လရောင်ကင်းမဲ့သော နေ့ရက်များ အကြောင်းပြောတဲ့ M နိုး PDF Print E-mail
Written by လင်းနိုင်ဦး   
Thursday, 30 August 2012 13:43
Share |

ဒါရိုက်တာ M နိုးက အမေရိကန် နိုင်ငံမှာ ၁၀ နှစ်ကြာ နေထိုင်ပြီး စာပေနဲ့ အနုပညာ ကျောင်းများ တက်ရောက်ခဲ့ သူပါ။

how to buy cialis onlinebuy cialis over the counter viagra dosage canadian pharmacy cialis
argaiv1763

သူ့ရဲ့တတိယမြောက် ဇာတ်ကားအဖြစ် လရောင် ကင်းမဲ့သော နေ့ရက်များ လို့ အမည် ပေးထားတဲ့ ဗီဒီယို ဇာတ်ကားကို မြန်မာပြည်မှာ ရိုက်ကူးနေကျ စူပါ သရုပ် ဆောင်များ မပါဘဲ တစ်မူ ထူးခြားစွာနဲ့ ရိုက်ကူး ထားတာကြောင့် ဒါရိုက်တာ M နိုးကို မေးကြည့် ဖြစ်ခဲ့ပါတယ်။
M နိုး(ကိုမြတ်နိုး)က မြန်မာနိုင်ငံမှာ ရိုက်နေကျ ပုံစံ မဟုတ်တဲ့ တင်ပြမှုမျိုးကို ဘာဖြစ်လို့ ရိုက်ဖြစ်တာလဲ။

ခေါက်ရိုးကျိုး ဖန်တစ်ရာတေနေတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေနဲ့ ပေါတောတော ဟာသ ကားတွေချည်းပဲ ကြီးစိုးနေတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းလေးတစ်ခုလောက်တော့ လုပ်လိုက်ချင်တယ်။ အဲဒီဟာလေးက ပရိသတ်ကြီး အခုချိန်မှာ လက်ခံချင်လည်း လက်ခံမယ်။
လက်မခံချင်လည်း လက်မခံဘူး။ လောလောဆယ်မှာ ဒါတွေကို ဂရုမစိုက်ဘဲ ဖောက်ထွက်ချင်တဲ့  စိတ်ဆန္ဒနဲ့ အသစ်အဆန်းလေးကို တီထွင်ချင်တယ်။ အဲဒါကြောင့်လည်း သမားရိုးကျ မဟုတ်တဲ့ ဇာတ်လမ်းလေး တစ်ခုကို စဉ်းစားခဲ့တာပါ။

သရုပ်ဆောင်တွေကလည်း ဈေးကွက်ဝင် မင်းသား၊ မင်းသမီးများ မပါသလို အသစ်တွေနဲ့ ရော ဘာဖြစ်လို့ ရိုက်ဖြစ်ရတာလဲ။

အင်တာနေရှင်နယ် ရုပ်ရှင် လောကမှာတော့ စတားခေတ်ဆိုတာ ကုန်သွားပါပြီ။ ဘရက်ပစ် တို့၊ လီယိုနာဒိုတို့ပါတဲ့ ကားတွေ ဆိုရင်လည်း အမေရိကားမှာ ကွဲချင်ကွဲမယ်။ ဒါပေမဲ့ ဘယ်သူမှ မသိသေးတဲ့ အသစ်တွေပါတဲ့ ကားဆိုရင်လည်း အောင်မြင်တာတွေရှိပါတယ်။ ဥပမာ- Avatar ကားဆိုရင်လည်း လူတိုင်းသိပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်ကားတစ်ကားပါ။ အဲဒီမှာ နာမည်ကြီး စတားတွေ တစ်ယောက်မှ မပါပါဘူး။ မြန်မာ ရုပ်ရှင်ရဲ့ အဓိကဖြစ်နေတဲ့ ပြဿနာကလည်း ကြီးမြင့်လှတဲ့ သရုပ်ဆောင်ဈေးတွေနဲ့ ပေးနေရတာ ဆိုတော့ အခြားအပိုင်းတွေမှာ လျှော့လိုက် ရတာတွေ အများကြီးပါပဲ။ ကျွန်တော်ကတော့ အဲဒါမျိုး မဖြစ်ချင်ပါဘူး။ ဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ကိုပဲ လိုချင်တယ်။ နာမည်ကြီးကြီး မကြီးကြီး၊ စတားဖြစ်ဖြစ် မဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။

မြန်မာပရိသတ် မြင်တွေ့နေကျ ဇာတ်ကားမျိုး မဟုတ်တော့ ပရိသတ်တွေ လာကြည့်ဖြစ် အောင် ဘာများပြောချင်လဲ။

ပရိသတ်တွေကိုတော့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ ကြိုက်တာ၊ မကြိုက်တာတော့ ကျွန်တော် တာဝန်မယူဘူး။ ဒါပေမဲ့ လုံးဝကို ကွဲပြား ခြားနားတဲ့ ဇာတ်ကား တစ်ကားဖြစ်မယ် ဆိုတာ သေချာတယ်ဆိုတာကိုတော့ ပရိသတ်ကို အာမခံပါတယ်။ ကားကတော့ အများရိုက်သလို ကင်မရာထောင်ရိုက်တာ ဖြစ်ပေမဲ့ ကျွန်တော်ကတော့ Production Design ကို ဂရုစိုက်တယ်။ စိတ်တိုင်းကျ ရိုက်တယ်။ တချို့ Location တွေ ဆိုရင် တစ်ခါမှ မရိုက်ဖူးကြတဲ့ Location တွေ ဖြစ်နေတယ်။ သူငယ်ချင်းတွေ ဆွေမျိုးတွေရဲ့ အိမ်တွေ ဖြစ်နေလို့ပါပဲ။  Post Production မှာ ဆိုရင်လည်း ကာလာ ပြောင်းလဲမှုတွေ အလင်းအမှောင် ပြောင်းလဲမှုတွေ အဲဒါတွေကို သေချာ လုပ်ထားပါတယ်။

ဒါဆိုရင် ဒီဇာတ်ကားက နိုင်ငံတကာ သီအိုရီနဲ့ ကိုယ့်စိတ်ကြိုက် ရိုက်ထားတဲ့ ကားလို့ ပြောလို့ရမလား။

ကိုယ့်စိတ်ကြိုက်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက်ကို ရာနှုန်းပြည့် လုပ်မထားပါဘူး။ ပရိသတ်ကို လုံးဝ ဂရုမစိုက်ဘူးလို့လည်း မပြောလိုပါဘူး။ အဓိကကတော့ ပရိသတ် အကြိုက်ချည်းကို တစ်ချိန်လုံး လိုက်နေတာထက် စာရင် Art လေးကိုတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၅၀ ရာခိုင်နှုန်းလောက်ကို ထည့်ပြီးတော့ ပရိသတ် ဘာလိုချင်တယ်ဆိုတာကို ချိန်ပြီးတော့ လုပ်တဲ့ သဘောပါ။

ဒီကားကို ဘယ်တော့လောက် ဖြန့်ချိဖို့ ရုံတင်ပြသဖို့ စီစဉ်ထားလဲ။

ဗီစီဒီ အနေနဲ့ပဲ ဖြန့်ချိဖို့ များပါတယ်။ ရုံတင်ပြသ နိုင်ဖို့ အခြေအနေတော့ မရှိပါဘူး။ ရှင်းရှင်း ပြောရရင် မြန်မာပြည်ရဲ့ဈေးကွက် အခြေအနေကြောင့်မို့လို့ ဗီဒီယ အနေနဲ့ ဖြန့်ဖြစ်ရင်လည်း ဖြန့်မယ်။ ဒါမှ မဟုတ် ရုပ်သံလိုင်း တစ်ခုခုကနေ ပြဖြစ်ရင်လည်း ပြဖြစ်မယ်။ ဒါဆိုရင်တော့ မြန်မာပြည်မှာ ရှိတဲ့ ပရိသတ်တွေ အများကြီး ကြည့်ခွင့် ရသွားမှာပါ။

ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေ အမည်ကိုလည်း ပြောပြပေးပါဦး။ ၀တ်စုံတွေကိုရော စီစဉ် ပေးခဲ့သေးတယ်ဆို။

ဟုတ်ပါတယ်။ အဆင်ပြေသလို ဇာတ်နဲ့လိုက်ဖက်အောင် ၀တ်လာခဲ့ပါလို့ မပြောပါဘူး။ ၀တ်စုံဒီဇိုင်းကို အထူးသဖြင့် အမျိုးသမီးတွေအတွက် ဒီဇိုင်နာ မပုံ့က ကြိုပြီး လိုက်ဖက်တဲ့အ၀တ် အစားတွေ ချုပ်ပေးထား တာပါ။ သရုပ်ဆောင်တွေကတော့ မင်းဦး၊ ဘုဏ်းသိုက်၊ ရီရီပွင့်ဖြူ၊ မေဆူးမောင်၊ ကေကေမိုးမြင့်၊ ကောင်းဆက်ထူး၊ ဇန်၊ ရဲမွန်၊ ကျော်ကျော်နဲ့ ဦးမောင်မောင်မြင့်တို့ သရုပ်ဆောင် ပေးထားပါတယ်။

နောက်ထပ်ရိုက်မဲ့ ကားတွေကိုရော ကိုယ်ရိုက်ချင်တဲ့ ပုံစံနဲ့ပဲ ဆက်ရိုက်သွားဦးမှာလား။

ကိုယ်ရိုက်ချင်တဲ့ပုံစံ လည်းပါအောင် ပရိသတ်လည်း ကြိုက်အောင် ၅၀/၅၀ မျှပြီး ရိုက်သွားပါ့မယ်။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံချည်း လုပ်လို့ မရတဲ့အတွက် ပရိသတ် ကြည့်ချင်အောင်လည်း ရိုက်ကူးသွားပါမယ်လို့ ပြောပြခဲ့ပါတယ်။

 

 

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

 


လင်းနိုင်ဦး
About the author: