|
Written by စိုးရန်နိုင်
|
|
Wednesday, 05 December 2012 22:50 |
ကျွန်တော် ငယ်စဉ်က အငြိမ့် အလွန် ကြိုက်၏။ ထို့ကြောင့် မိမိအိမ် အနီး ၀န်းကျင်မှာ လာရောက် ကပြသော အငြိမ့် မှန်သမျှ မလွတ်တမ်း ကြည့်တတ်သည်။
argaiv1152
အငြိမ့်တွင် ကျွန်တော် အကြိုက်ဆုံးက လူရွှင်တော် ကြီးများ ရယ်စရာ ပြော၍ ပြက်လုံး ထုတ်ခြင်းကို အလွန် သဘော ကျကာ အားပါး တရ ရယ်မော ခဲ့သည်။ ဦးအောင်စိန်၊ ဦးတက်တိုး၊ ဦးရန်အောင်တို့ ၏ရှေးပြက်လုံး ကြီးများမှာ အလွန် ရယ်စရာ ကောင်းသလို မှတ်သားစရာ လည်း ကောင်းလှသည်။ အမယ်ကြီး အိုအက ကောင်း၍ အမယ်ကြီးအို ဦးအောင်စိန် ဆိုသော လူရွှင်တော်ကြီး ၏ပြက်လုံးမှာ မြန်မာစကား များကို ပြောရ ကြားရ သည်မှာ လွန်စွာ သိရခက်၍ တချို့ စကားလုံး များမှာ အဓိပ္ပာယ် ငုပ်ကြောင်း ပြက်လုံး ထုတ်၍ ပရိသတ် ကို တင်ပြခဲ့ ဖူးသည်။
ဦးအောင်စိန်က ပြက်လုံးထုတ် သည်မှာ- “ဟေ့ မောင်တက်တိုးရေ ငါတို့ မြန်မာ စကားဆိုတာ အလွန်အနက် အဓိပ္ပာယ် ကျယ်ပြော တာလား၊ ငါ မနေ့ညက ဒို့အိမ်နားက ဦးတာတေကို မေးမိတယ်။ အိုဗျ ဦးတာတေ အိပ်ပြီလားဗျ ဆိုတော့ ဦးတာတေက ပြန်ပြောတယ်ကွ မအိပ်သေး ပါဘူး မောင်အောင်စိန်ရာ အိပ်မလို့ လုပ်တုန်းတဲ့” “ကဲကဲ အိပ်မလို့ ကတော့ ဟုတ်ပါပြီ။ လုပ်တုန်းက ဘာကြီး လဲကွ” ဦးတက်တိုးက ပြန်ပြော ပြန်ပါသည်။ “ခင်ဗျားကလည်း ပြောရော့မယ်။ ခင်ဗျားတင် မဟုတ်ဘူး ကျုပ်လည်း မကြာခင်က အိမ်နားက ဒေါ်စာဥ ကြီးကို မေးမိတယ်။ ကျုပ်မေးတာက နေ့လယ်ဗျ။ ဒေါ်စာဥကြီး အိပ်နေတာ လားဗျ ဆိုတော့ ဒေါ်စာဥ ကြီးက ပြန်ပြော တယ်ဗျ။ မအိပ်ပါဘူး မောင်တက်တိုး တုံးလုံးလှဲ နေတာ ပါတဲ့။ ဒါနဲ့ ကျုပ်လည်း မယုံလို့ သွားကြည့်တာ။ မိန်းမကြီးက ထဘီကြီး နဲ့ပါဗျာ” ထိုစဉ် ကိုရန်အောင်က အပြေးဝင် လာပြီး ပြောပြန် ပါသည်။ “ဒီမယ် ဒီမယ် ခင်ဗျားတို့တင် ပြောတတ်တာ မဟုတ်ဘူး။ ကျုပ်လည်း ပြောတတ် တာပဲဗျ။ ကျုပ်တို့ အိမ်နားက ဒေါ်ချစ်ကြီးကို ထမင်းစား ပြီးပြီလားလို့မေးတာ။ မစားသေး ပါဘူး မောင်ရန်အောင်ရယ် စားမလို့ ဆေးတုန်း ကြောတုန်း တဲ့ဗျ။ ကဲ ဆေးတုန်း ကတော့ ဟုတ်ပါပြီ။ ကြောတုန်းက ဘာကြီးလဲဗျ” ထိုပြက်လုံး များကို ကျွန်တော် ငယ်စဉ်က လွန်စွာ သဘောကျ ခဲ့သည် မှအပ အဓိပ္ပာယ် နက်နက် နဲနဲ မစဉ်းစား မိခဲ့။ အသက် ကလေး ရလာတော့ စာပေများ လေ့လာ ဖတ်ရှုကာမှ ထိုစကား များမှာ ထပ်၍ ပြောဆိုသော စကားဖို စကားမ များဖြစ်ကြောင်း သိလာ ရပါသည်။
မှော်ဘီ ဆရာသိန်း ကြီး၏ ပေါရာဏ ဒီပနီတွင် ထပ်၍ ပြောဆိုသော စကားဖို စကားမ များတွင် ဖုံးဖုံးဖိဖိ ဖေးဖေးမမ အဖုံး အပိတ် အပြု အစု အပြန်အလှန် အပေါက်အပြဲ အပြုအမူ အလျင်အမြန် အလေးအပေါ့ စသည့် စကားဖို စကားမ များစွာကို တွေ့ရပါသည်။ တုံးလုံးလှဲ ဆိုသည်မှာ လုံးဝအိပ် စက် အနားယူခြင်း မဟုတ်ဘဲ ခေတ္တ ခဏ အညောင်းပြေ လှဲလျောင်းခြင်းကို တုံး လုံးလှဲ သည်ဟု ပြောခြင်း ဖြစ်ပြီး အ၀တ် အစား မပါသည်ကို ရည်ညွှန်းသည် မဟုတ်ပါ။ ကျွန်တော်တို့ နေ့စဉ် ရေးသား ပြောဆို နေကြသော မြန်မာစကား၊ မြန်မာစာ များတွင် အသိရခက် အဓိပ္ပာယ်ငုပ်သော စကားလုံး အများအပြား ရှိပါသည်။
ထို့ပြင် စာကူးမှား၍ အပြော မှားခဲ့သည့် စကား များလည်း ရှိကြပါသည်။ ဥပမာ အဖကို အဘ၊ အမိုးကို အဘိုး၊ ဇောက်မှန်း ကမ်းမှန်း မသိကို စောက်မှန်း ကမ်းမှန်း မသိ၊ တောရမ်းပယ်ဖွဲ့ကို တော ရမ်းမယ်ဘွဲ့၊ မယ်ထွေး မယ်သီတာ ကိုပဲ ထွေးပဲ သီတာဟု မှားယွင်းစွာ အရေး မှား၍ မှားယွင်းစွာ ရေးသား ပြောဆိုနေ ကြသည်။ အသိရ ခက်၍ အဓိပ္ပာယ် ငုတ်သော မြန်မာစကား အချို့ကို ကျွန်တော် ရှာဖွေ ရသမျှ တင်ပြ လိုပါသည်။
မိုက်တွင်းနက် မြန်မာ လူမျိုးတို့သည် ငရဲကို ယုံကြည်ကြသူ များဖြစ်ရာ ငရဲကြီး တစ်ထပ် ၏ အောက်ဆုံး၌ အ၀ီစိ ငရဲ ရှိသည်ဟု သိထား ကြသည်။ ဆိုးမိုက်သူ များကို လည်း အ၀ီစိ ငရဲသို့ ရောက်မည့်သူများ ဟု ထင်မှတ်ထား ကြပြီး ရှေးလူကြီး သူမများက မိုက်လွန်းသူ များကို “မင်း ကတော့ ငရဲကတောင် လာခေါ်စရာ မလိုဘူး။ အ၀ီစိကို ကိုယ့်လက်နဲ့ယက် ပြီး ဆင်းနေတဲ့ ကောင်ပဲ။ အခုဆို မြေကြီး ကို ယက်ရ လွန်းလို့ မိုက်တွင်းက အတော်လေး နက်နေပြီ” ဟု ဆုံးမပြော ဆိုတတ် ကြသည်။ ခေတ်ကာလ ကြာသော် အရှည် မပြောကြတော့ဘဲ “မင်းက တော့ မိုက်တွင်း အတော် နက်နေပြီ” ဟု ပြောဆို ဆုံးမရာမှ မိုက်တွင်းကနက် ဟူ သော စကား ဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
နောက်ဖေး မြန်မာလူမျိုး တို့သည် အိမ်နောက် ပိုင်းကို နောက်ဖေး ဟုခေါ်၍ အိမ်ဘေးကို အဖီဟု ခေါ်ကြသည်။ ဥပမာ-မိဘအိမ် မှာ အဖီချ နေပါတယ်။
အနာပေါက် ပြီးနောက်ပိုင်း အသားနု တက်လာ လျှင်လည်း အနာဖေး တက် သည်ဟု သုံးနှုန်း ပြောဆို တတ်ကြသည်။ ထိုအသုံး အနှုန်းများသည် မြန်မာစကား စစ်စစ်များ ဖြစ်ကြသည်။ ထို့ပြင် အညစ်အကြေး စွန့်ရာ ဌာနကို အိမ်၏ အနောက်ပိုင်းတွင် ထားတတ်ကြပြီး အပြော အဆို အနေအထိုင် ယဉ်ကျေး သိမ်မွေ့သူ လူမျိုးများ ဖြစ်ကြရာ ဧည့် သည်တစ်ဦးမှ အညစ်အကြေး စွန့်လိုပါ က အိမ်ရှင်ဖြစ်သူ ကို နောက်ဖေး ခဏ သွားပါ ရစေဟု ခွင့်တောင်း တတ်ကြ သည်။ နောက်ဖေး သွားခြင်းကို အညစ် အကြေးစွန့်ရန် အတွက် ဟူ၍ လူတိုင်း နားလည် သဘောပေါက် ကြပါသည်။ ကလေးက နောက်ဖေးတွေ သွားနေတယ် ဟု ပြောလာလျှင် အညစ်အကြေး များပါ ချနေပါတယ်ဟု ပြောခြင်း ဖြစ်ပါသည်။
ကာလစပါးယို ကျွန်တော်တို့ မန္တလေးမြို့တွင် ယနေ့ထက်တိုင် ရပ်ကွက် တိုင်းလှည့် လည်ရောင်းချ နေသော နေ့စဉ် စားသုံးနေ ကြသည့် အစားအစားတစ်မျိုးမှာ ကာလ စပါးယို ဖြစ်ပါသည်။ (ကာလ စပါးယို ဆိုသည်မှာ ဂျုံစေ့ကို ထန်းလျက် နှင့်ကြိုထားခြင်း ဖြစ်သည်) မည်သည့် အတွက်ကြောင့် ကာလ စပါးယို ခေါ် ကြောင်း မေးမြန်း စုံစမ်း ကြည့်ရာ မည်သူ မျှ ဂဃနဏ မပြောနိုင်ကြ။ သေချာစဉ်း စားကြည့်မှ စကားလုံး ရွေ့လျော ပြောင်းလဲ လာကြောင်း သိလာ ရပါ သည်။ မြန်မာတို့က ဆန်စားသော လူမျိုး ဖြစ်ပြီး ဆန်ကို မြန်မာ စပါးဟု ခေါ်ကြ ပြီး အင်္ဂလိပ် ကုလားဖြူ များက ဂျုံစား သောလူမျိုး ဖြစ်ရာ ကုလားဖြူ စားသော ဂျုံကို ကုလား စပါးဟု ခေါ်ကြပါသည်။ ထိုကုလား စပါးကို ယိုထိုးထား၍ ကုလား စပါးယိုမှ ကာလ ကြာသော် ကာလ စပါးယို ဖြစ်လာခြင်း ဖြစ်သည်။
အမှိုက်သရိုက် ဒိုက် အိမ်၏ ခြေနင်း ကြမ်းပြင်တွင် ရှိ တတ်သော အသုံးမ၀င် သည့်ပစ္စည်းများ ကို အမှိုက်ဟု ခေါ်၍ အိမ်နံရံနှင့် မျက်နှာကျက် အမိုးများတွင် ရှိသော ပင့်ကူမျှင်၊ ကြပ်ခိုးများကို သရိုက်ဟု ခေါ်ဆိုကြောင်း မှတ်သားရ ဖူးပါသည်။ မြေပြင်တွင် အမှိုက်ဟု သုံးစွဲသော်လည်း ရေတွင် မျောနေသော အမှိုက်ကိုမူ အမှိုက် ဟုခေါ် ဆို၍ မရပါ။ ဒိုက်ဟု ခေါ်ဆိုမှ မှန်ကန် ပါသည်။
သစ်သီး ၀လံနှင့် ပန်းမန် ပင်စောက်က သီးသော အသီးများ ကို သစ်သီးဟု ခေါ်ပါသည်။ ဥပမာ- ဒူးရင်းသီး၊ မာလကာသီး၊ သရက်သီး စသည်တို့ ဖြစ်ပြီး ၀လံမှာ နွယ်ပင်မှ သီး သော အသီးကို ခေါ်ခြင်း ဖြစ်ပါသည်။ သလဲသီး၊ ကြက်ဟင်းခါးသီး၊ ဖရဲသီး၊ ဘူးသီး၊ ကျောက်ဖရုံသီး တို့သည် ၀လံ များ ဖြစ်ကြ ပါသည်။ ထို့အတူပင် ဇောက်ကပွင့် သောပန်းကို ပန်းဟုခေါ်ပါ သည်။ ဥပမာ-ဧကရာဇ်၊ ပိတောက်၊ တရုတ်စကား စသည်တို့ ဖြစ်ကြပြီး ဂေါ် သဇင်၊ တောစပယ်၊ ခိုင်ရွှေဝါ၊ ခ၀ဲပန်း စသည်တို့ကို မန်ဟူ၍ ခေါ်ပါသည်။
ယတွင်း ကျွန်တော်သည် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဦးဝင်း မောင်(တမ္ပ၀တီ)၊ ဦးစိန်မြင့်(ရွှေချည် ထိုး)တို့နှင့် မြန်မာ ကျေးလက် တောရွာ အတော် များများသို့ သုတေသန ခရီးသွား ရောက်ခဲ့ ဖူးသည်။ တောရွာများသို့ ရောက်တိုင်း ဒေသစကား၊ ဒေသ လေသံများကို လေ့လာ ဆည်းပူး၍ မှတ် သားခဲ့ပါသည်။ တချို့ရွာ များတွင် တစ်ရွာ တစ်ရွာ အကွာအဝေးကို မိုင်ဖြင့် မေး၍မရတတ်။ မြန်မာ အမှတ်အသား တိုင်ဖြင့်သာ ပြောတတ်ကြသည်။ “တစ်ရွာတစ်ရွာ ဘယ်လောက် ဝေးပါ သလဲ” ဟူ၍ မေးလျှင် “၃ တိုင်မှ ၅ ယတွင်း လောက်တော့ ဝေးသည်ဟု ဖြေ တတ်ကြရာ ၁ တိုင်ကို ၂ မိုင်အားဖြင့် သိသော်လည်း ယတွင်း ကိုမူ မေးမြန်း၍ မရ။ “ဒီလိုပဲ ခန့်မှန်းပြီး ပြောကြတာပဲ” ဟုသာ အဖြေရခဲ့သည်။ ၁၉၈၀ ခုနှစ်က မှ မြောင်မြို့နယ် နဘက် ကျေးရွာမှ အဘိုးအို တစ်ဦးက ၁၀ ယတွင်းသည် ၁ မိုင်နှင့် ညီမျှကြောင်း အတိ အကျပြော ပြခဲ့၍ ၅ ယတွင်းသည် မိုင်ဝက်ဖြစ် ကြောင်း သိရပါ တော့သည်။
ဧည့်သည်၊ စောင်သည် ၁၉၇၉ ခုနှစ်က ဆရာကြီး ဦးမောင်မောင်တင် နှင့် မြစ်ငယ် မြစ်ရိုးမှ ရေ ကြည်ပေါက် ကတ္တီပါ ရွာသို့ သုတေသန သွားကြရာ ကတ္တီပါမှ ဦးစိန်မြင့်(ရွှေ ချည်ထိုး)၏ မိတ်ဆွေ တစ်ဦးအိမ် သို့ ၀င်ရောက် အနားယူ ကြသည်။ အိမ်ရှင်များ က ကျွန်တော် တို့ကို ၀မ်းပန်း တသာကြို ကြပြီး အိမ်ရှင် အဘိုးကြီးက သမီးဖြစ် သူများကို “သမီးတို့ရေ ဧည့်သည် စောင်သည်တွေ အတွက် အညောင်းပြေ လှဲရ အောင် ခေါင်းအုံးတွေ ထုတ်ခဲ့ပါ” ဟု လှမ်းပြောလိုက်ရာ ဦးဝင်းမောင်နှင့် ကျွန်တော်တို့က “အဘ ကျွန်တော်တို့က ဧည့်သည် တွေလေ၊ စောင်ရောင်းတဲ့ စောင်သည် မဟုတ်ပါဘူး” လို့ ခပ် နောက်နောက် ပြောလိုက်မိ ကြသည်။ အဘိုးကြီးက “ဟဲဟဲ” ဟု တစ်ချက် ရယ်မော လိုက်ပြီး “ဒါက ဒီလိုလေ မောင်စိန်မြင့်က အဘရဲ ဧည့်သည်လေ၊ မင်းတို့က မောင်စိန်မြင့်ကို မှီပြီး ပါလာ လို့ စောင်သည်ပေါ့။ စောင်ဆိုတာ မြန်မာစကား စစ်စစ်ကွဲ့၊ အပိုလို့ အဓိပ္ပာယ် ရတယ်။ ဟိုကောင်မက လင်စောင်ထား နေတယ်ဆိုတာ ပထမလင် ကြီးရှိရဲ့နဲ့ လင်အပို ထားတာကို ပြော တာ” ဟု ရှင်းပြ၍ ဗဟုသုတ တစ်ခုတိုး ခဲ့ရဖူး ပါသည်။
မြန်မာစာ မြန်မာစကား တို့သည် ယဉ်ကျေးမှု သမိုင်းကြောင်း ရှည်လျားခဲ့ သည်နှင့်အမျှ အနက် အဓိပ္ပာယ် ကျယ်ဝန်း၍ အသိရခက် နက်နဲ လှပါသည်။ တချို့တချို့ စကားများ သည် ရှင်းလင်း ပြောပြမှု မရှိလျှင် လုံးဝ သိရှိ နားမလည် နိုင်ပါ။ ထို့ကြောင့် စေတနာ ရှေ့ထား၍ ခက်ခဲမည် ထင်ရသော စကားလုံး တချို့ကို ရှာဖွေ၍ တင်ပြလိုက် ရပါသည်။
စိုးရန်နိုင် (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|