|
Written by မြင့်မိုရ်ထွန်း(တိုကျို)
|
|
Wednesday, 05 December 2012 00:46 |
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊၂၀၁၂ ခုနှစ်၊ မေလ ၂၂ အင်္ဂါနေ့။ မနက် မိုးလင်းချိန် ကစပြီး နေရောင်ကို သိပ်မမြင် ရလို့ ၈ နာရီ သတင်းတွေ မစခင် လာတတ်တဲ့ မိုးလေ၀သ အခြေအနေ သိရအောင် တီဗီ ဖွင့်ကြည့် လိုက် ပါတယ်။
argaiv1862
ဒီနေ့ တစ်နေကုန် မိုးအုံ့၊ မိုးရွာမဲ့ သတင်းနဲ့ အတူ စတွေ့လိုက် ရတာကတော့ တိုကျိုမြို့၊ စုမီဒါ မြို့နယ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲ စတင် ဖွင့်လှစ်မယ့် Tokyo Skytree မျှော်စင်ကြီး ပါပဲ။ လွန်ခဲ့တဲ့ လေးနှစ် နီးပါး ကာလ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နေ့ကစပြီး လုပ်သား အင်အားပေါင်း ငါးသိန်း ရှစ်သောင်းနှင့် ဂျပန်ယန်းငွေ ၆၅ ဘီလီယံ ကုန်ကျ သုံးစွဲ တည်ဆောက် ခဲ့တဲ့ ကမ္ဘာ့ အမြင့်ဆုံး မျှော်စင်ကြီး လို့ သိရ ပါတယ်။
တိုကျိုမြို့မှာ ကြည့်လို့ ရတဲ့ သာမန် ရုပ်သံ လိုင်းဆယ်ခု ရှိတဲ့ အနက် အတော် များများက အဲဒီ သတင်းကိုပဲ ပြနေတဲ့ အတွက် ဒီနေ့ အလုပ် နားရက်နဲ့ တိုက်ဆိုင်လို့ စိတ်ဝင် တစား ဆက်ကြည့် နေမိ ပါတယ်။ ဒီမျှော်စင်ကြီး တည်ဆောက် နေဆဲ ကာလမှာ အကြီးမားဆုံး နှောင့်ယှက် စိန်ခေါ်မှု ကြီးအဖြစ် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက် ဂျပန် အရှေ့ပိုင်း ငလျင် ကြီးကို အပြင်းအထန် ကြုံတွေ့ ရင်ဆိုင်ခဲ့ရ ပေမဲ့ ရည်မှန်းချက် အတိုင်း အောင်မြင် ပြီးစီး အောင် တည်ဆောက် နိုင်ခဲ့ တယ်လို့ သတင်းများ ကဆိုပါတယ်။
ဂျပန် နိုင်ငံမှာ အဲဒီ ငလျင်ကြီး အပြီး နောက်ပိုင်း ကမ္ဘာ့ နံပါတ်တစ် ဖြစ်လာခဲ့တာ နောက်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ ဂျပန် ဇော်မွှား ပန်းများ လို့ အမည် ပေးထား တဲ့ “Nadeshiko Japan” အမျိုးသမီး ဘောလုံး အသင်းပါပဲ။ ဒါတင် မကသေး ဘဲ နောက် ထပ် နံပါတ်တစ် ကတော့ ပြောလို့ သိပ်မကောင်း တဲ့ အကြောင်း အရာ၊ မဖြစ်သင့် မဖြစ်စေချင် တဲ့ကိစ္စ ဖြစ်ပါတယ်။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဟာ အနည်းနှင့် အများ ဒွန်တွဲ နေတတ်တဲ့ သဘာဝ အတိုင်း ဂျပန်မှာ နံပါတ်တစ် ကတော့ “ဂျိဆတ်စု” လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်း ပါပဲ။ ၂၀၁၁ ခုနှစ် စာရင်း အရ ယခင် ထက် စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လောက် အထိများ သလဲဆိုတာ ပြောပြရရင် အခုလောလော ဆယ်ရက်ပိုင်း အတွင်းမှာပဲ ဂျပန် မိတ်ဆွေ အနီးကပ် လုပ်ဖော် ကိုင်ဖက် အရွယ် ကောင်း လူလတ်ပိုင်း တစ်ဦး ကွယ်လွန် သွားတာကို ၀မ်းနည်း ကြေကွဲ ဖွယ်ကြုံ လိုက်ရလို့ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်ကစပြီး မကြာခဏ နှစ်ယောက် တွဲ အတူ အလုပ်လုပ် ခဲ့ရတဲ့သူ၊ စိတ် သဘောထား ဆက်ဆံရေး ကောင်းသူ ဖြစ်တဲ့ အတွက် အခုအချိန် အထိ မျက်စိ ထဲက မထွက်နိုင် လောက်အောင် သတိရ နှမြောတသ ဖြစ်ရပါတယ်။ ရည်မွန်တဲ့ လူသား တစ်ဦး ဖြစ်တည် ရှင်သန် လာမယ့် အခွင့်အရေး ရဖို့ဆိုတာ မလွယ်ဘူးလေ။ အဲဒီကိစ္စ ကြုံခဲ့ရ တာတွေကို နောက်များမှ ရေးခွင့် ကြုံရင် ရေးသင့် သလောက်ကို အကျယ် တ၀င့် ရေးပြပါ ဦးမယ်။ ကြောက် တတ်သူများ မဖတ်ဖို့ ကိုတော့ ကြိုတင် သတိပေး အပ်ပါတယ်။ အခုတော့ မျှော်စင်ကြီး ဆီကိုပဲ သွားကြည့် ကြပါစို့။
Tokyo Skytree ကို မျှော်စင် တစ်ခု တည်းသာ ဆောက်ခဲ့တာ မဟုတ်ဘဲ ဘေးနားမှာ ကပ်လျက် “Tokyo Solarmachi” လို့ အမည်တပ် ထားတဲ့ အထပ် ပေါင်း ၃၁ ထပ်ရှိ အဆင့်မြင့် စားသောက် ဆိုင်တွေ၊ ကုန်ပစ္စည်း မျိုးစုံ အရောင်း ဆိုင်ခန်းတွေ စုစုပေါင်း ၃၁၂ ခန်းပါ အဆောက် အဦကြီးနဲ့ အတူ New Downtown ဖြစ်လာအောင် စီစဉ် တည်ဆောက် ခဲ့တာ ဖြစ်လို့ စိတ်ဝင် တစား တဖွဲဖွဲ လာနေ ကြတာကို တွေ့ရ ပါတယ်။
မျှော်စင်ကြီး ပေါ်ကို တက်မယ့် လူတွေကို နံရံကပ် လမ်းကြောင်း လုပ်ပြီး အကာ အရံ လုပ်ပေးထား တဲ့ အထဲမှာ တန်းစီ စောင့်နေတဲ့ လူတွေကို ထိုင်လျက် တစ်မျိုး ထလျက် တစ်ဖုံ မျက်စိ တစ်ဆုံး တွေ့ရပါတယ်။ အဲဒီလူ တွေကို သတင်း သမားက တစ်လှည့်စီ လိုက်ဗျူး နေတာကို ပြနေပါတယ်။ ဂျပန်မှာ နေရာတကာ စိတ်ရှည် လက်ရှည် တန်းစီ စောင့်တာ ကတော့ မထူးဆန်း တော့ပါ။ တစ်ခါ တလေ လမ်းမ ကျယ်ကြီးပေါ်က မီးပွိုင့် မှာတောင် မီးစိမ်းကို တန်းစီပြီး စောင့်တဲ့ ကျောင်းသား အုပ်စုတွေကို မြင်ခဲ့ဖူး ပါတယ်။ အခု တန်းစီကြတာ ကိုတော့ ပြောရရင် အံ့သြ လောက်ပါတယ်။ အဲဒီ လူတွေဟာ မျှော်စင် ပေါ်ကို တက်ခွင့် လက်မှတ် ၀ယ်ဖို့ တန်းစီတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ လပေါင်း များစွာ ကတည်းက ကြိုတင် လက်မှတ် ၀ယ်ထားပြီးသူ ချင်းအတူတူ မျှော်စင်ကြီး ပေါ်ကို အရင်ဆုံး၊ အစောဆုံး တက်ကြည့် ချင်လို့ တန်းစီထား ကြတာ ဖြစ်ပြီး ရှေ့ဆုံးမှာ တန်းစီထား သူတွေဆိုရင် မနေ့ည ကတည်းက လာစောင့် နေတာလို့ သိရ ပါတယ်။ ကြိုတင် လက်မှတ် ၀ယ်ထားသူ တွေကလည်း ဘယ်လောက်များ သလဲဆိုရင် ဒီနေ့ စတက်ခွင့် ရသူ ဦးရေ ၈၀၀၀ နဲ့ ဒုတိယ နေ့တက်ခွင့် လူဦးရေ ၁၄,၀၀၀ အတွက် လွန်ခဲ့တဲ့ ငါးလ ကတည်းက ပြည့်နေ ခဲ့ပြီး အခုမှ တက်ခွင့် လက်မှတ်ဝယ် မယ်ဆိုရင် နောင်လာမည့် ဇူလိုင်လ ၁၁ ရက် နေ့မှတက်ကြည့် ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ နေလာ ခဲ့တာ ဆယ်စု နှစ်ပေါင်းကို နှစ်ကြိမ် တိုင်ဖြတ်ကျော် ခဲ့ပြီး ဖြစ်ပေမဲ့ ဂျပန်လူမျိုး တွေရဲ့ လုံ့လ ၀ီရိယ ကိုတော့ ယနေ့တိုင် မဖြတ် ကျော်နိုင် ခဲ့တာ အမှန်ပါပဲ။ တီဗွီထိုင် ကြည့်နေရင်း အပြင်ထွက်ဖို့ ကိစ္စ ပေါ်လာ တာနဲ့ အိမ်တံခါးပိတ် ကာ ထွက်ခဲ့ ပါ တယ်။ သွားရမယ့် နေရာက အိမ်နဲ့ သိပ်မဝေးလို့ လမ်းလျှောက်ရင်း လက်ကိုင်ဖုန်း တီဗွီ ကို နားကြပ် တစ်ဖက် တပ်ပြီး ဆက်ကြည့် လာခဲ့ပါတယ်။
အဲဒီအချိန်မှာ မျှော်စင်ကြီး စဖွင့်ချိန် ရောက်လာလို့ ဖွင့်ပွဲ အခမ်း အနားကို ရိုက်ပြတာ တွေ့ရ ပါတယ်။ မျှော်စင် ကြီးရဲ့ အောက်အ၀င် ၀မှာ အမျိုးသမီး တစ်ယောက်နဲ့ ဆောက် လုပ်ရေး စီမံကိန်း တာဝန်ရှိသူ တွေဖြစ်ဟန်တူ တဲ့ လူကြီး ငါးဦး၊ ဂျပန်နိုင်ငံ ရဲ့နာမည်ကြီး ဘေ့စ်ဘော အသင်း အုပ်ချုပ်ရေးမှူး တစ်ဦးတို့ တန်းစီ ရပ်နေပြီး ဂျပန် အောင်စည်ကြီးကို တီးလိုက်တဲ့ အသံ၊ ဂျပန်ရိုးရာ ကြွေးကြော်သံနဲ့ အတူ ဖဲကြိုးဖြတ် လိုက်တာနဲ့ပဲ ဖွင့်ပွဲ အခမ်း အနားပြီးဆုံး သွားပါတယ်။ မြန်မာပြည် မှာလိုမျိုး နိုင်ငံတော် အကြီးအကဲ တွေ လာဖွင့်ပေး တာတော့ တစ်ယောက် မှ မတွေ့ရပါ။ ဂျပန် ဘုရင်ကြီးနဲ့ မိဖုရား ကြီးကိုတော့ အရင်နေ့က သတင်းတွေ မှာ မျှော်စင်ကြီးကို လာကြည့် တာကို တွေ့လိုက် ပါ တယ်။ ဘာ အခမ်းအနားပဲ ဖြစ်ဖြစ် ကြီးကြီး ကျယ်ကျယ် လုပ်တတ် တဲ့ ဂျပန်မှာ ကမ္ဘာ့ အမြင့်ဆုံး မျှော်စင်ကြီး ဖွင့်ပွဲ ကတော့ ခြောက်ကပ်ကပ် နိုင်တယ် လို့ ထင်မိ ပါတယ်။

မနှစ်က ငလျင်ကြီး အပြီး ဂျပန်နိုင်ငံ မှာ အရင်တုန်းက မြန်မာပြည် အစိုးရ အဖွဲ့ နာမည်ပြောင်းပြီး အုပ်ချုပ် သလို လုပ် စရာ မလိုဘဲ၊ နေရာ တကာမှာ ငြိမ်ဝပ် ပိပြား သွားတာကို တွေ့ရပါတယ်။ စီးပွားရေး ကုမ္ပဏီကြီး တွေကတော့ နည်းမျိုးစုံ နဲ့ အပြိုင်အဆိုင် စစ်ခင်း သလို လှုပ်ရှား ကြတာကို သတင်းဌာန တွေက ပြောကြ၊ ပြကြပါတယ်။
အခု မျှော်စင်ကြီးနဲ့ တွဲဖွင့်တဲ့ အရောင်းဆိုင် တွေမှာလည်း ကုန်ပစ္စည်း တွေကို သတ်မှတ်ဈေး ထက် အပြိုင်လျှော့ ရောင်းကြလို့ မိုးထဲ လေထဲမှာ တောင် ပရိ သတ်တွေက ကြိတ်ကြိတ်တိုး လာလို့ မစဲ တသဲသဲ ပါပဲ။ ရုပ်သံလိုင်း တွေက လည်း အပြကောင်း ကိုယ်တိုင် ကလည်း ဘယ်နေရာ မဆို အသစ်အဆန်း ဆိုရင် စပ်စု ချင်စိတ် မြည်းစမ်း ကြည့်ချင် စိတ် က ရှိနေတဲ့ အတွက် ညနေ စောင်းချိန် အိမ်က ကလေးတွေ ကျောင်းက အပြန် မှာ လူစုပြီး သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။
ကလေး တို့ရဲ့သဘာဝ အတိုင်း ဘယ်ကိုပဲ သွားရပါစေ အပျော် ခရီးဆိုရင် မငြင်းတမ်း လိုက်ပါ တတ်တဲ့ သားနဲ့ သမီး ကို အိမ်ပြန် လာလို့ တွေ့တွေ့ချင်း ပြော လိုက်တော့ ၀မ်းသာ အားရနဲ့ ခုန်ပေါက် ပျော်ရွှင်စွာ ကျောင်းဝတ်စုံ များကို ချက် ချင်းလဲ လိုက်ကြပြီး ညနေ ၅:၂၀ လောက်မှာ ထီးကိုယ်စီ ဆောင်းပြီး ခပ် သုတ်သုတ် ချီတက် ခဲ့ကြပါတယ်။ အိမ် က မထွက်မီ အင်တာနက်မှာ မြေပုံရှာ ကြည့် လိုက်တော့ ဒီကနေ သွားမယ်ဆို ရင် မြေပေါ်လမ်း ကြောထက်ကို မြေ အောက်လမ်းကြောက ပိုအဆင်ပြေ မှာကို တွေ့ရလို့ အိမ်ရှေ့ လမ်းမကြီး ရဲ့ဘေးတစ် ဖက်ကပ်လျက်မှာ ပဲရှိနေတဲ့ မြေအောက် ဘူတာ ကနေ ရထား နှစ်လိုင်း ပြောင်းစီးခဲ့ ပါတယ်။ ရထားနှစ်ဆင့် စီးချိန် နာရီ ၀က်သာသာ လောက် မှာပဲ မျှော်စင်ကြီး အနီး မှာရှိတဲ့ မြေအောက် ဘူတာ Oshiage ကို ရောက်လာပါ တယ်။ မြေပေါ် ရထားနဲ့ သာလာမယ် ဆိုရင်တော့ Tokyo Skytree လို့ပဲ အမည်ပေးပြီး အသစ် မွမ်းမံထားတဲ့ မြေပေါ် ရထားလိုင်း ဘူတာကို ရောက်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ကားနဲ့ လာမယ်ဆိုရင်တော့ ဒီအချိန် ကားလမ်း ကျပ်မှာနဲ့ ဆိုရင် အချိန် တစ်နာရီနဲ့ တောင် ရောက်ဖို့ မလွယ်ပါ။
ဒါကြောင့်လည်း တိုကျိုမြို့မှာ ရထားလိုင်း တွေကိုပဲ အားကိုး ပြီးသွား လာကြတာ များပါတယ်။ ရထားတွေ ကလည်း အချိန်မှန် သုံးမိနစ် တစ်စီး လောက် ဆက်တိုက် လာနေပြီး တိုကျိုမြို့လယ်မှာ ပြေးဆွဲ နေတဲ့ မြေအောက် ရထား ပင်မ လိုင်း ၉ လိုင်း အပါအ၀င် လိုင်းတို၊ လိုင်း ရှည်ပေါင်း ၁၆ လိုင်းလောက် ရှိပါတယ်။ မြေပေါ်လိုင်း ဆိုရင်လည်း များစွာ ရှိပြီး Japan Railay (JR) ကုမ္ပဏီဟာ အမြတ်အစွန်း အများဆုံး ကုမ္ပဏီ တစ်ခု ဖြစ်တယ် လို့ သိရ ပါတယ်။
မြေအောက် ဘူတာ Oshiage ရဲ့လက်မှတ် ထွက်ပေါက် ကိုဖြတ် ထွက်ပြီး ဘယ်ဘက် ချိုးကွေ့ လိုက်တာနဲ့ Tokyo Skytree Town ဆိုတဲ့ မြေအောက် သုံးထပ်ကို ၀င်တဲ့ အပေါက် တွေ့ရပြီး စက်လှေခါး ရှည်ကြီး တွေကတစ်ဆင့် တစ်ထပ်ပြီး တစ်ထပ် တက်လာရင်း မြေညီထပ် ရောက်လို့ အပြင်ကို ကြည့် လိုက်တော့ မိုးက တော်တော်လေး ရွာနေတဲ့ အပြင် မိုးအုံ့တဲ့ အရှိန်နဲ့ ညတောင် မှောင်နေ ပါပြီ။ ဒါပေမဲ့ တုံ့ဆိုင်း မနေဘဲ မျှော်စင်ကြီးကို ကြည့်ချင်ဇောနဲ့ ချက်ချင်း အပြင် ထွက်ပြီး မြင်ရတဲ့ နေရာကနေ ထီးကိုလှန်ပြီး မော့ကြည့် လိုက်တော့ ခေါင်းတစ်မော့ မျက်စိ တစ်ဆုံး ကြီးမား ခိုင်ခံ့လှတဲ့ မျှော်စင်ကြီးကို တအံ့ တသြ တွေ့လိုက် ရပါတယ်။ မိုးကလည်း ရွာနေတဲ့ အပြင် ၆၃၄ မီတာ အမြင့် ရှိလို့ ယခင် ရှိပြီးသား တိုကျို တာဝါ (၃၃၃ မီတာ)ရဲ့ နှစ်ဆ လောက် ရှိအောင် မြင့်လွန်း လှတာမို့ မျှော်စင်ရဲ့ ထိပ်ပိုင်းကို တောင် မမြင်ရပါ။ တီဗီထဲမှာ တွေ့ရတဲ့ မျှော်စင် အောက်ခြေတိုင် မျှင်မျှင်လေး တွေကလည်း အနားရောက် တော့ လူကြီး နှစ်ဖက်လောက် ရှိတဲ့ ဧရာမ သံမဏိတိုင် လုံးကြီးတွေ ဖြစ်နေ ပါတယ်။
မျှော်စင်ပေါ်ကို တက်မယ် ဆိုရင် Solarmachi ရဲ့လေးထပ်ကို အရင် သွားရမှာ ဖြစ် ပေမဲ့ လက်မှတ်က လည်းမရှိ၊ မိုးကလည်းရွာ၊ လူတွေ ကလည်း များလွန်း လှတာကြောင့် ရောက်တဲ့ နေရာမှာပဲ ရပ်ပြီး ထီးတစ်ချောင်း ကင်မရာ နှစ်လုံး နဲ့ လက်မလည် လောက်အောင် အလုပ်ရှုပ်နေပါ တော့တယ်။ ကလေး တွေကလည်း သူတို့ရဲ့လက်ကိုင်ဖုန်း တွေနဲ့ ဓာတ်ပုံတွေ ရိုက်ရင်း၊ ထီးတွေနဲ့ မိုးရေ ဆော့ရင်း ပျော်နေကြ တာပေါ့။ ရောက်လာတဲ့ လူတိုင်း လူတိုင်းက မျှော်စင်ကြီးကို ကြည့်ပြီး တအံ့တသြ ပြောကြ ဆိုကြ၊ ကင်မရာ မျိုးစုံ နဲ့ ဓာတ်ပုံတွေ ရိုက်ကြ၊ ဒီကြားထဲ လေကလည်း တိုက်လို့ ကင်မရာတွေ မိုးမစိုအောင် ထီးတွေနဲ့ အုပ်ရ၊ ကာရ၊ ရုန်းရ၊ ကန်ရနဲ့ ရှုပ်ယှက်ခတ် နေကြတာကို တွေ့ရ ပါတယ်။

ဒါကြောင့် အခုလို မိုးထဲ လေထဲမှာ လူ ၈၀၀၀ ပဲ တက်ခွင့် ရမှန်း သိပေမဲ့ လာတဲ့ လူဦးရေက နှစ်သိန်း တစ်သောင်း ကျော်ရှိတယ်လို့ ညနေပိုင်း ရုပ်သံ သတင်း များက ဆိုပါတယ်။ Skytree ဆိုတဲ့ နာမည်နဲ့ အညီ ဒီနေ့ တစ်နေ့လုံး ထူးထူး ခြားခြား မိုးရွာ တာကိုလည်း သတင်း သမားတွေက တင်စားပြီး ပြောကြတာ ကို ဗမာလို အဓိပ္ပာယ် ကောက်ရရင် မိုးထိ သစ်ပင်ကြီး စဖွင့်တဲ့ နေ့မှာ ကောင်း ကင်က မိုးနတ်မင်း ကြီးက ကောင်းချီး ပေးနေ တာလို့ ဆိုရမှာပါ။
ဒီလိုနဲ့ပဲ ညအမှောင် ထဲမှာ မီးရောင် စုံဆလိုက် တွေနဲ့ လှပ ခန့်ညား နေတဲ့ မျှော် စင်ကြီးကို မော့ကြည့် နေရင်း ကနေ နောက်နေ့ မနက် ကလေးတွေ ကျောင်း ကိစ္စ၊ အလုပ် ကိစ္စတွေ ဖျတ်ခနဲ ခေါင်းထဲ ရောက်လာလို့ အဆောက် အအုံထဲက ဆိုင်ခန်းတွေ ကိုတောင် ၀င်မကြည့်တော့ ဘဲ နောက်တစ်ခေါက်မှ ထပ်လာပြီး မကျေပွဲနွှဲ မယ်ဆိုတဲ့ စိတ်နဲ့ သံယောဇဉ် ဖြတ်ပြီး မြေအောက် ဘူတာ ဆီကို ပြန် ဆင်း ခဲ့ပါတယ်။ အပြန်လမ်းမှာ ရထား စီးရင်း အတွေးထဲ မှာတော့ အာရှနိုင်ငံ ချင်း အတူတူ ကမ္ဘာ့ ထိပ်တန်း နိုင်ငံ တစ်ခု ဖြစ်နေတဲ့ ဂျပန်ရဲ့ မျှော်စင်ကြီး လိုမျိုး မြန်မာပြည် မှာလည်း ဖြစ်လာရင် တို့ ဗမာတွေ ဘယ်လောက်များ ပျော်ကြမလဲ လို့ စိတ်ကူးယဉ် ကြည့်မိပါတယ်။ မိုး နတ်မင်း ကြီးလိုပဲ ကောင်းချီး ပေးမဲ့ နတ်မင်းကြီး တစ်ပါး ကလည်း အဆင်သင့် ရှိနေပါတယ်။ အဲဒီ နတ်မင်းကြီးက ဘယ်သူလဲ ဆိုတာကိုတော့ ဒီဆောင်းပါး ရဲ့ နောက်ဆုံး အပိုင်းမှာ အပျော် သဘော နဲ့ ပဟေဠိ တစ်ပုဒ်လို အဖြေညှိ ကြည့်စေ လိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလ တိုကျို တာဝါကို သွားခဲ့တဲ့ အချိန်မှာ ဒီလို စိတ်ကူး မရှိခဲ့ပေမဲ့ အခုတော့ စိတ်ကူး ယဉ်လို့ရတဲ့ အခြေအနေ၊ မျှော်မှန်းခွင့် ရှိတဲ့ အချိန် အခါကို ရောက်နေပြီ မဟုတ်ပါ လား။

မြင့်မိုရ်ထွန်း (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Monday, 10 December 2012 20:44 |