|
Written by ကျူရီ
|
|
Thursday, 30 August 2012 10:48 |
ဒေါ်လုံမသည် မီးဖိုထဲမှ ထင်းစ အချို့နှင့် ခပ်ကြီးကြီး ထင်းမီးသွေးတွေကို ထုတ်ပြီး ရေဖျန်း ငြှိမ်းလိုက်သည်။ ဒန်ဇလားထဲသို့ ဂုန်နီအိတ်ပြဲကို ဖြန့်ထည့်၏။
argaiv1522
ထို့နောက် မီးဖိုပေါ်မှ ပြောင်းဖူးပြုတ်တွေကို တစ်ဖူးချင်း မီးညှပ်နှင့် ညှပ်ကာ ဒန်ဇလားတွင်းရှိ ဂုန်နီအိတ်ထဲသို့ စီထည့်လိုက်သည်။ ပြောင်းဖူးပြုတ်တွေ အကုန်လုံး ဒန်ဇလားတွင်းသို့ ရောက်သွားတော့မှ အပေါ်မှ ဂုန်နီအိတ်ဖြင့် အငွေ့လုံအောင် သေချာအုပ်သည်။ အတွင်းဘက်တွင် ရေချိုးတက်ကာ အပြင်ဘက်တွင် မည်းချိပ်နေသော ဒန်အိုး ပိန်ထဲသို့ ရေထည့်ကာ မီး သွေးစ အနည်းငယ် ကျန်နေ သော မီးဖိုပေါ်သို့ တင်ထား လိုက်သည်။ ကြမ်းပြင်တွင် ချထားသော ကြွေရည်ကွာ နေသည့် မတ်ခွက်စုတ်ထဲရှိ ရေနွေးကြမ်းအေးအေးတွေ ကို သုံးလေးကျိုက်မော့ချ၏။
ပြီးနောက် သုံးပင် အိမ်အဆင်း လှေကားခုံတိုင်တွင် ချိတ် ထားသော လွယ်အိတ်စုတ်ကို စလွယ်သိုင်း လွယ်ကာ သူမ၏ အဆီပြန် မျက်နှာပိန် ခွက်ခွက်လေးကို ခေါင်းခု လုပ်မည့် ပုဆိုးစုတ်နှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်သည်။ သူမ၏ လက်တွင်း တစ်ဆုပ်စာ ဆံပင်နီ စုတ်စုတ် နောက်တွဲလေးကို ကျစ်နေ အောင် ပြန်ပြင်ထုံး၏။ ထို့ နောက် အိမ်ရှေ့တွင် စုရုံး ကစားနေသော ကလေးအုပ် ဘက်လှည့်ကာ “ဖိုးကဲရေ၊ ဖိုးကဲ၊ ဟေ ဖိုးကဲ လာပင့် ဟေ့”
သူမ အော်သံ အဆုံးတွင် အပေါ်ပိုင်းဗလာ၊ အောက်ပိုင်းတွင် ကျောင်းစိမ်း ဘောင်းဘီ အရှည် ခွအပြဲကို ၀တ်ထားသော အပေါ် နှုတ်ခမ်း ကွဲနေသည့် ဆံပင်ရှည်ရှည်၊ ညှဉ်း သိုးသိုး အသက်ဆယ့်တစ်နှစ် ခန့် ယောက်ျားလေးတစ် ယောက်အနားသို့ ရောက်လာ ပြီး “အမှေညီး၊ တွားတော့ မရို့လား”
“နင့်မလဲ ခေါ်လိုက်ရတာ၊ ပေါက်စမရော အဲဒီမှာ ပဲလား။ အငယ်ကောင်ဆာရင် ထမင်းရည်ခံထားတာ ဆားနဲ့ သကြား ခတ်တိုက်ထား။ နင့် အဖေ ပြန်လာရင် အမေကြီးက မှာတယ်၊ နေပြင်းတယ် သိပ်သောက်မနေနဲ့လို့၊ ဟဲ့ ငါပြောတာ ကြားလား”
“အင်းပါ၊ တားဖို့ ဖိနပ်ဝယ်ပေးမယ် ဆိုတာ မေ့မနေနဲ့ဦး”
ဒေါ်လုံမသည် ပြောင်းဖူးပြုတ် အပြည့် ထည့်ထားသော ဒန်ဇလားပူပူကို ဖိုးကဲနှင့် အတူ ခေါင်း ပေါ်ပင့်တင်နေစဉ် သူမတို့ အနီးသို့ ဘာအရောင်မှ မထွက်တော့သည့် ဇာဂါဝန် ကျပ်ကျပ် ၀တ်ထား ပြီး ဆံပင်ဘုတ်သိုက် ကုပ်ထောက်နှင့် အသက် ၈ နှစ်ခန့်ရှိသော ကောင်မလေးသည် တစ်ခါ လည်ကျော်ကျော် ဖင်ဟောင်းလောင်းနှင့် ကလေးတစ်ယောက်ကို ခါးထစ်ခွင်ကာ ရောက်လာ သည်။ ကောင်မလေးခါးပေါ်မှ ကလေးသည် ဒေါ်လုံမကို မြင်သည်နှင့် လက်ကိုဆန့်ကမ်းကာ “အမေကြီး” ဟု ခေါ်လိုက် လေသည်။ ဒေါ်လုံမသည် ပြောင်းဖူးပြုတ်ထည့်ထားသော ဒန်ဇလားကြီးရွက်လျက် “သြော်၊ ဒီပေါက်စမက လည်း ငါပြောထားရက်နဲ့။ ငါထွက်သွားပြီးမှ ပြန်လာပါ ဆိုတာကို။ ကဲ သွား သွား၊ ခြေရင်း အိမ်ဘက်ကိုသွား”
ဒေါ်လုံမ အော်လွှတ်လိုက်သဖြင့် ကောင်မလေး ပြန်လှည့် ထွက်သွားသော် ခါးပေါ်မှ ကလေးသည် လက်နှစ် ဖက်ဆန့်ကာ ဒေါ်လုံမကို ကြည့်ပြီး ကျယ်လောင်စွာ အော်ငိုတော့သည်။ ဆံပင် ဘုတ်သိုက်နှင့် ကောင်မလေး သည် ဟိုဟိုဒီဒီ လက်ညှိုး ထိုးပြရင်း အိမ်နှစ်အိမ်ကြား သို့ ၀င်ရောက်သွားတော့မှ ဒေါ်လုံမလည်း ထွက်လာခဲ့ရ တော့သည်။
ဒေါ်လုံမသည် အပေါ စားဈေးချုပ် စပန့်အင်္ကျီတိုနန့် နန့်အနီပွင့်ကို ချွေးခံအင်္ကျီမပါ ဘဲ တစ်ထပ်တည်းဝတ်ထား သည်။ သူမလက်တစ်ဖက် က ခေါင်းပေါ်ရှိ ပြောင်းဖူး ပြုတ်ဇလားကို ကိုင်ထားရ သဖြင့် သူမ၀တ်ထားသော အင်္ကျီက အထက်သို့ တက် သွားကာ သူမ၏ညိုညစ် ညစ်ခြောက်ကပ်ကပ် ဗိုက် သားတစ်မိုက်လောက်က အတိုင်းသားမြင်နေရသလို အနံတိုသော မာစရိုက်ပွင့်ရိုက် လုံချည်အောက်က သူမ၏ ပိန်ညှောင်ရှည်လျားသော ခြေ သလုံးမည်းမည်းတစ်စုံက ထွက်နေသည်။
ဒေါ်လုံမသည် ရောင်စုံ ကြွပ်ကြွပ်အိတ် အပိုင်းအစ များနှင့် ဖိနပ်စုတ်များတစ်စွန်း တစ်စထွက်နေသော မြေကြီး လမ်းကလေးမှ သုတ်သုတ် လျှောက်လာရင်း သူမတို့ လမ်းထိပ်ရှိ ချစ်ဝင်းတို့ ၀က် တဲရှေ့ရောက်တော့ “ပြောင်း ဖူးပြုတ်” ဟု တစ်ချက် ထ အော်လိုက်သည်။ ချစ်ဝင်းက ၀က်မသုံးကောင်မွေးထားပြီး ၀က်သားပေါက်ကလေးတွေ ခွဲရောင်းသဖြင့် စီးပွားဖြစ် ကာ ဒေါ်လုံမတို့ တစ်ရပ် ကွက်လုံး အချမ်းသာဆုံးဟု ပြောနိုင်သည်။ သူက သား ဖြစ်သူ ဟန်မောင်နှင့် သောက် ဖော်စားဖက်တွေဖြစ်သဖြင့် ဒေါ်လုံမ ဘာရောင်းရောင်း အားပေးလေ့ ရှိသည်။ ဒေါ်လုံမသည် အသက် ၆၀ စွန်းစွန်းရောက်နေသော မုဆိုးမတစ်ယောက်ဖြစ်သည်။ သူမနှင့် သားဖြစ်သူ ဟန် မောင်တို့သည် ငမိုးရိပ်ချောင်း နံဘေးရှိ တိုးချဲ့ရပ်ကွက် ကလေးတွင် နေထိုင်ကြ သည်။ သားဖြစ်သူ ဟန် မောင်မှာ အသောက်အစား ဖက်၍၊ ထစ်ခနဲရှိ ရပ်ကွက်ထဲ တွင် တုတ်ဆွဲ၊ ဓားဆွဲနှင့် ရန် ဖြစ်လိုဖြစ်၊ အော်ဆဲလိုဆဲနှင့် စရိုက်ကြမ်းကြမ်းနေတတ်သူ ဖြစ်သည်။ ဒေါ်လုံမသည် ရာသီပေါ် အသီးအနှံလေးများ ကို အဆင်သင့်သလို ရောင်း ချပြီး ဟန်မောင်ကတော့ ပန်းရံလုပ်သည်။
ဟန်မောင့်မိန်းမဖြစ်သူ မိဝါသည် ကလေးသုံးယောက် ရပြီးကတည်းက ဗိုက်အောင့် တယ်၊ ဗိုက်နာတယ်ဆိုပြီး တပိန်ပိန်တလိန်လိန် နေလာ ရာက နောက်ဆုံးတော့ အစာ အိမ်သွေးယိုသောရောဂါဖြင့် မိဝါဆုံးသွားခဲ့သည်။ မိဝါဆုံး တော့ အကြီးကောင်ဖိုးကဲက လေးတန်း၊ အလတ်မပေါက်စ မက တစ်တန်း၊ အငယ်ဆုံး ကောင်ပိစိက ၆ လသာသာပဲ ရှိသေးသည်။
ထို့ကြောင့် တစ်ကောင်ကြွက်လို ရောက်လာသော ချွေးမ ဆုံးသွားပြန်တော့ ကျန်ခဲ့သော ကလေးသုံး ယောက်ကို သားဖြစ်သူနှင့် တန်းတူ ဒေါ်လုံမတာဝန်ယူ ခဲ့ရသည်။ ကလေးတွေက လည်း အမေမရှိတော့သည့် နောက် အတူနေသော ဒေါ် လုံမအား “အမေကြီး၊ အမေ ကြီး” နှင့် ပါးစပ်ဖျားက မချသလို၊ ဒေါ်လုံမကလည်း ဒီအသက်အရွယ်ရောက်မှ ဘ၀ ဆိုးလှချည့်ဟု မတွေးအားဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အမိမဲ့ သွားသော မြေးသုံးယောက် အား အသနားပို၊ အချစ်ပိုကာ၊ သံယောဇဉ်အတွယ်ကြီးတွယ် ကာ တတ်စွမ်းသ၍ ကုန်းရုန်း ရှာဖွေ ကျွေး နေရတော့သည်။ သားဖြစ်သူ ဟန်မောင်မှာ နဂို ကတည်းက အသောက်သမား ဖြစ်ပြီး မိန်းမ လုပ်သူဆုံးပြီး နောက်ပိုင်းတွင် ပိုပြီး အထိန်း အကွပ်မဲ့လာကာ သူ့လုပ်စာနှင့် သူပင်သောက်စားဖို့ မလောက် နိုင်ဖြစ်နေတော့သည်။
ထို့ကြောင့် ဒေါ်လုံမမှာ ကလေးတွေကို ကျောင်းဆက် မထားနိုင်ဘဲ၊ ပညာရေး ထက် ၀မ်းစာရေးက အရင် ဖြေရှင်းရတော့သည်။ ဒေါ်လုံ မသည် ဈေးပြေးရောင်းလိုက်၊ အပြေးအလွှား ချက်ပြုတ် လိုက်နှင့် ဖတ်သီလိုက်နေ သဖြင့် ကလေးလေးတွေ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုမစိုက်နိုင်သလို၊ ကလေး တွေအဖေ ဟန်မောင်မှာ လည်း အချိန်ပြည့် မူးမူးရူးရူး နေသဖြင့် ကလေးသုံးယောက် မှာ အမြဲပေကျံကာ နေ့စဉ်လိုပင် နေပူမိုးရွာ မရှောင် လမ်းပေါ်တွင် ဆော့လိုက်၊ ကလေး တကာနှင့် ဒိုင်ခံရန်ဖြစ်လိုက်၊ သူများအိမ်ရှိ အသီးအပင်ခူး ဆိတ်လိုက်နှင့် ဖြစ်ချင်တိုင်း ဖြစ်နေတော့သည်။
ရပ်ကွက်တွင်းရှိ လူများက ကလေးတွေကို အမြင် မတော်လို့ ဆုံးမလျှင်လည်း ပိုက်ဆံမရှိလို့ နှိမ်သည်ဟု ဟန်မောင်က အမြင် စောင်းသေးသည်။ ကလေးများအား ဆုံးမရန်ပြောလျှင်လည်း နဂို ကတည်းက စရိုက်ဆိုးသည့် အာကြမ်းလျှာကြမ်း ဟန်မောင်သည် သူ့ကလေးတွေကို ဆတ် ဆတ်ထိမခံဘဲ၊ ပညာဉဏ် နည်းနည်းနှင့် အရပ်ကို စွပ်စွဲကာ မူးမူးနှင့် အိမ်ရှေ့ ထွက်ဆဲလိုဆဲ ပုဆိုးတိုတိုဝတ်ကာ ဓား တ၀င့်ဝင့်နှင့် လုပ်တတ်သေးသည်။ ထို့ကြောင့် ရပ်ကွက် တွင်းရှိလူများသည် ငယ်ငယ် ရွယ်ရွယ်နှင့် အမိမဲ့သွားသော ကလေးတွေကို သနားသော်လည်း စရိုက်ကြမ်းသော ဟန်မောင့်ကို ကြောက်ကြ သဖြင့် သူ့ကလေးတွေ တော် ရုံတန်ရုံ အမြင်မတော်တာ လောက်ကို မျက်နှာလွှဲထား ပြီး၊ အန္တရာယ်ဖြစ်မည့်ကိစ္စ များ၊ အကျိုးစီးပွားထိခိုက် မည့်ကိစ္စလောက်သာ မဖြစ် မနေပြောဆိုဆုံးမတော့သည်။ ကလေးတွေ အဖေလုပ်သူ ဟန်မောင်သည် တစ်နေကုန် အလုပ် ဆင်းသဖြင့် အိမ်မှာ မရှိသလို၊ ဒေါ်လုံမက လည်း ဈေးရောင်းထွက်နေရ သဖြင့် ကလေးတွေက လမ်းပေါ်တွင်သာ အချိန်ပြည့် နေနေ တော့သည်။ ဒေါ်လုံမသည် သားဖြစ်သူ ဟန်မောင်မပြန် လာလျှင် မည်သည့် နေရာတွင် မူးနေသလဲဟု တွေးပူရသလို၊ အိမ်ပြန် လာလျှင်လည်း ရပ်ကွက်တွင်းရှိ လူများနှင့် ပြဿနာ မတက်ရန် အမြဲ ထိန်းနေရ၏။ ရပ်ကွက်ထဲတွင်လည်း ဆရာလေး ကိုကြည်ထွန်းနှင့် ၀က်မွေးသည့် ချစ်ဝင်းက လွဲပြီး ဟန်မောင်နှင့် ရန်မဖြစ်ဖူးသူဟူ၍ မရှိသလောက်ပင်။ ဆရာလေး ကိုကြည်ထွန်းသည် ဖိုးကဲနှင့် ပေါက်စမတို့၏ ဆရာဖြစ် သဖြင့် ကျေးဇူး ရှိသည်ဟု ဟန်မောင် ယူဆပြီး ဆရာလေး စကားကို နားထောင်သလို၊ ချစ်ဝင်းကျတော့ သူနှင့် ပုလင်းတူ ဘူးဆို့ သောက်ဖော်စားဖက် ဖြစ်သဖြင့် ရန်မလုပ်ပေ။ ထို့ကြောင့် ဒေါ်လုံမမှာ တစ်ဖက်ကလည်း သားဆိုး အမေတတေတေ ဖြစ်နေသလို တစ်ဖက်ကလည်း အမိမဲ့ သား ရေနည်းငါးဖြစ်သော မြေးငယ်တွေ အတွက် ရုန်း ကန်နေရတော့သည်။ ဒေါ်လုံမသည် ဈေး ထိုင်ရောင်းနေရင်း အတွေး ပေါင်းစုံ တွေးနေမိသည်။ နေအတော် မြင့်လာသည်နှင့် အိမ် မှာကျန်နေသော ကလေးတစ်သိုက် ဆာနေလောက်ပြီဟု တွေးမိသည်။ သားဖြစ်သူ ဟန်မောင်ကတော့ အလုပ် ဆင်းသဖြင့် အိမ်မှာ မရှိပေ။ ညနေကျရင် ဟန်မောင် တစ်ယောက် မသောက်မစားဘဲ သူမကို ပိုက်ဆံ နှစ်ထောင်လောက် အပ်နိုင်လျှင် မည်မျှ ကောင်းမည်နည်း။ အကြီးကောင် ဖိုးကဲက ဖိနပ်မရှိ၍ ပူ ဆာနေသည်မှာ သုံးလေးရက်ခန့် ရှိနေပေပြီ။ သူမ ၀ယ်ပေးချင်သော်လည်း ပြောင်းဖူး တစ်ဇလားလုံး ကုန်ပါမှ အမြတ် တစ်ထောင်ကျော်ကျော်သာ ကျန်မည်။ ဘာပဲဖြစ်ဖြစ် အကြီးကောင်ဖိုးကဲ အတွက် ဖိနပ်တစ်ရံ ခုနစ်ရာဖြင့် အော်ရောင်းနေသည်ကို အပြန်ဝင် ၀ယ်မည်။ ခုတစ်လော သူမ မူးမူးနေတာကို “အဒေါ် အား နည်းနေတာ၊ လမ်းထိပ်ဆေး ခန်းမှာ ဆေးထိုးပါ့လား” ဟု မမြစိန်က ပြောသော်လည်း ဆေးထိုးဖို့ စိတ်တောင် မကူး ရဲသေးပေ။ လာမည့်နှစ် ကျောင်းဖွင့်လျှင် ဖိုးကဲနှင့် ပေါက်စမကို ကျောင်းပြန် ထားရမည်။ ဖိုးကဲက မွေးရာ ပါနှုတ်ခမ်းကွဲလေးမို့ စကား ပြောလျှင်မပီပေ။ သို့သော် သူက ဉဏ်ကောင်းကာ ကျောင်းတက်ချင်စိတ်ရှိ သည်။ ပေါက်စမကတော့ ပျင်းကလည်းပျင်း၊ ဉဏ်ကလည်း ခပ်တုံးတုံး။ ခုပြောခု မေ့ဆိုပေမဲ့ တစ်နေကုန် ပိစိ ကို ခါးပေါ်ကမချ ထိန်းရှာ ရသူလေးဖြစ်သည်။
အငယ်ဆုံးကောင် ပိစိ လေးခမျာ နို့စို့အရွယ်မှာ အမေ ဆုံးသွားတော့ အဘွား ဖြစ်သူ အသက် ၆၀ ကျော် ဒေါ်လုံမ၏ နံကြားညပ်နေ သော နို့မထွက်သည့် နို့ပိန် ပိန်ကို စို့ခဲ့သော နို့ရူးကလေး ဖြစ်သည်။ ပေါက်စမ ကျောင်းပြန်တက်တော့လည်း အငယ်ကောင်ပိစိကို သူမ ဈေးရောင်းသော နေရာခေါ် လာရတော့မည်။
သူမတို့နေသော ရပ် ကွက်ကလေးက ချောင်းစပ် နှင့် နီးလှ၏။ လမ်းထိပ်ဘက် ထွက်လျှင်လည်း ကားတွေ၊ ဆိုက်ကားတွေလည်း ရှုပ်လှ ၏။ သူမ မပြန်မချင်း နေပူ စပ်ခါးတွင် ဆော့နေတတ် သော ကလေးတွေသည် နေ ထိုင်မကောင်း ဖြစ်နိုင်သေး သည်။ ပြီးခဲ့သည့်လက အငယ်ကောင်ပိစိ နေမကောင်း ၍ ဆေးခန်းတစ်ခါသွားလိုက် ရကာ ပြောင်းဖူးအရင်းပြုတ် ပြီး တစ်နေ့တည်း နှစ်ထောင် ကုန်သွားခဲ့သည်။
“ပြောင်းဖူးတစ်ဖူး ဘယ်လောက်လဲ”
“နှစ်ထောင်။ အဲလေ ဟုတ်ပေါင် တစ်ရာပါ”
ဒေါ်လုံမသည် ပြောင်း ဖူးပြုတ်ဇလား ရှေ့ချပြီး အတွေး လွန်နေသဖြင့် ၀ယ်သူအား ဖြေမိဖြေရာ ပြန်ဖြေလိုက်မိ သည်။ ကျောင်းဝတ်စုံဝတ် ယောက်ျားလေးကို လက်ဆွဲ ထားသော အမျိုးသမီးသည် ပြောင်းဖူးတစ်ဖူး ၀ယ်သည်။ ဒေါ်လုံမသည် သူမ၏မြေး ဖိုးကဲနှင့် ရွယ်တူလောက်ရှိ မည့် ကျောင်းစိမ်းဘောင်းဘီ၊ ရှပ်အင်္ကျီအဖြူလေးကို တွဲဖက် ၀တ်ထားပြီး ကာတွန်း ရုပ်လေးများ ပါသော ကျော ပိုးအိတ် အပြာရောင်လေးကို လွယ်ထားကာ ကြိုးသိုင်း ဖိနပ် အနီရောင်လေးကို စီးထားသည့် ကလေးကို ငေး ကြည့်နေမိသည်။ သူမစိတ် ထဲမှာ မြေးဖြစ်သူ ဖိုးကဲအား ထိုကလေးကဲ့သို့ ကာတွန်း ရုပ်ပါသော ကျောပိုးအိတ်နှင့် ကြိုးသိုင်း ဖိနပ်ကို မှန်းဆင် ကြည့်နေမိသည်။
ဖိုးကဲ အကြောင်းတွေး မိပြန်တော့ ဒေါ်လုံးမ စိတ် မကောင်းဖြစ်သွားရသည်။ သူ့ကို မွေးပေးသော သားဖွား ဆရာမက “အဒေါ် ကလေး အပေါ် နှုတ်ခမ်းကွဲနေတာကို ကလေး ဆေးရုံကြီးမှာ သွား ပြ။ ဘယ်လောက်မှ မပေးရဘူး။ မချုပ်ဘဲ ထားရင် စကားပြောလည်း မပီဘူး။ ကျောင်းထားတော့လည်း စာ ဆိုရင် မပီဘဲ နေလိမ့်မယ်။ ပြီးတော့ အသက်ကြီး လာရင် ရှက်လိမ့်မယ်” ဟု ကလေး မွေးကင်းစကတည်းက ပြော ထားခဲ့သော်လည်း ဖိုးကဲသာ ဆယ့်တစ်နှစ်ကျော်တော့မည်။ ကလေးဆေးရုံကြီး သွားပြဖို့ အထ မမြောက်သေးပေ။ ဘာပဲဖြစ်ဖြစ် ရှေ့နှစ်ခါ ကျောင်းပြန် မအပ်ခင် ဖိုးကဲ နှုတ်ခမ်းကွဲချုပ်ဖြစ်အောင် ချုပ်ပေးရမည်။
“အဒေါ် ဒီကို ခဏ အဒေါ် အဒေါ်လုံမ” ပုဆိုးစုတ် ခေါင်းပေါင်း နှင့် ဒန်ဇလားခါးစောင်းတင် ကာ ခပ်သွက်သွက်လျှောက် လာသော ဒေါ်လုံမသည် မခင်ပြုံး အသံကြောင့် ရပ် လိုက်သည်။ မခင်ပြုံးသည် သူမ အိမ်ရှေ့ရှိ မာလာကာ ပင်ကို ညွှန်ပြရင်း- “ဒီမှာ ကြည့်ပါဦး။ ကျွန်မ အပင်က ပလတ်စတစ် နဲ့ ထုတ်ထားတဲ့ ကီလိုမာ လာကာသီး သုံးလုံးတောင် ပဲ ပေါက်စမ ခူးပြေးသွားတယ်”
“ဟယ် ဟုတ်ပါရဲ့။ တောင်းပန်ပါတယ်။ နောက်ကို မလုပ်ရဲအောင် မေးပြီး ရိုက်ပစ်လိုက်ဦးမယ်။ စိတ် မဆိုးပါနဲ့ကွယ်”
“ရပါတယ်။ နောက် မခူးရင် ပြီးတာပါပဲ”
ဒေါ်လုံမသည် မခင် ပြုံး ကျေနပ်သည်အထိ တောင်းပန်ခဲ့ရတော့သည်။ သူမ ထွက်လာ၍ တစ်အိမ် ကျော်သို့ ရောက်သည်နှင့် ဒေါ်အုန်းတင်က ဆီး၍- “ဒေါ်လုံမရေ ဖိုးကဲလေ အိမ်ရှေ့မြောင်းထဲကို ခဲလုံး တွေနဲ့ လာပစ်တာ သုံးလေး ခါပဲ။ မပစ်နဲ့ဆိုတာ ပြောမရ ဘူး။ အဲဒါတန်းမှာ လှမ်း ထားတဲ့ အင်္ကျီအဖြူတွေ ရွှံတွေ စဉ်ကုန်လို့ အကုန်ပြန် လျှော်ရတယ်”
“ဖိုးကဲတော့လား။ နေ ပေစေဦး။ အိမ်ကျမှ တွေ့ မယ်။ အင်္ကျီတွေတော့ စွန်း မသွားပါဘူးနော်။ ကျွန်မ ပြန် လျှော်ပေးရမလား”
ဒေါ်လုံမ ဈေးရောင်းက ပြန်လာတိုင်း ဟိုအိမ်ဒီ အိမ်မှ ကလေးတွေနှင့် ပတ် သက်ပြီး အတိုင်ခံရမြဲဖြစ် သည်။ အိမ်ရောက်ဖို့ အိမ်နှစ် အိမ်လောက်အလို ဒေါ်လုံမ၏ အရိပ်ကို မြင်သည်နှင့် အရင်ဆုံး ပြေးလာသူက ဖိုး ကဲ။ သူ့နောက်မှ ကလေး ခါးထစ်ခွင်နှင့် ပြေးလာသူက ပေါက်စမ။ ဖိုးကဲသည် အနားရောက်သည်နှင့် “အမှေ ညီး တားဖို့ ဖိနပ်ပါရားဗျ”။
ဒေါ်လုံမသည် ပလတ် စတစ်တစ်အိတ်နှင့် ထည့် ထားသော ဖော့ဖိနပ်အနီလေး ကို ခါးစောင်းတင်ထားသော ဒန်ဇလားထဲမှ နှိုက်ပေးလိုက် သည်။ ဖိုးကဲသည် အလွန် ပင်ဝမ်းသာ အားရဖြစ်သွား ကာ “ဟေး နာမှ နို့အမှေညီး တွ” ဟု မပီမသဖြင့် ဆိုရှာသည်။
ထိုစဉ် အနားရောက် လာသော ပေါက်စမ ခါးထစ်ခွင်ပေါ်က ဘဲမြီးဆံပင် နှပ်ချေးတွဲလောင်း၊ မျက်နှာ ကြောင်ချီးရုပ်နှင့် ကလေး ကလည်း “အမေကြီး အမေကြီး”နှင့် လက်ဆန့်တန်းပြီး အားကျမခံ ဒေါ်လုံမ အချီ ခံချင်ပြန်သည်။ ဒေါ်လုံမ သည် လက်ထဲက ဒန်ဇလားကို မြေကြီးပေါ် ချထား လိုက်ပြီး ပေါက်စမ လက်ထဲ က ကလေးကို လှမ်းချီလိုက် သည်။ ထို့နောက် ကလေး၏ ကြေးပေနေသော ပါး လေးနှင့် သူမ၏ အဆီပြန်နေ သော ပိန်ခွက်ခွက်ပါးကို တစ် သားတည်းဖြစ်အောင် ကပ်ထားလိုက်ရင်း “အမေကြီး သားလေးက အမေကြီးကို မျှော်နေတာလား။ အမေကြီး အချစ်ဆုံး ပိစိလေးလား”ဟု မမောမပန်းနိုင်ဘဲ ချော့မြှူ လိုက်ရာ သူမလက်ထဲမှ ကလေးကလည်း ခိုးခိုးခစ်ခစ် အသံထွက်သည်အထိ သဘော အကျကြီး ကျသွား၏။
ဒေါ်လုံမသည် သူမ၏ မြေးတွေ မျက်နှာမြင်လိုက် သည်နှင့် ခုလေးတင် ပေါက် စမအား မာလကာသီးခူးလို့ အတိုင် ခံရတုန်းက မေးရိုက် မည်ဟု ပြောခဲ့သည်ကိုရော၊ ဖိုးကဲအား အိမ်ကျမှ တွေ့မယ် ဟု ကြိမ်းဝါးခဲ့သည်ကိုရော မေ့ပျောက် သွားတော့သည်။
နေ့ခင်းဘက် ထမင်း စားပြီးတော့ ပေါက်စမနှင့် အငယ်ကောင်ပိစိတို့က အတုံး အရုံး အိပ်ပျော်နေကြပြီ။ ဖိုးကဲ တစ်ယောက်သာ မနက်က ၀ယ်လာသော ဖော့ဖိနပ်အနီ ကို တသသကိုင်ကောင်းတုန်း ရှိသေးသည်။ ဒေါ်လုံမသည် နေ့လယ်စာ ချဉ်ဖတ်စုံနှင့် ငါးပိရည်နယ်ထားသော ထမင်းတစ်ဇလုံကို စား သောက်ပြီးမှ တစ်မနက်လုံး အမောကို ရေနွေးကြမ်းအေး အေးတစ်ခွက်နှင့် အိမ်ခါးပန်း မှီကာ အမောဖြေရသည်။ တစ်မနက်လုံး နေပူထဲတွင် ဈေးရောင်းခဲ့၍ မူးနောက် နောက်ဖြစ်နေသဖြင့် လှဲအိပ် လိုက်ချင်မိသည်။
သို့ပေမဲ့ သူမအဖို့ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော နားရန် အချိန် မရှိပေ။ နောက်နေ့ရောင်းရန် ပြောင်း ဖူးကို ဒညင်းကုန်းသို့ သွားဝယ်ရဦးမည်။ လွယ်အိတ်လေး အတွင်းရှိ ပိုက်ဆံတွေ ကို ရေတွက်ကြည့်တော့ အားလုံး သုံးထောင်တိတိ ရှိသည်။ ငွေသုံးထောင်လုံး ရင်းပစ်လို့ မဖြစ်သေး။ ကလေးတွေ အတွက် မနက် စာစားဖို့ ငွေငါးရာလောက် ချန်ထားရမည်။ သည်နေ့ တော့ ဖိုးကဲဖို့ ဖိနပ်ဝယ် လိုက်ရသည့် အတွက် ဘုရား စင်ပေါ်ရှိ ဖိုးကဲနှင့် ပေါက်စမ ကျောင်းတက်ရန် စုသည့် စုဘူး ၀ါးကျည်တောက်ထဲသို့ ငွေနှစ်ရာ မစုနိုင်တော့ပေ။
“အမှေညီး၊ တား လိုက် မယ်ရို့” အတွေးထဲမှာ စာရင်း တွက်နေသော ဒေါ်လုံမသည် အနားကပ်အော်လိုက်သော ဖိုးကဲ၏ စကားသံကြောင့်- “ဘာလဲဟဲ့၊ အလန့်တကြား”
“အမှေညီးက တားပြောနေတာ ကြားမှ မကြားတာ။ ညနေ ရထားနဲ့ ပြောင်းဖူး တွားဝယ်ရင် တားလိုက်ထဲ့ မယ်ရို့”
“သြော်အေးအေး လိုက်ခဲ့ လိုက်ခဲ့။ ငါသိတယ်။ နင့်ဖိနပ် အသစ် စီးချင်လို့ မဟုတ်လား။ ကဲသွား မိစမ်းတို့အိမ် နာရီသွားမေး စမ်း”
ဖိုးကဲသည် ဘွားအေ ဖြစ်သူကမှန်း ၀ယ်လာသဖြင့် သူ့ခြေထောက်နှင့် ကြီးနေသော ဖော့ဖိနပ်အသစ် ခပ်ချောင် ချောင်ကို စီး၍ မြောက်ကြွကြွ ထွက်သွားသည်။ ခဏနေတော့ ပြန်ရောက်လာပြီး “အမေညီး တုန်းနာရီ ထွဲပီးပီး ဒဲ့”
“အေး အေး ပြောင်းဖူး ထည့်ဖို့ ထရံကြားထဲမှာ ညှပ် ထားတဲ့ ဆာလာအိတ်ယူ ထား။ ခဏနေရင် သွားမယ်”
ဒေါ်လုံမတို့ မြေးအဘွား နှစ်ယောက် မြေလမ်း ကလေးမှ ထွက်လာတော့ ညနေ ဆည်းဆာချိန် နေလုံး ကြီး၏ ပုစွန်ဆီရောင် အလင်း ဖျော့ဖျော့က တိမ်တိုက်တွေ ကြားထဲမှ တစ်ဝက်တစ်ပျက် ဖြာထွက်နေသည်။ သူမတို့ မြေးအဘွားနှစ်ယောက် လမ်း ထိပ်ရောက်တော့ ချစ်ဝင်းအိမ် ရှေ့ရှိ သရက်ပင်ကို လူနှစ် ယောက်က ခုတ်နေသည်ကို တွေ့ရသည်။ ခုတ်ချထား သော သရက်ကိုင်းတွေ ကြား ထဲတွင် ကွဲကျနေသော ငှက် ဥအချို့နှင့် ခေါင်းကြီးကြီး ကိုယ်လုံးရဲရဲလေးတွေနှင့် အတောင်အလက်ပင် မစုံ သေးသော ငှက်သေလေးတွေ ကို ဒေါ်လုံမနှင့် ဖိုးကဲ တွေ့ လိုက်ရသည်။ ဖိုးကဲက- “အမှေညီး ဘာရို့အပင် ထုတ်ပစ်တာလဲ မသိဘူး။ ငှက်ဥတွေ တွဲတုန်ပြီ။ ငှက်က လေးတွေ တေတုန်တာ တ နားပါဒယ်”
“အပင်က အိုပြီး အသီး မသီးတော့လို့ နေမှာပေါ့။ ဟိုမှာတွေ့လား ကိုင်းတွေမှာ ခြတောင်တက်နေပြီ။ ဒါကြောင့် ခုတ်ပစ်တာပေါ့”
“တစ်ပင်က အိုဒယ်ရို့ ရှိလား”
“ရှိတာပေါ့။ သစ်ပင် လည်း လူတွေလိုပဲ။ အိုတာတွေ သေတာတွေရှိတယ်”
“ဒါဆို အမှေညီးရော အိုမှာ၊ တေမှာလား”
ဖိုးကဲ၏ အမေးကို ဒေါ်လုံမ မဖြေဘဲ ကားလမ်း ကူးရန် ကားအရှင်းကို စောင့် ရင်း ဖိုးကဲ လက်တစ်ဖက်ကို ကိုင်ထားကာ နှုတ်ဆိတ်နေ မိသည်။ ထို့နောက် မြေး အဘွားနှစ်ယောက် လမ်း ဖြတ်ကူးပြီး လမ်းတစ်ဖက် ရောက်ခါနီး၌ ဖိုးကဲလက်ကို လွှတ်ပေးလိုက်စဉ် ဖိုးကဲ၏ ချောင်နေသော ဖော့ဖိနပ် တစ်ဖက်မှာ ကျွတ်ထွက်သွား တော့သည်။ ဖိုးကဲမှာ သူ၏ ဖိနပ် အသစ်ကို မက်မောစွာဖြင့် ဘေးဘီကို မကြည့်ဘဲ ကားလမ်းပေါ်သို့ ပြန်လှည့် ကောက်ရန် ပြင်နေသည်ကို ဒေါ်လုံမ မြင်လိုက်ရသလို၊ တစ်ဖက်မှ အရှိန်နှင့်မောင်း လာသော ကားတစ်စီးကိုပါ သူမမြင်လိုက်ရတော့သည်။
ကောင်းကင်ရှိ မိုးသား တိမ်လိပ်တို့က ၀င်လုဆဲနေ လုံးကို ရုတ်တရက် ဖုံးအုပ် လိုက်သဖြင့် ညနေဆည်းဆာ ၏ အလင်းရောင်က ပိုမိုဖျော့ တော့သွား၏။ ထိုအချိန်တွင် လေရူးတစ်ချက်ပါ မွှေ့လိုက် သောကြောင့် ဖုန်သဲတို့နှင့် အတူ အမှိုက်တချို့က ပတ် ၀န်းကျင်တစ်ခုလုံး ပျံ့နှံ့သွား ကာ ညနေခင်းအလှကို ဖျက် ဆီးလိုက်သကဲ့သို့ ဖြစ်သွား သည်။ မကြာမီ မိုးရွာတော့ မည်ဖြစ်သဖြင့် လမ်းသွား လမ်းလာများက မိုးမမိစေ ရန် ခပ်သုတ်သုတ် သွားလာ နေကြသည်။
ကားလမ်းဘေးတွင် တော့ တာဝန်ရှိသူ လူတစ်စုက ယာဉ်မတော်တဆမှု အတွက် အလုပ်ရှုပ်နေကြပြီး လူအချို့က စုတ်တသပ်သပ် နှင့် သနားပါတယ်ဟု ရေရွှတ် နေကြသလို လူအချို့က မျက်စိရှေ့မှာ မြင်နေရသော မြင်ကွင်းကို မကြည့်ရဲသလို မျက်နှာလွှဲသွားကြသည်။ ကားလမ်းပေါ်ရှိ ဖော့ဖိနပ် အနီလေး တစ်ဖက်ကတော့ သွေးတို့ဖြင့် ပေကျံနေသည်။ မကြာခင် အချိန်အတွင်း မှာပင် ရထားကြီးသည် တံတားလေးဘူတာမှ လူများကို တင်ဆောင်၍ ဒညင်းကုန်း ဘူတာဘက်သို့ ထွက်ခွာ သွားသလို ဒေါ်လုံမ ခန္ဓာကိုယ်ကို တင်ဆောင်မည့် ကားလည်း ရောက်ရှိလာသည်။ ဒေါ်လုံမ၏ စိတ်ကတော့ ကားလမ်းဘေးရှိ လူအုပ်ကြားထဲတွင် ငိုရှိုက်နေ သော နှုတ်ခမ်းကွဲလေးနှင့် ကောင်လေးတစ်ယောက် ဘေး မှာ ကျန်ရှိနေဆဲဖြစ်သည်။
ကျူရီ (ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|