|
Written by မခိုင်
|
|
Tuesday, 14 August 2012 16:14 |
စက်ဘီး တစ်စီးသာ ဘ၀ဆိုရင် အိအိချိုပဲ ဖြစ်ဖြစ်၊ မျိုးမျိုးအေးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဇာခြည်ဦးပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ဟန်ချက် ညီနေမှာပါ။
argaiv1392
စမုတ်တံ သုံးဆယ်ခြောက်ချောင်းစီ ပါဝင်တဲ့ Gdtime ဂျပန်ဘီးလေး ကျွန်တော့်ဆီ ရောက်မလာခင် သူ့မွေးရပ်မြေကို စဉ်းစားမိတယ်။တိုကျိုလား၊ ကျိုတိုလား၊ ဒါမှမဟုတ် သမိုင်းထဲက ထီးဆောင်းခဲ့တဲ့ မင်းသားလေး ဟီရိုရှိးမားလား။ ကျွန်တော် စဉ်းစားနေမိတာပါ။ သူ ဘယ်က လာတာလဲ၊ ဘာတွေ ဖြစ်ခဲ့လဲ။ ဘယ်လို လူစားမျိုးတွေနဲ့ ဆုံခဲ့ကြုံခဲ့လဲ စသဖြင့်ပေါ့ဗျာ။ ခြေသလုံးတောင့်အောင် တန်းစီပြီးမှ ကိုယ့်အလှည် အရောက် ၀မ်းနည်းပါတယ်လို့ဆိုတဲ့ အဖြစ်နဲ့ တိုးခဲ့သလား။
နိုင်ငံရေး သမားဆိုတာ နံပါတ်တစ် အာဏာပြန် ရဖို့နဲ့ နံပါတ်နှစ် ကြီးပွားဖို့ လုပ်နေတာလို့ ပြောတဲ့ သတင်းထောက် တစ်ယောက်နဲ့ နေခဲ့ဖူး သလား။ ဒါမှမဟုတ် လူမှုရေး လုပ်ငန်းကို အခြေခံပြီး သိက္ခာထပ်တဲ့ လူမျိုးကို တင်ဆောင်ခဲ့သလား။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ တောင်တွေး၊ မြောက်တွေးပါ။ ကျွန်တော့် ဘီးလေးက စစချင်းတော့ မျိုးစစ်ရိုးစစ်လေးဗျ။ ဘာလေးညာလေး ထည့်ဖို့ တရုတ်ခြင်းလေး ထပ်တာရယ်၊ ခြေနင်းခုံလေးက လွဲလို့ ထိုင်းမိတ်လေး လဲတာရယ်နဲ့ ကပြားဖြစ်ရော။ ဘာပဲဖြစ်ဖြစ် ပေါ့ပါး တောင့်တင့်တဲ့ ကောင်မို့ ကျွန်တော် သဘောကျတယ်။
ကိုယ်ရည်ကိုယ်သွေး မြင့်ဖို့ စက်ဘီးစီးပါခင်မျာ။ ကျန်းမာရေး အတွက် စီးပါခင်ဗျာ၊ ဘဘာဝ ပတ်ဝန်းကျင်ကို ကူညီဖို့ စီးပါခင်ဗျာ။ ပြီးတော့ ပန်းခင်းတွေကို စိမ်ပြေနပြေ ကြည့်ဖို့လေ။ ဒါပေမဲ့ စက်ဘီးစီး တတ်ဖို့တော့ လိုတာပေါ့။ အိအိချိုဆိုတဲ့ ခပ်၀၀ ကောင်မလေးကတော့ ပြောတယ်။ ခြေသလုံး ကြီးတာပဲ အဖတ်တင်မှာ ပေါ့တဲ့။ ကျွန်တော် ရှင်းပြပါတယ်။ ခြေသလုံးကြီးတာ မကောင်းဘူးလား။ ကြွက်သားတွေ သန်မာတာလေလို့။ အိအိချို လက်မခံဘူးဗျ။ သူက စကဒ်တိုတိုလေးတွေ ကြိုက်တာကိုး။
ကျွန်တော် ကောင်းကောင်း မေ့နေခဲ့တာ။ ဒီလိုနဲ့ ကြွက်သား သန်မာတဲ့ ကောင်မလေးတွေကို ငေးငေးလာတတ်တယ်။ ကျွန်တော့်ရဲ့ စမုတ်တံ သုံးဆယ့်ခြောက်ချောင်းစီ တပ်ထားတဲ့ ကောင်လည်း ၀င်ရိုးတွေမှာ ဆီချေးဝလို့။ ဘောစိတွေ ခဏခဏ ကြွေလို့။ တစ်ချက်တစ်ချက် ထထ ညည်းတတ် ရင်တော့ ဒီကောင်ကြီးကို ဆေးကု လိုက်တာပေါ့ဗျာ။
လက်ကိုင်က တစ်ဖြောင့်တည်းဆိုတော့ စီး တဲ့လူကို စမတ်ကျစေတယ်။ တစ်ဖြောင့်တည်း ရှိတဲ့အရာတိုင်းတော့ ဘယ်စမတ်ကျပါ့မလဲ။ တစ် ဖြောင့်တည်းရှိတဲ့ ကျွန်းပင်ကြီးတွေ၊ တစ်ဖြောင့် ထဲရှိတဲ့လမ်းထဲကနေ ပျောက်ပျောက် သွားတာ ကျွန်တော့် ကိုယ်တွေ့ကိုး။ ဒီလိုပဲဗျ တစ်ဖြောင့် ထဲရှိတဲ့ မိန်းမဆိုရင်လည်း ကြည့်ရတာ တစ်မျိုးပဲ။ ဇာခြည်ဦးက စမတ်ကျတဲ့ ကောင်မလေး။ သူ လမ်းလျှောက်ရင် ကျွန်တော့်ရင်မှာ အမှားမှား အယွင်းယွင်း။ စက်ဘီး စီးရင်တော့ ဘာပြော ကောင်းမလဲဗျာ။ ကျွန်တော့် လက်ကိုင်လေးကို အစွပ် အနီရောင်လေး တပ်တော့ ဇာခြည်ဦး ရယ်တယ်။
ရှင်ဟာလေ ကြောင်ကြောင်ကျားကျားနဲ့တဲ့။ လက်ကိုင်နားက ဘဲလ်လေးက အပြာရောင်ကိုး။ ပြီးတော့ ပြောသေးတယ်။ ရှင်လောင်းလှည့်တဲ့ ဘီးတဲ့။ ကျွန်တော် ရှင်းပြပါတယ်။ အနီရောင်ဟာ မန်ယူဆိုရင် အပြာရောင်ကတော့ ချယ်လ်ဆီးလို့။ သူက သူ့ရဲ့နှင်းဆီဖူး နှုတ်ခမ်းလေးကို လက်နဲ့ ကာပြီး ခပ်ဖွဖွ ရယ်တယ်။ ကျွန်တော့်ရဲ့ ဘာဘာ ညာညာတွေ ထည့်ဖို့တပ်ထားတဲ့ အဖြူရောင်ခြင်း လေးထဲမှာ ဘောလုံးတစ်လုံး အမြဲပါနေတာ မြင် မှာပါ။ ကျွန်တော်က စိတ်မှန်းနဲ့အနိုင်အရှုံး ဖြတ် တတ်သူမဟုတ်ပါဘူး။ အားကစားကို ငွေကြေးနဲ့ နယ်မချဲ့တတ်ဘူး။ ဒါနဲ့ပတ်သက်ရင် ဇာခြည်ဦး လို မဟုတ်ဘူး။ တစ်ဖြောင့်တည်း ကျင့်ခဲ့တာ။ ကျွန်တော့်လက် ကိုင်လေးမှာ အရောင်တွေ ပြောင်းချင်ပြောင်းသွားမယ်။ နေမြင့်လေ ပြည့် တင်းလေပါပဲ။ ကိုနိုင်မွန်အောင်သွင်ရဲ့ ကဗျာစာ သားလေးလိုပေါ့။ စတီးရောင် ပြောင်လက်နေတဲ့ အတွင်းသားကိုတော့ အားလုံးမဖုံးပစ်ပါဘူး။ ကျွန်တော် သိတာပေါ့။ မယ်ဇာခြည်ကတော့ မြန်မာဖ့လား ဖွင့်ပွဲတွေမှာ ဗန်းကိုင်ဖြစ်သွားတယ်။ လက်စသတ်တော့ သူလည်း တစ်ဖြောင့်တည်း သမားကို။ ကျွန်တော်ဟာ တော်တော်ထူတဲ့ အတဲ့ အကောင်ပါ။ ကျွန်တော့်ဘီးရဲ့ ဖင်ထိုင် ခုံလိုလူ စား။ ဒီနေရာမှာ ပြောပါတယ်။
ကျွန်တော့် အဘိုးတို့ လက်ထက်တုန်းက တော့ စက်ဘီး တစ်စီးကို လူနေမှု အဆင့်အတန်း မြင့်မားတဲ့ လက္ခဏာလို့ သတ်မှတ်ကြတယ်။ စက်ဘီးတွေကလည်း ရပ်ပုံရပ်နည်း အမျိုးမျိုးနဲ့ ဖြစ်လာတော့ အဆင့်တွေ တဖြည်းဖြည်း ကျလာလေရော။ ကျွန်တော့် ဘီးလေးက ခွဒေါက်နဲ့။ လဲမှာ မပူရပါဘူး။ တချို့ဘေးဒေါက်။ တချို့ခါး ဒေါက်။ သူ့ဟာနဲ့ သူပေါ့ဗျာ။ ဒေါက်ချောင်ပြီ ဆိုရင်တော့ စိတ်မချရတော့ဘူး။ အမှီ တစ်ခုခုရှာ ရင်ရှာ။ စက်ဘီးတစ်စီး ရဖို့ ကိုယ်ပိုင် ခြံမြေတွေ ရောင်းစရာ မလိုတဲ့ ခေတ်ကြီးမှာ ၀ယ်စီးကြပါဗျ။ ဒေါက်ခိုင်ခိုင်နဲ့ ကောင်ကို ရွေးလိုက်စမ်းပါ။ ဘယ်တော့မှ မလဲစေရဘူး။ ကျွန်တော် အာမခံတယ်။ ငယ်ငယ်ကတော့ လူတွေ ၀ယ်ချင်လာအောင် ကြောငြာ အမျိုးမျိုးနဲ့ ရောင်းတာ။ ကျွန်တော် မှတ်မိနေတယ်။ ခုဆိုရင် လုံးဝနီးပါး မရှိတော့ဘူး။ ကျွန်တော့် အဖေ ပြောသလိုပေါ့။ စက်ဘီး ၀ယ်စီးပါတယ် ဆိုမှ ကြော်ငြာခပါ ထပ်ဆောင်း ပေးနေရတယ်တဲ့။ ဒါကြောင့် ၀ယ်စီးပါဗျ။ အင်မတန် ဒေါက်ခိုင်တဲ့ အစီအစဉ်လေးပါ။
တချို့မိန်းမငယ် လေးတွေ အမှတ်တမဲ့ စက်ဘီးရပ်လို့ လဲချော်သွားရင် ကူညီထူမပေးမဲ့ ကိုယ်တော်ချောနဲ့ တိုးတာ ကြုံချင် ကြုံရနိုင်တယ်။ ကျွန်တော့် ဘီးလေးက တော့ ပိုစိုးပက်စက် လဲပြိုဖူးတယ်။ သူ့ဘာသာ ရပ်နေတဲ့ ကားကို သွားတိုက်မိလို့ပေါ့။ မရယ်နဲ့ဗျ။ ဖိတ်ဖိတ်တောက်နေတဲ့ ကားကို ကျွန်တော် မမြင် လို့ပါ။ ဒေါက်မခိုင်လို့ မဟုတ်ဘူး။ ဘရိတ် မမီလို့ မဟုတ်ဘူး။ လမ်းကြမ်းလို့ မဟုတ်ဘူး။ အခွင့်ရရင် လွှတ်တော်ထဲ အထိ စီးလို့ရတယ်။
ဘိရိတ် မမိရင်တော့ ယာဉ်မှ မဟုတ်ဘူး လူတောင်လမ်းပေါ် မထွက်နဲ့။ မျိုးမျိုးအေးက ကမ္ဘ့ အကောင်းဆုံး ဘရိတ်ကို သူ့ဦးနှောက်ထဲ ထည့်ပြီး ကမ္ဘာ့ ပတ်နေတာ။ ကျွန်တော့် ဘရိတ် ကြိုးမှာ သံချေးကိုက်ရင် ချေးချွတ်ဆေးနဲ့ နာနာ ချွတ်ရတယ်။ ကြိုးက တင်းနေရင်း ဘရိတ်ညှစ် တာ အားစိုက်ရတယ်။ မျိုးမျိုးအေးက သံချေးမ တက်တဲ့ ဘရိတ်ကြိုးနဲ့။ စပယ်ယာ ပတ်စ်တောင် ပါသေးတာ။ ကျွန်တော် မြင်တာပေါ့။ ကျက် လိုက်ရတဲ့စာ။ ဖတ်လိုက်ရတဲ့စာ။ မှတ်လိုက်ရတဲ့ စာ။ သိပ်မကြာပါဘူး။ ဘရိတ်ကြိုးအသစ် တစ်ချောင်း မျိုးမျိုးအေး ရတော့တာပဲ။ စက်ဘီးရဲ့ ဘရိတ်တုံးဆိုတာ ရာဘာတုံးကို သံပြားတွေညှပ်၊ ကြိုးနဲ့ ဆက်သွယ်ပြီး လက်ကိုင်အောက်က အတက် လေးကို ညှစ်ရတာမျိုး။ ဘရိတ်တံပေါ့ ဗျာ။
မျိုးမျိုးအေးရဲ့ ရာဘာတုံးက Bridge-stone က မှာထားပုံ ရတယ်။ သံပြားတွေက အင်္ဂလန်က၊ ကျွန်တော် ချစ်ခွင့်တောင်း တော့ သူက ချေးချွတ်ဆေး တစ်ဘူး လူကြုံနဲ့ ပေးလိုက်တယ်။ ကျွန်တော် ပြုံးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ယုံကြည်တာကတော့ ဘရိတ်ကြိုး ပိုများတဲ့ သူဟာ ဘရိတ်နည်းထက်သူထက် ပိုမသာပါဘူး။ ဘရိတ်ကြိုး အကောင်းစား သုံးနိုင်တဲ့ လူဟာ ချေးချွတ်နည်းကို ဘယ်သိပါ့မလဲ။ ဒီလိုပဲဗျ။ ဘရိတ်ကြိုးဆိုတာ စက်ဘီး တစ်စီးမှာ တစ်ကြိုးတည်း ရှိရုံနဲ့ လုံလောက်တယ် လေ။ အများကြီး စုပြုံတပ်လို့ ဘရိတ်ပိုမိ တယ်လို့ စက်ဘီးကို တီထွင်ခဲ့တဲ့ ဘိုးဘေးတွေက မသင်ခဲ့ပါဘူး။ ကျွန်တော် အစက ပြောသလိုပေါ့ဗျာ။ ဘရိတ်မမိရင် ဖြစ်ဖြစ်၊ ဘရိတ်ကြိုးတင်းနေရင်ဖြစ်ဖြစ်၊ လူတောထဲ မစီးနဲ့တော့။ ၀င်တိုက် မိမှ စက်ဘီးသိက္ခာကျမယ်။ မိရွှေမျိုးကတော့ ခုထိ ဘရိတ်ကြိုးတွေ စုလို့ ကောင်းတုန်း။
အချစ်မပါဘဲ လူနှစ်ယောက် အတူတူ အိပ်မိရင် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ တွိုင်ဘီနဲ့ အီကေဒါဆိုတဲ့ ကမ္ဘာကျော် ဆရာကြီးများက ဆွေးနွေးထားတာ ကျွန်တော် ဖတ်ရတယ်။ ဆရာသာမည ခင်ဗျာ။ ဒါမျိုး တွေများများ ဘာသာပြန်ပေးပါ။ ဒီလိုပဲခင်ဗျ။ စက်ဘီးတစ်စီးကို ချစ်ခြင်း မပါဘဲနဲ့ အကြာကြီး မစီးနိုင်ဘူး။ သူ့အပေါ် စိတ်ဝင်စားမှု လျော့လိုက်တာနဲ့ ခံပေတော့။ လူရှေ့သူရှေ့ အရှက်ကွဲချင် ကွဲနိုင်တယ်။ တာယာတွေ ပါးကုန်ပြီလား။ လေလုံးကကော ခဏခဏ ပေါက်နေလား။ ချိန်းကြိုး ချောင်နေလား။ နောက် ထိုင်က မူလီပြုန်းနေပြီလား။ စစ်ရ ဆေးရတယ်။ ပြင်တန်ပြင်။ ဖြည့်တန်ဖြည့်။ ကိုယ်သောက်မဲ့ လက်ဖက်ရည်ဖိုးလေး အပွန်းခံရမယ်။ အချိန် ပေးရမယ်။ နည်းနည်းပါးပါး ဦးနှောက်စားမယ်။ မဟုတ်ရင် သိက္ခာ ကျမယ်လေ။ စက်ဘီးစုတ်ကြီးလို့ အရပ်ထဲက ကလေးတွေ ကင်ပွန်းတပ်တာ ခံရမယ်။
လူကြီးတွေက ကွယ်ရာ လက်တို့လိမ့်မယ်။ ဒါကြောင့် ကျွန်တော့် ဘီးလေးကို အမြဲ သနေရတာ ရောင်ပြန်ပြားလေး တပ်ပြီး ညဘက်ကို သူ့ရှိကြောင်း သိနိုင်အောင် လုပ်ရတယ်။ စမုတ်တံ ကျိုးတဲ့ အထိ မနိုင်ဝန် မထမ်းမိဖို့ ကိုယ့်ကိုယ်ကို သတိ ပေးရတယ်။ ခြေသလုံး ကြွက်သား သန်မာတဲ့ ဦးနှောက်ရှင်းတဲ့ အတွင်းသား ဖြောင့်တဲ့ အချစ်ကို ကျွန်တော် ရှာသလိုပေါ့။ စက်ဘီးပေါ် တက်ထိုင်လိုက်တာနဲ့ ကျွန်တော်နဲ့တစ် သားတည်း ဖြစ်နေမှ။ ဒါမှ ခရီးဝေး ရောက်မှာ။
အင်တာနက်ဆိုင်များ ထိုင်မိရင် www. gdtime.com.cn ကို ယောင်လို့ပဲ ဖြစ်ဖြစ် ဖွင့်ကြည့် စေချင်တယ်ဗျာ။ စက်ဘီးတစ်စီး ဖြစ်ဖို့ဆိုတာ လူတစ်ယောက် မွေးတာလောက် မခက်ခဲပေမဲ့ လူတစ်ယောက် နီးနီး ကူညီရနိုင်တဲ့ ကောင်ပါ။ ကျွန်တော်တို့ ကမ္ဘာမှာ လောင်စာတွေ ခမ်းသွားမှ ၀ယ်စီးတာမျိုး ဆိုရင်တော့ လူပါးဝတာပဲ။ ဒီကောင်ကြီးနဲ့ သွားလို့ဖြစ်တဲ့လမ်းတွေကို တခြားကောင်တွေ မသုံး မိစေနဲ့ပေါ့။ ဖိလစ်ပိုင်မှာ အခြေခံဥပဒေပါ အချက် အချို့ကို မကြိုက်လို့ ပြည်သူက တင်ပြတဲ့အခါ အတည်ပြုခါနီးမှ ပြန်ပြင်တာ ရှိခဲ့ဖူးတယ်။ စက်ဘီး ပြောင်းစီးလို့ ဘ၀ မပျက်သွားစေရဘူး။ ကျွန်တော် ထပ်အာမခံတယ်။ ပြန်ပြင်လို့ရတာတွေနဲ့ ကမ္ဘာ့ကြီးက လည်ပတ်နေတာပါဗျာ။ မေ့ချင်ယောင် မဆောင်ကြပါနဲ့။ ကျွန်တော် စိတ်မကောင်းဖြစ်လို့ပါ။
ကျွန်တော်ကတော့ ဟန်ချက်ညီတဲ့ စက်ဘီးတစ်စီးပဲ လိုတယ်။ ဘာလို့လဲ ဆိုတော့ စက်ဘီး တစ်စီးက ကျွန်တော်ဘ၀ ဖြစ်နေတာကို။
မခိုင် (Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|