|
Written by သံဗျင်ဦး
|
|
Friday, 31 August 2012 14:35 |
မှေးခနဲ အိပ်ပျော်နေရာမှ ဖျတ်ခနဲ လန့်အနိုးမှာ နံဘေးနားကို လက်နဲ့ ယောင်ယမ်း စမ်းမိတော့ ကျုပ်အိပ်နေတဲ့ ဘယ်ညာ နှစ်ဖက်မှာ တစ်ယောက်မှ မရှိကြ။ ရက်စက်တဲ့မြေးမ။ ငယ်ငယ်ကတည်းက အတူတူ အိပ်ခဲ့ကြတာ မြေးမဆယ်တန်း အောင်တဲ့ အထိပေါ့။
argaiv1546
argaiv1631
မြေးမ တက္ကသိုလ် တက်ချိန်မှာ အဘွားနားက ပရုတ်ဆီနံ့တွေ ရတယ်၊ အိုက်လည်း အိုက်တယ်၊ လက်ဆန့် မရလို့ ညောင်းတယ်၊ အကြောင်းပြကာ အိပ်ခန်းထဲက တစ်ယောက်အိပ် ခုတင်ကို မြေးမ အပိုင်သိမ်းပြီး ကျုပ်ကို ဘုရားခန်းဘေးက အဘိုးကြီး ခုတင်ဘေး ကြမ်းပြင်ပေါ်ကို ပို့ခဲ့ကြတာပေါ့။ ဒီအရွယ်ကြီးရောက်မှ အဘိုးကြီးနဲ့ အတူ မအိပ်ချင်လို့ ခုတင်ဘေး ဘုရားခန်း အစပ်နားက ကြမ်းပြင်ကိုသာ ရွေးချယ်ခဲ့တယ်။
ကြမ်းပြင်ပေါ်မှာ တစ်ယောက်တည်း အိပ်ခဲ့ရင်း မိုးအကုန် ဆောင်းဝင်ပြီး ဆောင်းလယ်ကာလ အအေးလှိုင်းဖြတ်တော့ အလွန်အေးတဲ့ အအေးဒဏ်ကြောင့် ကြမ်းပြင်ပေါ်မှာ မအိပ်နိုင်တော့ဘဲ “မြေးမ”ရှိတဲ့ ခုတင်ပေါ် ပြန်တက်မယ်ဆိုတ အကြံနဲ့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံး မှာတော့ အဘိုးကြီးခုတင် ပေါ်ကို အလိုလို ရောက်ရှိခဲ့ ရတာ။ ကျုပ် ပြုတ်ကျမှာစိုးလို့ အဘိုးကြီးက ခုတင် အစွန်းမှာ အိပ်ပြီး နံရံဘေး ကပ်ရက်ကို ကျုပ်အတွက် အိပ်စက်ဖို့ နေရာပေးခဲ့တယ်။
ခုတင်ပေါ်မှာ အဘိုးကြီး အိပ်ပြီလားလို့ ကျုပ်မေးတိုင်း “အေး”လို့ ပြတ်ပြတ် သားသား ဖြေတတ်တဲ့ အဘိုး ကြီးဘေးမှာ အိပ်ရပေမဲ့ မြေးမနဲ့ အိပ်ရတာကိုပဲ တောင့်တနေ မိတယ်။ မြေးမနဲ့ ကျုပ် အတူ အိပ်ဖြစ်ခဲ့တာ မြေးမအောက် နောက်ထပ် မြေးတစ်ယောက် ထပ်ရတော့ ကလေးချင်း နီးနေလို့ အကြီးမကို အဘွားနှင့် အတူ အိပ်ခိုင်းတာက အစပြုခဲ့ တာပေါ့။ ညဘက် နို့ဘူး တိုက်တော့လည်း ကျုပ်ပဲ။ နည်းနည်းကြီးလာတော့ အို ဗာတင်း ဖျော်တိုက်ရတာ လည်း ကျုပ်ပဲပေါ့။ ပြီးတော့ မူကြိုတက်တော့လည်း ကြိုပို့ ဒီအဘွား၊ ကျောင်းကြီးတက် တော့လည်း ဒီအဘွား၊ နေ ထိုင်မကောင်း ဆေးခန်းပို့ တော့လည်း ဒီအဘွားပဲ ဖြစ် ခဲ့တာ ဆိုတော့ မြေးမနဲ့ ကျုပ် တို့ရဲ့သံယောဇဉ်က ကြီးထွား နက်ရှိုင်းလို့ လာရတာပေါ့။
စာတော်တဲ့ မြေးမကြောင့် နှစ်စဉ်နှစ်တိုင်း ပ၀ါနှစ်စ အသာချလို့ ဆုနှင်းသဘင်ပွဲ တက်ခဲ့ရတာ အမြဲပေါ့ကွယ်။ ၇ တန်း၊ ၈ တန်းနှစ်မှာ အား ကစားနဲ့ပြုတ်ပြီး လူရည်ချွန် မဖြစ်ပေမဲ့ စာရိတ္တမယ်ကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ မြေးမအတွက် ကျုပ်ဂုဏ်ယူရ တာ အကြိမ်ကြိမ် အခါအခါပေါ့။ ဆယ်တန်း တစ်နှစ်လုံး မြေးမ စာကျက်ချိန်တွေမှာ မအိပ်ဘဲနဲ့ တစ်နှစ်ပတ်လုံး အဖော်ပြုပေးရင်း အိပ်ရေး ပျက်ရတာကို မငြိုငြင်ဘဲ နှစ် ခြိုက် ကျေနပ်ခဲ့ရတယ်။ ဆယ်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့ အောင်တော့ မြေးမ ပါးကို အကြိမ်ကြိမ်နမ်းပြီး ဂုဏ်ပြု ပျော်ရွှင်လိုက်ရတာ၊ ပြီးတော့ ကျုပ်နားက ရှေးဟောင်းရွှေ (ကျုပ်အဘွား လက်ထက်က တည်းက ရခဲ့တဲ့အမွေပါ) ကို ကျုပ်တို့နဲ့ ရင်းနှီးတဲ့ ပန်းထိမ်ဆိုင်မှာ ပြန်ဖျက်ပြီး လက်စွပ် လုပ်ပြီး ကျုပ်ကိုယ်တိုင် ဆုချ ခဲ့တာပေါ့။ မြေးမကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့ ကျုပ်တစ်ယောက် မြေးမနဲ့ ခွဲအိပ်ဖို့ အကြောင်းဖန်လာတော့ တယ်။ တက္ကသိုလ် စမတက် ခင်အချိန်မှာတော့ အဘွားကြီး နှင့် ခွဲအိပ်ချင်ပြီလို့ “မြေးမ” တောင်းဆိုလာတော့တာပါပဲ။ တစ်ယောက်အိပ် ခုတင်မှာ နှစ်ယောက် အိပ်ရတာ ကျပ်တယ်၊ အိုက်တယ်။ ပြီးတော့ အဘွားလိမ်း တတ်တဲ့ ပရုတ် ဆီနံ့တွေ ရတယ်။ မျက်စဉ်း ဆေးနံ့တွေ ရတယ်ဆိုပြီး ကျုပ် နဲ့အတင်းကို ခွဲအိပ်တော့တာ ပါပဲ။
အဘိုးကြီး ခုတင်ဘေး ကြမ်းပြင်မှာ စအိပ်ရတဲ့ ညက ဆို တစ်ညလုံး အိပ်မပျော်ခဲ့ဘဲ ဘေးနားမှာ မရှိတော့တဲ့ မြေးမကိုပဲ တမ်းတ နေမိတာပေါ့။ ညဘက်အိပ်ပြီ ဆိုရင် မျက်နှာပေါ် လက်ကလေး တင်ပြီး နှုတ်ခမ်းခပ်စူစူ အနေ အထားနဲ့ အိပ်ပျော်နေတတ်တဲ့ မြေးမမျက်နှာကို တစိမ့်စိမ့် ကြည့်ရင်း နဖူးပေါ် ၀ဲကျနေ တဲ့ ဆံစတွေကို သပ်တင်ပေးရင်း၊ အေးတဲ့ရာသီမှာ တစ်ရေးနိုး လာတဲ့အခါ စောင်ထခြုံ ပေးရင်း၊ ပူတဲ့ရာသီမှာ မျက်နှာသုတ်ပ၀ါနဲ့ ချွေးသုတ် ပေးရင်း၊ ယပ်ခတ်ပေးရင်း၊ ဆီးသွားချင်တယ်ဆို လိုက်တည်ပေးရင်းနဲ့ တစ်ညတာ အချိန်များကို ကျုပ်တစ် ယောက် ကျေကျေနပ်နပ်ကြီး ကို ကြည်နူးစွာနဲ့ မြေးမတစ်သက် ဖြတ်သန်းလာခဲ့တာ ပေါ့။ ကျုပ်ကို သိပ်ချစ်တဲ့ မြေးမတစ်ယောက် အခုတော့ အဘွားနဲ့ ခွဲအိပ်ချင်ပြီပေါ့။ တက္ကသိုလ် ကျောင်းသူကြီးဖြစ် ပြီဆိုတော့ အဘွားလိုက်စရာ မလိုတော့ဘူးပေါ့။
မြေးမ အကြောင်းတွေကို စဉ်းစားရင်းနဲ့ ကုန်လွန် သွားတဲ့အချိန်တွေကို ပြန်တွေး ရင်း နံဘေးက အဘိုးကြီးကို ကြည့်မိတော့ ပက်လက် အနေ အထားနှင့် လက်နှစ်ဖက် ယှက်ကာ တရားမှတ်နေရင်း အိပ်ပျော် သွားပုံရတယ်။ မြေးတွေ အားလုံးနဲ့ အရောတ၀င် မနေဘဲ၊ အင်္ဂလိပ်စာ သင်ပေးတဲ့ အချိန်၊ ဘုရားစာ ကျက်ခိုင်း တဲ့အချိန်တွေမှာသာ မြေးတွေ နဲ့ ဆက်ဆံတတ်တဲ့ အဘိုး ကြီးကို မြေးတွေတုန်အောင် ကြောက်ကြသလောက် ကျုပ်ကိုကျတော့ နိုင်ချင်သလိုကို နိုင်ကြတာပါပဲ။ မြေးတွေရဲ့ ဝေယျာဝစ္စ အစအဆုံး အကုန် လုပ်ပေးတတ်တဲ့ အကျင့်ကို ကျုပ်ကိုယ်တိုင်ကပဲ ကျင့်ခဲ့တာကိုး။ မြေးမအောက်က မြေးအငယ်နှစ်ယောက်ဆိုရင် အဘွားကြီး ထမင်းစားမယ်၊ ထမင်းခူးပေးပါ၊ ခွံ့ကျွေးပါ၊ ရေသောက်ချင်တယ်၊ အီး လိုက်တည်ပါ၊ ကြောက်လို့ အိမ်သာရှေ့မှာ စောင့်ပေးပါ။ သနပ်ခါး သွေးထားပေးပါ၊ ရေချိုးပေးပါနဲ့မျိုးစုံကို ခိုင်းတတ်ကြတယ်။ ဒါကို ကျုပ် ကိုယ်တိုင်ကပဲ ခုနက ပြောခဲ့သလို ကျေကျေနပ်နပ်လက်ခံ ခဲ့တာကိုး၊ လုပ်ပေးခဲ့တာကိုး။
မြေးမရဲ့ စိမ်းကားမှု အောက်မှာ နေထိုင်ရင်းနဲ့ အဘိုးကြီး ခုတင်ပေါ်မှာ အိပ်ရတာ ကျင့်သားရလာပြီး နေ တတ်သွားတဲ့ အချိန်ရောက်မှ အဘိုးကြီး နေမကောင်းလို့ ပုဂ္ဂလိက အထူးကု ဆေးခန်း တင်လိုက်ရတော့ ညညဆို ခုတင်ပေါ်မှာ ကျုပ်တစ်ယောက်တည်း ပြန်ဖြစ်သွား တာပေါ့။ ခုတင်ပေါ်မှာ အိပ် မပျော်ဘဲရှိနေဆဲ ဆေးခန်းမှာ တစ်ပတ်လောက် နေရမယ်ဆိုတဲ့ သမီးရဲ့အသံကို ပြန်ကြား ယောင်နေမိတယ်။ အဘိုးကြီး အိပ်ပြီလားလို့ မေးရမဲ့လူ မရှိတော့လို့ ယောင်တောင်တောင် ဖြစ်နေတဲ့ ကျုပ်နံဘေး မှာ အုန်းလီ ကက်ဆက်လေးနဲ့ တရားခွေလေးတွေ လာဖွင့် ပေးကြတယ်။ မေမေ တစ်ယောက်တည်း ပျင်းနေမှာစိုး လို့၊ ပြီးတော့ တောင်တွေး မြောက်တွေးနဲ့ စိတ်တွေ မပျံ့အောင် တရားခွေလေး နားထောင်ပါဆိုတဲ့ သမီးနဲ့သမက် စကားသံကို နားထောင်ရင်း တရားခွေတွေနဲ့ ကျုပ်အချိန် တွေကို ကုန်လွန်စေခဲ့ရတာ။ မြေးအငယ် နှစ်ယောက်က အဘွားနား ကပ်ပေမဲ့ မြေးမ ကတော့ စာမေးပွဲရှိတယ် အကြောင်းပြပြီး ကျုပ်အနား ကို မလာဘဲ ရှိနေတတ်တယ်။ ဒီလိုနဲ့ တစ်ပတ် အကျော်မှာ အဘိုးကြီး ဆေးခန်းက ပြန် ဆင်းလာတော့ ၀မ်းသာလိုက် တာ အဘိုးကြီးရယ်လို့ အဘိုးကြီး လက်ကို ကိုင်ဆုပ်ပြီး ပြေ တော့ အဘိုးကြီးက “ငါ မသေသေးပါဘူး အမေကြီး ရ” လို့ ခပ်မာမာတောင် ပြန်ဖြေလိုက်သေးတယ်။ ကျုပ်ဖြင့် အားရှိလိုက်တာ။
အဘိုးကြီး နေကောင်းလာပြီး အဘိုးကြီး ပြန်ဖျော် ပေးတဲ့ မော်လတိုဗာ သောက်ရင်း၊ ကရင်းကရက်ကာ မုန့် ချပ်တွေတို့ စားရင်း အဘိုးကြီးနဲ့ အတူ အချိန်တို့ ကုန်လွန်ခဲ့ရတယ်။ နေ့ခင်းဘက် ရုံး တက်၊ ကျောင်းတက်ကြတဲ့ အချိန်တွေမှာ အဘိုးကြီးနဲ့ ကျုပ်ရယ်၊ အတူ လာနေပေးတဲ့ ကျုပ်တူမ၀ါဝါတို့သာ ရှိပြီး အိမ်ကြီး တစ်အိမ်လုံး တိတ်ဆိတ်လို့ နေတာပေါ့။ အဘိုးကြီး ခုတင်ဘေးမှာ စကားတွေ ထိုင်ပြောရင်း ရှေး ဟောင်းနှောင်းဖြစ် ပြောတတ် ခဲ့ကြရင်း အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လွန်ခဲ့ရတာ ပေါ့။ ကျုပ်မျက်လုံး သိပ် မကောင်းတော့ဘဲ အဘိုးကြီး ဖျော်တိုက်တဲ့ မော်လတိုဗာ သောက်ရင်း၊ မုန့်ချပ်တို့ကို အဘိုးကြီး ညွှန်ပြတဲ့ အတိုင်း တို့စားရင်းနဲ့ အဘိုးကြီးကို ပိုပြီး အားကိုးလာခဲ့မိတယ်။ နောက်တစ်ကြိမ် အဘိုးကြီး နေမကောင်းဖြစ်တော့ အဘွား ဘုရားခန်းမှာ မွေ့ရာခင်းပေးမယ်။ အဘိုး နေမကောင်းတဲ့ အချိန် ခဏ ပြန်ခွဲအိပ်လိုက်ပါ။ အဘိုး နေပြန်ကောင်းသွားရင် အဘွားနဲ့ ပြန်အိပ်ရမယ်ဆိုလို့ ကျုပ်လည်း အဘိုးကြီးနဲ့ ပြန် ခွဲပြီး ဘုရားခန်းက ကြမ်းပြင် ပေါ်မှာ မွေ့ရာခင်းပြီး ကျုပ် တစ်ယောက်တည်း ပြန်အိပ်ရ တော့တာပေါ့။
ညဘက် ကြမ်းပြင်ပေါ် က ကျုပ်အိပ်ရာကနေ အဘိုး ကြီးရေလို့ လှမ်းခေါ်လိုက်ရင် ဟေ အေးလို့ ခပ်တိုးတိုး ပြန် ဖြေတတ်သလို၊ တစ်ခါတစ်ရံ အဘိုးကြီးထံမှ ပြန်ထူးသံ မကြားရပါဘဲ တိတ်ဆိတ်လို့ နေတယ်။ နောက်ပိုင်း အဘိုး ကြီးထံက ပြန်ဖြေသံ မကြား ရတာ ပိုများလာတော့တယ်။ တစ်ည ကျုပ် မှေးခနဲ အိပ် ပျော်နေတုန်း လူသံတွေ ဆူညံ နေလို့ ကျုပ်လန့်နိုးသွားရင်း ငိုသံတွေလိုလို ကြားမိတယ်။ ခဏကြာတော့ ငိုသံတွေ ပြန်တိတ်သွားပြီး ကျုပ်ဆီကို လာနေတဲ့ ခြေသံတွေကို ကြားရ အပြီး မေမေ၊ ဖေဖေ ဒီတစ် ခေါက် ဆေးခန်းပြန်တင်ရဦး မယ်။ ဖေဖေ့ကို နှုတ်ဆက်လိုက်ပါဦးလို့ သမီးကြီးဆို လာတော့ စမ်းစမ်း စမ်းစမ်း နှင့် အဘိုးကြီး ရှိရာ လျှောက်လာရင်း အဘိုးကြီး လက်တွေက အေးစက်လို့ နေပါလားလို့။ အဘိုးကြီးရေ ဒီတစ်ခါ တော့ တကယ် ခွဲရပြီ ထင်ပါရဲ့လို့ ကျုပ် ဘာဖြစ်လို့ မချိတင်ကဲ ညည်းလိုက်မိတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ ဘူး။ ဒီလိုနဲ့ အဘိုးကြီး ဆေးခန်းသွားတာ တော်တော်နဲ့ ပြန်မရောက်တော့ ကျုပ်လည်း တမေးတည်း မေးနေတော့ တာပေါ့။ မသက်သာသေး ဘူးဆိုတဲ့ စကားသာကြား ရပြီး ဘာအဖြေမှ မရခဲ့ပေ မဲ့ ထူးထူးခြားခြား မြေးမက ကျုပ်ဘေးမှာ နေပြီး မော်တိုဗာ ဖျော်တိုက်၊ ထမင်းကျွေး၊ ပြီးတော့ စကားတွေလာ ထိုင်ပြောတော့ ကျုပ်လည်း ထူးဆန်းနေတာပေါ့။
မြေးမ နားကပ်ပြီး(တိုးတိုးလေး) အဘိုးကြီး ဆေးခန်းမှာ တကယ် ရှိသေးလားမေးတော့ ရှိတာ ပေါ့ အဘွားရဲ့လို့ မြေးမပြန် ဖြေသံကြားကြားချင်း ဒါဆို အဘွားကို အဲဒီ ဆေးခန်း လိုက်ပို့ပေးပါ။ အဘိုးကြီးနဲ့ တွေ့ချင်တယ်လို့ ကျုပ် ပူဆာမိတယ်။ လိုက်ပို့ပေးမယ် ဆိုတဲ့ မြေးမစကားသံတို့က အသက်မပါသလို ကျုပ်က လိုက်ပို့ပေးပါ ပြောတိုင်း လိုက်ပို့ပေးမယ် ဆိုတဲ့ စကား သံတွေဟာ အပ်ကြောင်းထပ် ကြားခဲ့ရပြီး ဆေးခန်းကိုတော့ မရောက်ဖြစ်ပါဘူးကွယ်။
ညဘက်အိပ်ချိန် ရောက် ပြီဆိုရင် ဘုရားခန်း ကြမ်းပြင် ပေါ်က အိပ်ရာထဲမှာ ဘုရား စာတွေရေရွတ်ရင်း၊ မီးလာ တဲ့ရက်တွေမှာ တရားခွေတွေ နားထောင်ရင်း အိပ်ပျော် ခဲ့ပေမဲ့ တစ်ရေးနိုးပြီဆိုရင် ဘေးဘယ်ညာ နှစ်ဖက်ကို ယောင်ယမ်းပြီး လျှောက်စမ်းမိတာ အကြိမ်ကြိမ်။ ဘယ် ဘက်မှာ မြေးမများ ရှိနေမ လား၊ ညာဘက်မှာ အဘိုးကြီးများ အိပ်နေမလားလို့ လိုက်စမ်းနေမိတတ်တယ်။
ဘုရားမီး မှိန်မှိန်အောက် မှာ ခြင်ထောင် လှပ်လိုက်ပြီး အိပ်ရာထဲကနေ ဖင်တရွတ် တိုက်ဆွဲပြီး အဘိုးကြီး ခုတင် ရှိရာကို လာခဲ့တယ်။ ခုတင်ဘောင်ကို လက်နှင့်စမ်းမိ လိုက်ချိန်မှာ အဘိုးကြီးရဲ့ ကိုယ်နံ့ကို စတင် ရရှိလိုက်တာ ပေါ့။ တုန်ချည့်ချည့်ပိန်လှီလှီ လက်တို့ ရှေ့ထုတ်လိုက်စဉ် မှာပဲ အဘိုးကြီးရဲ့လက် မောင်းကို ဆုပ်ကိုင် မိလိုက်တယ်။ ပြီးမှ အဘိုးကြီး လက်ချောင်းလေးတွေကို ထိတွေ့ နေဆဲမှာ အဘိုးကြီးရဲ့ လက်အစုံက ကျုပ်လက်နှစ် ဖက်လုံးကို ဆုပ်ကိုင်လိုက် လို့ပေါ့။ အဘိုးကြီး ခုတင် ပေါ်ပြန်ရောက်နေပြီဆိုတာ တစ်အိမ်သားလုံး ဘယ်သူမှ မသိလိုက်ပါဘဲ ကျုပ်တစ်ယောက်သာ သိခဲ့ရတယ်။ အဘိုးကြီး လက်ကို မလွှတ် တမ်း ဆုပ်ကိုင် ထားရင်း နားထဲမှာလည်း “အဘိုးကြီးရေ” လို့ ကျုပ်ခေါ်လိုက်တိုင်း “ဟေ-အေး”လို့ ပြန်ထူးနေတဲ့ အဘိုးကြီး အသံတို့က ပဲ့တင် ထပ်လို့နေတော့တယ်။
သံဗျင်ဦး (ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|