|
Written by ခင်ဆုမြတ်ထွန်း
|
|
Wednesday, 05 September 2012 10:52 |
ဒီတစ်လ အုတ်တစ်ချပ် သဲတစ်ပွင့် ကဏ္ဍအတွက် အဖွဲ့တစ်ဖွဲ့နဲ့ စကား ပြောဖြစ်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အကြောင်း တော်တော်လေး ပြောဖြစ်ကြတယ်။
argaiv1944
လူသားတိုင်း အထူးသဖြင့် နိုင်ငံသားတိုင်းမှာ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အကြောင်း ပြောဖြစ်ကြတယ်။ တစ်နိုင်ငံတည်းမှာ အတူနေပြီး၊ တစ်ယောက်က ဆိုင်ကောင်းကောင်းတွေ နေ့တိုင်းသွား အကောင်းဆုံး ဟင်းလျာတွေကို မကုန်ခန်းနိုင်တဲ့ အထိ မှာစားနိုင်တယ်။ နောက်တစ်ယောက်ကတော့ ယမ်းငွေ့တွေကြားမှာ မိသားစုနဲ့ တကွဲတပြား ခြေဦးတည့်ရာ ပြေးလွှားရင်း အသက်ရှင်ဖို့ အတွက် မြက်ကိုတောင် စားခဲ့ရတယ်။ နောက်ပြီး ကလေးတွေ......ဒုက္ခသည် စခန်းက ဖွင့်ထားတဲ့ ကျောင်းမှာတက်ပြီး၊ ညနေ ကျောင်းဆင်းချိန် ဗိုက်ဆာလို့ အပြေးအလွှား ပြေးလာရင်း မာပြီး အေးစက်နေတဲ့ ထမင်းရယ်၊ ဟင်းရွက် ရေလုံပြုတ်တွေရယ်ကို ဆားဖြူးပြီး စားနေကြတယ်။ အဲဒါ ယုံတမ်းစကားတွေ မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်။ သူတို့က ဘာလို့အဲဒီလိုဖြစ်နေရမှာလဲ၊ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ သူတို့ပဲဘာကြောင့် ဒီဒုက္ခတွေကို ခံစားရမှာလဲ။
အဲဒီမြောက်ပိုင်းဒေသကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ရောက်ဖူးတဲ့ သူတွေဆီက တစ်ဆင့်၊ ပြီးတော့ သူတို့ရိုက်ထားတဲ့ ဗီဒီယိုအခွေက တစ်ဆင့် မြင်ရ၊ ကြားရ၊ သိရတယ်။ အဲဒီလို မြင်လိုက်၊ ကြားလိုက်၊ သိလိုက်ရတဲ့ သူတိုင်းလည်း ရင်ဘတ်ထဲမှာ ဗြောင်းဆန်သွားအောင် ခံစားရလိမ့်မယ်ထင် တယ်။ အခုကတော့ ဒီကဏ္ဍရဲ့ရည်ရွယ်ချက်အတိုင်း လူငယ်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကိုပဲ ဖော်ပြပေးလိုက်ပါမယ်။ ဒီတစ်လအတွက် ရွေးချယ်ထားတာက အဖြူရောင်တွဲလက်များ ဆိုတဲ့ လူငယ်အဖွဲ့ပါ။ အဖွဲ့လို့ဆိုတာထက် လူငယ်ကွန်ရက်လို့ ပြောရင်ပိုမှန်မယ် ထင်ပါတယ်။ အဖြူရောင်တွဲလက်များ ကှို Sympathy FocusCentury Lamp, Self-help, ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ)တို့အပြင် တခြားလူငယ်အဖွဲ့အချို့နဲ့စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အရင်ကတည်းက သူ့အဖွဲ့နဲ့သူ သူငယ်ချင်းတွေ စုပေါင်းပြီးဖွဲ့စည်းထားတဲ့ အဖွဲ့လေးတွေ ရှိပေမဲ့လည်း ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွား ပြီးတဲ့နောက် ကချင်ဒေသ အတွက် အဓိက ကူညီလုပ်ဆောင်ပေးသွားဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ “အဓိကကတော့ ကချင်ကိစ္စတွေ ဖြစ်လာမှအဖြူ ရောင်တွဲလက်များ ဖြစ်လာတာပါ။ Network တစ်ခုလုပ်လိုက်တာပေါ့။ ကိုယ်တို့ အဖွဲ့တစ်ဖွဲ့တည်းဆိုလည်း မလုပ်နိုင်ဘူး။ တခြားအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ကြည့်မယ်ပေါ့။ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲဆိုတော့။ လက်လှမ်းမီရာ အဖွဲ့တွေကိုလည်း ပြောတယ်။ အဲဒီလို အဖွဲ့တွေကို စုလိုက်ပြန်တော့လည်း နာမည်ကလိုပြန်တော့ အဖြူရောင် တွဲလက်များဆိုပြီး ဖြစ်သွားတာပါ။ ပထမတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ပြီးရင် အဖွဲ့ကို ဖျက်လိုက်မယ်ပေါ့။ အဲဒီလို စဉ်းစားခဲ့တာ”လို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘိုဘိုက အဖြူရောင်တွဲလက်များ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အဖြူရောင်တွဲလက်များ အဖွဲ့ဟာ (Right base) နိုင်ငံသားတိုင်းမှာ ရရှိ သင့်တဲ့ အခွင့်အရေးတွေကို နိုင်ငံသားတိုင်း သိစေလို၊ ရစေလိုတဲ့ ရည်ရွယ်ချက် နဲ့နိုင်ငံသားတိုင်းရဲ့ မူလ အခွင့်အရေးပေါ်မှာ အခြေ ခံထားတယ်လို့ ဆိုပါတယ်။ အဖြူရောင် တွဲလက်များ ဆိုပြီး အဓိက ဖြစ်ပေါ်လာစေတဲ့ တွန်းအားကတော့ “ကချင်ပြည်နယ်မှာ စစ်မက်တွေ ဖြစ်ပွားတယ်။ အဲဒီအတွက် ဒေသခံပြည်သူ တွေ ဒုက္ခရောက်မှာပဲလေ။ အဲဒါက တွန်းအား တစ်ခုပေါ့။ သူတို့ခံစားနေရတာ ကို သိတယ်။ ဒုက္ခသည်လို့ မသုံးချင်ဘူး။ လှူတယ်လို့လည်း မသုံးချင်ဘူး။အပြန်အလှန် နားလည်မှုလိုချင်တဲ့ အတွက် ရင်းနှီးမှုတည်ဆောက်ချင်တယ်။ ကိုယ်တွေ ဘာလုပ်ပေးနိုင်မလဲ။ ဒါဘာကြောင့် ဖြစ်တာလဲ။ ကိုယ်ဘာလုပ် သင့်လဲဆိုတာမျိုး စဉ်းစားတယ်။ ကျွန်တော်တို့က နာမည်လည်းမရှိဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေလည်း မဟုတ်ဘူး။ ကိုယ့်မှာ ဘာမှမရှိဘူး။ ဒါပေမဲ့ တတ်နိုင်သလောက် လုပ်မယ်ပေါ့”ဆိုပြီး ကိုဘိုဘိုက စိတ်အားထက် သန်စွာနဲ့ ပြောခဲ့ပါတယ်။
ပထမ ရည်ရွယ်ထားတာကတော့ ကချင်အထိ သွားဖို့ မဟုတ်ဘဲ ကချင်ပြည်နယ် အတွက် လုပ်ဆောင် ပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေက တစ်ဆင့် ကူညီ ပေးသွားဖို့ ဖြစ်ပါတယ်။ အဲဒီလို မရည်ရွယ် ထားပေမဲ့လည်း ကချင်ပြည်နယ် အတွင်းမှာ ရှိတဲ့ စခန်းတွေရော၊ တရုတ်ပြည်နယ်ထဲမှာ ရှိတဲ့ စခန်းတွေ အထိပါ သွားရောက် ကူညီခဲ့တာ ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။ အဖြူရောင် တွဲလက်များရဲ့ ကချင်ဒေသ အတွက် ပထမဆုံး လှုပ်ရှားမှု စတင် ဖြစ်ခဲ့ပုံကို အဖွဲ့ဝင် တစ်ဦးဖြစ်သူ မဖြူအိသိန်းက“ကချင်က ပြန်လာတဲ့ သူငယ်ချင်း တစ်ယောက်က အဲဒီမှာ တော်တော်လေး ဒုက္ခရောက်နေတယ်။ စစ်ဘေး ရှောင်ရင်း၊ ပြေးရင်း လွှားရင်းနဲ့ပေါ့။

အဲဒါနဲ့ ကိုဘိုဘိုနဲ့စကားစပ် မိသွားရင်း သူကလည်း အဲဒီ မှာ နေဖူးတယ်ဆိုတော့။ ဒါဆိုဘာလိုအပ်မယ် ထင်လဲပေါ့။ အေးတယ်ဆိုတော့ သူကလည်း ဒီအချိန် အနွေးထည်တော့လို လောက်တယ်။ ဘာလုပ်လို့ရမလဲ ဆိုတာ စဉ်းစားတော့ အရင်ဆုံး ဘာလုပ်ပေး နိုင်မလဲ ဆိုတာကို စဉ်းစားရတာပေါ့။ အစ်မကဂျပန်မှာ ကလေးတွေကို စာသင်တယ်။ ဂျပန်ကနေ အနွေးထည်တွေ စုပေးမယ်။ ကချင် တက်ဖို့တော့ မရည်ရွယ်ပါဘူး။ ကချင်တက်တဲ့ အဖွဲ့တွေကို လှူချင်တာ။ အဲဒီ အဖွဲ့တွေကို လှူချင်တဲ့ အကြောင်းပြောတော့ ဘာက လွဲသွား မှန်း မသိဘူး။ ကိုဘိုဘိုက ကချင်တက်မယ် ဆိုပြီး ဖြစ်သွားတာ။ အဲဒီလိုကြားတော့ တချို့တွေက ပိုက်ဆံ လှူချင်တယ် ဆိုပြီး ပြောကြတယ်”လို့ ပြောပြခဲ့ပါတယ်။
စီစဉ်ထားတဲ့ အတိုင်းလှူဖို့ အတွက် အနွေး ထည်တွေ ရောက်မလာခင် တပေါင်းပွဲနဲ့ တိုက် ဆိုင်နေတာမို့ ရန်ပုံငွေရှာတဲ့ အနေနဲ့ ဈေးရောင်း ဖြစ်ခဲ့ပါသေးတယ်။ ရွှေတိဂုံဘုရား တပေါင်းပွဲ ဈေးမှာ အဖြူရောင် တွဲလက်များ အနေနဲ့ကလည်း ကချင်ရိုးရာ အထည်နဲ့ ပစ္စည်းတွေကို ရောင်းချပြီး ပြည်သူတွေကို တစ်တပ်တစ်အား ပါဝင်စေရင်း ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြောင်းတွေကို လည်းအသိ (messagte) ပေးနိုင်ခဲ့ပါတယ်။ ဆက် လက်ပြီးရန်ပုံငွေအတွက် တပေါင်းပွဲမှာ ဈေး ရောင်းဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ကိုဘို ဘိုက”တစ်ခါမှတော့ ဒီလို ပွဲဈေးမှာ ဈေးမရောင်း ဖူးဘူး။ ပြီးတော့ ကချင်မှာဖြစ်နေတဲ့ကိစ္စတွေကို လည်း မက်ဆေခ်ျ့ပေးချင်တယ်။ ဈေးကတော့ ရောင်းချင်တယ်။ ပိုက်ဆံတော့ မရှိဘူးလေ။ အဲဒါ ကြောင့် သူငယ်ချင်းတွေကို ပြောတယ်။ လှူထားတဲ့ ပိုက်ဆံထဲကနေ ဆိုင်ဖွင့်ပြီး ဈေးရောင်းမယ်။ ဒါပေမဲ့ ရှုံးရင်တော့ စိုက်ရမယ်ဆိုပြီး လုပ်တာ” လို့ ဆိုပါတယ်။
အဲဒီလို ပရဟိတစိတ် အပြည့်နဲ့ ကူညီကြသူ တွေရှိသလို လူငယ်တွေရဲ့ ထက်သန်တဲ့ စိတ်အပေါ် အခွင့်ကောင်း ယူပြီး ကိုယ်ကျိုးကို ရှေ့တန်းတင်တဲ့ သူမျိုးတွေနဲ့လည်း ကြုံခဲ့ရတာကို သိရတော့ ဒီလို လူမျိုးတွေလည်း ရှိပါသေးလားဆိုပြီး စိတ်မ ကောင်းဖြစ်ရပါတယ်။ “ဆိုင်ဖွင့်ဖို့ ဆိုင်ခန်းသွား ငှားတော့ သူငယ်ချင်းကသူတော်တယ်ပေါ့။ တစ်ခန်း ၅ သိန်းကို ကချင်အတွက် ဈေးရောင်းမယ်ဆို တော့ ၄သိန်း ၃သောင်း အထိလား မသိဘူး လျှော့ပေးလိုက်တယ် ဆိုပြီး ပြောတာ။ အမှန် အခန်းခက ၂သိန်းတောင် မရှိဘူးလို့ သိရတယ်။ ကိုယ်တွေလည်း မသိဘူးလေ။ ကိုယ်လိုချင်တဲ့ နေရာလည်း မရပါဘူး။ ဆိုင်ခန်းက ရသွားပေမဲ့ ရောင်းစရာ ပစ္စည်းက မရှိသေးပြန်ဘူး။ ကချင် အတွက်ဆိုတော့ ကချင်နဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေ ဆိုရင်တော့ ပိုကောင်း မယ်ပေါ့နော်။ အဲဒီတော့ကချင်ရိုးရာအထည်ဆိုင်တွေကိုသွားတယ်။ ကိုယ်တို့မှာ ပိုက်ဆံတော့ မရှိဘူး။ အထည်တွေပေးဖို့ပေါ့။ ရောင်းပြီးရင် ပြန်ပေးမယ်ဆိုပြီး ကမ်းလှမ်းရတာပေါ့”လို့ တပေါင်း ပွဲဈေးမှာ ရန်ပုံငွေ ရှာခဲ့တဲ့ အကြောင်းတွေကို ကိုဘိုဘိုက ပြောပြခဲ့ပါတယ်။
နောက်ပြီး ကိုဘိုဘို ပြောတဲ့ အထဲက ကြိုက်မိတဲ့ စကားလေး တစ်ခုရှိပါ တယ်။ “ကျွန်တော့မှာ တန်ခိုး ဣဒိ္ဓပါဒ်တော့ မရှိပါဘူး။ ရိုးသားမှုကိုသာ တန်ခိုးဣဒိ္ဓပါဒ် အဖြစ် အသုံးပြုပါတယ်” ဆိုတဲ့စကားလေးပါ။ အဲဒါက ဆရာတော် ဦးဇောတိက စာအုပ်ထဲကလို့ ဆိုပါတယ်။ များသော အားဖြင့်လူငယ် အဖွဲ့တွေမှာ လုပ်ချင်တဲ့ စိတ်အရမ်းကို ပြင်းပြတာကြောင့် ဘယ်လိုအခက်အခဲပဲ ရှိရှိ အောင်မြင်အောင် လုပ်နိုင်ကြတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ စိတ်ကူး တွေက ရိုးသားတယ်။ ဖြူစင်တယ်။ အများအကျိုးအတွက်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တစ်ခါမှ မလုပ်ဖူးတာတွေကိုလည်း လုပ်နိုင်ခဲ့ကြပါတယ်။
ကိုဘိုဘိုက အဖွဲ့ရဲ့ ပထမဆုံး ခြေလှမ်းမှာ အောင်မြင်ခဲ့တာတွေကို“အဲဒီလို ပဲ ကိုယ်တို့မှာ ဘာမှမရှိဘူး။ လုပ်ချင်တာပဲရှိတယ်။ အရင်းအနှီးရယ်လို့မရှိဘူး။ အဲဒီလို ဆိုင်တွေကို တောင်းဆိုတဲ့အခါ အဆင်ပြေတယ်။ ၃ ရက်လောက် ရောင်းပြီး တော့ မရှုံးတော့ဘူးဆိုတာလည်း သိတယ်။ အဓိကကတော့ ဒီမှာရှိတဲ့သူတွေ ကိုလည်း မက်ဆေခ်ျ့ပေးချင်တာပေါ့။ တပေါင်းပွဲဈေးဆိုတော့ လူတွေလည်း အများကြီးလာတယ်။ ပေးချင်တဲ့ မက်ဆေခ်ျ့ကိုလည်း လူတွေအများကြီးကို ပေးလိုက်နိုင်တာပေါ့။ ဆိုင်ရှေ့မှာတော့ ကိုယ်တို့ကို စိုးရိမ်တဲ့သူတွေလည်း ရှိတာပေါ့။ ဈေးရောင်းနေတုန်းမှာပဲ တစ်ဖွဲ့က ကချင်ကို တက်သွားတာ။ အဲဒီမှာ ငွေသားတွေလည်း လာလာလှူကြတယ်။ ဒုတိယ တစ်ခေါက်တက်ဖြစ်တာ က အနွေးထည်တွေကလည်း နောက်ကျနေတယ်။ ဈေးရောင်းလို့ ရထားတဲ့ ပိုက်ဆံတွေကတော့ ရှိတယ်။ အလုပ်တွေကလည်း ရှိသေးတော့ တက်ဖြစ် သွားတာ”လို့ ပြောပြခဲ့ပါတယ်။

အများအကျိုး အတွက် လုပ်ချင်ပေမဲ့လည်း လူငယ်တွေရဲ့ အားနဲ့တတ် နိုင်သမျှ လုပ်ရတာမို့ စိတ်ထဲကလုပ်ချင်သလောက် လုပ်နိုင်ဖို့တော့ အခွင့် အရေးက နည်းပါတယ်။ ဒါပေမဲ့လည်း တာဝန်ရှိရက်နဲ့ တာဝန်မသိတဲ့ သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီနေပါတယ်ဆိုပြီး ဓါတ်ပုံတွေ ရိုက် ဂျာနယ်တွေထဲ သတင်းလုပ်ပြီး ထည့်နေကြတဲ့ နာမည် ကြီးပြီးရင်း ကြီးချင်သူတွေထက် အများကြီး သာတယ်လို့ ဆိုရမှာပါ။အဖြူရောင် တွဲလက် များရဲ့ နောက်ထပ်လုပ်ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး“ဒုတိယ တစ် ခေါက်သွားတဲ့အခါ တရုတ် ပြည်နယ်ထဲက စခန်းတွေ၊ ကချင်ပြည်နယ်စပ်က စခန်းတွေရောက်တယ်။ တစ်ခုခုတော့ လုပ်ချင်တယ်။ ဘာလုပ်ပေးနိုင်မလဲ စဉ်းစားတော့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အတွက် မလုပ်ပေးနိုင်ဘူး။ မတတ်နိုင်ဘူး။ စားဝတ်နေရေးက ပိုဆိုးတယ်။ လူတွေက အများကြီးလေ။
အဲဒါတွေ မရွေးနိုင်ဘူး။ ပညာရေးကိုပဲ ရွေးခဲ့တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ကြားမှာ ရှိတဲ့မက်ဝိန်းကြီး(Man Wein) မှာရှိတဲ့ သူတွေနဲ့ တွေ့ပြီး စကားပြောကြည့်တယ်။ သူတို့ကို ကော်မတီလေး တစ်ခု ဖွဲ့ပေးပါလား ဆိုပြီး တောင်းဆိုတယ်။ သူတို့မှာလည်း အစီအစဉ် ရှိပြီးသားဆို တော့ ကလေးတွေအတွက် ပညာရေးနဲ့ပတ်သက်ပြီး တာဝန်ခံ လုပ်ဆောင်ပေးမဲ့ ကော်မတီလေး တစ်ခု ဖွဲ့ဖြစ်တယ်။ ကလေးတွေကို စာသင်ကျောင်းထဲ ပြန်ပို့ဖို့ပေါ့။ မိဘတွေကလည်း စစ်ပြေးနေရတယ် ဆိုတော့ စားဝတ်နေရေးကလည်း အခက်အခဲ ရှိတယ်။ ကလေးတွေ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်တော့ရှိတယ်။ အပို မတတ်နိုင်ဘူး။ ကလေးတွေကလည်း ပညာရေး နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှု မရှိတော့ ဘူး။ သိပ်အလေးထားရကောင်းမှန်း မသိတော့ ဘူး။ စာသင်ခန်းနဲ့ ဝေးသွားတာလည်း ပါမယ်” လို့ ကိုဘိုဘိုက သူ့ရဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ပြောပြခဲ့ပါတယ်။
ကချင်ဒေသ အတွက် အကူအညီ ပေးနိုင် အောင် ကြိုးစားခဲ့ရတာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းကိုလည်း ပြောပြခဲ့ပါ သေးတယ်။ “သင်္ကြန်မှာလည်း ဈေးရောင်းဖြစ်ခဲ့သေးတယ်။ အရက်၊ ဘီယာလုံးဝ မရောင်းဘူး။ ရေ၊ အချို ရည်နှဲ့ညချေု တွေပဲ ရောင်းတယ်။ နောက် သူ ငယ်ချင်းတွေကို ဓားပြတိုက်တဲ့ ပုံစံမျိုးနဲ့ အလှူခံ တယ်။ မရဘူး။ ထည့်ဆိုတာမျိုးပေါ့။ သိပ် မရင်းနှီးတဲ့သူတွေကျတော့ ကချင်အတွက် လှူ မယ်ဆိုတာလောက်ပဲ ပြောတာပေါ့။ ရင်းနှီးတဲ့ သူတွေကျတော့ လမ်းခရီးစရိတ်ထဲထည့် မလား၊ ကချင်အတွက်ထည့်မလား မေးရတာပေါ့။ လမ်း ခရီးစရိတ် မရှိလည်း မသွားနိုင်ဘူးလေ။ နောက်ဆုံးအခေါက် ဆိုရင် ၁၀ယောက်လောက် သွားဖြစ်တယ်။
ကချင်အတွက် လှူမယ် ဆိုတာကိုတော့ လုံးဝ ကချင်အတွက်ပဲ သုံးတယ်။ ကိုယ်တို့ လှူစဉ်ကာလမှာ”သွားကတည်းက ပညာရေးပေါ့။ ကျန်းမာရေး အတွက်လည်း မတတ်နိုင်ဘူး။ စားသောက်ရေး အတွက်လည်း မတတ်နိုင်ဘူးဆို တော့လေ။ ကိုယ်တို့ အလှူခံစဉ်ကာလမှာလည်း ကလေးတွေ ပညာရေး ကိစ္စအတွက်ဆို ပြီးပဲ ပြောတာပေါ့နော်။ နောက်ဆုံးအခေါက်မှာ ဘာက အကျပ်တွေ့သွားစေလည်းဆိုတော့ ဘော်ဒါ ဆောင် ဆောက်ဖို့၊ ဖတ်စာအုပ်တွေ ၀ယ်ဖို့အတွက် ပထမ တစ်ခေါက် သိန်း ၃၀ လှူတာ။ လမ်းမှာ တင် ခင်ဗျားတို့လှူတဲ့ငွေတွေကို ပညာရေးကဏ္ဍ အတွက် မဟုတ်ဘဲ ကျန်းမာရေး အတွက် လှူပါ လားပေါ့။ ဒီမှာလည်း ၀မ်းရောဂါတွေ ဖြစ်နေ တယ် ဆိုပြီးတော့လေ။ လူတွေရဲ့ ကျန်းမာရေးက လည်း အဲဒီလို ဖြစ်နေတော့ ၀ယ်လို့ ပြောရတာ လည်း အခက်၊ မ၀ယ်နဲ့ ပြောရမှာလည်း အခက် ဖြစ်နေတာပေါ့”လို့ ကိုဘိုဘိုက သူ့ရဲ့အတွေ့ အကြုံတွေကို ပြောပြခဲ့ပါတယ်။
အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ စကားပြော ဖြစ်တဲ့နေ့က လောကနတ်ပန်းချီပြခန်းမှာ ပြော ဖြစ်ခဲ့တာပါ။ အဲဒီနေ့က ပန်းချီဆရာ ဦးမောင် မောင်သိမ်း(ပုသိမ်)ရဲ့ တတိယအကြိမ်တစ် ကိုယ်တော် ပန်းချီပြပွဲဖြစ်တဲ့Green Wood and Others အမည်ရပြပွဲ အတွက် ပြင်ဆင်နေတာ ဖြစ် ပါတယ်။ အဲဒီပန်းချီပြပွဲကရတဲ့ ငွေတွေအားလုံး ကိုလည်းအဖြူရောင်တွဲလက်များ အဖွဲ့ကိုပြန် လည်လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။
အဖြူရောင်တွဲလက်များ အဖွဲ့ကိုယ်စား ကို ဘိုဘိုက အဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာတွေကို“ကိုယ်တို့လုပ်ပေးချင်တာတွေ ကတော့ အများကြီးပဲ။ နောက်ဆုံးအကြိမ်မှာ ၁၄၈ သိန်း လှူနိုင်ခဲ့တယ်။ တကယ်တော့ ကိုယ်တို့ အခုသွားနေတဲ့ ပုံစံက ဘာမှမထိရောက်ဘူး။အဲဒီ ပမာဏဆိုတာကလည်း ဘာမှမရှိဘူး။ တကယ့် ကို ဟိုရောက်တော့ ဆင့်ပါးစပ် နှမ်းပက်ပဲ။ ဘယ် လိုမျိုးလုပ်ရင် အကောင်းဆုံး ဖြစ်နိုင်မလဲ၊ အကောင်းဆုံး လုပ်ပေးနိုင်မလဲ ဆိုတာကို သူငယ် ချင်းတွေနဲ့ တိုင်ပင်တယ်။ ကိုယ်တို့လုပ်ပေးချင် တာတွေလည်း ရှိပေမဲ့ တစ်ဖက်ရဲ့Demand က လည်း ရှိသေးတာပေါ့။ နောက်တရုတ်ပြည် ဘက်မှာရှိတဲ့ စခန်းတွေကလည်း တစ်လအတွင်း ပြောင်းပေးရမယ် ဆိုတာတွေ ရှိတယ်ပေါ့။ အဲဒီလို ပြောင်းရရွှေ့ရတဲ့အခါ လူတွေ ပိုဒုက်္ခရောက်ဦး မယ်။ ပြီးတော့ စခန်းတွေ ရွှေ့တယ်ဆိုတာက လည်း အိမ်ခန်းတစ်ခန်းကနေ နောက်တစ်ခန်း ပြောင်းသလို မဟုတ်ဘူးလေ။ နောက်ထပ် တစ် နေရာကို ရွှေ့ရတယ်ဆိုရင်နေဖို့ တဲတွေ ဘာတွေ ပြန်ဆောက်ရတော့မယ်။ အဲဒီအတွက် ကုန်ကျ စရိတ်ကလည်းနည်းမှာ မဟုတ်ဘူး။ ကိုယ်တို့ လည်းတတ်နိုင်သလောက် ပြင်ထားတာတွေ ရှိတယ်။ သူတို့အတွက်ဘာတွေ ထပ်ပြီးလိုအပ် လာဦးမလဲဆိုတာ အရင်ကြည့်ရဦးမယ်”လို့ ပြော ပြခဲ့ပါတယ်။
ကိုယ်တိုင် လုပ်နေကြတဲ့ သူတွေကတော့ ကိုယ့်ကိုယ်ကို အားမရတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ဘာမှမဆိုင်တဲ့ သေနတ် တွေ ကြားမှာနေနေရတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ တဒင်္ဂအေးချမ်းသွားတာ၊ ပျော်ရွှင်သွား တာလေး ပဲဖြစ်ဖြစ် လုပ်ပေးလိုက်နိုင်တယ်ဆိုရင် အနာ ဂတ်ကို ကယ်တင်လိုက်သလိုပဲလို့ ပြောရမှာပါ။ ပရဟိတ လူငယ်အဖွဲ့လေးတွေ ရောက်သွားပြီး ကလေးတွေနဲ့အတူ သီချင်းတွေ ဆိုကြတဲ့၊ ပန်းချီ တွေ ဆွဲကြတဲ့ အချိန်ခဏလေးမှာ အရာအားလုံး ကိုမေ့ပြီး ဘာကိုမှ ကြောက်စရာမလိုတော့တဲ့ အချိန်မျိုးလည်း မရှိသင့်ဘူးလား။ ဘယ်အချိန်မှာ နောက်တစ်ခါ ပြန်ပြီး မိသားစုတွေ၊ သူငယ်ချင်း တွေ ခွဲရမလဲဆိုတာ မသေချာ မရေရာတဲ့ သူတို့ လေးတွေရဲ့ဘ၀တွေကို ချက်ချင်းဓာတ်ပုံ ရိုက်ပေးပြီး၊ ပုံလေးတွေ ထုတ်ပေးတာကလည်း တကယ့်ကို အထောက်အကူပြုတဲ့ လုပ်ရပ်လေး တစ်ခုပါပဲ။
အခုလို လူငယ်အဖွဲ့တွေက ကိုယ်နိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း ကူညီစောင့် ရှောက်ပေးတဲ့အတွက် တိုင်းရင်းသားတွေမြင်နေ တဲ့ ဗမာဆိုတဲ့ မျက်နှာစာတစ်ခုကနေ နောက် ထပ် မျက်နှာစာ တစ်ခုမှာမတူတဲ့ အသွင်နဲ့ ရှိနေ ပါသေးလားဆိုတာကို သိမြင်သွားစေနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။ အဖြူရောင်တွဲလက်များ လူငယ်အဖွဲ့နဲ့ ဆက်သွယ်ချင်တယ်ဆိုရင် ဖုန်းနံပါတ်-၀၉ ၇၃၀ ၇၁၀၂၅ (ကိုဘိုဘို)၊ ၀၉ ၄၅၀၀ ၁၁၉၅၆ (မဖြူအိသိန်း)တို့ကို ဆက် သွယ်နိုင်ပြီ။ ဖေစ့်ဘုတ်မှာလည်း အဖြူရောင်တွဲ လက်များဆိုပြီး အလွယ်တကူ ရှာဖွေကြည့်ရှုနိုင် ပါတယ်။
ခင်ဆုမြတ်ထွန်း (Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
ခင်ဆုမြတ်ထွန်း |
| About the author: |
| | |