(Aug-2012)Message to teen PDF Print E-mail
Written by အယ်ဒီတာ   
Wednesday, 15 August 2012 12:05
Share |

မာရသွန် အပြေးပြိုင်ပွဲ ဆိုတာ တာတို အပြေး ပြိုင်ပွဲမျိုးထက် ပိုပြီး ခက်ခဲ သလို မာရသွန် ပြေးပွဲမှာ ၀င်ပြိုင်သူတွေကို တာတို အပြေးသမားတွေထက် ပိုပြီး လေးစားကြတာဟာ အဆန်း မဟုတ်ပါဘူး။

argaiv1572
argaiv1813

အပြေး ပြိုင်တာချင်း တူတူ တာတိုသမားထက် မာရသွန် သမားက ပိုလေးစားစရာ ကောင်းရတဲ့ အကြောင်းဟာ သက်လုံ ကောင်းဖို့၊ အမောခံနိုင်ဖို့၊ စိတ်ရှည်ဖို့၊ ဇွဲမြဲမြံဖို့ စတဲ့အရည်အသွေးတွေပိုလိုအပ်လို့ပဲ ဖြစ်ပါမယ်။ မြန်မာနိုင်ငံ အနေအထားက တာတိုသမား လုပ်လို့ မရနိုင်တော့တဲ့ အနေအထားပါ။

မာရသွန် အပြေး ပြိုင်ရတော့မဲ့ အနေအထားကို ရောက်နေပါတယ်။ ကိုယ့်ရှေ့က ကျော်သွားတဲ့ နိုင်ငံတွေက တာတိုမှာ ကိုယ့်ကို ကျော်ဖြတ်ပြီး ဟိုးအဝေးကနေ ကျောနှင့်နေပြီလေ။ ကိုယ့်အတွက်က အားလုံးကို မီဖို့ဆိုရင် မာရသွန် ခရီးရှည်က စောင့်နေတာကိုး။ တာတိုနှုန်းနဲ့ ပြေးပြေး၊ မာရသွန်နှုန်းနဲ့ ပြေးပြေး၊ ပြေးရဦးမဲ့မိုင်က မာရသွန်မိုင်။ ဒီတော့ မာရသွန် အပြေးသမားထုံးကို နှလုံး မူရမှာက မြန်မာနိုင်ငံသားတွေ ထားရမဲ့ စိတ်ဓာတ်။ မာရသွန်သမား စိတ်ဓာတ်ဆိုတာ သက်လုံ ကောင်းရမယ်။ သက်လုံကောင်းဖို့ ဆိုတာ နေ့ချင်းညချင်း လေ့ကျင့်လို့ ရနိုင်တာမျိုး မဟုတ်ဘူး။

နေ့တိုင်း ညတိုင်းကျင့်မှ၊ မနားတမ်း မရပ်တိုင်း ကျင့်မှရမဲ့ အရည်အသွေး။ ဒီတော့ မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာပြီ ထင်ပြီး တစ်နေ့လောက် တစ်ရေးတစ်မော အိပ်လိုက်လည်း မီသေးတယ်လို့ ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ထဲက ယုန်လိုတစ်နေ့ တလေ တစ်ရေးအိပ်ဖို့တောင် မဖြစ်နိုင်ဘူးလို့ မှတ်ကြရုံပေါ့။ အမောခံနိုင်ဖို့ဆိုတာကလည်း မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းပါပဲ။ အမောခံနိုင်ဖို့ အရည်အချင်း လိုအပ်တယ်ဆို ကတည်းက သိထားရမှာက မောတော့မယ် ဆိုတာပဲပေါ့။ ဒါလည်း သိပ်သေချာတဲ့ ကိစ္စပါပဲ။ ဘယ်လိုပဲ မျှော်လင့်ချက် ရောင်ခြည်လေးကို မြင်နေရတယ် ဆိုဆို ပန်းတိုင်ရောက်ဖို့ အတွေးနဲ့ပဲ ပြေးလို့မှ မရဘဲလေ။ ကိုယ့်ဘက်က ကာယအားကို မသုံးဘဲအပြေးပြိုင်လို့မှ မရဘဲကိုး။ ဒီတော့ မာရသွန် ခရီးကို အမော မစေ့ပေမဲ့လည်း သက်လုံလေး အားကိုးပြီး ပြေးရဦးမှာပေါ့။ မြန်မာနိုင်ငံသားတွေအဖို့ ဘယ်သူ့ကိုမှမီမှာ မဟုတ်ပါဘူး ဆိုပြီး ခြေကုန် လက်ပန်းကျကာ စိတ်လျှော့လိုက်ရင်၊ စိတ်ဓာတ်ပျော့ညံ့နေရင် တကယ်ကို ဘယ်သူ့ကိုမှ မီနိုင်မှာ မဟုတ်ပါ ဘူး။ ဒီလိုပဲ “မျှော်လင့်ချက်ရောင်ခြည်လေး ရှိသားပဲ၊ မောပါသေးတယ်၊ ဖြည်းဖြည်းးပေါ့၊ ခဏတော့ နားလို့ရမှာပါ”ရယ်လို့ တွေးပြီး နားလိုက်မယ် ဆိုရင်လည်း ကိုယ့်ရဲ့ မာရသွန် ခရီးဟာပိုပြီး အလှမ်း ဝေးသွားနိုင်သလို ကိုယ်ထူထောင်ခဲ့တဲ့ သက်လုံဟာလည်းနားလိုက်တဲ့ခဏကြောင့် အားပျော့ သွားနိုင်တာပါပဲ။

ဒါ့အပြင် စိတ်ရှည်ဖို့နဲ့ ဇွဲမြဲမြံဖို့ ဆိုတဲ့ အရည်အသွေးတွေကလည်း ခုနက သက်လုံကောင်းဖို့နဲ့ အမောခံနိုင်ဖို့ ဆိုတဲ့ အရည်အသွေးတွေကို အထောက်အကူ ဖြစ်စေပါတယ်။ စိတ်မှ မရှည်ရင် သက်လုံကောင်းအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်ဖို့တောင် ခပ်ခက်ခက် မဟုတ်လား။ ရေရှည်စီမံကိန်းနဲ့မှ ပျိုးထောင်လို့ရမဲ့ သက်လုံကောင်း ဖို့ဆိုတာမျိုးဟာ စိတ်မရှည်ရင် ဘယ်လိုမှ လုပ်မရနိုင်တာ သေချာပါတယ်။ ဒါကြောင့် စိတ်ရှည်ရပါမယ်။ စိတ်ရှည်တာဟာ သည်းခံတာကို ပြောတာမဟုတ်ပါဘူး။ အမြော်အမြင်ရှိပြီး ဆန္ဒမစောတာ၊ အလျင်စလို မတုံ့ပြန်ဘဲ သေချာဆန်းစစ်ပြီးမှ စနစ်တကျ ရင်ဆိုင်တာ၊ အဘက်ဘက်က တွေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ချတာ အဲဒါမျိုးကို ဆိုလိုတာပါ။ ဇွဲမြဲမြံဖို့ ဆိုတဲ့ အရည်အချင်းကို စိတ်ရှည်ဖို့နဲ့ တွဲရတာဟာလည်း အခုလို ရင်ဆိုင်တတ် အောင်ပဲ ဖြစ်ပါတယ်။ နားရှင်းသွားအောင် နမူနာနဲ့ ပြောရအောင်ပါ။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျနေတဲ့ အတွက် အမီလိုက်နိုင်အောင် ကြိုးစား ရမယ်ဆိုရင် နိုင်ငံသားတွေအနေနဲ့ ပညာ အရည်အချင်းတွေ ပြည့်ဝနေရမှာပါ။ ဒါမှ သက်လုံကောင်းမှာပေါ့။ နိုင်ငံသားတွေအနေနဲ့ ပညာအရာမှာ သူများတကာနဲ့ မယှဉ်နိုင်ရင် မာရသွန်ခရီးမှာ ခြေခေါက်သလို သက်လုံမကောင်းလို့ အရှိန်မထိန်းနိုင် ဘဲ တလိမ့်ခေါက်ကွေးဖြစ်သွားနိုင်တာပါ။ ခေတ်က ပညာခေတ်ပါ။ နည်းပညာ အပါအ၀င် ပညာအရာနဲ့သာ တခြားနိုင်ငံ တွေကို အစေအပါးဖြစ်အောင် တတ်နိုင်တဲ့ ခေတ်ပါ။ စီးပွားရေးအရ သြဇာထူထောင်ဖို့ ကြိုးစားကြတဲ့ ခေတ်မှာအဓိက လျှို့ဝှက် ချက်ဟာ ပညာပါပဲ။

ငွေကြေး အရင်းအနှီး သိပ်များတဲ့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေရဲ့  ရင်းနှီး မြှုပ်နှံမှုကို မျှော်ကိုး နေကြတာဟာ ဖွံ့ဖြိုးစနိုင်ငံတွေရဲ့ သဘာဝပါ။ ဒါပေမဲ့ ပြည်ပက အလုံးအရင်းနဲ့ ၀င်လာမဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အလုပ်အကိုင် အခွင့်အလမ်းကို တိုးတက်အောင် လုပ်ပေးနိုင်ပေမဲ့ နိုင်ငံသားအများစုမှာ ပညာမကျွမ်းကျင်ရင် ကော်လာပြာလို့ ခေါ်နိုင်မဲ့ အဆင့်မမြင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလောက်နဲ့ တင်းတိမ်ရမှာပါ။ ကျွမ်းကျင်ပညာရှင် မလုံလောက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါ်သွင်းလာမဲ့ ကော်လာဖြူပြည်ပပညာ တတ်များကသာ အဆင့်မြင့်ရာထူးတွေကို ရသွားနိုင်ပါတယ်။ ဒါဟာ နိုင်ငံ သားတွေရဲ့အခွင့်အရေးတွေအတွက် အကာအကွယ်ပေးမဲ့ ဥပဒေတွေ ဘယ်လိုပဲထားထား ဖြစ်လာနိုင်စရာ ပြသနာတစ်ခုပါ။ ရေရှည်မှာ နိုင်ငံသား တွေအတွက် အာမခံချက် ရှိတဲ့ အလုပ်အကိုင်တွေ ရှိဖို့ဆိုရင် နိုင်ငံသားတွေ ကိုယ်တိုင်မှာ သက်လုံပညာ ကြွယ်ဝမှဖြစ်မှာပါ။

ဒါ့အပြင် ကိုယ်တတ်ထားတဲ့ ပညာဆိုရာမှာလည်း အမြဲမပြတ် တိုးတက် အောင်ဆည်းပူးလေ့လာဖို့က အရေးကြီးပါတယ်။ အမော မခံနိုင်ရင် ပန်းတိုင် မရောက်ခင် လမ်းဘေးထွက်ထိုင်ရသလို နိုင်ငံသားတွေမှာပညာအခြေခံ လည်း အားမကောင်း၊ ထပ်မံဆည်းပူးဖြည့်တင်းမှုလည်း မရှိဘူးဆိုရင် ကိုယ့် ထက် ပညာအရာမှာသာတဲ့ နိုင်ငံခြားသားများက လွတ်လပ်တဲ့ ပြိုင်ဆိုင် မှုခေါင်းစဉ်နဲ့အတူ ကိုယ့်နေရာကို ခြိမ်းခြောက်လာမှာ သေချာနေတာပါ။ ဒါကြောင့် နိုင်ငံတကာအဆင့် နဲ့အညီ ငွေကြေးအရင်းအနှီးများတဲ့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေကို နိုင်ငံအတွက် ရာနှုန်းပြည့်အကျိုး ရှိစေချင်ရင် နိုင်ငံသားတွေ ကိုယ်တိုင်က အဆင်သင့် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ ပညာအရယှဉ် နိုင်မှ ရေရှည်မာရသွန်ခရီးအဖို့ သက်လုံကောင်းမှာ ဖြစ်သလို ပညာကိုလည်း တသသ တမြမြချွန်ထားနိုင်မှ အမောမဖောက်တမ်း လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘက်က အရည်အချင်းတွေ မပြည့်ဝခင်မှာ စိတ်ခံစားမှုကို ဦးစားပေးပြီး အလျင်စလိုတုံ့ပြန်ရင်ဆိုင်တာမျိုး၊ ဖြစ်ရပ်တစ်ခု ပေါ်မှာ ပညာအခြေမခံတဲ့ အမြင်မျိုးနဲ့သုံး သပ်ပြီးအမြော်အမြင်မဲ့ ဆုံးဖြတ် တာမျိုး လုပ်မယ်ဆိုရင်လည်း ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွာခေတ်မှာ အစွန်းရောက် မျိုးချစ်စိတ်ထားမျိုးဟာ နိုင်ငံတစ်နိုင်ငံ ရဲ့ ၀င်ဆံ့နိုင်မှုကို အကျိုး မပြုနိုင်ပါဘူး။ ဒါကြောင့် ပညာကို အခြေခံပြီး စိတ်ရှည်စွာနဲ့ ကိုယ့်ခံယူချက်ကို ရှင်းပြနိုင်ဖို့၊ ကိုယ့်ရပ်တည်ချက်အပေါ် ဇွဲမြဲမြံစွာဆုပ်ကိုင် ထားနိုင်ဖို့တွေဟာ အရေးကြီးလှပါတယ်။ ကိုယ့် လူမျိုးလို့ တွေးရင် ကိုယ့်နိုင်ငံထဲမှာ နေနေကြသူတွေလောက်ကို ထည့်တွက်လို့မရ တော့တဲ့ ခေတ်ပါ။ ကိုယ့်နိုင်ငံသားလို့ ပြောရင်လည်း ကိုယ့်လူမျိုးမဟုတ် သူတွေကိုပါ ထည့်တွက်ကြရတဲ့ခေတ်ကိုရောက်နေပါပြီ။ ဗမာလူမျိုးဆိုရင် မြန်မာတစ် နိုင်ငံတည်းမှာ မရှိတော့တာမို့ ပြည်ပရောက် ဗမာအားလုံးကိုထည့် တွက်ရမှာဖြစ်သလို အမေရိကန်နိုင်ငံသားလို့ ဆိုရင်လည်း ပြည်ပက ပြောင်း ရွှေ့ပြီးနိုင်ငံသားပြောင်းလဲခံယူထားတဲ့ ဗမာတွေကိုပါထည့်တွက်ထားကြောင်း နားလည်ကြရတဲ့ ခေတ်ကာလပါ။ ဒီတော့မာရသွန်ခရီးရှည်မှာ မြန်မာနိုင်ငံ အနေနဲ့ကိုယ့်ရှေ့က ပြေးနေတဲ့နိုင်ငံတွေကို အမီလိုက်ဖို့ဆိုရင်လူမျိုးရေးစိတ် ဓာတ်က အလုပ်ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။ နိုင်ငံသား စိတ်ဓာတ်ကသာ အလုပ်ဖြစ်မှာ ထင်ရှားနေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အပြောင်းအလဲကို ရင်ဆိုင်ရာမှာ ပန်းတိုင် အတွက် မာရသွန် ခရီးရှည်ကြီး ကျန်နေကြောင်းသိတဲ့ နိုင်ငံသားများ ပီပီ ဖူးငုံတို့အနေနဲ့လည်း ပညာသက်လုံကောင်းကောင်း၊ ဆည်းပူးလေ့လာမှုစွမ်း အားအမောစေ့စေ့၊ အခက်အခဲကို အမြော်အမြင်ကြီးကြီးနဲ့ ဖြတ်ကျော်နိုင်တဲ့ စိတ်ရှည်ရှည် မွေးကာ ပန်းတိုင်မရောက်မချင်း မလျှော့စတမ်း ဇွဲမြဲမြံစွာထား ကြပြီး ဆက်လက် ချီတက်နိုင်ကြပါစေကြောင်း အသိပေးလိုက်ရပါတယ်။

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)