သေမိန့် PDF Print E-mail
Written by သူရခိုင်   
Wednesday, 05 December 2012 22:08
Share |

ရွာဆော်ရဲ့ ခြေထောက် နှစ်ချောင်းက သူ့ခြေ နှစ်ချောင်းနဲ့ သူ့လက် နှစ်ဖက်ကို နင်းထားတယ်။ ရွာဆော်ရဲ့ ဘယ်ဘက် လက်ကြမ်းကြီးက သူ့ဦးခေါင်းကို ဖမ်းလိမ် ဆုပ်ကိုင် ထားတယ်။

cialis pricegeneric cialis online viagra generic vs brand generic cialis no prescription
argaiv1996

ရွာဆော်ရဲ့ ညာဘက်လက်က သူ့လည်ပင်း ဆီက အမွှေးတွေကို တစ်ပင် မကျန် ဆွဲနုတ် နေတယ်။ အမွေးတွေ ပြောင်စင်အောင် နုတ်ပြီးတဲ့ အခါ ညာဘက် လက်ကြီးနဲ့ ပြောင်စင် နေတဲ့ လည်ပင်းကို “ဖောင်း ဖောင်း” နဲ့ ရိုက် လိုက်တယ်။ စတီးခွက် ငယ်တစ်လုံးက သူ့လည်ပင်း အောက်မှာ သူ့လည်ချောင်း သွေးတွေကို ခံယူဖို့ အဆင်သင့် စောင့်နေတယ်။

ရွာဆော်ဟာ ပြောင်လက် နေတဲ့ စတီးဓားကို ဆွဲယူလိုက်တယ်။ အေးစက်စက် အထိ အတွေ့က လည်ပင်း ပေါ်ကျ လာတယ်။ ချိုမြိန်တဲ့ အရသာ မဟုတ်။ သူ့တစ်ကိုယ် လုံးဟာ ရွာဆော် ခေါင်းလှမောင်ရဲ့ လက်ထဲမှ မရုန်း နိုင်တော့။ သူရုန်းကြည့်တယ်။ ရုန်းလို့ မရတော့။ သူ့ကို မကြာမီ စက္ကန့်ပိုင်း အတွင်းမှာ အဆုံးစီ ရင်တော့ မယ်။ လောကမှာ ဖြတ်သန်း တွေ့ကြုံ ခဲ့ရတဲ့ အကြောင်းအရာ တွေက အတွေးထဲ အစီအရီ ပေါ်လာတယ်။ အမေ ပြောပြတဲ့ အဖေ ဆုံးသွားတဲ့ အကြာင်းတွေ ပေါ်လာတယ်။ တစ်ရက်နေ့ အဖေဟာ ကျွန်တော်တို့နဲ့ အတူ အိပ်နေ တုန်းမှာ ရွာဆော်ခေါင်း လှမောင် ရောက်လာ ပါတယ် တဲ့။ အဲဒီ ရွာဆော်ဟာ တကယ့် နတ်ဆိုးပဲ။ မျက်စိနှစ် လုံးပွင့်တာနဲ့ ထွေးညိုကို မော့ ထားပြီး ပါးစပ်ထဲ အရက်နံ့ က တထောင်း ထောင်းနဲ့။

မြို့ကလူတွေ ရောက်ပြီ ဆိုရင် ခေါင်းလှမောင် ဟာ အရက်ဝ ပြီသာ မှတ်ပေတော့။ သူ့မှာ နေ့စဉ် မပိုမလို ရေချိန်ကိုက် ပြီး သား။ အရက်ကလေး တမြမြ နဲ့ ရွာသူကြီး နှင့်မြို့ကလူတွေ ခိုင်းသမျှ မညည်း မညူလုပ် တော့တာပဲ။ တကယ့် ရွာဆော် ပီသ ပေတယ်။ အဖေ့ အကြောင်း တွေးနေတုန်း ရွာဆော် အကြောင်းက ကြားက ကန့်လန့် ကန့်လန့်နဲ့ ၀င်လာ တယ်။ ကျွန်တော် ငယ်ငယ်က တော့ အဲဒါတွေ မသိခဲ့ဘူး။ မြို့ကလူတွေ ရောက်နေ ကြတယ် ဆိုပြီး အဖေ့ကို ကြိုးတုတ် ဖမ်းယူသွား ကြတယ်တဲ့။ အဲဒီ နေ့ကစပြီး အဖေ အိမ်ပြန် မရောက်တော့ ဘူးတဲ့။ အမေ ဟာ အဖေ့ အကြောင်း ပြောပြ ရင်း မျက်ရည်တွေ စီးကျလာ တော့တယ်။ အဲဒီ နောက်ပိုင်း ရွာဆော်ကို ကြည့်မရ တော့ ဘူး။ ရွာဆော်ကို အသေထိုး သတ်ပစ် လိုက်ချင်တယ်။

အမေက တားလို့သာ ငြိမ်နေ ရတာ။ အဲဒီ ကျက်သရေ မရှိ တဲ့ မျက်နှာ မြင်တာနဲ့ ဒေါသ တွေ လည်ချောင်း ထဲထိ အလိပ်လိပ် တက်လာတယ်။ အဖေ မရှိတော့တဲ့ နောက်ပိုင်း အမေရှာစာ လေးနဲ့ မ၀ရေ စာစားရင်း ဖြတ်သန်း လာခဲ့ ရတယ်။ ခုလည်း လေးဖြူရဲ့ အဖေ သီချင်းသံ ကြားတိုင်း မျက်ရည်လည် တုန်းပဲ။ အဲဒီအချိန်က ကျွန်တော် ငယ်ငယ်လေး ပဲရှိ သေးတယ်။ ကျွန်တော်တို့မှာ မိသားစုကလည်း များတော့ ကသီ လင်တ ဖြစ်ကာ အမေ မှာ မိုးထဲလေထဲ ကဖတ် ကလတ်နဲ့ ရုန်းကန် လာခဲ့ရ တယ်။ ညီအစ်ကို မောင်နှမ ဆယ့်တစ်ယောက် ရှိတယ်။ အဲဒါတောင် ပျက်စီး သေဆုံး သွားသူတွေ မပါ သေးဘူး။ အဲဒါတွေပါ ရေတွက်မယ်ဆို ဆယ့်ငါးယောက် ရှိမယ်တဲ့။ ခုတော့ ဆယ့်တစ်ယောက် ရှိ တယ်။ ဘောလုံး တစ်သင်း စာပေါ့။ ဒီအထဲမှာ အစ်မက ခြောက်ယောက် ပါတယ်။ ကျွန်တော်က အငယ်ဆုံး အထွေးဆုံး။ အငယ်ဆုံးဆို တော့ အငယ်ဆုံး နဲ့လိုက် အောင် ခန္ဓာက သေးကွေး၊ ခြေတစ်ဖက်က မသန်စွမ်း၊ အဲဒါကို အကြောင်း ပြုပြီး ပိုလီယို လေးလို့ ခေါ်ကြ တယ်။ တချို့ဆို မညှာမတာ သမ္ဗာန် ဆိုပြီး နာမည်ပြောင် တပ်ပေးထား သေးတယ်။

သူတို့ ပြောတာက လမ်းလျှောက် ရင် ခြေတစ်ဖက် ထော့နင်း ထော့နင်း ဖြစ်နေတာ မြစ်ထဲ မှာ သမ္ဗာန်ခတ် နေတာနဲ့ တူ တယ်တဲ့။ ဒါကြောင့် သမ္ဗာန် လို့ ခေါ်ကြတာ တဲ့လေ။ ပြော ရက်လိုက် ကြတာ မှိုချိုးမျှစ် ချိုး။ လောကမှာ ဘယ်သူ တွေ ခြောက်ပစ်ကင်း သဲလဲစင် ရှိလို့လဲ။ ပြောတဲ့လူ တွေက ကော အားလုံး ပြီးပြည့်စုံ ကြ လို့လား။ တစ်ခုခု တော့ အား နည်းချက်၊ ချို့ယွင်းချက်တွေ ရှိနေ ကြတာပဲ မဟုတ်လား။ ကိုယ့်မျက်ချေး မမြင်၊ သူများ မျက်ချေး ကျမှ မြင်ကြတယ်။ ကျွန်တော်ကတော့ ဘယ်သူ တွေ ဘာပြောပြော မမှုပါ ဘူး။ ပြောတဲ့ သူတွေဟာ ကိုယ့်လောက် အဆင့်အတန်း မရှိလို့ဘဲ သဘောထားပြီး ဘာသိဘာသာ နေလိုက် တယ်။ သူများပြောတိုင်း လိုက်ပြောနေရင် ခွေးဟောင် တိုင်းထကြည့် အိပ်ရေးပျက် တယ်မဟုတ်လား။ အမှန် တော့ ကျွန်တော် သိမ်ငယ်နေ ခဲ့တယ်။ လူကြား သူကြားထဲ တောင် ဖြတ်မလျှောက် ရဲဘူး။

ကျွန်တော် အရွယ် မရောက်ခင်မှာ ရုတ်တရက် အမေဆုံး ပြန်တယ်။ အမေဆုံး တာ မတွေးရဲဘူး။ တစ်နေ့ အမေနဲ့အတူ ကျွန်တော်တို့ အစာစား နေချိန်မှာ ရွာဆော် နတ်ဆိုး ရောက်ချ လာတယ်။ မြို့က ဘောင်းဘီတွေ ရောက် နေကြ ပြန်ပြီတဲ့။ ရွာဆော်တီး တိုးပြောတဲ့ စကားကို အမေ ကြားသွားတယ်။ အမေဟာ ကျွန်တော် တို့ကို အော်ဟစ် သတိပေးပြီး ထွက်ပြေးတော့ တယ်။ ကျွန်တော်လှမ်းကြည့် လိုက်တော့ ရွာဆော်ဟာ လေး ဂွကိုင်ပြီး အမေ့နောက်က အပြေး လိုက်သွားတယ်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တွေလည်း ဟိုပြေး ဒီပြေး ကစဥ့်ကလျား ဖြစ်လို့။ ကျွန်တော်လည်း အမေ့နောက် ကနေ ပြေးလိုက် သွားတယ်။ ရွာဆော်က အဝေးကနေ လေးခွနဲ့ အမေ့ကို လှမ်းပစ် လိုက်တဲ့ လောက်စာလုံး(ခဲလုံး) က အမေ့ ခြေထောက်ကို ထိ သွားတယ်။ အမေဟာ ထော့ နင်း ထော့နင်းနဲ့ အော်ပြီးပြေး ပြန်တယ်။ နောက်တစ်ချက် လှမ်းပစ်တယ်။ ရွာဆော်ရဲ့ လောက်စာလုံးက အမေ့ ခေါင်းကို အရှိန်ပြင်းပြင်းနဲ့ ထိ မှန်သွားတယ်။ အမေဟာ အဲဒီ နေရာမှာပဲ ပွဲချင်းပြီးဆုံး သွားတယ်။ ရွာဆော်ဟာ အမေ့ ခြေနှစ်ချောင်းကို ဆွဲယူ လာပါတယ်။ အမေ့ ပါးစပ် က သွေးတွေ စီးကျလို့ ကျွန်တော်ဟာ တစ်ကမ္ဘာလုံး ညံအောင် အော်ငို ကျန်ခဲ့တယ်။

ဘာမှ မတတ် နိုင်တော့။ ကမ္ဘာပျက် သွားသလို ခံစား ရတယ်။ ခုတော့ အမေဆုံး သွားတာ ကြာခဲ့ပေမယ့် အမေ့ အကြောင်း စဉ်းစားမိတိုင်း မျက်ရည်ဝဲ တုန်းပဲ။ နောက်ပြီး ဟိုတလော က သတင်းတွေမှာ ကြားနေ ရတဲ့ ကြက်ငှက် တုပ်ကွေးဆို လား၊ ဘာဆိုလား။ ကြားရ တဲ့ သတင်းတွေက ကြောက် စရာကြီး။ ဘယ်နိုင်ငံမှာ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ် ပိုးတွေရှိလို့ ကြက်ခြံ၊ ဘဲခြံ တွေက ကြက်တွေ၊ ဘဲတွေ အစုလိုက်၊ အပြုံလိုက် သုတ် သင်လိုက်တာ တို့ ကြားရတဲ့ သတင်းတွေက တကယ့် အနိဋ္ဌာ ရုံတွေပဲ။ လူတွေသေ မှာ ကြောက်လို့ ကြက်တွေ၊ ဘဲတွေ အစုလိုက်၊ အပြုံလိုက် သတ်လိုက်တာ ရင်နာ စရာပဲ။ သတ္တ၀ါတိုင်း အသက်တစ် ချောင်းပဲ ပါကြတာ။ ကိုယ့် အသက်ကို သတ္တ၀ါတိုင်း နှမျော ကြတာပဲ။ အဲဒီအချိန်က ကြက် ငှက်တုပ်ကွေး ကပ်ဆိုးကြီးရဲ့ သုတ်သင်ပွဲ ကြီးမှာ ဘယ်နေ့ ပါမလဲ။ ရင်တထိတ်ထိတ်နဲ့ ရင်မောခဲ့ ရတဲ့ အချိန်တွေက မနည်းဘူး။ ကြက်ငှက်တုပ် ကွေးရောဂါနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ လူရော၊ ကြက်တွေ၊ ဘဲတွေပါ အတုံးအရုံး သေနေ ကြပေမယ့်။ ကျွန်တော်တို့ နိုင်ငံမှာ တစ်ယောက်၊ တစ် ကောင်မှ မဖြစ်ခဲ့။ မသေခဲ့ ဘူး။

ကြက်ငှက် တုပ်ကွေး ပိုတွေးက ကျွန်တော်တို့နိုင်ငံ ကိုတောင် တန်းတွေ မြင့်လို့ လား။ ဘာကို ကြောက်လို့လဲ တော့ မသိ။ ရောက်မလာ ခဲ့ ကြဘူး။ ဂုဏ်ယူပါ တယ်ဗျာ။ ကမ္ဘာမှာ ကြက်ငှက် တုပ်ကွေး ရောဂါ မဖြစ်တဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့ တစ်နိုင်ငံ ပဲရှိ တာ။ တစ်ဖက်ကလည်း အဲဒီ့ ရောဂါကို နည်းနည်းလောက် ကျေးဇူးတင် မိတယ်။ ဘာဖြစ် လို့လဲဆိုတော့ အဲဒီ့ရောဂါ ဖြစ် ပွားတုန်းကဆို ကျွန်တော် တို့ကို လူတွေ ကြောက်ကြတာ အနားတောင် မကပ် ရဲကြဘူး။ အဖေ၊ အမေ မရှိတော့ တဲ့နောက်ပိုင်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ စည်း စည်းလုံးလုံး မရှိကြတော့။ သူရ သူစား၊ ကိုယ်ရ ကိုယ် စား။ ကြီးသူက ငယ်သူကို အနိုင်ကျင့်ကြတယ်။ အမေရှိ တုန်းကတော့ အမေ့ရဲ့ မေတ္တာရိပ် အောက်မှာ အမေ ရှာလေးကို ဝေငှစားကြ တယ်။ ခုတော့ အစ်ကိုကြီး လုပ်တဲ့သူ ကလည်း တစ်ကိုယ်ကောင်း ဆန်တယ်။ ကိုယ့်ဝမ်းဝရင် ပြီးရော၊ အောက်က ညီ၊ ညီမတွေ ငတ်နေတာ ကြည့်နေရက် တယ်။ တာဝန်ယူစိတ်၊ တာ ၀န်သိစိတ်မရှိဘူး။ အစ်ကို ကြီး အဖရာတဲ့။ အဲ့ဒီဆိုရိုး စကားတွေ တစ်ခုမှ မကျန် တော့။ မေတ္တာ တရားခေါင်း ပါးလွန်းတယ်။

ညီ၊ ညီမတွေ ထော်လော် ကန့်လန့် လုပ်တာ၊ စကားနား မထောင်တာ ပြော ချင်သေးတယ်။ တကယ်ဆို အဖေ၊ အမေ မရှိတဲ့အချိန်မှာ အစ်ကိုကြီးက ထီးလိုအုပ် ထားရမယ့် ဟာ ခုတော့ တစ် ယောက် တစ်ပေါက်။ သူများ က သွေးခွဲဖို့ မလိုဘဲ ကွဲနေ ကြတယ်။ အဖေ၊ အမေ မရှိ တော့ မိသားစုက ၀ါးစည်း ပြေသလို ဟိုတစ်လုံး ဒီတစ် လုံး လွင့်ကုန်တယ်။ ဘယ်လောက် ရင်နာ စရာ ကောင်းလဲ ကြည့်ပေ တော့။ ဟိုတစ်နေ့က အစ်ကို နှစ်ယောက် ရန်ဖြစ် ကြတယ်။ တစ်ယောက်မှ ၀င်တားမယ့် သူ မရှိဘူး။ အကြီးတွေဖြစ်ပြီး လောဘ၊ ဒေါသတွေ မထိန်းချုပ်နိုင်ကြဘူး။ ဘာ မဟုတ်တဲ့ အကြောင်းနဲ့ ရန်ဖြစ် ကြတာ လူကြားလို့မှ မကောင်း၊ ရှက်စရာကြီး။ စားခွက် လုတဲ့ ကိစ္စနဲ့ ဖြစ်ကြ တာ၊ တကယ့် ကမ္ဘာ့ရန်သူ တွေ ကျနေတာပဲ။

အသေ အကျေ သတ်ပုတ်ကြတာ။ အကြီးကလည်း မညှာဘူး။ ကျွန်တော်က အငယ်ဆုံး ဖြစ်နေတော့ ဘာဝင်ပြော နိုင်မှာ လဲ။ အဲဒီအထဲ ခြေတစ်ဖက် က မသန်ပြန် ဖြစ်နေတော့ အသာလေး ငြိမ်နေရတယ်။ ကြောက်လည်း ကြောက်မိ တယ်။ နောက်တော့ နှစ်ဦး စလုံး လက်ပန်း ခြေပန်းကျ လာကြတယ်။ နောက်ဆုံး အငယ်ကောင် မျက်လုံးတစ် ဖက်ကန်း သွားတော့မှ ရန်ပွဲ က အဆုံးသတ် သွားတယ်။ ဘယ်လောက် ရင်နာစရာ၊ ၀မ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ် တွေလည်း အဲဒီနေ့က ကျွန်တော် မျက်ရည်တွေစီး ကျအောင်ထိ ငိုခဲ့ရတယ်။ တစ်နေ့ တစ်နေ့ ရင်ထဲ မှာ ခံစားချက် တွေက လျော့ နည်းမသွား ပိုပြီး တိုးလာတယ်။ ခံစားချက်တွေ ခံစားရလွန်း လို့ အသည်း နှလုံးတွေ ကြေမွ ကုန်တော့မယ်။ ဒီအထဲ အချစ်ဦးလေး အကြောင်း ကလည်း ၀င်လာ ပြန်တယ်။ ကျွန်တော့် အချစ်ဦးက တစ်ခြံကျော်က ဒီရွာမှာဆို အချောဆုံး၊ အလှ ဆုံး၊ သူ့ကို ပိုးပန်းကြတာ ကျွန်တော် အပါအ၀င် တစ်ရွာ လုံးက လူပျိုကြီးငယ် အားလုံး ပါတယ်။ အချစ်ဦးလို့ ခေါ် တာကို ပိုင်စိုး ပိုင်နင်းလို့ပဲ ဆိုချင်ဆို။ ကျွန်တော်က ငယ် ငယ် လေးကတည်းက တစ် ဖက်သတ် ချစ်နေခဲ့တာ။ သူ ကလွဲပြီး တစ်ယောက်မှ မချစ် ခဲ့ဘူး။ ဒါပေမဲ့ သူက ကျွန်တော့်ကို အိမ်နားနီးချင်း သူငယ်ချင်း လောက်ပဲ အသိအမှတ် ပြုတာ။

ဟုတ်တယ် လေ။ ကျွန်တော့်လို ပိုလီယို အရုပ်ဆိုး ကြီးကို ဘယ်ချစ်သူ နေရာမှာ ထားချင်ပါ့မလဲ။ ကျွန်တော် ချစ်နေတာ သူသိနေ ပေမယ့် ကျွန်တော်ကလည်း တစ်ခါမှ ဖွင့်မပြော ခဲ့ဘူး။ ဖွင့်မပြော ရဲဘူး။ သူငယ်ချင်း အဖြစ်နဲ့ အနားမှာ ချစ်နေရင် လည်းကျေနပ်ပြီ။ တကယ် လို့ ဖွင့်ပြောလိုက်လို့ မခေါ် မပြောဘဲ စိမ်းကား သွားရင် ဒုက္ခ။ ပိုလို့ ခံစားရမှာ။ ဘ၀ရဲ့ ကုသိုလ်ကံက ဒီလောက် ပဲပါ တော့။ ဒီ လောက်နဲ့ပဲ ကျေနပ် ရတော့ မှာပဲလေ။ တစ်ရက်နေ့ မနက် အစောကြီး အိပ်ယာက နိုး လာတုန်း သတင်းဆိုး ကြီးက နားထဲ ကန့်လန့် ၀င်လာတယ်။ ကိုယ့်နားကိုယ် မယုံနိုင်။ မနေ့ ညက သူခိုး ခိုးတာမှာ ပါသွား တာတဲ့။ သူတစ်ယောက် တည်း မဟုတ်ဘူးတဲ့။ သူတို့ မိသားစု တစ်ခုလုံး ပါသွားတာ တဲ့ အိမ်ရှေ့က နေပြီး လူတစ် ယောက်အော် ပြောသွားတယ်။ မနေ့ညက ခွေးဟောင်သံ တော့ ကြားလိုက် မိတယ်။ ဒီလို ကံဆိုးမိုးမှောင် ကျမယ်လို့ မှ မသိတာ။ ရက်စက်ယုတ် မာလိုက်ကြတဲ့ လူယဉ်ကျေး တွေ။ ကျွန်တော့်ရဲ့ အချစ်ဦး ကိုမှ လုပ်ရက် လိုက်ကြတာ။

အသည်းတွေ ကြေမွပျက်စီး သွားသလို ခံစားရတယ်။ နွေရာသီမို့ ရာသီ ဥတု ကလည်း ပူပြင်းတယ်။ ဒီထက် ရင်ထဲက ပူပြင်း လွန်းနေ တယ်။ လောကကြီးဟာ နေချင်စရာ မဟုတ်တော့။ အရာရာဟာ အားလုံးခြောက် သွေ့လွန်းနေတယ်။ အပင် ရိပ်အောက်မှာ ခိုလှုံနေပေမယ့် အပင်ရိပ်ဟာ သူ့အတွက် မအေးမြ နိုင်တော့။ ဒီကြားထဲ ဟိုဘက် အိမ်ကလည်း အလွမ်း တွေကို ပိုလွမ်းအောင် စိုင်း ထီးဆိုင်ရဲ့ မောင့်အရိုင်းပန်း သီချင်းက ရင်ဘတ်ထဲ ထိတိုးဝင် လာနေတယ်။ စာနာမှု လုံးဝမရှိတဲ့ လူ ယဉ်ကျေးတွေ အလစ်ကို ချောင်း တစ်ဖက်သား တစ်ချက် အငိုက်ကို ကရုဏာမဲ့ မောင့်အရိုင်းပန်း သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း ဆိုတဲ့ သီချင်းသံကြောင့် ခံစားချက် တွေ ဆို့တက် လာတယ်။ မျက်ဝန်းအိမ် ထဲမှ မျက်ရည်ပူ တွေ ပါးပြင်ပေါ် အတား အဆီးမဲ့ ဖြတ်စီးဆင်း နေတော့ တယ်။ ခုတော့ မိသားစုမှာ ညီ အစ်ကိုမောင်နှမတွေလည်း တစ်ယောက်မှာ မရှိကြတော့။ တစ်ကိုယ်ကောင်းဆန်တဲ့ အစ် ကိုကြီးလည်း မရှိတော့ဘူး။ အစ်မတွေလည်း မရှိကြတော့ ဘူး။

ဟိုရန်ဖြစ်ကြတဲ့ အစ်ကို နှစ်ယောက်လည်း မရှိကြ တော့ဘူး။ မျက်စိအောက်မှာ ပဲ တစ်ယောက် ပြီးတစ်ယောက် ပျောက်ကုန်တယ်။ မိသားစုထဲမှာ ကျွန်တော် တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါလည်း ဒုက္ခိတ ပိုလီယိုဖြစ် နေလို့ လူမကြိုက် လို့သာ ဒီလောက် အသက်ရှင်ခွင့်ရ တာ။ နို့မို့ဆိုရင် ဘယ်အချိန် ကတည်းက အိုးထဲမှာ ဟင်း ဖြစ်သွားမယ် မသိ။ ခုတော့ လည်း အသက်ရှင် ကျန်နေ တာပဲ အဖတ် တင်တယ်။ ခံစားချက်တွေ၊ ဘ၀ အဓိပ္ပာယ်တွေ သေဆုံး သွားခဲ့ တာ ကြာခဲ့ပြီလေ။ အဖေ၊ အမေ ညီအစ်ကို မောင်နှမ တွေလည်း မရှိကြတော့။ တစ်နေ့ သေဆုံးခြင်းဆီ သွား ကြရမှာ ဖြစ်ပေမယ့် အားလုံး ဟာ သေဆုံးခြင်းကို ကြောက် ကြတာပဲ။ အသက်တစ် ချောင်းကို ရနိုင်သမျှ ဆွဲဆန့် ထားချင်ကြတာ သဘာဝပဲ လေ။ ရှောင်လွှဲ မရနိုင်တော့ မှ လက်လျှော့ အရှုံးပေး လိုက်ကြ တာ။

ခုတော့ ဘယ်နေ့ငါ့ အလှည့် ရောက်လာ လေမလဲ။ သိပ်ပြီးကြာမယ် မဟုတ် တော့။ ခုတလော မြို့က ဟို ၀န်ထမ်း၊ ဒီဝန်ထမ်းတွေ VIP တွေ ရွာကို မကြာခဏ ရောက်နေ ကြတယ်။ မြို့က ပြန်လာတဲ့ ကူးတို့ စက်လှေ ဆိုက်ပြီဆိုရင် တရားမှတ်နေ ရတော့တယ်။ သေခြင်း တရားကို ကြောက်ပေမယ့် ဟိုအရင် ကလို တုန်လှုပ် ချောက်ချားခြင်း မရှိတော့ လောကကြီး ကလည်း နေချင် စဖွယ် မဟုတ်တော့။ အဓိပ္ပာယ် မရှိတော့ သလို ခံစား လာရတယ်။ “...မြို့က လူကြီးတွေ ရောက်နေတယ်။ ကြက်တစ် ကောင်လောက် သွားရှာလိုက် ဦး...”ရွာသူကြီး ဦးကျော် သိန်းရဲ့ ရွာဆော်ခေါင်း လှမောင်ကို ခိုင်းလိုက်တဲ့ အသံကြီးက ကျွန်တော့် အတွက် သေမိန့် ပေးလိုက် သလို ဖြစ်နေ တော့တယ်။ အမှန်တော့ ကျွန်တော်ဟာ သေမိန့်ကျ ပြီးသားသူ တစ်ယောက်ပါ။ အားလုံးဟာ လည်း သေမိန့်ကျ ပြီးသား သူတွေ ဖြစ်နေတယ် ဆိုတာ အားလုံးမေ့ နေသလို ပါပဲ။

 

 

သူရခိုင်
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)


Last Updated on Thursday, 06 December 2012 19:09