သီအိုရီ အလွဲ PDF Print E-mail
Written by လင်းထွဋ်လင်း   
Friday, 27 July 2012 14:29
Share |

အညာမိုးက ကောင်း လွန်းနေသည်။ အောက်ပြည်၊ အောက်ရွာ မိုးလို ရွာလိုက်၊ တိတ်လိုက် မဟုတ်သည့် အညာမိုးက တစ်ခါရွာလျှင် တစ်ရက် နှစ်ရက်ရွာတတ်သည်။ အခု လည်းကြည့်။ မနေ့ညက တည်းက ရွာသည့်မိုးက သည်နေ့ နေ့လယ်ခင်းရောက်သည်အထိ မတိတ်သေးဘဲ စွတ်ကယ် စွတ်ကယ် ဖြစ်နေသည်။

canadian drugstore best priceorder cialis viagra no prescription non generic buy cialis 10mg
argaiv1982


အညာဒေသက မိုးရွာလျှင် လမ်းပေါ်မှာ လူမရှိတတ်ပေ။ မဖြစ်မနေမှအပ တော်တန်ရုံဆို မိုးရွာလျှင် အလုပ်မလုပ်ကြ။ အောက်ပြည်၊ အောက်ရွာလို မိုးကောင်း ခဲ့လျှင်တော့ အညာမှာ ထမင်းငတ်မှာ အမှန်ဖြစ်သည်။ သည်မှာကတော့ အခုလို မိုးအေးအေးဆို အိမ်တွင်း အောင်းတတ်ကြခြင်းက အကျင့် တစ်ခုလို ဖြစ်နေသည်။

အဲသည်လို ကျင့်ရိုးကျင့်စဉ်ထဲက ခွဲထွက်ပြီး မိုးဖွဲဖွဲမှာ လမ်းမပေါ်ရောက်နေသူက ကိုအေးဖြစ်သည်။ ကိုအေးမှာ ရာသီဥတုကအေး၊ နာမည်က အေးနေသော်လည်း လူက မအေးနိုင်ဖြစ်နေသည်။ အငယ်ကောင် သုံးနှစ် သားလေးက အရင်တစ်ပတ် ကတည်းက တရှောင်ရှောင် ဖြစ်နေသည်ကို မနေ့ကမှ ဆေးခန်းပို့ရသည်။ ရိုးရိုး ဆရာဝန်ဆီကနေ ကလေး အထူးကုဆီသွားပါဆို၍ သွား လိုက်ရတော့ ပိုက်ဆံတစ် သောင်းကျော် ထွက်သွားသည်။ ပိုက်ဆံတစ်သောင်း ကျော်ရဖို့ ကိုအေးတော်တော် ရှာထားရသည်။ ကုန်သွားချင်တော့ လည်း မိနစ်ပိုင်းပဲဟုဆိုရ မည်။ ဒါတောင် သည်နေ့ည နေ တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်စရာ ကျန်နေသေးသည်။

“ဟင်း....”
သက်ပြင်းပူတစ်ချက် ကိုအေး မှုတ်ထုတ်လိုက်သည်။

ထီကလည်း မနက်ဖြန် ဆို ဖွင့်ပြီ။ ကိုအေးမှာက ရောင်းစရာ နည်းနည်းကျန် နေသေး၏။ မနေ့က အငယ်ကောင် ဆေးခန်း ပို့ရသည့် ကိစ္စကြောင့် အရောင်းမထွက် ဖြစ်ခဲ့ပေ။ သည်နေ့ကျတော့ မိုးက ရွာနေသည်။ မိုးတိတ် အောင်စောင့်နေလို့တော့ မဖြစ်။ ကျန်နေသည့် ထီလက်မှတ် လေးကုန်မှ အိမ်က ကောင်ကို ညနေဓာတ်မှန် ရိုက်နိုင်မှာ ဖြစ် သည်။ ပိုက်ဆံက မနေ့က တည်းက ခါးပြတ်သွားသည် မို့ ကိုအေး နည်းနည်းရင် ပူလာသည်။

“ဂွီ... ဂွီ”
အစာအိမ်က အချက် ပေးနေသည်။ အချိန်ကလည်း မွန်းတည့်နှစ်နာရီလောက်ရှိ ပြီဆိုတော့ အစာတောင်းရှာ တော့မည်။

“အင်း ဟိုဘက်လမ်းကို သွားဦးမှ၊ ဒီဘက်ကတော့ လမ်းဆုံးနေပြီ”

ကိုယ့်ဇောနှင့် ကိုယ်မို့ အစာအိမ်၏ တောင်းဆိုမှုကို အသိအမှတ် မပြုနိုင်ဘဲ စိတ် ဆောင်ရာကို ထီစက်ဘီးလေး ဦးတည်လိုက်သည်။ တအိအိနှင့် ရွာနေသည့် မိုးက လည်း နောက်နေ့အထိကို ဆက်ရွာဦးမည့် ပုံစံဖြစ်သည်။

ကိုအေး အခု ရောက်နေသည့် ရပ်ကွက်က သူဌေး ရပ်ကွက်ဖြစ်သည်။ ခြံဝင်းကျယ် ကျယ်ကြီးမှာ တိုက်အ ကောင်းစားတွေချည်းမို့ အားကိုးတကြီး လာရောင်းမိခြင်း ဖြစ်သော်လည်း လေး၊ ငါး လမ်းလှည့်ပြီးသည်ထိ ဈေး ဦးမပေါက်ဘဲ ဖြစ်နေသည်။

ဝတ်ထားသည့် မိုးကာ ကလည်း မနက်ကတည်းက ဆိုတော့ ရေစိမ့်ပြီး အထဲကို တော်တော် စိုနေပြီ။ လူက လည်း ချမ်းစိမ့်စိမ့်ဖြစ်နေ သည်မှာ အချိန်ကြာလာတော့ ထုံတောင် ထုံလာသည်။ ခန္ဓာကိုယ်ကြီး ဘယ်လိုဖြစ်ဖြစ် ကိုအေး ထည့်မတွက်နိုင်ဘဲ ထီ စက်ဘီးလေးကို တစ်ဖက် လမ်းထဲ ချိုးကွေ့လိုက်သည်။

“ကလင် ကလင် ကလင်”
လူတွေ သတိထားမိ အောင် စက်ဘီးဘဲလ်လေးကို အဆက်မပြတ် တီးလိုက်သည်။

“ထီသည်ဗျို့ ထီသည်၊ မနက်ဖြန် ထီဖွင့်ပြီနော်”
ပါးစပ်ကလည်း တရ စပ်အော်မိသည်။ အသံက ချမ်းလွန်းလို့ တုန်အောင် တုန်နေသည်။

ခါတိုင်း နေသာ လေ သာလျှင် စပီကာလေးဖွင့် မိုက်နှင့်အော်ရုံပင်။ အခုတော့ ရှိသမျှအသံ မိုင်ကုန်ဖွင့်အော်ရ သည်။ မိုးသံကလည်း တဖြောက်ဖြောက် ဆိုတော့ နည်း နည်း အားစိုက်ရသည်။ အစာမရှိလို့ ထင်ပါရဲ့။ အား စိုက်လိုက်သည်နှင့် ဗိုက်က အောင့်လာသည်။

“အို ဘာပဲဖြစ်ဖြစ်”

ညနေ မစောင်းခင် ပိုက် ဆံရမှ ဖြစ်မှာမို့ စိတ်တင်းပြီး ရှေ့ကို ဆက်ခဲ့သည်။ လက် ကလည်းတီး၊ ပါးစပ်က လည်း မနားတမ်း အော်မိသည်။ ဒါပေမဲ့ ဘာအရိပ် အယောင်ကိုမှ ကိုအေး မမြင် ရတော့ စိတ်ပျက်စတော့ ပြု နေပြီ။

“ဟာ အစ်ကိုကြီး၊ ထီ ထိုးပါဦးလား။ မနက်ဖြန်ဆို သိန်းတစ်ထောင် ကံထူးရှင် ဖြစ်မှာနော်”
ခြံတစ်ခြံထဲက ထီး တစ်ချောင်းနှင့် ထွက်လာ သည့် လူကြီးတစ်ယောက်ကို မြင်လိုက်ရတော့ ကိုအေး ၀မ်းသာအားရ ပြောမိသည်။

“မထိုးတော့ပါဘူးကွာ”
လူကြီးက အပြုံးလေး နှင့်ပြောသည်။ သူ့အပြုံးမှာ အဓိပ္ပာယ်တစ်ခုခုပါသည်ဟု ကိုအေး ထင်သည်။
“လုပ်ပါ အစ်ကိုကြီးရဲ့။ သုံးစောင်မှ တစ်ထောင် တည်းပါ။ အမြင့်ဆုံး သိန်း တစ်ထောင်နော်။ ငါးရာ၊ သုံး ရာ၊ နှစ်ရာ၊ တစ်ရာတွေ အပြင် အနိမ့်ဆုံးတစ်သိန်း အစ်ကိုကြီးရ။ လုပ်ပါ။ ကျွန်တော် ဈေးဦးမပေါက် သေးလို့ပါဗျ”

“မထိုးတော့ပါဘူး ကွာ။ အစ်ကို တကယ် စိတ်မ၀င်စားလို့ပါ”

“ဗျာ”
ကိုအေး အံ့အားသင့် သွားသည်။

“မဟုတ်ဘူးလေ အစ် ကိုကြီးရဲ့။ တစ်ထောင်တည်း ရင်းတာနဲ့”

“ဟင်း ဟင်း ဟင်း ကိုယ်တို့က လက်တွေ့သမား ကွ”
ထီးနှင့်လူက ပြုံးပြုံး လေးပြောပြီး ကိုအေးရှေ့က ထွက်သွားသည်။ ထွက်လာ သည့်ခြံနှင့် ခြံချင်းကပ်လျက် တစ်ဖက်ခြံထဲသို့ ၀င်သွား ခြင်းဖြစ်သည်။ ခြံထဲမှာက နောက်ဆုံးပေါ် ကားသစ်နှစ် စီးအပြင် တိုက်ကြီးကလည်း အသစ်စက်စက် အကြီးကြီး ဖြစ်သည်။

“ဟင်း ဟင်း ဟင်း ကိုယ်တို့က လက်တွေ့သမား ကွ”

ကိုအေး နားထဲပြန်ကြား ယောင်လာသည်။
ခေါင်းထဲမှာက အတွေး အပေါင်းစုံ ယောက်ယက်ခတ် နေ၏။ မိုးကလည်း မြိုင်လာ သည်။
“ဟင်း”
သက်ပြင်းလေးချပြီး ထီစက်ဘီးလေးပေါ် ကိုအေး ပြန်တက်လိုက်သည်။ လေး တိလေးလံ ခြေထောက်တွေ နှင့် စက်ဘီးလေးကို နင်း လိုက်သည်။ ဘယ်ကို ဦး တည်ရမှန်း ကိုအေး မသိနိုင် ဖြစ်နေ၏။

“ကလင် ကလင် ကလင်”
ရှုပ်ထွေးနေသော စိတ် ကြောင့်ထင်သည်။ စက်ဘီး ဘဲလ်လေးကို ခပ်ကြမ်းကြမ်း  ပဲ ကိုအေး တီးမိသည်။
“ဟေး ဟေး ဟေး”

လမ်းပေါ်မှာ ကလေး တွေ မိုးထဲရေထဲ ဆော့ပြေး ကစားနေကြ၏။
သူဌေးရပ်ကွက်လမ်း ဆုံးသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းက လုံးဝပြောင်း ထွက်သွားသည်။ လမ်းဘေး ၀ဲယာမှာ ခပ်စိပ်စိပ်တွေ့ရ သည်က ခနော်ခနဲ့ အိမ်လေး တွေဖြစ်သည်။ အချို့ဆို ယိုင် လဲ မသွားအောင် တိုင်မျိုးစုံနှင့် တော်တော်ကျားကန်ထား တာတွေ့ရသည်။ ကလေး ပေါင်းသောင်းခြောက်ထောင် ကလည်း လမ်းမပေါ်မှာ ဗလာကျင်းနှင့် ပြေးခုန်နေကြ ၏။ မိုးရွာလို့လည်း ဖြစ်မည်။

“ဟူး ကိုယ့်ထက်ဆိုးတဲ့ ရပ်ကွက်ပါပဲ”
ကိုအေး စိတ်ထဲက ပြောရင်း ကလေးတွေကို မ တိုက်မိအောင် သတိထားမိ လိုက်သည်။
“ထီသည်ကြီးဟေ့ ထီ သည်ကြီး၊ ဟေး ဟေး ဟေး”

ကလေးတွေက ကိုအေး ကို ပြောင်သလို လှောင်သလို အော်ကြသည်။
“တောက် ကလေးတွေ ကွာ”
ကိုအေး စိတ်တိုသွား သည်။
ကလေးတွေအသံ ကြောင့် အိမ်လေးတွေထဲက လူတချို့ အပြင် ထွက်ကြည့် ကြသည်။
“ဟာ ထီသည်ကြီး လာ ပါဦး”

အိမ်တစ်အိမ်မှ အမျိုး သမီးတစ်ယောက်က ကိုအေး ကို လှမ်းခေါ်သည်။ မရပ် ချင်၊ ရပ်ချင်နှင့် ထီ စက်ဘီး လေးကို ကိုအေး ရပ်ပေး လိုက်သည်။
“ဘာလဲ ပြော”
“ထီထိုးချင်လို့ပါရှင်၊ ဘယ်လို ရောင်းလဲ”

ထီထိုးချင်လို့ဆိုတော့ စောစောက တိုနေသည် ကိုအေးစိတ်တွေ နည်းနည်း တော့ ပျော့သွားသည်။
“သုံးစောင်ကို တစ် ထောင်နော်”

“အဲဒီလောက်တော့ ဖြစ်ပါတယ်။ ကျွန်မကို သုံး စောင်ပေး၊ ဟင်း ဟင်း ဟင်း ကျွန်မတို့မှာက အားကိုးစရာ ဒါလေးရှိတာ”
“ဟင်”
ကိုအေး ပါးစပ်က ယောင်ထွက်သွားသည်။
စောစောပိုင်း သူဌေး ရပ်ကွက်က လူကြီးစကားနှင့် သည်အမျိုးသမီးစကားက ဆန့်ကျင်ဘက်ဖြစ်နေ၏။ အတွေးပေါင်းမြောက်မြားစွာ ကိုအေး ခေါင်းထဲရောက်လာ သည်။
“ဟဲ့ မိတင့်တို့၊ တင်လှ တို့ ဒီမှာ ထီသည် ရောက် နေတယ်ဟေ့။ မနက်ဖြန် ဖွင့်မှာတဲ့။ ထိုးကြဦးမလား”
အမျိုးသမီး၏ ခေါ်သံ ကြောင့် ဘေးအိမ်က လူတွေ ရောက်လာ၏။

“ဘယ်လောက်တဲ့လဲ အေးစိန်ရဲ့”

“သုံးစောင်မှ တစ်ထောင်ပါအေ၊ ငါတောင် စု ထားတဲ့ ပိုက်ဆံထဲက တစ် ထောင်ဖိုးထိုးပြီးပြီ။ ပေါက် ရင် သိန်းတစ်ထောင်ဟဲ့။ အမယ်လေး။ သိန်းတစ် ထောင်များ ပေါက်ရင်ဖြင့် ငါတော့ ရူးသွားမလား မသိပါဘူးအေ ဟင်း ဟင်း ဟင်း”

“တို့ကတော့ လောဘ မကြီးပါဘူး။ တစ်သိန်းဆု လောက်ပေါက်ရင်ကို တော် ပါပြီအေ”

“တင်လှ ညည်းက တော့ လောဘကို နည်း တယ်။ အဲဒါကြောင့် ဆင်းရဲ တာ သိလား”

“အံမယ် မိတင့် နင်က၊ ဟုတ်တယ်။ နင်ကတော့ ချမ်းသာရှာတာကိုး ဟား ဟားဟား”

သူတို့တွေ၏ စကား ကြောင့် ကိုအေးပါ ရော ယောင်ရယ်မိသည်။ ရယ်မိ လိုက်သည့်အတွက် ညစ်နေ၊ တိုနေသည့် ကိုအေး စိတ်တွေ ကြည်သွားသည်။ ရောက်လာသည့် အမျိုး သမီး၏ အိမ်နီးချင်းတွေ ၀ိုင်း အားပေးလိုက်ကြသည်မှာ နည်းနည်းကျန်နေသော ကိုအေး ထီလက်မှတ်တွေ ကုန်သွားသည်။ လက်ထဲမှာ လည်း ပိုက်ဆံငါးထောင်ရ ပြီ။ ဒါဆိုရင်တော့ အငယ်ကောင်ကို ဓာတ်မှန်ရိုက်နိုင် ပြီဖြစ်သည်။ မျက်နှာငယ် လေးနှင့် သူများဆီက ပိုက် ဆံဆွဲရမည့် ၀ဋ်က လွတ်သွား သည့်အတွက်တော့ ကိုအေး တော်တော် ၀မ်းသာသည်။ သည်ရပ်ကွက်လေးကိုရင်ထဲက ကျိတ်ပြီး ကျေးဇူးတင်နေမိ၏။

“ကဲ အားလုံးပဲ သိန်းဆု ကံထူးရှင်တွေ ဖြစ်ကြပါစေ ဗျာ”

နှုတ်ဆက်ဆုတောင်း ပြီး ကိုအေး ထွက်သွားမည် လုပ်တော့ ထီးတစ်ချောင်းနှင့် အဘွားကြီး တစ်ယောက် ရောက်လာသည်။
“ကောင်လေး၊ အမေကြီးလည်း ထီထိုးချင်လို့ပါ ကွဲ့။ ထီမထိုးဖြစ်တာ နှစ် တော်တော်ကြာနေပြီ။ ရှိသေး တယ် မဟုတ်လား”

အသံက နည်းနည်း တောင်တုန်နေပြီ။
“အင်း ကုန်သွားပြီဗျ”

“ဟုတ်လား၊ သြော်၊ အမေကြီးကံပဲပေါ့”
အဘွားကြီး အသံက ၀မ်းနည်းသံစွက်နေတော့ ကိုအေး သနားလာသည်။

အိတ်ကပ်ထဲမှာ သား တွေရှင်ပြုဖို့အတွက် လစဉ် ဖယ်ထားသည့် ထီသုံးစောင်ရှိ နေသေးသည်။ မမြင်ရသည့် ကံတရားအတွက် ကိုအေး အခုလို ဖယ်ဖယ်ထားခဲ့သည် မှာ သားကြီးတစ်သက်ရှိပြီ ဖြစ်သည်။
အဘွားကြီးက ချည့်နဲ့နဲ့ နှင့် လှည့်ပြန်မည် လုပ်တော့ ကိုအေး ရင်ထဲတစ်မျိုးဖြစ် သွားသည်။
“ဟင်း ဟင်း ဟင်း ကိုယ်တို့က လက်တွေ့သမား ကွ”

ပထမဆုံးတွေ့ခဲ့သည့် ထီးနှင့် လူ၏စကားကလည်း ကိုအေး နားထဲမထွက်နိုင်ဖြစ် နေသည်။
ညနေကျရင်လည်း အငယ်ကောင့်အတွက်က ဘယ် လောက်ကုန်မယ်မှန်း မှန်းမရ နိုင်ဖြစ်သည်။ လိုခဲ့လျှင် ကိုအေးမည်သို့ လုပ်မည်နည်း။
“သြော် မေ့နေလို့ အမေ ကြီးရဲ့၊ ဒီမှာ သုံးစောင်တွဲ တစ်တွဲတော့ ကျန်သေးတယ်”

အိတ်ကပ်ထဲက ထီလက်မှတ် သုံးစောင်ကို ကိုအေး ထုတ်ပေးလိုက်သည်။
“အေး အေး ကျေးဇူးပါ ပဲ သားရယ်”
အပြင်မှာ မိုးက မတိတ် သေးပါ။ အပြန်လမ်းမှာ ကိုအေး ခြေထောက်တွေက သိသိသာသာ သွက်နေသည်။

မိုးစဲစနေခြည်သည် အင်မတန်မှ သာယာလှ သည်။
“ဖေကြီး”

အငယ်ကောင်၏ အိပ်ရာထ လန်းလန်းဆန်းဆန်း ခေါ်သံကြောင့် ကိုအေးပျော် သွားသည်။ ရင်ထဲလည်း ပေါ့သွား၏။ မနေ့ကထိ တအီအီဖြစ်နေသော အငယ် ကောင် အခုလို သွက်သွက် လက်လက်ဆိုတော့ ကိုအေး ၀မ်းသာသည်။ ၀မ်းသာလွန်း လို့ မိုးမိပြီး ဖျားချင်နေသည့် စိတ်တောင် ပျောက်သွားသည်။

“မောင်အေးရေ”
ခေါ်သံနှင့်အတူ ကိုဝင်းတင် အိမ်ထဲဝင်လာသည်။

ကိုဝင်းတင်က ထီကိုယ်စားလှယ် တစ်ယောက် ဖြစ်သည်။ ကိုအေးက သူ့ဆီ မှ ထီကို ပြန်ယူပြီး လမ်း တကာလှည့်ရောင်းရခြင်းဖြစ် ၏။
“ဘာလဲဗျ ကိုဝင်းတင် ရ”

“မင်း ထီတိုက်ပြီးပြီ လား”

“မနေ့ကမှ ဖွင့်ပြီးတာ ဆိုတော့ မတိုက်ရသေးဘူး ဘာဖြစ်လို့လဲဗျ”

“အေး မင်းငါ့ဆီက ယူရောင်းတဲ့ အထဲက ငါးသိန်းဆုပါတယ်ကွ”

“ဟင် ဟုတ်လား၊ နံ နံ ပါတ်မှတ်မိသလား”

“အေး ကက-၃၂၃...”
“ဗျာ”

ကိုအေး အသံကျယ် သွားသည်။
သည်နံပါတ်ကိုတော့ တစ်လလုံးနီးပါး ဖယ်ထား ရသည်မို့ ကိုအေး သေသေချာ ချာ မှတ်မိနေပါသည်။

လင်းထွဋ်လင်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)