ရက်စက်ပါစေ ချစ်နေမယ် PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 27 August 2012 10:24
Share |

အနုပညာ နယ်ပယ်မှာ အောင်မြင်မှု ရရှိဖို့ ဆိုတာ မလွယ်ပါဘူး။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်ရဲ့အားပေးမှုကို ရရှိထားသူက အေသင်ချိုဆွေပါ။

argaiv1648
argaiv1663

ပေါက်တဲ့အိုး တစ်ကိုယ်တော် စီးရီးနဲ့ ပရိသတ် အားပေးမှုများစွာ ရရှိသလို အနီးဆုံးလူ... နမ်းမှာလားနဲ့လည်း ပရိသတ် အခိုင်အမာ ရရှိသွားတဲ့ အေသင်ချိုဆွေက သရုပ်ဆောင် လမ်းကြောင်းပေါ်မှာလည်း လျှောက်နေသူ ဖြစ်ပါတယ်။ နယ်ဖျော်ဖြေပွဲတွေနဲ့ မအားသလို ဇာတ်ကား ရိုက်ကူးမှုတွေလည်း ရှိတဲ့ အေသင်ချိုဆွေက သြဂုတ်လ မွေးနေ့ရှင်ပါ။ ၂၀၁၂ သြဂုတ်လ ၁ ရက်နေ့မှာတော့ မွေးနေ့ အလှူအဖြစ် မပြုလုပ် ဖြစ်ပေမဲ့ နောက်ရက်များမှာတော့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အလှူပြုလုပ် ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ပြည့် မွေးနေ့မှာ မိခင်က ကားတစ်စီး မွေးနေ့ လက်ဆောင်ပေးတဲ့ အတွက် ၀မ်းသာမဆုံး ဖြစ်ခဲ့တဲ့ အေသင်ချိုဆွေက သြဂုတ် ၁ ရက်မှာ သူထူးစံ နဲ့ ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အနီးဆုံးလူ... နမ်းမှာလား စီးရီးအတွက် ဗီစီဒီလေးပုဒ် ရိုက်ကူးပြီးထားပေမဲ့ လောလောဆယ်မှာ ထွက်ဖို့ မစီစဉ်သေးတဲ့ အေသင်ချိုဆွေကို မေးမြန်းဖြစ်တာများက-

အေသင် ဇာတ်ကားတွေ စရိုက်တဲ့ အချိန်ပိုင်းမှာ မင်းသမီး နှစ်ယောက်အပြိုင် ဇာတ်ကားတွေ ရိုက်ဖြစ်တော့ အခု နောက်ပိုင်း မင်းသမီး နှစ်ယောက်ဆိုရင် ဘယ်လို ရွေးချယ်မှုတွေနဲ့ ရိုက်ဖြစ်ပြီလဲ။

အခန်းနည်းတာ များတာပေါ့။ ရှေ့ပိုင်းမှာ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက သူ့ဟာနဲ့သူမျှပါတယ်။ မင်းသမီးနှစ်ယောက် အပြိုင် ဆိုပေမဲ့  သူ့ပုံစံနဲ့သူ သရုပ်ဆောင်ပြီး ပရိသတ်အတွက် ကျန်တယ်။ အေသင့်ဘက်က တာဝန်ကျေအောင်၊ အေသင်လည်း လုပ်နိုင်တဲ့ ဇာတ်ရုပ်မျိုးကိုပဲ ရွေးဖြစ်တာပါ။ အရင်တုန်းကတော့ အခန်း နည်းတာများတာ ရှိတယ်။ အခုလည်း တစ်ခါတလေ အဲဒီလို စိတ်မျိုး ရှိပါတယ်။ တကယ့် တကယ် သေချာကြည့်မယ်ဆိုရင် အခန်းနည်းတာပဲဖြစ်ဖြစ်၊ ဘယ်လို ဇာတ်ကောင်စရိုက်မျိုး ပဲဖြစ်ဖြစ် ပရိသတ်တွေက ကိုယ့်ကိုသတိထားမိတယ်။ ကိုယ်သရုပ်ဆောင်ပြနိုင် သလောက် အစွမ်းကုန် လုပ်ပြ နိုင်တဲ့ ဇာတ်ရုပ်မျိုး ဆိုရင် အခန်း နည်းပေမဲ့ အေသင် သဘောကျပါတယ်။

အခု နောက်ပိုင်းမှာ ဂီတဘက်ကို ပရိသတ်တွေ အား ပေးတော့ သရုပ်ဆောင်ဘက်ကို လျှော့လုပ်သင့်တယ်လို့ အေသင် ထင်လား။


အဲဒီလို တွေးပါတယ်။ ပြောရမယ် ဆိုရင် သရုပ် ဆောင်တာကို ပရိသတ်တွေ က အများကြီး မဟုတ်ပေမဲ့ လက်ခံကြတယ်။ ဇာတ်ကား ရိုက်ဖို့လည်း ပြောကြတယ်။ အဓိကကတော့ အမေပါ။ အမေက ဇာတ်ကား အရမ်း ရိုက်စေချင်တယ်။ အဲဒါ ကြောင့်လည်း ဇာတ်ကား ရိုက်ဖြစ်တာလည်း ပါတယ်။သရုပ်ဆောင် လုပ်ရင်းနဲ့မှ စိတ်ပါသွားတယ်။ တကယ့် တကယ်ပြောရမယ် ဆိုရင် ဂီတကိုပိုပြီး လုပ်ချင်တယ်။ သီချင်းဆိုရတာ ပိုပျော်တယ်။ ကိုယ်လည်း တတ်ကျွမ်းတယ်။ ပြီးတော့ လွတ်လည်း လွတ်လပ်တယ်။ ဂီတကို ပို မြတ်နိုးတယ်။ ပိုလုပ်ချင်တာ ပေါ့။

သီချင်းတစ်ပုဒ် ဆိုရတာနဲ့ ဇာတ်ကားတစ်ကား ရိုက်ရတာ ဘယ်ဟာမှာ ပိုပြီး ခံစားရလဲ။

ကိုယ်ကြိုက်တဲ့ သီချင်းကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ဆိုလို့ ရတယ်။ တေးရေးက ရေးပေးတဲ့ ပုံစံအတိုင်းဖြစ်ဖြစ်၊ ကိုယ်ခံစားရသလိုပဲ ဖြစ်ဖြစ် ဆိုလို့ရတယ်။ ကြိုက်သလို လုပ်လို့ရတယ်။ ဇာတ်ကား တစ်ကားကို ရိုက်တော့မယ် ဆိုရင် ဇာတ်လမ်းထဲမှာ ပါတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ စတဲ့ လူတွေ အများကြီးနဲ့ အလုပ် လုပ်ရတာ ဆိုတော့ ကိုယ့်ကြောင့် သူများ အနှောင့် အယှက်ဖြစ်သွားမှာ သူများ Mood ၀င်နေတဲ့ အချိန်မှာ ကိုယ့်ကြောင့် ပျက်သွားမှာမျိုး တွေ စိုးရိမ်တယ်။ သရုပ် ဆောင်ဘက်မှာ အခက်အခဲ တွေကတော့ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် အနုပညာပဲဆို တော့ ခံစားရတာ အတူတူပါပဲ။

ဒါရိုက်တာ မီးပွားနဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်ပြီး လုပ်ရတဲ့ သရုပ်ဆောင်မှုတွေက နင့်နင့်နဲနဲ လုပ်ရတာတွေ များတယ်။ ဦးမီးပွားနဲ့ ရိုက်ကူးမှု အတွေ့အကြုံ အမှတ်တရတွေက ဘယ်လို ရှိမလဲ။

ဦးမီးပွားနဲ့ တစ်ခါက ဇာတ်ကားရိုက်တုန်းက ဆိုရင် အရမ်းမောင်းတယ်။ သူက လည်း အရမ်းဖြစ်စေချင် တယ်။ ဦးမီးပွား ကိုယ်တိုင် ဘေးကနေ Mood မ၀င်ဝင် အောင် ငိုပြ၊ သင်ပြပေးတယ်။ အဲဒီလို ပေါင်းစပ်တဲ့ အခါ ဇာတ်ကား ထွက်လာတော့ ကောင်းတယ်။ နည်းနည်းပါး ပါးလိုတာတွေက အေသင့် ဘက်က လိုအပ်ချက်တွေပါ။ တဖြည်းဖြည်းနဲ့တော့ အလုပ်က သင်သွားတယ်။ တစ်ခါက ဇာတ်ကားက အေသင့်ရဲ့ ဒုတိယမြောက် ဇာတ်ကား၊ ဒိုင်ယာလော့ခ်ကို ဘယ်လို မှတ်ရမယ်၊ ဘယ်လို နေရမယ် ဆိုတာတွေ မသိသေးဘူး။ တဖြည်းဖြည်းနဲ့ ၀ါရင့်သရုပ် ဆောင်တွေနဲ့တွေ့တဲ့ အခါ ပညာတွေ ရတယ်။ နောက်ပိုင်းမှာ လေးလေးနက်နက် သရုပ်ဆောင်တော့ ကောင်းလာတယ်လို့ ထင်တာပဲ။

ဆယ့်နှစ်ကြိုးကဝေ ဇာတ်ကားဆိုရင် ပရိသတ် တွေရဲ့ အားပေးမှုကို တော်တော်လေး ရသွားတယ်။

သူများတွေအတွက် တော့ မသိဘူး။ ပေါ့ပေါ့လေး လုပ်ရတဲ့ ဇာတ်ကောင်စရိုက် မျိုးဆိုရင် သိပ်မကြိုက်ဘူး။ တကယ့်ကို လေးလေးနက် နက်နဲ့ ဒရာမာဆိုရင် တကယ် ရင်ထဲမှာ လိုက်ပြီးခံစား၊ ပရိ သတ်တွေလည်း ကိုယ့်ကို ကြည့်ပြီး ခံစားမယ်ဆိုရင် ပိုကြိုက်တယ်။ ဆယ့်နှစ်ကြိုး ကဝေ ဇာတ်ကားမှာဆိုရင် ကြိုက်တဲ့ပုံစံမျိုး လုပ်သွားတော့ သူမခံချင်ဘူး။ အဲဒီတော့ သူ့မှာ ဒေါသမီးပဲ ရှိတယ်။ ရုပ်က အမာပြလို့ ရမယ်။ ကိုယ်လုပ်နိုင်တဲ့ စွမ်း အား၊ ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတာ အဲဒီမှာ လုပ်ပြလို့ရတယ်။ ပေါ့ပေါ့ လေး မဟုတ်ဘူး၊ အဲဒီလိုပုံစံ မျိုးလေးတွေ ပိုပြီးလုပ်ချင် တယ်။ အဲဒီအခါကျတော့ Mood သွင်းရတာလည်း ကောင်းတယ်။ ကိုယ်ကိုယ် တိုင်ကလည်း အဲဒီလိုမျိုး လေးလေးနက်နက် လုပ်ချင် တာဆိုတော့ အဆင်ပြေတယ်။ အခုနောက်ပိုင်းမှာ ဗန့်ပုံစံမျိုး လေးတွေလာလို့ ရှိရင်လည်း တကယ်နက်နက်နဲနဲရှိမဲ့ ပုံစံ မျိုးဆို အေသင် ရိုက်ဖြစ်မှာပါ။

ဗန့်ပုံစံ လုပ်ရမယ်ဆိုရင် ကိုယ့်ကို Control ပေးနိုင်မဲ့ ဒါရိုက်တာကို ရွေးဦး မလား။


ဆယ့်နှစ်ကြိုးကဝေ ဇာတ်ကားမှာ အရင်က နှစ်ယောက်အပြိုင်၊ ဒါပေမဲ့ အခန်းနည်းတယ်ဆိုတော့ အေသင် သိပ်မရိုက်ချင်ဘူး။ ဒါပေမဲ့ ဦးမီးပွားရိုက်မှာဆို တာတစ်ချက်၊ ၀တ္ထုဖတ် ကြည့်လိုက်တော့လည်း ဇာတ်ကောင်စရိုက်အမာ၊ လုပ် ကွက်လည်းရှိတယ်ဆိုတော့ ရိုက်ဖြစ်သွားတာ။ ဗန့်ပုံစံ သရုပ်ဆောင်ရမယ်ဆိုရင် အချစ်အတွက်မဟုတ်တဲ့ တခြားတခြားသော ဇာတ် ကောင်အမာတွေကို ပိုပြီးရိုက် ချင်တယ်။

စိန်ဌေး ထုတ်လုပ်ရေး က ထုတ်ပြီး ဒါရိုက်တာ ၀ိုင်း ရိုက်တဲ့ ဇာတ်ကားမှာ သရုပ် ဆောင်ထားတော့ ဘယ်လိုကြောင့် ရိုက်ဖြစ်တာလဲ။ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့လဲ အဲဒီကားမှာ ပါတယ်နော်။


အဓိကက စိန်ဌေးက ဦးဝင်းကြည်တို့က ရုပ်ရှင် အစည်းအရုံးမှာ သင်တန်း တက်ကတည်းက ဆရာတွေ ဆိုတော့ ဇာတ်လမ်းရဲ့ဇာတ်ကောင်က အေသင်နဲ့ လိုက် တယ်ဆိုပြီး ရိုက်တာ။ အာဃာတပျိုးခင်း ကိုလည်း စိန် ဌေးအတွက်ပဲ ရိုက်ပေးခဲ့တယ်။ ကိုဝိုင်းကိုလည်း ဇာတ်လမ်းမေးကြည့်တော့ကြိုက်တယ်။ အဲဒါထက် ကိုဝိုင်းနဲ့ လည်းဆုံချင်တယ်။ ဒါ့အပြင် အဲဒီမှာပါတဲ့ သရုပ်ဆောင်တွေက တကယ့်ပညာရှိ သရုပ်ဆောင်တွေ၊  အေသင်က တကယ် တော်တဲ့ သရုပ်ဆောင်တွေနဲ့ ဆုံပြီး သရုပ် ဆောင်ကြည့်ချင်တယ်။ အေသင်က  အမြဲ တမ်းလေ့လာတယ်၊ ပညာတွေရပါတယ်။ အဲဒါတွေနဲ့ပဲ  တဖြည်းဖြည်း တဖြည်းဖြည်း အေသင် တတ်သွားတာ။

အေသင်က သရုပ်ဆောင် အလုပ်ကို မိခင်ရဲ့ ဆန္ဒ အရ လုပ်ဆောင်ခဲ့တယ်လို့ အေသင် ပြောတယ်နော်။ အဲဒီတော့ အေသင့်ရဲ့ သရုပ်ဆောင်မှုတွေ အတွက် ကျေနပ် အားရမှု ရှိရဲ့လား။

ကိုယ့်ကိုယ်ကိုယ်တော့  အပြည့်အ၀ မကျေနပ် သေးပါဘူး။  အများကြီးလိုပါတယ်။ ပညာ တွေလိုသေးတယ်။ လေ့လာ ရဦးမယ်။ အကယ်၍ ပရိသတ်က ဒီထက်မက အားပေးလို့ လုပ်ဖြစ်မယ်ဆို
လည်းသေချာ လေ့လာ သင်ယူပြီး လုပ်သွားမှာပါ။ အရင်က အေသင်နည်းနည်း ပျင်းတော့ တချို့ဇာတ်ကားတွေမှာ အဆင် မပြေတာတွေ ရှိတယ်။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ပြီး
သုံးသပ်၊ ပြင်ဆင်ရတယ်။ အခုတော့ အဆင်ပြေနေပါပြီ။

ဂီတအတွက် အေသင့်ရဲ့ယုံကြည်မှု၊ သရုပ်ဆောင်အတွက် အေသင့်ရဲ့ယုံကြည်မှု ရာခိုင်နှုန်းယှဉ်ရင် ဘယ်မှာ ပိုများမလဲ။

ဂီတဘက်မှာ ပိုပြီး များပါတယ်။ ဇာတ်ကားရိုက်လို့ ကင်မရာရှေ့မှာ သရုပ်ဆောင်တာနဲ့ စင်ပေါ်မှာ သီချင်း ဆိုတာနဲ့ ယှဉ်ရင် စင်ပေါ်မှာသီချင်း ဆိုတာကို ပိုပြီး Confidence(ယုံကြည်မှု)ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်တယ်။ နောက်ပြီး ပရိသတ်ကလည်း  အဆိုတော် အေသင်ချိုဆွေကို ပိုပြီး လက်ခံတယ်။ အားပေးတယ်။ အဆိုတော်နဲ့ပဲ စခဲ့တာ ဆိုတော့ အဆိုတော် ဘ၀၊ ဂီတ ကိုပိုပြီး ယုံကြည်မှု ရှိတယ်။

ဂီတကို ပိုယုံကြည်တော့ တတိယ စီးရီးအခြေအနေ ပြောပြပါဦး။

စီးရီးသစ်ကို အောက်တိုဘာ၊ သီတင်းကျွတ် လပြည့်လောက်ထွက်ဖို့ စဉ်းစားထားတယ်။ သီချင်းအသစ်တွေဆိုတော့ အနီးဆုံးလူ... နမ်းမှာလား ဗီစီဒီ မထွက်ခင်ထွက်မယ်။ အဲဒီဗီစီဒီ ထွက်ပြီးမှ ထွက်ရင် သီချင်းတွေ ဟောင်းသွားမှာစိုးလို့။ သီချင်းအသစ်တွေက ပြီးသလောက် ဖြစ်နေပြီ။

စီးရီးသစ် နာမည်ကို ဘယ်လိုပေးပြီးပြီလဲ။

နာမည် တစ်ခုတော့ ရွေးထားတယ် ဒါပေမဲ့ ပရိသတ်ကြီးကို ထွက်ခါနီးမှ ပြောပြမယ်။ အေသင်ကိုယ်တိုင် ရေးတဲ့ သီချင်း ဘယ်နှပုဒ် ထည့်မလဲ။ နှစ်ပုဒ်လောက်တော့ လျာထားတယ်။ သီချင်းက နည်းနည်း များနေတော့ ပယ်တဲ့ အထဲလည်း  ပါရင်ပါသွားမယ်။ ဒါပေမဲ့ တစ်ပုဒ်ကတော့ သေချာပေါက်ပါမယ်။ ကိုယ်ပိုင်သံစဉ်ပဲ ရေးထားတာလား။ ကိုယ်ပိုင်သံစဉ် မရေးနိုင်သေးပါဘူး။ ကော်ပီပါပဲ။ ကောင်လေးက ရက်စက်တာကို ဘယ်လောက်ပဲ ရက်စက်၊ ရက်စက် ချစ်နေမယ် ဆိုပြီး ရေးထားတာ။ သီချင်းကအမာ၊ R & B ပုံစံလေးပါပဲ။
အဲဒီခံစားချက်၊ သီချင်းစာသားတွေကို ဘယ်လိုရပြီး ရေးဖြစ်တာလဲ။ အဲဒါအေသင့်ရဲ့ ခံစားချက်တော့ မဟုတ်ဘူး။ ကိုယ့်ရှေ့မှာ ဖြစ်နေတဲ့ စုံတွဲ တစ်တွဲကို ကြည့်ပြီးရေးထားတာ။ စာသားလေးတွေ ကောင်းတယ်။

ရေးထားတဲ့ သီချင်းစာသားတွေက အမာဘက် ရောက်တယ်ဆိုတော့ အေသင့်ရဲ့ ခံစားမှုကြောင့်လား။

အေသင် ကိုယ်တိုင်က ခံစားမှု အရမ်း လွယ်တယ်။ သီချင်းရေးတာထက် ကဗျာတွေရေးရတာ ပိုပြီး အားသန်တယ်။ သီချင်းရေးတော့ အထောက်အကူ နည်းနည်း ဖြစ်တာပေါ့။အေသင်ကိုယ်တိုင်က သီချင်းကို ကိုယ်ပိုင်သံစဉ်ပဲ ရေးချင်တာ။ ကော်ပီက သူများသံစဉ်ကို  ကိုယ့်စာသားထည့်ရတာ သိပ် အဆင်မပြေဘူး။   စိတ်တိုင်း မကျဘူး။ အခုရေးထားတဲ့ သီချင်းကျတော့ နည်းနည်းကွက်တိ သွားကျတယ်။  စိတ်ထဲမှာ တကယ် မဖြစ်ပေမဲ့ တကယ်ရင်ထဲကလာတဲ့စကားလုံးတွေပဲ ဖြစ်မယ်ထင်တယ်။

ရင်ထဲက ခံစားချက်တွေကို ဘယ်သူတွေကို မျှဝေတတ်သလဲ။

အေသင်က စာရေးတာ ၀ါသနာပါတယ်။ ၀တ္ထုတွေ ဘာတွေရေးတာတော့ မဟုတ်ဘူး။ ကဗျာလေးတွေ ဟိုစပ်စပ်၊ ဒီစပ်စပ်ရေးရတာဝါသနာပါတယ်။ စိတ်ထဲမှာဖြစ်ပေါ်တဲ့ဟာကို လက်တန်း ချရေးလိုက်တာ။ ရေးထားတာတွေကို တစ်ခါတလေ ညီမလေးကို ပေးဖတ်တယ်။ သူကတော့ ကောင်းတယ်ပဲ ပြောတယ်။ အမေ့ကိုလည်း တစ်ခါတလေ ပေးဖတ်တယ်။ စိတ်ထဲမှာ ဖြစ်နေတဲ့ အချစ်နဲ့ပတ် သက်တာတွေတော့ ပေးမဖတ်ဘူးပေါ့။

အေသင်ချိုဆွေက စက် တင်ဘာလမှာ ကိုရီးယား ဖျော်ဖြေပွဲသွားဖို့စီစဉ်ထားပါတယ်။ ဇော်ပိုင်၊ ဟဲလေး၊
ဖိုက်စတားအဖွဲ့၊ မိုးယုစံတို့နဲ့ အတူ ကိုရီးယားဖျော်ဖြေရေးသွားမှာဖြစ်ပြီး ပထမဆုံး ကိုရီးယား ခရီးလည်း ဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ကူးမှုကို ခရီးက ပြန်လာလာချင်း ရိုက်ကူးပေးတဲ့ အေသင်ချိုဆွေကို ကျေးဇူး တင်ပါတယ်။ မိတ်ကပ်၊ ဆံပင်ပြင်ဆင် ပေးတဲ့ သီသီ(ညီညီမောင်-စမ်းချောင်း)နဲ့ ရတဲ့နေရာလေးမှာ အကောင်းဆုံး အလင်းအမှောင်ပေး ရိုက်ကူးပေးတဲ့ ကိုလင်း(Studio-K) ကိုလည်း ကျေးဇူးတင် ရှိပါတယ်။

 

 

 

ခင်လေးမြင့်
(စက်တင်ဘာလ ၂၀၁၂ ရွှေအမြုတေ မဂ္ဂဇင်း)

 


ခင်လေးမြင့်
About the author:
Last Updated on Friday, 31 August 2012 14:58