|
Written by ၀င်းငြိမ်း
|
|
Thursday, 30 August 2012 14:17 |
မင်္ဂလာပါ ဆရာ ဆရာ မောင်နှင်းပန်းရဲ့ ၀တ္ထုကို ရိုက်ထားတဲ့ လောင်ကျွမ်းကြ သူများ ဆိုတဲ့ ဗီဒီယိုကားလေး အရမ်း ကောင်းပါတယ် ဆရာ။ ဒီလို ရွှေဝတ္ထုတွေကို ဗီဒီယိုတွေ အဖြစ် ပြောင်းသွားတော့ ၀မ်းသာမိပါတယ်။
argaiv1563
ဗီဒီယို ကားတွေကို ထားဝယ မှာ ကြည့်ရတာ တယ်မလွယ်လှဘူး ဆရာရေ။ နေမင်းရဲ့ ကားတွေဆို ရန်ကုန်မှာဖြန့်ပြီး အတော်ကြာမှ ဒီမှာထွက်တာ ၆ လလောက်တောင် ကြာတယ်။ အခုမှ ရပ်ကွက်ထဲကနေ့ ရပ်ကွက်ထဲက ည ထွက်တုန်း ရှိသေးတာ။ ဆရာရေ Internet ခေတ်ကြီးထဲမှာ ရန်ကုန်မှာ ထွက်တာနဲ့ ထားဝယ်မှာလည်း ထွက်သင့်တာပေါ့။ နေမင်းတို့ ရွှေစင်ဦး ထုတ်လုပ်ရေးကိုလည်း အားပေး နေပါတယ်။ အစ်ကို နေမင်းရဲ့ကားတွေကို တစ်ပြေးညီ ကြည့်ခွင့် ရချင်ပါတယ်။ မျောလွင့်နေတဲ့ တိမ် ကားဆို အလင်း တန်းမှာ မျက်နှာဖုံး ပါတာ ကြာပြီ အခုထိ မထွက်သေးဘူး။ ဘာလို့လဲ။ အခုလို ရင်ဖွင့်ခွင့်ရတာ ဆရာ့ကို ကျေးဇူးတင်ပါ တယ်။ ဆရာ ရွှေမျက်နှာဖုံးမှာ မေကဗျာကို တွေ့ချင်ပါသေးတယ်။ ဆရာ့ရဲ့ ရွှေပရိသတ် မိုးနှောင်းမှိုင်း
ဟုတ်ကဲ့ နေမင်းနဲ့ တွေ့ရင် ပြောပြလိုက်ပါမယ်။ နေမင်း တို့ ရွှေစင်ဦး ဗီဒီယိုထုတ်လုပ်ရေးက ပြည်ပမှ စက်အသစ် ၀ယ်ယူပြီး ဗီဒီယိုကားတွေ အရည်အသွေး ပိုမိုမြင့်မားအောင် ရိုက်ကူးထုတ်လုပ်နေပါတယ်။ ရန်ကုန်နဲ့ နယ်မြို့ကြီးများ တစ်ပြေးညီ ထွက်နိုင်ဖို့ ကိစ္စကတော့ ထုတ်လုပ်သူများသာလျှင် ဖြေကြားနိုင်မဲ့ ကိစ္စဖြစ်ပါတယ်။
သို့ အန်ကယ် ဦးဝင်းငြိမ်းရှင့် သမီး ရိုသေစွာနဲ့ စာရေးလိုက်ပါတယ်။ ရွှေတစ်ဖွဲ့သားလုံး နေကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။ လေးငြိမ်းဆီ စာမရေးဖြစ်ပေမဲ့ ရွှေကိုတော့ လစဉ်အမြဲတမ်း ၀ယ်ပြီး သိမ်းထားဖြစ်ပါတယ်။ ရွှေက ဆောင်းပါး၊ ၀တ္ထုတို၊ သတင်း တွေနဲ့ သမီး မြတ်နိုး တန်ဖိုးထားတဲ့ လေးစားတဲ့ အနုပညာရှင် စာပေ အတတ်ပညာရှင် စာရေးဆရာများက သမီးအတွက် ထာဝရ အဖော်မွန် မိတ်ဆွေကောင်းတွေပါ။ လစဉ် စာရေးချင် ပေမဲ့ သမီးက နေရာဒေသအလိုက် ပြောင်းရွှေ့နေရတော့ စာရေးဖို့ နည်းနည်းခက်ခဲခဲ့ပါတယ်။ ခုလည်း ဇာတိမြေကို အလည်လာရင်း စာရေးဖြစ်ခဲ့တာက လေးငြိမ်းဆီကို အကူ အညီတစ်ခု တောင်းချင်လို့ပါ။ သမီးတို့လို ပရိသတ်တွေ ရင်ထဲခံစားချက်ပေါင်းများစွာ ထိချက်ပြင်းပြင်း ရိုက်ထည့် ပေးနိုင်တဲ့ ဒါရိုက်တာ ၀ိုင်းဆီကို သမီးဝယ်ထားတဲ့ စာအုပ် လေးတစ်အုပ် လက်ဆောင်ပေးချင်ပါတယ်။ အဲဒါ ရွှေကနေ တစ်ဆင့် ပေးရမလား၊ စာတိုက်ကနေတစ်ဆင့် ပေးရမလား ဒွိဟဖြစ်နေပါတယ်။ စာတိုက်ကနေပေးရင်လိပ်စာလည်း မသိ၊ မရောက်မှာလည်း စိုးပါတယ်။ လေးငြိမ်း ဖြေပေးပါနော်။ ကျေးဇူးပြုပြီးတော့ပါ။ နောက်ပြီးတော့ မမြင်ရတာကြာပြီဖြစ် တဲ့ မတင့်(တင့်တင့်ထွန်း)အကြောင်းကိုလည်း လာမဲ့ အနီးဆုံး လမှာဖော်ပြပေးစေလိုပါတယ်။ သမီးအကူအညီတောင်းထား တာကို ဒီလထဲမှာပဲ ဆက်ဆက်ဖြေပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်းအဖွဲ့သားများ နေကောင်းပါစေ၊ ရွှင်လန်းပျော်ရွှင်မှုရပါစေလို့ ဆုမွန်တောင်းလျက် ရွှေရဲ့ ထ၀ရ ပရိသတ် သျှင်မင်းနွယ်(မြင်းခြံ)
ဝိုင်း ဆီကို ပေးချင်ရင် ရွှေအမြုတေက တစ်ဆင့် ပေးပို့လို့ ရပါတယ်။ တင့်တင့်ထွန်းနဲ့ တွေ့ဆုံပေးဖို့လည်း ကြိုး စားပေးပါမယ်။
သို့ အန်ကယ် ဦးဝင်းငြိမ်း မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ မီးပွား ရိုက်ကူးမဲ့ ရွှေထီးတော် မိုးပါလို့ ငွေမိုးတွေရွာ ရုပ်ရှင်ကားကြီး ကို မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။ အဲဒီ ရွှေထီးတော် မိုးပါလို့ ..... ရုပ်ရှင်ကားကြီးရဲ့ ၀တ္ထုဇာတ်လမ်းပိုင်ရှင်ဟာ ဆရာမ နုနုရည်(အင်းဝ)လား၊ ဆရာ မိုးနီလွင်လား ခင်ဗျား။
ဆရာမ နုနုရည်(အင်းဝ)ရဲ့ ပြုံး၍လည်း ကန်တော့ခံ တော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ ၀တ္ထုကို ရုပ်ရှင်ရိုက်မယ်လို့ ၀တ္ထုထွက်ခါစ အချိန်က ကြားမိလိုက်သေး တယ်။ ပြုံး၍လည်း ... ၀တ္ထု အမြန်ဆုံး ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ကူးပါလို့ ဦးဝင်းငြိမ်းမှတစ်ဆင့် ဒါရိုက်တာ တစ် ဦးဦးကို ပြောပေးပါခင်ဗျာ။ ဒေစီဂျိန်း အဖြစ် ရန်အောင်၊ မင်းမင်းအဖြစ် မြင့်မြတ်၊ ပန်းညိုအဖြစ် ၀တ်မှုံရွှေရည်၊ အဖုံကြီး အဖြစ် ဇော်ဝင်းနိုင်(မန်း)တို့ကို မြင်မိပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က နံနက်ခင်း ဂျာနယ်မှာ ရုပ်ရှင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ အေးအေး သင်းနဲ့ တွေ့ဆုံခန်းကို ဖတ်ရှုလိုက်ရပါတယ်။ ဦးဝင်းငြိမ်း ရွှေအမြုတေမှာ ဖော်ပြတင်ဆက်တဲ့ ငယ်ငယ်တုန်းက မင်းသမီးများ ကဏ္ဍမှာ အကယ်ဒမီ အေးအေးသင်းရဲ့ ငယ်ဘ၀ပုံရိပ် များကို ဖော်ပြပေးစေလိုပါတယ်။ အဲဒီကဏ္ဍ မဖော်ပြတာ လအနည်းငယ်ရှိပြီမို့ ပြန်လည်တောင်းဆိုတာပါ ခင်ဗျာ။ ရွှေ အမြုတေက ဦးဇော်ထူးအောင်ရဲ့ အဒေါ် ဒေါ်ခင်မော် စုဆောင်း ထားတဲ့ ရုပ်ရှင်မင်းသမီးကြီးတွေရဲ့ ဓာတ်ပုံတွေမှာ အကယ်ဒမီ ဒေါ်အေးအေးသင်းရဲ့ ပုံတွေရှိနေသေးရင် အတိုင်းထက် အလွန် ပေါ့ဗျာ။ သို့မဟုတ်ရင် တခြားလက်လှမ်းမီရာများမှာ တစ်ဆင့် ဦးဝင်းငြိမ်းက တင်ဆက်ပေးစေချင်ပါတယ်။ ရွှေရဲ့ ပရိသတ် စိုးသီဟ ဘူတာလမ်း ဆတ်သွား၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်း
တရားခံ မရှာပါနဲ့ဗျာ။ “ရွှေထီးတော် မိုးပါလို့...”က “ပြုံး၍လည်း...”နဲ့ ကျောရိုးတူတာကြောင့် ဆရာမ နုနုရည် (အင်းဝ)က ကန့်ကွက်ထားတဲ့ အတွက် ဆက်မရိုက်ဖြစ်တော့ပါ ဘူး။ “ပြုံး၍လည်း...”ကို ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ကူးဖို့ စိတ်ဝင်စားကြသူတွေ များပေမဲ့ ဆင်ဆာကြောင့် အခုချိန်ထိ တော့ မရိုက်ရဲကြသေးပါဘူး။ “ငယ်ငယ်တုန်းက...”ကဏ္ဍကို အလျဉ်းသင့်ရာလမှာ တင်ဆက် ပေးပါမယ်။
လေးစားရပါသော ဆရာဦးဝင်းငြိမ်းရှင် သမီးက ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍမှာ တစ်ခါမှ စာမရေးဖူးပါဘူး။ ရွှေကိုတော့ လစဉ်ဖတ်ဖြစ်တယ်။ အမှတ် ၂၇၂ ဇူလိုင်လထုတ် ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍမှာ ကိုသိန်း သန်းလင်း(အလင်းသစ်)ရဲ့ စာလေးကိုဖတ်မိပြီး ဒီစာကို ရေး လိုက်တာပါ။
“အခု ကျွန်တော် စာအုပ်တွေ ထပ်လှူဖို့ ရှိသေးတယ်။ ဘယ်မှာလှူရမှာလဲ။ တကယ်ဖွင့်ပြီး တကယ်ငှားပေးတဲ့ စာ ကြည့်တိုက်တွေမှာပဲ လှူချင်တော့တယ်”လို့ ကိုသိန်းသန်း လင်းက ရေးထားပါတယ်။
လေးငြိမ်းရေ လပွတ္တာက မောင်ထင် စာကြည့်တိုက်က တကယ်ဖွင့်ပြီး တကယ်ငှားပေးနေပါတယ်။ လပွတ္တာသူ၊ လပွ တ္တာသားအများစုက စာချစ်သူတွေပါ။ စာတကယ်ဖတ်ကြ တယ်။ သမီးကလည်း စာဖတ်ဝါသနာပါတဲ့သူဆိုတော့ မောင်ထင် စာကြည့်တိုက်ကို ခဏ ခဏရောက်ဖြစ်လို့ သိနေ တယ်လေ။ လပွတ္တာသူ/သားတွေစာဖတ်အားကောင်းတာကို တော့ သမီးတကယ်ချီးကျူးတယ်။ သမီးက လပွတ္တာသူတော့ မဟုတ်ပါဘူး။ ညောင်ဦးသူပါ။ တာဝန်အရ လပွတ္တာရောက် နေတာပါ။ ဒါကြောင့် တကယ်ဖွင့်ပြီး တကယ်ငှားပေးတဲ့ မောင်ထင် စာကြည့်တိုက် လပွတ္တာမှာရှိတဲ့အကြောင်း လေးငြိမ်းက တစ်ဆင့် ကိုသိန်းသန်းလင်းကိုပြောပေးဖို့ အခက်အခဲ ရှိနေတယ်ဆိုရင်တောင် အဆင်မပြေရင်တောင်မှ သမီးရဲ့ ဒီစာလေးကို ကိုသိန်းသန်းလင်း ဖတ်မိရင် သိသွားမှာမို့ သမီးရဲ့ စာကို ရွေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍမှာ ထည့်ပေးပါနော်။
သမီးက ရွှေရဲ့ ထာဝရပရိသတ်မို့ ရွှေထာဝရ ရှင်သန် ပါစေ။ လေးငြိမ်းနဲ့ ရွှေဝိုင်းတော်သား အားလုံးလည်း စိတ္တ သုခ၊ ကာယသုခနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ရှင်။ ရိုသေစွာဖြင့် မ၀င်းမာ(တိုင်ရင်းဆေး) လပွတ္တာမြို့
ဟုတ်ကဲ့၊ ကိုသိန်းသန်းလင်း ဒီစာကို ဖတ်မိရင် ဆက်သွယ်ပါလိမ့်မယ်။
လေးငြိမ်းနှင့် ရွှေအဖွဲ့သားများ လေးငြိမ်းရေ ဇွန်လထုတ် ရွှေမှာ ရွှေချစ်သူမှ သို့ ပေးစာ တစ်စောင်ပဲ တွေ့ရတော့ ဖတ်ရတာ အားလျော့သွားမိတယ်။ ရွှေကို ဖတ်ရင် ရွှေချစ်သူမှ သို့ ကို အရင် ရှာဖတ်နေကျဖြစ်သလို အကြံပြုစာတွေလည်း ရေးတတ်မိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စာတွေကြောင့် ရွှေ ရဲ့ စာမျက်နှာတွေ လျော့သွားမှာကို စိုးရိမ် ပြီး နောက်ပိုင်းသိပ်မရေးဖြစ်တော့တာပါ။ မြှောက်ပင့်ပြီးလည်း မရေးချင်ဘူးလေ။ ရွှေက လိုအပ်ချက် တစ်စုံတစ်ရာမှ မရှိတဲ့ မဂ္ဂဇင်းမို့ ဝေဖန်ရေးလည်း သိပ်မလိုဘူးလို့ ထင်မိပါတယ်။ အနယ်နယ်အရပ်ရပ်က ရွှေချစ်သူတွေလည်း ဒီလိုအတွေးမျိုး ရှိနေကြမှာပါ။ လေးငြိမ်းရေ ရွှေချစ်သူ Fan ကို လစဉ်ထည့် ပေးတဲ့အတွက် ကျေးဇူးပါ။ သတ္တမအကြိမ်မြောက် ရွှေအမြု တေ ဆုပေးပွဲကို မြင်တွေ့ရတော့ ဆုရသူတွေအတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ စာပေဥယျာဉ်ထဲကို တိုးဝင်လာတဲ့ အသစ် အသစ်တွေကို လက်တွဲကြိုဆိုပြီး ဖူးပွင့်ခွင့်ပေးတဲ့ ရွှေအမြုတေ ဟာ စာပေပန်းအရိုင်းလေးတွေရဲ့ အားထားမှီခိုစရာ ဥယျာဉ် မှူးကြီးပါ။ အဲဒီဥယျာဉ်မှူးကြီးကလည်း သူပျိုးထောင်ပေး လိုက်တဲ့ ပန်းကလေးတွေရဲ့ လှပတဲ့မှတ်တိုင်တွေကို စိုက်ထူ ပေးခဲ့တာ အခုလို ၇ ကြိမ်တောင် ရှိပါရောလား။ နောက် နောင်ကိုလည်း ရွှေအသစ်လေးတွေအတွက် မှတ်တိုင်ပေါင်း မြောက်မြားစွာကို စိုက်ထူပေးနိုင်ပါစေ။ လေးငြိမ်းရေ ဆရာ ဆောင်းဝင်းလတ်ရဲ့ စာတွေကို ရွှေမှာ တွေ့မြင်ရတဲ့အတွက် ရွှေနဲ့ ဆရာဆောင်းကို ကျေးဇူးတင်ပါတယ်။ ဆရာဆောင်းကို ချဉ်ဖတ်အိုးကလေး လို စာမူမျိုးတွေ ရေးပါဦးလို့ တောင်းဆို ပါရစေ။ ရွှေအသစ်နဲ့ ရွှေနှလုံးသားကတော့ စောင့်မျှော်ရကျိုး နပ်ပါတယ်။ လေးငြိမ်းရေ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် က စာအုပ်အနေနဲ့ ထွက်လာပြီဆိုတော့ ကိုယ်ပိုင်ဝယ်ပြီး ဖတ်လို့ရတော့ အဆင်ပြေသွားတာပေါ့။ မဖတ်လိုက်ရတဲ့ လတွေလည်းရှိတော့ ခုမှပဲ အေးအေးဆေးဆေး ဖတ်ရတော့မှာ ပါ။ လေးငြိမ်းရေ သမီးတောင်းဆိုစရာလေးတစ်ခုရှိတယ်။ ရွှေမှာ ရွှေအသစ်နဲ့ ရွှေနှလုံးသား ရှိနေတော့ ကဗျာဝါသနာရှင် တွေအတွက် ရွှေကဗျာ ကဏ္ဍလေးလည်း အဆင်ပြေရင် ထည့်ပေးဖို့ စဉ်းစားပေးပါဦးနော်။ လေးငြိမ်းနှင့် ရွှေအဖွဲ့သား အားလုံး ကျန်းမာရွှင်လန်းပြီး စာပေအကျိုးပြုလုပ်ငန်းများကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း... သမီး ဥမ္မာခိုင် (ကြံခင်းမြို့)
ရွှေအမြုတေကို အားပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ကဗျာကိစ္စက ဖြေခဲ့တဲ့ အကြိမ်ပေါင်းများစွာ ရှိပြီမို့ ကျွန်တော် ထပ်မပြောပါရစေနဲ့တော့။
လေးစားရပါသော ဆရာဦးဝင်းငြိမ်းရှင့် ကျွန်မက ရွှေအမြုတေ မဂ္ဂဇင်းရဲ့ အမာခံပရိသတ်တစ်ဦး ပါ။ ရွှေအမြုတေကို ဖတ်ရင် အစကနေ အဆုံးထိ သေသေချာချာ ဖတ်ရှုအားပေးပါတယ်။ ဒါကြောင့်မို့ အရင်နှစ်တွေတုန်း ကတော့ အငှားဆိုင်တွေက ငှားဖတ်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကစလို့ ကိုယ်ပိုင်ဝယ်ဖတ်ခဲ့ပါတယ်။ ကျွန်မအခု ဆရာ့ဆီ စာရေးလိုက် တာကတော့ ၃.၈.၂၀၁၂ နေ့ညက 5-Plus ရဲ့ ရပ်တည်မှု၏ တွန်းအားများ အစီအစဉ်မှာ ဆရာ့ကို တွေ့လိုက်ရလို့ပါ။ ဆရာ့ ရဲ့ တွေ့ဆုံခန်းကို အစအဆုံး သေသေချာချာ ကြည့်ရှုနားထောင် ရပြီး ဆရာ့ရဲ့ စာဖတ်ပရိသတ် အပေါ်ထားတဲ့ စေတနာကို သိရတော့ ဆရာ့ဆီ စာရေးချင်စိတ်ဖြစ်မိလို့ ရေးလိုက်တာပါ။
အဲဒီအစီအစဉ်မှာ ပြောခဲ့သလိုပါပဲဆရာ။ အရင် ဆရာ့ရဲ့ ရွှေအမြုတေမှာ ပေါ့ပ်ဆောင်းပါးတွေများခဲ့တာ။ အခုနောက် ပိုင်းမှာ ကျွန်မတို့အကြိုက်ပါပဲဆရာ။ ၀တ္ထုတိုတွေများလာတာ အမှန်ပါပဲ။ တစ်ဆက်တည်း ကျွန်မအကြောင်းလေး ဆရာ့ကို မိတ်ဆက်ပါရစေ။ ကျွန်မကလက်ရှိမှာ ရုံးတစ်ရုံးက အလယ် အလတ်အဆင့်ရှိ ၀န်ထမ်းတစ်ဦးပါ။ သမီးကလေး နှစ်ယောက် ရှိတဲ့ ၃၄ နှစ်အရွယ် မိခင်တစ်ဦးပါဆရာ။ ကျွန်မ ငယ်စဉ် တုန်းက စာဆိုရင် ကျောင်းစာကလွဲပြီး တခြားဘာဝတ္ထု မဂ္ဂဇင်းမှ မဖတ်ရဘူး ဆရာရယ်။ စိတ်လေမယ်၊ ကျောင်းစာ မှာ ပေါ့လျော့မယ်ဆိုတဲ့ အချက်တွေနဲ့ပေါ့။ ကျွန်မက ရတဲ့ မုန့်ဖိုးနဲ့ တိတ်တိတ်လေး စာအုပ်ငှားဖတ်ရင် စာအုပ်ဆိုင်ကို မငှားဖို့ အိမ်က သွားပိတ်ထား မှာထားတယ် ဆရာ။ ဖတ်နေ တာတွေ့ရင်လည်း ဆွဲပြီး လွှင့်ပစ်မယ် မီးရှို့မယ် လုပ်တယ်။ မလျော်နိုင်ရင် နင် နောက်မငှားနဲ့၊ မဖတ်နဲ့တဲ့ ဆရာ။
ဒီလိုနဲ့ ကျွန်မ ၉၃-၉၄ ခုနှစ် ၁၀ တန်းအောင်ပြီးတော့ စာအုပ်ဖတ်ခွင့်ရလာတဲ့အခါမှာစပြီး ဖတ်မိတဲ့ မဂ္ဂဇင်းကတော့ ဆရာရဲ့ ရွှေအမြုတေပါဆရာ။ ကျွန်မ တော်တော့်ကို နှစ်သက် ခဲ့ပါတယ်။ အဲဒီကတည်းက ကျွန်မ ၀တ္ထုတိုတွေကို ၀တ္ထုရှည် တွေထက်ပိုပြီး ကြိုက်မိပါတယ်ဆရာ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာရေ။ ဒီလထုတ်ရွှေအမြုတေ ၈/၂၀၁၂ မှာပါတဲ့ ဆရာ ၀င်းစည်သူရေးတဲ့ အကာလမရဏ ဆိုတဲ့ ၀တ္ထုကို ကျွန်မ ဖတ်ခဲ့ဖူးမယ် ထင်တယ်ဆရာ။ ဒါပေမဲ့ လုံးစေ့ပတ်စေ့ မှတ်မိ နေတာတော့ မဟုတ်ဘူး။ ရေးရေးသိနေတဲ့ သဘောပါ။ ကျွန်မဖြင့် ကြိုက်လိုက်တာ ဆရာရယ်။
နောက်ပြီး 5-Plus မှာ ပြောခဲ့တဲ့ ဆရာ အရင်က စာရေး ဆရာကြီး၊ ဆရာမကြီးတွေကို အင်တာဗျူးခဲ့ပုံကို သိရတော့ အခုခေတ် အင်တာဗျူး ဆရာ/ဆရာမ(တချို့)တွေကို အတု ယူစေချင်ပါတယ်။ ဂျာနယ်တစ်စောင်မှာ ဒေါက်တာရဲရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရတာကို ပြောရရင် ကိုယ်မေးမဲ့ စာရေးဆရာရဲ့ ကလောင်နာမည်ကိုတောင် လင်္ကာရည်ကျော် လား၊ အလင်္ကာရည်ကျော်လား မသိတဲ့သူတွေ ရှိတယ်တဲ့။ စိတ်ပျက်စရာကောင်းလိုက်တာ ဆရာရယ်။
ကျွန်မကတော့ အခုစာစွဲတဲ့ အဆင့်ရောက်နေပြီ ဆရာ ရေ။ ပြီးတော့ စာလည်းရေးချင်တယ်။ စာအုပ်မှန်သမျှဖတ်ချင် တယ်။ ငှားလည်းဖတ်တယ်။ ၀ယ်ဖတ်တာကတော့ ရွှေအမြု တေနဲ့ တခြားဝတ်္ထုတွေ၊ ၀တ္ထုတိုတွေ(အိမ်မှာက ခြရန်လည်း ကြောက်ရတယ် ဆရာရေ) ရုံးကပြန်လာရင် ဒါမှမဟုတ် ပိတ် ရက်တွေဆိုရင် အိမ်အလုပ်တွေ၊ ကလေးဝေယျာဝစ္စတွေကို အလုပ်ပြီးရင် စာဖတ်ရမယ်ဆိုတဲ့ စိတ်နဲ့ တက်တက်ကြွကြွ လုပ်တာပဲ။ ကျွန်မရဲ့ ခင်ပွန်းကတော့ စာဖတ် သိပ်ဝါသနာ မပါဘူး။ ကျွန်မကိုတောင် အားရင် စာအုပ်ဖတ်နေတာပဲ၊ မျက်စိပျက်မယ်နဲ့။ တားမရလို့သာ။ ကျွန်မကတော့ ကျွန်မရဲ့ သမီးကလေးတွေကို စာပေကို ချစ်မြတ်နိုးပြီး စာပေ၀ါသနာ ပါတဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်မယ်လို့ စိတ် ကူးထားပါတယ်။ ကျွန်မရဲ့ စာလည်းအတော်ကို ရှည်သွားပြီ။ ဆရာ့ဆီကိုရော တခြားဘယ်မဂ္ဂဇင်းကိုမှလည်း စာမရေးဖူးပါ ဘူး။ ဒါကြောင့်မို့ ဆရာရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လုယူ သလိုဖြစ်သွားရင် အမှားပါရင် ခွင့်လွှတ်ပါဆရာ။ ဆရာ အသက်ရှည်ကျန်းမာစွာနဲ့ စာပေအကျိုးကို ဒီ့ထက်မက သယ်ပိုးနိုင်ပါစေ။ ဆရာအသက်ရှည်မယ်လို့လည်း ယုံကြည် ပါတယ်။ ဆရာ့ကို ကြည့်ရတာ (ကျွန်မစိတ်အထင်) ၀ိတ် ကျသွားပြီး အရင်ထက်ပေါ့ပါး ကျန်းမာနေပုံပါပဲ။ ဆရာနဲ့ တွေ့ဆုံမေးမြန်းထုတ်လွှင့်ပေးတဲ့ 5 Movie ကိုလည်း အထူး ကျေးဇူးတင်ကြောင်း ပြောပါရစေ။ လေးစားခင်မင်စွာဖြင့် ဖြူဖြူသန့် ၈မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ အရင်ခေတ်က မိဘများက သားသမီးတွေကို အပြင် စာဖတ်ရင် စိတ်လေမယ် ဆိုပြီး စာဖတ်တာကို အားမပေးခဲ့ကြပေမဲ့ ဒီခေတ်ကလေး တွေကတော့ ရာခိုင်နှုန်း တော်တော်များများ စာဖတ်တာကို ၀ါသနာ ပါလာကြပါပြီ။ အဲဒီအတွက် ၀မ်းသာစရာပါပဲ။
ဆရာ ဦးဝင်းငြိမ်း ခင်ဗျား။ ကျွန်တော်က ရွှေကိုချစ်တဲ့ ရွှေရဲ့ပင်တိုင် ပရိသတ် တစ်ဦးပါ။ လစဉ် စာအုပ်ဆိုင်မှာ ရွှေကို ဖတ်ချင်လွန်းလို့ အလုအယက် ငှားရာကနေ တစ်ရက်လည်း မပြီး၊ နှစ်ရက်လည်း မပြီးနဲ့ နောက်ဆုံး လဟောင်းကရွှေကို ဆိုင်မှာ ပြန်ဝယ်သိမ်းဆည်းပြီး နေ့ဖတ် ညဖတ် ဖတ်လို့ အားမရနိုင်တဲ့ စာချစ်သူတစ်ဦးပါ။ ကျွန်တော်နဲ့ ခင်တဲ့ သူငယ်ချင်းတွေထဲမှာလည်း ရွှေအသစ် ကဏ္ဍမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေသူတွေရှိပါတယ်။ ကျွန်တော် ကတော့ စာမရေးတတ်ပေမဲ့ ရသစာပေကို စွဲလမ်းနှစ်သက်ပြီး ကျွန်တော် ကြိုက်တဲ့စာကို စာရေးဆရာနဲ့တွဲပြီး မှတ်မိနေတဲ့ သူပါ။ ကျွန်တော်တို့ မြို့ကလေးကို စာပေဟောပြောပွဲ အတွက်လာတဲ့ စာရေးဆရာကြီးတွေကိုလည်း မိတ်ဆက် စာရေးပြီး ပွဲစီစဉ်သူတွေကနေ တစ်ဆင့် တွေ့ခွင့်တောင်းတဲ့ အခါ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆရာကြီးတွေနဲ့ စကား ပြောခွင့်ရခဲ့ပါတယ်။ စာတွေရင်းနှီးနေပေမဲ့ အပြင်မှာ ကိုယ် လေးစားရတဲ့ ဆရာတွေနဲ့ စကားပြောခွင့်ရတဲ့ အခွင့်အရေးဟာ တစ်သက်မမေ့နိုင်စရာပါပဲ ဆရာရေ။
ဇူလိုင်လထုတ် ရွှေမှာ ရွှေအသစ် တစ်ပုဒ်မှ မတွေ့လို့ အတော်လေး စိတ်မကောင်း ဖြစ်သွားမိတယ်။ ဒါပေမဲ့ ၀တ္ထု ရှည်နှစ်ပုဒ် ထည့်ပေးထားလို့ ဆရာ့ကို ကျေးဇူး တင်ပါတယ်။ အတိုတွေလည်း အားလုံး ကောင်းကြပါတယ် ဆရာ။ ကျွန်တော် ဆရာချမ်းထက်ဟန်ရဲ့ မြေနီညကို နှစ်ခြိုက်သလို၊ မောင်ကိုကိုရဲ့ တံမြက်စည်း လေးကလည်း ပြုံးပြီးရင်းပြုံးရ ပါတယ်။ ရသစာတမ်းမှာ ဆရာအဲလိုထူးရဲ့ ရိုးရိုးသားသား တောလား က ကျွန်တော်တို့ စာဖတ်ပရိသတ်တွေကို သီးသန့် ပေးချင်တဲ့ Message များ ရှိနေမလားလို့ အဆုံးသတ်ကို ဖတ်ပြီး တွေးမိပါတယ်။ ကျွန်တော်ထင်တာမှန်ရင်တော့ ဆရာ့ကို လေးစားရမှာပါ။ သူ့ အရေးအသားနဲ့တင် ကျွန်တော့် ကို စာက အတော်ဆွဲဆောင် ခေါ်ယူသွားနိုင်ပါတယ်။
ဆရာရေ ဒီလ၀တ္ထုရှည် နှစ်ပုဒ်ကိုတော့ အင်မတန် အားရ မိပါတယ်။ နန္ဒာစိုး(ဆင်ဖြူကျွန်း)က သူ့ဟန်အတိုင်း ဟာသသံလေး နှောပြီး ၀တ္ထုကို သွက်သွက်လေးပဲ ရေးဖွဲ့သွားနိုင်ပါ တယ်။ ခိုးစားမှ အရသာရှိတာလို့ ပြောသွားတာလေးက ပြုံးချင်စရာပါပဲ။ ဆရာမ စုသဲမွန်ရဲ့ ၀တ္ထုလေးကိုတော့ ကျွန်တော် အရမ်းသဘောကျနှစ်ခြိုက်မိပါတယ်။ ဆရာ့ စာအုပ်ထဲကဆရာ၊ ဆရာမတွေက ကြုံဆုံသမျှ အတွေ့အကြုံ တွေကို စိတ်ကူးလှလှလေးနဲ့ ပုံဖော်နိုင်ကြပါတယ်။ ဆရာမ စုသဲမွန်ကို ဆရာစီစဉ်တဲ့ ခုနစ်လွှာဝတ်ရုံကတည်းက သဘော ကျမိခဲ့တာပါ။ အခုပြောချင်တာက သူ့ဝတ္ထမှာ ပြောပြသမျှ ကျွန်တော် မြင်ယောင်ခံစားမိပြီး နောက်ဆုံး ကျွန်တော်က သူ့ဇာတ်ကောင်ဖြစ်သွားတယ်။ ကျွန်တော် အင်ဒိုနီးရှားမှာ အလုပ်လုပ်ရင်း တကယ်ဖြစ်ပျက်နေသလိုပဲ ခံစားရတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ရွှေရောင်လွှမ်းနေတဲ့ အဲ့ဒီနေရောင်ကို ဘာမှမတတ်နိုင်သလို ခပ်ငိုင်ငိုင်လေးငေးမောကြည့်မိသွား တယ် ဆရာ။ လှလိုက်တဲ့ ဇာတ်သိမ်းလေး ဆရာရယ်။ ကျွန်တော် အဆုံးသတ်ကို ဖတ်တယ်ဆရာ။
ပြီးတော့ ၀တ္ထု ခေါင်းစဉ်ကို ဖတ်မိတယ်။ နေရောင်မဲ့ ကမ္ဘာခြင်းကို ညဟုခေါ် သည် တဲ့။ ရင်ထဲစွဲမိတဲ့ ၀တ္ထုတစ်ပုဒ်ဖြစ်ကြောင်း ပြောပါရ စေ ဆရာ။ ကျွန်တော် ကြိုက်တဲ့ ဆရာမရဲ့ ၀တ္ထုတစ်ပုဒ် ထပ်တိုးလာပြန်ပြီ။ နောက်ပြီ မိဘမေတ္တာဘွဲ့တွေချည်းပဲ စုစည်းထားတဲ့ မြစ်နှစ်မြွှာစာအုပ်ထဲမှာ ရွှေအမြုတေ စင်တင် စာရေးဆရာမတွေအပြင်၊ ခုနစ်လွှာဝတ်ရုံမှ ဆရာ၊ ဆရာမများ လက်ရာနဲ့ အင်မတန်နှစ်ခြိုက်စရာကောင်းပါတယ်။ ဆရာ နေ၀င်းမြင့်၊ ကိုငြိမ်းတို့မှအစ၊ အဖြူရောင်(ရွှေ)အထိ ပါတာကို ဆရာ။ အဲဒီ့မှာလည်း ကျွန်တော် နှစ်ခြိုက်မိတဲ့ ၀တ္ထုက ဆရာမ စုသဲမွန်ရဲ့ အမေနှစ်ယောက်၏ သမီး ပဲဆရာ။ ကျွန်တော်က တကယ် အမေနှစ်ယောက် မှတ်ပြီး ဖတ်ကောင်းနေတာ အဆုံး သတ်တော့မှပဲ သူ့အမေကို အဖေ အဖြစ်ရော အမေ အဖြစ်ပါ တင်စား ရေးထားတာကို။
ဝတ္ထုဖတ်ပြီး ကျွန်တော် အတော်လေး ခံစားလိုက်ရတယ်။ တကယ့်ဖြစ်ရပ်မှန်များလားလို့ စိတ် မကောင်းဖြစ်သွားမိတယ်။ အိမ်ရှေ့ခန်းက တန်းလေးထိပ်၊ သမီးပုခက်ချိတ် ဖေဖေသိပ်သိပ် မေမေသိပ်သိပ် သမီးလေးက အိပ် ဆိုတဲ့ ကဗျာလေးကိုလည်း သဘောကျလွန်းလို့ ကူးယူ ထားလိုက်မိတယ်။ ပြီးရင်တော့ အဲ့ဒီစာအုပ်ထဲမှာပဲ ငွေဇင်ယော် ဦးကို သဘောကျတယ် ဆရာ။ ကျွန်တော်တို့ သိပ်သတိမထား မိတဲ့အကွက်လေးကို ချရေးပြတာလှတယ်။ သူတို့နှစ်ယောက် က ဘ၀သရုပ်ဖော်ကို ပိုင်ပိုင်နိုင်နိုင်ရေးတတ်သလို စေတနာ လည်းပါတယ်။ မြစ်နှစ်မြွှာကို မန္တလေးသွားရာက ကျွန်တော့် သူငယ်ချင်း မုံရွာကို ၀ယ်လာတာပါ။ အဲဒီစာအုပ်က စာရေး ဆရာလည်းဖြစ်တဲ့ ထုတ်ဝေသူ L မောင်မောင် စီစဉ်တာလို့ ရေးထားတာတွေ့ရပြီး ပထမဆုံး စီစဉ်တဲ့ စာအုပ်လို့ ပြောပါ တယ်။ ဒါကြောင့် တကယ်လို့များ အပန်းမကြီးရင် ဆရာ L မောင်မောင် စီစဉ်မဲ့ ဒုတိယစာအုပ်မှာ ငွေဇင်ယော်ဦးနဲ့ စုသဲမွန် တွဲပြီး အချစ်ဝတ္ထုသီးသန့်၊ ဘ၀ သရုပ်ဖော် နောက်ခံဇာတ် ကြောင်းမျိုးနဲ့ စီစဉ်နိုင်ရင် ကောင်းမယ်လို့ ကျွန်တော် အကြံ ပေးချင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် မသိပေမဲ့ သူတို့ကို ချစ်ခင် တဲ့ စာဖတ်ပရိသတ်အနေနဲ့ပေါ့ ခင်ဗျား။ ရွှေဆုရသူထဲမှ အငယ် ဆုံး ဆရာ မောင်ရေချမ်း အတွက် ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။ ကျန်တဲ့ ဆရာ၊ ဆရာမတွေနဲ့လည်း တစ်မျက်နှာ အင်တာဗျူး ဖတ်ပြီး လေးစား အားကျရပါတယ်။ ကျွန်တော်က တော့ ဒီဘ၀မှာ စာရေးဆရာဖြစ်နိုင်မယ် မထင်တော့ပါဘူး။
ဆရာ ခင်ဗျား အဆင်ပြေရင် အိပ်မက်ဆုံရာမှာ ဒိုင်လုပ် နေတဲ့ မရေဗက္ကာဝင်းနဲ့ အင်တာဗျူးလေး ရွှေမှာ မြင်ချင်ပါ တယ်။ ကိုပြေတီဦးနဲ့ မအူဝဲတို့ မိသားစုပုံလေးဖြစ်ဖြစ်၊ ထက် ထက်မိသားစုပုံလေးဖြစ်ဖြစ် မြင်ချင်ပါတယ် ဆရာ ခင်ဗျား။ ရွှေရသ ရွှေသုတပိုင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော်ဘက်က အထူးတလည် တောင်းဆိုစရာ မရှိပါဘူး ဆရာ ခင်ဗျား။ နောက်လတွေမှာတော့ အရည်အချင်းမီတဲ့ ရွှေအသစ်တွေ ထွက် ပေါ်လာနိုင်ဖို့ ဆန္ဒပြုရင်း... ဆရာနဲ့တကွ ရွှေတစ်ဖွဲ့သားလုံး ကျန်းမာချမ်းသာပါစေ ချစ်ခင်စွာ ဆရာရဲ့ ထာဝရ ပရိသတ် စိုင်းနေမျိုးဇော်(ခ)ဖိုးဇော် အမှတ် ၉၂၊ ၄ ရပ်ကွက်၊ ကျောင်းလမ်း မြို့ဦးစေတီအနီး၊ မုံရွာမြို့
အားပေးမှုများ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ရွှေချစ်သူ ကဏ္ဍအတွက် အပါအ၀င် ကဏ္ဍ အသီးသီးကို စာမျက်နှာ ကန့်သတ် ထားပါတယ်။ ဒါကြောင့် ရွှေချစ်သူ ကဏ္ဍကို စာရေးမယ်ဆိုရင် ဒီလောက် ရှည်ရှည်လျားလျား မရေးဖို့ မေတ္တာရပ်ခံပါတယ်။

ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |