ပျော်ရွှင်မှုတွေ လျှံကျနေတဲ့ ကဗျာ PDF Print E-mail
Written by ဥက္ကာကိုကို   
Thursday, 16 August 2012 11:53
Share |

ကဗျာဆရာဟာ
အလွန် စိတ်ချမ်းသာနေပါတယ်တဲ့
တကယ့်ကို အလွန်အမင်း
စိတ်ချမ်းသာနေတဲ့ပုံနဲ့
တစ်လောကလုံးကို ကြေညာလိုက်တယ်

argaiv1713

သူဟာ ကဗျာဆရာ
သူဟာ ကပျာကယာနဲ့
ကဗျာတွေကို မွေးထုတ်တယ်
သူဟာ ကျန်းမာသန်စွမ်းတဲ့ဖခင်
ဒါမှမဟုတ် မိခင်ကောင်းတစ်ဦးဖြစ်ရဲ့
ကဗျာသားသမီးတွေ တစ်ပုံတစ်မနဲ့ပေါ့။
ကဗျာဆရာဟာ အမြဲတမ်းပျော်ရွှင်နေပါတယ်တဲ့
သူ့ရဲ့သားသမီး ကဗျာတွေက
သူ့ကိုစွန့်ခွာသွားကြပေမဲ့
သူ့ရဲ့ နိမိတ်ပုံ၊ သင်္ကေတ၊ စကားလုံးတွေက
ငွေသံကြေးသံ မညံလာခဲ့ကြပေမဲ့
တိုးဝှေ့ပြည့်ကျပ်နေတဲ့ သင်္ဘောအိုကြီးပေါ်မှာ
ရောက်ရှိနေခဲ့ပေမဲ့
တိုးတက်ဖွံ့ထွားစပါဆိုတဲ့ မြို့တော်ကြီးမှာ
ဂျလေဘီတစ်ယောက်အသွင် နေနေရပေမဲ့
ကဗျာဆရာဟာ အဲဗားပျော်ရွှင်နေခဲ့ပါတယ်တဲ့။
ကဗျာဆရာမှာ စိတ်ချမ်းသာစရာ
တစ်ခုတလေ မရှိခဲ့ပါဘူးလို့
ဆောင်းခိုငှက်တွေကို ခပ်ပြုံးပြုံးနဲ့
ကဗျာဆရာက ပြောပြတတ်တယ်။
ဘ၀မှာ နာကြည်းဝမ်းနည်း
အံကြိတ်ခဲ့တာတွေများပေမဲ့
ကဗျာဆရာက
ဘာကိုမှစိတ်ထဲမထားပါဘူးတဲ့
ဖြစ်သမျှအကြောင်း အကောင်းချည်းပါဗျာလို့
ဖယောင်းတိုင်မီးယဲ့ယဲ့အောက်က ဆိုလေတယ်။
သူဟာ ကဗျာတေးသွားတွေနဲ့ ပျော်တဲ့မြို့က
ချစ်ခင်စရာ သာမန်ပြည်သားတစ်ဦးဖြစ်တယ်
အိုဘားမားနဲ့တကွ
ရှိသမျှနိုင်ငံခေါင်းဆောင်များကို
သူလေးစားနေခဲ့
ဒါပေမဲ့ သူဟာ ဗိုလ်တေဇကိုပဲ
အလေးပြုတယ်
တစ်ခါတစ်ရံ မှန်တစ်ချပ်ရှေ့ချပြီး
ကိုယ့်ကိုယ်ကိုလည်း
ပြန်အလေးပြုတတ်သေးရဲ့
ကဗျာဆရာလေ...သူပေါ့
သူပေါ့... ကဗျာဆရာလေ
လူဆိုတဲ့ သတ္တ၀ါတွေက မေးငေါ့ကြရင်ပဲ
သူတော်တော်လေး ၀မ်းသာနေခဲ့။
စိတ်ချမ်းသာပြီး ပျော်ရွှင်နေခဲ့
အောင်မောင်းခြေထိုးလေးတစ်ခွက်လောက်
ထထ ကတတ်ပြန်ရဲ့
ကဗျာဆရာက ကဗျာရေးရင်းနဲ့
ထမင်းချက်တယ်
ကဗျာရေးရင်းနဲ့ အမှိုက်သိမ်းတယ်
ကဗျာရေးရင်း အိမ်သာတက်ပြီ
ကဗျာရေးရင်း ရေချိုးတယ်
ကဗျာရေးရင်း အင်္ကျီလဲပြီးချိန်မှာတော့
သူရေးလိုက်တဲ့ ကဗျာတွေကို
မြိန်ရေရှက်ရေ စားသောက်တော့တာပဲ
အဲဒါ ကဗျာဆရာပေါ့
ကဗျာခေါင်းအုံး၊ ကဗျာဖက်လုံးနဲ့
ကဗျာစောင်ကို ခြုံပြီးမအိပ်ခင်မှာ
ကဗျာကို ဆေးလိပ်လိုဖွာပြီး
ကဗျာဝရန်တာမှာ ထိုင်ကာ
လမင်းကိုကဗျာလိုကြည့် ကဗျာဆရာဟာ
လွမ်းဖို့ကိုလည်းသတိရနေခဲ့
တစ်ချိန်တုန်းက
ကင်းမြီးကောက်မလေးတွေကိုပေါ့
အချစ်နဲ့ သိက်္ခာဆိုတာကို ဗန်းပြပြီး
သစ်္စာတရားနောက်ကျောကို
အစွယ်နဲ့ဖောက်ဖောက်သွားတဲ့
အဆိပ်ပြင်းပြင်း ကင်းမြီးကောက်မလေးတွေကိုပေါ့
ကဗျာဆရာရဲ့ နှလုံးသားမှာ
အဆိပ်တွေစီးနေဆဲဆိုပေမဲ့
ကဗျာဆရာဟာ လေကလေးတချွန်ချွန်နဲ့
ပျော်ရွှင်နေခဲ့လေတယ်။
ကဗျာဆရာက ဆင်းရဲပေမဲ့
ဆင်းရဲကြောင်း ကဗျာတွေကို
သူသိပ်ဘ၀င်မကျပါဘူးတဲ့။
စိတ်ဆင်းရဲတဲ့ ကဗျာ၊
ဒုက္ခရောက်ကြောင်း ကဗျာ၊
ကြေကွဲခြင်းကဗျာ၊ ငရဲပြည်တံခါးဦးဝက
ဝင်ခွင့်လက်မှတ်တွေကို
အပိုင်သိမ်းထားတဲ့
ဟိုကဗျာ ဒီကဗျာတွေကိုပေါ့။
ကဗျာရှိရင်ကို ဆယ်ဘ၀လောက် ချမ်းသာနေပြီဆိုတာ
အဲဒီကဗျာဟာ မသိလို့ဖြစ်မယ်လို့
အဲဒီကဗျာဆရာဟာ ဆံပင်စသပ်တင်ကာ ခပ်ဖွဖွလေး ရယ်မောတတ်တယ်
ဒါပေမဲ့လည်းကဗျာဆရာက
လူတစ်မျိုးလေ ကိုယ့်အတ္တနဲ့ကိုယ်
ဘာလုပ်လုပ်တင့်တယ်တယ်ဆိုပြီး
ယောက်ျားရသွားတဲ့ ရည်စားဟောင်းကို
လွမ်းဆွတ်သလိုလိုနဲ့ ငိုပြတတ်သေးရဲ့
ရှိုက်မောနွမ်းလျခြင်းနောက်က
ပျော်ရွှင်မှုနဲ့ကဗျာဆရာ သူလေ။
သူဟာ ကိုယ့်ဝါဒနာကိုယ်
လမ်းလျှောက်တယ် လုပ်ဆောင်ရခက်တဲ့
အခြေအနေတွေကို ပြက်ရယ်ပြုပြီး
ကဗျာဆရာ ပျော်ရွင်နေခဲ့လေရဲ့၊
ကဗျာဆရာရဲ့ အခြေစိုက်စခန်းဟာ
ကဗျာဆရာ့ ခန္ဓာကိုယ်ထဲမှာပဲ
တည်ရှိကြောင်း ကဗျာ့ကြယ်စုံညတွေဟာ
သေသေချာချာ သိခဲ့တယ်
အစုလိုက် အပြုံလိုက်ကိစ္စတွေအပေါ်
ကဗျာဆရာ မလော်လည် မဖောက်ပြားခဲ့ဘူး
ကဗျာဆရာဟာ ဆူးချုံတွေထက်
တက်လှဲခဲ့တယ်
ကျောက်ချွန်ချွန်လမ်းခင်းတွေပေါ်
လူးလှိမ့်ခဲ့တယ်
“နေပူထဲလည်း လျှောက်ရဲပါတယ်”
“အားလုံးကို ကျော်ဖြတ်ရမယ်”
ဒါဟာ ကဗျာဆရာပျော်ရွှင်စွာ
ဆိုနေကျ တေးတွေပေါ့
သူဟာ ခပ်သော့သော့လေး ခရီးနှင်ရင်း
အချိန်ကာလတွေကို ပျော်ရွှင်မှုနဲ့တိုက်ခိုက်
ဝမ်းတစ်ထွာဗိုက်ကို
ပုံမှန်မဖြည့်တင်းနိုင်ခဲ့ပေမဲ့
ကဗျာဆရာ ပျော်နေခဲ့ပါတယ်
ကဗျာဆရာဟာ ပျော်နေခဲ့တယ်တဲ့
သူဟာ တကယ်ပျော်ရွှင်နေခဲ့တဲ့ပုံပါပဲ။
ပင်လယ်ကြီးနဲ့ တောင်တန်းကြီးကို
သူလက်ဆွဲနှုတ်ဆက်တယ်
ဒါ ကဗျာဆရာ
သူဟာ ကဗျာကို ကပျာကယာစပ်ရင်း
ကဗျာနဲ့ဝေးရာ အရပ်ဆီ
ဘယ်တော့မှ ထွက်မပြေးမဲ့
ကဗျာ့သွေးရင်း
ကဗျာ့ဆွေတော်မျိုးတော်တစ်ယောက်အဖြစ်
ကိုယ့်မျက်နှာကိုယ် ကဗျာနဲ့သစ်ခဲ့ပေါ့။
သူပျော်နေခဲ့ပါတယ်
တကယ်ပါပဲ
ကဗျာဆရာပျော်နေခဲ့လေရဲ့
ပျော်ရွှင်မှုပြင်းပြစွာ
စိတ်ချမ်းမြေ့ကာ သာသာယာယာ။

ဥက္ကာကိုကို