(Sept-2012)Blog Digest PDF Print E-mail
Written by မြသွေးနီ   
Tuesday, 04 September 2012 13:28
Share |

ဒီရက်ပိုင်း ၀ါဆိုမိုးက နေ့တိုင်းလိုလို စွေနေခဲ့တယ်။ Blog Digest စာမူကို လကုန်ရက်တိုင်း တစ်လကြို တင်လို့ teen magazine ကို အပ်နိုင်ခဲ့ပေမဲ့၊၊ ဒီလမှာတော့ တစ်ပတ်ကျော် နောက်ကျပြီးမှသာ အပ်နိုင်တဲ့ အထိ အလုပ် တာဝန်များ၊ မိသားစု ကိစ္စများနဲ့ ပိနေခဲ့ပါတယ်။

buy cialis onlinebuy cialis Canada cheap viagra no prescription buy cialis overnight delivery
argaiv1016

ဆရာမ မသီတာ(စမ်းချောင်း)ကို အားနာနာနဲ့ပဲ ရက်တိုး စောင့်ပေးဖို့ မျက်နှာပူပူနဲ့ တောင်းပန် ခဲ့ရပါတယ်။ ပြီးတာနဲ့ စက်တင်ဘာလ အတွက် အွန်လိုင်းပေါ် စာတွေ လိုက်ဖတ်တိုင်း ကောင်းနိုးရာရာတွေ အားလုံးစုစည်း သိမ်းထုတ်ထားတဲ့ မှတ်စုဖိုင်ကို အပြေးအလွှား ဖြေရပါတယ်။

အဲ့ဒီစုဆောင်း ထားတဲ့အထဲက ကံအားလျော်စွာ ကဗျာတစ်ပုဒ်နဲ့ ၀တ္ထုတစ်ပုဒ် ရလိုက်ပါတယ်။ ကျန်တဲ့အက်ဆေး ဒါမှမဟုတ် ဆောင်းပါးကို လိုက်လံ ရှာဖွေတဲ့ အခါမှာ စိတ်တိုင်းကျ အဆင်ပြေပြေနဲ့ မရတဲ့အတွက် နောက်ဆုံးမှာတော့ အတွေးအရေး ထူးခြားလို့ နှစ်သက်စွာ သွားဖတ်ဖြစ်နေတဲ့ ဘလော့ဂါ တစ်ခုဆီ ခြေဦး လှည့်မိ ပါတယ်။ အဲ့ဒီဘလော့ဂ်မှာ နေ့ဝက်လောက် မျောနေခဲ့ပြီးချိန်မှာတော့ လက်ကျန် တစ်ပုဒ်အတွက် အဲ့ဒီ ဘလော့ဂ်ကပဲစာမူ တစ်ပုဒ်ကို ရွေးချယ် နိုင်ခဲ့ပါတယ်။

“teen Magazine ရဲ့ စက်တင်ဘာလ Blog Digest  အတွက်“သင် အခုစက္ကန့် ငါးဆယ်အတွင်း ဖတ်လို့ပြီးသွားမဲ့ ကဗျာတစ်ပုဒ် ဖြစ်လာဖို့၊ ရေးတဲ့လူက ငါးနှစ်လောက် ခံစားပြီးမှ ရေးဖွဲ့ ထားရတာပါ။ ကဗျာကို နှလုံးသားနှင့် ဖတ်ရှုပါရန်”လို့ သူ့ဘလော့ဂ်မှာ ဖော်ပြထားတဲ့ အွန်လိုင်းက လူငယ် ကဗျာဆရာမ တစ်ဦးဖြစ်တဲ့ မိုဃ်းဝေရဲ့ ကဗျာလေးနဲ့ ဖွင့်လိုက်ချင်ပါတယ်။

လက်
လူနဲ့လက်နဲ့ ခွဲရခက်တယ်။
ညစ်ပတ်တဲ့ အ၀တ်တွေ
လျှော်ဖွပ်ခဲ့တဲ့ လက်
မြင့်မြတ်တဲ့ အရာတွေ
ဖန်တီးခဲ့တဲ့ လက်။
တရားသဘောရစေတဲ့ လက်
အများသဘောကျစေတဲ့ လက်။
မဟုတ်တာတွေ လုပ်တော့လည်း
ဒီလက်
ဟုတ်တာတွေ လုပ်တော့လည်း
ဒီလက်။
မကောင်းမှုလုပ်တဲ့လက်
ကောင်းမှုလုပ်တဲ့လက်။
ပေးကမ်းတဲ့လက်
တောင်းရမ်းတဲ့လက်။
ထမင်းချက်နေတဲ့လက်
ထမင်းငတ်စေတဲ့လက်။
တစ်ဖက်ပဲ ပြတ်ပြတ်
တစ်ချောင်းပဲ ဖြတ်ဖြတ်
လက်ကတော့ လက်ပဲ။
လူနဲ့ လက်နဲ့ ခွဲရခက်တယ်။
ရာဇ၀င်မှာ
သူရဲကောင်းရွေးတဲ့ လက်။
နန်းတော်တိုင်မှာ ထုံးသုတ်မိလို့
ရှင်ဘုရင်ကိုယ်တိုင်
ကိုယ့်လက်ညှိုးကိုယ်ပြန်ဖြတ်
အဲ့ဒီလို လက်ပေါ့။
ခေါင်းလျှော်တဲ့ လက်
ခြေဆေးတဲ့ လက်
ဆေးဆိုးတဲ့ လက်
ဆေးထိုးတဲ့ လက်
ဂိမ်းဆော့တဲ့ လက်
လူနဲ့လက်နဲ့ ခွဲရခက်တယ်။
သူများအပြစ်ကို
လက်ညှိုးထိုးတဲ့ လက်
မိုးကြိုးပစ်ရင်
ထန်းလက်ကာမဲ့ လက်။
ဖောက်ပြန်တဲ့ လက်
ထောက်ခံတဲ့ လက်
အလုပ်ရှုပ်နေတဲ့ လက်
အရှုပ်လုပ်နေတဲ့ လက်
လူနဲ့ လက်နဲ့ ခွဲရခက်တယ်။
အနုပညာလက်
တင်းပုတ်လက်
ကျွန်းခံနေတဲ့ လက်
အမျိုးမျိုး အစုံစုံ
သတ်မှတ်ကြတဲ့ လက်။
လက်ကိုကြည့်ပြီး
လူကို ခွဲခြားတယ်
လူနဲ့လက်နဲ့ ခွဲရခက်တယ်။
လက်ရဲ့ အလုပ်မှာ
လူဟာ အမျိုးစုံပြောင်းလဲရတယ်
လူနဲ့လက်နဲ့ ခွဲရခက်တယ်။
(ထပ်ပြောပါဦးမယ်)
လက်ကိုကြည့်ပြီး
လူကိုခွဲခြားတဲ့ လောကကြီးမှာ
လူနဲ့လက်နဲ့ ခွဲရခက်တယ်။ ။
မိုဃ်းဝေ
http://www.morewai.weebly.com


“ကိုယ်တစ်ယောက်တည်း အတွက် ဖွင့်ဆို ချက်သတ်သတ်ကတော့ ကဗျာ ဆိုတာ ရင်နဲ့ ခံစား ပြီးရင်ထဲမှာ အရင်ရေးမိတာပါပဲ၊ လျှပ်တစ်ပြက် ပေါ်လာတဲ့ အတွေးတစ်စပဲ ဖြစ်ဖြစ် နှစ်ရှည်လများ ခံစားမှု တစ်ခုပဲဖြစ်ဖြစ် ကဗျာအဖြစ် ချရေး ပြီဆိုရင်သေချာတာက ကဗျာကို ညာလို့ မရဘူး။ စကားလုံးတစ်လုံးချင်း စာကြောင်း တစ်ကြောင်း ချင်းကအစ ကိုယ်တကယ် ခံစားရတဲ့ အတိုင်း မဟုတ်ရင် ချရေးလို့ကို မရတာ။ အကောင်းဆုံး ဆိုတာကို ရေးပြချင်တာမျိုး မဟုတ်ဘဲ ကိုယ်ခံစားမိတဲ့ အတိုင်း ရေးဖြစ်နေတာကဗျာပါပဲ”လို့ ကဗျာဆိုတဲ့ဘာသာရပ်အပေါ် အွန်လိုင်းက ကဗျာဆရာမ မိုဃ်းဝေက သူ့အမြင်ကို အဓိပ္ပာယ် ဖွင့်ပြခဲ့ပါတယ်။ ဒီကဗျာ လေးကိုလည်း နေ့စဉ် ရှင်သန်နေထိုင်ရင်းနဲ့ တွေးမိတဲ့ ရိုးရိုး အတွေးလေးတစ်ခု အပေါ် ရေးဖွဲ့ခဲ့တာ ဖြစ်ပြီး ဒီလက်နှစ်ဖက်ရဲ့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီး လူဟာ အမျိုးမျိုး ကွဲပြားသွားတယ်၊ ခွဲခြားခံရတယ်၊ အဲ့ဒီ သဘော လေးကို တွေးမိပြီး ရေးဖြစ်သွားတာလို့ ဒီကဗျာလေး မွေးဖွား လာခဲ့ပုံကိုပြော ပြခဲ့ပါတယ်။

စာပေလှုပ်ရှားမှု အနေနဲ့“ကိုယ်ရေးထားတဲ့ ကဗျာလေးတွေ သိမ်းထားဖြစ်တယ်။ င်္ခေနဘသသုမှာ တင်ခဲ့တယ်။ အဲ့ဒါကလွဲလို့ မိုဃ်းဝေ ကဗျာတွေကို လူသိရှင်ကြား ဖြစ်အောင်လုပ်တာ မရှိသေးပါဘူး၊ မှတ်မှတ်ရရ Save The Aged ပရဟိတအဖွဲ့ တစ်နှစ်ပြည့် စာမူပြိုင်ပွဲမှာ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ ပညာသင်ကြားနေရတဲ့ မိဘမဲ့ကလေး တစ်ယောက်ရဲ့ နေရာ ကနေ ခံစားရေးခဲ့တဲ့ “ဖိုးချိုလေးရဲ့အိပ်မက်”ဆိုတဲ့ စာမူနဲ့ဆုရခဲ့ဖူးပါတယ်”လို့ စာပေ ခရီးလမ်းပေါ်က အမှတ်ရစရာအဖြစ်ကို ပြောပြပါတယ်။

ဒီတစ်လမှာတော့ ရသစာစု တစ်ပုဒ်အဖြစ် သုံးပွင့်ဆိုင် ခံစားချက်နဲ့ ကွဲပြားတဲ့ အမြင်အပေါ် စကားလုံးတွေနဲ့ပေါ်လွင်အောင် ပုံဖော်ရေးထားတဲ့ စင်ကာပူက ဘလော့ဂါ ခိုင်စိုးလင်းရဲ့လက်ရာကို ဖော်ပြဖို့ရွေးချယ်ထားမိပါတယ်။ ဘလော့ ဂါ ခိုင်စိုးလင်းက စာတွေကို ငယ်စဉ်ကတည်းက နှစ်သက်စွာရေးခဲ့သူဖြစ် ပတယ်။ ၁၉၉၄ ခုနှစ်၊ ရခိုင်ပြည်နယ်ထုတ် မဂ်္ဂဇင်းတွေထဲမှာ သူ့လက်ရာများ ကို စတင် ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။

သီချင်းတစ်ပိုင်းတစ်စ
အောင်နဲ့အတူ မိန်းကလေး တစ်ယောက်ပါလာတယ်။ ဟိုဘက်နည်း နည်းတိုးလို့ အောင်က ပြောတယ်။ ကျွန်မက ခန္ဓာကိုယ်ကို နည်းနည်းကပ် ဘေးရွှေ့ပေးလိုက်တယ်။ အောင်က အလယ်မှာထိုင်ပြီး တစ်ဖက်တစ်ချက်မှာ ကျွန်မနဲ့ မိန်းကလေးက ထိုင်နေကြတယ်။ စကား မပြောကြဘူး။ အောင်က
မိတ်ဆက် မပေးဘူး။ ဒီတော့ ကောင်မလေးဟာ ဘယ်သူဘယ်ဝါ ဆိုတာက ကျွန်မ မသိရဘူး။ လေက အေးပေမဲ့ ခြောက်နေတယ်။ မိုးသားမိုး သက် မပါဘူး။ နွေရာသီမှာ တိုက်တတ်တဲ့လေ မျိုးပဲ။ စကတ်တိုတိုဝတ်ထားတော့ ခြေသလုံးက အမွေးရှည်ရှည်တွေက လေအတိုးမှာ အချင်းချင်း ပွတ်ရှနေကြတယ်။ ကျွန်မက တောနဲ့တောင်စွယ် ထဲက“ဖိုမမောင်နှံအတောင်ပံချီကာ တွဲလို့ဝဲကာပျံ တွန်ကျူးကြော်ညံ ငှက်ပေါင်းပျော်ကြပြန် မြိုင် စောင်းမှာ တူစုံမောင်နှံ ကိန္နရီဟန်တွဲလို့ ၀ဲကာပျံ” ဆိုတဲ့အပိုဒ်ကို ခပ်တိုးတိုးဆိုနေလိုက်တယ်။ နင့် ဟာကလည်း ဒီတစ်ပိုဒ်ပဲလားလို့ အောင်ကမေး တယ်။ သီချင်းဆိုတာ ကိုယ်ဆိုချင်တဲ့အပိုဒ်ကို ရွေးဆိုလို့ ဖြစ်တာပဲ မဟုတ်ဘူးလားလို့ ကျွန်မက မေးလိုက်တယ်။ ကောင်မလေးက ဘာသီချင်းတုံး ညိုတစ်ခါမှတောင် မကြားဖူးဘူးလို့ ပြောတယ်။ အဲဒီတော့ ကောင်မလေးဟာ အောင်ပြော ပြောနေကျ ညိုညိုလွင်ပဲလို့ သိလိုက်တယ်။

ကျွန်မက သီချင်း ညည်းနေရတာကို စိတ်မ၀င်စားတော့ဘူး ဖြစ်လာတယ်။ အာရုံက ညိုညို လွင့်ဆီ ပြောင်းသွားတယ်။ ညိုက အဲဒီသီချင်း တွေ နားထောင်ရင် အိပ်ချင်လာရောလို့ ညိုညိုလွင် ကပြောတယ်။ အဲဒါတောင် ကျွန်တော် ခဏခဏ ဆိုပြလို့ ဒီလောက် အကျင့်ရလာတာလို့ အောင်က ပြောတယ်။ ညိုညိုလွင်နဲ့အောင်က ရယ် တယ်။ ကျွန်မပါ လိုက်ရယ်တယ်။ အစ်မ ပြောသလိုပါပဲ သီချင်းဆိုတာ ကိုယ်ဆိုချင်တဲ့ အပိုဒ်ကို ဖြတ်ဆိုလို့ရသလို ကိုယ်နားထောင်ချင်တဲ့ အမျိုး အစားကိုပဲ ရွေးလို့လည်းရသေးတယ်။

မဖြစ်မနေ ဒါမှ နားထောင်ရမယ်လို့တော့ ဂီတမှာသတ်မှတ် ချက်မရှိပါဘူး။ ရုပ်ရှင်ရော၊ စာပေရော အနု ပညာနဲ့ပတ်သက်ရင် ကြိုက်နှစ်သက်ရာရွေးချယ်ခွင့်တော့ လူတိုင်းမှာရှိပါတယ်၊ ဘ၀မှာလည်းအဲ လိုပဲ။ ညိုညိုလွင်က ဆက်ပြောနေတယ်။ ကျွန်မ က ကော်ဖီသောက်ချင်လိုက်တာလို့ ပြောလိုက် တယ်။ သောက်လေ သွားဝယ်ရမလား၊ ဆိုင်မှာ ထိုင်သောက်ချင်တာလားလို့ အောင်ကပြောတယ်။ သွားဝယ်ပေးပါလို့ ကျွန်မက ပြောလိုက်တယ်။ ညိုပါလိုက်ခဲ့ရမလား ကိုအောင်တစ်ယောက် တည်းကိုင်လို့ ရပါ့မလားလို့ ညိုညိုလွင်က မေး တယ်။ဖြစ်ပါတယ်၊ မရရအောင် ကိုင်လိမ့်မယ်လို့ ကျွန်မက ပြောလိုက်တယ်။

အစ်မကျောင်းက ဘယ်တော့ပြီးမှာလဲလို့ ညိုညိုလွင်ကမေးတယ်။ ကျောင်းဆိုတာ ဆက် တက်နေသရွေ့ မပြီးဘူးလို့ ကျွန်မက ဖြေလိုက် တယ်။ ဟုတ်တယ် အမှန်ပဲ ညီမလည်း ယူအက်စ် မှာ ကျောင်းတက်ရင်တော့ မာစတာရတာနဲ့ ရပ် လိုက်မလား စိတ်ကူးတယ်။ ဆက်နေရင် အလုပ် ခွင်ထဲရောက်တာ နောက်ကျတော့မယ်လို့ သူက ဆက်ပြောတယ်။ ခုနေမယ်ဒလင်လေးတီးမဲ့လူ ရှိရင်ကောင်းမယ်လို့ ကျွန်မကပြောလိုက်တယ်။ ညလေအေးအေးမှာ မယ်ဒလင်သံလေးနဲ့ ဇီဇ၀ါ ပန်းရနံ့နဲ့ လိမေ်္မ်ာရည်သောက်နေရတဲ့ အချိန်ဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပဲလို့ ကျွန်မက ပြောလိုက်တယ်။ အစ်မက လိမ္မော်ရည် ကြိုက် တာလားလို့ ညိုညိုလွင်က မေးတယ်။ ကြိုက် တယ်ရယ်လည်း မဟုတ်ဘူး ညဘက် လေနွေး နွေးတိုက်ရင် လိမေ်္မ်ာရည်အေးအေး သောက်ချင် လာတယ်လို့ ကျွန်မကဖြေလိုက်တယ်။ ဇီဇ၀ါပန်း ရော ကြိုက်တာပဲလား၊ အစ်မကို ကြည့်ရတာ ပန်းကြိုက်မဲ့ပုံတော့ မတွေ့ရဘူးလို့ သူကဆက် ပြောတယ်။ ကြိုက်တယ်၊ ပန်းတွေကို ပန်ဖို့ကြိုက် တာတော့ မဟုတ်ဘူး၊ ပွင့်နေတာ မြင်ရင်ခူးချင် တယ် မွှေးချင်တယ် လမ်းသွားရင် တွေ့သမျှပန်း တွေကို ခူးချင်နေတာပဲလို့ ကျွန်မက ပြောလိုက် တယ်။ မထင်ရဘူးနော်လို့ ညိုညိုလွင်က ထပ် ပြောတယ်။ လူတစ်ယောက်ကို ဘာကို ကြည့်ပြီး တော့ ဘာကြိုက်တတ်တယ် ခန့်မှန်းလို့ရသလား လို့ ကျွန်မက မေးလိုက်တယ်။ အတိအကျတော့ မရဘူးပေါ့၊ သာမန်တော့ ခန့်မှန်းလို့ရပါတယ်၊ အစ်မပုံစံကို ကြည့်လိုက်ရင် ပန်းကြိုက်မယ် သီ ချင်းကြီးတွေ ကြိုက်မယ်လို့ ဘယ်လိုမှ မထင်ရ ဘူးလို့ သူကပြောတယ်။ ရော့ခ်ဂီတကို နှစ်သက်ပြီး ပန်းမပန်တတ်တဲ့ မိန်းကလေးမျိုးလို့ ထင်ရ တယ်ပေါ့လို့ ကျွန်မက ရယ်ပြီး မေးလိုက်တယ်။ အမှန်ပဲလို့ သူကဆိုတယ်။ ကျွန်မတို့နှစ်ယောက် လုံး ရယ်နေကြတယ်။

တကယ်တော့ လူတွေဟာ အပေါ်ယံ သိပ် ခန့်မှန်းတတ်ကြတယ်။ ခေါင်းစဉ်တပ်တတ်ကြ တယ်။ လူတစ်ယောက်ရဲ့အတွင်းစိတ်ဟာ အ၀တ်အစား အသွင်အပြင်ကိုကြည့်ပြီး အနည်းအကျဉ်း ပဲ ခန့်မှန်းလို့ရတယ်ဆိုတာကို မသိကြဘူး။ ညို ကိုယ်တိုင်ပဲ အဲဒီသဘောကို သိနေလျက်က မကြာမကြာ အထင်တွေနဲ့ပြည့်နေတတ်တယ်လို့ ညိုညိုလွင်ကဆိုတယ်။ ကိုယ်ကတော့ ဘယ်သူ့ ကိုမှ ဘယ်လိုလို့ ထင်ဖူးတာ မရှိဘူး။ လူတိုင်းဟာ ကိုယ့်မျက်စိထဲမှာ ခပ်တုံးတုံးတွေလိုပဲ မြင် နေမိတယ်၊ကိုယ့်ဘာသာတောင် စိတ်မမှန်ဘူးလို့ပဲ ထင်နေတော့တာပဲလို့ ကျွန်မက ပြောလိုက်တယ်။ လူတိုင်းဟာသူ့နည်းသူ့ဟန်နဲ့ ရူးနေကြတာပါပဲ အစ်မရယ်။ လူရယ်လို့ဖြစ်လာတည်းက ရူးသွပ်မှု တွေနဲ့ ကင်းမှ မကင်းတာ ဘုရားဟော တရားအရ လည်း လူတိုင်းသည် အရူးပဲလို့ ဆိုထားတယ် မဟုတ်လားလို့ ညိုညိုလွင်က ပြောတယ်။

အဲဒါတော့ မပြောတတ်ဘူး။ ကိုယ်ကလူတွေကို မရူးရင်တောင် တုံးလွန်းတယ်ပဲ ထင်နေတာလို့ ကျွန်မက ပြောလိုက်တယ်။ ခုခေတ်လူတွေက အနှစ်သာရ မဲ့လွန်းတာကိုး။ အစ်မ အဲလိုထင်တာ လည်း အမှားတော့ မဟုတ်ဘူး။ လူတွေဟာ စာ ဆိုလည်း မဖတ်ကြတော့ဘူး။ ဘာသာတရား အဆုံးအမနဲ့လည်း ကင်းကွာနေကြတယ်။ ပြီး တော့ ဘာမှကိုယ်ပိုင်အတွေးအခေါ်မရှိသလိုပဲ။ ဒါကြောင့်လည်း ခုခေတ်မှာ အတွေးအခေါ် ပညာ ရှင်တွေ မရှိတော့တာပေါ့လို့ ညိုညိုလွင်က ဆက် ပြောတယ်။အဲဒါတော့ မပြောတတ်ဘူး။ တကယ်က ကိုယ်လည်း စာမဖတ်ဘူး။ ဘာစာမှမဖတ် တာလို့ ကျွန်မက ပြောလိုက်တယ်။ ညိုညိုလွင် က ရယ်တယ်။

အောင်ပြန်ရောက်လာတယ်။ စတားဘက်ခ် က ကော်ဖီဝယ်လာတယ်။ ကျွန်မက ကော်ဖီခွက် ကို သူတို့ဖောက်ထားတဲ့ အပေါက်ကလေးကနေ မသောက်တတ်ဘူး။ ဘူးကို ဖွင့်ပြီးပဲ မော့သောက် တတ်တယ်။ အဖုံးမဖွင့်ဘဲ အရန်သင့်သောက်ဖို့ ဖန်တီးထားတဲ့ အပေါက်ကနေသောက်ရတာ စိတ် ထဲတစ်မျိုးကြီးပဲ။ ခွက်အဖုံးဆိုရင် အလိုလိုနေ ရင်း မသတီဘူး။ အဖုံးဆိုတာခွက်ကိုလုံ အောင် အမှိုက်သရိုက်တွေ ဖုန်တွေမ၀င်အောင် ကာကွယ် ထားတာဆိုပေမဲ့ အဖုံးက ပါးစပ်ထဲရောက်နေတာ ကတော့ တစ်မျိုးကြီးပဲ။ အစ်မက စာမဖတ်ဘူးတဲ့ လို့ ညိုညိုလွင်က အောင့်ကို ပြောနေတယ်။ ဟုတ် တယ်။ သူက ဖတ်တာများလို့ စာငြီးသွားတာလို့ အောင်က ပြန်ပြောတယ်။ လထွက်လာတယ်။ လပြည့်လည်းမဟုတ်။ ဖတ်တာများတယ်လည်း မဟုတ်ပါဘူးလေ။ စာတွေကို မဖတ်နိုင်တော့ တာလည်း ပါတယ်။ ငယ်တုန်းကတော့ စာမဖတ် ဘဲ အသက်ရှင်နေတဲ့လူတွေကို တအံ့တသြဖြစ် ဖူးတဲ့ အထိပဲ။

ခုတော့ စာဖတ်ပြီး အသက်ရှင်နေ တဲ့လူတွေကို ပြန်အံ့သြနေပြန်တယ်။ ဘာ အတွက်များ စာတွေဖတ်နေကြပါလိမ့်လို့ မကြာ မကြာ တွေးဖြစ်လာတယ်။ စာအုပ်တွေကို အဆိပ်အတောက်တွေလို့ကို မြင် နေတော့တာလို့ပြောလိုက်မိတယ်။ အဆိပ်အတောက်များတဲ့ စာတွေကို ငယ် ငယ်ရွယ်ရွယ်နဲ့ ဖတ်မိရင်တော့ ဒီလိုမျိုးတွေဖြစ်တတ်တာပဲလို့ ညိုညိုလွင်က ပြန်ပြောတယ်။ မပြောတတ်ဘူး။ စာအုပ်တွေ အထူးသဖြင့် ပုံဝတ္ထုတွေဟာ တကယ်တော့ မလိုအပ်လှဘူး။ ဒါတွေမရှိလည်း လူတွေဘ၀က ဆက်နေ မှာပဲလို့ ကျွန်မက ပြောလိုက်တယ်။

ညိုညိုလွင်လည်းပဲ ကော်ဖီခွက်ကို အဖုံးဖွင့်ပြီး မော့သောက်တယ်။သူကော်ဖီသောက်နေပုံဟာ လှပလွန်းတယ်။ ညအမှောင်မှာ သူ့အသားအရေ ဟာ နာမည်နဲ့မလိုက်အောင် ဖြူဝင်းလှတယ်။ ကြည့်နေရင်းနဲ့ ကျွန်မတစ် သက်မှာ ညိုညိုလွင်လောက် နှစ်သက်ဖွယ် မိန်းကလေး မတွေ့ဖူးဘူးလို့ ထင် လာမိတယ်။ ကျွန်မဟာ အောင့်ကိုကျော်ရင်း သူ့ကိုငေးကြည့်နေမိတယ်။ ညိုညိုလွင်က ကော်ဖီကို တစ်ခါသောက်ပြီးတိုင်း အဖုံးကို တစ်ခါပြန်ပိတ် တယ်။ ဒီညအေးအေးမှာ ကော်ဖီခွက်ထဲ ဖုန်မ၀င်ပါဘူးလို့ ကျွန်မ တွေးနေမိ တယ်။ ပြီးတော့ ဖုန်ဆိုတာမျိုးကလည်း အစိုးရလှတာ မဟုတ်ဘူး။ နေရာ တိုင်း အချိန်တိုင်းမှာ မမြင်ရတဲ့ ဖုန်တွေရှိနေတတ်တာပဲလို့ တွေးလိုက်ပြန် တယ်။ ညိုက ဂစ်တာကောင်းကောင်း တီးတတ်တယ်လို့ အောင်ကပြောတယ်။ကိုယ်က ဘာမှသေချာမလုပ်တတ်လှဘူးလို့ ကျွန်မက ပြောလိုက်တယ်။

အဲဒီနောက် အကြာကြီး စကားမပြောဖြစ်ကြဘူး။ ပတ်ဝန်းကျင်က တိတ်ဆိတ် နေတယ်။ ခပ်လှမ်းလှမ်းက ကားတွေသွားလာနေတာကို တစ်ချက်တစ်ချက် သတိထားမိရင် ကြားနေရတယ်။ လူတွေဟာ ဘာလို့များ ဂီတကို ဖန်တီးခဲ့ကြ သလဲလို့ ကျွန်မ တွေးနေလိုက်တယ်။ တချို့ဂီတတွေဟာ စိတ်အပန်းမပြေရုံ မက မောပန်းစေတတ်သေးတယ်မဟုတ်လား။ လွမ်းဆွေးလွန်းတဲ့ တေးသွား စာသားတွေဟာ နှလုံးကို သိမ်းကျုံးပိုက်ထွေးပြီး နာကျင်ဆို့နင့်စေတတ်တယ် မဟုတ်လား။ စာပေရုပ်ရှင်ဆိုတာမျိုးကလည်း အလားတူပဲ ခံစားမှုတွေကို တက်ကြွ လှုပ်ရှားစေတတ်ပြန်တယ်။ ကိုယ့်ဘ၀အတွေးအခေါ်နဲ့ ကိုက်ညီသွား တဲ့ဟာမျိုး ဆိုရင် လှိုက်လှဲ ကြွေကွဲစေတတ်တယ်။ သဘောကျနှစ်သက်မှုကို ယူငင်သွားတတ်သေးတယ်။

ကျွန်တော် နောက်အပတ်ကျရင် ခရီးသွားရဦးမယ်။ ခရီးသွားနေရတာ ကို တစ်ခါတစ်ခါငြီးငွေ့မိပေမဲ့ များသောအားဖြင့်တော့ သဘောကျတယ်၊ မရောက်ဖူးတဲ့ အရပ်ဒေသတွေဟာ လူတွေကို စိတ်ဝင်စားမှုအတွေ့အကြုံသစ် တွေပေးတယ်လို့ အောင်ကပြောတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ခရီးသွားရတာ သဘောကျတယ်။ ခရီးတစ်ခုသွားတာဟာ စာအုပ်ဆယ်အုပ် လောက် ဖတ်တာနဲ့ညီမျှတယ်။ ကိုယ်တွေနဲ့မတူတဲ့ပတ်ဝန်းကျင်မှာ ကိုယ်တွေ မသိတဲ့ ဓလေ့စရိုက်တွေကိုသိရ ကြားရတယ်။ လူသားတွေရဲ့ ယုံကြည်မှုကိုး ကွယ်မှုခံယူချက် စတာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူသလို တစ် နေရာနဲ့ တစ်နေရာလည်း မတူကြဘူး။ ပတ်ဝန်းကျင်ကလည်း လူတွေကို ကွဲပြားအောင် ဖန်တီးတတ်သလို လူတွေကကွဲပြားနေလို့လည်း မတူတဲ့ပတ် ၀န်းကျင်တွေဖြစ်လာကြတာပဲလို့ အောင်က ဆက်ပြောနေတယ်။

ကျွန်မက ခရီးသွားရတာကိုလည်း စိတ်မ၀င်စားလှသူ ဆိုတော့ အောင်ပြောတာတွေကို ဘာမှအထွေအထူးမှတ်ချက်မပေးတတ်။ စားသောက်ဖို့လုံလောက်ရင် နေဖို့ နေရာတစ်ခုရှိရင် ၀တ်ဆင်ဖို့အဆင်ပြေရင် ဘ၀ကပြည့်စုံပြီ။ ကျန်တာတွေက အပိုတွေလို့ ကျွန်မကပြောလိုက်တယ်။ အစ်မပြောတာ မှန်သင့်သလောက်မှန် ပါတယ်။ ဒါပေမဲ့ လူတွေဟာ စားဝတ်နေရေးတင် မကဘူး၊ စိတ်ကိုအစာ ကျွေးဖို့ကလည်း လိုအပ်တယ် မဟုတ်လားလို့ ညိုညိုလွင်က မေးတယ်။ စိတ်အစာကျွေးတယ် ဆိုတာ စားဝတ်နေရေး ပိုလျှံနေတဲ့သူတွေအတွက် ပဲ လိုအပ်တာပါလေ။ တကယ်တမ်းစားဖို့ သောက်ဖို့ ရုန်းကန်နေရတဲ့အခါ စိတ်အစာဆိုတာ လည်း အလိုလို ပျောက်သွားတတ်တာမျိုး မဟုတ် လား။ တစ်နေ့စာ တစ်နေ့ရှာစားနေရတဲ့ လူတွေ အဖို့ ဘယ်မှာလာပြီး စာအုပ်ထိုင်ဖတ်နိုင်မလဲ။ ဖတ်တယ်ပဲ ထားဦး။ စိတ်ကအာဟာရ မဖြစ်ဘဲ ပိုတောင်ချို့တဲ့သွားနိုင်တယ်လို့ ကျွန်မက ပြောလိုက်တယ်။ အစ်မတွေးတာတွေဟာ အစွန်း ရောက်လွန်းနေတယ်လို့ ညိုညိုလွင်က မှတ်ချက် ပေးတယ်။

ကျွန်တော်ကတော့ ဘယ်ဟာ အစွန်းရောက် တယ်။ ဘယ်ဟာက သမာသမတ်ကျတယ်လို့ မဝေဖန်တတ်ဘူး။ အစွန်းဆိုတာလည်း သူ့ဟာနဲ့ သူ သူ့အချိန်အခါအလိုက် လိုအပ်ပြန်တယ်။ သူ့နေ ရာနဲ့သူ တစ်ခါတလေ အစွန်းရောက်တာကတော့ ကောင်းပါတယ်။ ကိုယ်လိုချင်တဲ့အခါ လိုချင် နေရာလေးကို ဖြတ်ပြီး အစွန်းရောက်ပစ်ခွင့်ရတာ ကလည်း ကြည်နူးစရာပဲ။ ကျွန်တော်လက်ခံထား တာကတော့ အဓိက ကိုယ့်ဘာသာမလိမ်ဖို့ပဲ။ ကိုယ်က အစွန်းရောက်ချင်ပြီ၊ တစ်ခုခုကိုလက်မခံ ချင်တော့ဘူး။ ကလန်ကဆန်လုပ်ချင်ပြီဆိုရင် လည်း ကိုယ့်ဘာသာ အမှန်တိုင်း လက်ခံပြီး တိတိကျကျ အစွန်းရောက်ဖို့ပါပဲ။ ဒါတွေကလည်း လိုအပ်တယ်။ လူ့လောကဆိုတာစာဖတ်တဲ့လူ တွေနဲ့ချည်း တည်ဆောက်ထားတာ မဟုတ်ဘူး။ နိုက်ကလပ်တက်တတ်တဲ့ အသိုင်းအ၀ိုင်းမှာ လည်း သူ့ဘ၀နဲ့သူ ရှိကြတယ်။ ဆဲလ်လီဘရီတီ တွေမှာလည်း သူ့ဘ၀နဲ့သူပါပဲ။ ဒါပေမဲ့ တစ်ခု တော့ ရှိတယ်။ ခုနကပြောတဲ့ စိတ်အာဟာရဆို တာ အဲဒါကချမ်းသာနေမှ လိုတယ်လည်း မဟုတ် ဘူးဗျ။

အဲဒါ ကျွန်တော်ထင်တာ စိတ်အာဟာရ ဆိုတာ သိသွားတဲ့လူတွေအတွက် လိုအပ်တယ်။ ဆိုပါတော့ ခင်ဗျားဟာ စာမသင်ဖူးဘူး တောကြို တောင်ကြားမှာ ယာစိုက်စားတယ်။ သီချင်းသံ မကြားဖူးဘူး။ ရုပ်ရှင်ဂီတ အငြိမ့်သဘင်မမြင်ဖူး ဘူးဆိုရင် ခင်ဗျားဟာ စိတ်အစာအကြောင်းကို လည်း မကြားဖူးတော့ဘူး မသိတော့ဘူး။ အဲဒီခါ ကျရင် လူတိုင်းအတွက်လိုအပ်တယ်လို့ ကျွန်တော် တို့ထင်ထားတဲ့ စိတ်အစာဟာလည်းခင်ဗျား အတွက်လုံးလုံးမသိတဲ့ မသက်ဆိုင်တောတဲ့အပိုင်း ဖြစ်သွားပြီ။ ဒီလိုပဲ နေသွား သေသွားတဲ့ လူတွေ လည်း အများကြီးပါပဲ။ ကျွန်မနဲ့ ညိုညိုလွင်က အောင်ပြောတာကို ဘာမှဝင်မပြောဘဲ နားထောင် နေကြတယ်။

ကြယ်တွေကို မော့ကြည့်မိသေးတယ်။ကြယ်တွေဟာ အသက်ရှိတယ်။ ကြယ်ကြွေရင်ဆု တောင်းပြည့်တယ်လို့ ယုံကြည်ဖူးတဲ့အသက် အရွယ်အပိုင်းအခြားတစ်ခုကို ပြန်တမ်းတမိတယ်။ ကြားဖူးသိဖူးတာလေးတွေကို ပြန်ပြောပြပြီး ကြည်နူးခဲ့ရတဲ့ ဘ၀လေးတစ်ခုဟာ တကယ်ရှိခဲ့ ဖူးတယ်။ စာဖတ်တတ်ခါစက ဆိုင်းဘုတ်တွေ လိုက်ဖတ်ရတာလည်း ကျေနပ်စရာကောင်းလှ တယ်။ အမှန်တွေ အမှားတွေကို အမှတ်ခြစ်တွေနဲ့ ဆုံးဖြတ်လို့ရတယ်။ တစ်နဲ့တစ်ပေါင်းရင် နှစ်ပဲ။ ဘာမှထပ်ငြင်းစရာမလိုတဲ့ အနေအထား။ တစ် ဟာအနုတ်တစ်လား။ အပေါင်းတစ်လားလို့ သိစရာမလိုတဲ့ အနေအထား၊ တစ်ကို တစ်လို့ပဲ သိခဲ့တဲ့ အနေအထား။ တစ်ကိုတစ်နဲ့တင်းတိမ် ခဲ့တဲ့ အနေအထား။ ပျော်စရာကောင်းလွန်းတယ်။ ကျောင်းဖွင့်ရင် လွယ်အိတ်အသစ်၊ ထီးအသစ်နဲ့ ကျောင်းသွားမယ်။ မုန့်စားဆင်းချိန်ဆို သရေ စာဝယ်စားမယ်။ ကျောင်းလွှတ်ရင် ရေချိုးမယ်၊ ထမင်းစားမယ်။ အိမ်စာလုပ်ပြီး၊ စာကျက်ပြီးရင် စိတ်လွတ်ကိုယ်လွတ် ဆော့လို့ရပြီ။ ကျောင်းပိတ် ရင် မိုးလင်းမိုးချုပ်ဆော့မယ်။ ပုံဆွဲမယ်။ ကာတွန်း ဖတ်မယ်။ တစ်နဲ့တစ်ပေါင်းတာဟာ သုညမဖြစ် သေးတဲ့အချိန်လေးတွေ။

ဆင်းရဲတဲ့ မတိုးတက်တဲ့ ပတ်ဝန်းကျင်မှာ လည်း သူ့ဟာနဲ့သူတော့ စိတ်အဆာဖြေမှုဆိုတာရှိ မယ် ထင်တာပဲ။ ရုပ်ရှင်ဂီတစာပေ စတာတွေ မဟုတ်တဲ့ အဆာဖြေခြင်း၊ ဥပမာ စိမ်းစားဥတူး ရေစင်အောင်ဆေးပြီး တဂျွမ်းဂျွမ်းနဲ့ ကိုက်စားပစ် လိုက်ရတာမျိုး၊ စာကလေးတွေပစ်ပြီး ကြော်စား ပစ်တာမျိုး၊ တစ်နေကုန် ရွှံ့တွေနဲ့ အရုပ်လုပ်တမ်း ဆော့တာမျိုး၊ တောလည်ပြီး သားငါးပစ်တာမျိုး ဒါတွေဟာ စိတ်အပန်းဖြေခြင်း၊ စိတ်ကို အစာ ကျွေးခြင်း ဖြစ်ကောင်း ဖြစ်နေမှာပေါ့။ လူတန်း စား အလိုက် စိတ်ကို အစာကျွေးပုံကွာတယ်လို့ပဲ ပြောချင်တယ်။ မသိ မရှိမို့ စိတ်အစာ ကျွေးစရာ မလိုဘူးဆိုရင်တော့ သူတို့တွေရဲ့ဘ၀ကို စော်ကား လိုက်သလို ဖြစ်သွားမှာပေါ့လို့ ညိုညိုလွင်က ပြောနေတယ်။ ညိုညိုလွင်ဟာ စကားကို လေသံ ပျော့ပျော့နဲ့ ခိုင်ခိုင်မာမာပြောတတ်တယ်။ အတော်နှစ်သက်ဖွယ်ကောင်းတဲ့ အမျိုးသမီးပဲလို့ ကျွန်မ ထပ်တွေးမိတယ်။ ဟုတ်မှာပါ စိတ်အစာဟာ ကွဲ ပြားပေမဲ့ လူတိုင်းအတွက်တော့ ရှိနေမှာပါပဲ။ ဒါပေမဲ့ ကိုယ်ကအဲဒါအပိုတွေလို့ပဲ ပြောချင်တာ။ ကိုယ့်အနေနဲ့ မလိုအပ်လှဘူး။ စိတ်ကိုအစာကျွေး သည်ဖြစ်စေ မကျွေးသည်ဖြစ်စေ ဘ၀ဆိုတာက ရှင်သန်နေသရွေ့ဆက်နေရဦးမှာပဲလို့ ကျွန်မက ပြောလိုက်တယ်။

အောင်က သောက်လက်စကော်ဖီခွက်ကို လက်စသတ်လိုက်တယ်။ ကျွန်တော်တို့ဟာ ဘာ မှန်းမသိတဲ့ လောကကြီးမှာ တစ်ခုခုကိုသိဖို့ အသည်းအသန်ကြိုးစားနေကြသူတွေလို့ပဲ မြင် တော့တယ်။ တကယ်တော့သိသည် ဖြစ်စေ၊ မသိ သည်ဖြစ်စေ အရေးတော့မကြီးလှဘူးဗျ၊ ခရီးဆို တာက ခင်ဗျားပြောသလို ဆက်နေရဦးမှာ ပဲလို့ အောင်က ပြောလိုက်တယ်။ ညိုညိုလွင်က ကျွန်မ တို့သုံးယောက်လုံးရဲ့ ကော်ဖီခွက်အခွံတွေကို အနီး နားက အမှိုက်ပုံးထဲ သွားပစ်လိုက်တယ်။ ကျွန်မ ကတောနဲ့တောင်စွယ်ကို ပြန်ဆိုချင်လာတာကြောင့် ကြိုက်တဲ့တစ်ပိုင်းတစ်စကို ဆိုနေလိုက်တယ်။
ခိုင်စိုးလင်း
http://www.khinesoelung.blogspot.sg


ဘလော့ဂါ ခိုင်စိုးလင်းက “စာကို အမြဲတမ်း စိတ်ကူးထဲ ပေါ်လာသလိုပဲ ချရေးမိတာဆိုတော့ ဘယ်အရာက စေ့ဆော်လို့ စာရေးဖြစ်တယ်ဆို တာမျိုး မရှိခဲ့ပါဘူး၊ ကိုယ့်ဘာသာ ဖတ်ချင်တဲ့ ပုံစံတိုင်းပဲ  ရေးပါတယ်၊ ရေးပြီး ပြန်ပြန်ဖတ် ကြည့်တဲ့ခါ စိတ်ကျေနပ်နေစေဖို့ အဓိကထားပါ တယ်လို့ ဘလော့ဂ်ရေးဖြစ်ရတဲ့ သူမရဲ့သဘော ထားကို ပြောပြခဲ့ပါတယ်။ “အွန်လိုင်းမှာ ရေး တယ်ဆိုတာကလည်း ကိုယ်ရေးတဲ့စာတွေ သိမ်း ထားစရာ နေရာတစ်ခုရလို့၊ ရေးထားတဲ့စာတွေ ပျောက်သွားမှာ မပူရတော့လို့ ရေးဖြစ်တာပါ”လို့ ပြောပြခဲ့ပါတယ်။

ဒီတစ်လ  Blog Digest ကဏ္ဍလေးမှာ ဖော်ပြ ပေးမဲ့ဝတ္ထုကိုတော့ စီးပွားရေးတက္ကသိုလ်ကျောင်း သူဘ၀ထဲက ကျောင်းမဂ္ဂဇင်းမှာ ကာတွန်း၊ ဟာသ၊ ကဗျာတွေ ရေးဖူးတဲ့အခြေခံနဲ့ အွန်လိုင်း မှာ ၂၀၀၃ ခုနှစ် Planet Book Corner ကတည်း ကစလို့ ချယ်ရီသစ္စာ၊ သံလွင်အိပ်မက်၊ နေးတစ် မြန်မာဖိုရမ်၊ www.planet.com.mm  ရဲ့ Book Corner မှာ ကဗျာ၊ ၀တ္ထုတိုများ ရေးသားခဲ့တဲ့ ဘလော့ဂါပန်းနွယ်ရဲ့ဝတ္ထုလေးကို ရွေးချယ်မိခဲ့ပါတယ်။

ထမင်းစားပွဲနဲ့ ကုလားထိုင်ခြောက်လုံး
အခန်း (၁)
“ငါ ဒီနေ့ အဲဒီ့စားပွဲမှာ ထမင်းစားခဲ့ရတယ် သိလား မိညို”
အမေက ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်ကာ ကျကျနနအညောင်းဆန့် လိုက်ရင်း သူ့ထမင်းစားပွဲကြီး အကြောင်းပြောသည်။
“အမေကလည်း ဒီစားပွဲပဲ၊ ခုနေအမေ့စားပွဲကြီး ၀ယ်လိုက်ရင် အိမ်မှာ ဘယ်နား သွားထားမလဲ”

“ညည်းကလဲအေ၊ အဲ့ဒါက နောက်၊ ခုငါ့ဘာသာငါ စိတ်ကူးလေးယဉ်ပါ ရစေ”

ညိုတို့အိမ်တွင် ပရိဘောဂဟု မည်မည်ရရ ခေါ်စရာ သိပ်မရှိ။ အဖေက မီးရထားမှ ၀န်ထမ်းမို့ ၀န်ထမ်းတန်းလျားတွင် အခန်းရသည်။ အခန်းတွင်ဧည့် ခန်း၊ အိပ်ခန်းနှစ်ခန်းနှင့်၊ မီးဖိုချောင်ဟု အမည်တွင်ရုံ အဖီချထားသောအခန်း ကျဉ်းငယ်လေးတစ်ခုပါသည်။ ဆက်တီမရှိ။ ကုလားထိုင်ဖြင့် ထိုင်စားရသည့် ထမင်းစားပွဲမရှိ။ ခုတင်မရှိ။ မှန်တင်ခုံမရှိ။ မရှိသလို၊ လိုလည်း မလိုပါ။

အိပ်ခါနီးမှ သင်ဖြူးဖျာခင်းပြီး ခြင်ထောင် ထောင်သည်။ နိုးသောအခါ ဖျာကိုလိပ်ပြီး အခန်းထောင့်တွင် ထောင်ကာ။ ခြင်ထောင်၊ စောင်နှင့် ခေါင်းအုံးများကို ခေါက် သိမ်းပြီး သံသေတ္တာများ ပေါ်တွင်စနစ်တကျ စုပုံထားလိုက်သည်။

ထို့ပြင် ထမင်းစားချိန်ရောက်သော်၊ ဘုန်း ကြီးကျောင်းအများစုတွင် တွေ့ရလေ့ရှိသည့် စားပွဲ ၀ိုင်းပုကြီးဖြင့် ထမင်းစားကြသည်။ ထမင်းစားပြီး နောက်စားပွဲဝိုင်းကို နံရံတွင်ကပ်ထောင်ပြီး သိမ်းထားလိုက်ရုံ။ ထိုစားပွဲသည်ပင် ညိုတို့ ဟိုးငယ်စဉ်ကတည်းက စားပွဲဖြစ်သဖြင့်၊ ယခု သစ်သာရောင် သေချာမမြင်ရတော့ဘဲ ကြေး ရောင်ဖြစ်နေချေပြီ။

အမေသည် အိမ်ထောင်မကျခင်ကတည်းက ပင် အ၀တ်လျှော်၊ မီးပူတိုက်သည့် အလုပ်ကို လုပ်သည်။ မီးရထားဝင်းအတွင်းရှိ ရုံပိုင်၊ လက် ထောက်ရုံပိုင်တို့ အိမ်တွင်သာမက ရံဖန်ရံခါ ရပ်ကွက်ထဲရှိ သူဌေးအိမ်များထိ အမေရောက် သည်။ အမေ့လက်ကြောတင်းမှုကို သူဌေး ကတော်အများစုက နှစ်သက်ကြသောကြောင့် အခကြေးငွေပေးရုံမက ထမင်းကျွေးတတ်ကြ သေးသည်။
ဤတွင် အမေ့ ထမင်းစားပွဲနှင့် ကုလားထိုင် ခြောက်လုံးရောဂါ စလေ၏။

အခန်း (၂)
“ခုနေများ ငါ အဲဒီထမင်းစားပွဲကြီးနဲ့ ကုလား ထိုင်ခြောက်လုံး ၀ယ်နိုင်ရင် ဘုရားစင်အောက် ဘက်ရဲ့ဟိုဘက်နားလေးမှာ ထားမယ်။ အဲဒီ့နေရာ မှာ နင့်အဖေရဲ့ စာအုပ်အဟောင်းတွေ၊ ဂျာနယ် အစုတ်တွေနဲ့ပဲ ပွနေတာ၊ ဘာမှရှိတာမှ မဟုတ် တာ။ စားပွဲရဲ့ထိပ်နှစ်ဖက်မှာ ခုံတစ်ခုံစီထား၊ အဲဒီ့မှာ နင့်အဖေနဲ့ ငါနဲ့ထိုင်၊ ကျန်တဲ့လေးခုံမှာ နင်တို့မောင်နှမလေးယောက်ထိုင်၊ စုံစုံညီညီ ထမင်းစားရတာ ဘယ်လောက်ပျော်ဖို့ကောင်း မလဲ”

အမေက ထမင်းစားပွဲဝိုင်းတွင် သူ့အိပ်မက် စားပွဲကြီးအကြောင်း ပြောပြန်သည်။
“ဟင်၊ အခုလည်း စုံစုံညီညီ စားနေရတာ ပဲဟာ။ အပိုတွေပါ အမေရာ ပကာသနတွေ။ အမေ့သားသမီးတွေ ဘယ်လိုစားစား ၀င်နေတာ ကို”

ကိုတိုးက ထိုသို့ အထွန့်တက်၏။
“အေးလေဟယ်၊ ငါလည်း ပြောပါတယ်၊ နောက်ပြီး စားပွဲကြီးကြီးနေရင် ငါးပိရည်ခွက်ကို မမီမကမ်း လှမ်းနေရမှာပေါ့”

ထိုစကားဆိုသော ညို့ကို အမေကပါးစပ်ထဲ ထမင်းလုတ်သွင်းလိုက်ရင်း မျက်စောင်းလှမ်းထိုး ၏။
“အမေ့ စားပွဲကြီးက ဘယ်လောက်တဲ့လဲ၊ သမီး တစ်နေ့အလုပ်လုပ်ရင် အမေ့ကို ၀ယ်ပေးမှာ ပေါ့”

ချို့စကားကို အမေက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ရင်း “မသိပါဘူး သမီးရယ်၊ သစ်အမျိုး အစားပေါ်လိုက်ပြီး ဈေးကွာတယ်ပြောတာပဲ၊ နောက် လိုချင်တဲ့ပုံစံကို ပရိဘောဂတိုက်တွေမှာ သွားမှာလို့ရတယ်တဲ့”ဟု အားတက်သရောပြန် ပြော၏။

အငယ်ဆုံး ကိုမိုးလေးကမူ“သားတော့ ဒီလို ပဲ ကြမ်းပြင်ပေါ်ထိုင်စားရတာ ကြိုက်တယ်၊ အားရပါးရ စားရတာ ကောင်းမှကောင်း”

အမေက ကိုမိုးလေးပြောပုံကို ကြည့်ကာ သဘောတကျဖြင့် ပြုံးလေသည်။ အဖေကမူ အမေ ဘာပြောပြော ခပ်ပြုံးပြုံးပင်။
ညိုတို့ မောင်နှမလေးယောက်သည် တစ် ယောက်နှင့်တစ်ယောက် နှစ်နှစ်စီကွာသည်။ အကြီးဆုံးမှာ ကိုတိုးဖြစ်ပြီး အဝေးသင်နောက်ဆုံး နှစ်တက်ရင်း၊ လမ်းထိပ်ရှိဝပ်ရှော့တွင် အလုပ်လုပ် သည်။ ဒုတိယမှာ ညို။ ညို ဆယ်တန်းကို သုံးနှစ် ဖြေသည်။ ပထမဆုံးနှစ်တွင် ကျောင်းတက်ပြီး ဖြေသည်။ ဒုတိယနှစ်တွင် ကျူရှင်တက်ပြီးဖြေ သည်။ သို့သော် နောက်နှစ်များတွင် ညိုကျူရှင် မတက်တော့ပါ။ ကျူရှင်စရိတ်အပြင်၊ စာအုပ်ဖိုး၊ မုန့်ဖိုးစသည်တို့ကို တောင်းရမှာ အားနာလှသဖြင့် အလွတ်ဖြေသည်။ သုံးနှစ်ဆက်တိုက်ကျပြီး နောက် ညိုမဖြေချင်တော့။ အထည်ချုပ်စက်ရုံတွင် အကူဝင်လုပ်ရင်း အိမ်အလုပ်များကူသည်။ အကူ မှတစ်ဆင့်၊ စက်ချုပ်သင်၊ နောက်လိုင်းစူပါ။ ထိုမှ တစ်ဆင့်တက်ပြီး အောလ်စူပါအထိဖြစ်ရန် ညို မှန်းထားသည်။ ဒီနှစ်ညို့အောက်ရှိ မိချို ဆယ် တန်းဖြေမည်။ အငယ်ဆုံးကား အမေ့အသည်းတုံး ကိုမိုး။ ကိုမိုးနှင့်မိချိုမှာ ညိုနှင့်မတူဘဲ စာတော် လှသည်။

အခန်း (၃)
နှစ်တွေသာ ပြောင်းသွားသည်။ အမေ့ ထမင်းစားပွဲနှင့် ကုလားထိုင်ခြောက်လုံး အိပ်မက်
ကား မပြောင်းလဲခဲ့ပေ။ ကြုံရင်ကြုံသလို ပြောဆို တတ်စမြဲ။

အခန်း (၄)
ကိုမိုးလေး ဆယ်တန်းအောင်သော နှစ်တွင် ကိုတိုးတစ်ယောက် မိန်းမယူကာ မိန်းမအိမ်နောက် ပါသွားလေသည်။ နောက်နှစ်နှစ်ခန့် ကြာသော် သမီးအလိမ္မာလေးမိချို တက္ကသိုလ်တက်ရင်း၊ သူငယ်ချင်း ကောင်လေးဖြင့် ယောက်မမြင်းစီး ထွက်သွား၏။ ကောင်လေးဘက်မှ ငွေကြေးပြည့် စုံသည့် အပြင်၊ ချိုကို သဘော ကျကြသဖြင့် သူတို့ အိမ်ကြီးတွင် ခေါ်တင်ထားကာ၊ မွေးလာသည့် ကလေးကို ထိန်းပေးကြသည်။ ချို့တို့ လင်မယားကို ကျောင်းဆက်တက်စေသည်။

အမေနှင့်ညိုမှာ ချို့ကို အချိန်မတန်ခင် အိမ်ထောင်မကျဘဲ ပညာတတ်၊ ရာထူးကောင်း ကောင်းဖြင့် ခပ်ထက်ထက် မိန်းမတစ်ယောက် ဖြစ်ရန် မျှော်မှန်း ထားခဲ့သည်။ မျှော်မှန်းထားသလို ဖြစ်မလာသောအခါ စိတ်ပျက်မိသော်လည်း၊ သြော်၊ငါ့သမီးလေး ငါ့ညီမလေးယောက်ျားရ ကံကောင်းရှာပါတယ်လေဟု ဖြေတွေးကြရလေသည်။

အမေ၊ အဖေ၊ ကိုမိုးနှင့်ညိုသာ အိမ်တွင် ကျန်ပြီး သိပ်မကြာခင်မှာပင်၊ ကွန်ပျူတာသင် တန်း၊ အင်္ဂလိပ်စာသင်တန်း စသည်တို့ တက်ချင် သည်ဟုဆိုကာ၊ ရရာအလုပ်ဖြင့် နိုင်ငံခြားသို့ အလုပ်ထွက်လုပ်ချင်နေသော ကိုမိုးလေးတစ် ယောက်၊ သွားရလာရ လွယ်ကူသော လှည်းတန်း ဘက်ရှိ ဆွေမျိုးအိမ်တွင် သွားနေလေတော့ သည်။
သို့နှင့် ညိုတို့မိသားစု ထမင်းဝိုင်းလေးတွင် အမေ၊ အဖေနှင့် ညိုသာ ကျန်တော့၏။

အခန်း (၅)
ချို့သားလေး စကားတီတီတာတာ ပြော တတ်ချိန်တွင်၊ ချိုတစ်ယောက် အလုပ်ကောင်း ကောင်းတစ်ခု ရသည်။ အမေနှင့်ညို့မှာချို့အတွက် ၀မ်းသာရပါသည်။ 
ယခုမူ အမေတစ်ယောက် အ၀တ်လျှော်၊ မီးပူတိုက်သည့် အလုပ်ကို မလုပ်တော့သော်လည်း ညိုကမူ အထည်ချုပ် စက်ရုံတစ်ရုံပြီး တစ်ရုံ ပြောင်းကာ အလုပ်လုပ်ဆဲ။ ကိုတိုးလည်းသူ့ မိန်းမ အိမ်တွင် ၀ပ်ရှော့ အသေးစားလေးတစ်ခု စထောင် နိုင်ခဲ့သည်။ ကိုမိုးကမူ နိုင်ငံခြားသို့ထွက်ရန် အတွက် လှည်းတန်းတွင်ပင် ဆွေမျိုးများဖြင့် နေ ကာ၊ ရုန်းကန်ပြင်ဆင်နေဆဲ။ စောင့်နေသော စာရွက်စာတမ်း တချို့ရလျှင် ထွက်ရတော့မည်ဟု သိရသည်။

အခန်း (၆)
တစ်နေ့တွင် ချိုတစ်ယောက် အိမ်သို့ ပေါက် ချလာကာ၊ သူ ပထမဆုံး ရသောလခဖြင့် အမေ့ကို လာကန်တော့ခြင်း ဖြစ်ကြောင်း ပြော၏။
“အများကြီးတော့ မဟုတ်ဘူးပေါ့ အမေရယ်။ ဒါပေမဲ့ နောက်တော့တဖြည်းဖြည်း လစာ တက်လာမှာ။ အခု အမေ့ကို ဦးဆုံး ကန်တော့တာ ပါ။

“အမေ ပိုက်ဆံမလိုပါဘူး သမီးရယ်။ ကလေး အတွက်သာ သေချာ စုထားပါ။ အမေ လည်း ဘယ်မှ မသွားဘူး။ အိမ်ထဲမှာပဲ နေတာ။ ဒီတော့ ဘာမှ သုံးစရာ မရှိဘူး”

အမေက ချို့ကို ကြည့်ကာပြုံးပြုံးလေးဖြင့် ပြော၏။
“နောက်လတွေ စပြီး စုပါ့မယ် အမေရယ်၊ အမေ အမြဲပြောနေကျ ထမင်းစားပွဲ ၀ယ်ချင်တာ လေ၊ တခြားသုံးစရာ မရှိရင် အဲဒါ ၀ယ်လိုက်ပေါ့ အမေရဲ့နော်။ သမီး ဦးဦးဖျားဖျားမို့ ကန်တော့ ချင်လို့ပါ”

အမေက ဘာမှပြောမနေတော့ဘဲနှင့် ချို့ လက်ထဲမှ စာအိတ်လေးကို လှမ်းယူထားလိုက်ပြီး ခဏကြာသော် ချို ပြန်သွားသည်။ ချို ပြန်သွားမှ အမေက ညို့ကို ပြောသလိုလို၊ သူ့ဘာသာသူရေ ရွတ်သလိုလိုဖြင့် စကားတစ်ခွန်း ပြောလိုက်လေသည်။
“ထမင်းစားပွဲနဲ့ ကုလားထိုင်ခြောက်လုံး ၀ယ်လိုက်လို့ ငါ့သားသမီးတွေနဲ့ ထမင်း တစ်ဝိုင်းတည်း တစ်နပ်လောက် စုံစုံညီညီ ပြန်စားရမယ်ဆို ရင်အေ၊ ငါ အခုချက်ချင်း ပြေးပြီး သွားဝယ်ပါရဲ့ တကယ်ပါ”

အမေ့စကားအဆုံးတွင် ညိုက-
“အမေ အခုဝယ်ရင် အဆွယ်အပွားတွေနဲ့မို့၊ ခြောက်လုံးနဲ့ မရတော့ဘူး၊ ကုလားထိုင် ကိုးလုံးမှ လောက်မှာ”

အမေ စိတ်သက်သာရစေရန် နောက်သလို ပြောင်သလိုဖြင့် ပြောလိုက်ရသော်လည်း၊ ကိုယ်တိုင်မှာမူ မျက်ရည်ဝဲတက်လာသောကြောင့်၊  အမေ မမြင်နိုင်အောင် မီးဖိုဆောင်ဘက်သို့ ခပ်သုတ်သုတ် ပြေးထွက် ခဲ့လိုက်ရလေတော့၏။    
ပန်းနွယ်
http://www.pan-nwe.blogspot.com


ဆင်းရဲရဲ ချမ်းသာသာ၊ သားသမီးတွေဟာ အရွယ် ရောက်လာကြတဲ့ အခါ ကိုယ်စီကိုယ်စီ အသီးသီး ခွဲထွက်သွားကြတယ်။ မိသားစု စုံစုံညီ ညီနဲ့ သိုက်သိုက်ဝန်းဝန်း နေကြရတယ်ဆိုတာ တကယ်တော့ ခဏလေးပါ။ အမေ၊အဖေ၊ မောင်နှမတွေနဲ့ တစ်စုတစ်ဝေး၊ ပျော်ပျော်ပါးပါး နေကြရတဲ့ အချိန်ဆိုတာ ဘယ်လိုမှ ပြန်မရနိုင်ပါဘူး။ ခွဲထွက်သွားကြသူတွေက သိပ်သတိမထားပေမဲ့။ ကျန်ခဲ့တဲ့သူတွေက ခွဲခွာရခြင်း ဆိုတာကို ပို သတိထားမိပြီး ပိုခံစားရတာကို တွေးမိပြီး ဒီဝတ္ထုလေးကို ရေးဖြစ်ခဲ့ တာပါလို့ပြောခဲ့တဲ့ ဘလော့ဂါပန်းနွယ်ရဲ့ ဒီဝတ္ထုလေးက စာဖတ်သူဖူးငုံ တို့အတွက် ခံစားမှု တစ်ခုခုတော့ ပေးလိမ့်မယ်လို့ ထင်မိပါတယ်။

ဘလော့ဂါပန်းနွယ်က “ကိုယ်တိုင်ဖတ်ရှူလေ့လာမိတဲ့အထဲက ဖြစ်စေ၊ ဘ၀ဖြတ်သန်းမှုအရ သိမြင်ခဲ့ရတာတွေထဲကမှ ဖြစ်စေကောင်း မွန်တဲ့အကြောင်းအချက်များကို အများသူငါဆီ ရောက်အောင် ဝေမျှ ပေးနိုင်တယ်လို့ ထင်မိသလို၊ တစ်ချိန်တည်းမှာပဲ အွန်လိုင်းပေါ်မှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တည်းဖြတ်၊ ကိုယ်တိုင် ဏကဘူငျ့လုပ်ကြတာကို အသက်အရွယ်စုံက ဖတ်ကြတာဖြစ်လို့ သူတစ်ပါးရဲ့စိတ်၊ အထူးသဖြင့် ဆယ်ကျော်သက်တွေကို အဆိပ်မခတ်မိစေဖို့လည်း အွန်လိုင်းမှာ စာရေး တဲ့ အခါတိုင်း သတိ ထားရပါတယ်” လို့ အွန်လိုင်းမှာ ရသစာပေရေး သားနေသူတစ်ယောက်အနေနဲ့ အွန်လိုင်းကနေ ဘာတွေ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်နိုင်သလဲ၊ ဘာတွေအကျိုးပြုနိုင်သလဲ ဆိုတဲ့အပေါ်၊ သူမရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

သူမဟာ ပရဟိတလုပ်ဆောင်မှုအနေနဲ့ နွမ်းပါးတဲ့ ၉ တန်း၊ ၁၀တန်း ကလေးအချို့ကို ကျောင်းထားပေးဖူးပြီး၊ နောက်ပိုင်းမှာတော့ အလျဉ်းသင့်သလို လိုအပ်တဲ့ နေရာတွေအတွက် အလှူငွေ ထည့်ဝင်ဖြစ် နေတဲ့ ဘလော့ဂါတစ်ဦးဖြစ်ပါတယ်။

ဒီတစ်ပတ် Blog Digest ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ Blog post များကိုဖတ်ပြီး ဖူးငုံချစ်သူများ ရသ တစ်စုံတစ်ရာ ရလိမ့်မယ်လို့ ထင်ပါတယ်။ အွန်လိုင်းမှာ ရသစာပေကို ချစ်မြတ်နိုးလို့ ကြိုးစားရေးနေကြတဲ့ ၀ါသနာရှင် လူငယ်များစွာ ရှိနေပါတယ်။ အွန်လိုင်းကို အခုလို မိမိဝါသနာ ပါရာအတွက် အကျိုးရှိရှိ အသုံးပြုနေကြတာဟာ ၀မ်းသာစရာ၊ ကြိုဆို စရာလို့ မြင်မိပါတယ်။

ဖူးငုံ မဂ္ဂဇင်းလို့ အွန်လိုင်းက စာရေးကောင်းသူများရဲ့ ရသလက် ရာများကို ပုံနှိပ် စာမျက်နှာအထိ ရောက်အောင် စိတ်ဝင်တစား နေရာပေး လာကြတဲ့ မဂ္ဂဇင်းများ၊ ဂျာနယ်များလည်း ရှိနေခဲ့ပါပြီ။ အင်မတန်မှ ၀မ်းသာစရာ ကောင်းသလို၊ ဖော်ပြ ပေးလာတဲ့ ပုံနှိပ်မဂ္ဂဇင်းများ၊ ဂျာနယ် များကိုလည်း ကျေးဇူးတင်မိရပါတယ်။ ရသစာပေချစ်မြတ်နိုးတဲ့ စာပေ ၀ါသနာရှင်များ ရသပင်လယ်ပြင်ကျယ်ကြီးထဲမှာ စာကောင်း ပေမွန်များ စဉ်ဆက်မပြတ် ထုဆစ်နေနိုင်ပြီး သက်လုံကောင်းကောင်းနဲ့ မမော မပန်းမနွမ်းဘဲ ကူးခတ်နိုင်စေချင်ပါတယ်။

မြသွေးနီ
www.myathwayni.com