|
Written by မြတ်သောခေတ်
|
|
Wednesday, 05 December 2012 00:41 |
ရှေ့တည့်တည့်ရှိ မော်နီတာကို ငေးစိုက်၍ ကြည့် နေသော ရောဘတ်စိတ် တို့ ဂနာ မငြိမ် ဖြစ်နေ၏။
argaiv1481
ချောမော လှပ၍ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအဆစ် နှင့် သူ မတူအောင် လှချင်တိုင်း လှနေသော မိန်းမပျိုလေး တစ်ဦး ကလည်း မော်နီတာ ဖန်သားပြင် က တစ်ဆင့် ရောဘတ်ကို ခပ်တွေတွေ ပြန်ကြည့် နေသယောင် ထင်ရသည်။ ထိုမိန်းမ ပျိုကား တခြား မဟုတ်။
ကမ္ဘာ တစ်ဝန်းက မီဒီယာ အုပ်စု အလယ်သို့ ကွန်ပျူတာ သိပံ္ပ ပညာရှင် ရောဘတ်၏ အံ့မခန်း စိန်ခေါ်မှု တစ်ရပ် အတွက် အဓိက တရားခံ မလေး မေရီပင် ဖြစ်သည်။ ပြည့်ပြည့် စုံစုံ ဆိုရသော် လူသား ဗေဒ လက္ခဏာ အချို့ တရိပ်ရိပ် ဆောင် ကာ ရှိန်ဟုန် မြင့်မြင့် စီးဆင်း ဖို့ရာ စမ်းသပ် တီထွင် ပြင်ဆင် ထားသော လူသား စက်ရုပ် မလေး မေရီ။ နုငယ် ပျိုပျစ်သော မျက်နှာ အစပ်အပေါက်၊ သွယ်ရှင်းသော လည်တိုင်၊ ယစ်မူးချင် စဖွယ် အမို့အမောက်၊ အကွေ့အကောက် တို့နှင့် ယှက်သိုင်း တွဲစပ်ထားသော အသံတိတ် ပန်းချီကား တစ်ချပ်နှယ်။ ထို့ပြင် အနာဂတ်၌ ပုရိသ အပေါင်း၏ နှလုံးအိမ် အား ဆွဲကိုင် လှုပ်ရမ်း မတတ် ညှို့ယူ ဖမ်းစား နိုင်သည် သာမက စံပြ အိမ်ရှင် မကောင်း တစ်ယောက် ဖြစ်လာဖို့ အထိ အလားအလာ ကောင်းမွန် နေပြန်သည် ဆိုလျှင် မငြင်း နိုင်။ ရောဘတ် သည် မှော် ဆရာ တစ်ဦးမဟုတ်။
အဆင့်မြင့် ကွန်ပျူတာ သိပံ္ပပညာ ရှင်ကြီး တစ်ဦး အနေ ဖြင့်တော့ လက်ခံ ထားကြသည်။ သို့ဖြစ်၍ မေရီ၏ ခန္ဓာ၌ ၀ိညာဉ်တို့ ပူးကပ် မနေခဲ့။ သိပံ္ပ စွမ်းပကား၏ ကြောက်ခ မန်းလိလိ နည်းပညာ အချို့သာ စီးမျော ခိုဝင် တွယ်ကပ် နေနေ လိမ့်မည်။ ခေတ်သစ်တော် လေး၀၀င် လူသား စက်ရုပ်မ လေး မေရီ အဖြစ် ကမ္ဘာနှင့်ချီ ရင်ပေါင်တန်း ဖို့ရာ ရှေးရှု၍ အစဉ် အလာ ကျသော စံနှုန်းများ အား ရောဘတ် စုစည်း ရှာဖွေ နေရ၏။ သာမန် ကာလျှံကာ တန်းတင်၍ ရရုံလောက်နှင့် သူ့ ရလဒ်ကို အဆုံး မသတ်နိုင်။
မေရီနှင့် အတူ လူပုံ အလယ်တွင် မော်ကြွားလို သည်အထိ စိတ်ဆန္ဒ ဇောထက် သန်နေခဲ့၏။ သည်ထက်ပို၍ ဆိုရလျှင် အမှောင်ကမ္ဘာထဲ ရွှေလက်တွဲ ကာ တူစုံဖက် အပျော်ကျူး ဖို့ရာ အထိ ရမ္မက် ဇောကပ် နေသည်။ သို့ဖြစ်၍ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ထား သည်မှာ လပေါင်း ရာသီ အတော် လွန်ခဲ့ပြီ။ နေ့နေ့ ညည စုတ်စုတ် နစ်နစ် ဇွဲခတ် လာလို့ လည်း မျှော်လင့်ချက်၏ ကိုးဆယ် ရာခိုင်နှုန်း ခန့်မှာ ပြည့် တင်းလု နီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုစဉ် စည်းချက် မှန်မှန် ခြေလှမ်းရှပ် သံတစ်သံက ရောဘတ်၏ ပျံ့လွင့် နေသော အာရုံကို အခန်းဝ တံခါးဘက် ဆီသို့ လှမ်းပို့သည်။ သဘာဝ မဆန်သော တစ်ပြေး ညီခြေ လှမ်းအဖိ အဖော့။ ဆယ်ပေ ပတ်လည် အခန်းကျဉ်း ထဲရှိ ခပ်မှိန်မှိန် ဖြာကျနေသော ၀ါ ကြန့်ကြန့် အလင်းအောက်က မေရီ၏ ကိုယ်ယောင် ကိုယ်ဝါ သည် လူသား တစ်ဦးနှင့် ခွဲ မရအောင် တူနေသည်။ စီလီ ကွန်များဖြင့် ဖွဲ့စည်း တည် ဆောက်ထားသော မေရီ့ ကိုယ်ခန္ဓာ အသွေး အရောင်သည် လူသား၏ အရေပြားနှင့် ချွတ် စွပ် တူနေ သည်ကို ရောဘတ် သတိပြု မိ၏။ အစားထိုးရွေး ချယ်မှု မှန်ကန်ကြောင်း ညီမ ဖြစ်သူ မော်လီ၏ ချီးမွမ်း စကားကို ရောဘတ် သာသာ ထိုးထိုးလေး လက်ခံ လိုက် သည်။ မေရီ့ထံက အငွေ့တ ထောင်း ထောင်း ထနေသော ကော်ဖီခွက်ကို ရောဘတ် လှမ်းယူသည်။ နေ့တစ် နေ့၏ ပုံမှန် လုပ်ငန်းဆောင် တာများအား မေရီ အသား ကျနေပြီ ဖြစ်ကြောင်း ရောဘတ် မျက်မြင် ကိုယ်တွေ့။ တစ်ခါတစ်ရံ ညီမဖြစ်သူ မော်လီ၏ အ၀တ် အထည်များ ၀တ်ဆင် ထားသည့် မေရီကပင် မော်လီ့ ထက်ပို၍ အချိုးညီပြေ ပြစ်နေတတ် သည်ကို ရောဘတ် အသိဆုံး။ မေရီ့အတွက် လိုအပ် မယ်လို့ ယူဆ ရသော မိန်းမ အသုံး အဆောင် တိုတို ထွာထွာလေး ကအစ မော်လီ ကိုယ်တိုင် မငြိုမငြင် ဖြည့် ဆည်းပေးနေကျ။ သို့သော် လည်း မေရီ ကိုယ်၌က လို လား တပ်မက် သည့်ဟန် လျော့ ပါးနေ တတ်သည်ကို ညီမဖြစ် သူ မော်လီက ရယ်ကာ မော ကာ အရွှန်း ဖောက်တတ်သည်။ ရောဘတ်၏ စွမ်းဆောင် ကွန့် မြူးမှု အပေါ် ဆုံးခန်းတိုင် အောင် မပြည့်မီ သေးသလို ရောဘတ်အား သတိပေး နေသည့်နှယ်။
အတော် အသင့်ပြီး ပြည့် စုံနေပြီ ဖြစ်သော လူသားစက် ရုပ်မလေး မေရီသည် စကား အင်မတန် နည်းခြင်း၊ အအိပ် အနေ မမက်မောခြင်း၊ အရယ် အပြုံး ပါးရှား ခြင်း၊ လမ်း လျှောက် သည့်ဟန် မပျော့ပြောင်းခြင်း၊ လှလို ပလိုစိတ် ၌ အာသာငမ်း ငမ်းမ တက်ခြင်း နှင့် အဖုံဖုံသော စိတ်ခံစားချက် ယေဘုယျ အချုပ် လက္ခဏာများ ကုန်ခမ်း ပပျောက် နေသေးသည်ကို ရောဘတ် မချင့် မရဲဖြစ် နေသည်။
အဆိုးဝါးဆုံး အချက်က ညီမလေး မော်လီကို ဆက်ဆံ သလို ရောဘတ် အား ဆက်ဆံ နေသည့် အချက်။
ဆိပ်ဖလူး ပန်းရနံ့တို့ သင်းအီ နေတတ်သော မြို့ပြင် စပ်က ဆိုင်လေးသည် ရောဘတ် နှင့် မေရီတို့ နှစ်ဦး ညနေခင်း ကားမောင်း လည်ပတ် ရာမှ အချိန်မှန်မှန် ထိုင်ဖြစ်သော စားသောက် ဆိုင်ကလေး။
“မေရီ ညစာ တစ်ခါ တည်း စားသွား မလား” “၀ိုင် ခပ်ပြင်းပြင်းလေး တစ်ခွက် လောက် သောက်ချင် နေ သလိုပဲ” အစား အသောက်များ လွယ်လင့် တကူ သုံးဆောင် စွန့်ထုတ် နိုင်ရန် စီလီကွန် များဖြင့် အစားထိုး မွမ်းမံ ထားသော မေရီသည် ထိုသို့ နှင်နှင် ရောင့်ရဲ တတ်သည် က အများသား။ ထိုအချိန် မျိုး၌ ရောဘတ်က- “အိုခေ၊ အိုခေ ကိုယ် ဒါကို မေ့သွားတာ။ ကား မောင်းနေ တုန်းတောင် ကိုယ့် စိတ်ထဲ ၀ိုင်ပြင်းပြင်းလေး တစ်ခွက်လောက် တောင့်တမိ သေးတယ်။ အခု ကိုယ့် ဆန္ဒကို မေရီက သတိပေး သလို ဖြစ်သွားတာပေါ့။ အင်းလေ ကိုယ့်အတွက် တော့ မေရီဟာ ဘုရားပေးတဲ့ ဆုလာဘ် တစ်ခု ပဲ ထင်ပါရဲ့”
ဘာသာ စကားနှင့် အထိုက် အလျောက်ရေလည် ကျွမ်းဝင် နေပြီ ဖြစ်သော မေရီ ကို မမှိတ်မသုန် စိုက်ကြည့် ရင်း သွေးတိုး စမ်းရတာက ကြုံရင် ကြုံသလို။ အခါခါ အထပ်ထပ်။ အမြဲ လိုလို မေရီ စိတ်ခံစားလှုံ့ဆော်မှု ပမာဏ ကို ရောဘတ် မျက်ခြည် ပြတ် မခံခဲ့။ အလားတူ တစ်ဖက်က ကျောက်ရုပ်သာ သာ တုံ့ပြန် နှိုးဆော်မှုအဆင့် ကနေ ပြောင်းလဲ မလာသေး တာကိုလည်း လက်မခံ ချင်လို့ မရ။ မေရီ့ ဦးခေါင်း အတွင်း က အာရုံ လှုံ့ဆော် ခံစားမှု အပေါ် တပ်ဆင် အသုံးချ ထားသော ဆော့ဖ်ဝဲ၏ နည်းပညာ အား နည်းချက် မှန်းလည်း ရောဘတ် ရိပ်မိ သည်။ သို့သော် ရောဘတ် ကိုယ်တိုင်က တစ်ကိုယ် တော် လမ်းစ ဖောက်ချင်သူ။
ရာနှုန်းပြည့် မဝေးတော့ သည့်ခရီးကို သူ တစ်ကိုယ်တည်း ဆက်လျှောက် ချင်သူ။ အောင်မြင်မှုကို မျှဝေ ခံစားလို သည့်စိတ် ခေါင်းပါး နေတာ မျိုးလည်း မဟုတ်ပြန်။ လူ သား စက်ရုပ်မလေး မေရီနှင့် အတူ ယှဉ်တွဲကာ ချစ်ကြိုး တင်းလို သည်အထိ ရောဘတ် စိတ်ကူး အိပ်မက်တို့ မဆံ့ ရင်ကန်ဖြစ်နေ သည်က ပိုလိမ့်မည် ထင်၏။ ထို့ကြောင့် ပင်...။ “မောရစ်နဲ့ ညှိနှိုင်းဆွေး နွေးရမယ့် အချိန်ကျ ပြီလို့ ကိုကို မယူဆ နိုင်သေးဘူး လား။ ကိုကိုသာ ခေါင်းတစ် ချက်ညိတ် လိုက်စမ်းပါ။ မော်လီ့ သူငယ်ချင်း ကို မော်လီ အချိန် မရွေး လှမ်းခေါ်လိုက် ရုံပဲ။ မော်လီ့ သူငယ်ချင်း မောရစ်က အတတ်ပညာ ပိုင်းဆိုင် ရာပဲ နာမည် ထွက်တာပါ။ သူ တစ်ပါး အောင်မြင်မှုကို အညွှန့် ခူးစား တတ်တယ် လို့ တော့ မော်လီ တစ်ခါမှ မကြားဖူးပါဘူး”
“တော်စမ်း၊ မော်လီ ငါ လုပ်တဲ့ အလုပ်ကို နင် ဘယ် လောက် နားလည်လို့ ၀င်စွက် ဖက်နေရတာလဲ။ နင့်မီးဖို ချောင်ထဲသာ အစပ် အဟပ် မတည့်တည့် အောင် နင်စီမံလို့ ရချင်ရမယ်။ ငါ ကိုင်တွယ်နေ ရတာက တစ်ချက် ကလေး တိမ်း စောင်းသွားတာနဲ့ တစ် ကပြန်စတဲ့ အလုပ်မျိုး၊ အေး မောရစ်ဆီက အကူ အညီကို မျက်စိမှိတ် ငြင်းနေ တယ်လို့ နင် ထင်နေတာ ကတော့ ငါ လည်း မရှင်းပြတတ်ဘူး”
“ကိုကို ပြောပုံက မော်လီ့ သူငယ်ချင်း မောရစ်ကပဲ အရည် အချင်းမရှိ သလို လို ဖြစ်နေပြီး မသကာ ဦးနှောက် တစ်လုံး ထက်စာရင် ဦးနှောက် နှစ်လုံး ပေါင်းပြီး အလုပ်လုပ် တာက အမှားကို ပိုထိန်းသိမ်း နိုင်မယ်လို့ ကိုကို လှည့်တွေး ကြည့်ပါ လား”
“ကျွတ် သွားစမ်းပါ ဟာ၊ စကား အပိုတွေ မပြော စမ်းပါနဲ့။ ဒီမယ် မော်လီ နင့်ကို ငါ အရှင်းဆုံး ပြောမယ်။ မေရီနဲ့ ပတ်သက်ရင် ညီမ အရင်းဖြစ်တဲ့ နင့်ကို တောင် ဘာတစ်ခုမှ အသိပေး ချင်ခဲ့ တာ မဟုတ်ဘူး။ ဒီတော့ နင့် လုပ်ရပ် နင့်စေတနာကို ကျေး ဇူးပြုပြီး ရပ်တန်းက ရပ်ပါ တော့”
ရောဘတ်ထံက ပြောင်း လဲမှု ခပ်သည်းသည်း ကြောင့် မော်လီ ရုတ်တရက် နှုတ် ဆိတ်သွား သေးသည်။ ပြီးမှ တစ်စုံ တစ်ရာကို သတိရသွား သည့်ဟန်ဖြင့်
“ခုချိန်မှာ ကိုကို့ဘက် က မေရီနဲ့ ပတ်သက်ပြီး သို သိုသိပ်သိပ် ရှိချင် တာကို မော်လီ နားလည်တယ်။ ဒါပေမဲ့ ကိုကို တင်းကျပ် ထားတဲ့ စည်းကမ်းကို ကိုကို ကိုယ်တိုင် ချိုးဖောက်နေ တာကျတော့ အပြစ် မဖြစ်ဘူး ပေါ့ ဟုတ်လား” “ကဲ နင်မသိအောင် ငါ ဘာတွေ ချိုးဖောက် နေသလဲ၊ ပြောစမ်းပါဦး”
“မေရီ မနက် မနက်ခြံထဲ ဆင်းပြီး သတင်းစာ ဆင်းဆင်း ယူနေတာ ကိုကို အမိန့် မပါ ဘူးပေါ့” “ဟား ဟား ဟား ဟား နင့်ကို ငါ့ညီမလို့ ပြော ရမှာတောင် ရှက်လာပြီ မော် လီရယ်၊ ဆယ်ပေ လောက်မြင့် တဲ့ အုတ်တံတိုင်းနဲ့ ခြံတံခါး အလုံပိတ် ကနေ မေရီ့ ကို တစ် ယောက်ယောက်မြင်သွားဖို့ ဆိုတာ ချင့်ချင့် ချိန်ချိန်လည်း စဉ်းစားပါဦး”
“ဒီလောက်တော့ မော် လီလည်း တွေးတတ် တာပေါ့ ကိုကိုရယ်၊ မော်လီ ပြောတာ က သတင်းစာ လာပို့ရင်း မတော် တဆ မေရီကို မြင် သွားရင် ဘယ်လို လုပ်မလဲ” “ပုံကြီး မချဲ့ချင် စမ်းပါနဲ့ မော်လီရယ်၊ သတင်းစာပစ် ထည့်ရတဲ့ အပေါက် လေးက လက်တစ်ထွာ တောင် ကျယ်တာ မဟုတ်ဘူး။ အေး မလွှဲသာ မရှောင် သာလို့ သတင်းစာ ပို့တဲ့ ငချွတ်လောက် မြင်သွားတာတော့ ငါလည်း ဂရု မစိုက်ဘူး။ ပြီးတော့ မေရီ့အတွက်လည်း ပုံမှန် အလေ့ အကျင့်လေးက ရှိနေမှ ဖြစ်မှာ” “သိပြီးသား သိပြီးသား ကိုကိုတို့ နှစ်ယောက် စလုံး အဲဒီ ဆယ်ပေ ပတ်လည် အခန်းလေး ထဲမှာပဲ တစ်သက် လုံးနေပေတော့” သည်လိုနှင့်...။
အပတ် တကုတ် မနေ မနား အခန်း အောင်းကာ တီထွင် ကြံဆ နည်းလမ်း ရှာနေသော ရောဘတ်၏ အခန်း ကျဉ်းထဲမှ စူးစူးဝါးဝါး အော်သံကြောင့် မော်လီ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
“ကိုကို ကိုကို ကိုကို ဘာဖြစ် တာလဲ၊ တံခါး အမြန် ဖွင့်ပါဦး” “ကိုကိုတော့ ၀ီရိယ အကျိုး ခံစားရပြီ မော်လီရေ၊ ကိုကိုတို့ အချိန် အပိုင်း အခြား တစ်ခု စောင့်ကြည့် လို့မှ အမှား ကင်းပြီဆိုရင် လူသိရှင်ကြား ချပြရုံပဲ၊ သာမန် နည်းပညာ မဟုတ်တဲ့ အတွက် တစ်ကမ္ဘာလုံးက ပညာရှင် တွေအားလုံး အလယ်မှာ ကိုကိုတော့ လက် မထောင်နိုင်ပြီ၊ ကိုကို့ရဲ့အောင် မြင်မှုကို ညီမလေး ၀မ်းမသာ ဘူးလား”
“ဘယ်လို ပြောလိုက် တာလဲ ကိုကိုရယ်၊ မော်လီ ၀မ်းသာ တာပေါ့” “တကယ်တော့ ဒါဟာ လိင်ပိုင်း ဆိုင်ရာ အာရုံ ခံစားမှု ဧရိယာကို အလို အလျောက် နှိုးဆော် ပေးမယ့် အဆင့်မြင့် ဆော့ဖ်ဝဲ တစ်ခုပဲ။ တခြားစိတ် ခံစားချက် အသေး အမွှားလေး ကအစ သူ့အလို အလျောက် ထိန်းချုပ်နေမှာ ဆိုတော့ ပြီး ပြည့်စုံတဲ့ ရလဒ်ဖြစ်ဖို့ ရာနှုန်း ပြည့် သေချာနေပြီ။ မေရီ့ကို ကြည့်ပါဦး၊ ဘာတွေ ပြောင်း လဲသွား လဲလို့”
ရှက်သွေး ဖြာလုမ တတ် ခံစားမှု အရိပ်အယောင် အား မဖုံးနိုင် မဖိနိုင် ဖြစ်ကာ သွယ်လျသော လက်ချောင်း လေးများ ကိုပင် ဆုပ်နယ် ပွတ် သပ်နေသည့် လူသား စက်ရုပ်မလေး မေရီ့ကို မြင်တွေ့သူ တိုင်း မော်လီ အံ့သြ တုန်လှုပ် သွားသည် ထက် မလျော့မှာ သေချာ၏။ မော်လီ ကိုယ်တိုင် ဖျတ်ခနဲ ပေါ်လာသော ခံစား မှုအား မအောင့်အည်း နိုင်တော့ ဘဲ။
“ခုချိန်က စပြီး မော်လီ့ အတွက် ချစ်ဖို့ကောင်းတဲ့ ညီမလေး တစ်ယောက် အပိုင် ရသွားပြီနော်” “ညီမလေး ပြောတာ မှန်သင့် သလောက် မှန်သား ပဲ။ ဒါပေမဲ့ မပြည့်စုံ သေးဘူး ထင်တယ်” “ဘာလဲ ကိုကိုရဲ့” “ချစ်စရာ သိပ်ကောင်း တဲ့ ယောင်းမ ချောချောလေး ဆိုရင် ပိုမပြည့်စုံ သွားဘူး လား” “ဟ...ဟား... ရတယ်...ရတယ်၊ ကိုကို့ သဘော၊ ကိုကို့ သဘော၊ နေဦး ဒါဆိုရင် မော်လီကို လည်း ကိုကို အခွင့်အရေး တစ်ခု ပေးရမယ်၊ ဘယ်လို လဲ”
မေရီက မခိုးမခန့် ပုံစံ တမင်ဖမ်းကာ မေးစေ့ကို လက်ဖြင့် အသာ အယာပွတ် ရင်းက မေးနေ၏။ “အင်း ဆိုစမ်းပါဦး၊ ငါ့ ညီမက ဘာအခွင့် အရေးများ ယူချင်လို့လဲ” “ပါးပါးလေးပါ ကိုကို ရာ၊ မော်လီ့ သူငယ်ချင်း မောရစ်ကို မေရီနဲ့ ဆုံပေး ရုံလေး ပဲ၊ ဘယ်လိုလဲ ဖြစ်တယ် မဟုတ်လား ဆရာကြီး”
“ဒီကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်ထား ပြီးသားပါ။ ဒါပေမဲ့ ကိုကို့ကို အချိန်နည်း နည်းတော့ ပေး” “ကိုကို့ နည်းနည်း ဘယ် လောက်တောင် စောင့်ရမှာ လဲ” ရောဘတ်က လက်ညှိုး လေးထောင်ရင်း ပြန်အဖြေ ပေးနေ၏။ “တစ်လ”
“ဟား...ဟား... ဟား...ဟား...” “ကြည့်...ဒါက မော်လီ့ ကိုကို ကို မောရစ်က လှောင် တာပေါ့လေ” “မဟုတ်ဘူး၊ မဟုတ် ဘူး၊ ကိုရောဘတ်ကြီး ပြောတဲ့ ယောင်းမ ဆိုတာကို သဘော ကျလွန်းလို့ပါကွာ ဟား... ဟား...” မောရစ် ပြောလည်း ပြောချင် စရာမို့ ပြောရင်းတန်း လန်းက ရယ်ချင် စိတ်မကင်း သေးဟန်ရှိသော မောရစ်ကို မော်လီက ချစ်စဖွယ် မျက် စောင်းတစ်ခု လှမ်းထိုးရင်း
“ဟုတ်တော့ ဟုတ် တယ် မောရစ်ရဲ့၊ ကိုကို အကဲ ပိုလောက်အောင်ကို မေရီ တော်တော် ပြောင်းလဲသွား တာ၊ မော်လီ တို့မောင်နှမ က မေရီလေးရဲ့ အရင် ပုံစံကိုပါ ထိတွေ့ ထားရတော့ အရမ်း သိသာတာပဲ သိလား” “ဟုတ်လား၊ မော်လီ ပြောတာနဲ့ ကိုယ်တောင် မော်လီတို့ အိမ်မြန်မြန် ရောက် ချင်လာပြီ” မောရစ်က ပြောလည်း ပြော၊ ခပ်မှန်မှန် မောင်းလာသော မာစီဒီးစ်ကား လေးကိုလည်း အရှိန်ထပ်မြှင့် နေ၏။
“တကယ် မောရစ်ရယ်၊ အစစ အရာရာ ပြောင်းလဲ သွားတာများ မော်လီတော့ လက် ဖျားခါတယ်။ ခုဆိုရင် အိပ်ရာက ကိုကို မနှိုးမချင်း မေရီ မထ တော့ဘူး။ နိုးလာလို့ ကိုယ်လက် သန့်စင် ပြီးရင်လည်း မှန်တင်ခုံ ရှေ့မှာ ဖင်ဂျွတ်စွဲ မတတ်ထိုင် နေတော့တာပဲ။ နောက်ဆုံး သူစိတ်တိုင်းကျ ခြယ်လို့ သလို့ ပြီးပြီ ဆိုတော့မှ ကိုကိုနဲ့ အတူ ကော်ဖီသောက် ရင်း ပြောလိုက်တဲ့ စကားဆို တာ အမြှုပ်တောင် ထွက် မလား ထင်ရတယ် မောရစ် ရေ”
“ကိုရောဘတ်ကြီးတစ်ယောက် သဘောတွေကျနေ မှာပဲ” “ဘာပြော ကောင်းမလဲ မောရစ်ရယ်။ သေချာတာ ပေါ့။ နောက်ပြီး ခြံထဲမှာ သတင်းစာ ကို ထိုင်ခုံ တစ်လုံး နဲ့ အကျအန ထိုင်ဖတ် နေပုံ များ မောရစ်ကို မြင်စေ့ချင် တယ်” “တယ်ဟုတ်ပါလား။ မေရီက သတင်းစာ ကိုတောင် စိတ်လို လက်ရ ဖတ် တတ်နေ ပြီကိုး” “ဘယ်ကလာ မောရစ် ရယ်။ ဘယ်သူ့ စနက်ရှိမလဲ။ ကိုကိုလေ ကိုကိုပေါ့။ သတင်းစာ ကိုတောင် မေရီ ဖတ်ပြ တော့မှ နားထဲဝင် တယ် ထင်နေတာ”
“အဟား ကိုရောဘတ် ကတော့ စံပဲဟေ့” “နောက် ရှိသေးတယ်။ ရှိသေးတယ်။ အခုဆို မော်လီ့ ဖို့ တစ်ခုခု ၀ယ်တိုင်း မေရီ့ အတွက်ပါ မကျန်စေ ရဘူး။ ဟိုတစ်ယောက် ကလည်း သူ့ အတွက်များ ပါမလာရင် ကိုကို့ကို နှစ်ရက်လောက် စိတ်ကောက်နေ တော့တာ” မော်လီ၏ လေယူလေ သိမ်း အတက် အကျက ရော ဘတ်၏ အောင်မြင်မှု အပေါ် ဂုဏ်ယူ ၀ံ့ကြွား လိုသည်ထက်၊ လူသား စက်ရုပ်မလေး မေရီ ၏ ကြောက်ခမန်း လိလိ မယုံ နိုင်စရာ တိုးတက် ခေတ်မီနေ ပုံအား ပို၍ ထင်းခနဲ လင်းခနဲ ဖြစ်အောင် ပံ့ပိုး နေသည်ဟု မောရစ်ကထင်သည်။ ပညာ သည် အချင်းချင်း အနီးကပ် စူးစမ်း လေ့လာ ချင်စိတ်က မောရစ်အား လီဗာကိုသာ ဖိနင်း ခိုင်းရသည်။
“လာကြဦး၊ လာကြဦး မင်းတို့ နှစ်ယောက် ရောက် လာတာနဲ့ အတော်ပဲ။ ငါ တစ်ယောက်တည်း ဘာလုပ် လို့ ဘာကိုင် ရမှန်းကို မသိ တော့ဘူး” အရူးမီးဝိုင်း သလို ရေးကြီး သုတ်ပြာနဲ့ မဆိုင်း မတွ လှမ်းပြောသော ရောဘတ်၏ ပုံစံက ရေချိုးပြီး ထွက်လာစ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာ ကျင်း အတိုင်းသာ ရှိသေး၏။ ရုတ်တရက်ကြီး ဘာစမေးလို့ မေးရမှန်း မသိအောင် ကြောင် အမ်းအမ်း ဖြစ်နေသော သူတို့ နှစ်ယောက်ကို ရောဘတ်က ပင် မျက်ကလူး ဆန်ပျာဖြင့်- “ဒီမှာ မေရီ မရှိတော့ ဘူး။ မေရီ့ကို လုံးဝမတွေ့ တော့ဘူး။ မေရီ တစ် ယောက်တည်း ဘယ်များ ထွက်သွားပြီလဲ မသိဘူး” မောရစ် ကြည့်ရတာ ကြောင်စီစီ နိုင်နေသလို ရှိသော်လည်း မော်လီက တော့- “ဟာ ကိုကိုတို့က လုပ်ပြန်ပြီ။ ဒီအချိန်ဆို မေရီ ပန်းရုံထဲ ရောက်နေမှာပေါ့။ နာရီလည်း သေသေချာချာ ကြည့်ပါဦး” ရောဘတ်က စုတ်တစ် ချက်သပ်ရင်းမှ ရင်ခေါင်းသံ ကြီးဖြင့် ပြန်ပြောသည်။ “ဘယ်ကလာ မဟုတ် ဘူး၊ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။ ကိုကို တစ်အိမ် လုံး တစ်ခြံလုံးကို ဒေါင်း တောက်အောင် ရှာထားပြီး ပြီ။ ဘယ်နေရာမှ မတွေ့ဘူး။ ကိုကို ရေချိုးခန်းထဲ ၀င်ခါနီး တောင် ဧည့်ခန်းမှာ စာထိုင် ဖတ်နေ သေးတယ်။ ဟာ ဒုက္ခပါပဲ။ အန္တရာယ် တစ်ခုခု များ ဖြစ်လို့ ကတော့ ကိုကို ရင်ကျိုးလိမ့်မယ်” အခြေအနေကို အနည်း ငယ် ရိပ်စားမိပြီ ဖြစ်သော မောရစ်က သူနှင့်နီးစပ် သည့် အချက်ကို ၀င်ထောက်သည်။
“ကိုရောဘတ် မေရီ့ကို ဗိုင်းရပ်စ်ကော မှန်မှန်စစ် ဖြစ်ရဲ့လား” “နေမလား မောရစ်ရယ်၊ ဒီအရေး တွေကို ကိုယ်ကြိုမြင်လို့ ဗိုင်းရပ်စ် ကိုက် တာနဲ့ နှစ်ဆယ့် လေးနာရီ အတွင်း သတိပေးတဲ့ ဆော့ဖ်ဝဲ တစ်ခု အင်စတော လုပ် ထား ခဲ့ပြီးသား။ ဟုတ်ပြီ ဟုတ်ပြီ ဗိုင်းရပ်စ် ကိုက်တာ သေချာ ရင်တော့ နောက် ကျောဘက် အချက်ပြ မီးက နှစ်ဆယ့် လေးနာရီ မကျော်ခင် လင်းကို လင်းနေလိမ့်မယ်”
“ဒါဆိုရင်လည်း အချိန် ရှိတုန်း ခပ်မြန်မြန် လိုက်ရှာ ရအောင်” ရောဘတ် အ၀တ်အစား ခပ်သွက်သွက် လဲကာ အဆင်သင့် စောင့်နေသော မောရစ်၏ ကားပေါ်သို့ ၀ုန်းခနဲ တက်ထိုင်သည်။ မော်လီက အကျိုး အကြောင်း ထူးတာနဲ့ အိမ်ကနေ ဖုန်းလှမ်း ဆက်မည်ဆိုကာ ကျန်ရစ် ခဲ့လေ၏။ ထိုသို့ နေရာ အနှံအား အချိန်တစ်လ ကြာကြာ အားကြိုး မာန်တက် လိုက်လံ ရှာဖွေ စုံစမ်း သော်လည်း အကြောင်းထူး ပုံမထောက်၍ ရောဘတ် အားပျော့ စိတ် လျှော့ချင်လာ၏။ ထိုထက်ပို၍ ရောဘတ်တို့ ဘက်က လူသား စက်ရုပ်မလေး မေရီ ၏ နောက်ကျောဘက်က တစ်စုံတစ်ရာ ၀ိသေသအား သဲလွန်စ တစ်ရပ် အနေဖြင့် “နောက်မီးလင်း နေတဲ့ ကောင် မလေး တစ်ယောက် ကိုများ တွေ့မိ သေးလား”ဟု ထုတ်ထုတ် မေးသည့် အခါ အမေး ခံရသူ အပေါင်း၏ စိတ်မနှံ့သူ တစ်ယောက်လို ယုံမှတ် မှားကာ စိုက်စိုက်၍ ကြည့်သွား ကြသော တန်ပြန် မျက်လုံးတို့ ၏ ဒဏ်မှ ရင်မဆိုင် ၀ံ့တော့ တာက ပိုလိမ့်မည် ထင်ပါသည်။
တိုက်ဆိုင်မှု တစ်ခုဟု အသံလွှင့် ရအောင် တိုက်ပဲ တိုက်ဆိုင်နိုင် လွန်းသည့် မသိုးမသန့် သတင်းလေး တစ်ခု ကလည်း ရောဘတ်၏ အိမ်အပြန် ခရီးတွင် အသင့် စောင့်ဆိုင်း နေခဲ့သည်။ လူသား စက်ရုပ်မလေး မေရီ ပျောက်ချင်း မလှ ပျောက်ဆုံး သွားခဲ့သော နောက်တစ်နေ့ နံနက်မှ စတင် ကာ ရောဘတ်၏ အိမ်သို့ အချိန် မှန်မှန် သတင်းစာ လာပို့လေ့ ရှိသော လူငယ်ချွတ် တားလေး သည်လည်း အစ အနပင် ရှာမရအောင် ကိုယ် ရောင်ဖျောက် သွားခဲ့သည် ဟု...။
မြတ်သောခေတ် (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Thursday, 06 December 2012 19:21 |