(Aug-2012)ထာဝရ အတွက် ပထမခြေလှမ်း PDF Print E-mail
Written by ရာပြည့်   
Thursday, 16 August 2012 16:54
Share |

အရမ်း ကောင်းနေပါလား
ကျွန်တော် အမှားတွေ လုပ်နေမိပြီဆိုရင် ကျွန်တော့် မိသားစုဝင်တွေက ဘယ်သူမှ ဒီအတိုင်း လက်လွှတ် မထားတတ်သလို၊ ကောင်းတာ တစ်ခု ခုလုပ်နေရင်လည်း ကျွန်တော့်ဘက်က အမြဲ ရပ်တည်ပေးကြ   ပါတယ်။

argaiv1672
argaiv1935

ကျွန်တော့်ကို ချစ်တဲ့ခင်တဲ့ သူတစ်ယောက်ယောက် ပွဲကြည့်စင်မှာ မရှိဘဲ ကစားခဲ့ရတယ်ဆိုတဲ့ ဘတ်စကက်ဘောပွဲ တစ်ပွဲ တလေတောင် ကျွန်တော် မှတ်မိ သလောက် မရှိပါဘူး။ မှတ်မိသမျှ ဟော်ကီပွဲတွေမှာဆိုရင် ကိုယ်တိုင်ကစားတာရော၊ ပရိသတ် အဖြစ် ကြည့်ခဲ့ရတာရော အပါအ၀င် အမြဲတမ်းပဲ ဘိုးဘိုးနဲ့ အတူ မျှဝေခဲ့ရတာချည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့် မိသားစုနဲ့ သူငယ်ချင်းတွေဟာ ကျွန်တော့်အတွက်ဆို အမြဲ အဆင်သင့်ပါ။ ဒါကြောင့်လည်း ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ အတွင်း Stratford Youth Center မှာ ကျင်းပတဲ့ အဆိုပြိုင်ပွဲ တစ်ရပ်မှာ ကျွန်တော် ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တော့ ပရိသတ်ထဲမှာ ကိုယ့်နဲ့ရင်းနှီးတဲ့ မျက်နှာတချို့ သေချာပေါက် ရှိနေလိမ့်မယ်လို့ ကြိုတင် သိနေခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော် သီချင်းဆိုတာကို ကြားဖူးတဲ့ သူတိုင်းက“အရမ်းကောင်းပါလား”လို့ ပြောကြ လေ့ ရှိသလို“American Idol  အဆိုပြိုင်ပွဲသွားပြိုင် ပါလား”လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ American Idol  ပြိုင်ပွဲဝင်ဖြစ်ဖို့က အသက် ၁၆နှစ်ပြည့်ပြီး ဖြစ်ရမယ်လေ။ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့ အသက်အရွယ်ပေါ့။ အသက် ၁၂ နှစ်အရွယ် ကျွန်တော့်လို ကလေးတစ်ယောက် အတွက်တော့ ၁၆ နှစ်ပြည့်ဖို့ ဆိုတာ နှစ်ပေါင်း သန်းနဲ့ချီပြီး ဝေးနေသေးသလိုပါပဲ။ ဒါကြောင့်မို့လို့ အဲဒီပြိုင်ပွဲ အကြောင်း ကျွန်တော်သိပ်ပြီး အာရုံ မထားတာပါ။ Stratford Star  အဆိုပြိုင် ပွဲဟာလည်း အခြေခံအားဖြင့် American Idol  နဲ့အလားတူပြီး ပွဲပမာဏ ငယ်တာ တစ်ခုပါပဲ။

အသက် ၁၂ နှစ်ကနေ ၁၈ နှစ် အရွယ် အတွင်းရှိ ကလေး အားလုံးဟာ ရှုံးထွက်အဆင့် တစ်ဆင့်စီမှာ ၀င် ရောက်ယှဉ်ပြိုင်ရတာပါ။ ကုန်ကျ စရိတ်က ၀င်ကြေးနှစ်ဒေါ်လာတည်းပါ။ Randy, Simon   နဲ့ Paula တို့လို American Idol   ဒိုင်တွေမရှိပေမဲ့ ကျွန်တော်တို့ မြို့လေးရဲ့ဘုရားကျောင်းမှာ ဓမ္မတေး သီချင်းတွေ သီဆိုဖို့ စီမံ ခန့်ခွဲတဲ့ အတွေ့အကြုံရှိ သူတွေ၊ အထက်တန်းကျောင်းမှာ ဂီတပညာ သင်ကြား ပေးနေသူတွေ အစ ဂီတ အသိုင်းအ၀ိုင်းက မြို့ခံလူကြီးတွေ ရှိပါတယ်။

American Idol  ကို စီစဉ်တဲ့ တင်ဆက်တဲ့ Ryan Seacrest  နေရာမှာ တော့ နွေရာသီ ဂီတ သင်တန်းတွေ ဦးဆောင် ကျင်းပပေးတဲ့ မိန်းမလှလေး တစ်ယောက် ကျွန်တော်တို့မှာ ရှိပါတယ်။ ရမယ့်ဆုကြီးကတော့ ကွန်ပျူတာမှာ အသံသွင်းလို့ ရမယ့် မိုက်ခရိုးဖုန်း တစ်လုံးဖြစ်ပါတယ်။ အဲဒီ့အပြင် မြို့ခံစတူဒီယို တစ်ခုမှာ နှစ်နာရီလောက် အခမဲ့ အသံ သွင်းရမှာ ဖြစ်ပါတယ်။ ဒီဆုဟာ ပျော်စရာ ဆုဖြစ်မယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရလာမယ့် ဆုထက် ပရိသတ်ရှေ့ မှောက်သီဆိုတင်ဆက်ပြရတဲ့ ခံစားမှုကို ပိုစိတ်ဝင် စားပါတယ်။

ကျွန်တော်က ပရိသတ် ရှေ့ထွက်ရမှာကိုမကြောက်ပါဘူး။ ဘတ်စကတ်ဘောတို့၊ ဟော်ကီတို့ ကစားရင် ပရိသတ်က ဒီလိုသီချင်းဆိုပွဲထက် အများကြီးများတာကိုး။ ဒါပေမဲ့ အခုလို ပရိသတ်ရှေ့မှောက်မှာ သီချင်း ဆိုပြရတာကတော့ ကျွန်တော့်အတွက် ပထမဆုံး အတွေ့အကြုံပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာကို ကြောက်နေမှာလဲလေ။ ပရိသတ် တချို့က ကျွန်တော့် အသိအကျွမ်းတွေဖြစ်ပြီး ကိုယ့်ကို ခင် မင်ကြသူတွေပါ။ ကျန်တဲ့ လူတွေကတော့ သူ စိမ်းတွေပေါ့။ ဒီတော့ကိုယ် ကောင်းကောင်း လုပ်မပြနိုင်ရင်၊ နောက်တစ်ခါ သူတို့နဲ့ ထပ်တွေ့ ရဖို့ မရှိဘူးလေ။ မေမေကတော့ ကျွန်တော့် ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသေး တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲလေးဟာ အပျော် သက်သက်လို့ နားလည် ထားတာတောင်မှ ကျွန်တော် ၀တ်ရမယ့် အ၀တ်အစားကို မေမေကပဲ စဉ်းစားရွေးချယ်ပေးခဲ့ပြီး နောက်ခံသီချင်း အပါအ၀င် အားလုံးအစစအရာရာကို သေသေချာချာ ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။

ပထမ အဆင့် ယှဉ်ပြိုင်မှုမှာ ကျွန်တော်က ဂျင်းဘောင်းဘီနဲ့ အညိုရောင် ဆွယ်တာာပွပွကြီး တစ်ထည် ၀တ်ခဲ့ပါတယ်။ သီချင်းကတော့ Matchbox 20 ရဲ့ 3 AM က သီချင်းကို ဆိုခဲ့ပါတယ်။ အခမ်းအနား တင်ဆက်သူ မိန်းကလေးက ကျွန်တော့်ကို ပရိသတ်နဲ့ မိတ်ဆက် ပေးလိုက်ပြီး စင်ပေါ်တက်လိုက်တဲ့ အခါ ပရိသတ်ဆီက အားနာပါးနာ တီးလိုက်တဲ့ လက်ခုပ်သံ တချို့ထွက်ပေါ် လာပါတယ်။ တီးဝိုင်းက သီချင်း အတော တီးနေတုန်း ကျွန်တော်က ပရိသတ်တွေ လက်ခုပ်သံ စည်းချက် ကျလိုက်တီးပေးဖို့ ကြိုးစားခဲ့ပါတယ်။ “ဟေး အားလုံး လက်ခုပ် တီးပေးပါပေါ့။ ပွဲခင်း ထဲမှာ ရှိနေတဲ့ မေမေနဲ့ ဘွားဘွားတို့လည်း လက် ခုပ်တီးရင်း တပြုံးပြုံး ဖြစ်နေလိုက်ကြတာ သူတို့ ပါးစပ်တွေ တစ်မိုင်လောက် ကျယ်မလားပဲ။ ဒါပေ မဲ့ ပရိသတ် အများစုကတော့ လက်ခုပ် လိုက်မတီးဘဲ ဒီအတိုင်း ထိုင်ကြည့်ရင်း ပျင်းရိ နေကြပုံရပါတယ်။

အိုကေလေ၊ ကျွန်တော် သီချင်း စဆိုနေပါပြီ
သီချင်းသံ ကြားလိုက်တဲ့ အခါမှာ သူတို့လှုပ် လှုပ်ရွရွတော့ ဖြစ်လာတယ်။ တချို့ကတော့လည်း ခေါင်းတညိတ်ညိတ်နဲ့“ကောင်လေး မဆိုးဘူး ဟေ့”လို့ တွေးမိဟန်နဲ့ပေါ့။ သီချင်းလည်းဆုံးရော ဆွယ်တာ အပွကြီး ၀တ်ထားတဲ့ ကောင်လေးဟာ သီချင်းဆိုတယ် ကောင်းပါလားလို့ အံ့အားသင့် သွားခဲ့ကြရပါတယ်။ လက်ခုပ်သံတွေက ပထမ ထက်စာရင် ပိုပြီး အားတက်သရောဖြစ်လာ
တယ်။ စင်ပေါ်က ကျွန်တော့်အတွက် ပရိသတ်တွေက သြဘာလက်ခုပ် တီးပေးလိုက်သံကို ကျွန်တော် ပထမဆုံး ကြားခဲ့ရတဲ့ အချိန်ပါပဲ။ သြဘာသံများ ကြားလို့ သိပ်ကောင်းတာပဲကိုး။ ကျွန်တော် ပထမအဆင့် အောင်ပြီး နောက်တစ်ဆင့် ဆက်ပြိုင်ခွင့် ရခဲ့ပါတယ်။

နောက်တစ်ဆင့် ယှဉ်ပြိုင် တင်ဆက်မှု အတွက် အ၀တ်အစားအပြင်အဆင်လေးတွေ ကျွန်တော် နည်းနည်း စဉ်းစားရပါတယ်။ မေမေက ကျွန်တော့်အတွက် အပြာရောင် ရှပ်အင်္ကျီ တစ်ထည် မီးပူ တိုက်ပေးပါတယ်။ ပြီးတော့ အပြာ တောက်တောက်လည်စည်းတစ်ခု အမေကိုယ်တိုင် စည်းပေးပါတယ်။  လည်စည်းက လူကြီးစီးတဲ့ လည်စည်းဆိုတော့ ကျွန်တော့် အရပ်အမောင်းနဲ့ဆို သိသိသာသာ ရှည်နေတာပေါ့။ ဒီအဆင့်မှာ အဆိုတော် Alicia Keys   ရဲ့ Fallin   အမည်ရသီချင်းနဲ့ သီ ဆိုယှဉ်ပြိုင်ဖို့ ကျွန်တော် ဆုံးဖြတ်ရွေးချယ်ခဲ့ပါ တယ်။ ဒီသီချင်းက ကျွန်တော် ရေချိုးရင်း ဟစ် နေကျလေ။ ကျွန်တော် စင်ပေါ်တက်လာတော့ ပရိသတ်က ပြီးခဲ့တဲ့သီတင်းပတ်မှာဆိုခဲ့တာကို မှတ်မိနေကြတယ်။ ဒီတစ်ခေါက်မှာ သူတို့ကို အရင်ထက်ပိုပြီး အံ့အားသင့်သွားအောင် ကျွန်တော် လုပ်ပြခဲ့ပြီး၊ အရင်တစ်ခါထက်ပိုကျယ် လောင်တဲ့ ချီးကျူးသြဘာသံတွေ ကြားခဲ့ရတယ်။ စိတ်ထဲမှာ ကြည်နူးနှစ်သိမ့်ရုံတင်မက ရင်ထဲမှာ တလှပ်လှပ်  ဖြစ်တဲ့အထိ ခံစားမိပါတယ်။

နောက်တစ်ဆင့် တက်သွားတဲ့အခါ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ သီဆိုယှဉ် ပြိုင်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်ဟာ သာမန်ကျောင်းဝတ် အင်္ကျီလေးပဲဝတ်ပြီး ဘေ့စ်ဘောလ် သမားတွေဆောင်းတဲ့ ကက်ဦးထုပ်လေး ဆောင်းခဲ့ပါတယ်။ ဒီတစ်ခါမှာ Soul  ဂီတအမျိုး သမီးအဆိုတော်ကြီး Aretha Franklin  ရဲ့ Respect အမည်ရ သီချင်းနဲ့ပြိုင်ပွဲဝင်ပါတယ်။ အခုဆို ပရိ သတ်ကကျွန်တော့်ကို ကောင်းကောင်းသိနေပြီ လေ။ အခမ်းအနားမှူးလုပ်တဲ့ မိန်းကလေးက Justin Bieber  ရဲ့ ဂါရ၀ (Respect)  ကို ပြခွင့်ပေး ကြပါစို့”လို့ ဆိုလိုက်တာနဲ့ နားကွဲမတတ် အသံ ကုန်အော်ဟစ် အားပေးကြတဲ့ အသံတွေဟာ ခန်းမ အနောက်ပိုင်းကနေ ထွက်ပေါ်လာပါတယ်။

မိန်းကလေး တစ်သိုက်ဆီက အသံပါ။ မိန်းမ လှလေးတွေပေါ့။ အော်ဟစ် အားပေးနေလိုက် ကြတာ။ ကျွန်တော့် အတွက်ပေါ့။ ရှစ်တန်း ကျောင်းသားလေး ကျွန်တော်ဟာ အားရပါးရကို ဟစ်ပစ်လိုက်တယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ အကြီးအကျယ်ဆုံးအခိုက်အတန့်လေး ဖြစ်လောက်တယ်လို့ စိတ်ထဲမှာ တွေးရင်းနဲ့လေ။ ဘယ်သူ့တစ်ယောက် ယောက်ရဲ့ ဘ၀ထက်မဆိုပေါ့။ ဒါဟာ ဟော်ကီကစားရ တာထက်ရော၊ှ Star Wars   ရုပ်ရှင်ထက်ရော၊ ဘွားဘွားချက်တဲ့ ကြက်ဆင်သားဟင်းနဲ့ တို့စရာ အချဉ်ထက်ပါ ကောင်းတယ်လို့ ထင်ပါတယ်။

ရှေ့တန်းမှာ ထိုင်နေတဲ့ ပရိသတ် တချို့ကို ကြည့်ရတာ မသက်မသာဖြစ်နေပုံရပေမဲ့ ဟိုးနောက်က မိန်းကလေးတွေကတော့ စည်းချက်အလိုက် ကိုယ်ကို ယိမ်းထိုးပြီး။ လက်ခုပ်လိုက်တီး ပေးနေကြတာ အမြောက်အမြားပါပဲ။ ကျွန်တော်ဟာ ကိုယ့်မှာ ရှိသမျှ စွမ်းအင်အကုန် ညှစ်ထုတ် သီဆိုလိုက်တာ ခံစားချက် အရမ်းကောင်း ပါတယ်။ သီချင်းအတီးပိုင်းရောက်တော့ Saxophone   တစ်လက်ယူပြီး ကျွန်တော် မှုတ်ပြခဲ့ပါတယ်။ မိုက်ခရိုဖုန်းကို အောက်ချလိုက်တော့ အသံ အကျယ်ကြီး တစ်ခု ထွက်သွားခဲ့ပေမဲ့ ပြဿနာတော့ မရှိခဲ့ပါဘူး။ နောက် သီချင်းတစ်ပုဒ် မ၀င်ခင် အချိန်မီပဲ မိုက်ခရိုဖုန်းကို ပြန်ဆွဲယူ သီဆိုခဲ့ပါတယ်။

အိမ်ပြန်တော့ အဲဒီ Saxophone   ကို ယူလာခဲ့တယ်။ Blues သီချင်းတစ်ပုဒ် မှုတ်ရင်းပေါ့။(အဲဒီအတွက် Aretha  လည်း ဂုဏ်ယူဝမ်းမြောက်လိ့မ်မယ်လို့ မျှော်လင့်ပါတယ်။) ချီးမွမ်းသြဘာပေးတဲ့ လက်ခုပ်သံတွေက ကျယ်လောင် လှပါတယ်။ ပြီးတော့ စူးစူးရှရှအော်ဟစ်အားပေးလိုက်တဲ့ မိန်းကလေးတွေရဲ့ အသံတွေရောပေါ့။ မိန်းကလေး ပရိသတ်ကြီးဆီကို ကျွန်တော်က ဘတ်စကတ်ဘောသမား Michael Jordan  ရဲ့ဟန်အတိုင်း လက်သီးဆုပ်ညှစ်ပြီး ထောင်ပြလိုက်ပါတယ်။ ကျွန်တော့်ထက် အသက်ကြီးပြီး အဆိုသင်တန်းတွေ နှစ်နဲ့ချီ တက်ထားတဲ့ ပြိုင်ပွဲဝင်တွေကလည်း တကယ့် အဆိုကောင်းတွေပါ။ ဒါပေမဲ့ မိန်းကလေးတွေက ကျွန်တော့်ကိုပဲ အော်ဟစ် အားပေးလိုက်ကြတာ ၀ိုး...အံ့စရာပဲ။

ဒီလိုနဲ့ပြိုင်ပွဲ နောက်ဆုံး အဆင့်အထိ ကျွန်တော် တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင်တွေမှာ အသက် အငယ်ဆုံးထဲက ကျွန်တော် တစ်ယောက်သာ ပါလာပြီး ကျန်တဲ့သူတွေကတော့ အသက် အကြီးဆုံး ပြိုင်ပွဲ ၀င်တွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲညမှာ တစ်ယောက်ချင်း သီဆိုယှဉ်ပြိုင်မှု ပြီးသွားတဲ့နောက်၊ အကဲဖြတ်ဒိုင် တစ်ဦးက ဆန်ခါတင်စာရင်း ၀င်သုံးဦးကို စင်မြင့်ပေါ် ဖိတ်ခေါ်ပါတယ်။ ပထမဆုံး တစ်ယောက်က ဆံပင် ရွှေရောင်နဲ့ အရပ်မြင့်မြင့် မိန်းကလေးဖြစ်ပြီး သီချင်း အဆိုသင်တန်းတွေ မျိုးစုံ တက်ထားသူ ဖြစ်ပါတယ်။ အဆိုလည်း တကယ်ကောင်းသူပါ။ နောက် တစ်ယောက်က ဆံပင်အနက်ရောင်နဲ့ ညိုချောမိန်းကလေးတစ်ယောက်ပါ။သူက အရပ်လည်း ပိုမြင့်တယ်။ အလေ့အကျင့်လည်း ပိုများပြီး အဆိုလည်း ပို ကောင်းတဲ့သူဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ပေါ့။

 

ဘောင်းဘီပွပွနဲ့ ၁၂ နှစ် သားလေး တစ်ယောက်ပေါ့။ ကျွန်တော်ကတော့ မိန်းကလေးပရိသတ်တွေ ၀ိုင်းဝိုင်း လည်နေတာနဲ့ တင်ကျေနပ်နေပြီး ပြိုင်ပွဲမှာနိုင်နိုင်၊ ရှုံးရှုံး ဘာမှပြော နေစရာရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကိုယ့်ဘာသာပီတိတွေ ဖြာနေပေ မယ့် ၀င့်ကြားတာတော့ မဟုတ်ပါဘူး။ ကိုယ်နိုင်ပြီလို့လည်း မယူဆသေး ပါဘူး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်ဟာ ဒီပွဲမှာအရမ်း၊ အရမ်း၊ အရမ်းကို အနိုင်ရချင်နေတာ အမှန်ပါပဲ။ ကျွန်တော်ဟာ လက်မကို ဘောင်းဘီ အိတ်မှာ ချိတ်ပြီး ရပ်နေရင်း ရှုံးရှုံး၊ နိုင်နိုင် တည်တည်ငြိမ်ငြိမ် ဖြစ်တဲ့ ပုံဖမ်းနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ စိတ်ထဲကနေတော့၊ ကိုယ့်နာမည်ကို အကဲဖြတ်ဒိုင်က ခေါ်လိုက်ပါစေလို့ ဆုတောင်း ရေရွတ်နေမိတာပါ။

“အခုခေါ်ယူထား သူအားလုံး အနိုင်ရသူတွေပါလို့ ပြောချင်ပါတယ်”လို့ အခမ်းအနားမှူး မိန်းကလေးက စပြောလာပါတယ်။

ဟုတ်ပါပြီ။ ရင်ထိတ်လိုက်တာ။ ကျေးဇူးပြုပြီး ကျွန်တော့်နာမည်ကိုသာ ခေါ်လိုက်ပါတော့။
“စင်မြင့်ထက်မှာ အရည်အချင်း ရှိသူတစ်ယောက် အဖြစ် ဒီလိုရပ်နိုင်ဖို့ အတွက် အများကြီး ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ဂီတဟာ အင်မတန် အရေးပါနေတယ်ဆိုတော့ ပြိုင်ပွဲရလဒ်က ဘာပဲဖြစ်ဖြစ်နေနေ သီချင်းဆိုတဲ့ အလုပ်ကိုတော့ ဆက်လုပ်နေကြဖို့ ပြောပါရစေ”

အိုကေပါ။ ဆက်ဆိုမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နာမည်သာ ကြေညာ လိုက်စမ်းပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နာမည်ကို ခေါ်လိုက်စမ်းပါ။ ကျေးဇူး ပြုပြီး ကျွန်တော်...
“အခုနှစ် Stratford Star   အဖြစ် ရွေးချယ်ခံရသူကတော့...”

တခြားတစ်ယောက်ရဲ့ နာမည်ကို သူ ကြေညာ သွားခဲ့တာပါ။ ကျွန်တော့် နာမည် မဟုတ်ပါဘူး။ ပရိသတ်ရဲ့သြဘာသံတွေ ဘ၀ဂ် ညံသွားတယ်။ ကျွန်တော့်ရဲ့ နှလုံးသားငယ်ငယ်လေးကတော့ ပြုတ်ကျပြီး စန္ဒရားတစ်လုံးရဲ့ အောက်ကို လိမ့်ဝင် သွားသလိုပါပဲ။

ကျွန်တော် တတိယပဲ ရပါတယ်။ ဒါမျိုးတွေ နောက်ထပ် ဘယ်နှခါ ဖြစ်နေဦးမလဲ။ ဒါပေမဲ့ အဲဒီတုန်းက သူတို့ ကြေငြာခဲ့တာက ပထမရသူ တစ်ယောက်တည်းရဲ့ နာမည်ကို ကြေညာခဲ့တာ ပါ။ ကျွန်တော်က အချိန် အတော်ကြာအောင်ကို အဲဒီပွဲမှာ ဒုတိယ ရတယ်လို့ပဲ ထင်နေခဲ့တာ ဖြစ်ပါတယ်။ နည်းနည်းတော့ အရှက် နည်းသလို ထင် ရတာပေါ့။ ဒါပေမဲ့ ကျွန်တော့်အထင် မှားပါတယ်။ ကျွန်တော်ရဲ့ပထမဆုံး သီချင်းအယ်လ်ဘမ် ထွက်လို့ နာမည်ကျော် စပြုချိန်မှာ Stratford Star  ပြိုင်ပွဲ တာဝန်ခံ တစ်ယောက်က တတိယပဲချိတ် ကြောင်းသတင်းထောက် တစ်ယောက်နဲ့ ဆုံတွေ့ ပြောကြားခဲ့တာကို သိခဲ့ရပါတယ်။

“သူက နောက်ဆုံး အဆင့်အထိ တက်လာနိုင် ခဲ့တယ်။ ပြီးတော့ မျက်နှာချိုတယ်လေ။ ဒါပေမဲ့
အတွေ့အကြုံ အားနည်းနေသေးတယ်။ နောက်ထပ် နှစ်နှစ်လောက် အဆိုသင်တန်းတွေ တက် သင့်တယ်လို့ ကျွန်မတို့က ယူဆခဲ့ကြပါတယ်” လို့ အဲဒီအမျိုးသမီးက ပြောပြခဲ့ပါတယ်။

အဲဒီတုန်းက အဆုံးသတ် ရလဒ်အပေါ် ကျွန်တော်ေ ကျကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် လက်ခံ ခဲ့ပါတယ်။ ကိုယ့်မျှော်လင့်ချက်တွေ ရေရေလည် လည် အချေမှုန်း ခံခဲ့ရပေမဲ့ပေါ့။ အဲဒါကို ကျွန်တော် နားလည်ကြည့်လို့တော့ မရဘူး။ ကျွန်တော်ဟာ အဲဒီပြိုင်ပ အပေါ် မျှော်လင့်ချက် အမြင့်ကြီးထားခဲ့ပေမဲ့ ရင်ထိတ်စရာအတွေ့အကြုံ က ကျွန်တော့်ကို ရှုံးနိမ့်စေခဲ့ပြီမဟုတ်လား။ အဲဒီ အဖြစ်မျိုးကို ဂရုမစိုက်ဘူးလို့ ဟန်တောင်ဆောင် နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်က အနိုင်လိုချင် ခဲ့တာလေ။ ဆိုလိုတာက- ပြိုင်ပွဲမှာအနိုင်ရတာ  မရတာကို အရေး မလုပ်ဘူး ဆိုရင်၊ ဘာဖြစ်လို့ ၀င်ပြိုင်နေသေးလဲ။

ဒါက ပြောရခက်တယ်ဆို တာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဟာ ယှဉ်ပြိုင်ရတာကို မြတ်နိုးခုံမင်ပြီး တစ်ခါ တလေမှာ ကိုယ့်ကိုယ်ကိုတောင် ခက်ထန်စေမိ တတ်ပါတယ်။ အခု နယ်လှည့်ပွဲကို ကျွန်တော် နဲ့အတူ လိုက်ပါလာသူတွေက ကျွန်တော်ဟာစည်း ကမ်းတိကျလွန်းသူတစ်ယောက်လို့ ဆိုကြ ပါတယ်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဂုဏ် သိက္ခာအပြည့်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်ဆို တာ သိနားလည်တဲ့ အသက်အရွယ်ကို ကျွန်တော် ရောက်ခဲ့ပြီလို့ ဆိုရမှာပါ။ အဲဒီလို ရှုံးနိမ့်ခဲ့ရတဲ့ အချိန်မှာတောင်မှ ကျွန်တော်က အောင်နိုင်သူ အတွက်လက်ခုပ်တီးပေးခဲ့ပါတယ်။ ပြုံးပြနေခဲ့ ပါတယ်။ နိုင်သွားတဲ့လူကို ကျွန်တော် လက်ဆွဲ နှုတ်ဆက် ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်တော် အကဲ ဖြတ်ဒိုင်လူကြီးတွေကို ကျေးဇူးတင်စကားဆိုခဲ့ ပါတယ်။ မေမေနဲ့အတူ ဘိုးဘိုး၊ ဘွားဘွားတို့က အဲဒီနေ့က ကျွန်တော့် အပြုအမူတွေအတွက် ဂုဏ်ယူနေခဲ့ကြပါတယ်။ ဒါဟာ အားကစား လုပ်ရာ မှာလည်း တွေ့ကြုံ သင်ယူနိုင်တဲ့ သင်ခန်းစာမျိုး ပါ။ ကိုယ်က နိုင်ချင်တာ။ စိတ်ရောကိုယ်ပါ အား သွန်ခွန်စိုက်ကြိုးစားတယ်။ ကိုယ်မျှော်လင့်သလို ဖြစ်လာရင်တော့ လွှတ်ပျော်ပေါ့။ အောင်မြင်ခြင်း ရဲ့အရသာဟာ ကြီးကျယ်လွန်းလှပါတယ်။ ရှုံးပြီ ဆိုရင်တော့ နာကျင်ခံစားရတာတွေ လာပါပြီ။

ကိုယ့်မှာအရှုံးအတွက် ခံစားပိုင်ခွင့်ရှိ တယ်ဆိုပေမဲ့ သိက်္ခာအပြည့်အ၀နဲ့ ရင်ဆိုင်ရတော့မယ်။ စည်းနားကို လျှောက်လာပြီး တစ်ဖက်အသင်းက လူတွေနဲ့ လက်ဝါးချင်းရိုက်ရင်း “ပွဲကောင်းတစ်ခုပါ၊ ပွဲကောင်းတစ်ခုပါ၊ ပွဲကောင်းတစ်ခုပါ”လို့ တစ်ခါပြီး တစ်ခါ ပြောတတ်ရမယ်လေ။

အဲဒီတော့ Stratford Star ပြိုင်ပွဲမှာ ကျွန်တော့်ကို အနိုင် ယူသွားတဲ့ မိန်း ကလေးနှစ်ယောက်ကို အော်ပြောလိုက်ချင်တယ်။ “ပွဲကောင်း တစ်ခုပါ၊ မိန်းကလေးတို့”လို့ပေါ့။

အခုသွားမဲ့ နယ်လှည့်ပွဲ ခရီးစဉ် အတွက် ပြင်ဆင်နေကြတုန်းက Dan Kanter   က အခုလိုပြောပါတယ်။ “သီချင်းတစ်ပုဒ်ကို အပေါ်စီးကနေ ကြည့် တယ်။ အတောပိုဒ်ရယ်၊ အဆိုပိုဒ်ရယ်၊ သံပြိုင်အပိုဒ်ရယ်လို့ တွေ့ရတာပေါ့။ ပြီးတော့ ပွဲတစ်ခုကိုလည်း အပေါ်စီးကနေကြည့်တယ်။ ဆိုမယ့်သီချင်း စာရင်း၊ ဂစ်တာအတီးပိုဒ်ရဲ့ အထွတ်အထိပ်တွေ တွေ့ရတာပေါ့။ ပွဲမှာဆိုမဲ့ သီချင်းတွေ စာရင်းလုပ်ရွေးချယ်ရတာလည်း အနုပညာတစ်ရပ်ပဲ။ ဖျော်ဖြေပွဲ တွေ သွားမကြည့်ခင်မှာ၊ အင်တာနက်ကနေ ဘယ်တော့မှ ကြိုကြည့်လေ့မရှိ ဘူး။ အားလုံးကို အံ့အားတသင့်ကြည့်ချင်တာ။့ You Tube   က တော်တော်ဆိုး တာပေါ့။ ပရိသတ်တွေက  You Tube   ကြည့်ပြီး ပွဲမှာ တင်ဆက်မှာတွေကိုမဲ့ ကြိုသိနေကြတော့တာ။ ဒါတောင်သူတို့က ကောင်းကောင်းခံစားတုံ့ပြန်နေ ကြတုန်းဖြစ်ပြီး တကယ်ကောင်းလှချည့်လို့ ထင်နေကြတာ။ ဒါပေမဲ့ ကိုယ့်အလိုအတိုင်းကတော့ အစအဆုံးဖော် ကောင်လုပ်တာလို့ပဲ မြင်တယ်”

စင်ပေါ်မှာတော့ ကျွန်တော်တို့က မျှော်လင့် မထားတာတွေ ဘာမှမဖြစ်စေချင်ပါဘူး။ အား လုံးကို ပြီးပြည့်စုံအောင် အမှားအယွင်းမရှိ တင် ဆက်ချင်တာပါ။ ကိုယ်စီစဉ်ထားတဲ့အတိုင်း တစ် သဝေမတိမ်းဖြစ်ချင်တာပေါ့။ ဘ၀မှာတော့ ဘာမှ ဖုံးဖိထားလို့ မရပါဘူး။ အားလုံးဟာ မျှော်လင့် မထားဘဲ ဖြစ်လာရတာတွေပါ။ ပြီးတော့ အဲဒါက စိတ်ဝင်စားစရာတွေပိုများတယ်လေ။ တချို့မမျှော် လင့်တဲ့ အဖြစ်အပျက်တွေက ကိုယ့်ကိုနစ်နာအောင် လှည့်ဖြား သွားတတ်တယ် ဆိုတာတောင်မှသ မ္မာကျမ်းစာထဲမှာ ဆိုတာက- ဘုရားသခင်ကို သင်ချစ်မယ်ဆိုရင် အရာအားလုံးဟာ ကောင်းမြတ်ခြင်း အတွက်အတူတကွ အလုပ် လုပ်ကြလိမ့် မယ်တဲ့။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာဘူးလို့ ကိုယ် ထင်မိတဲ့ အချိန်တွေလည်း ရှိပါတယ်။

“အိုး-ဘုရား သခင်၊ ဒီမှာတော့ ရှုပ်ကုန်ပြီ။ ဒီဘက်ကို တစ်ချက်လောက်ငဲ့ကြည့်ပါဦး”လို့ ကိုယ့်စိတ်ထဲ ဖြစ်မိတဲ့အခါမျိုးတွေမှာပေါ့။ ဘုရားသခင်ဆီ ယုံ ကြည်သက်ဝင်ခြင်းဟာ ကိုယ့်ကိုတည်ငြိမ်အေး ချမ်းစေနိုင်စွမ်းရှိပြီး ကိုယ့်ဘ၀ရဲ့အကြောင်းခြင်း ရာတွေကို ကူညီတည့်မတ်ပေးသူတစ်ယောက် ယောက်တော့ ရှိကောင်းရဲ့လို့ဆိုတဲ့ ယုံကြည်မှု ကိုလည်း ဖြစ်ပေါ်စေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ကိုယ့်ခရီးလမ်းမှာ ဘာပဲဖြစ်ဖြစ်ကြုံ တွေ့ချိန်မှာ အေးဆေးတည်ငြိမ်အောင်နေနိုင် ပြီဆို တဲ့အခါ၊ နောက်ဆုံးမှာ အဲဒီဖွင့်ချမှုကြီးက ဖြစ်လာ တော့တာပဲ။ ကိုယ့်ရဲ့ ဆိုးရွားလှတဲ့ အချိန်အခိုက် အတန့်တွေတောင်မှ ကိုယ့်အနားမှာ ကောင်းချီး ပေးဖို့ ရောက်လာနိုင်ပါတယ်။

မေမေနဲ့ ဘိုးဘိုး၊ ဘွားဘွားတို့က Stratford Star   ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကျွန်တော့်ကို Scoopers Ice Cream   ရေခဲမုန့်ဆိုင်ဆီ ခေါ်သွားပြီး ရေခဲမုန့် ကျွေးပါတယ်။ ဘိုးဘိုးက ကျွန်တော့်ကို ဘာပြော သလဲဆိုတော့ “ငါ့မြေးဟာအရှုံးသမားတစ် ယောက်လို ခံစားမနေဘဲ အရှုံးခံနိုင်ပါတယ်။ အဲဒီ အရှုံးဆိုတဲ့အတွေ့အကြုံကနေ သင်ယူနိုင်မယ်ဆို ရင် အခုကိုယ်ရှိနေတဲ့နေရာထက်တော့ အရှေ့ကို ရောက်သွားနိုင်ပါသေးတယ်” ဆိုတာပါပဲ။

“မြေးလေးအတွက် တို့တစ်တွေ အားလုံး ဂုဏ်ယူပါတယ်လို့ ဘွားဘွားက ဆိုပါတယ်။ “ပြီး တော့ ဒီပွဲဟာ အပျော်သက်သက် ဆိုတာ သတိရပါ။ ပျော်လည်း ပျော်ခဲ့ရတယ်မဟုတ်လားလို့ လည်း ဘွားဘွားက ဆိုပါသေးတယ်။

“ဟုတ်ပါတယ်” ဒါကိုတော့ ကျွန်တော် ၀န်ခံပါတယ်။ ကျွန်တော် အရမ်းအရမ်းကို ပျော်ခဲ့ရ ပါတယ်။ ဒါဟာတကယ့်ကို မယုံနိုင်လောက်အောင် ပျော်စရာ ကောင်းတဲ့ အတွေ့အကြုံတစ်ရပ် ပါ။ ဒါမျိုးကို နောက်တစ်ကြိမ် ထပ်ဆင်နွှဲနိုင်မယ် လို့လည်း ကိုယ့်ကိုယ်ကို အသေအချာသိမြင်နေ ပါတယ်။ ဒါမှမဟုတ် တခြားပြိုင်ပွဲ တစ်ခုခုပေါ့။ တစ်နေ့နေ့မှာ American Idol  အဆိုပြိုင်ပွဲကိုတောင် ၀င်ပြိုင်တာလည်းပဲ ဖြစ်လာနိုင်ပါတယ်။ အဲဒီ တစ်နေ့နေ့ ဆိုတာ နှစ်ပေါင်း တစ်ထောင်လောက် အတွင်းမှာ ကျွန်တော် ယာဉ်မောင်းလိုင်စင် ရလာမဲ့ အခါဆိုပါတော့။ ဘိုးဘိုးက ခြင်္သေ့မင်းလို့ ခေါ်တဲ့ Nathan  လို မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ထွက် ကောင်းထွက်လာနိုင်တာပေါ့။

“အဲဒီအပြင် ဝေဒနာသည်ကလေးတွေအတွက် ရန်ပုံငွေ အလှူပွဲမှာ သီချင်း လာဆိုပေးဖို့ ဖိတ်ခေါ် ခံရနိုင်တယ်လေ”လို့လည်း ဘွားဘွား နှစ်သိမ့်ပါသေးတယ်။ “ရန်ပုံငွေပွဲမှာ သီချင်းဆိုဖို့ စိတ်လှုပ်ရှား နေလား”တဲ့။

“ဟုတ်ပါတယ်၊ အဲဒီလိုမျိုးပါပဲ။ အဲဒီလိုလုပ်ဖို့ အချိန်ရောက်ခါနီးလာရင် ကျွန်တော် လုပ်မှာပါ” လို့ ကိုယ့်အသံကို မတုန်မယင်အောင် ကြိုးစားထိန်းနေ ရင်း ကျွန်တော် ပြန်ဖြေခဲ့ပါတယ်။ မေမေက ကျွန်တော့်ကို နှစ်သိမ့်ထွေးဖက် ထားပါတယ်။ “မင်းယှဉ်ပြိုင်ပုံ အရမ်းကောင်းပါတယ် Justin.   မေမေတို့ တစ် မိသားစုလုံးနဲ့ ဆွေမျိုးမိတ်ဆွေ အားလုံး ဘုရားကျောင်းကို ပွဲလာကြည့်ခဲ့ကြ တယ်လို့ မေမေထင်ပါတယ်။ မေမေ့မှာ ဗီဒီယို ရိုက်ထားတာတွေ ရှိတယ်။ အဲဒီဗီဒီယိုတွေကို့  You Tube  ပေါ်တင်ပြီး မင်းဘယ်လောက် အံ့သြစရာကောင်း အောင် သီဆို တင်ဆက်ခဲ့တယ် ဆိုတာ လူတိုင်းကြည့်နိုင်အောင် မေမေလုပ်ပေး မယ်”လို့ မေမေက ဆိုခဲ့ပါတယ်။(ဆက်လက်ဖော်ပြပါမည်)

ရာပြည့်
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)