|
Written by ပင်မြင့်စံ (ရွှေဘို)
|
|
Wednesday, 05 December 2012 18:48 |
သူ့နှလုံးသားများ တုန်ခါသွား သည်အထိ နုထွေးသော အတွေ့ထူးတွင် နစ် မျောသွား ရသည်။ “ထိုင်မယ်နော် အစ်မ၊ ငယ့်ခုံက ဒီခုံပါ”ဟု ဆိုလိုက် စဉ်က တည်းက သူ့စိတ်တွေ တစ်မျိုး ဖြစ်ခဲ့သည်။
argaiv1567
argaiv1878
ခေါင်းညိတ် မိသလား၊ ခေါင်းခါ မိသလား ဆိုတာပင် ပြန်တွေး မရ တော့ပေ။ အသက်ရှူသံ သည် စည်းချက် ကျစွာ ထွက်ပေါ်လာ ပြီးနောက် အိထွေးသော ခန္ဓာကိုယ်လေး သည် တဖြည်းဖြည်း သူ့အပေါ် ပြိုကျ လာသည်။
သူ့သဏ္ဌာန်ကို ကြည့်၍ သူမလေးဟာ ယုံကြည်မှု ပြည့်ဝစွာ ရှိနေခဲ့ သည်ပဲ။ သူမလေး ကိုယ်တိုင် ကလည်း ပတ်ဝန်းကျင်ကို စေ့စေ့ စပ်စပ် ကြည့်တတ်ပုံ မပေါ်ပေ။ သူ့မှာတော့ မလှုပ်ရှား နိုင်တော့ဘဲ နှလုံးခုန် ရပ်မတတ် ဖြစ်ခဲ့ရသည်။
ဖူးနေသော နှုတ်ခမ်း၊ သွယ်တန်းသော မျက်ခုံး၊ ကော့ညွှတ်သော မျက်တောင်၊ ၀ိုင်းစက် နေသော မျက်နှာလေးကား သူ့အဖို့ တစိမ့်စိမ့် ကြည့်လို စိတ်များဖြစ် လာရသည်။ သူ့ဘော်ဒါအမျိုးသမီးများ၏ မျက်နှာကို အနီးကပ်ကိုင်တွယ် ပြုပြင်ပေးခဲ့ဖူးသည်။ တစ်ခါမှ ဒီလိုမဖြစ်ခဲ့ပေ။ သူမလေးနဲ့ကျမှ သူ သက်ပြင်းကို မှုတ်ထုတ်မိသည်။ “ဆောရီး အစ်မငယ် အရမ်း အိပ်ပျော် သွားတယ်။ ကားမမီလို့ ရထား လက်မှတ် လုပ်လိုက် ရတာ ကံကောင်းလို့ ခုံရတာ အစ်မရဲ့။ ငယ်က အိမ်ပြန် ချင်လှပြီ” ဟု ဆိုလိုက် သော သူမလေးရဲ့ တိုးညှင်း ချိုသာသော အသံ လေးများသည် သူ့ရင်ခုန်သံ ကို ဆူညံစေ ခဲ့ပြန်သည်။ “အစ်မရော ငယ်လို မန္တလေး အထိပဲလား” ထပ်မံဆိုရာ သူ့မှာ ငေးမော ကြည့်နေရာမှ ခေါင်းညိတ် ရပြန်သည်။ သူမ လေးသည် ပတ်ဝန်းကျင်ကို မကျင်လည် ဖူးသော အိမ် တွင်း ပုန်းလေးသာ ဖြစ်ပေ လိမ့်မည်။ သူ့ ကိုယ့်ကိုယ် ကို ပြန်ကြည့်ကာ ဒီအ၀တ် အစား ဒီအပြင် အဆင်နဲ့ နေရ ခြင်းအပေါ် ပထမဆုံး သိမ် ငယ် သလိုလို၊ စိုးရွံ့ သလိုလို စတင်ခံ စားလိုက်ရ လေသည်။ သူမလေး ကတော့ ရထား ပေါ်ကနေ ခပ်ဝေးဝေး ရှုခင်း များကို ငေးရင်း တစ်ချက် ချက် သူ့ကို စကားတွေ လှမ်း ပြောရင်း ရှိနေခဲ့ လေသည်။
“ငယ်က မန္တလေး ဘယ်နားမှာ နေတာလဲဟင်” ဟု အသံကို သာမန်နွဲ့တာ ထက်ပို နွဲ့ပြီး မေးလိုက်ပြီး ကာမှ သူ မလုံမလဲ ဖြစ်ကာ နှုတ်ခမ်းပေါ်က ပန်းသွေး ရောင် နှုတ်ခမ်းဆိုး ဆေးတွေ ကို လျှာနှင့် ပွတ်သပ်၍ ဖျက်နေ မိသည်။ “ငယ်က တောင်မြို့မှာ နေတာ။ ဒီက အစ်မ ကရော” ဟု ရိုးသားပွင့် လင်းသော မျက်ဝန်း များဖြင့် ဆိုလိုက်ရာ သူ့မှာ တိုက်ဆိုင် လွန်းသော ကံကြမ္မာ ကိုသာ အပြစ်တင် မိသည်။ “အတူတူပဲ” ဟု ဆို လိုက်တော့ သူမလေး၏ မျက်ဝန်းလေး များလက်လာ ကာ “ရထားပေါ်က ဆင်းကာ နီးရင် ငယ့်ကို အစ်မ လိပ်စာ ပေးခဲ့နော်”တဲ့လေ။ ကဲ သူ ဘယ်လို သတ္တိ တွေနဲ့များ ရှေ့ဆက်ရမှာ လဲနော်။
“ငယ် ခေါင်းနည်းနည်း မူးလာတယ် အစ်မရယ်။ ငယ် မအိပ်ရတာ ၃ ရက် လောက်ရှိပြီ။ အဘွား နေ မကောင်းလို့ သွားပြုစုတာ။ ငယ့် အဘွားက ရန်ကုန်မှာ လေ အစ်မရဲ့”ဟု ပြောနေ ရင်းပင် ရထား ပြတင်းပေါက် က ထိုးအန်ရာ သူ့မှာ ကျော ထုပေးရင်း ရှေ့ဆွဲခြင်း ထဲက ရေဘူးကို ဆွဲထုတ်ပြီး ရေတစ် ခွက်တော့ တိုက်မိသည်။ သူမလေး ကတော့ ရိုးသား သော ညီအစ်မ စိတ်ကလေး ဖြင့် သူ့လက် တစ်ဖက်ကို ဆုပ် ကိုင်၍ “ကျေးဇူးတင်လိုက် တာ အစ်မရယ်”ဟုဆိုလေ သည်။ သူ့မှာသာ ပါးဖောင်း ဖောင်းလေး နှစ်ဖက်ကို မနမ်း ရှိုက် ရက်စရာ ချစ်စနိုး စိတ် တွေ တဖွဖွ ဖြစ်ပေါ်ရင်း နေမ ထိ ထိုင်မသာ ကတုန် ကယင် ဖြစ်ခဲ့ ရလေသည်။
“ငယ် ပြန်အိပ်ဦးမယ် နော်။ မန္တလေး ရောက်သည် အထိ ငယ် မနိုးရင် နိုးပေး ပါနော်”ဟုဆိုကာ သူ့ပခုံးပေါ် မှီအိပ်လိုက် သောအခါ ကျေနပ် ကြည်နူး စိတ်တွေနဲ့ အတူ စိုးရွံ့တုန်လှုပ်ခြင်း တွေပါ ခံစားရ လေတော့သည်။ ဘာ ကြောင့်မှန်း မသိ ရုတ်တရက် ၀မ်းနည်း စိတ်တွေ ကြီးစိုး လာသည်။ သူ့ပါးပြင်ပေါ် မျက်ရည် တစ်စက် ကျလာသော အခါ လက်ခုံဖြင့် ခပ်ကြမ်း ကြမ်း ပွတ်ပစ်ရင်း အိမ်မှာ ကျန်ရစ်ခဲ့သော လင်တော် မောင် ကိုကျော့် မျက်နှာကို မြင်ယောင် မိသည်။ မျက်လုံးများ ကို ခါးသီးစွာ မှိတ်ပစ်မိ သည့် တစ်ခဏ သူ့အပေါ် ယုယ ကြင်နာ စွာဖြင့် ပေါင်းသင်း နေထိုင်ခဲ့သည့် ၅ နှစ်တာ ကာလကို နာကျင်စွာ ပြန် တွေးမိသည်။
သဘာဝ တရားကြီးက ပေးသည့် ဖြစ်တည်မူ တစ်ခု ကို သူက ပြောင်းပြန် လှန်ခဲ့ သည်။ အဲဒီက ပထမဆုံး အမှား တစ်ခု ဖြစ်ပေလိမ့်မည်။ “အမေ့သား ဘုန်းပြည့်က ဖြူ နွဲ့နွဲ့နဲ့ ရုပ်ကလည်း မိန်းမ ရုပ်။ မိန်းမချော ချောတယ် ဆိုတာ သူ့လိုမျိုးကို ပြောတာ ဖြစ်မယ်” ဟု သူ ၇ နှစ်တန်း အောင်ပြီး သည့်နှစ်က အမေ့ တပည့် တစ်ယောက်က ပြော ခဲ့သည်။ အမေနဲ့ အမေ့ ဘော်ဒါတွေ ကြားမှာသာနေ ပြီး သူတို့တွေ ပြင်ဆင်ပေး သမျှ ငြိမ်ခံရင်း သူ ကိုယ်တိုင် မိန်းမလို နေရတာ သဘော ကျခဲ့သည်ပဲ။
“ခင်ဦး ဘုန်းပြည့်တော့ ကြာလာရင် အခြောက်ကြီး ဖြစ်တော့မယ်။ ယောက်ျား လေးသာဆိုတယ် နှုတ်ခမ်းနီ နဲ့ ပေါင်ဒါနဲ့ ပုဆိုးဝတ်ထား တာကလည်း ထဘီ လိုလိုနဲ့ အေ။ လမ်းလျှောက်တာ လည်း ကနွဲ့ကလျနဲ့။ ညည်း မပြုပြင်တော့ ဘူးလား။ ညည်းတို့ နတ်ကတော်တွေ ကြားမှာ ခေါ်မသွား ပါနဲ့တော့ အေ”ဟု အမေ့၏ ဘယ်နှစ် ၀မ်းကွဲမှန်း မသိသော တစ်ဦး တည်းသော ဆွေမျိုး ဒေါ်ကြီး က ပြောခဲ့ သေးသည်။ “အို တော် ကလေးက ငယ်သေး တာပဲ။ ဒီအမေနဲ့ ဒီသားနှစ် ယောက်ပဲရှိတာ။ ကျွန်မ သွား လေရာ တော့ ခေါ်သွားရမှာ ပဲ” ဟု အမေက ပြီးစလွယ် ပြောခဲ့သည်ကို အမှတ်ရတော့ နာကျင်နေသည့် ဝေဒနာတွေ ထပ်တိုး လာခဲ့သည်။
အမေ့ အသိုင်းအ၀ိုင်း တွင် နှုတ်ခမ်းနီ၊ မိတ်ကပ်နှင့် မိန်းမလို ၀တ်စားတတ် သော နတ်ကတော် များနှင့် အလှပြင် ဆိုင်ဖွင့်သော မိန်းမ လျာများ သာ ဖြစ်ရာ သူသည် အတုမြင် အတတ်သင်ရင်း စကားပြော ရင် ပါးစပ်ကို လက်နဲ့ အုပ် ပြောတာမျိုး၊ လမ်းလျှောက် ရင် ခပ်နွဲ့နွဲ့လျှောက်တာမျိုး လောက်တော့ အတုခိုး လုပ် ရင်း သူ အဲဒီ ဘ၀ကို အားကျ နေခဲ့သည်ပဲလေ။ တစ်ခါ တစ်ရံ မိန်းမ ဖြစ်ချင် စိတ်များ ကြီးစိုးခဲ့ သည်မှာ ပြောဖွယ်ရာ မရှိခဲ့တော့ပေ။
“၉ တန်းကျ မှတော့ ခင်ဦးသားကို ကျောင်းဆက် မထား နဲ့တော့။ နော်တို့ ဆိုင် သာပို့ လိုက်တော့။ တစ်သက် လုံး ထမင်း မငတ်တဲ့ ပညာ တွေ သင်ပေး လိုက်မယ်။ အစ ကတည်းက ပြည့်ပြည့်က နော်တို့လို ရုပ်ထွက် နေတာ” ဟု အမေ့ ရောင်းရင်း အလှ ပြင်ဆိုင် ပိုင်ရှင် ကြွယ်ကြွယ် က ပြောလေရာ အမေ ခဏ တော့ တွေဝေသွားခဲ့သည်။ သူကလည်း ကျောင်း မနေချင် တော့ဘဲ အဲဒီဆိုင်သာ သွား ချင်ခဲ့သည်။ အမေ့ကို ပူဆာ တော့ အမေက တစ်ရက်သာ စဉ်းစားပြီး ပို့လိုက်သည်။ ဒေါ်ကြီး သိတော့ မျက်ရည် တွေကျပြီး တားမြစ် ခဲ့သေး သည်။ တားမရ သည့်အဆုံး “ဘုန်းပြည့် ဆိုတဲ့ ငါ့တူကြီး တော့ ဘ၀ဆုံးပြီ” ဟု ခပ်တိုး တိုးလေးသာ ဆိုခဲ့သည်။ အဲဒီ တုန်းက သူဘာကိုမှ မတွေး ချင်ခဲ့ပေ။ ကျောင်းတက်ပြီး စာမကျက် ချင်ပေ။ ကြွယ် ကြွယ်တို့၊ ဘုမ တို့လို ခေတ် ပေါ် အင်္ကျီ လှလှနဲ့ စကပ် အရှည်၊ အတိုများ ၀တ်ချင် သည်။ ဆံပင် အကောက် နဲ့ပဲ ဖြစ်ဖြစ်၊ အဖြောင့် လေးနဲ့ပဲ ဖြစ်ဖြစ် ထားကာ မျက်နှာကို လည်း လှပအောင် ပြင်၊ ဒေါက်ဖိနပ် တခွပ်ခွပ်စီး၊ ဘေးလွယ် အိတ်ကြီးကြီး လွယ် ခပ်မော့မော့ ကျော့ ကျော့လေး သွားချင်တဲ့ စိတ် သာ ရှိခဲ့သည်။
ကြွယ်ကြွယ်တို့ ဆိုင် ရောက်ပြီး ၃ လကျော်တော့ သူ့ဘ၀သည် များစွာ ပြောင်း လဲခဲ့သည်။ တကယ့် မိန်းမမှ မိန်းမ ပုံစံ။ မိန်းမ စစ်စစ်များ ကပင် လည်ပြန် ငေးကြည့် ရသည် အထိ ပြောင်းလဲ ခဲ့ သည်။ ပြည့်ပြည့် ခေါင်း လျှော်ပေး မှ၊ ပြည့်ပြည့် ဆံပင် ညှပ်ပေးမှကြိုက်တဲ့ အမျိုး သားတွေ တစ်ပုံ တစ်ပင်မို့ ကြွယ်ကြွယ် တို့လည်း စီးပွား ရေးပို ဖြစ်ထွန်းခဲ့သည်။ “ပြည့် ပြည့်ရယ်၊ နင့်မှာ မပြောင်း နိုင်တာ အသံပဲ။ သေချာသာ စေ့စေ့ စပ်စပ် မကြည့်ရင် တကယ့် မိန်းမပဲ”ဟု ဆိုတိုင်း သူ့မှာ အကျေနပ်ကြီး ကျေနပ် ခဲ့သည်ပါပဲ။ ကြွယ်ကြွယ့် ဆိုင်မှာ ၅ နှစ်နီးပါးလုပ်ပြီး ချိန်တွင် သူ့မှာ ရွှေနဲ့ငွေနဲ့ ပြောင်ပြောင် ရောင်ရောင် ဖြစ်ခဲ့သည်။ ပြီးတော့လည်း ရည်းစား တွေလည်း ထည်လဲ တွဲနိုင်ခဲ့သည်။ တချို့က မိန်းမအစစ် ထင်၍ လိုက်ရင်း တွဲခဲ့ကြသည်။ တချို့ကတော့ သိလျက်နဲ့ တွဲသည်။ ပြတ် လိုက် တွဲလိုက်နဲ့ သူ ကောင်း ကောင်း ပျော်ခဲ့သည်။ အသဲ ကွဲရင်တောင် အော်မငိုတတ် တော့အောင် ရည်းစားထား သည့် ကစားနည်းကို ကျွမ်းကျင် ပိုင်နိုင် ခဲ့သည်။
ကိုယ်ပိုင် အလှ ပြုပြင် ဆိုင်လေးဖွင့် နိုင်ချိန်တွင် အမေ့ ကို နတ်က တော်ဘ၀မှ အငြိမ်းစား ယူခိုင်း လိုက်တော့ သည်။ သူ့ဘ၀လည်း တစ် ဆစ်ချိုး ပြောင်းလဲ ခဲ့သည်။ “ငါနင့်ကို လက်ထပ် ယူပါရ စေ ပြည့်ပြည့်ရယ်” ဟု ကိုကျော်က တောင်းဆိုခဲ့ သောအခါ သူ ငြင်းခဲ့သေး သည်။ နောက်တော့ ကာမနွံ ထဲမှာ ရုန်းထွက်ဖို့ ခဲယဉ်းစွာ သူ ခေါင်းညိတ်ခဲ့ မိတော့ သည်။ သူ့အသက်လည်း ၂၀ ကျော်ခဲ့ပြီပဲ။ ကိုကျော်က အလုပ် အကိုင် မည်မည်ရရ မရှိပေ။ ပွဲစား ယောင်ယောင်၊ ဟိုယောင်ယောင်၊ ဒီယောင် ယောင်နဲ့ နေခဲ့ ရာမှ သူက သူ့ ဆိုင်လေး ဘေးမှာ ဆိုင်ကယ် ပြုပြင်ရေး ဆိုင်လေး ဖွင့်ပေး ခဲ့သည်။ အမေက သူ့ဘ၀ ကို အစပိုင်း ကျေနပ်ခဲ့သော် လည်း နောက်ပိုင်း သဘော မကျ ရှာတော့ပေ။ မနှစ်က အမေဆုံး သည်။ မဆုံးခင် တစ်လလောက် အမေ သူ့ လှုပ်ရှား မှုများကို တစိမ့်စိမ့် ကြည့်၍ ငိုသည်။ မဆုံးခင် ညက အမေ ပြောသွားခဲ့ သည်။ “အမေ့ အမှား ကြောင့် ငါ့သား ဘ၀ ဆုံးရှာပြီ။ နောင် တရလို့ မဆုံးဘူး ကလေး ရယ်။ အမေ့ကို ခွင့်လွှတ်ပါ သားရယ်တဲ့”လေ။ အမေ သားလို့ ခေါ်တော့ ကြက်သီး မွှေးညင်း ထသည် အထိ တစ်မျိုးကြီး ခံစား ခဲ့ရသေးသည်။ သူ မညာပါဘူး။ အိပ်မက် ဆိုးက လန့်နိုး သွားသလို ပါပဲ။ အမေ့ ဈာပန ကိုလာခဲ့ သော ဒေါ်ကြီးက သူ့ကို ခပ် စိမ်းစိမ်းကြီး ကြည့်၍ “ဒေါ် ကြီး မဆုံးခင် ဘုန်းပြည့် ဘ၀မှန် ပြန်ရောက် ပါစေလို့ ဆုတောင်း ခဲ့တာ ဒီတစ်သက် မပြည့်နိုင် တော့ပါဘူး” ဟု ဆိုခဲ့ လေသည်။
သူ့ပါးပြင်တွင် ခေါင်း စဉ်တပ် ရခက်သော မျက်ရည် များ ခုန်ပေါက် ပြေးဆင်း လာ ခဲ့သည်။ သူမလေး၏ မျက် နှာသည် ပခုံးပေါ်မှ ရင်ဘတ် ပေါ်ကျ လာသည်။ နုထွေး သော ခန္ဓာကိုယ် လေးသည် လည်း တဖြည်းဖြည်း သူ့ ခန္ဓာကိုယ် ပေါ်သို့ ဒုတိယ အကြိမ် ပုံကျလာပြန်သည်။ ရင်ခုန်သံ တွေ ဆူညံရင်း ပါးပြင် အိအိလေးကို တို့ထိ ကစားချင် စိတ်များ ဖြစ်ပေါ် လာသည်။ တင်းကျပ်စွာ ပွေ့ဖက် ထားချင်သည့် မွတ် သိပ်သော ဆန္ဒသည် သူ့ရင် ထဲ၌ ဗလောင် ဆူလာသည်။ နူ့ညံ့မှု မဲ့သော ကိုကျော့်ရင် ခွင်မှာ ပျော်မွေ့လိုသော စိတ် များ ရုတ်တရက် ကုန်ခမ်း သွားသည်။ သူကသာ ကြင် နာမှုများ ပေးချင် လာခဲ့သည်။ မြတ်စွာ ဘုရား သူ့စိတ်တွေ ပြောင်းလဲ သွားပြီ။
ရထား ဥသြသံသည် ကျယ်လောင် စူးရှစွာဖြင့် မန္တလေး ဘူတာထဲ ၀င် ရောက်လာသည်။ ခွဲခွာရ တော့မည်ဟူသော အသိက သူ့ကို နာကျင်စွာ ခံစားရ တော့သည်။ ဆူညံ လှုပ်ရှားမှု များကြောင့် သူမလေး နိုးသွား လေသည်။ “ငယ် အရမ်းအိပ်နေ တာပဲ။ ကျေးဇူးတင် လိုက် တာ အစ်မရယ်။ ငယ်သွား တော့မယ်” ဟု ခပ်တိုးတိုး နှုတ်ဆက်၍ အ၀တ်အိတ်ကို ဆွဲယူကာ ခပ်သွက်သွက် ထွက်သွားလေသည်။ လိပ်စာ မမေးလိုက် ရ၍ သူ ၀မ်းနည်း သွားရသည်။ ဘ၀ ချင်း မပေါင်းစပ် နိုင်တော့ပါ ဘူးဟု တွေးကာ သူ့ စိတ်ကို နှစ်သိမ့် ရလေ တော့သည်။
အသင့် စောင့်ကြိုနေ သော ကိုကျော်က သူ့ပါးပြင် ကို ခပ်ဖွဖွ ဆွဲလိမ်၍ “လွမ်း လိုက်တာ ပြည့်ရာ။ မလွှတ် ရင် မဖြစ်တဲ့ ပွဲမို့လို့သာ သွား ခိုင်းလိုက်ရ တာ”ဟု အလွမ်း သယ်သည် ကိုပင် အရင်လို မခံစား နိုင်ခဲ့ပေ။ အရင်ကဆို ရင် “တကယ်လား ပြည့် လည်း လွမ်းတာပဲ ဒါလင် ရယ်” ဆိုတာ လောက်တော့ ပြန်ချွဲ လိုက်ဦးမှာ။ အခုတော့ သူ့မှာ အဲဒီ ခံစားမှုတွေ ပျောက်ဆုံး နေလေပြီ။ လိုင်း ကား နောက်ဆုံးခုံမှာ ပါသွား သော သူမလေးကို ဆိုင်ကယ် ပေါ်မှ သူ လှမ်းမြင်ရ သော အခါမှာတော့ ထိန်းချုပ် ထားဖို့ ကြိုးစားခဲ့ သမျှ စိတ်တို့ လွတ်ထွက်သွား တော့သည်။
“ကိုကျော် အဲဒီကား နောက် လိုက်ပေးပါ။ ပြီးတော့ နောက်ခုံမှာ ထိုင်နေ တဲ့ ကောင်မလေး ဘယ်မှာ ဆင်းသလဲ ဆိုတာ လိုက်ကြည့် ရအောင်”ဟု သူ အားရ ၀မ်း သာစွာ ဆိုမိသည်။ သူ့ဟန် က ကိုယ်နှစ်သက်သော မိန်း ကလေး နောက်လိုက် ရသည့် ဟန်မျိုး။ စိတ်ကလည်း အဲဒီလို မျိုးစိတ်။ တက်ကြွ ရွှင်လန်း မှုကြောင့် သူ့စိတ် တွေ၊ သူ့အမူ အရာတွေက လန်းဆန်း ဖျတ်လတ် ခဲ့သည်။ သူနေသော နေရာနဲ့ မဝေး ကွာလှသော အိမ်လေးတစ်ခု ထဲမှာ သူမလေး ၀င်ရောက် ပျောက်ကွယ် သွားတော့မှ သူ နဲ့ ကိုကျော် ပြန်ခဲ့သည်။
“ကောင်မလေးက ချစ် စရာလေးပဲ။ တပည့်မွေး မလို့လား။ လှတာတော့ တော်တော် လှတယ် ပြည့်ရဲ့” ဟု ကိုကျော်က ဆိုရာ သူ့မှာ ခါတိုင်းဆို သ၀န်တို စိတ် ကြောင့် ဖျပ်ဖျပ်လူး ရန်ဖြစ် ရန်တွေ့ရတာ အမော။ အခု တော့ သ၀န်တို စိတ်ထက် ပြိုင်ဘက်လို သဘောထား ကာ ဒေါသထွက်ခဲ့ရသည်။
သူ့ စိတ်တွေ အများ ကြီး ပြောင်းလဲ ခဲ့သည်။ ဆိုင် ထဲမှာလည်း စိတ်မပါ တော့။ ညနေ ရောက်တာနှင့် ငယ် ထွေး အိမ်ဘက် သွားကာ ငေးမော ကြည့်ရ သည်မှာ အလုပ် တစ်ခုဖြစ်သည်။ ငယ် ထွေး ဆိုသော သူမလေး သည် ရက်ကန်း ခတ်ရင်း အဝေးသင် ကျောင်းသူ ဘ၀ကို ဖြတ်သန်း နေသူ ခပ်ရိုးရိုး ခပ် အအ မိန်းကလေး သာဖြစ် သည်။ လောကကြီးကို မြင် ကြည့်နိုင်စွမ်း နည်းပါးစွာ ဖြင့် အေးချမ်းစွာ နေထိုင် သူလေး မို့ သူ အသနား ပိုခဲ့ရသည်။ တစိမ့်စိမ့် ကြည့်ရင်း တမြည့် မြည့် စွဲလန်း မြတ်နိုးလာသော သူ့စိတ်များသည် ပေါက်ကွဲ တော့မည့် ဗုံးတစ်လုံး လိုပင် ဖြစ်လေတော့သည်။ “ပြည့်ကို ကြည့်ရတာ အခုတလော တစ်မျိုးကြီးပဲ။ ရန်ကုန်က ပြန်လာပြီးက တည်းက ဖြစ်နေတာ”ဟု ကိုကျော်က ယုယုယယ ဆိုခဲ့ သေးသည်။ “ညနေဘက် ပျောက်ပျောက် သွားတာ ဘယ်လဲ” ဟု မေးတော့ သူ ကိုကျော့်ကို ဒေါသဖြင့် တုံ့ပြန် ခဲ့မိသည်။ လက်သီးဖြင့် ထထိုး မတတ် ဒေါသတွေ ပြင်းထန် လာခဲ့သည်။ ကိုကျော်က သူ့ရဲ့ တုံ့ပြန်မှုကို အံ့သြ တကြီး ရှိခဲ့သည်။ သူသည် အရင်လို ကိုကျော့် ရင်ခွင်မှာ မသာယာ တော့ပေ။ ရွံ့ရှာဖွယ်၊ စိတ်ပျက်ဖွယ် ခံစားမှု များသည် သည်းခံ နိုင်ခြင်း တရားကို ထိုးဖောက် ထွက်လာ တော့သည်။
တစ်ည။ မိုးပေါက်တွေ တစ်ပေါက် နှစ်ပေါက် ကျနေ သလို အေးစိမ့်စိမ့်နဲ့ စောင် ထဲမှာ နှပ်ကောင်း နေဆဲ အချိန်။ ကိုကျော်က ရာသီဥ တုအရှိန်နဲ့ အိပ်မော ကျ ကောင်းနေ ဆဲသာ။ သူ ဒီဘ၀ ကို ဘယ်လိုမှ လက်မခံနိုင် တော့သလို အတော် လေးပင် ရွံရှာ ဆုတ်ယုတ် မုန်းတီးလာ ခဲ့ပြီးနောက် သူ ကိုကျော့် နံဘေးမှ ထကာ ဖျတ်လတ် သော ခြေလှမ်းတို့ဖြင့် အိမ်မ ကြီးထဲ ထွက်လာ ခဲ့သည်။ သူ၏ ဦးတည်ရာသည် သူ့ အလုပ်ခန်းရှိရာ သူ ကျင် လည်ခဲ့သော နေရာ။ ဖြောင့် စင်းအိထွေး မဲနက်နေသော ပခုံး ကျော်ကျော် ဆံနွယ်များ ကို စုကိုင်ကာ မှန်ထဲ တွင် ပုံရိပ် ထင်နေသော သူ့အရိပ်ကို ကြည့်လိုက် မိသည်။ ဒီဘ၀၌ နောက်ဆုံး ဟုသော ဆုံးဖြတ် ချက်ဖြင့် ကတ်ကြေးကို ယူကာ ဆံနွယ်များကို ဖြတ် ချလိုက် သည်။ သူ၏ ကျွမ်း ကျင်ပိုင် နိုင်သော လက်များ ဖြင့် ယောက်ျား တစ်ယောက် ၏ ခန့်ညား လှပမည် ထင်သော ဆံပင် ပုံစံ တစ်ခုသို့ ရောက် အောင် ကြိုးစား ဖန်တီး နေမိ သည်။ ကျေနပ်လောက် သော အနေအထား တစ်ခုသို့ ရောက် သောအခါ သူ ဘ၀င်ကျမိ သည်မှာ ပြောဖွယ်ရာ မရှိ တော့ပေ။ အလုပ်ခန်းသည် သူ့ဘ၀၏ နိဂုံး မဟုတ်တာ သေချာခဲ့ သည့်အတွက် သူ နောင်တ မရတော့ ပေ။
တိတ်ဆိတ်သော ခြေ လှမ်းတို့ဖြင့် အခန်းထဲပြန် ရောက်ချိန် အထိ ကိုကျော်က အိပ်မောကျ နေဆဲသာ။ကိုကျော်၏ အ၀တ် ဗီရိုကို သူ ဖွင့်သည်။ ဂျင်းပင် တစ်ထည် နှင့် ရှပ်အင်္ကျီ တစ်ထည် ထုတ် လိုက်သည်။ သူ့ကိုယ်ပေါ်က ည၀တ် အင်္ကျီ ဂါဝန်ရှည်ကို ရွံ့ ရှာဖွယ် ချွတ်၍ လဲလှယ်ဝတ် လိုက်သည်။ ညအိပ်မီး ကို အားကိုး၍ အ၀တ် ဗီရိုမှ သူ့ ပုံရိပ်ကို မှန်ထဲမှာ ကြည့်မိ သည်။
“ဘုန်းပြည့်လျှံ ယောက်ျား တစ်ယောက်၏ ပုံရိပ် တစ်ခု။ သဘာဝ ကို ပြု ပြင်မိသည့် အတွက် သူ့ရင် အစုံသည် မို့မောက် နေသည် မှ အပ သူ့အသွင်သည် ပကတိ ယောက်ျား တစ်ယောက် အသွင်။ မိုးသည် တစ်ပေါက် နှစ်ပေါက်မှ တဖွဲဖွဲ ကျလာ သည်။ အားလုံး ပြင်ဆင်ပြီး ချိန်တွင် သူ နာရီကို ကြည့် လိုက်သည်။ မနက် ၅ နာရီ တိတိ။ ကိုကျော်၏ မိုးကာ အင်္ကျီကိုဝတ်၍ သူ လမ်းမ ဆီသို့ ထွက်လာခဲ့သည်။ သူ့ ခြေလှမ်း များက ငယ်ထွေး မည်သော သူမလေးဆီသို့ သာဖြစ်သည်။ သူ့ဘ၀မှာ ဒီ အချိန်၊ ဒီနေ့လောက် အဓိပ္ပာယ် ပြည့်ဝတာမျိုး မရှိ နိုင်တော့ပြီဟု သူ တွေးမိ သည့် တခဏ သူ အားရ ပါးရ ပြုံးရယ် မိပါလေ တော့သည်။
ပင်မြင့်စံ၊ရွှေဘို၊ (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|