|
Written by မင်္ဂလာရွှေမောင်း
|
|
Wednesday, 01 August 2012 16:22 |
ရာစုနှစ် တစ်ဝက် ကျော်ကျော် ထင်ရာ စိုင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနေ့ထိ သယံဇာတ အရင်းအမြစ်တွေ ကျန်ရှိ နေသေးတဲ့ အတွက်၊ နိုင်ငံရေး အပြောင်း အလဲမှာ မြန်မာနိုင်ငံထဲကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အစီအရီ ရောက်လာကြပါတယ်။
argaiv1450
အဲဒီလူတွေ မြန်မာနိုင်ငံထဲကို ဘာဖြစ်လို့ အခုလို တိုးဝင် လာကြသလဲ။ ရှင်းပါတယ်။ မြန်မာနိုင်ငံထဲက သယံဇာတကို ရသမျှ နှိုက်ယူမယ်။ ဈေးပေါလှတဲ့ လုပ်သား အင်အားကို အသုံးချမယ်။ အဲရလာတဲ့ မြန်မာနိုင်ငံ ထွက်ကုန်တွေကို ဈေးကွက် ဖန်တီးပြီး အကျိုးအမြတ် ရှာမယ်။
ဒီလို အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့ အချိန်မှာ အဲဒီ အခွင့်အလမ်းတွေကို ဖမ်းယူနိုင်ကြတဲ့ မြန်မာနိုင်ငံသား ဘယ်နှယောက်လောက်များ ရှိသလဲ။ ဟိုခေတ်က အတိုင်းပါပဲ။ လူနည်းစု လက်တစ်ဆုပ်စာက လွဲလို့ ကျန်အများစုကတော့ အဲဒီ အခွင့်အလမ်းတွေကို မဖမ်း ဆုပ်နိုင်ကြပါဘူး။ မြန်မာနိုင်ငံသား အများစုဟာ အရင်းအနှီး ချို့တဲ့ နေသလို၊နည်းပညာလည်း ချို့တဲ့နေကြပါတယ်။ ပိုဆိုးတာက ကြိုးစား အားထုတ်လိုမှု၊ လုံ့လ ၀ီရိယနဲ့ ဇွဲတို့ လျော့နည်း နေကြသလို စာရိတ္တပိုင်းမှာလည်း ချွတ်ခြုံ ကျနေကြပါတယ်။ အနာဂတ်ကို သိမ်းပိုက်ရမဲ့ ဒီနေ့ လူငယ်တွေဟာ ပညာရှာရမဲ့ အစား အိမ်ပွဲစား၊ ကားပွဲစားလို အလုပ်မျိုးကို စုံစုံမက်မက် လုပ်နေကြတယ်။
လယ်ယာ ကဏ္ဍကို ကြည့်ပြန်ရင်လည်း ခေတ်မီနည်း ပညာတွေ မရှိ၊ လယ်ယာ ကုန်ထုတ်လုပ်ငန်းတွေ အရှုံးပေါ် နေပြန်တယ်။ လယ်ယာကဏ္ဍက ထုတ်ယူခဲ့တဲ့ အရင်းအနှီး တွေကလည်း လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အလဟဿ ဖြစ်နေပြန်တယ်။ ကျေးလက်မှာ လယ်ယာ ကဏ္ဍဟာ အရင်း အနှီးမရှိလို့၊ နည်းပညာ ချို့တဲ့နေလို့ အဆင်မပြေရင် မြို့ပြကော အဆင်ပြေရဲ့လား။ ကြည့်ပါ။ မြို့ပြမှာကပိုပြီး ဆိုးဝါးနေတယ်။ လူတစ်စုက လွဲပြီး အများစုဟာ စားဝတ်နေရေး စရိတ်ကြီး မြင့်မှု၊ လုပ်ခလစာ နိမ့်ကျမှုတို့ကြောင့် စုဆောင်းငွေ ရှားပါး နေပြန်တယ်။ ဒီတော့ နိုင်ငံရေး ဘယ်လိုပဲပြောင်းပြောင်း၊ တိုင်းရင်း သား လုပ်ငန်းရှင်တွေကို ဘယ်လိုပဲ ခေါ်ယူ ခေါ်ယူ ရင်းနှီး မြှုပ်နှံစရာ ရန်ပုံငွေ မရှိနိုင်ပါဘူး။ ဒီလိုဆို နည်းပညာကို အသုံး ချနိုင်သလား ဆိုတော့ ပညာရေး စနစ်က အလွဲလွဲ အချော်ချော် ဖြစ်နေတာကြောင့် နည်းပညာပိုင်းမှာလည်း အားကိုးစရာ မရှိပြန်ဘူး။
ဒီလ ရနံ့သစ်မှာ ပါတဲ့ မောင်သံဒိုင်(ဘောဒဗေဒ)ရဲ့ စိန်စီသော လမ်းတွင် ဖိနပ် ဗလာဖြင့် လျှောက်ရပါလျှင်ဟာ အရင်း အနှီးရော၊ နည်းပညာပါ ချို့တဲ့ နေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ် တင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)ရဲ့ နိုင်ငံရေးနှင့် အပြန်အလှန် ယုံကြည်လေးစားမှု ဟာ လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ယုံကြည် လေးစားမှု၊ ပြည်သူတွေ အပေါ် ယုံကြည် လေးစားမှုတွေကို ရေးသားထားတဲ့ ဆောင်းပါး ပါ။ ဒီဆောင်းပါးမှာ ဆရာက ပြည်သူ့ရဲဘော်၊ ကေအင်ဒီအိုတို့ အပြန်အလှန် လေးစားမှု ယုံကြည်မှု တည်ဆောက် နိုင်ခဲ့ပုံကို သမိုင်း အထောက်အထားနဲ့ ရေးသား ဖော်ပြထားပါတယ်။
“တစ်သက်တစ်ခါ မင်္ဂလာ”ဆိုတဲ့ စကားဟာ မြန်မာတွေ နှုတ်ဖျားမှာ ခေတ်စားနေတဲ့ စကားပါ။ မင်္ဂလာပွဲ၊ မင်္ဂလာ ၀တ်စုံ ဆိုတာကလည်း အမြတ်တနိုး ကိစ္စပါ။ ဒါပေမဲ့ ရွှေမောင်းတို့ နိုင်ငံရဲ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကျပြန်တော့ ဂျပန်ခေတ်၊ ဆေးရုံကြီးမှာ သူနဲ့ဒေါ်ခင်ကြည် မင်္ဂလာ ဆောင်စဉ်က ၀တ်ဆင်ခဲ့တဲ့ စစ်ဝတ်စုံကို သူ့အနားမှာ စိတ်ချရသူ လူယုံအဖြစ် အနီးကပ်ထားမဲ့ ကိုထွန်းအုံကို ရက်ရက်ရောရော ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ပေးတာကို မအံ့သြလောက်ပေမဲ့ ဒေါ်ခင်ကြည်ကပါ ကြည်ဖြူစွာ ပေးနိုင်ခဲ့ပုံကတော့ ထူးခြားတဲ့ စိတ်အရည်အချင်းလို့ ပြောနိုင်ပါလိမ့်မယ်။ ဒီလ ရနံ့သစ်မှာ ပါတဲ့ တင်နိုင်တိုးရဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာ ၀တ်စုံဟာ ရှေ့တန်း စစ်မျက်နှာ စစ်ထောက်ချုပ် ဌာနကြီးမှူး အဖြစ် ခန့်အပ်တဲ့ ကိုထွန်းအုံကို ဗိုလ်ချုပ်မင်္ဂလာ ဆောင်စဉ်က ၀တ်ခဲ့တဲ့ စစ်ဝတ်စုံကို ကိုယ်တိုင်ဝတ်ပေးခဲ့တဲ့ အကြောင်းအရာပါ။
ဆင်တဲဝ (မြတ်မင်း)ရဲ့ မှော်ပြောင်း မှော်လွဲဟာ မှော်ထဲမှာ ရှိနေတဲ့ ရေမဆေး ကျောက်သမားတွေရဲ့ ဘ၀ကို ထင်ဟပ် ဖော်ပြ ရေးဖွဲ့ထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ စာရေးသူဟာ သူ့ဝတ္ထု တွေထဲမှာ မှော်အကြောင်း၊ ကျောက်အကြောင်းတွေ အပြင် ရေမဆေးကျောက် ရှာဖွေနေရတဲ့ လူတန်းစားတွေရဲ့ ဘ၀ကို စာဖတ်သူ ရင်ထဲရောက်အောင် ရေးဖွဲ့နိုင်ပါတယ်။ ၂၀၁၂ ဇွန် ရနံ့သစ် ဒီလရတီမှာ ပါတဲ့ ဆွေ(လေးဝတီ)ရဲ့ သံသယ ဆိုတာဟာ လင်အပေါ် အထင် လွဲမိတဲ့ ဇနီးသည် တစ်ဦးရဲ့ နှောင်းနောင်တ ကို ဖော်ပြရေး ဖွဲ့ထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ ဆွေ(လေးဝတီ) ရဲ့ ၀တ္ထုတို တစ်ပုဒ်ဖြစ်တဲ့ တောသဘာဝဆိုတာ ကို ရွှေမောင်း ကြိုက်ခဲ့ပါတယ်။ လူတန်းစားကို အခြေခံတာရယ်၊ သိပ်သည်း ကျစ်လျစ်တာရယ်၊ ပြီး စဉ်ဆက် ညီညွတ်မှု ရှိတာရယ်၊ သဘာဝ ယုတ္တိ ခိုင်မာတာရယ်ကြောင့်ပါ။ ဒီဝတ္ထုကတော့ သဘာဝ ယုတ္တိ ခိုင်မာမှု အားနည်းပါတယ်။ ဆွေရဲ့ရင်ထဲက ထွက်ကျ လာတဲ့ ၀တ္ထုမျိုးထက် ဖန်တီး တည်ဆောက်ထားတဲ့ ၀တ္ထုမျိုးပါ။ ဒါပေမဲ့ ပန်းချီဆရာ(အနုပညာရှင်)တစ်ဦးရဲ့ သန့်ရှင်း စင်ကြယ်တဲ့ စိတ်ခံစားမှုကို သာမန်လူတွေ နားမလည်နိုင်ဘူးဆိုတဲ့ သတင်း ပေးချက်ကို ပေးနိုင်ခဲ့ပါတယ်။ ဖတ်ကြည့်ပါဦး။
စိုးလှိုင်တင့်ရဲ့ သံချိုနှောလို့ ပြောခဲ့ပါ ဟာ လောက စိမ်းလေးကို ရေးဖွဲ့ပြထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။ စာရေးသူဟာ သာမန်စာဖတ် ပရိသတ်နဲ့အလှမ်းဝေးတဲ့ လက်နဲ့ပစ်ပြီး ငါးဖမ်း တဲ့ တံငါသည်လောကကို ရေးဖွဲ့ပြထားပါတယ်။ စိုးလှိုင်တင့် ဟ သူ့ဝတ္ထုကို အားပြိုင်မှု ပေးပြီး စာဖတ်သူကို ဖမ်းစား ခဲ့ပါတယ်။ ပိဿာချိန် ၃၀ ကျော်လောက် ရှိတဲ့ ငရွေးကြီး ကို ရအောင် ကြိုးပမ်းခဲ့တဲ့ ငတိုးရဲ့ လှုပ်ရှားမှုဟာ အား မာန်ပါသလို ဒီငါးကြီးကို ရောင်းပြီးမှ ကျောင်းတစ်နှစ် နေရမယ်ဆိုတဲ့ သတင်းပေး ချက်ကလေးကလည်း ၀တ္ထု ကို ပိုပြီး အသက်ဝင်စေခဲ့ ပါတယ်။
ဒေါက်တာအောင်သန်း ၀င်း ရဲ့ အမြင်အာရုံ ကျန်းမာရေး နည်းလမ်း တစ်ဆယ် ကျင့်ကြံပေဟာ လူတိုင်းနဲ့ စပ်ဆိုင်နေတဲ့ ကျန်းမာရေး၊ ပညာပေး ဆောင်းပါး တစ်ပုဒ်ပါ။ အဲဒီမှာ လူတွေနေ့စဉ် သတိ ထားရမယ့် အချက်တွေ အစားအသောက်၊ အလေ့ အကျင့်တွေကို ဖော်ပြပေး ထားပါတယ်။ ဖတ်ကြည့်ပါ ဦး။ ၂၀၁၂ ဇွန် ရတီ
ဒီလ ရွှေအမြုတေ၊ ရွှေအသစ် ကဏ္ဍမှာ ၀တ္ထုတို သုံးပုဒ် ဖော်ပြထားပါတယ်။ လောလောဆယ် ရွှေအမြုတေ စာပေဆု၊ မျိုးဆက်သစ် ၀တ္ထုတို ဆုရရှိသွားတဲ့ အောင်ဖြိုး ကျော်(ပခုက္ကူ)ရဲ့ ဆင်ဆို တာ ရယ်၊ အောင်ကျော်စိုး(ရွက် လွှင့်)ရဲ့ ဒေါက်တာ မိုးထက်စံ နဲ့ လူဘုန်းဦး ရဲ့ ရသကမ်းခြေတို့ ဖြစ်ပါတယ်။ အဲဒီထဲက ရွှေမောင်းရင်ကို လာထိ တဲ့ ရသကမ်းခြေကို ညွှန်း ချင်ပါတယ်။ လူဘုန်းဦးဟာ ကလောင်သစ် ဆိုပေမဲ့ ၀တ္ထု ကို ဖွဲ့စည်း တည်ဆောက်တဲ့ နေရာမှာ သတိ ထားပါတယ်။ တစ်ဖက် သူစိတ်ဝင်စားအောင် အကြောင်းအရာ အဖြစ်အပျက်ကို တစ်စချင်း ဖွင့်ပြ ရေးဖွဲ့တယ်။ ဆင်းရဲသား သားအဖ နှစ်ယောက်ရဲ့ ဘ၀နဲ့ ရုန်းကန်မှုကို စာဖတ် သူနဲ့ စတင် မိတ်ဆက်ပေးပြီး ဘခက်ပန်းရောင်း ထွက်ခဲ့ပုံ၊ ဟိုရောက်တဲ့ အခါမှာ သူ့ စားကျက်ကို လုယူနေတဲ့ ကြာညိုဆိုတဲ့ မိန်းကလေးကို တွေ့လိုက်ရလို့ ဘခက် ခံစား သွားရပုံကို ဖော်ပြတယ်။ လူဘုန်းဦးဟာ စာဖတ်သူကို သူ့ကလောင်နဲ့ ဆွဲခေါ် သွားခဲ့ပြီးမှ နောက်ဆုံး ဘခက်ဟာ ကြာညိုရဲ့ ဘ၀အမှန်ကို သိရှိ သွားပြီး အားလုံးကို ခွင့်လွှတ် နားလည် သွားခဲ့ပါတယ်။ ဒီဝတ္ထုလေးဟာ အောက်ခြေ လူတန်းစားတွေရဲ့ ဘ၀ ရုန်းကန်မှုကို တင်ပြနိုင်ရုံမျှမကပါဘူး။ သူတို့တစ်တွေရဲ့ လူ တန်းစားစိတ်၊ လူတန်းစား စရိုက်ကိုလည်း တင်ပြနိုင်ခဲ့ပါတယ်။ ဖတ်ကြည့်ပါဦး။
နှင်းဝေငြိမ်းရဲ့ မလင်းသောကြယ်များဟာ ဖိနပ်မပါ ဆရာ တစ်ယောက်ရဲ့ ဘ၀ ဖြတ်သန်းမှုကို ခံစားရေး ဖွဲ့ပြထားတဲ့ ၀တ္ထုတို တစ်ပုဒ် ပါ။ နှင်းဝေငြိမ်းရဲ့ ပဓာန ဇာတ်ကောင် ဒေါ်စပယ်ခင်ဟာ အခမဲ့ ပညာရေး စနစ်ကြောင့် ကလေးတိုင်း စာသင်ခန်းထဲကို ၀င်လာရ မယ်လို့ ယုံကြည်နေတဲ့ ဆရာမ တစ်ယောက်ပါ။ ဒါနဲ့ပဲ စာမသင်နိုင်တဲ့ ရွာထဲ က ကလေး ၁၅ ယောက် လောက်ကို ကျောင်းအပ်ပေး ခဲ့ပါတယ်။ ကျောင်းနေ ပျော်ပြီး စာတော်တဲ့ ကလေး တွေ ဖြစ်စေချင်လို့ စာသင် ခန်းထဲ ဆွဲသွင်းခဲ့တဲ့ ကလေး တွေတစ်ယောက်ပြီး တစ် ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့လို စုံစမ်းကြည့် တော့ “မိဘကူ” ဖြစ်နေတယ် လို့ သိရတယ်။ အုတ်ဖုတ်တဲ့ လုပ်ငန်း၊ ငါးရှာ၊ အိုင်ပက်၊ လယ်စိုက် အငှားလိုက်နေ ကြရတယ်။ နှင်းဝေငြိမ်းက သူ့ဝတ္ထုရဲ့ နိဂုံးမှာ “စာရဲ့ နောက်မှာ ၀စ္စ နှစ်လုံးပေါက် ပါဖို့က ပိုပြီး အရေးကြီးတာကိုး”တဲ့။ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ပညာရေး စနစ်၊ စီးပွားရေး စနစ်ကို စာဖတ်သူ ထင်းခနဲ မြင်သွားအောင် လက်ညှိုး ထိုးပြလိုက်ပါ တယ်။ ဖတ်ကြည့်ပါဦး။
မောင်သစ်လှိုင်းရဲ့ သံသယအိပ်မက် အကြွေဟာ ခေတ်မမီတော့တဲ့ အစွဲ အလမ်းတွေကို ချေဖျက်ဖို့ ကြိုးပမ်းထားတဲ့ ၀တ္ထုတိုပါ။ မြန်မာနိုင်ငံ အတွင်းမှာ ဒေသ အလိုက် ထုံးတမ်းဓလေ့တွေ ရှိသလို၊ အယူအဆ အတွေး အခေါ် တချို့ဆိုရင်လည်း ခေတ်လူငယ်တွေ အတွက် လက်မခံနိုင်စရာတွေ ဖြစ်လာ ပြန်တယ်။
မောင်သစ်လှိုင်းက အသွားဝက်၊ အပြန်ကြက် ဆိုတဲ့ အစွဲရယ်။ လယ်တွင်း ကိုး ခရိုင်သားတွေရဲ့အစွဲ ဖြစ်တဲ့ “၉ ဂဏန်းနဲ့ ခရီး မသွားရဲဘူး”ဆိုတဲ့ အစွဲ အလမ်းကို ဒီဝတ္ထုနဲ့ ချေဖျက် ပစ်ခဲ့ပါတယ်။ Atmosphere ကိုလည်း နိုင်နင်းတယ်။ ဒါ့ အပြင် ခေတ်ဟောင်းက ချက်ပလက် ကားအိုကြီးနဲ့ နောက်ခေတ်မှာ ပေါ်လာတဲ့ ဟီးနိုး ကားကိုလည်း စာဖတ်သူ စိတ်ဝင်စားအောင် အားပြိုင်မှု ပေးပြီး နှိုင်းယှဉ်ရေးဖွဲ့ ပြခဲ့ပါ တယ်။ ဖတ်ကြည့်ပါ။ ၀တ္ထု ကောင်းလေး တစ်ပုဒ်လို့ ဆိုချင်ပါတယ်။
မီမိုးရဲ့ စွတ်စိုအေးမြ တတ်သော်လည်း ရံဖန်ရံခါ ပူပြင်းနိုင်သည်ဟာ မျက်ရည် အကြောင်းကို အဖြစ်အပျက် များနဲ့ ဖွဲ့ဆိုထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ ၀တ္ထုဆိုပေမဲ့ မီမိုးဟာ ဒီဝတ္ထုကို ရေးတဲ့ အခါမှာ ခါတိုင်းသူ ရေးနေကျ ၀တ္ထုတွေလို မဟုတ်ဘဲ အက်ဆေးဆန်ဆန် ရေးဖွဲ့ထားပါတယ်။ သမီးငယ်စာစီ စာကုံးပြိုင်ပွဲမှာ ဆုမရလို့ ကျလာတဲ့ မျက်ရည်ကို မြင်တွေ့ ခဲ့ရပြီး မိခင်ကျတဲ့ မျက်ရည်၊ ကိုယ်တိုင်ကျခဲ့ရတဲ့ မျက်ရည် တွေကို ပုံဖော်ရေးဖွဲ့ထားပါတယ်။ အဲဒီမှာ မီမိုးဟာ သူ့ရဲ့ ပဓာန ဇာတ်ကောင်ရဲ့အတွေး အမြင်တွေကိုလည်း သူ့ဝတ္ထု ထဲမှာ နေသားတကျ ထည့် သွင်းထားတယ်။ ရွှေမောင်း သိပ်အံ့သြသွားတာက သူ့ရဲ့ ပဓာနဇာတ်ကောင်၊ အိမ်ထောင်ရှင် မိန်းမသား တစ်ဦးရဲ့ အတွေးအမြင်ဟာ တစ်ဖက် လင်သားအပေါ် နားလည်နိုင်တဲ့ စိတ်အင်အား ရှိနေတာကိုပါပဲ။ ကဲကြည့်ပါ။ သူ့ အတွေး၊ သူ့အမြင်၊ သူ့စိတ်ကို သူပြင်ဖို့ ကြိုးစားခဲ့တဲ့ အယူအဆ။
“လောကမှာ ဘယ် အရာကိုမှ အလွန်အကျူးမခံ စားဖို့၊ ဖြစ်တတ်တဲ့ သဘာဝကို လက်ခံ ရှုမြင်တတ်ဖို့၊ မိန်းမသား တစ်ဦးသည် ယောက်ျား တစ်ယောက်၏ စိတ်ကို တစ်သက်တာ အပိုင်ရဖို့ မိုက်မိုက်မဲမဲ မျှော်လင့် သင့်ပါသလား။ တကယ်ဆို လက်တစ်စုံ တွဲခဲ့ကြခြင်းမှာ ကြောင့် ကြပူပန်ခြင်းကြီးစွာ ဖြင့် တစ်ဦးနှင့်တစ်ဦး အတင်းအကျပ် ဆုပ်ကိုင်ထား ဖို့မှ မဟုတ်တာဟု အမှန် အကန် တွေးတတ်သွားခဲ့ သည်”တဲ့။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေးတော လက်ခံနိုင် ခဲ့ရင်တော့ အေးငြိမ်းမှုကို ရလာနိုင်တာပဲ။ ၂၀၁၂ ဇွန် ရွှေအမြုတေ ဒီလ ဖူးငုံမှာပါတဲ့ ၀တ္ထု တွေထဲက အဲလိုထူးရဲ့ ချစ်ခြင်းတရားက စကားတွေ အများကြီးပြောတယ် ဆိုတဲ့ ၀တ္ထုတိုကို ပထမဦးဆုံး ရွေးထုတ်ပြီး ညွှန်းချင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ရွှေမောင်းတို့နိုင်ငံရဲ့ အခြေအနေ၊ လက်ဝါးကြီး အုပ် လူတချို့နဲ့သူတို့ရဲ့ သားသမီး(လူငယ်တွေ)ရဲ့ ဘ၀ အစစ်အမှန်ကို ခွက်လှန် တင်ပြထားလို့ပါပဲ။ ရွှေအမြု တေမှာပါတဲ့ စာရေး လိုက်ပါတယ် မနှင်းဆီ ၀တ္ထုတိုတုန်း ကလည်း ရွှေမောင်းအနေ နဲ့ အဲလိုထူးရဲ့တင်ပြပုံ (ပုံသဏ္ဌာန်)ကို ကြိုက်ခဲ့ပါတယ်။ အခု ၀တ္ထုမှာလည်း အဲလိုထူးက မိန်းကလေး တစ်ဦးက သူ့ချစ်သူ ဆန်ကုန် မြေလေး တစ်ဦးကို ကိုယ်စွမ်း ကိုယ်စပြန်လည်ပေါ်လာ အောင် လှုံ့ဆော်ပြောပြနေတဲ့ ဟန်နဲ့ ရေးဖွဲ့ပါတယ်။
“အဖေက ချမှတ်လိုက် တဲ့လမ်းကြောင်းကြီးက ဖြူးလို့၊ ဘယ်အလှည့်အပြောင်းနဲ့ မှ လိမ့်ကျစရာ မရှိဘူးလို့ မပြောနဲ့မောင်။ ကိုယ်ရည် ကိုယ်သွေး နုံနည်းရာ ကျပါတယ်”။ “နောင်ငါးနှစ်၊ နောင် ဆယ်နှစ်မှာ မောင့်ဖေဖေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ အသုံးမတည့် ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ ခန့်မှန်းမိ တယ်” “မောင်ရယ်၊ စိတ်ဓာတ်ကလေး ဖြူဖြူစင်စင်နဲ့ လူပီသအောင် နေမယ်ဆိုရင် ဘ၀က မတင့်တယ်စရာ အကြောင်း မရှိပါဘူး။ အမှီ အတွယ် အရိပ် အာဝါသ ဆိုတာ မှတ်တမ်းအချက် အလက်တွေနော်။ ကိုယ်စွမ်း ကိုယ်စနဲ့ ကိုယ့်ဦးနှောက်ကို အမှန်တကယ် အသုံး ချလိုက်စမ်းပါ။
အဲဒီအတွက် ကျွန်မ ဘာလုပ်ပေးရမလဲ” “အရိပ် မည်းအောက်က လွတ်ကင်း ပြီး အမှန်တကယ် အဖိုး တန်တဲ့ ယောက်ျားကောင်း တစ်ယောက်ဖြစ်စေချင် တာ”။ ဆရာလူထုစိန်ဝင်းက ဂျူးရဲ့ဝတ္ထုကိုဖတ်ပြီး “သူနှစ် ပေါင်းများစွာ ရေးသားတင်ပြ ခဲ့တဲ့အကြောင်းအရာကို ဂျူးဟာ ၀တ္ထုတစ်ပုဒ်နဲ့ တင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောဖူးပါတယ်။ ရွှေမောင်း တို့ ဆောင်းပါးရေးပြီး ပြောပြတာထက် ရသနဲ့ ပြောပြတာက ပိုပြီးရင်ထဲမှာ စွဲထင်သွားနိုင်ပါတယ်။ ဒီဝတ္ထုလေးကို ဖတ်ကြည့် ပါ။ အဲလိုထူးဟာ သူ့ဝတ္ထု ထဲမှာ ခေတ်ကို ထည့်ပြ ထားပါတယ်။
ယုယရဲ့ လက်ကလေး တွေ ဟာ သူ့ဘကြီးနှစ် ယောက်ရဲ့ နေ၀င်ချိန်မှာ ပြုစု ယုယခဲ့ကြတဲ့ ဘကြီးတွေရဲ့ ဇနီးသည်တွေအကြောင်း ရေး ဖွဲ့ထားတဲ့ဝတ္ထုပါ။ ယုယက “ဘကြီးတွေရဲ့အကောင်းဆုံး သောအရည်အချင်းနဲ့ အကောင်းဆုံးသောဆွဲဆောင်မှု ဟာ သစ္စာတရားပါ။ မိန်းမ တစ်ယောက်တည်းကိုပဲ နောက်ဆုံးအထိ ချစ်ခင်စွာ ပေါင်းသင်းခဲ့တဲ့ သစ္စာတရား သာ သူတို့ရဲ့လျှို့ဝှက်ချက်ဖြစ် လိမ့်မယ်ထင်ရဲ့”လို့ ဆိုပါတယ်။ အရေးအသား သွက်လက်တယ်။ စာဖတ်သူရဲ့ ရင်ထဲကို ရောက်အောင်ရေးဖွဲ့ နိုင်ခဲ့ပါတယ်။ ဖတ်ကြည့် ပါဦး။
ရဲစွမ်းနေရဲ့ လူငယ်နှင့် ၀ါသနာကို ညွှန်းချင်ပါတယ်။ ဒီဆောင်းပါးလေးဟာ လူငယ်တိုင်း မဖြစ်မနေ ဖတ်ရှုမှတ်သားရမယ့် ဆောင်းပါး တစ်ပုဒ်ပါ။ အနာဂတ်ကို မျက်နှာ မူထားတဲ့ စာတစ်ပုဒ်လို့လည်း ဆိုချင်ပါတယ်။ အောင်မြင်ကျော်ကြားနေကြတဲ့ လူတွေဟာ အဲဒီအလုပ်မှာ ပျော်ပိုက်မှု တကယ် ရှိရဲ့လား။ ဒါမှမဟုတ် အသက်မွေးဝမ်း ကျောင်းပြုနေရတဲ့ အလုပ် တစ်ခုကို ကာယကံရှင် ကိုယ်တိုင်က ၀ါသနာ ပါရဲ့လား။ ပရို ဖက်ရှင်နယ်နဲ့ ၀ါသနာ ကြားမှာ ထားရမယ့် သဘောထား၊ လုပ်ရမယ့်အလုပ်တို့ကို စေ့စေ့စပ်စပ် သုံးသပ်တင်ပြ ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ ၂၀၁၂ ဇွန် ဖူးငုံ ဒီလ ပိတောက်နွယ်မှာ ဖော်ပြတဲ့ တိုးနှောင်မိုးရဲ့ မြို့ခြင်းရွာခြင်း မရှိတဲ့နေရာဟာ ပဲခူးရိုးမ ခြေရင်းက စိန် ကန့်လန့် ဆိုတဲ့ မြို့မကျ တောမကျ သစ်ဆိပ်ရွာ ကလေးတစ်ရွာရဲ့ ကိုယ်ရည် ကိုယ်သွေးကို ဖွဲ့ဆိုထားတဲ့ အက်ဆေး တစ်ပုဒ်ပါ။ တိုး နှောင်မိုးက အဲဒီနေရာလေး ကို “မြို့နဲ့မတူ၊ တောနဲ့ မတူ၊ ရွာနဲ့မတူ အသံထွက်တစ် မျိုးဖြင့် ခံ့ညား ထယ်ဝါစွာ ရှိနေသည်”လို့ တစ်မျိုး၊ “မြို့ မကျ၊ တောမကျ သစ်ဆိပ် ရွာလေးသည် ပဲခူးရိုးမ ခြေ ရင်း၌ တင့်တယ်စွာ ရှိနေ သလို မြို့ခြင်းရွာခြင်း မရှိ သောနေရာ” လို့ တစ်ဖုံ ဖွဲ့ဆို ပါတယ်။ ဒီအက်ဆေးလေး ဟာ အရေးအဖွဲ့ကောင်းသလို၊ ရည်ရွယ်ချက်လည်း ကောင်း ပါတယ်။ ဖတ်ကြည့်ပါ။ အက်ဆေးရေး ဆရာရဲ့ စေတနာကို ပြက်ပြက်ထင် ထင်မြင် တွေ့ရပါလိမ့်မယ်။
မောင်ခြိမ့်ရဲ့ မျက်ရည် လိမ်း၍ စိမ်းကားစွာ ရယ် သည် ဟာ ငွေမက်၊ ပစ္စည်း မက်တဲ့ သားသမီးတွေနဲ့ ဖခင် အပေါ် နက်ရှိုင်းစွာချစ်နေ ခဲ့တဲ့ သား(မဲအောင်) တို့ကို နှိုင်းယှဉ် တင်ပြထားတဲ့ ၀တ္ထုပါ။ အဲဒီလို တင်ပြရာမှာ ၀တ္ထုရေး သူဟာ မဲအောင်ရဲ့ အင်းလုပ်ငန်း၊ တံငါသည် ဘ၀ကို ပီပီပြင်ပြင် ရေးဖွဲ့ ထားပါတယ်။ နိဂုံးမှာ စာ ဖတ်သူရဲ့ရင်ကို လှုပ်ခတ် သွားစေတဲ့ ဇာတ်ကွက် ကလေးနဲ့ နိဂုံးချုပ်ထားပါ တယ်။ ဖတ်ကြည့်ပါဦး။
ကြူးနှစ်ရဲ့ ကျွန်တော့် အဖေ မအိုသေးပါဟာ ဖခင် အိုကြီးက သူ့ရဲ့ငယ်ချစ်ဦးဆီ ဆရာသိန်းသန်းထွန်းရဲ့ အချစ် ရူးလေးရဲ့အချစ်ဦး စာအုပ် ရယ်၊ ပန်းခြင်းရယ် ပို့ပေးခဲ့ ပုံကို ဖွဲ့ဆိုထားတဲ့ ၀တ္ထုပါ။ ဆရာ ကြူးနစ်ဟာ ၀တ္ထု အတတ်ပညာရှိသူပီပီ၊ ဖခင် အိုရဲ့စရိုက်ကို စာဖတ်သူ မြင်လာတဲ့အထိ ရေးဖွဲ့ပြခဲ့ ပါတယ်။ ဖတ်ကြည့်ပါဦး။ ၂၀၁၂ ဇွန် ပိတောက်နွယ် ဒီလ Look မှာပါတဲ့ ငြိမ်းဝေရဲ့ “အခြေခံပညာ အထက်တန်း သင်ရိုးညွှန်းတမ်း ဆိုင်ရာ မြန်မာကဗျာလက်ရွေး စဉ်ပြဋ္ဌာန်းချက်ကို ဖြည့်စွက် အကြံပြုခြင်း” ဟာ ကျောင်းသုံးကဗျာ စာအုပ်မှာ ခေတ် ပေါ်ကဗျာကို ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးထားတဲ့ ဆောင်းပါးပါ။ ဆရာ ငြိမ်းဝေက သူ့စာတမ်း ကို အပိုင်း ၃ ပိုင်း ရေးသား တင်သွင်းမယ်လို့ ဆိုပါတယ်။ အခုပိုင်း ၁ မှာ ပြဋ္ဌာန်းထား တဲ့ ကဗျာရဲ့နောက်ခံကာလ ကို ဆန်းစစ်ခြင်း။ စာအုပ်ရဲ့ အမှာကို ဆန်းစစ်ခြင်းနဲ့ ခေတ် ပေါ်ကဗျာကို ပြဋ္ဌာန်းသင့် ကြောင်း အကြံပြုချက်ရယ်လို့ ၃ ပိုင်း ရေးသားတင်ပြထား ပါတယ်။ ခေတ်ရဲ့အပြောင်း အလဲရေစီးမှာ ကျောင်းသား လူငယ်တွေ ရပ်ကျန်နေခဲ့ မှာကို စိုးရိမ်စိတ်နဲ့ တင်ပြ ထားတဲ့ ဆောင်းပါးတစ်ပုဒ် ပါ။ ၂၀၁၂ ဇွန် Look မဂ္ဂဇင်း
မင်္ဂလာရွှေမောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|