ် ဖြစ်ပြီး ကျစ်ကျစ် လျစ်လျစ် သွက်သွက်လက် လက်မရှိတဲ့ အတွက် ဆွဲဆောင်မှု အားနည်း သွားရပါတယ်။

၃၉။    မိုပါဆွန်း၏ ဇာတ်ကောင် တစ်ယောက်
မင်းတင်သိန်း(ပွင့်လျက်)
အရေး အသားနဲ့ တင်ပြပုံ အားနည်းပြီး စိတ်ကူး ယဉ်ဆန် တဲ့ ဇာတ်ကွက် တချို့ကို အသုံးပြု ထားတာမို့ အဆင်မပြေ ပါဘူး။

၄၀။    မဖြေ လိုက်ရသော ပုစ္ဆာ
ကျော်နိုင်လင်း(ငပလီ)
အချစ် ၀တ္ထု တစ်ပုဒ် ဖြစ်ပြီး အရေးအသား သွက်လက်မှု မရှိဘဲ တင်ပြပုံ ဆွဲဆောင်မှု အားနည်း လှပါတယ်။

၄၁။    ဤတစ်ကွေ့
၄၂။    မေတ္တာ နှောင်ကြိုးနှင့် သစ္စာ ဗိမာန်
မင်းမျိုးခန့်(သံတွဲ)
အရေး အသား အားနည်းတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါတယ်။ ၀ါကျ တည်ဆောက် ပုံမှန်ပေမယ့် အဖွဲ့အနွဲ့နဲ့ ရေးဟန်မှာ အား နည်းပြီး တင်ပြ  ပုံဆွဲဆောင်မှု မရှိပါ ဘူး။ ဤတစ်ကွေ့ က ဆောင်းပါး ဆန်တဲ့ အကြောင်း အရာ ဖြစ်ပြီး မေတ္တာ နှောင်ကြိုး... က အချစ် ၀တ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။

၄၃။    အသဲကွဲ ပုစ္ဆာ
ရှဥ့်ညိုလေး
ဝိညာဉ် ဘ၀ကို ဇာတ်သိမ်းမှာ ထည့်ရေး ထားတဲ့ စာမူ ဖြစ်နေ ပါတယ်။ ရသမြောက်တဲ့ အရေးအသား မျိုးလည်း မပါ ရှိတာမို့ အားနည်း လှပါတယ်။ စာများများ ဖတ်စေ ချင်ပါတယ်။

၄၄။    တရုတ် စကား ပန်းရနံ့၏ ဒိုင်ယာရီ
၄၅။    စာပေမြင့်မှ လူမျိုး တင့်မယ်
၄၆။    အိုလာရင် မပယ်ကြေး
၄၇။    ပန်းတို့ မာန်ရဲ့ နိဂုံး
၄၈။    ကိုယ်ပိုင် အလှဆည်းဆာ
၄၉။    ငွေနှင်းမှုံရည် ပန်းသဇင်
စူး(ကျောက်ဆည်)
ဆောင်းပါးနဲ့ စာညွန့်ကြား ကျနေတဲ့ စာမူတွေ ဖြစ်နေပါ တယ်။ ရွှေအသစ် ကဏ္ဍနဲ့ ကိုက်ညီမှု မရှိပါဘူး။ နောင်ကို ရွှေအသစ်ကို ပေးပို့မယ် ဆိုရင် ၀တ္ထုတို စာမူများ ဖြစ်ဖို့ လိုပါ တယ်။

၅၀။    စုတ်ချက်ဆွဲရာ
ဘိုရ်
ဆောင်းပါးနဲ့ စာစီ စာကုံးကြားက အရေး အသားမျိုးနဲ့ စာမူ တစ်ပုဒ်ဖြစ်ပါ တယ်။ ၀တ္ထုတို ဆိုတာ ဘယ်လိုလဲလို့ သိရ အောင် ၀တ္ထုတိုတွေ များများ ဖတ်ပြီးမှ စာရေးဖို့ ကြိုးစားစေ ချင်ပါတယ်။

၅၁။    မိုးနှောင်းပန်း
နော်ဇာ
အရေးအသား အားနည်း လှတဲ့ စာမူတ စ်ပုဒ်ဖြစ်ပါတယ်။ အချစ် ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး တင်ပြပုံ ဆွဲဆောင်မှု မရှိပါဘူး။

၅၂။    February 14
မွန်းစက်
စကားပြေ၊ စကားပြောရောနေတဲ့ စာညွန့်ဆန်တဲ့ စိတ်ကူး ယဉ် အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး ယုတ္တိလည်း မရှိပါဘူး။ စာများ များ ဖတ်ပြီးမှ စာရေးပါ။

၅၃။    မိုးခါးရေသောက်တဲ့နေ့
ရဲရင့်ရန်
မိခင် မေတ္တာ အကြောင်း ရေးဖွဲ့လိုရင်း ဖြစ်ပြီး ဇာတ်နာ အောင် ဖန်တီး ထားတာ တွေပါနေတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါတယ်။ စာများများ ဖတ်ပါဦး။

၅၄။    စီစီတီဗီ သတင်းတစ်ရပ်
မြတ်သောခေတ်
စည်းကမ်းသည် လူ၏ တန်ဖိုးဆိုတဲ့ အကြောင်းအရာကို ၀တ္ထု ဖြစ်အောင် ရေးချင် ပေမယ့် အရေးအသား မကျွမ်းကျင် မှုကြောင့် အဆင်မပြေ ဖြစ်တဲ့ စာမူ တစ်ပုဒ်ပါ။ စာများများ ဖတ်ပါဦး။

၅၅။    စိတ်၏ဖြေရာ
၅၆။    နွေလရာသီ လွမ်းပန်းချီ
ပြုံးနွဲ့နွဲ့ဝါ
လက်ရေး သပ်ရပ်ပေမယ့် စကားလုံးတွေကို အခြားမရှိ တစ်ဆက်တည်း ရေးထားလို့ ဖတ်ရခက် လှပါတယ်။ စိတ်၏ ဖြေရာ က မိဘမေတ္တာနဲ့ သားသမီး တာဝန်ကို ရေးလိုရင်းဖြစ် ပြီး အရေးအသား အားနည်းတဲ့ အတွက် ရုပ်လုံးကြွ မလာပါ ဘူး။ နွေလရာသီ... ကလည်း မိဘ မေတ္တာဘွဲ့နောက်ခံဇာတ် တစ်ပုဒ် ဖြစ်ပါတယ်။ ဆွဲဆောင်မှု အားနည်း နေပါတယ်။

၅၇။    ရင်ခွင်စစ်
၅၈။    ငှက်ဆိုး တစ်ကောင်ရဲ့ နောက်ဆုံး အော်သံ
လင်းလက်သူ(တမ္ပ၀တီ-မန္တလေး)
စကားပြေ၊ စကားပြော ရောနေပြီး အရေးအသား အားနည်းတဲ့ စာမူတွေ ဖြစ်ပါတယ်။ ရင်ခွင်စစ် က မိဘမေတ္တာ နောက်ခံ ဖြစ်ပြီး ငှက်ဆိုး တစ်ကောင်... ကလည်း ၀ိညာဉ်ဖြစ် သွားပုံနဲ့ အဆုံးသတ် ထားတဲ့ ဇာတ်မျိုး ဖြစ်နေပါတယ်။

၅၉။    မြှုပ်ကွက်
မျိုးစက်ရီမောင်
ကျေးရွာ တစ်ရွာရဲ့ တက်ကြွ လှုပ်ရှားသူ တစ်ယောက် အကြောင်း ရေးဖွဲ့ ထားတာဖြစ်ပြီး ဆွဲဆောင်မှု အားနည်း သလို အရေး အသား ကလည်း အဖွဲ့အနွဲ့ နည်းလွန်း လှပါတယ်။

၆၀။    အချစ်ဟာ မိုးပြာရောင်
L ၀ှက်စေသွင်
စကားပြေ၊ စကားပြော ရောနေပြီး အပြန်အလှန် စကား ပြောတွေနဲ့ ရေးဖွဲ့ ထားတာ ဖြစ်ပြီး အချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ် ပါတယ်။ ထူးခြားမှု မရှိပါဘူး။

၆၁။    ကိန်းတန်းများ အရွေ့
နေရွာဝင်း(ကလေး)
စကားပြေ၊ စကားပြော ရောနေပြီး လက်ရေး ဖတ်ရခက် တဲ့ စာမူတစ်ပုဒ် ဖြစ်ပါတယ်။ ပြောချင်တာကို ပေါ်လွင်အောင် မရေးဖွဲ့ နိုင်ဘဲ ရှုပ်ထွေးနေ တဲ့စာမူ လည်း ဖြစ်ပါတယ်။ နောင် ကို ကွန်ပျူတာ စာစီပြီးမှ ပေးပို့စေ ချင်ပါတယ်။

၆၂။    မျှော်လင့် တွယ်ငြိခြင်း
ဇာဂလေး
အရေး အသား အားနည်းလှတဲ့ အိမ်ထောင်သည် ညည်းခြင်း တစ်ပုဒ်သာ ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။

၆၃။    သစ်ပင်မိုး
ရဲစွမ်းနေ
အချစ် နောက်ခံ ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး အရေးအသား အတန် အသင့်အိုင် နေတဲ့အတွက် ဆွဲဆောင် အားနည်းသွား ရပါတယ်။ ကြိုးစားပါဦး။

၆၄။    တိမ်တိုက်ထဲ ထွန်းထား တဲ့ကြယ်
လင်းသစ္စာဦး
စကားပြေ၊ စကားပြော ရောနေတဲ့ စာမူ တစ်ပုဒ် ဖြစ်ပြီး ကျပ်တည်းမှု အခက် အခဲကို မမျှော်လင့်ဘဲ ပွပေါက်တိုးတဲ့ အတွက် ဖြေရှင်း လိုက်နိုင်တယ် ဆိုတာမျိုးနဲ့ ဇာတ်ကို ဆင်ထားတာ ဖြစ်တဲ့ အတွက် အားနည်း လှပါတယ်။

၆၅။    လမ်းဆုံ
၆၆။    တန်ရာတန်ရာ
မောင်ဝင်းဖြိုး(ဘူမိဗေဒ)
ဆောင်းပါး ဆန်တဲ့ အတွေး အရေးတွေနဲ့ ဖွဲ့ထားတဲ့ စာမူတွေ ဖြစ်ပါတယ်။ ပြောချင် တာကို ပီပြင်အောင် မတင်ပြနိုင် သလို စာဖတ်သူ ကိုလည်း ဆွဲခေါ် မသွားနိုင် ခဲ့ပါဘူး။ လမ်းဆုံ က ခရီးသွား အတွေ့အကြုံ တစ်ခုကို အခြေခံ ထားတဲ့ ဇာတ်ဖြစ်ပြီး တန်ရာ တန်ရာ ကတော့ ခေါင်းစဉ်ကို မြင်ရုံနဲ့ တွေးလို့ ရတဲ့ အကြောင်း အရာမျိုးပဲ ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။

၆၇။    နှစ်ထပ်တိုး
မင်းတုန်း မောင်စိမ်းလွင်
ကျေးလက် နောက်ခံ ဇာတ်တစ်ပုဒ် ဖြစ်ပြီး ရေးဖွဲ့လေ့ ရှိတဲ့ အကြောင်းအရာ မျိုးပဲ ဖြစ်နေ ပါတယ်။ ကြိုးစား ပါဦး။

၆၈။    အဆင်းဖြူဖွေး၊ ရနံ့ကြူမွှေး
ခင်ငြိမ်းစံ
အပြန်အလှန် စကားပြော တွေကို အားပြုထားတဲ့ ဆောင်း ပါးဆန်တဲ့ စာမူ တစ်ပုဒ်သာ ဖြစ်ပါတယ်။

၆၉။    အချစ်နှင့် နေသား ကျသူ
၇၀။    ကျွန်တော်တို့ ကျွန်မတို့သည်
သီသီဟန်(ကျိုက်ထို)
အခု အချိန်ထိ စကားပြေ၊ စကားပြော ရောလို့ ကောင်းဆဲ၊ ၀တ္ထု အဆုံး သတ်တွေကို အားမထည့်ဆဲ စာမူတွေ ဖြစ်ပါတယ်။ အချစ်နှင့်... က အချစ် ၀တ္ထု တစ်ပုဒ် ဖြစ်ပြီး ကျွန်တော်တို့... ကတော့ မထူးခြား လှတဲ့ အခုယူ၊ အခုကွဲ ဇာတ်မျိုး ဖြစ်ပါ တယ်။ စာမူတွေကို တစ်လ နှစ်ပုဒ် မှန်မှန်ပို့ နေမယ့်အစား တစ်ပုဒ်ချင်း စီကို အပြန်ပြန် အလှန်လှန် ပြန်ဖတ်၊ ပြုပြင်၊ တည်းဖြတ်ပြီး ထောက်ပြခဲ့ ဖူးတဲ့ အားနည်း ချက်တွေကို စိစိ စစ်စစ် ပြန်လည် ဆန်းစစ် ပြီးတော့မှ စိတ်တိုင်း ကျမှ ပို့စေချင် ပါတယ်။

၇၁။    ထူးတဲ့ သူ့လိုလူ
လွမ်းနိုနို(ဘော်မြေ)
ဖြစ်လေ့ မရှိတဲ့ အကြောင်းအရာ တစ်ခုကို ရေးဖွဲ့ကာ စာဖတ်သူ အာရုံကို ဖမ်းစားဖို့ ကြိုးစားချင် ပေမယ့် အရေး အသား အားနည်း နေပါတယ်။

၇၂။    အမှန်တရားကို ရှာသော နည်းလမ်း
မေလ၀န်း(ရူပဗေဒ)
တရား ရိပ်သာ တွေမှာ ဖြစ်လေ့ရှိတဲ့ အကြောင်း အရာတွေ ကို ရေးပြ ချင်တာ ဖြစ်ပြီး ဆောင်းပါး အဖြစ် ရေးဖွဲ့သင့်တဲ့ အကြောင်း အရာကို ၀တ္ထု ဖြစ်အောင် ရေးထားတာမို့ စာမူကောင်း ဖြစ်မလာ ပါဘူး။

၇၃။    မိုးတိမ်ပေါ် နေချင်တဲ့ငှက်
မောင်သက္က
ပညာရေး လောက အားနည်းချက် ကို ရေးပြလိုတဲ့ ဆောင်းပါး ဆန်တဲ့ အကြောင်းအရာ ဖြစ်ပြီး အရေး အသား အားနည်းတဲ့ အတွက် ဆွဲဆောင်မှု မရှိပါဘူး။

၇၄။    အရှုံး၏ ပွဲသိမ်း
ရဲမင်းဦး(ကျောက်ဖြူ)
သူငယ်ချင်း အချင်းချင်း ယှဉ်ပြိုင်မှု ကြောင့် နှစ်ယောက် စလုံး ဇာတ်သိမ်း မလှပုံကို ရေးသားထား တာဖြစ်ပြီး အရေး အသား အားနည်းလွန်း လှပါတယ်။

၇၅။    ကံပေးသမျှ
သော်တာ လင်းလင်း(ရွှေပြည်သာ)
မိဘနှစ်ပါး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် သွားတဲ့ အကြောင်း ရေးသား ထားတာ ဖြစ်ပြီး ဇာတ်နာတဲ့ ဇာတ်ကွက် တွေ ပါရှိနေ ပါတယ်။ တင်ပြပုံ ဆွဲဆောင်မှု မရှိပါဘူး။

၇၆။    ကျွန်တော် မရောက်ခဲ့သော နှလုံးသားမြေ
မြို့ပြလူငယ်
တင်ပြပုံ ဆွဲဆောင်မှု အားနည်းတဲ့ အချစ် ၀တ္ထု တစ်ပုဒ် သာ ဖြစ်ပါတယ်။

၇၇။    ဆံပင် အကျွတ်တွေ ၀ယ်တယ်... ဆံပင် အရှည်တွေ             ၀ယ်တယ်
တင်ဝင်း(သမိုင်း)
ဖွဲ့နေကျ မေတ္တာဘွဲ့ ဇာတ်လမ်း တစ်ပုဒ်သာ ဖြစ်ပြီး အရေး အသားရော တင်ပြပုံပါ ဆွဲဆောင်မှု မရှိပါဘူး။

၇၈။    အညှောင့် ပေါက်သွားတဲ့ ကျောက်ခဲ
မောင်ပျားရည်(ကသာ)
“တူ” နဲ့ “ပေ” ကို အခြေခံတဲ့ အတွေးတစ်စ သာဖြစ် ပြီး အရေး အသား အားနည်း ချက်ကြောင့် ဆွဲဆောင်မှု မရှိသလို ၀တ္ထုလည်း ဖြစ်မလာ ပါဘူး။

၇၉။    အရောင်မပြောင်း လဲသော လမင်း
၈၀။    မရိုးနိုင်သောတေး
လင်းလက်အောင်(Y.T.U)
စကားပြေ၊ စကားပြော ရောနေပြီး အရေးအသား အားနည်းတဲ့ မိခင် မေတ္တာ ဘွဲ့ စာမူတွေပဲဖြစ်ပါတယ်။

၈၁။    နယ်လီ
၈၂။    ကျွန်တော်နှင့် ဓားတစ်လက် အကြောင်း
၈၃။    နေရာ
ပျိုးယုဝသုန်
အရေးအသား သင့်တဲ့ စာမူတွေ ဖြစ်ပါတယ်။ နယ်လီ က အဘွား တစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရေးဖွဲ့ထားပြီး ထူးခြားမှု မရှိပါဘူး။ နေရာ ကတော့ အတွေးတွေကို ဖြစ်ရပ် တွေနဲ့ ရောစပ်ဖွဲ့ထားပေမယ့် ဆွဲဆောင်မှု အားနည်း နေပါတယ်။ ကျွန်တော်နှင့်... ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြလိုက် ပါတယ်။

၈၄။    ဂြိုဟ်သူ
၈၅။    သစ်ကိုင်းတစ်ကိုင်း၏ ဒဏ္ဍာရီ
မိုးရည်နိုင်
စကားပြေ၊ စကားပြော ရောနေ တာတွေ ရှိပေမယ့် အရေး အသား ပြေပြစ်ပါ တယ်။ သစ်ကိုင်း တစ်ကိုင်း... က အိမ် ထောင်ရေး ဇာတ်တစ်ခု ဖြစ်ပြီး ဂြိုဟ်သူ က တစ်ခေတ် တစ်ခါ က အချစ် နောက်ခံ ၀တ္ထု ဖြစ်ပေမယ့် အတန်အသင့် အဆင်ပြေ တာမို့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ လိုက်ပါတယ်။

၈၆။    ၀န်ခံချက်တစ်
၈၇။    အပိုဆု
သီရိခ
အရေး အသား သင့်ပါတယ်။ ၀န်ခံချက် က အချစ်ဝတ္ထု ဖြစ်ပြီး အပိုဆု ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြလိုက် ပါတယ်။

၈၈။    ငါးတို့၏ အခြေခံ
၈၉။    သူတို့ အချစ် သူတို့မေတ္တာ
ရေအေး
သူတို့အချစ်... က ခွေးဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး ပြော ချင်တာရှိပေမယ့် ဆွဲဆောင်မှု အားနည်း နေပါတယ်။ ငါးတို့၏ အခြေခံ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါ တယ်။

၉၀။    နေလောင် မေတ္တာ
၉၁။    ဆုံမှတ် တစ်ခု၏ လျှို့ဝှက်ချက်
ရွှေပိုးအိမ်
ဆုံမှတ် တစ်ခု၏... က အိမ်ထောင်ရေး နောက်ခံ ဇာတ် တစ်ပုဒ်ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ နေလောင်မေတ္တာ ကို တော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါတယ်။

၉၂။    လမ်းဟောင်းလေး အတိုင်း လျှောက်ကြပါစို့
၉၃။    ရွှေဘောင် ကွပ်တဲ့မာန
၉၄။    ငွေဆိပ်သင့်ကြသူများ

နတ်ရဲ(ရူပဗေဒ)
အရေး အသား ပြေပြစ်တဲ့ စာမူတွေ ဖြစ်ပါတယ်။ လမ်း ဟောင်းလေး... က အဆုံးမှာတော့ ကိုယ့်ရွာပဲ ကိုယ်ကောင်း တယ်ဆိုတဲ့ ဇာတ်မျိုး ဖြစ်ပြီး ငွေဆိပ်သင့်... ကလည်း ခေါင်း စဉ်မြင်ရုံနဲ့ မှန်းကြည့်နိုင်တဲ့ အကြောင်း အရာ မျိုးပါပဲ။ နောက် တစ်ပုဒ်ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါ တယ်။

နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်တဲ့ ၀တ္ထုတွေကတော့-
-မယ်မဒီအေး ရဲ့ နှလုံးသားကျုံး
-ရွှေကိုယ်နတ်(UCSM) ရဲ့ ကျွန်မတို့ နှစ်ယောက်အတွက်
သူနဲ့ကျွန်မ
-လူခါး ရဲ့ ဘနဖူး သိုက်တူးစို့ လိုက်အုံး မလား
-လေးဝတီ ရဲ့ သဘာဝချစ်သူ
-ဆောင်းဆယ့်တစ် ရဲ့ ကိုသာရင်၏ အိမ်ပြန်ချိန်
-သူရခိုင် ရဲ့ သေမိန့် တို့ ဖြစ်ပါတယ်။

ကျွန်တော့်ဆီကို ရောက်လာတဲ့ စာမူတွေ ထဲမှာ မယ်မဒီ အေးရဲ့ နှလုံးသားကျုံး က အရေး အသားလေး မဆိုးဘူးလို့ ဆိုရပေမယ့် ပြောချင်တာကို ပီပြင်အောင် မပြောနိုင်တဲ့ အပြင် ခပ်ရိုးရိုး ပုံစံလည်း ဖြစ်နေတဲ့ အတွက် မသုံးဖြစ်ပါ ဘူး။ ရွှေကိုယ်နတ်(UCSM) ရဲ့ ကျွန်မတို့ နှစ်ယောက်အတွက် သူနဲ့ကျွန်မ ကိုတော့ ရွှေနှလုံးသား စာမူအဖြစ် သင့်တော်ရာ လမှာ ဖော်ပြပေးသွား ပါမယ်။ လေးဝတီရဲ့ သဘာဝ ချစ်သူ မှာတော့ အရေး အသား ကောင်းပေမယ့် စကားပြေ၊ စကားပြော ရောနေတာတွေ တွေ့ရသလို သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာပေး အကြောင်း အရာတွေ ဖောင်းပွနေ တဲ့အတွက် ရသပိုင်း အား နည်းနေပါတယ်။ ကျွန်တော် မသုံး ဖြစ်ပါဘူး။ ဆောင်းဆယ့် တစ်ရဲ့ ကိုသာရင်၏ အိမ်ပြန်ချိန် မှာလည်း ဆိုင်ကယ် ကယ်ရီ သမား တစ်ယောက်ရဲ့ ဘ၀ ရုန်းကန်မှု အကြောင်း လောက်သာ ဖြစ်ပြီး စိတ်ဝင်စား စရာ မကောင်းပါဘူး။ နတ်ရဲ(ရူပဗေဒ) ရဲ့ ရွှေဘောင်ကွပ်တဲ့ မာန မှာတော့ အိမ်ထောင်ရေး ဖောက်ပြား တဲ့ ယောက်ျား တစ်ယောက်ကို လက်မခံနိုင် တဲ့ အကြောင်းသာ ဖြစ်ပြီး ဘာမှ မထူးခြား ပါဘူး။ သီရိခရဲ့ အပိုဆု ကလည်း ဘာမဆို အဆစ် လိုချင်တဲ့ သူတစ်ယောက် အကြောင်း ဖြစ်ပြီး စိတ် ၀င်စား စရာ မကောင်းပါဘူး။ ရွှေပိုးအိမ်ရဲ့ နေလောင် မေတ္တာမှာလည်း လင်ဆိုး မယားတစ်ယောက် ရဲ့ မေတ္တာအကြောင်း သာဖြစ်ပြီး ဘာမှ မထူးခြားပါ ဘူး။ ပျိုးယုဝသုန်ရဲ့ ကျွန်တော် နှင့် ဓားတစ်လက် အကြောင်း ကတော့ မာနရှိတဲ့ မိန်းမ တစ်ယောက်ကို ချစ်မိတဲ့ သူတစ်ယောက် နေရာက ရေး ထားတာ ဖြစ်ပြီး သိပ်အားမရ လှပါဘူး။ ရေအေးရဲ့ ငါးတို့၏အခြေခံ မှာလည်း သရော်စာ အတွေး မျိုးကို ပုံပြင် ရေးဟန်နဲ့ ရေးထား တာမို့ အားမရှိ လှပါဘူး။ သဘော မကျပါဘူး။ လူခါးရဲ့ ဘနဖူး သိုက်တူးစို့၊ မိုးရည်နိုင်ရဲ့ ဂြိုဟ်သူ နဲ့ သူရခိုင်ရဲ့ သေမိန့်တို့ ကိုတော့ ရွှေအသစ် ၀တ္ထုတွေ အဖြစ် ရွေးချယ်ပေး လိုက်ပါတယ်။


ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


ဝင်းငြိမ်း
About the author:
Last Updated on Thursday, 06 December 2012 19:32