(Aug-2012)ရွှေချစ်သူမှ ရွှေချစ်သူသို့ PDF Print E-mail
Written by ၀င်းငြိမ်း   
Wednesday, 01 August 2012 16:15
Share |

သို့
လေးငြိမ်း မင်္ဂလာပါ
လေးငြိမ်း နေကောင်း ပါရဲ့နော်။ သမီးစာ နည်းနည်းရေး လိုက်ပါတယ်။ လေးငြိမ်း မအားရတဲ့ ကြားက သမီးစာကို အချိန်ပေး ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ။

buy cialis professional onlinebuy tadalafil online canadian drugstore best price cialis non generic
argaiv1354

သမီးက ရွှေ Fan-Club ကိုပါဖို့ အစီအစဉ် မရှိပါဘူး။ ဓာတ်ပုံ ဖော်ပြမှာဆိုတော့ ရှက်လို့ပါ။ ဒါပေမဲ့ ၅ လပိုင်း ရွှေမှာ လေးငြိမ်းက ရွှေချစ်သူတွေကို ဆုံတွေ့ဖို့ အစီအစဉ် ရှိတယ်လို့ ရေးထားမှ ပို့ချင်တဲ့ စိတ်ဖြစ်တာပါ။ သမီးက အားလုံးနဲ့ တွေ့ချင်တဲ့ အပြင် လေးငြိမ်းနှင့် တကွ ရွှေအဖွဲ့သား အားလုံး ရွှေကနေ အောင်မြင်နေတဲ့ စာရေး ဆရာတွေ အားလုံးကို အပြင်မှာ မြင်ဖူး တွေ့ဖူးချင် ပါတယ်။ လေးငြိမ်းနဲ့လည်း အပြင်မှာ တွေ့ပြီး စကားတွေ အများကြီး ပြောချင်ပါတယ်။ မေးချင်တာတွေလည်း အများကြီးပါပဲ။

လေးငြိမ်း မင်းသား ရဲတိုက်ကို ပြောပေးလိုက်ပါ နော်။ သမီးတို့ ညီအစ်မ နှစ်ယောက်က အားပေးနေပါတယ် လို့။ အခုဆိုရင် ဆိုင်မှာလည်း ရဲတိုက်ကို ပုံမှန် အားပေးနေတဲ့ သူတွေ ရှိပါတယ်လို့။ သမီးကတော့ ရန်အောင်၊ ရဲတိုက်၊ မိုးဟေကို သရုပ်ဆောင်ထားတဲ့ နပန်း ဇာတ်ကားမှာ မင်းသား ရဲတိုက် သရုပ်ဆောင်တဲ့ အိုက်တင်တွေကို အရမ်းကြိုက်ပါတယ်။ လေးငြိမ်းရော ကြည့်ဖူးလား။ ဒီလမှာ ထွက်တဲ့ အမည်ခံချစ်သူ ဇာတ်ကားမှာလည်း အရမ်းကောင်းပါတယ်။ အဲဒီဇာတ်ကားမှာ ရဲတိုက်ကို ဖွေးဖွေးက ဖုန်းမဆက်တော့ ဘူးလို့ပြောပြီး ဖုန်းချလိုက်တဲ့ အခန်းမှာ ရဲတိုက်က စိတ်ဆိုးပြီး ဟာလို့ အော်တဲ့ အသံကို သရုပ်ဆောင်တာ ကောင်းတဲ့ အတွက် အဲဒီ အော်သံကို ကြိုက်ပါတယ်လို့။ လေးငြိမ်း သမီးစာကိုဖတ်ပြီး မရယ်ပါနဲ့နော်။ မင်းသား ပြေတီဦးက သရုပ်ဆောင် ဒွေးရဲ့ အိုက်တင် အရမ်းပါတာပဲ။ လေးငြိမ်းရော အဲဒီလို ထင်ပါသလား။ သမီးက အဲဒီလိုပြောရင် ပြေတီဦး ကြိုက်တဲ့သူတွေက စိတ်ဆိုးမယ် ထင်တယ်နော်။ လေးငြိမ်း တို့ ရန်ကုန်မှာတော့ ဒီဇာတ်ကားတွေက ထွက်ပြီးရောပေါ့။ သမီးတို့ နယ်ကတော့ ကြာတဲ့အတွက် ဒီလမှ ကြည့်ရတာပါ။ နပန်း ကတော့ ကြည့်ပြီးတာ ကြာပါပြီ။ ရေးချင်နေတာလည်း ကြာပါပြီ။ ခုမှ ရေးဖြစ်တယ်။ ဒီစာက လေးငြိမ်းဆီကိုပဲ ရေးတာပါ။ လေးငြိမ်းဖတ်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ သမီး ဖုန်းနံပါတ်ကို လေးငြိမ်းကိုပဲ ပေးချင်ပါတယ်။ တစ်မျိုး မထင်ပါနဲ့နော်။ သမီး ဖုန်းနံပါတ်ကို မဂ္ဂဇင်းမှာ မရေးချင်လို့ပါ။ သမီးက အချိန်ပြည့် အိမ်မှာ မရှိလို့ပါ။ ညကို ဆိုင်ပိတ်ပြီးမှ ပြန်ရတာ ဆိုတော့ ၉ နာရီမှ အိမ်ပြန်ရောက်ပါ တယ်။ ဒါကြောင့်ပါ။ လေးငြိမ်းကိုတော့ ရွှေချစ်သူတွေ တွေ့ဆုံဖို့ စီစဉ်တဲ့ အခါ သမီးကို အကြောင်းကြားနိုင်အောင်ပါ။ လေးငြိမ်းတို့ ရွှေက သမီးအကောင့်ကို လက်မခံသေးဘူးနော်။ သမီးက အင်တာနက်ကိုလည်း သိပ်မကျွမ်းကျင်ပါဘူး။ လေးငြိမ်းကို G-mail ကနေ စာရေးရင်ပိုမြန်မလားလို့ပါ။ သမီး စာရှည်သွားတဲ့အတွက် တောင်းပန်ပါတယ်။ သမီးစာကို စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတဲ့ လေးငြိမ်းတစ်ယောက် ကျန်းမာပါစေ လို့ ဆုတောင်းရင်း နှုတ်ဆက်ပါတယ်။
သမီး
နန်းမေဇင်(ဇင်မာ)
ကလေး။ ၀၉-၄၇၆၀၆၄၁၆

ရဲတိုက်နဲ့ ပြေတီဦးကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကိုယ်ရေးကိုယ်တာ သီးခြား ဖုန်းဆက် ဖို့ အချိန်မရတဲ့ အတွက် ဖုန်းမဆက်သွယ် နိုင်တာကို မေတ္တာ ရပ်ခံပါတယ်။ G-mailနဲ့ ပေးပို့တဲ့ စာများကိုလည်း စာတိုက် ကလာတဲ့ စာများ တန်းတူ ပြန်ကြား ပေးနေပါတယ်။


မင်္ဂလာပါ ဦးဝင်းငြိမ်း ခင်ဗျာ
ဆရာရေ အရင်က ၀တ္ထုတွေဟာ ဘယ်လိုကောင်းမှန်း မသိအောင် ကောင်းလှတယ်။ ဆရာမ ဂျာနယ်ကျော်မမလေး ရဲ့ ၀တ္ထုတွေဆိုရင် အရင်က လှည့်မကြည့်မိတာ မှားလိုက်တာ။ အခု သူမ ဆိုတဲ့ စာအုပ်စဖတ်မိကတည်းက ဆရာမ ရဲ့ စာအုပ်တွေကို ရှာဖွေ စုဆောင်းနေမိပါပြီ။ အခု ၀တ္ထုတွေက တော့ ၀ယ်သိမ်းရတာ မတန်သလို ခံစားမိတယ်။ ဆရာမ နှင်းဝေငြိမ်းရဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတ ကို ရုပ်ရှင်ရိုက်မယ် ဆိုလို့ စာအုပ်ရှာဖတ်တာ မတွေ့ဘူး။ ဆရာမ ရဲ့ အရင်က စာအုပ်တွေ ဖတ်ဖူးပါတယ် ဆရာ။ ဆရာမဆီ ဖုန်းဆက်တော့ ဆရာမရဲ့ ချိုသာစွာ ဖော်ရွေမှုကို တွေ့ရပြန် တော့ အံ့သြရတယ်။ ၀မ်းသာ ရပါတယ် ဆရာ။
စာပေ လောကသားများကို ချစ်တဲ့
မိုးနှောင်း

ဟုတ်ကဲ့၊ အရင်ခေတ်က စာရေးဆရာကြီးများရဲ့ စာများက ဘယ်အချိန် ဖတ်ဖတ် ကောင်းနေတာပါပဲ။ စာကောင်းပေ မွန်များကို များများ ရှာဖတ်စေချင်ပါတယ်။

ဦးဝင်းငြိမ်း ခင်ဗျာ
သတ္တမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီနော်။ ဒီနှစ်ဆုရတဲ့ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုငွေတွေကိုကြည့်ပြီး ဆရာဦးဝင်းငြိမ်းတို့ ရဲ့ စာပေအပေါ် တန်ဖိုးထားမှု ဘယ်လောက် ကြီးတယ်ဆိုတာ ခန့်မှန်းမိပါတယ်။ အခက်အခဲတွေ ကြားကနေ တစ်နှစ်ပြီး တစ်နှစ် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အတွက် အရမ်း ၀မ်းသာ ဂုဏ်ယူမိပါတယ် ခင်ဗျာ။

ဒီစာကို စွမ်း မွေးနေ့ရှိတဲ့ သြဂုတ်လထုတ်မှာ အမီ ရေးချင်တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခုမှ ရေးဖြစ်ပါတယ်။ ဒီစာ ဆရာတို့ဆီရောက်တဲ့ အချိန်မှာတော့ သြဂုတ်လ အတွက် မျက်နှာဖုံး စီစဉ်ပြီးလောက်ပြီဖြစ်မှာပါ။ တကယ်လို့များ သြဂုတ်လထုတ်မှာ စွမ်း Cover မရိုက်ရသေး ရင် အဆင်ပြေတဲ့ တစ်လမှာ သူ့ Cover ကို ဖော်ပြပေးပါဦး။ စွမ်းက ဇာတ်သဘင်မှာရော ရုပ်ရှင် ဂီတဘက်မှာပါ ကြိုးစားတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ဇာတ်ကားတွေဖြစ်တဲ့ ပီတိ၊ အဆုံးမဲ့ ရှင်သန်ခြင်း၊ သူလိုလို ငါလိုလို စတဲ့ ဇာတ်ကားတွေ မှာ သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ ဇာတ်သဘင် မှာလည်း နှစ်တိုင်း ကျွန်တော်တို့မြို့မှာ ရုံပြည့်ရုံလျှံရုံကွဲတဲ့အထိ အားပေးခံရပါတယ်။ ပရိသတ်အပေါ် မာန်မာနမထား ဖော်ရွေ သဘောကောင်းတဲ့ စွမ်း သြဂုတ်လမှာ ကျရောက်တဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှစပြီး ပရိသတ်ချစ်သော အနုပညာရှင် တစ်ယောက်၊ မြန်မာ့ဇာတ် သဘင်လောကကို ဂုဏ်မြှင့်ပေးနိုင်သော ပြည်သူချစ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

ဦးဝင်းငြိမ်း ခင်ဗျာ နောက်ဆုံးအနေနဲ့ တောင်းဆိုချင် တာက စိုးမြတ်နန္ဒာကို ရွှေမှာ ဖော်ပြပေးပါဦး။ မကြီးစိုးကို ရွှေမှာ တစ်နှစ်တစ်ခါ Cover နဲ့ အင်တာဗျူး တွေ့ရပေမဲ့ ဒါဒါ့ကို အခုနောက်ပိုင်းရွှေမှာ မတွေ့ရတာ ကြာပြီမို့လို့ပါ။
မင်းမင်း(တောင်ငူ)

ဒီလ မျက်နှာဖုံးက စွမ်းဖြစ်တာကြောင့် ကျေနပ်ပြီ ထင်ပါတယ်။ စိုးမြတ်သူဇာရဲ့အဖုံးလည်း မကြာမီ လာမည် မျှော်။

သို့
လေးစားရပါသော ဆရာဦးဝင်းငြိမ်းနှင့် ရွှေအဖွဲ့သား များရှင့်
ယခု ဇူလိုင်လမှာ ပါသော ဆရာမ ဝေ(စီးပွားရေး တက္ကသိုလ်)ရဲ့ အံဝှက် မပါတဲ့ တံခါး ၀တ္ထုတိုလေးကို အရမ်း နှစ်ခြိုက်မိပါတယ်။ ဆရာမဝေကိုလည်း အားကျမိပါတယ်။ ကျွန်မ အနေနဲ့ ရွှေကို ၀တ္ထုတိုနှစ်ပုဒ် ပို့ထားပါတယ်။ နှစ်နှစ် စောင့်ရမယ် ဆိုရင်လည်း ကျေကျေနပ်နပ်ကြီး စောင့်မိမှာပါပဲ။ အခုလည်း နောက်ထပ် စာမူပို့လိုက်ပါတယ်။ နောင်လည်း ပို့နေဦးမှာပါပဲ ဆရာ။ ကျွန်မရဲ့ ကံ၊ ဉဏ်၊ ၀ီရိယတွေ တိုက်ဆိုင်လာတဲ့ တစ်နေ့မှာတော့ ကျွန်မ ပျိုးထားတဲ့ စာပန်း တစ်ပွင့်က ဆရာတို့ ရွှေပျိုးခင်းမှာ ပွင့်ဖူးလာမှာပဲလို့ ကျွန်မ ယုံကြည်ထားပါတယ် ဆရာ။ တစ်ခုပဲ သေချာ ဆုတောင်းမိ ပါတယ်။ ပျိုးခင်းကို စောင့်ရှောက်နေကြတဲ့ ဆရာနဲ့ ဆရာမ  မသီတာ (စမ်းချောင်း)တို့ ရွှေအဖွဲ့သားအားလုံး ကျန်းမာကြ ပါစေလို့ပေါ့။ ဆရာတို့ ကျန်းမာနေမှ ကျွန်မတို့ ကလောင်သစ် လေးတွေ လန်းဆန်းနိုင်ကြမှာလေ။

ကျွန်မ တိုးဝင် လာခဲ့တဲ့ စာပေ လမ်းတစ်လျှောက်မှာ စာတု လူယောင်တွေနဲ့လည်း တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မတို့လို ကလောင်သစ်တွေကို ရိုးသားမွန်မြတ်တဲ့ စိတ်ထားနဲ့  ကိုယ်ပိုင်ကိုယ်တိုင်စာစစ်တွေကို ဖန်တီးနိုင်တဲ့သူတွေ ဖြစ်ပါ စေလို့လည်း ဆန္ဒပြုလိုပါတယ်။ နှစ်နှစ်စောင့်ရလို့ စိတ်ဓာတ် ကျကြတဲ့ ရေးဖော်ရေးဖက် ၀ါသနာတူ သူငယ်ချင်းတွေကို လည်း ပြောလိုပါတယ်။ အားမလျှော့ကြပါနဲ့လို့။ ကျွန်မ ၀တ္ထု တိုလေးတစ်ပုဒ်ဆို နှစ်နှစ်လောက်ရှိမှ ပြစ်မှု မဂ္ဂဇင်းမှာပါလာတော့ ကျွန်မ အံ့သြ၀မ်းသာဖြစ်ခဲ့ရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ဖက်ကောင်း စားချင် ပလောင် တောင်တက်နှေးရသတဲ့။ ကိုယ့်အရေးအသားတွေ ကောင်းမွန် လာတဲ့နေ့ စင်ပေါ်ရောက် မဲ့နေ့လို့ သဘောထားပြီး ဆက်ရေး တွေးကြပါလို့။

ဆရာရေ ကျွန်မ Fan Club ကဏ္ဍကို ဓာတ်ပုံ ၁ ပုံနဲ့ လျှောက်လွှာပို့ထားတာ ၅ လပိုင်းကတည်းကပါပဲ။ ၀တ္ထုတို ၂ ပုဒ်နဲ့ အတူပို့လိုက်တာ။ ၀တ္ထုတို ၂ ပုဒ်ရောက်ကြောင်း တော့ပါပြီး Fan Club ကဏ္ဍမှာတော့ ကျွန်မ အမည်မတွေ့ ရသေးဘူး။ ဘာလို့လဲ မသိဘူး ဆရာ။ အခုလည်း ထပ်ပို့ လိုက်ပါတယ်။ ဆရာတို့ရဲ့ Fan Club ကဏ္ဍမေးလ်တွေကနေ Onile ပေါ်က ၀ါသနာတူ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခင် မင်ခွင့်ရလို့ ကျေးဇူးပါဆရာ.....
အားလုံးရွှင်လန်းကြပါစေ
မြင့်မြတ်သိင်္ဂီ

ရွှေအသစ် ကဏ္ဍအတွက် ၂ နှစ်စောင့်ရတယ် ဆိုတာ ကျွန်တော်တို့လည်း ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စ ဖြစ်နေပါ ပြီ။ အခုနောက်ပိုင်း ရွှေအသစ် ကဏ္ဍ ပေးပို့သူ အရေအတွက် နည်းလာတာကြောင့် နောက်ပိုင်းမှာတော့ တစ်လချင်း အပြတ် ရှင်းနိုင်မယ် ထင်ပါတယ်။

အစဉ်လေးစား ရိုကျိုးစွာဖြင့်
ဆရာဦးဝင်းငြိမ်း ခင်ဗျာ
ကျွန်တော် အောင်စိုးခိုင်သည် ဆရာ့တပည့် ပီစွာ ရွှေအမြုတေ ရတနာကို ဆရာပြုစုထား၍ ချစ်သလို ချစ်မြတ်နိုး သူဖြစ်ပါသည်။ ရွှေအသစ်ဝတ္ထုတိုကဏ္ဍတွင် ပါဝင်ခွင့်ရရန် ကြိုးစားရေး ဖွဲ့ပင်ရေးဖွဲ့ငြားလည်း သရုပ်မှန် အနုပညာဝါဒီ ကလောင်ဆီ ကလောင်အနှစ် အစစ်အမှန်ပြနိုင်မှသာ ဆရာ၏ မဟာကမ်း သမုဒ္ဒရာကို ခရုကောက်ခွင့် ရှင်သန်ခွင့်ရမည်ဖြစ်ကြောင်း သိသမို့ အမြဲပင်ကြိုးစားသော်လည်း မမီသေး၍ အချီ အမွှမ်း မရနိုင်သေးပါ။

သို့သော် ကျေနပ်ပါသည်။ ဆရာ၏လက်တစ်ဆုံး ပြုစု ရှင်သန်ထားသော ရွှေအမြုတေ မဂ္ဂဇင်းကြီးသည် တိုင်းပြည် နိုင်ငံ၏ အချစ်ဆုံး မဂ္ဂဇင်းကြီးများထဲ ၁ နံပါတ်စွဲနေ၍ ကိုယ့်စာမူပင်မပါနိုင်သေးသော်လည်း ဖတ်ရလျှင် ရွှေမှ ပီပြင် ဆိုသလို ဆရာစွဲ ၀ါဒစွဲကင်းစွာ ဤစာကို ကိုယ့်မဏ္ဍိုင်ဆရာ ဆရာ ဦးဝင်းငြိမ်းထံ မရေးမဖြစ်ရေးလိုက်ပါကြောင်း။

ဆရာသည်လည်း နှစ်စဉ်နှစ်တိုင်းပင်ငွေကြေးများ အလွန် များပြားစွာကုန်ကျခံလျက် ဆရာ့မွေးနေ့နှင့်အတူ ရွှေအမြုတေ  စာပေဆုပေးပွဲ ဆင်နွှဲလာခဲ့သည်မှာ ယခု ၂၀၁၂ ဆိုလျှင် ၇ ကြိမ် ပြီးစီးခဲ့ပါပြီ။ ဆရာ့ ဖခင်မြန်မာ့ကာယဗလ ဆရာကြီး ဆရာကြီး ကျားဘညိမ်းသာ သက်ရှိထင်ရှားရှိသေးမည် ဆို ပါက ဒါမှ ငါ့သားကွ ဖေ့သားကြီးကွလို့ အားတက်သရော လက်ပန်းပေါင်းခတ်မည်လား မဆိုနိုင်လောက်အောင် တိုင်း ပြည်လူကြီး လူကောင်းများ ပီတိပွားကြပါကြောင်း ကျွန်တော်မှ မပို မလို အရှိကို အရှိအတိုင်းရေးလိုက် ပါသည်။
အဖွဲ့ဝင် တပည့်
အောင်စိုးခိုင်

ရွှေအမြုတေကို အားပေးတဲ့ အတွက် ကျေးဇူးပါ။

ဦးဝင်းငြိမ်းရေ
ဟိုတစ်ခါတုန်းက အဲဒီနှစ်က ရွှေအမြုတေ စာပေဆုရ စာမူတွေ အကြောင်းနဲ့ ဒီနေ့ လူငယ်စာဖတ် ပရိသတ်တွေကြား မှာ (ခေတ်စကားနဲ့ ပြောရရင်) “ပေါက်”နေတဲ့ လူငယ်စာရေး ဆရာလေးရဲ့ဝတ္ထုပါစာတချို့နဲ့ ကွယ်လွန်ပြီးတဲ့ ဆရာတာရာမင်းဝေရဲ့ စာတချို့ အံ့ဖွယ် လာတူနေတဲ့ အကြောင်းတွေ ရေးခဲ့တာပါ။ ဒီတစ်ခါလည်း ဒီနှစ်ရွှေအမြုတေ စာပေဆုရ စာမူ တွေအတွက် မုဒိတာ စကားနဲ့ စိတ်ထဲကို အဆင်မပြေ ဖြစ်လာတဲ့ စာပေ ကိစ္စတချို့အကြောင်းကို ရေးလိုက်ပါတယ်။ အရည် မရ၊ အဖတ်မရ ပေးစာတွေပဲ ပါနေရင်လည်း အားမနာတမ်း ပယ်ပစ်လိုက်ပါ။ မိမိ ရေးရတာကလည်း သက်ဆိုင်သူတွေ သိရှိစေဖို့လိုရင်းပါ။

၂၀၁၂၊ ဧပြီ ၃၀ ထုတ် အလင်းတန်း ၇၀၂ ပါစာအမှား တချို့နဲ့ စချင်ပါတယ်။ စာ ၂၄ က မောင်နှင်းပန်းရဲ့ဝတ္ထုရှည် ခန့်မှန်းချက်မှာ“ဆရာနိုင်မြင့်ရဲ့ ထန်းရိပ်လှေကလေးများ” လို့ ဖော်ပြထားပါတယ်။ အမှန်က “ဒိုက်ငြိလှေကလေးများ”လို့ ယူဆပါတယ်။ စာ ၂၅ က ဏ ဆာမိရဲ့ ရသစာတမ်းခန့်မှန်း ချက်မှာလည်း တက္ကသိုလ်ဝင်းမွန်ရဲ့ ဆားတဲ လို့ စာစီထား ပါတယ်။ အမှန်က ဆားဒယ် ပါ။ ဒီအမှားလေးတွေက မပြော ပလောက်ပေမဲ့ ဖြစ်လည်းမဖြစ်သင့်ပါ။

၂၀၁၂၊ မေ ၇ ထုတ် အလင်းတန်း ၇၀၃၊ စာ ၃၀ ပါ ဆရာမ ခင်ပန်နှင်းရဲ့ဆောင်းပါးထဲက အမှား တစ်ခုကိုလည်း ဆက်ပြောချင်ပါတယ်။ အဲဒါကတော့ ဆရာကြီးမြသန်းတင့်ရဲ့ ထားကျွန်မလင် ၀တ္ထုထဲက “ထားခင်အိနဲ့ ထားခင်မူတို့ သားအမိနှစ်ယောက်”လို့ ရေးထားတာပါ။ အမှန်က သူတို့ဟာ ညီအစ်မတွေပါ။ သူတို့ရဲ့အမေက ဒေါ်သိန်းသိန်း။

ဆရာကြီး မြသန်းတင့်ရဲ့ဝတ္ထုဇာတ်ကောင် နေရာအမှန် အကြောင်းပြောရင်း ကြုံလာတုန်းမို့ အလွဲလေး တစ်ခုကို ကြားညှပ်ပြောချင်ပါသေးတယ်။ ရွှေ FM ရဲ့ တွေ့ဆုံခန်းတစ်ခု မှာ ဆရာမ လွန်းထားထားရဲ့ “သခင်မြသန်းတင့်ရဲ့ စာအုပ် တွေကိုလည်း ဖတ်ပါတယ်”ဆိုတဲ့ စကားကို ကြားလိုက်ရ တော့ မျက်လုံး ပြူးသွားရပါတယ်။ (တကယ်လို့ မိမိနားကြား လွဲသွားတာ ဆိုရင် ခွင့်လွှတ်ပါ။) မြသန်းတင့်နဲ့ သခင်မြသန်း ဟာ စာရေးဆရာ တစ်ဦးစီဖြစ်သလို မြန်မာစာပေ လောကမှာ သခင်မြသန်းတင့် အမည်နဲ့ စာရေးဆရာလည်း မရှိတာကို သိမှာပါ။ လက်တန်းမို့ လွဲပြောမိတာလို့ ယူဆပါတယ်။

(ဆရာမဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများ ၀တ္ထုကိုရှာလို့ မတွေ့သေးရင် မိမိဆီမှာ ရှိပါတယ်။ လိုအပ်ရင် ဆက်သွယ်လိုက်ပါ။ ပို့ပေးပါ့မယ်။ အလင်းတန်း ၇၀၈ ၊ စာ ၄ ကို ဖတ်ရင်း စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာလို့ ကြားဖြတ်ပြော မိတာကို ခွင့်လွှတ်ပါ။)

ဒီနှစ် ရွှေအမြုတေ စာပေဆုရ စာမူတွေကိုတော့ အထူး မချီးမွမ်းတော့ပါဘူး။ ဆုရစာမူတွေကို သိရတာနဲ့ မဖတ်ရ သေးတာတွေ ရှာဖတ်၊ ဖတ်ပြီးသားတွေ ပြန်ဖတ်လိုက်တော့ စိတ်ကို ကျေနပ်စေတာ အမှန်ပါ။ ဝေ(စီးပွားရေးတက္ကသိုလ်)ရဲ့ ဆူးဖယ်လက် ရသစာတမ်း ကိုတော့ ဒီနှစ်ထဲက အကြိုက်တကာ့ အကြိုက်ဆုံးလို့ အခွင့် ကြုံတုန်း ပြောလိုက်ပါရစေဦး။
မုဒိတာဖြင့်
ရွှေချစ်သူ

အလင်းတန်း ဂျာနယ်က တစ်ပတ်တစ်ကြိမ် ထုတ်ဖြစ်ပါတယ်။ တစ်ပတ် အတွင်းမှာ အချိန်မီပြီးအောင် တက်သုတ်နှင် ဖန်တီးကြရတာကြောင့် တစ်ခါတစ်ရံမှာ အမှားပါသွား တတ်ပါတယ်။ အဲဒီလို အမှားပါရင် အပြစ်မမြင် အချစ်ဝင် ပါစေလို့ ပြောပါရစေ။

လေးလေးငြိမ်းနှင့် ရွှေအဖွဲ့သားများ အားလုံး မင်္ဂလာပါရှင်
သမီးက အခု ပထမဆုံး ရေးတာမို့ အမှားပါရင် ခွင့် လွှတ်စေချင်ပါတယ်။ သမီးပြောချင်တာကတော့ စာရေး ဆရာ၊ ဆရာမ တစ်ယောက်ဖြစ်ဖို့ အတွက် စာများများဖတ်ရုံ မှတ်ရုံလောက်နဲ့ လုံလောက်ပါသလားရှင်။ နောက်ပညာ အရည်အချင်း ဘယ်အဆင့်လောက်ရှိသင့်ပါသလဲရှင်။ ယခု စာပေရှင်များဟာ အများအားဖြင့် ခေတ်ရေစီးကြောင်းကို လိုက်ပြီးရေးနေပေမဲ့ စာသားအများစုဟာ မြန်မာလို ရေးလို့ ရနေပေမဲ့ အင်္ဂလိပ်လို ရေးနေတာ ဘာကြောင့်လဲလို့ စဉ်းစား မိတယ်။ စာဖတ်ပရိသတ်ဟာ ပညာတတ်လူတန်းစားမှ ပညာမဲ့ လူတန်းစား အားလုံး ဖတ်ကြတာဖြစ်တဲ့အတွက် ၀လုံးတန်းပဲ အောင်တဲ့ သူတွေအတွက် အခက်အခဲအများ ကြီး ရှိပါတယ်။ မြန်မာ စကားရဲ့ဝေါဟာရ ကြွယ်ဝမှုကို မသိနားမလည်တဲ့ လူတွေရှိနေတဲ့အတွက် ပရိသတ်နားလည် စေမဲ့ စာသားမျိုးနဲ့ မြန်မာလို ရေးလို့ရနိုင်တဲ့ စာသားမျိုး ကိုပဲ ဦးစားပေး ရေးပေးပါလို့ လေးလေးကတစ်ဆင့် ပြော ပေးပါနော်။

စာရေးဆရာမ ငွေဇင်ယော်ဦးရဲ့ လိပ်စာနဲ့၊ မာန်(တောင် လုံး ပြန်)ရဲ့ လိပ်စာကို သိချင်ပါတယ်ရှင်။ အမှတ် ၂၆၈ မတ်လထုတ် စာရေးဆရာမ ငွေဇင်ယော်ဦးရဲ့ ကိုယ့်နေရာ သူ့နေရာ ဆိုတဲ့ ၀တ္ထုတိုလေးကို အရမ်းကြိုက်ပါတယ်။ သမီး တို့ကို ရည်ရွယ်ထားသလိုပါပဲ။ ဆရာမ ငွေဇင်ယော်ဦးက လုံးချင်း ၀တ္ထု မထုတ်သေးဘူးလားလို့ မေးချင်ပါတယ်။ ရွှေရဲ့ မျက်နှာဖုံးမှာ“ဇေယျ” ရဲ့ပုံလေး မြင်ချင်ပါသေးတယ်ရှင်။ ရွှေဒီ့ထက်မက အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါစေရှင်။
ရွှေရဲ့ အမာခံပရိသတ်
ဆွေမာအောင်အောင်၊
ရွှေကူ

စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ပညာ အရည်အချင်း၊ ကန့်သတ်ချက် မရှိပေမဲ့ စာဖတ်အား ကောင်းဖို့တော့ လိုပါ တယ်။ များများဖတ်မှသာ အသိပညာ ကြွယ်ဝစွာနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဆရာမ ငွေဇင်ယော်ဦး(မိုးကုတ်)က ၀တ္ထု တိုပေါင်းချုပ် တစ်အုပ် ထွက်ပြီးပါပြီ။ လိပ်စာတွေကိုတော့ ကျွန်တော့်ကို မမေးစေချင်ပါ။

မင်္ဂလာပါ
ဆရာ
ရွှေမှာ ထူးခြားတာကတော့ မင်းသားများရဲ့ပုံများကို သာ လစဉ်တိုင်းမျက်နှာဖုံးတင်ထားတဲ့အတွက် အလွန်ပဲ ကျက်သရေ ရှိလှပါတယ်။ သုတ၊ ရသ ပြည့်စုံစွာနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနု ပညာရှင်များရဲ့ လှုပ်ရှားမှုများကို အလှည့်ကျဖော်ပြပါရှိတဲ့ အတွက်လည်း အထူးပဲ ၀မ်းသာလှပါတယ်။

ကြုံရာဆုံရာ တစ်မိနစ်တာ ကဏ္ဍမှာ စွမ်း၊ ဖိုးချစ်နဲ့ ဟန်ဇာတို့ကို ထည့်ပေးစေချင်ပါတယ်။ အသက်အငယ်ဆုံး မင်းသားလေးဖြစ်တဲ့ စွမ်းရဲ့မွေးလ မှာ ဒီနှစ်မှာလည်း မျက်နှာဖုံးရှင်အဖြစ် မြင်ခွင့်ရခဲ့ရင် အတိုင်း မသိ၊ ၀မ်းသာမိမှာပါ။ August,03,2012 မှာ ကျရောက်မဲ့ စွမ်းရဲ့မွေးနေ့မှာ ပျော်ရွှင်မှုများပြီးပြည့်စုံ၍ အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါ စေလို့ ဆုတောင်းပေးကြောင်းလည်း ပြောပေးပါဦးနော်။

ဇာတ်ကရင်း ဘုရားတည်နေတာ သိလိုက်ရတဲ့အတွက် စွမ်းလေးအတွက် ၀မ်းသာဂုဏ်ယူလို့ မဆုံးပါဘူး။ စွမ်းနဲ့အတူ ရွှေလည်း အောင်မြင်မှု သရဖူများစွာရာ သက်ပန် ပန်ဆင်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း။
သိင်္ဂီမွှေး၊ မြစပယ်
မင်းလှ

ဒီလ မျက်နှာဖုံးက စွမ်း ဖြစ်တဲ့အတွက် တောင်းဆိုထားတာ ပြည့်စုံသွားပြီ ထင်ပါတယ်။

သို့...
မင်္ဂလာပါ ဘဘဦးဝင်းငြိမ်း
ဘဘတောင် အသက် ၆၆ ပြည့်ပြီကိုး။ ၆၆ နှစ်မှ အသက် ရာကျော်အထိ ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့စွာနဲ့ စာပေ လုပ်ငန်းကို လုပ်ဆောင်နိုင်ပါစေလို့ သမီး ဆန္ဒပြုလိုက်ပါတယ်။ သမီးက ရွှေချစ်သူ တစ်ယောက်ပါ။ ရွှေအသစ် ကဏ္ဍမှာ ပါဝင်ခွင့် ရဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ သမီးတို့လို စာပေ ၀ါသနာပါပြီး ကလောင် သွေးချင်တဲ့ သူတွေအဖို့ ဘဘရဲ့ ရွှေအသစ် ကဏ္ဍက အားကိုးအားထားရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၂၊ ဇွန်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါလာတဲ့ ရွှေအမြုတေ စာပေ ဆုပေးပွဲ အခမ်းအနား ဓာတ်ပုံတွေ ကြည့် ပြီး သမီးဖြင့် မျက်ရည်တွေတောင် ၀ဲတယ်။ ဆုရတဲ့သူတွေ အစား ၀မ်းသာပီတိဖြစ်မိတယ်။ ငါလည်းတစ်နေ့ အဲဒီ့အခမ်း အနားကို တက်ခွင့်ရအောင် ကြိုးစားမယ်လို့လည်း ကြုံးဝါး မိတယ်။

စာရေး စာဖတ်ကို ရူးသွပ်လွန်းလို့ သာပါ။ သမီးတို့ပတ် ၀န်းကျင် အသိုင်းအ၀န်းမှာ သမီးရဲ့ရူးသွပ်မှုကို အားပေးမဲ့ သူ မရှိပါဘူး။ စာအုပ်တွေဖတ်လွန်းရင် ကြောင်သွားမယ်လို့ ပြောတဲ့သူလည်း ရှိပါတယ်။ နေ့တိုင်းတစ်နေ့ကို အနည်းဆုံး တစ်အုပ်တော့ ဖတ်ဖြစ်အောင် ဖတ်ပါတယ်။ လစဉ်ထွက် မဂ္ဂဇင်းတွေလည်း မလွတ်စေရအောင် ဖတ်ပါတယ်။ တစ်ယောက်က ပြောတယ်။ စာအုပ်က ၁၀၀၊ မဂ္ဂဇင်းက ၃၀၀၊ မီးမလာတဲ့နေ့ ဖယောင်းတိုင်ဖိုးပါ တွက်ရင် ငွေတွေ ကုန်မှာပဲ။ နင်ပိုက်ဆံ မနှမြောဘူးလားတဲ့ ဘဘရေ။ ငွေတန် ကြေးထက်များတဲ့ ဗဟုသုတတွေ၊ အသိပညာတွေ ရတာကျ တော့ သူတို့ကမမြင်ဘူး။ ခုခေတ်လူငယ်တွေ စာဖတ်အား နည်းတာ။ ကိုရီးယားဇာတ်ကား ရူးတာ။ အင်တာနက်မှာ ရည်းစားနဲ့ တစ်နေကုန် စကားပြောတာ၊ ခနဲ့တာ၊ ရွဲ့တာတွေ ကြည့်ပြီး သမီး တကယ် စိတ်မကောင်း ဖြစ်မိတယ်။

အခု သမီး စာအုပ် ငှားဖတ်တဲ့ ဆိုင်က သမီးတို့ အိမ်နဲ့ဆို ရှစ်မိုင်လောက် ဝေးတယ် ဘဘ။ အနီးနားက ဆိုင်တွေက သုတ၊ ရသ အစုံ မတင်တဲ့ အပြင် မဂ္ဂဇင်းဆိုလည်း စုံထောက်နဲ့ ဂမ္ဘီရ မဂ္ဂဇင်းပဲ ရှိတာမို့။ အဝေးထိ သွားရတာ။ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ၀တ္ထုဖြစ်တဲ့ နာမကျန်းသည် အိုနှင်းဆီ ထဲက “တိုင်းပြည် တစ်ပြည်မှာ ဘွဲ့ရပညာတွေတတ် အများကြီးထုတ်ပေးနိုင် တယ်။ အရာရှိတွေလည်း ထုတ်ပေးနိုင်ပါတယ်။ အောင်မြင်တဲ့ တကယ့်စာရေးဆရာတွေ အများကြီး ထုတ်မပေးနိုင်ပါဘူး” တဲ့။ သမီးလည်း အနည်းစုထဲက တစ်ယောက်ဖြစ်ချင်တယ်။ ဘဘ။

သမီးပြောချင်တာတွေများလို့ စာလည်းရှည်သွားပြီ။ ဘဘရဲ့အချိန်တွေလာလုမိတာ တောင်းပန်ပါတယ်။ ဘဘ ကျန်းမာပျော်ရွှင်ပါစေ။
မိုးကြာဖြူခင်(ကလေး)

မိဘ တော်တော်များများက စာရေး၊ စာဖတ်တာကို အားမပေးချင်ကြပါဘူး။ တခြား အပျော်အပါးတွေ မိဘ မျက်ကွယ်မှာ လိုက်စား နေကြမဲ့ အစား မိဘမျက်စိ ရှေ့အောက်မှာ စာဖတ် နေတာက ပိုပြီး စိတ်အေးချမ်းစရာ ဖြစ်မယ်ဆိုတာ။ မိဘများ နားလည်ကြဖို့ လိုပါတယ်။

သို့...
ရိုသေ လေးစားရပါသော အန်ကယ် ဆရာဦးဝင်းငြိမ်း မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်လိုက်ပါတယ်။
ကျွန်တော်က ရွှေအသစ် ကဏ္ဍသို့ ၀တ္ထုတွေ ပို့နေတဲ့ ဇိုထရာဗိုပါ။ တစ်ခါမှ မရေးဖူးတာမို့ မှားတာရှိရင် ခွင့်လွှတ်ပါ။ ကျွန်တော်ပို့တဲ့ ၀တ္ထုတွေဟာ ဒီလပါဆိုရင် ၆ ပုဒ်ရှိသွားပါပြီ။ ကျွန်တော်နှင့် မြို့ပြရဲ့သရများ၊ ညမိုက်ပန်း ကြွေအလင်း သစ်ဝေခဲ့၊ မျှော်လင့်ခြင်း၊ ကောင်းကင်ပြိုတဲ့ည၊ သံယောဇဉ် အိပ်မက်၊ ယခုလ ငါ့ကိုချစ်ရင် သူ့ကိုလက်ထပ်ပါ ဆိုတဲ့ စာမူလေးတွေပါ။ မပို့ခင် သေချာ စိစစ်ပြီး စည်းကမ်းချက်နဲ့ ညီမယ် ထင်ပြီး ပို့လိုက်ပေမဲ့ ပို့ပြီးမှ သိပ်စိတ်တိုင်း မကျမိဘူး။ ဆရာတို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့လည်း မကိုက်ညီ ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒီအတွက် ဆရာ့ကို တောင်းပန် ပါတယ်။ စည်းကမ်း မညီတဲ့ ကျွန်တော့် စာမူလေးတွေကို မဖတ်ဘဲ ထားပါနဲ့။ ကျေးဇူးပြုပြီး ဖတ်ပေးပါ ဆရာရယ်။ ဝေဖန်ပေးပါ။ ပြီးတော့ ကျွန်တော့် စာမူလေးတွေက ဘယ်တော့လောက် ဝေဖန်ချက်ပါမလဲ။ ဖော်ပြခံရမလဲ ဆိုတာ သိခွင့် ရှိပါရစေ။ ကျွန်တော့် ပို့ထားတာ ၂၀၁၁ စက်တင်ဘာလ က စပြီး ပို့ထားပါတယ်။ ကျွန်တော် လာပို့တော့ အဲဒီက အစ်မကြီးက တစ်နှစ် စောင့်ရမယ်တဲ့။ သူ ပြောသလိုဆိုရင် ကျွန်တော့်စာမူလေးက ၉ လ ပိုင်းဆို အကျိုးအကြောင်း သိရမှာ ပေါ့နော်။ အေးမြတ်မြတ်ချို ရေးသားပြုစုတဲ့ ရောက်ရှိ စာရင်းမှာတော့ အကုန်လုံးပါတယ်။ ကျွန်တော် အရမ်း မျှော်လင့်နေမိ တယ် ဆရာ။
ဇိုထရာဗို(ခ)သိန်းဇော်

ရောက်ရှိတဲ့ စာရင်းထဲမှာ ပါပြီးရင်တော့ သုံးသပ်ချက်  ဖတ်ဖို့ မျှော်ပါတော့။ နောက်ထပ် ပို့ရင်တော့ စည်းကမ်းချက်နဲ့ ညီအောင် ရေးဖွဲ့ပေးပို့ စေချင်ပါတယ်။

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

 


ဝင်းငြိမ်း
About the author: