|
တိမ်တွေနေတဲ့ အရပ် သီချင်းကို ခံစားခဲ့ကြသူများ |
|
|
|
|
Written by မေစုလှိုင်
|
|
Tuesday, 04 September 2012 15:18 |
ယခုလ အတွက် ခံစားသူတို့ အမြင် ကဏ္ဍလေးကလည်း ဖူးငုံ ပရိသတ်တို့ရဲ့အမြင်လွှာထဲကို ၀င်ရောက်လို့ လာပါပြီ။ သာယာ နာပျော်ဖွယ် အသံလေးတွေကို လူတိုင်း နှစ်သက်မြတ်နိုး တတ်ကြပါတယ်။
argaiv1522
အသိဉာဏ် ပညာ ရှိတဲ့ လူသားတွေသာ မက ကျေးငှက် သာရကာ သတ္တ၀ါလေးတွေတောင် မနက်ခင်းရဲ့အရုဏ်ဦးမှာ တေးဆို တတ်ကြပါတယ်။ သံချိုတဲ့ နွေအကြို ရွှေဥသြ ရှိသလို ငှက်သာရကာလေးများရဲ့ ပိကျိ၊ ပိကျက် သံစဉ်လေးတွေက မနက်ခင်းကို အလှဆင် နေသလို ထင်မိပါတယ်။ ဒါကြောင့် ဘ၀ အမောတွေ ပြေပျောက်စေပြီး လှပတဲ့ သံစဉ် စာသားလေးတွေ တန်ဆာဆင် ပါဝင်နေတဲ့ သီချင်းလေး တစ်ပုဒ်ကိုလည်း ဖူးငုံဆယ်ကျော် ပရိသတ်တို့ အတွက် ရွေးချယ် ထားပါတယ်။
သီချင်းလေးရဲ့နာမည်ကတော့ တိမ်တွေနေတဲ့ အရပ် ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ နေရာ တော်တော်များများမှာ ကြားနေကျ ဖြစ်တဲ့ ဒီသီချင်းလေးက ပရိသတ်တို့နဲ့ စိမ်းမယ်လို့ မထင်တော့ပါဘူး။ သီချင်းရှင်၊ အဆိုရှင်လေးကိုလည်း ဖူးငုံ စာဖတ် ပရိသတ်တွေ သိနိုင်ပေမဲ့လို့ မိတ်ဆက် ပေးရမှာက တာဝန်ပဲမို့ အဆိုရှင်လေးကတော့ သရုပ်ဆောင်၊ မင်းသမီးချော ဆရာဝန် အဆိုတော်မလေး ချစ်သုဝေ(ထရေဇာ)ပဲ ဖြစ်ပါတယ်။ တိမ်တွေနေတဲ့ အရပ် သီချင်းလေးက မကြာသေးမီ ကာလများက ထွက်ရှိထားတဲ့ ချစ်သုဝေရဲ့ တေးစီးရီး ခေါင်းစီး သီချင်းလေးပဲ ဖြစ်ပါတယ်။
ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အားပေးတဲ့အတွက် ကျေးဇူး တင်ကြောင်းကိုလည်း ချစ်သုဝေက ပြောကြား ထားပါတယ်။ သီချင်းလေးကို ရေးဖွဲ့သူကတော့ အဆိုတော် လင်းလင်းပဲ ဖြစ်ပါတယ်။ အဆိုတော် လင်းလင်းကလည်း သီချင်းလေးကို ခံစားချက်မိမိနဲ့ ရေးဖွဲ့ထားပါတယ်။
မထက်ထက်ဝေ ချစ်သုဝေရဲ့ တိမ်တွေနေတဲ့ အရပ် သီချင်းလေးကို နားထောင်ရတာ အရမ်းကြိုက်ပါတယ်။ သီချင်းလေးကလည်း အောင်မြင်တာကြောင့်လားပဲ နေရာတိုင်းမှာ ကြားနေရတယ်။ သံစဉ်နဲ့ စာသား တစ်ပြေးညီ ပြေးနေသလိုမျိုး နားထောင်တဲ့ အချိန်တိုင်း ခံစားရပါတယ်။ သီချင်းလေးက အချစ်သီချင်း တစ်ခုလို့ မြင်ပါတယ်။ စာသားလေးတွေကတော့ အဆိုရှင် မချစ်သုဝေရဲ့အသံနဲ့ တစ်ထပ်တည်း ကျပြီး ပီပြင်မှု ရှိတယ်လို့ မြင်ပါတယ်။ မချစ်သုဝေလည်း အခု အောင်မြင်နေတဲ့ အချိန်ထက် ပို၍ ပို၍ တိုးပြီး အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

သိမ့်နန္ဒလှိုင် အစ်မ ဆိုထားတဲ့ တိမ်တွေနေတဲ့ အရပ် သီချင်းလေးကိုလေ ဗီစီဒီမထွက်ခင် စီဒီအခွေကတည်းက ကြိုက်ခဲ့တာပါ။ အဲဒီသီချင်းလေးကို ကြားလိုက်ရင် နားထောင်တဲ့လူရဲ့စိတ်ထဲကို Active ဖြစ်တယ်။ အစ်မရဲ့သီချင်းတွေက တော်တော်များများ နားထောင်လို့ကောင်းပါတယ်။ ခံစားချက်နဲ့လည်း ကိုက်ညီတယ်။ အထူးသဖြင့် အစ်မသီချင်းတွေထဲမှာ တိမ်တွေနေတဲ့အရပ် သီချင်းကို ပိုကြိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ အကြိုက်ချင်းတော့ မတူပါဘူး။ ဒါပေမဲ့ ညီမကတော့ ပြောမပြတတ်အောင် အစ်မ အသံရော၊ သီချင်းတွေရော၊အမူအရာတွေရော အကုန်လုံးကို Crazy ဖြစ်ပါတယ်။ အစ်မလိုပဲ ညီမလည်း အရမ်းတော်တဲ့ အဆိုတော်ကြီးတစ်ယောက် ဖြစ်ချင်တာပါ။ အစ်မလည်း အရမ်းအသံကောင်းပါတယ်။ အခုအစ်မ အောင်မြင်တာ ထက်ပိုပြီး အဆပေါင်းများစွာ အောင်မြင်ပါစေ။ အရာရာအဆင်ပြေပြီး ချောမွေ့တဲ့ ခရီးလမ်းကို ဖြတ်ကျော်နိုင်ပါစေ။
သန္တာထွန်း ဒီသီချင်းလေးက ခံစားချက်တွေကို ဦးစားပေး နားထောင်တတ်တဲ့ သူတွေဆိုရင် ကြိုက်မှာပါ။ သီချင်းလေးကို နားထောင်ပြီးကတည်းက နှစ်သက် ခဲ့တာပါ။ သီချင်းဆိုတဲ့ သူရဲ့အသံနဲ့ လိုက်ဖက်မှုရှိပြီး သီချင်းကို ကြားလိုက်ရုံနဲ့ ပါးစပ်က လိုက်ဆိုပြီး အခါခါ နားထောင်ဖြစ်စေပါတယ်။ မချစ်သုဝေရဲ့ ဒီတိမ်တွေနေတဲ့ အရပ် သီချင်းလေးကို နှစ်သက်ပါတယ်။ သီချင်း အဆိုရှင်လေးကလည်း ချောပြီး သီချင်းလေးကလည်း ကောင်းတော့ ဒီသီချင်းကို ကြားလိုက်တာနဲ့ အဆိုရှင်ရဲ့ပုံရိပ်လေးက ထင်ဟပ် နေပါတယ်။ မချစ်သုဝေလည်း အောင်မြင်တဲ့ ခရီးလမ်းကို ကြာရှည်စွာ လျှောက်လှမ်း နိုင်ပါစေ။ ဖူးငုံချစ် ပရိသတ်တို့လည်း ဒီလမှာ ချစ်သုဝေရဲ့သီချင်းကို ခံစားခဲ့ သူများရဲ့ ရင်တွင်း စကားများကို ဖတ်ကြားပြီး ကျေနပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း နောက်လများမှာလည်း ဒီထက်မက ကြိုးစား တင်ဆက် ပါဦးမယ်လို့ နှုတ်ခွန်း ဆက်လိုက်ပါတယ်။
မေစုလှိုင် (Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|