|
Written by သူမ
|
|
Friday, 13 July 2012 16:45 |
မိမိ လိုချင်တဲ့ ရည်မှန်းချက် ပြည့်မီဖို့ အတွက် မိမိရဲ့ ပင်ကို အရည်အသွေး၊ ပညာဉာဏ် ဗဟုသုတနဲ့ စွမ်းဆောင်ရည်တွေ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။
argaiv1544
အရည်အချင်း ပြည့်တဲ့သူ အတွက် အခွင့်အလမ်း ဆိုတာက လက်တစ်ကမ်း မှာပါ။ ဒီတစ်လအတွက် သန်သူကတော့ အသက်ငယ်ငယ်နဲ့ စာပေ စီးပွားရေး ဈေးကွက်ထဲကို ရဲရဲတင်းတင်း ၀င်ရောက်လာခဲ့တဲ့ အမျိုးသမီး ငယ်လေး တစ်ဦးပါ။ ကိုယ်ပိုင် အရည်အချင်းကို မိဘများက ယုံကြည်ပြီး မိဘတို့ ၀တ္တရားအရ လက်တွဲ ဆောင်ရွက်ပေးခဲ့တဲ့ TAB Book Centre ရဲ့ Managing Director မလေးပါ။
သူ့ကို teen ပရိသတ်တွေလည်း သိပ်မစိမ်းဘူးလို့ ထင်ပါ တယ်။ ကလေးနဲ့ လူငယ် ဆယ်ကျော်သက်တွေ အကြိုက်အများဆုံးကြော်ငြာ တစ်ခုထဲမှာ အပါအ၀င်ဖြစ်တဲ့ Doru Yaung ကြော်ငြာထဲမှာ နန်းသူဇာ၊ စံရတီမိုးမြင့်တို့နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ ခင်ယွန်းယွန်း ဆိုတဲ့ မော်ဒယ်လ် မလေးဆိုရင် မှတ်မိ သိရှိနိုင်လောက်ပါရဲ့။ ဒီကောင်မလေးက မြန်မာပြည်ရဲ့Shopping Centre မှာ ပထမဆုံး အကြီးဆုံး စာအုပ်ဆိုင်ကြီးဖြစ်တဲ့ TAB Book Centre ကို စတင် ဖွင့်လှစ်ထားတဲ့ သူဖြစ်သလို I TAB Store ကိုလည်း ဖွင့်လှစ် ထားသူဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်က ကွန်ပျူတာဘွဲ့ကို ရရှိထားသူဖြစ်တဲ့ အပြင် လက်ရှိ အချိန်မှာ M.B.A (Assumion University Thiland) ကိုလည်း တက်ရောက် သင်ကြားနေသူပါ။ ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ စီးပွားရှာ၊ တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့ မြန်မာဆိုးရိုး စကားရှိပါတယ်။ ပထမအရွယ် မှာ ပညာရော စီးပွားပါ ရှာနေသလို မိမိ ၀ါသနာပါတဲ့ အနုပညာ လုပ်ငန်း အတွက်ပါ ဘက်စုံထောင့်စုံ လှုပ်ရှားနေတဲ့ မိန်းကလေးနဲ့ သူ့ရဲ့ဆောင်ရွက်မှု၊ ခံယူချက်၊ ရည်မှန်းချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ခင်ယွန်းယွန်းက “ကျွန်မ ၂၀၁၀ နှစ်ကုန်ခါနီးမှာ ဘွဲ့ရတယ်။ ဖေဖေက အလုပ်တစ်ခု လုပ်စေချင်တယ်။ ကျွန်မက ကွန်ပျူတာနဲ့ ကျောင်းပြီးတာ ဆိုတော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ် လုပ်ချင်တယ်။ အဲဒါနဲ့ တပြိုက် နက်တည်းမှာပဲ နဂိုက ကိုယ်က ခရီးတွေ ထွက်လေ့ရှိတဲ့ သူဆိုတော့ နိုင်ငံခြားက Shopping Mall တွေမှာ စာအုပ် ဆိုင်ကြီးတွေ အကြီးကြီးတွေ့ရတယ်။ ပြီးတော့ အဲဒီက လူတွေက စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်နိုင်ကြတယ်။ ကျွန်မတို့ ရန်ကုန်မှာဆို မြန်မာ စာအုပ်တွေ လိုချင်တယ်ဆို ပြေးရလွှားရ Enviroment ကအစ Peaceful ဖြစ်တဲ့ ပုံစံမရှိဘူး။ ဒါကြောင့် ကိုယ်က ဖွင့်ချင်တယ်။ Shopping Center မှာ ဖွင့်တာမျိုးလည်း မရှိကြသေးဘူး ဆိုတော့လေ။

ပြီးတော့ ရန်ကုန်မှInterrnational Book ကိုပဲ ဦးစားပေးတယ်။ မြန်မာပြည်က စာအုပ်ကိုလည်း ဦးစား ပေးစေချင်တယ်။ နိုင်ငံခြားက စာအုပ်တွေလည်းလုပ် ချင်တယ်။ ဒါပေမဲ့အဲဒီတုန်းက လုပ်ချင်တာပဲရှိတာပါ။ ဈေးကွက်အနေအထား ကျတော့ စာပေလောကက Profit အများကြီးရနိုင်တဲ့ အခြေအနေမှာ မရှိပါ ဘူး။ ဒါပေမဲ့ ကိုယ်ကလုပ်ချင်တဲ့အခါကျတော့ စွန့်စားပြီးလုပ်ခဲ့တယ်။ TAB Book Cerntre ကို ဖွင့်ခဲ့တယ်လေ”လို့ စိတ်ကူးအစကို ပြောပြခဲ့ပါ တယ်။
ခင်ယွန်းယွန်းက TAB Book Centre ကို ဖွင့်တဲ့ အချိန်မှာပဲ I TAB Store တစ်ပြိုက်နက် ဖွင့်လှစ်ခဲ့တာပါ။“ယွန်းက Apple ပစ္စည်း သုံးရတာ ကြိုက်တယ်။ ဖေဖေကလည်း ယွန်းမွေးနေ့တွေကျရင် ယွန်းကြိုက်တဲ့ Apple ပစ္စည်းလေးတွေ ၀ယ်ပေးတယ်။ ဒါပေမဲ့ Apple ပစ္စည်းက ပျက်သွားရင်ပြင်ဖို့ အရမ်း ဒုက္ခရောက်တယ်။ ဘယ်သွား ပြင်ရမှန်း မသိဘူး။ ဆိုင်မရှိဘူး။ အာမခံပိုင်းတွေပါ လာတယ်။ ဒီတော့ အဲဒီ ဆိုင်မျိုးလေးဖွင့်ပြီး Apple ပစ္စည်းချည်းပဲ သီးသန့် ရောင်းချင်တယ်။ ဒါနဲ့ပဲ ဒီဆိုင်လေးကိုပဲ ဖွင့်ဖြစ်လိုက်တယ်”လို့ သူမရဲ့ဆက်စပ်စဉ်းစား ရွေးခြယ်မှုကို ပြောပြခဲ့ပါတယ်။
ကျွန်မတွေ့ဆုံ မေးမြန်းရတဲ့ ဒီလအတွက် သန်သူက အသက်အရွယ်နဲ့ မလိုက်တဲ့ လုပ်ငန်း ပိုင်ရှင်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ကိုတော့ ကြီးကြီးမားမား ထားတတ်တာကို သူမရဲ့စကားတွေ ထဲမှာ တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စာပေလောက အနေအထားကို သိပေမဲ့ ရဲရဲဝံ့ဝံ့ စာအုပ်ဆိုင်ကြီး ဖွင့်ချင်ခဲ့တဲ့ ကောင်မလေးကို“ဒါဟာ ယွန်းရဲ့ အဖြစ်ချင်ဆုံး ဆယ်ကျော်သက်အိပ်မက် တစ်ခုလား”လို့ ဆိုတော့ ယွန်းက လူငယ်တစ်ယောက်ရဲ့အိပ်မက်လို့ ပြောရမှာပေါ့နော်။ ယွန်းကလေ လူတွေကို ကူညီရတာ ၀ါသနာ ပါတယ်။ ယွန်းရဲ့စိတ်ထဲမှာ ထင်ထားတာက ဥပမာပေါ့။ လူတစ်ယောက် သင်တန်းတွေ ဘာတွေ မတက်နိုင်ဘူး ဆိုရင် စာအုပ်တွေ ဖတ်လိုက်တာနဲ့ ဒီစာအုပ်တွေထဲက Knowledge တွေကိုရရှိပြီး အဲဒါတွေကို လက်တွေ့ပြန်အသုံး ချနိုင်တယ်။
ဒါကယွန်းရဲ့အဖေကို ကြည့်ပြီး ယွန်းကExample အနေနဲ့ ပြောတာပေါ့နော်။ ယွန်းအဖေ ဆိုရင် နယ်မှာ နေလာတယ်။ ဘာသင် တန်းမှ မရှိဘူး။ သူ့ဟာသူ စာပေနဲ့ Self-Study လုပ်ခဲ့တယ်။ ဒါနဲ့ပဲ ဒီအခြေ အနေအထိ၊ ဒီနေ့ ဇောတိက ကုမ္ပဏီကြီး တစ်ခု အထိ လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် စာအုပ်၊ စာပေဟာ လူတစ်ယောက် ဘ၀ကို အများကြီး ပြောင်း လဲသွားစေ နိုင်တယ်။ ပြီးတော့ မြန်မာပြည်မှာက အခုဖွံ့ဖြိုး ဆဲဖြစ်နေတယ်လေ။ ကျွန်မတို့ လူငယ်တွေ တခြား နိုင်ငံက လူငယ်တွေနဲ့ ရင်ပေါင်တန်း နိုင်ဖို့ ဆိုတာက မြန်မာပြည်က လူငယ်တွေ အနေနဲ့ စာဖတ်အား အများကြီးရှိဖို့ လိုပါတယ်။
ကိုယ်က Knowledge တွေ၊ ပညာတွေအများကြီးတတ်ထား မှသူများနဲ့ ရင်ဆိုင်နိုင်မှာပါ။ ပြီးတော့ ဒီလိုစာအုပ် ဆိုင်ဖွင့်ချင်းအားဖြင့် တစ်ဖက်ဖက်ကနေအထောက် အကူပြုနိုင်မယ်လို့ ကျွန်မထင်တယ်။ ဒီလိုစာအုပ် ဆိုင်ရှိတယ်ဆိုပြီး ဘာပဲဖြစ်ဖြစ်လာ ကြည့်ကြမယ်။ နိုင်ငံတကာနည်းတူ ဒီလို စာအုပ်ဆိုင်ကြီး ရှိပါလားလို့ ဖြစ်သွားကြမယ်”လို့ ဖြေပါတယ်။
အခုလို လုပ်ငန်းကြီး အတွက် လိုအပ်တ ရင်းနှီး မြှုပ်နှံမှု ငွေကြေး အထောက်အပံ့ကိုတော့ ငယ်ရွယ်သူဖြစ်တဲ့ အတွက် မိဘထံမှသာ မဖြစ် မနေရ ယူခဲ့ရတာပါ။ ဖခင်ဖြစ် သူနဲ့စိတ်တူ သွေး တူ သမီး ဖြစ်တာကြောင့် ဖခင်ကလည်း ယုံကြည် စွာ လက်လွှဲ တည်ထောင်ပေးခဲ့ပါတယ်။

စာအုပ် ဆိုင်ကြီးကို ၀ါသနာ အရ လုပ်ဖြစ်ခဲ့တဲ့ ယွန်းက“စာဖတ်ပါ။ စာဖတ်ပါလို့ လူငယ် တွေကို ပြောနေစရာကို မလိုတော့ပါဘူး။ ဒီနေ့ဟာ ပညာခေတ်ဖြစ်နေပါပြီ။ လူငယ်တွေဟာ စကောလာတွေ လိုချင်တယ်။ အခွင့်အရေးတွေ လိုချင်တယ်။ ဒါတွေ ရဖို့ဆိုတာက ကိုယ့်ရဲ့အရည် အချင်းဟာ သူများထက်သာမှ ရမှာပေါ့။ စဉ်းစား ကြည့်ပါ။ လူတစ်ယောက်ဟာ ပညာ မတတ်ဘူး ဆိုရင် အခွင့်အရေးတွေက သူ့မှာ ပညာတတ်တဲ့ လူထက်စာရင် နည်းသွားပြီ။ သူများထက်ရှေ့ လျှောက်နေမှသာ အခွင့်အလမ်းတွေ၊ အခွင့်အရေး တွေကို ဆုပ်ကိုင်နိုင်မှာလေ။ ဒီစာအုပ်ဆိုင် ဖွင့်ခြင်း အားဖြင့် လူငယ်တွေကို Knowledge တွေ ပေးနိုင်တယ်။ အခွင့်အရေးတွေ ပေးနိုင်တယ်။ ဒါတွေရဖို့ အတွက် စာဖတ်အားက လှုံ့ဆော် ပေးနိုင်တယ်လို့ ကျွန်မက ခံယူတဲ့ အတွက်လည်း ဒီဆိုင်ကို ဖွင့်ဖြစ်ခဲ့တာ” လို့ ဆိုပါသေးတယ်။
အခုလို စာအုပ်ဆိုင်ကြီး ဖွင့်ဖြစ်ဖို့ အတွက် တွန်းအားပေးတဲ့ အချက် တစ်ခုလည်း သူမမှာ ရှိနေ ပါသေးတယ်။ သူ့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရတာပါ။ “ယွန်း အဖေပေါ့နော်။ အဖေက လပ္ပတ္တာကပါ။ ဘာတစ်ခုမှ မရှိတဲ့ အခြေအနေ ကနေ ကြိုးစားခဲ့လို့ ဒီအခြေအနေ အထိ ရောက်ခဲ့ တာပါ။ စာဖတ်အား တစ်ခုတည်းနဲ့ပေါ့။ ယွန်းတို့ အိမ်မှာဆို စာအုပ်တွေ အများကြီး ရှိတယ်။ ၀ယ်စု တယ်။ ကိုယ့်အားနဲ့ကိုယ် ကြိုးစားပြီး ဒီဇောတိက သင်္ကန်းကို ကိုယ့်အားနဲ့ကိုယ် ကြိုးစားပြီး ဇောတိက သင်္ကန်းကို ရန်ကုန်အထိ ရောက်အောင် ကြိုးစားနိုင်ခဲ့တယ်။ ဇောတိက အောင်မြင်သလို ကျွန်မတို့ကို အခုလို လုပ်ငန်းခွဲတွေ ထောင်ပေးနိုင်ဖိှု့Knowledge တွေ ရှိလာခဲ့တယ်။
ဒါနဲ့အခြေခံက ဒီစာဖတ်အား တစ်ခုတည်းကြောင့်ပါပဲ။ အရင်က လေ့လာစရာ ပညာဆိုတာမျိုး နယ်ဖက်မှာ ဘယ် လာသင်တန်း ရှိပါ့မလဲ။ စာအုပ်က သူ့ဘ၀ကို အများကြီး မြှင့်တင်ပေးခဲ့တယ်။ သူမြှင့်တင်ပေး မယ်လို့လည်း ကျွန်မတို့ ဒီဘ၀ရောက်ခဲ့တယ်ပေါ့ နော်။ ပြောရမယ် ဆိုရင် စာအုပ်စာပေဟာ ညီမတို့ ဘ၀မှာ ကျေးဇူး မကင်းပါဘူး”လို့ ဆိုပါတယ်။
TAB Book Centre အတွက် ခင်ပွန်းက လူငယ်ပီပီ လူငယ် စိတ်ကူးနဲ့ ကြိုးစားဆောင်ရွက် သလို လူကြီး တစ်ယောက်လို ခံစားမှုနဲ့လည်း လုပ်ဆောင်နေတာပါ။ TAB Book Centre မှာ စာအုပ်အသစ်၊ စာအုပ် အဟောင်းမျိုးစုံကို စုံလင် အောင်တင်ထားပြီး လူအများ စိတ်ဝင်စားမယ့် နည်းလမ်းတွေနဲ့ ရောင်းချနေ တယ်လို့ ဆိုပါတယ်။ စာအုပ်ဟောင်းတွေကိုလည်း ရနိုင်သမျှစုဆောင်း ပြီး ဆိုင်မှာ တင်ထားပါတယ်။ “တချို့စာအုပ် အဟောင်းတွေဆိုရင် ရှာရတာ ခက်တယ်လေ။ ပန်းဆိုးတန်းတို့ ဘာတို့မှာ နေပူကြဲတဲကြီးမှာ သွားရှာရတယ်။ ခင်ယွန်းက စာအုပ်အဟောင်း တွေကို ဖတ်ရတာ ၀ါသနာ ပါတယ်။

ကိုယ်တိုင်လည်း ၀ယ်စုထားတာတွေ ရှိတယ်။ ပြီးတော့ လူငယ်တွေက စာမဖတ်ချင်ကြ ဘူး။ စာဖတ်မယ့်အစား အင်တာနက်သွားမယ်၊ show သွားမယ်။ စာဖတ်ဖို့ စိတ်ဝင်စားတဲ့လူ အရမ်းနည်းပါတယ်။ သူတို့ကို ဆွဲဆောင်ဖို့ အတွက် ဆိုင်မှာ ဆိုရင် စာရေး ကိရိယာ အစုံရှိမယ်။ ကလေးတွေ အတွက် စာရေးကိရိယာ အစုံဆိုရင် ဈေးကွက်ရအောင် မနည်း ရှာထားရတယ်။ ပစ္စည်းတွေကို ဘန်ကောက်မှာ ကိုယ်တိုင် သွားရှာတယ်။ ဒါကို ဆွဲဆောင်မှု တစ်ခု အနေနဲ့ပေါ့။ ကလေးတွေက ဒါကိုသိပြီးတော့ ဒီဆိုင်မှာ စာရေး ကိရိယာအဆန်းလေးတွေ ရတယ်ဆိုပြီး လာခဲ့ရင် ဒီရောက်တော့ စာအုပ်တန်းထဲ ၀င်သွားမယ်။ ပြီးတော့ ကာတွန်းပဲဖြစ်ဖြစ် ဖတ်မိသွားမယ်။
အဲဒီက စပြီး စာဖတ်တဲ့ အလေ့အကျင့် စွဲသွားမယ်ပေါ့။ ကျွန်မတို့ စိတ်ကူးကတော့ အဲဒီလို ရှိပါတယ်။ ပြီးတော့ Computer Section တစ်ခုလည်းထားတယ်။ Word of Mark ပေါ့နော်။ ဒီဆိုင်ကိုလာတဲ့ လူအချင်းချင်း စကားနဲ့ ဒီဆိုင်မှာ ဘာတွေ ရှိတယ်ဆိုတာမျိုး ပြောရင်းနဲ့ ဒီဆိုင်ရောက် လာအောင်ပေါ့။ စာအုပ်ကို စိတ်မ၀င်စားဘဲ တခြား အရာကို စိတ်ဝင်စားလို့ လာခဲ့ရင်တောင် စာအုပ်ကိုတွေ့မယ်။ သူသိချင်တဲ့ အကြောင်းအရာတစ်ခုခုကို ၀င်ရှာမယ်။ အဲဒီမှာလည်း ကျွန်မတို့ ဆိုင်က Music ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ဖွင့်ထားတယ်။ အဲယားကွန်းဖွင့်ထား တယ်။ ဒီတော့ စာအုပ် တစ်အုပ်ကို အေးချမ်းစွာနဲ့ ဖတ်လို့ရတယ်။ နောက် လည်း သူထပ်လာချင်အောင် ဆွဲဆောင်မှု အနေနဲ့ လုပ်ထားတာပေါ့”လို့ The Book ကို လူကြီးလူငယ်မရွေး စိတ်ဝင်စားစေမယ့် စိတ်ကူးတွေကို ပြောပြပါ တယ်။
လက်ရှိခေတ်က အင်တာနက်ခေတ်၊ IT ခေတ်ဖြစ်တာကြောင့် အခုလို စာအုပ်၊ စာပေနဲ့ ပြန်လည် နီးစပ် ကျွမ်းဝင်စေဖို့ စိတ်ကူးခဲ့တဲ့ ခင် ယွန်းယွန်းက စိုးရိမ်စိတ်တော့ အနည်းငယ် ရှိခဲ့ပါတယ်။ “ကိုယ်က လူငယ် တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ စစချင်း မှာဖြစ်ပါ့မလားဆိုတဲ့ စိတ်တော့ရှိခဲ့တာ ပေါ့။ ဒါကလူငယ်တိုင်းပါပဲ။ ဒီလို ဖြစ်ချင်တဲ့စိတ်လေးကို အနောက်ကနေပြီး မိဘ၊အုပ်ထိန်းသူ၊ အကြီးအကဲ တစ်ယောက်ယောက်ကနေ ဒါဖြစ်နိုင်ပါတယ်။ လုပ်ကြည့်ပါဆိုပြီး တွန်းအားပေးရင် ယုံကြည်မှုတွေ တက်လာတယ်ပေါ့။ ကျွန်မလည်း အဲဒီလိုပဲ ဖြစ်ခဲ့တာ။ ကိုယ့်အသက်ကလည်း ငယ်တော့လေ။ တချို့ဆို ကိုယ့်အရွယ်မှာ ပညာတွေ သင်နေကြတုန်းပဲ။ ဖြစ်ပါ့မလား ဆိုပြီး ဖြစ်ခဲ့တာ။ အဓိကက အဖေပါပဲ။ အဖေက တွန်းအား ပေးခဲ့တယ်။ မိဘရဲ့ယုံ ကြည်မှုပေါ့နော်။ အဖေက ငါ့သားသမီး လုပ်နိုင်တယ်ဆိုပြီး တွန်းအားပေး တယ်။ အားပေးမှုလည်းပေးတယ်။ယုံကြည်မှုလည်းပေးတယ်။ အဲဒီအခါကျ တော့ ကျွန်မစိတ်တွေက မိုတီလစ် ဖြစ်လာတယ်။ အရမ်းကိုတက်ကြွတယ်။ ငါ လုပ်နိုင်မှာပါ။ ငါ့ကိုယုံကြည်တဲ့၊ ငါဖြစ်လာမယ်လို့ ယုံကြည်တဲ့ မိဘ လည်း ရှိတယ်။ ငါ့မှာလည်း တတ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ဒီလုပ်ငန်းကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကလေးရခဲ့ပါတယ်။ အဖေ့ ကျေးဇူးလို့ ပြောရမှာ ပေါ့”လို့လည်း ဒီလုပ်ငန်း အပေါ် စိတ်ဝင်စားမှုကိုလည်း ပြောပြပါသေးတယ်။
ကိုယ်လုပ်ချင်တဲ့ အလုပ် တစ်ခုကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချ လုပ်နိုင်ဖို့ဆို တာက လူငယ်တစ်ယောက် အနေနဲ့ ခက်ခဲပါတယ်။ အထူးသဖြင့် မိဘ ညွှန်ကြား လမ်းညွှန်တာကို အသက်အရွယ် အတော်ကြီးတဲ့အထိ နားထောင်ကြ တဲ့ မြန်မာနိုင်ငံမှာ ပိုခက်ခဲပါတယ်။ ကိုယ်လုပ်ချင်ရာကို ဆုံးဖြတ်ပြီးပေမဲ့ကျိုးကြောင်းပြ တားမြစ်တဲ့ မိဘ၊ အုပ်ထိန်းသူတွေ ရှိသလို ယုံကြည်စွာနဲ့ လက်ခံတဲ့ မိဘ အုပ်ထိန်းသူတွေလည်း ရှိတဲ့ အခြေအနေကြားထဲမှာ ချရတဲ့ ဆုံးဖြတ်ချက်က တစ်ခါတစ်ရံ မပီပြင်ဝိုးတ၀ါး ဖြစ်တတ်တာ သဘာဝပါ။ ဒီအခြေအနေမှာ ခင်ယွန်း ယွန်းရဲ့ ဆုံးဖြတ်မှုကိုလည်း လေ့လာစူးစမ်းခဲ့ပါ တယ်။
“မိဘ ယုံကြည်မှုတင် မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ တခြားသူက ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်ဖို့ ဆိုတာက ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်ပေါ်မှာ မူတည်ပါတယ်။ ဥပမာ-ကိုယ်ကစာလည်း အရမ်းညံ တယ်။ အပျော်အပါးကလည်း အရမ်းလိုက်တယ်။ ဘာမှမရှိ၊ ရည်မှန်း ချက်ဆိုတာ ပျောက်နေတဲ့ အခါကျတော့လည်း မိဘဆိုတာ ကိုယ့်သားသမီးကို အားမလို၊ အားမရ ဖြစ်တတ်ပါတယ်။ ငါ့သားသမီးက ကလေး ပဲရှိပါ သေးလား ဆိုတဲ့ စိတ်တွေ ဖြစ်ကြတယ်။ အဓိကက ကိုယ်တိုင်ပါပဲ။ ကိုယ့် ဘ၀မှာ ဘာဖြစ် ချင်လဲဆိုတာ အရင်ဆုံးသိဖို့လိုပါတယ်။ ကိုယ် ဘာဖြစ်ချင် တယ်ဆိုတာကို ကိုယ်တိုင်သိမှ သူများကလည်း ကူညီပေးလို့ ရမှာလေ။ ဒီတော့ ကိုယ်လုပ်ချင်တာကို လုပ်နိုင်ဖို့ မိဘ၊ ယုံကြည်မှု ကိုရဖို့၊ သူများ ယုံကြည်မှုကို ရဖို့ဆိုတာက ကိုယ့်အရည် အချင်းကို မြှင့်တင်နေဖို့ လိုပါတယ်။ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်ဆန်းစစ်နေဖို့ လိုပါတယ်။ ကိုယ်ဖြစ်ချင်တာ ကို ဖြစ်အောင်လုပ်ဖို့လည်း လိုပါတယ်။ ကိုယ်တိုင်မလုပ်ဘဲနဲ့ ငါ ဖြစ်ချင် တယ်။ ငါဖြစ်ချင်တယ်လို့ ထိုင်အော်နေလို့လည်း အောင်မြင်လာမှာ မဟုတ်ပါ ဘူး။ အခုကျွန်မတို့ အခြေအနေမျိုး ဆိုလည်း မိဘ ယုံကြည်လောက်မှ ရင်းနှီး မြှုပ်နှံပေးမှုတွေ ရမှာပေါ့။ နိုင်ငံခြားပညာသင်ဆု၊ စကောလားရှစ် ဆိုရင် လည်းသူများထက် Grade တွေ ပိုကောင်းမှပေးမှာပေါ့။ အဲဒါက သဘာဝပါပဲ” လို့ ဆိုပါတယ်။
ခင်ယွန်းယွန်းက အခုလို မိဘ ယုံကြည်စွာ လုပ်ပြနိုင်တဲ့ သမီးလိမ္မာ ဖြစ်ဖို့အတွက် လူငယ် သဘာဝ၊ လူငယ်အချိန်၊ လူငယ်လုပ်ပိုင်ခွင့် အတော်များများကို စွန့်လွှတ်ခဲ့ရတာပါ။ သူမရဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းထဲက ရွယ်တူ လူငယ် အများစုကတောင်မှ သာမန်လူငယ် ဘ၀ကို လူ ငယ်ဆန်ဆန် ဖြတ်သန်း နေကြပါတယ်။ “ကျွန်မရဲ့ အချိန် တော်တော်များများကို လုပ်ငန်းအတွက် ပေးဆပ် ထားရပါတယ်။ ဥပမာ အနုပညာပိုင်းဆိုရင် လည်း အနုပညာနဲ့ ပတ်သက်တဲ့ ပွဲတွေ အမြဲသွား နေမှ ကောင်းတာလေ။ ကိုယ်က မသွားဖူးဆိုရင် လူက သိပ်မသိတော့ဘူး။ ကျွန်မကျတော့ အလုပ် တွေကလည်း ရှိနေတယ်။ ပွဲတွေကလည်း ရှိနေ တယ်။ အနုပညာအသိုင်း အ၀ိုင်းက သူငယ်ချင်း တွေဆိုရင် သူတို့ခေါ်ရင် လာမှကြိုက်တယ်။ ကိုယ် ကလည်း မအားဘူး။
ဒီတော့Social မှာ Conflict ကတော့ အရမ်းရတယ်။ အလုပ်နဲ့ ပညာရေး ကြားမှာ မနိုင်မနင်းတွေ ဖြစ်နေတော့ လူငယ် အချင်းချင်းကြားမှာ နင်က ငါတို့ကို မခင်လို့ မလာတာ ဆိုတာတွေ ဖြစ်ကုန်ရော။ အစကတော့ ကျွန်မလည်း ဒီပရက်ရှင်တွေ ၀င်တယ်။ လူဆိုတာ အပေါင်းအသင်းလည်း လိုအပ်တယ်လေ။ နောက် ဆိုရင်တော့ နားလည် လာမယ်လို့ ထင်တယ်”လို့ လည်း ခင်ယွန်းယွန်းက ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ အကြောင်း ပြောပြခဲ့ပါသေးတယ်။
ခင်ယွန်းက Doru Young ကြော်ငြာရိုက်တဲ့ အချိန်မှာ TAB Book Centre ကို မဖွင့်လှစ်သေး ပါဘူး။ ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့ ခင်ယွန်း ယွန်းက ဇောတိက ကုမ္ပဏီရဲ့ နောက်ထပ်လက်ခွဲ တစ်ခုဖြစ်တဲ့ အစ်မဖြစ်သူ ဖွင့်လှစ်ထားတဲ့ Myanmar Big Shop အတွက် ကြော်ငြာဓာတ်ပုံ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံကိုနိုင် (Rn) Studio မှာ ရိုက်ကူးနေဆဲမှာပဲ Doru Young ကြော်ငြာ အတွက် သရုပ်ဆောင်သစ် လိုအပ်တယ်လို့ ဖုန်းဝင်လာပြီး ဓာတ်ပုံကိုနိုင်မှ တဆင့် လက်ခံရိုက်ကူး ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်ျွသျပ ကြော် ငြာကို ထပ်မံ ရိုက်ကူးဖြစ်ခဲ့ပါတယ်။
အဲဒီအချိန် တုန်းက ခင်ယွန်းယွန်းနဲ့ လက်ရှိ ခင်ယွန်းယွန်း အခြေအနေကိုလည်း “အခုကျတော့ ဒီစာအုပ်ဆိုင် ကြီးဖွင့်ထားတော့ ဒီလုပ်ငန်းထဲမှာပဲ အချိန်ကုန် တယ်။ ပြီးတော့ လုပ်ငန်းထဲမှာက ကျွန်မထက် အသက် ၂ ဆကြီးတဲ့သူတွေအပြင် အဲဒီထဲမှာ နောက်ထပ် ၁၀ နှစ်ထပ်ပေါင်းရမယ့် သူတွေ လည်းပါနေတယ်။ အဲဒီမှာကျတော့ ကလေး ဆန်ဆန် နေလို့မရတော့ဘူး။ လူကြီး ဆန်ရတယ်။ ကိုယ့်ရဲ့ အရည်အချင်းကိုလည်း သူများလေးစား လောက်တဲ့ အရည်အချင်း ဖြစ်အောင် အမြဲကြိုး စားနေရတယ်။ အရှေ့က ကိုယ့်ရဲ့ပါဖောမန့်စ် ကောင်းမှ နောက်ကလူတွေက လိုက်လုပ်ချင်မှာ ပေါ့နော်။
ဒီလုပ်ငန်းခွင်ကျတော့ အဲဒီလို နေရတယ် ဆိုပေမဲ့ အနုပညာဝန်းကျင်မှာတော့ အဲဒီလိုနေ လို့ မရပြန်ဘူး။ စိတ်ကို လျှော့ထားရတယ်။ အဖေ ဆို အမြဲပြောတယ်။ Roll Conflict မဖြစ်နဲ့တဲ့။ ကိုယ် ရောက်နေတဲ့ ပုံက ဒီစီးပွားရေးဖက်မှာတော့ ကိုယ့်လုပ်ငန်းမှာ Managing Director, အနုပညာ မှာတော့ ကိုယ်ကဘာမှမသိ အတွေ့အကြုံ မရှိသေးတဲ့ ကလေးတစ်ယောက်ပါ။ ကလေး Mood ရ အောင်ကြိုးစားရတယ်။ ကြေငြာလိုက် တော့မယ်ဆို ဒီအရပ်ကို တစ်ရက် ကြိုနားရတယ်။ အဲဒီနေ့မှာ ကလေးတစ်ယောက်လို ပြန်နေရတယ်” လို့ ပြောပြခဲ့ပါတယ်။
ခင်ယွန်းယွန်းရဲ့ မိဘနှစ်ပါးက အနုပညာ ကိုလည်း မကန့်ကွက်ဘဲ ၀ါသနာကို ဖော်ထုတ် ခွင့်ပေးထားပါတယ်။ မိဘဖြစ်စေချင်တာနဲ့ ကိုယ့် ရဲ့ ၀ါသနာကြားထဲမှာ ရောက်နေရတဲ့ ခင်ယွန်း ယွန်းက “ကျွန်မတို့ စဉ်းစားထား တာကတော့ ဒီစာအုပ်အလုပ်ကလည်း မိဘဖြစ်စေချင်တဲ့ Life Carrier လေ။ အနုပညာကလည်း ကိုယ့်ဝါသနာ ဆိုတော့ အားလပ်ချိန်လေးတွေမှာ ဆက်လုပ် ဖြစ်နေဦးမှာပါ။ သရုပ်ဆောင်ပိုင်းတော့ သွားဖို့ အစီအစဉ်မရှိပါဘူး။ ကြော်ငြာအလှ ဓာတ်ပုံရိုက် တာ လောက်ပဲ လုပ်ဖြစ်မှာပါ”လို့ ဆိုပါတယ်။
အသက်ငယ်ငယ်နဲ့ လုပ်ငန်းခွင်ထဲ ရောက်နေပြီး ပထမ အရွယ်မှာ ပညာရော စီးပွားပါ ရှာနေတဲ့ ခင်ယွန်းယွန်းက ယနေ့လူငယ်တွေ အချိန်ကိုအကျိုး ရှိစွာ အသုံးပြုစေချင်တယ်လို့ ဆိုပါတယ်။ ကိုယ့်အရည်အသွေးတွေ အမြဲမြှင့် တင်ပြီး ဘယ်အရာကိုမှ လွယ်လွယ်နဲ့ အရှုံးမပေး စေချင်ဘူး”လို့လည်း ပြောပြပါတယ်။ ကိုယ်ရနိုင် သမျှ စွမ်းအင်နဲ့ လုပ်နိုင်သလောက်အမြဲလုပ်ပါ။ ဒါမှ ကိုယ့်ဘ၀ဟာ တဖြည်းဖြည်း အောင်မြင် လာပြီး အောင်မြင်မှုတွေလည်း ရလာမှာပါ။ အခု က Knowledge age ကို ရောက်နေတာပါ။ စီးပွား ရေး ပညာရေးအခွင့်အလမ်းတွေ ပွင့်လာပြီး လူ ငယ်တွေအတွက် လမ်းစတွေအများကြီးလည်း ရှိနေပါပြီ။ သူများထက်သာမှရမှာပါ။ သူများ ထက်ရှေ့ရောက်ချင်တယ်ဆိုရင် ပညာ၊ ဗဟုသုတ အရည်အချင်းတွေ မြှင့်အောင် ကြိုးစားပါလို့ ပြော ချင်တယ်”လို့လည်း ခင်ယွန်းယွန်းကဆိုပါတယ်။
ခင်ယွန်းယွန်းက ကမ္ဘာမှာ မြန်မာမိန်း ကလေး တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြချင်တာ။ အကြီးမားဆုံး ရည်မှန်းချက်ပါ။ “ကျွန်မအမြင့်ဆုံး မျှော် လင့်ချက်ကတော့ တစ်နေ့မှာ ကျွန်မ လုပ်နေတာ တွေကို ကမ္ဘာက သိအောင် ပြချင်ပါတယ်။ ကျွန်မရဲ့ ကြိုးစားမှုမှာလည်း တစ်စုံတစ်ယောက် ရဲ့ အကျိုးကျေးဇူးမပါဘဲ ဒီအလုပ်ကို ဖြူဖြူစင် စင်နဲ့ လုပ်ကိုင်ပါတယ်။ အဲဒီအတွက်လည်း လိပ်ပြာသန့်ပါတယ်” လို့ဆိုတဲ့ ခင်ယွန်းယွန်းမှာ သူမအနေနဲ့ စံပြအတုယူအားကျရတဲ့ အမျိုးသမီး အောင်မြင် သူတွေလည်း ရှိနေပါတယ်။ မြန်မာ ပြည်က ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်းလတ်ကို အရမ်းသဘော ကျပြီး ကိုယ်တိုင် ကြိုးစားနေတဲ့ ခင်ယွန်းယွန်းက မြန်မာ မလေးတွေကို အောင်မြင်အောင် ကြိုးစားစေချင် တယ်လို့လည်း ပြောပြခဲ့ပါတယ်။
သင်းပပ (Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|