ပါမောက္ခ တယ်ရီအီဂဲလတန်၏ စာပေဆိုင်ရာ အမြင် PDF Print E-mail
Written by မြင့်သန်း   
Tuesday, 03 July 2012 11:46
Share |

(အမှာ။ ဤအရေးအသားမှာ နာမည်ကျော် အင်္ဂလိပ် လူမျိုး ပညာရှင် တယ်ရီအီဂဲ(လ)တန်၏ အရေးအသား တစ်ခုဖြစ်သည်။

cialis online herewhere to buy cialis online buy viagra jelly online cialis generic vs brand
argaiv1078

သူ၏ စာအုပ်မှ နိဒါန်းအဖြစ် ရေးသားခဲ့သော What is Literature ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်သည်။ အင်္ဂလိပ် စာပေတွင် အခြေတည်ကာ ရေးသား ထားသော အရေးအသား ဖြစ်သည်။ သို့ရာတွင် စာပေ၊ စာပေလက်ရာစသည့် အမြင် များမှာ မြန်မာစာပေ လောကမှ အနေအထားများနှင့် ယှဉ်တွဲကာ လေ့လာကြည့်နိုင်သည်။ တစ်သားတည်း၊ တစ်သဘောတည်း လက်ခံရန် မဟုတ်ပါ။ အီဂဲ(လ)တန်၏ မူရင်းအရေး အသားမှာ စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာကြ သူများ၊ လေ့လာပွားများ လိုသူများ အတွက် ဖြစ်သဖြင့် တင်ကူး သိရှိထားရန် ကျောထောက်နောက်ခံ အကြောင်းများ လိုအပ်ပါသည်။

မွေးကတည်းက အင်္ဂလိပ်ဘာသာ စကား တတ်မြောက်နေသူ ဖြစ်ပြီး၊ ပညာရပ်ဆိုင်ရာ အဆောက်အအုံ ၀န်းကျင်တို့တွင် ကြီးပြင်း လာခဲ့သူဖြစ်သဖြင့် အီဂဲ(လ)တန်၏ အရေးအသားမှာ အမေရိကန်များ ရေးသော အင်္ဂလိပ်စာနှင့် မတူ။ လိုသလို ဖတ်၍ မဖြစ်။ မြန်မာပို့စ် မော်ဒန်ဂုရုကြီး တစ်ဦး ပြောသော စာမျက်နှာ တစ် က၊ မ စဘဲ စဖတ်ချင်သည်က စဖတ်နိုင်သည်ဟူသော အယူအဆဖြင့် ဖတ်၍ ဖြစ်နိုင်သော အရေးအသားမျိုးလည်း မဟုတ်။ အထိုက်အလျောက် နားရှင်းစေရန် ရှင်းလင်းချက် အချို့ကို ကွင်းစကွင်းပိတ်များဖြင့် ဖြည့်ထားပါသည်။ လူအမည်နှင့် ရှင်းလင်းချက်အချို့ကို ဤအရေးအသား၏ အဆုံး၌ ဖော်ပြထားသည်။ အီဂဲ(လ)တန်၏ အမြင်မှ နမူနာ ရယူစရာ များပါသည်။

အထူးသဖြင့် စာတစ်လုံး ဘုရားတစ်ဆူဟု တရားသေ လက်ခံထားလေ့ ရှိသော လူ့အဖွဲ့အစည်းအတွင်း အရေးအသားများကို ပြန်လည်အနက်ဖော်လေ့လာ ခြင်းမရှိသည့် အလေ့အထ၏ နောက်ကျန်ရစ်ပုံကို တရားရစ ရာတွေ့လာရမည်။ စာပေကို ဖန်တီးခြင်း၊ တည်ဆောက်ခြင်း ဟု မမြင်နိုင်သေးသော လူ့အဖွဲ့အစည်း၏ အသိပညာအရာ တွင် နွမ်းပါးခဲ့ပုံနှင့် နှောင့်နှေးနေခဲ့ပုံမှာ သံဝေဂရစရာဖြစ်နေ သည်။ ခေတ်ကာလ၌ တည်နေသော ဖတ်ရှုမှုသည် ပြန်လည် ရေးသားခြင်းကို ဖတ်ရှုခြင်းသာဖြစ်သည် (ဖတ်ရှုပြီးနောက်၊ ပြန်လည်ရေးသားသည်ဟု နားလည်မလွဲစေချင်ပါ။) ဟူသော အမြင်မှာ တိုးတက်သောလူ့အဖွဲ့အစည်းအတွင်းမှ နားလည် လက်ခံမှုတစ်ခုဖြစ်သည်။ စာပေကို ပညာတစ်ရပ်အဖြစ် လေ့လာသော ရပ်ဝန်းမှ အမြင်ဖြစ်သည်။ ပရိုင်းမိတ်ကြီးများ ဆီက ပေါ်ပေါက်လာသော လူ့ယဉ်ကျေးမှု၏ ရသပညာကို ဖန်တီးနိုင်သော လူ့အဖွဲ့အစည်းမျိုးတွင်သော် မမြင် မရှိနိုင် သေးပါ။

ဤဘာသာပြန်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဘာသာပြန် ခဲ့ဖူးသော(ပုံနှိပ်ဖော်ပြခဲ့ရခြင်း မရှိသေးသော)မူကို ပြန်လည် တည်းဖြတ်၊ ဖြည့်စွက်၊ သုတ်သင်ထားသော မူဖြစ်ပါသည်။ ပထမမူမှာ ကျောင်းဆရာဦးလှမြင့်ဆိုသူက အကူအညီတောင်း သဖြင့် ဘာသာပြန် ပေးလိုက်သော မူကြမ်းသာ ဖြစ်သည်။ ဦးလှမြင့်က အင်္ဂလိပ်လိုဖတ်လို့ နားမလည်လို့ မြန်မာလို ဖတ်ပါတယ်။ မြန်မာလို ဖတ်လိုက်ကာမှ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ဘူးဟု သူ၏ စာထဲတွင် ရေးသည်။ ထိုအချက်ကို ထောက်သော် ရှေးကမြန်မာပြန်တစ်ခု(?)ရှိခဲ့ပုံ ရသည်။ ရှေးက ဆရာကြီးများက မြန်မာဘာသာသို့ ပြန်ခဲ့ သောမူတွင် လိုအပ်သည်ဟု အထင်ရှိသလောက်သာ ပြန်ခဲ့ပုံရ သည်။ ကျွန်တော်တို့၏ ဒဿနိကဗေဒ ပါမောက္ခကွယ်လွန် သူဆရာကြီးတစ်ဦး ပြောသောစကားဖြင့် ပြန်ပြောရသော် “ဆရာတို့ လူမျိုးမှာ ကိုယ်သိသလောက်ပဲ ဘာသာပြန်တဲ့ အကျင့်ရှိတယ်။ သူ မသိတာ မှန်သမျှ အကုန် ချန်ထားလိုက် ရော။ ဒီတော့လည်း လွဲကုန်ရော”ဆိုသလို ဖြစ်လေမည်လား မသိ။ မြန်မာစာရေးဆရာကြီး တစ်ဦးကလည်း “တို့လူမျိုးက ဘာသာပြန်ရုံမဟုတ်ဘူး။ သူများစာကို တည်းပစ်လိုက်သေး တာ”ဟု ပြောဖူးသည်။

(မလိုအပ်ဘဲ ဖြတ်ပစ်ခြင်းကိုဆိုလို သည်) ထိုဆရာကြီးများ ပြောပြခဲ့သော အချက်မှာ ထိုခေတ် ထိုအခါက ရန်ကုန်တက္ကသိုလ်အတွင်း တကယ်ပင် ဖြစ်ခဲ့သော အချက်များကို အခြေခံကာပြောခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြုံခဲ့သိခဲ့ကြရသေးသည်။ မြန်မာစာပေ လောကတွင်မူ မည်သို့ဘာသာပြန်လေ့ရှိသည် အသေအချာ မသိပါ။ အီဂဲ(လ)တန်၏ အခြား ဘာသာပြန်မူ ရှိလေသော် ယှဉ်တွဲကာဖတ်ကြည့်ကြစေချင်သည်။ အကျိုးယုတ်စရာ အကြောင်းရှိမည် မထင်ပါ။ ယခု ပြန်ဆိုချက်တွင် ဘာသာ စကား အပြောင်းအလဲကြောင့် ဖယ်ချန်ခဲ့ရသော နာမ်စားအချို့၊ စာကြောင်း၊ ကွင်းစကွင်းပိတ်နှင့် နမူနာ အချို့ စိုးစဉ်းမျှ ရှိသော်လည်း မူရင်း အနက်မှ သွေဖည်မသွားအောင် အားထုတ် ထားပါသည်။ အကြောင်းကြောင်းကြောင့် အနက်သွေဖည်မှု ရှိခဲ့သော် ကျွန်တော်၏ ညံ့ဖျင်းမှု ဘာသာစကားအရာတွင် မကျွမ်းကျင်မှုဟု သဘောထားကြစေချင်ပါသည်။ ကျွန်တော် နားလည်လွဲခဲ့မှုရှိလေသော် ခိုင်ခိုင်မာမာ ထောက်ပြခြင်းဖြင့် ကူညီကြစေချင်ပါသည်။ ကျွန်တော်၏ ညံ့ဖျင်းမှုမှန်သမျှသည် ကျွန်တော်၏ ညံ့ဖျင်းမှုများသာ ဖြစ်ကြောင်း လက်ခံပါသည်။)

စာပေဆိုသည်မှာ အဘယ်နည်း
စာပေသီဝရီ ဆိုသည့် တစ်စုံတစ်ရာသည် ရှိခဲ့လေသော် သီဝရီပြုရန်စာပေဆိုသည့် တစ်စုံတစ်ရာ ရှိရမည်မှာ သေချာ သည်။ သို့ဖြစ်လေရာ၊ စာပေဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းဖြင့် စကြပေတော့မည်။ စာပေဆိုသည်ကို အနက်ဖွင့် ရန် အမျိုးမျိုး ကြံဆကြိုးစားခဲ့ကြသည်။ ဥပမာ ၀တ္ထုသဘော မျိုးဖြင့် စိတ်ကူးစိတ်သန်းတို့ အခြေပြုကာ ရေးဖွဲ့ခြင်းဟု အနက် ဖွင့်လိုသော် ဖွင့်နိုင်သည်။ သို့ရာတွင် ၀တ္ထုအဖြစ် ရေးသားခြင်း ကို စာပေ သဘောအရ စစ်မှန်မှုကို ဖော်ထုတ်သည်မဟုတ်။

သို့ရာတွင် လူအများက စာပေဟူသော ခေါင်းစဉ်အောက်၌ သာမန်အားဖြင့် ထည့်သွင်းထားသည်တို့ကို တစ်ချက် ကလေးမျှ စေ့စေ့ တွေးကြည့်လိုက်ပြန်သော် ထိုသို့မဖြစ်နိုင်ပြန် (ဤ နေရာတွင် အီဂဲ(လ)တန်က ဆိုလိုသည်မှာ ရှေ့စာကြောင်းတွင် ဆိုခဲ့သော အချက်ကို သာမန်လူများအကြားတွင် လက်မခံ နိုင်ခြင်းဖြစ်သည်။) တစ်ဆယ့်ခုနစ်ရာစု အင်္ဂလိပ် စာပေစာရင်းတွင် ရှိတ်စပီးယား၊ ၀က်ဘစတား၊ မာဗလ်နှင့် မေလတန် ၁ တို့ပါသည်။ ထိုမှဆက်၍သော် ဖရန့်စစ်ဘေကွန်၂ ၏ အက် ဆေးအရေးအသားများ၊ ဂျောန်ဒုံး၃ ၏ ဆုတောင်းမေတ္တာပို့ သစာများ၊ ဘန်ယန်း၎ ၏ ၀ိညာဏဘ၀တွင် အခြေခံသော ကိုယ်ရေးမှတ်တမ်းနှင့် ဆာတောမာတ်(စ)ဘရောင်း၅ ရေးခဲ့ သည်မှန်သမျှတို့ကို ထည့်သွင်းနိုင်သည်။ ဟော့(ဗ)၏ လီဗိုင် ယာသန်၆ ၊ ကလယ်ရင်ဒန်၇ ၏ တော်လှန်မှု သမိုင်း၈ စသည်တို့ကို ထည့်သွင်းလိုသော် ထည့်သွင်းနိုင်ပြန်သေးသည်။

ပြင်သစ်တို့၏ တစ်ဆယ့် ခုနစ်ရာစု စာပေစာရင်းတွင် သော် ကမီ(လ)စဆောန်(စ)၊ ရစီး(န)၉ တို့နှင့်အတူ ဒုဒီလာရော့ (ချ)ဖုကူ၁၀ ၏ အဆိုစကားများ (Maxim ကိုဆိုလိုသည်) ယာ့ဘယ်နီညယ်ဘုဆွယ်၁၁ ၏ အသုဘအခမ်းအနား၌ ပြော စကား ဘွာလူး၁၂ ၏ ကဗျာနှင့် ပတ်သက်သောအကြောင်း အရာအချက်အလက်များ အပေါ်စနစ်တကျလေ့လာချက် (Treatise ကိုဆိုလိုသည်။ ဤတွင် ဘွာလူး၏ L’Art Potique ၁၆၇၆ ကို ရည်ရွယ်၍ဆိုခြင်း ဖြစ်သည်။) မဒမ်ဒူဆီဗီညယ်၁၃ ၏ သမီးထံပေးစာများ၊ ဒေးက၁၄ နှင့် ပစကား(လ)၁၅ တို့၏ ဒဿန အတွေးအခေါ်ဆိုင်ရာ အရေးအသားများ အားလုံးပါသည်။

တစ်ဆယ့်ကိုးရာစု အင်္ဂလိပ်စာပေ စာရင်းတွင် သော် လဲ့(ဘ)၁၆ ပါသော်လည်း ဘင်သမ်၁၇ မပါ။ မကော်လေး၁၈ ပါသော်လည်း မာ့စ်၁၉ မပါ။ မေး(လ)၂၀ ပါသော်လည်း ဒါဝင်၂၁ နှင့် ဟာဗတ်စပင်စာ၂၂ မပါ(ဤတွင် အီဂဲ(လ)တန်က ဆိုလိုသည်မှာ အရေးပါသော တွေးခေါ်ရှင် များနှင့် စာအခံ့ ရေးသားသူများ၏ အရေးအသားများကို ထည့်သွင်းထားခဲ့ခြင်း မရှိကြောင်းသာ ဖြစ်သည်)

တကယ့် အချက်အလက်များနှင့် တကယ်မဟုတ်သည် များ(ဖန်တီးထားခြင်း၊ အစစ်အမှန်မဟုတ်ခြင်းသို့ မဟုတ် အမှားအယွင်းများ)၏ အကြားမှ ကွာခြားမှု၊ မတူညီမှုမှာ များ စွာမကွဲပြားလှ။ မကွဲပြားရသည်မှာ ကွဲပြားမှု မတူညီမှုဆိုသည် ကပင် စောဒကတက်စရာများ ရှိနေသဖြင့် ဖြစ်သည်။ နမူနာ ဆိုရသော် အင်္ဂလိပ်တို့၏ သမိုင်းဆိုင်ရာနှင့် အနုပညာဆိုင်ရာ အမှန်တရားများသည် ရှေးခေတ် အိုက်စလန်းဒစ်၂၃ ပုံပြင် ဇာတ်လမ်းရှည်ကြီးများနှင့်မဆိုင်ဟု ၀ိဝါဒ ကွဲပြား၍ အချေအတင် စကား ဆိုစရာဖြစ်နေသည်ကို ကြည့်စေချင်သည်။ တစ်ဆယ့်ခြောက်ရာစုနှောင်းပိုင်းနှင့် တစ်ဆယ့်ခုနစ်ရာစု စောစော ပိုင်းကာလများတွင် အင်္ဂလိပ်ဘာသာစကား၌ နိုဗလ် Novel ဟူသော စာလုံး/စကားလုံးကို တကယ်ဖြစ်ရပ်များနှင့် ပတ် သက်၍ဖြစ်စေ၊ တကယ်မဟုတ်သောဖြစ်ရပ်များနှင့် ပတ်သက်၍ဖြစ်စေ၊ သုံးစွဲခဲ့ကြသည်။ ထို့ပြင် သတင်းအရေး အသားဆိုသည်များကို တကယ်ဖြစ်ရပ်ဟူ၍ လက်မခံချင်ခဲ့ ကြ။ နိုဗလ်အရေးအသားများနှင့် သတင်းအရေးအသားများမှာ တကယ်ဖြစ်ရပ်လော တကယ်မဟုတ်သောအကြောင်းများ လော ဆိုသည်မှာ မကွဲပြားခဲ့ကြ။ ယတိပြတ်ပိုင်းခြား၍ အမျိုး အစား ခွဲခြင်းမှာ ဤကိစ္စနှင့် မဆိုင်သည်ကဲ့သို့ ဖြစ်နေသည်။

ဂစ်ဘင်၂၄ အနေဖြင့် သူရေးခဲ့သည်များမှာ သမိုင်းဆိုင်ရာ အမှန်တရားဟု တွေးမှတ်ထားမည်မှာ သံသယဖြစ်စရာမလို။ အလားတူပင် ကမ္ဘာဦးကျမ်း (Genesis ကို ဆိုလိုသည်) ကိုရေးခဲ့ကြသူများကလည်း ထိုသို့ပင်ထင်မှတ်လက်ခံထား ကြပေမည်။ ယခု အခါကာလတွင်သော် တကယ့်ဖြစ်ရပ်ဟု သဘောထားကာ ဖတ်သူများရှိသည်ကဲ့သို့ ၀တ္ထုကဲ့သို့ သဘော ထားကာ ဖတ်သူများလည်း ရှိလာကြသည်။ နျူးမင်း၂၅ အနေ ဖြင့် သူ၏ ဘာသာရေးအခြေခံအရေးအသားများကို တကယ့် ဖြစ်ရပ်ဟု သဘောထားခဲ့မည်။ သို့ရာတွင် ယခုအခါ စာဖတ်သူ အတော်များများက စာပေတစ်ခုဟူ၍သာ သဘောထား ဖတ်ရှု ကြသည်။ အကယ်၍ စာပေ အရေးအသားများတွင် အချက် အလက်အများအပြားကို ထည့်သွင်း ရေးသားခဲ့သည် မှန်လျှင်၊ အချက်အလက် မဟုတ်သည်များလည်း ပါပေမည်ဟု ဆိုရပေမည်။

စူပါမင်းကောမစ်၂၆ နှင့် မေး(စ) အင်ဘွန်း၂၇ ၀တ္ထုများ မှာ အမှန်တကယ်ဖြစ်ရပ်အခြေခံ တကယ့်ဖြစ်ရပ် အရေးအသားများ မဟုတ်ကြ။ ယေဘုယျအားဖြင့် စာပေဟု မသတ် မှတ်ကြ။ သို့ဖြစ်၍ တကယ့် စာကြီးပေကြီး စာရင်းမ၀င်။ အကယ်၍ စာပေသည် ဖန်တီးမှု သို့မဟုတ် စိတ်ကူးစိတ် သန်းအခြေခံ အရေးအသားဟု ဆိုလေသော် သမိုင်းပညာ ဒဿနိကဗေဒနှင့် သဘာဝ သိပ္ပံပညာ ဆိုင်ရာ အရေးအသား များကို ဖန်တီးကြံဆမှု မရှိသော စိတ်ကူးစိတ်သန်း မပါသော အရေးအသားများဟု မှတ်ယူကြရပါမည်လော။

အလုံးစုံခြုံငုံ၍ ဆိုရသော် စာပေဆိုသည်ကို တစ်မျိုးတစ် ဖုံ ချဉ်းကပ်ကြည့်ရန် လိုပေမည်။ စာပေဆိုသည်ကို တကယ့် ဖြစ်ရပ်မှန်မဟုတ်ခြင်း သို့မဟုတ် စိတ်ကူးစိတ်သန်းတွင် အခြေခံခြင်းစသည်များအပေါ်တွင် အခြေခံကာ အနက်ဖွင့် ကြည့်ခြင်းထက် ဘာသာစကားကို သီးခြားအနေအထားအဖြစ် သုံးနှုန်းပုံတွင် အခြေတည်ကာ အနက်ဖွင့်ယူ၍ရကောင်းသည်။ ဤအဆိုကို ရပ်ရှင်ဝေဖန်ရေးပညာရှင် ရိုမာန်းယာကော့(ဗ) ဆင်၂၈ ၏ စကားလုံးများကို သုံးစွဲ၍ ဆိုရသော် သာမန်အပြော စကားအပေါ်သို့ စနစ်တကျ ထိုးနှက်ထားချက် တစ်ရပ်သာ ဖြစ်သည်ဟု ဆိုရပေမည်။ (ယာကော့(ဗ)ဆင် ဆိုလိုသည်မှာ စာပေသည် သာမန်အပြောစကားကဲ့သို့ ပြောချင်တိုင်းပြော၍ ရသည်မဟုတ် ဟူသည့်သဘော။)

စာပေက ဘာသာစကားရိုး ရိုးကို ပြောင်းပစ်လိုက်သည်။ အင်အားရှိလာစေသည်။ နေ့စဉ် သုံးအပြောစကားဆီမှ စနစ်တကျလမ်းခွဲထွက်လာသည်။ အကယ်၍ မှတ်တိုင်တွင် တစ်ဦးတစ်ယောက်က ကျွန်တော့်အား ချဉ်းကပ်လာပြီး “အသင်ပြောင်းလဲခြင်းအလျင်မရှိ။ စော်ကားခံရခြင်း ကင်းသည့် ဆိတ်ငြိမ်ခြင်း၏ ကလေးငယ်” (ဤစာ ကြောင်းမှာ အင်္ဂလိပ်ကဗျာဆရာ ကိစ္စ၏ ဂရိပန်းအိုးတစ်လုံးပေါ်မှ အလွမ်းစာ ကဗျာမှ ပထမစာကြောင်းဖြစ်သည်။) ဟု ခပ်တိုးတိုးပြောလာလေသော် ကျွန်တော့်အနေဖြင့် ရုတ်ခြည်း သိလာလိုက်မိမည်မှာ ကျွန်ုပ်သည် စာပေ၏ပရိဝုဏ်အတွင်းသို့ ရောက်နေပေပြီဟူ၍ ဖြစ်သည်။

ထိုသို့ သိလာရသည်မှာ စာလုံး/စကားလုံးတို့ စရိုက်သကန်၊ ကာရန်၊ အသံ စသည်တို့၏ ယတိပြတ် ကန့်သတ်ထားခြင်းမရှိသည့် အနက် အဓိပ္ပာယ်တို့၏ အတိုင်းအတာမှာ လိုအပ်သည်ထက်ပိုနေ သောကြောင့် ဖြစ်သည်။ (ဤနေရာတွင် သူဆိုလိုသည်မှာ ကဗျာစာအရေးအသားထဲမှ စာလုံး၊ စကားလုံးတို့မှာ ကန့်သတ် ထားသော အနက်တစ်ခု တည်းအတွင်း၌ ရပ်တည်နေခြင်း မဟုတ်ဟူသော အချက်ဖြစ်သည်) သို့မဟုတ် ဘာသာဗေဒ ပညာရှင်တို့၏ ပညာရပ်ဆိုင်ရာ အခြေခံဖြင့်ဆိုရသော် အညွှန်းခံနှင့် အညွှန်းပြုတို့အကြားတွင် တိကျသောပုံဖော်ထား မှု မရှိခြင်းပင် ဖြစ်လေသည်။ ကဗျာထဲမှ စာတစ်ကြောင်းကို မဆိုဘဲ “ဘာ့စ် ကားမောင်းသမားတွေ သပိတ်မှောက်နေကြတာ ခင်ဗျားမသိဘူးလား” ဟု ပြောလာခဲ့သော် ထိုဘာသာ စကားထဲတွင် ဆိုလိုသော အချက်မှာ သူ့အလိုအလျောက် ပေါ်လွင်နေသည်။ ရုပ်ဝတ္ထုပိုင်းတွင် အခြေခံသော အကြောင်း များကို ပေါ်ပေါ်လွင်လွင်(ခေတ်စကားဖြင့်ဆိုသော် ပေါ်တင် ချည်း)မြင်နေရပေသည်။

ဤအမြင်မှာ ရုပ်ရှင်အသွင်သဏ္ဌာန် (ပုံစံ ပုံသဏ္ဌာန်) ၀ါဒီတို့၏ စာပေဆိုသည်ကို အနက်ဖော်ခြင်းမှ ရရှိလာသော အကျိုးတရားတစ်ခုဖြစ်သည်။ (ဤတွင် Russian Formalism ကို ဆိုလိုသည်) ရပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများတွင် ဗစ်တာ ရှလော့(ဗ)စကီး၂၉၊ ရိုမာန်းယာကော့(ဗ)ဆင်၊ အိုစစ်(ပ)ဘရင့် (ခ)၃၀၊ ယူရိတင်ညာနော့(ဗ)၃၁၊ ဘော်ရစ်အိုက်ကင်ဗွမ်၃၂နှင့် ဘောရစ်တို မာရှက်(ဗ)စကီး၃၃ တို့ ပါဝင်ကြသည်။ ရပ်ရှား နိုင်ငံတွင် ၁၉၁၇ ခုနှစ် ဘောလရှီဗစ်တော်လှန်ရေး မပေါ် ပေါက် သေးမီကာလတွင် အသွင်သဏ္ဌာန်ဝါဒီများ ပေါ်ပေါက် လာခဲ့ပြီး ၁၉၂၀ ခုနှစ်ကာလများအထိ ရှင်သန်နေခဲ့သော် လည်း စတာလင်၏ ၀ါဒ(အမြင်)ကြောင့် အသံတိတ်သွားကြ ရတော့သည်။ ပြတ်ပြတ်သတ်သတ် ဝေဖန်ကြသော ဝေဖန်ရေး သမားတစ်သိုက်ဖြစ်သည်။ သူတို့ မတိုင်မီက စာပေဝေဖန် ရေးအပေါ်သို့ သင်္ကေတ၀ါဒအမြင် ယောင်ယောင်က လွှမ်းမိုးထားခဲ့သည်။ သို့ရာတွင် ပီပြင်ပြတ်သားမှုမရှိခဲ့လေရာ ထိုအမြင်မျိုးကို လက်မခံကြ။

စာပေ အရေးအသား၌ တည်သော ရုပ်အခြေခံ စစ်မှန်မှုသဘောကို အလေးပေးကြသည်။ သိပ္ပံပညာ သဘောဆန်သော လက်တွေ့နည်းလမ်းတကျ ဖြစ်သော ဝေဖန်ရေးဘက်သို့ ဦးတည်လာခဲ့ကြသည်။ စာပေ ဆိုသည်မှာ ဘာသာရေးယောင်ယောင်၊ စိတ်ပညာယောင် ယောင်၊ လူမှုရေးပညာ ယောင်ယောင်မဟုတ်။ စာပေသည် ဘာသာစကားကို စနစ်တကျ စုစည်းဖွဲ့စပ်ထားမှုတစ်မျိုး သာဖြစ်သည်။ စာပေတွင် ကိုယ်ပိုင်သီးခြားဥပဒေသတည် ဆောက်ထားသော သီးခြားပုံစံများနှင့် နည်းလမ်းများ ရှိကြ သည်။ ယင်းတို့ကို စာပေ၏ ပရိဝုဏ်အတွင်း၌သာ လေ့လာ ရမည်။ တစ်စုံတစ်ခု အဖြစ်သို့ လျှော့ချပြီး လေ့လာရန် မဟုတ် (ဤတွင် ဆိုလိုသည်မှာ ဘာသာစကားအခြေခံဖြင့် တည် ဆောက်ထားသော စာပေကို လေ့လာရာတွင် စာပေဆိုင်ရာ ဥပဒေသ တည်ဆောက်ထားပုံနှင့် နည်းလမ်းများအရသာ လေ့လာနိုင်မည့် သဘောဖြစ်သည်)

စာပေလက်ရာများ (အရေးအသားများ)မှာ စိတ်ကူးထည်များကို သယ်ဆောင် ပေးသည့် ယာဉ်ရထားများမဟုတ်။ လူမှုဘ၀အခြေခံ အမှန် တရားများ၏ ရောင်ပြန်ဟပ်မှုများ မဟုတ်။ သဘာဝလွန် အမှန်တရား အချို့တို့ တစ်ဖန်ပြန်လည်ဝင်စား မွေးဖွားလာ ခြင်း မဟုတ်။ စာပေသည် ရုပ်ဝတ္ထုအခြေခံ တစ်ခုဖြစ်သည်။ စာပေ၏ ပြုမူလုပ်ဆောင်နေပုံမှာ စက်ပစ္စည်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်သကဲ့သို့ ကြည့်နိုင်သည်။ စာပေမှာ စာလုံး/ စကားလုံးတို့ဖြင့် တည်ဆောက်ထားသည်။ အရာ ၀တ္ထုများ၊ ခံစားချက်များဖြင့် မဟုတ်။ စာပေကို စာရေး သူ၏ စိတ်ကို ဖော်ထုတ်တင်ပြချက် တစ်ခုအဖြစ်ကြည့်မြင် ခြင်းမှာမှားသော အပြုအမူတစ်ရပ်သာဖြစ်သည်။ အိုစစ်(ပ) ဘရစ်က ပွတ်ရှကင်၏ ယူဂျင်းအိုနဂျင်၃၄ အပေါ် ခပ်လွယ် လွယ်ဝေဖန်သကဲ့သို့ ဖြစ်သည်။ ၎င်းင်းမှာ ပွတ်ရှကင်သက်ရှိ ထင်ရှား မရှိခဲ့ဟုဆိုလျှင်ပင် ယူဂျင်းအိုနဂျင်ကိုမူ ရေးသားခဲ့ ကြပေဦးမည်ဟူ၍ ဖြစ်သည်။

အသွင်သဏ္ဌာန်ဝါဒသည် အနှစ်သာရအားဖြင့်သော် စာပေအား ဘာသာဗေဒအခြေခံဖြင့် လေ့လာခြင်း တစ်ရပ်ဖြစ် သည်။ ဘာသာဗေဒဟု ဤနေရာတွင် ညွှန်းဆိုသည်မှာ အစဉ် အလာ ဘာသာဗေဒ သဘောဖြစ်သည်။ အစဉ်အလာဘာသာ ဗေဒဆိုသည်မှာ ဘာသာစကား၏ တည်ဆောက်ပုံနှင့် ပတ်သက်၍ လေ့လာမှုပြုခြင်းဖြစ်သည်။ အသွင်သဏ္ဌာန်ဝါဒ နှင့် ပတ်သက်၍ ပြောဆိုကြရာတွင် ပြောဆိုလေ့ရှိသည်ကဲ့သို့ စာပေ၏ အတွင်းသားကို အလေးမထားဘဲ အသွင်သဏ္ဌာန် ကိုသာ အလေးထားလေ့လာမှုပြုသည်ဟူသော အမြင်မျိုး မဟုတ်။ အတွင်းသား လေ့လာမှုပြုကြရာတွင် စိတ်ပညာ၊ လူမှုရေး၊ ပညာစသည်တို့နှင့် ရောမွှေတတ်ကြသည်။ အသွင် သဏ္ဌာန်သည် အတွင်းသား၏ ဖော်ထုတ်ထားချက်တစ်ရပ် ဟူသော အမြင်ကို အလေးမပေးဘဲ အသွင်သဏ္ဌာန်နှင့် အတွင်းသားတို့၏ ဆက်သွယ်နေမှုကို အလေးပေးလိုက်ကြ သည်။ အတွင်းသားသည် အသွင်သဏ္ဌာန်(ပုံစံ)၏ ဆင်ခြေမျှ သာဖြစ်သည်။

တစ်စုံတစ်ခုသော အသွင်သဏ္ဌာန်ကို ဖော်ရာ တွင် လွယ်ကူစေသည်။ အကြောင်းတစ်ခုသာဖြစ်သည်။ ဒွန်ကီဟိုတေး၃၅ သည် ထိုအမည်ကို ပေးထားသော ဇာတ် ကောင်၏ အကြောင်းမဟုတ်။ ဇာတ်ကောင်မှာ သီကုံးရေး သားရာတွင် အသုံးပြုထားသည့် မတူညီသော နည်းပညာများ (ဤတွင် Technique ကို ဆိုလိုသည်)ကို တစုတစည်း တည်းရှိရန် ထိန်းထားသော နည်းလမ်း(ဤတွင် Device/ Method ကိုဆိုလိုသည်) တစ်ခုသာဖြစ်သည်။ အသွင်သဏ္ဌာန် ၀ါဒီများအတွက်သော် Animal Farm စာအုပ်မှာ စတာလင် ၀ါဒနှင့် ပတ်သက်၍ ဒွိတ္တသဘောအနက်ဆောင်သည့် အရေး အသားမျိုး (Allegory ၃၆ ကိုဆိုလိုသည်) မဟုတ်။ ထိုသို့ မဟုတ်သည်သာမက စတာလင်ဝါဒ အနေဖြင့် အနက်နှစ်မျိုး ဖော်ဆောင်နိုင်သည့် သဘောသက်ရောက်စေနိုင်သော ဖန်တီးမှု တစ်ရပ် လုပ်ဆောင်နိုင်ရန် အတွက် အခွင့်အလမ်းပင် ပေါ်သွား ခဲ့သည်ဟု မြင်ကြသည်။ ထိုသို့ တစ်ဖက်စောင်းနင်း အမြင်မျိုး ကို သိသိကြီးနှင့် တင်ပြခဲ့ကြသဖြင့်လည်း သူတို့နှင့် သဘော ထားချင်း မတူကြသူများထံမှ နာမည်ဆိုးကိုရခဲ့ကြခြင်းဖြစ် သည်။ နာမည်ပျက်ခဲ့ကြရသည်။

အသွင်သဏ္ဌာန်ဝါဒီများ အနေဖြင့် အနုပညာသည် လူမှုရေးဘ၀၏ အစစ်အမှန်များနှင့် ဆက်နွယ်မှုရှိသည်ဆိုခြင်းကို မငြင်းဆိုကြသည့်အပြင် အချို့မှာ ဘော်လရှီဗစ်(ခ)များနှင့်ပင် ရင်းနှီးခဲ့ကြသည်။ သို့ရာတွင် ထိုဆက်စပ်မှုမှာ ဝေဖန်ရေးသမားတို့ အလုပ်မဟုတ်ဟူ၍ ပြင်း ပြင်းထန်ထန် ဆိုကြသည်။

များသောအားဖြင့် စာပေလက်ရာဆိုသည်မှာ နည်း လမ်းများအားဖြင့် ဆီလျော်သလို စုစည်းဖွဲ့စပ်ထားသည့် တစ်စုံတစ်ရာဖြစ်သည်ဟူသောအမြင်ဖြင့် အသွင်သဏ္ဌာန်ဝါဒီ များက စတင် ခဲ့လေသည်။ နောက်ပိုင်းတွင်သော် ၎င်းင်းတို့က ထိုနည်းလမ်းများမှာ အပြန်အလှန် ဆက်သွယ်မှုရှိနေကြသည့် သီးခြားအစိတ်အပိုင်းကလေးများသာဖြစ်သည်။ သို့မဟုတ် (ထိုနည်းလမ်းများမှာ) ရေးသားထားသည့် အရေးအသားစနစ် အလုံးစုံအတွင်းမှ လုပ်ဆောင်ဖြစ်ပျက် နေခြင်းများသာဖြစ်လေ သည်။ နည်းလမ်းဟုဆိုထားသည်များတွင် Sound, imagery, rhythm, syntax, metre, rhyme, narrative techniques စသည့် စာပေ၏ အစဉ်အလာဖြစ်သော အခြေခံများ အားလုံး ပါဝင်နေသည်(ဤတွင် အင်္ဂလိပ်ဘာသာမူရင်းအတိုင်း ဖော်ပြ လိုက်ရသည်မှာ မြန်မာဘာသာ စကား အသုံးအနှုန်းတွင်စံပြု ထားသော တန်ဖိုးတူ စာလုံး/စကားလုံးမရှိသဖြင့် အနက်ယူ လွဲနိုင်သောကြောင့်သာဖြစ်သည်)

ထိုအခြေခံများအားလုံး၏ တူညီနေသော အချက်တစ်ရပ်မှာ တကယ့်ဖြစ်ရပ်ဖြစ်ခြေ သရုပ်မှန်လောကဟု ခေါ်ကြသော တကယ့်ဘ၀နှင့် တူညီမှု၊ နီးစပ်မှု စသည်တို့မှ ကင်းကွာနေခြင်း (Estrangement ကို ဆိုလိုသည်။ ရုပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများ ဆိုလိုသော Estrangement ဖြစ်သည်။ အဘိဓာန်လာ အနက်အတိုင်း မဟုတ်)ဖြစ်သည်။ သို့မဟုတ် အစဉ်အလာအတိုင်း သိရှိနား လည်ပြီး ရင်းနှီးမှုရှိနေခြင်းမှ ကင်းပသွားမှုကို ဖော်ထုတ်နိုင် ခြင်းဖြစ်သည် (Defamilarizing ဖြစ်သည်။ မရင်းနှီးမှုတည်း ဟူသော အကျိုးတရားဖြစ်သည်။ စာပေ၏ အစဉ်အလာ ဖြစ်သော အခြေခံများက ဖော်ထုတ်ပေးသော အကျိုးတရားများ)။ စာပေဘာသာစကား၏ ၀ိသေသ ထူးခြားမှု၊ စာပေဘာသာ စကား၏ အခြားသော အရေးအသားပုံစံများနှင့် မတူညီမှုမှာ သာမန်ဘာသာ စကားကို  နည်းအမျိုးမျိုးဖြင့် အသွင် ဖျက်ထားခဲ့ခြင်း ဖြစ်သည်။

စာပေနည်းလမ်းများ အောက်တွင် သာမန် ဘာသာစကားမှာ အင်အားကောင်းလာသည်။ သိပ်သည်းကျစ် လျစ်လာသည်။ အလှည့်အပြောင်း ပြုနိုင်သည်။ အတိုချုံ့လိုက် နိုင်သည်။ ချဲ့ထွင်နိုင်သည်။ စိတ်ဝင်စားစရာ ဖြစ်လာနိုင်သည်။ စင်စစ် ဘာသာစကားက အဆန်းတကြယ် ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အဆန်းတကြယ် ဖြစ်လာခဲ့ခြင်းကြောင့် နေ့စဉ် ဘ၀လောကသည် ရုတ်ခြည်း မရင်းနှီးသည့် အနေအထားသို့ ရောက်သွားတော့သည်။ နေ့စဉ် သုံးဘာသာ စကား၏ လုပ်ရပ် များအတွင်း နေ့စဉ်ဘ၀၏ စစ်မှန်နေမှု အပေါ် ကျွန်ုပ်တို့၏ မြင်ပုံမြင်နည်းများမှာ သမားရိုးကျသာ ဖြစ်သည်။ ထူးခြားလှ သည်လည်း မဟုတ်။

ဤသည်ကို အသွင် သဏ္ဌာန်ဝါဒီများ အနေဖြင့်သော် သူ့အလိုအလျောက် ဖြစ်ပေါ်နေခြင်းမျှသာ (အော် တိုမစ်တစ်ဟု ခေါ်လိုသော် ခေါ်ပါ) ဖြစ်သည် ဟူ၍သာခေါ် ကြပေမည်။ ဘာသာ စကား၏ စွမ်းဆောင်နိုင်မှု သိလာကြသော အခါ စာပေက အစဉ်အလာ အတိုင်းတုံ့ပြန် ရှုမြင်ထားခဲ့ခြင်း များ ပြောင်းလဲပြီး ပိုမို၍ ထင်သာမြင်သာနှင့် ကြည့်ပျော်ရှု ပျော်ဖြစ်လာကြတော့သည်။ ဘာသာစကားကို သာမန် ချဉ်း ကပ်လေ့လာခြင်းမျိုးထက်ပိုပြီး မိမိ၏ သိစိတ် အခြေခံဖြင့် တခုတ်တရ လေ့လာနိုင်ခဲ့ပြီဆိုလျှင်သော် ဘာသာ စကား၏ ပါဝင် ပတ်သက်မှု ရှိနေခဲ့သော ကမ္ဘာ လောကကြီးသည် တစ်ဖန်ပြန်လည်သစ်လွင်လာပြီး ပို၍ ထင်သာမြင်သာရှိလာ ပေတော့မည်။ ဤသဘောနှင့် ပတ်သက်၍သော် ဂျရာ့ဒမာန် လီးဟော့(ပ)ကင်(စ)၃၇ ၏ ကဗျာမှာ ကြည်ကြည်လင်လင် မြင်နိုင်လောက်အောင် နမူနာကောင်းတစ်ခုဖြစ်ပါသည်။ စာပေ အရေးအသားများသည် နေ့စဉ်သုံး သာမန် ဘာသာစကားနှင့် မတူ။ သာမန်ဘာသာစကားနှင့် ကင်းကွာပြီး သီးခြားသဘော ဆောင်သည်။ သမားရိုးကျ သက်သက်မဟုတ်။

ထိုသို့ ဖြစ်နေ ခြင်းကြောင့် ကျွန်ုပ်တို့၏ အတွေ့အကြုံများအတွင်း၌ ပိုမို၍ ရင်းနှီးကျွမ်းဝင်လာရသည်။ ပြည့်ပြည့်၀၀ရရှိလာကြရသည်။ လေကို ရှူကြသည်ဆိုရာတွင် များသောအားဖြင့် သိမှုအခြေခံ ဖြင့် ရှူခဲ့ကြသည်မဟုတ်။ ဘာသာစကားမှာလည်း အလား တူပင်။ ကျွန်ုပ်တို့၏ ရှင်သန်နေမှုအတွက် နည်းလမ်းမှာ တစ် ခုတည်းပင်။ အကယ်၍ ရုတ်တရက် လေသည် ညစ်ညမ်းလာ ခဲ့ပြီဆိုလျှင် ကျွန်ုပ်တို့၏ အနေဖြင့် သတိထားကာ ရှူကြရ ပေတော့မည်။ ၎င်း၏ နောက်ဆက်တွဲ ရလဒ်မှာ ကျွန်ုပ်တို့ ၏ ရုပ်ခန္ဓာကိုယ် အခြေတည်ထားသော ဘ၀အတွက် ပြောင်း လဲသွားသော အတွေ့အကြုံတစ်ရပ် ပေါ်လာပေတော့မည်။ အကယ်၍ မိတ်ဆွေ တစ်ဦးထံမှ ကြုံသလို ရေးလိုက်သော စာတိုကလေး တစ်စောင်ရသဖြင့် ဖတ်ရှုကြည့်ရာတွင် သူ၏ အရေးအသား တည်ဆောက်ထားပုံကို အလေးပေးလေ့လာကာ ဖတ်ရှုသည် မဟုတ်။

သို့ရာတွင် ၀တ္ထုဇာတ်လမ်း တစ်ပုဒ်ကို ဖတ်ရှုရာတွင် ဇာတ်လမ်းမှာ ချာချာလည်နေလျှင်ဖြစ်စေ သီကုံး ရေးသားပုံမှာ သွယ်တန်းမနေဘဲ မကြာခဏ ဟိုဒီခုန်ကာ ကူးပြောင်းနေလျှင်ဖြစ်စေ သို့မဟုတ် ဇာတ်လမ်း၏ အထွတ်အထိပ်သို့ မရောက်နိုင်ဘဲ ဇာတ်ရှိန်မမြင့်ဘဲ တန်းနေ ခဲ့လျှင် ဖြစ်စေ၊ ကျွန်ုပ်တို့အနေဖြင့် ထိုအရေးအသားကို မည်သို့ မည်ပုံ တည်ဆောက်ထားကြောင်း သတိပြုမိလာသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ ဖတ်ရှုပုံမှာ သာမန်ကာ လျှံကာမျိုး မဟုတ်တော့။ ၀တ္ထုဇာတ်လမ်းကို ရေးသားရာတွင် ဖြစ်တော့မည် သို့မဟုတ် အသာထိန်းထားမည် ဟူသော နည်းလမ်းများကို သုံးစွဲကာ ရေးသားခြင်းဖြင့် စာဖတ်သူ၏ စိတ်ဝင်စားမှု ရလာအောင်လုပ်သည်ဟု အသွင်သဏ္ဌာန် ၀ါဒီများက ဆိုခဲ့ကြသည် (ဤတွင် ဆိုလိုသည်မှာ ၀တ္ထုဇာတ် လမ်းရေးသားခြင်းမှာ နေ့စဉ်ဘ၀ထဲတွင် ဘာသာစကားကို သုံးစွဲသည်ကဲ့သို့ လိုရင်းကို တဲ့တိုးပြောသည်မဟုတ်) အသွင် သဏ္ဌာန်ဝါဒီများ အလိုအရ စာပေရေးသား ဖော်ထုတ်မှုပြု သော ဘာသာစကားတွင် ဤ နည်းလမ်းများမှာ ပေါ်ပေါ်လွင်လွင် ရှိနေကြသည်သာဖြစ်၏။

ထို့ကြောင့်ပင် အသွင် သဏ္ဌာန်ဝါဒီတစ်ဦး ဖြစ်သူ ရှလော့(ဗ)စကီး၃၈ က စတန်း၃၉ ၏ ထရစတန် ရှန်ဒီ၄၀ ၀တ္ထုနှင့်ပတ်သက်၍ သာသာထိုးထိုးဖြင့် ကောက်ချက်ချရာတွင် ထိုဝတ္ထုမှာ ဇာတ်ကြောင်းကို ဖော်ရာ တွင် ဖြစ်တော့မည် ဖြစ်တော့မည် ဟူသော အနေအထားတွင် ထိန်းထားနိုင်ခဲ့သဖြင့် ၀တ္ထု ဇာတ်ကြောင်းမှာ မည်သည် မည်သို့ဟု သိသာပေါ်လွင် မလာခဲ့။ ထိုဝတ္ထုကို ရေးသား ထားပုံမှာ ကမ္ဘာ့စာပေ အတွင်းတွင် အများဆုံးတွေ့ရလေ့ရှိသော ရေးသားပုံမျိုးဖြစ်သည်။

သို့ဖြစ်လေရာ အသွင်သဏ္ဌာန်ဝါဒီများက စာပေ၏ ဘာသာစကား ဆိုသည်ကို အစဉ်အလာစံ တစ်ခုဆီမှ လမ်းခွဲ လာခဲ့မှုတစ်မျိုးဟု မြင်ကြလေသည်။ ဘာသာစကား တည် ဆောက်မှုအတွင်းက အရှိန်အဟုန်ဖြင့် လမ်းခွဲသွားမှု (အကြမ်း ဖက်ပြောင်းလဲသွားမှု) တစ်မျိုးပင်။ စာပေဆိုသည်မှာ ၀ိသေသ ထူးသော ဘာသာစကားတစ်မျိုးဖြစ်သည်။ ကျွန်တော်တို့ အလွယ်တကူသုံးစွဲလေ့ရှိသော သာမန်ဘာသာစကားနှင့် သိသိသာသာကွဲပြားခြားနားနေသည်။ လမ်းခွဲထွက်လာသည် ကို သိသာမြင်သာရန်မှာ စံ(တစ်စုံတစ်ရာ)ဆီမှ ဦးတည်ရာ ပြောင်းပြီး လမ်းခွဲ ထွက်လာသည်ကို သိဖို့လိုပေမည်။ သာမန် ဘာသာစကား ဟူသော စကားအသုံးအနှုန်း (သညာတစ်ခု အဖြစ် သုံးနှုန်းခြင်း)ကို အောက်စဖို့ဒ်မှ တွေးခေါ်ရှင်များက သဘောကျကြသည်။

သို့ရာတွင် အောက်စဖို့ဒ်မှ တွေးခေါ်ရှင် ကြီးများ၏ သာမန်ဘာသာစကားဆိုသည်မှာ ဂလာ့စဝေဂျန်၄၁ က အလုပ်ကြမ်းသမားတို့ပြောသည့် သာမန်ဘာသာစကားနှင့် စိုးစဉ်းမျှမတူ။ လူမှုအဖွဲ့အစည်းအတွင်း၌ မေတ္တာစာရေးသား ကြသော ဘာသာစကားမှာ ထိုလူ့အဖွဲ့အစည်းအတွင်းမှ ဘာသာရေးဆိုင်ရာ တရားဟောဆရာကိုပြောသည့် အခါတွင် သုံးသော ဘာသာစကားနှင့်မတူ(လွယ်လွယ်ဆိုရသော် အရပ် ထဲတွင် ရည်းစားစာရေးသော ဘာသာစကားနှင့် ရွာဦးကျောင်း က ကိုယ်တော်ကို လျှောက်သော ဘာသာစကားမှာ မတူဟု ဆိုနိုင်သည်) ဆိုချင်သည်မှာ ငွေကြေးစံကို အခြေခံ၍ လူ့အဖွဲ့ အစည်းတစ်ခုအတွင်း အများသုံးရန် ပိုက်ဆံကို တစ်မျိုးတည်း ထုတ်လုပ်သည်ကဲ့သို့ လူ့အဖွဲ့အစည်း တစ်ခုအတွင်း အများသုံးရန် သာမန်ဘာသာစကားတစ်ခုတည်းရှိရမည်ဆိုလေသော် သဘာဝမကျလှ။ မည်သည့် ဘာသာစကား(တကယ့်ဘာ သာစကား အရေးအပြောအခြေခံဘာသာစကားကို ဆိုလို သည်)
ရောထွေးနေမှုမျိုး ပေါင်းစုံ ပါဝင်နေသည်ချည်း ဖြစ်သည်။

လူတို့၏ အတန်းအစား(အလွှာ) နေရာဒေသ လိင်မတူ ညီမှု အဆင့်အတန်း(အရည်အသွေး၊ ဂုဏ်ရည်) စသည် စသည် ဖြင့် မတူညီကြ။ သို့ဖြစ်ရကား ဘာသာစကားတစ်မျိုးတည်း တစ်ခုတည်းတွင် အခြေပြုကာ လူ့အဖွဲ့အစည်းတစ်ခုကို စုစည်းတည်ထောင်ထားရန် နည်းလမ်းမရှိ။ လူတစ်ဦးတစ် ယောက်၏ သာမန်သာသာစကား(စံပြုထားသော ဘာသာ စကား)မှာ အခြားသူတစ်ဦးတစ်ယောက်အတွက် သာမန်ဘာ သာစကားမဟုတ်သော ဘာသာစကား(သာမန်ဘာသာစကား မှ လမ်းခွဲထွက်လာသော ကဗျာဘာသာစကား၊ စာပေဘာသာ စကား၊ သို့မဟုတ် ကဗျာဆန်သော အရေးအသား) တစ်ခုသာ ဖြစ်ပေမည်။ ဘရိုက်တန်၄၂ အရပ်တွင် လမ်းမြောင်လမ်း ကြားကလေးကို Ginnel ဟု သုံးနှုန်းခြင်းမှာ ကဗျာဆန်သည်ဟု ဆိုနိုင်မည်။ သို့ရာတွင် ဘန်စလီအရပ်၌ သာမန် အရပ်သုံး စကားတစ်ခုသာ ဖြစ်လေသည်။

တစ်ဆယ့်ငါးရာစုဆီက အလွန့်အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည့် အရေးအသားတစ်ခု မှာ ကျွန်ုပ်တို့အဖို့ ကဗျာဆန်ကောင်းဆန်နေမည်။ ထိုသို့ ဖြစ်ရသည်မှာ ရှေးကျလှသော သို့မဟုတ် တိမ်မြုပ်ပျောက် ကွယ်လုနီးပါးဖြစ်နေသော စကားလုံး၊ အသုံးအနှုန်းများ ကြောင့် ဖြစ်ပေမည် (Archaism ကို ဆိုလိုခြင်းဖြစ်သည်။ ဤနေရာတွင် အီဂဲ(လ)တန်က အထူးသဖြင့် အင်္ဂလိပ်ကဗျာ များတွင် ရှေးက အသုံးအနှုန်းများကို ပြန်လည်သုံးနှုန်းခြင်းကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ စကားပြေတွင်သော် တွေ့ရခဲ သည်။ အင်္ဂလိပ်စာပေတွင် ၁၉ ရာစုခန့်အထိ အသုံးများ ခဲ့သည်။ အကယ်၍ လွန်ခဲ့သော နှစ်ကာလပေါင်းများစွာက ပျောက်ဆုံးနေခဲ့သော လူ့အဖွဲ့အစည်း တစ်ခု၏ အရေးအသားအပိုင်းအစတစ်ခုတည်းကို အမှတ်မထင် တွေ့ရှိလိုက်ရ သည်ဆိုသော် ထိုအရေးအသား အပိုင်းအစကလေးမှာ ကဗျာ တစ်ပုဒ်ဖြစ်၏။ မဖြစ်၏ဟု မပြောနိုင်။ မပြောနိုင်ရသည်မှာ ထိုလူ့အဖွဲ့အစည်း၏ သာမန် အရေးအသား သာမန်ဘာသာ စကားဆိုသည်မှာ မည်သည်မည်သို့ဟု မသိကြရသဖြင့် ဖြစ် သည်။ ထိုမျှသာ မဟုတ်သေး။

ဆက်လက်ပြီး သုတေသနပြု ကြရာမှာ ထိုအရေးအသားသည် သာမန်နေ့စဉ်သုံးဘာသာ စကားတစ်ခုအရ ရေးသားထားခြင်း မဟုတ်ဟုသိရှိကြရသည် ဆိုလျှင်ပင် ထိုအရေးအသားကို ကဗျာတစ်ပုဒ်ဖြစ်သည်ဟု မဆိုနိုင်သေး။ အကြောင်းမှာ ရေးရိုးရေးစဉ် သာမန်နေ့စဉ်သုံး ဘာသာစကားအရ ရေးသားထားခြင်း မဟုတ်သည် မှန်သမျှ ကို ကဗျာ၊ ကဗျာဆန်ဆန်ရေးသည်ဟု မဆိုနိုင်သောကြောင့်ဖြစ် ပါသည်။ ဗန်းစကား (Slang ကို ဆိုလိုသည်။ ဤနေရာတွင် ဗန်းစကားဆိုသည်မှာ ကျွန်တော်တို့ မြန်မာများလက်ခံထား သည့် အတိုင်းအတာ အတိုင်းကို မဆိုလို။ Slang as the Language of intimacy, of everyday conversation, and as ephemeral သဘောကို ဆိုလိုသည်။ ပါမောက္ခ အီဂဲ(လ)တန် ရေးနေသည်မှာ အင်္ဂလိပ် ဘာသာစာ အခြေခံစာပေအကြောင်း ဆိုသည်ကို မမေ့ကြစေချင်ပါ)ကို နမူနာတစ်ခုအဖြစ် ကြည့်စေချင်သည်။ သာမန်မျှသာ ဖတ်ရှုကြည့်ပြီးနောက် တကယ့်ဘ၀ကို အခြေခံ ဖော်ထုတ်သော စာပေတစ်ရပ်စာရင်း မ၀င်ဟု ဆိုရန်မလွယ်။ ထိုဗန်းစကားကို သုံးစွဲသော လူ့အဖွဲ့ အစည်းတွင် ထိုအသုံးအနှုန်း၏ အသုံးဝင်ပုံ၊ သုံးစွဲပုံ၊ အနက်ရပုံ စသည်များကို မသိဘဲ(ထည့်သွင်း မစဉ်းစားဘဲ) တကယ့်ဘ၀ တွင် အခြေခံသော စာပေ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဟု ပြောဆိုရန် မဖြစ်နိုင်ချေ။

ရုပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများအနေဖြင့် ဤ အချက်တို့ ကို မသိကြသဖြင့် မဟုတ်။ စံများနှင့် လမ်းခွဲထွက်သွားကြ မှုများ(ပြောင်းလဲသွားကြမှုများ)မှာ လူ့အဖွဲ့အစည်း၌ တည်၍ သော်လည်းကောင်း၊ သမိုင်းရေးအခြေခံ ပြောင်းလဲမှုများ၌ တည်၍သော် လည်းကောင်း၊ အပြောင်းအလဲ အရွှေ့အပြောင်း ပြုလျက်ရှိနေကြကြောင်းကို ၎င်းတို့အနေဖြင့် သိကြပါသည်။ ဤသဘော၌တည်၍သော် ကဗျာဆိုသည်မှာ ကာလတရား တစ်ခု၏အတွင်း မိမိက မည်သည့် နေရာတွင် ရှိနေခဲ့သည် (ကာ လတရား၌ တည်နေသော မိမိ၏အနေအထား)ဆိုသည့် အချက်တွင် တည်နေသည့် သဘော ဆောင်နေပေတော့သည်။ အကြောင်းမှာ ဘာသာစကား၏ အပိုင်းအစ တစ်ခုသည် “အစဉ် အလာအတိုင်းမဟုတ်၊ သမားရိုးကျမဟုတ် ဖြစ်နေသည်ဆိုရုံ မျှဖြင့် နေရာတကာတွင်ဖြစ်စေ၊ အမြဲတမ်းဖြစ်စေ၊ ထိုသို့ (အစဉ်အလာအတိုင်းမဟုတ်၊ သမားရိုးကျမဟုတ်” ဖြစ်နေ မည်၊ ကိုဆိုလိုသည်) ဖြစ်နေမည်ဟု အာမမခံနိုင်ချေ။

အစဉ် အလာအတိုင်း မဟုတ်၊ သမားရိုးကျမဟုတ် ဖြစ်နေရသည်မှာ ဘာသာစကား တည်ဆောက်ထားပုံ အတွင်း စံပြုထားသော အကြောင်းရင်း တစ်စုံတစ်ရာ အပေါ်သို့သာ ဖြစ်သည်။ အကယ်၍ ဤအနေအထားမှာ ပြောင်းပြန် ဖြစ်သွားခဲ့သော (ဆိုလိုသည်မှာ အစဉ်အလာ အတိုင်း မဟုတ်ရာမှ အစဉ်အလာ  အတိုင်း ဖြစ်သွားခဲ့သော်) စာပေတစ်ရပ် ဖြစ်သည်ဟူသော် အရေးအသားကို စာပေဟု မြင်ရန်မဖြစ်နိုင်တော့ချေ။ အကယ် ၍ လူတိုင်းလူတိုင်းက စားရင်းသောက်ရင်း “အသင်ပြောင်းလဲခြင်း အလျှင်းမရှိ စော်ကားခံရခြင်းကင်းသည့် ဆိတ်ငြိမ် ခြင်း၏ကလေး”ဟူသော အသုံးအနှုန်းမျိုးကိုသာ သုံးနှုန်းနေကြ မည်ဆိုသော် ဤသို့သော အသုံးအနှုန်း ဘာသာစကားမှာ ကဗျာဆန်သော ဘာသာစကား(စာပေဘာသာစကား) ဖြစ် တော့မည် မဟုတ်ပေ။

တစ်နည်း ဆိုရသော် အသွင်သဏ္ဌာန် အဓိက ၀ါဒီများအဖို့ “စာပေအရာ မြောက်ခြင်း” ဆိုသည်မှာ ဖော်ထုတ် ရေးသားထားခြင်းတစ်မျိုးနှင့် အခြားရေးသား ဖော်ထုတ်မှုတို့၏ အကြားတွင်တစ်မျိုးတည်း တစ်သားတည်း မဟုတ်ဘဲ ဆက်သွယ်ကာ လုပ်ဆောင်နေမှု (အရပ်စကား ဖြင့်သော် အလုပ်ဖြစ်နေခြင်း)သာ ဖြစ်သည်။ သို့ရာတွင် ဤအမြင်မှာ အမြဲတမ်း လက်ခံထားရမည် သဘောကို မဆောင်။ အသွင်သဏ္ဌာန် အဓိက၀ါဒီများအနေဖြင့် စာပေ ဆိုသည်ကို အနက်ဖွင့်ရန် အားထုတ်ကြခြင်း မဟုတ်။ စာပေ အရာမြောက်ခြင်းကို အနက်ဖော်လိုကြသည်။ ဘာသာစကားကို ၀ိသေသ ထူးခြားအောင်ပြု၍သုံးစွဲကာ “စာပေအရာ မြောက်စေခြင်း”ကို ဆွေးနွေး တင်ပြလိုကြသည်။

ဘာသာ စကားကို ၀ိသေသထူးခြားအောင်ပြုကာ သုံးစွဲခြင်းကို စာပေ အရေးအသားများတွင် တွေ့ရနိုင်သော်လည်း ရေးသားထား ခြင်းများ၏အပ အပြင်ဘက်တွင်လည်း ရှိနေကြပြန်သည်။ စာပေဆိုသည်ကို ဘာသာစကားသုံးစွဲမှု၌ တည်ကာ အနက်ဖော်ကြမည်ဆိုလေသော် စဉ်းစားရန် အချက်တစ်ခုရှိ နေပြန်သည်။ မာန်ချက်စတာမြို့တွင် မာဗလ်မြို့ ထက်ပို၍ မက်တာဖော်၄၃ သုံးစွဲရာတွင် များနေသည့်အကြောင်း (ဤ နေရာတွင် ပါမောက္ခ အီဂဲ(လ)တန်က ရှေ့တွင် ရေးသားခဲ့ သောစာကြောင်းအချို့ပေါ်တွင်တည်ကာ အသွင်သဏ္ဌာန် အဓိက၀ါဒီများ၏ အမြင်အပေါ်အခြေခံပြီး ဆင်ခြေတစ်ခု ထုတ်ယူပြခြင်းဖြစ်သည်။ အဓိက မေးခွန်းမှာ ဘာသာစကား ကို ထူးခြားအောင်ပြုပြီး သုံးစွဲနိုင်သည် ဆိုလေတိုင်းစာပေဟု ခေါ်ဆိုနိုင်ပါသည်လားဟူသော မေးခွန်းဖြစ်သည်။ နေ့စဉ် ဘ၀အတွင်း သာမန်ပြောဆိုရေးသားကြရာတွင် စာပေနည်း လမ်းများ(စာပေတစ်ရပ်ဟု သတ်မှတ်နိုင်ရန်အတွက် ရေးသား ရာတွင်အသုံးပြုသောနည်းလမ်းများ) ဖြစ်သည်။ Metonymy, Synecdoche, Litotes, Chiamus စသည်တို့ကို တခုတ်တရ အလျှံအပယ် မသုံးစွဲကြပေ(ဤတွင်လည်း နားလည်လွဲမည် စိုးသဖြင့် မူရင်း အင်္ဂလိပ်စာ စာလုံး/ စကားလုံးများကို သုံးလိုက်ရသည်။

သို့ရာတွင် အသွင်သဏ္ဌာန်အဓိက ၀ါဒီများအနေဖြင့် ရင်းနှီးမှုမရှိခြင်း(ကင်းကွာနေခြင်း) သဘောမှာ စာပေ (ဤ တွင် စာပေကိုသာ ဆိုလိုသည်။ စာပေအရာမြောက်မှု ကိုဆိုလိုသည် မဟုတ်ကြောင်း၊ သတိပြုကြစေချင်သည်)၏ အနှစ်သာရပင် ဟူသောအမြင်ကို ဆက်လက်ထောက်ခံထား ကြသည်။ လက်ခံကြသဖြင့်လည်း ဘာသာစကားကိုသုံးစွဲ ပုံ၌ အခြေခံသော အမြင်ကို အသက်သွင်းခဲ့သည်ဟု ဆိုရ မည်။ ထို့ကြောင့်ပင် ၎င်းတို့၏အမြင်တွင် ဘာသာစကား အခြေခံဖော်ထုတ်မှု တစ်မျိုးနှင့် တစ်မျိုးမတူညီကြခြင်းသည် အဓိကအချက်ဖြစ်နေတော့သည်။ သို့ဖြစ်လေသော် အကယ်၍ စားသောက်ဆိုင်ထဲတွင် စားရင်းသောက်ရင်း အခြားစားပွဲ တစ်ခုဆီမှ “ဒီလက်ရေးကဖြင့် အတော့်ကိုညံ့တဲ့ လက်ရေး ပဲ” ဟု အာမေဋိတ်ပြုသံ ကြားရလေသော် ၎င်းင်းကို(ဘာသာ စကားကို) စာပေ ဘာသာစကားဟုတ်၊ မဟုတ်မည်သို့ ဆုံးဖြတ်ပါမည်နည်း။

အချက်အလက် အရ ဆိုရသော် ထိုဘာသာစကားအသုံးအနှုန်းမှာ စာပေဘာသာစကား ဖြစ်သည်။ ဟယ်မဆွန်း၄၄ ၏ ငတ်မွတ်ခြင်း၄၅ ၀တ္ထုမှစာ တစ်ကြောင်းဖြစ်သည်။ သို့ဖြစ်လျှင် စာပေ ဖြစ်ကြောင်းမည် သို့ သိရပါသနည်း။ ဘာသာအသုံးအနှုန်းတွင် အခြေခံ၍ ဆုံးဖြတ်ကြည့်သည် မဟုတ်ပါ။ ထိုအသုံးအနှုန်းကို စာပေ ဘာသာစကား အသုံးအနှုန်းဖြစ်သည်ဟု ဖြေဆိုရသည်မှာ ထိုစာကြောင်းသည် ဟယ်မဆွန်၏ ငတ်မွတ်ခြင်း အမည်ရှိ ၀တ္ထုတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။ ထိုအရေးအသား မှာ ၀တ္ထုဟု ကြေညာထားသော အရေးအသားတစ်ခုဖြစ်ပြီး ၀တ္ထုတစ်ပုဒ်အနေဖြင့် ဖတ်ရှုခဲ့ပါသည်။ ၎င်းဝတ္ထုမှာ တက္ကသိုလ်က စာပေကို ပညာရပ်တစ်ခုသင်ကြားသော သင်ရိုး တွင် စာရင်းဝင်ဖြစ်နိုင်ပါသည်။ ရေးသားထားပုံအရ စာပေဟု ပြောနိုင်သည်။ ဘာသာစကားအရသော် အခြားသော အရေး အသား အပြောအဆိုတို့ ထူးခြားပြောင်မြောက်စွာ ထွက်ပေါ် နေသော ဘာသာစကားအသုံးအနှုန်းမဟုတ်။ ဤသို့သော ဘာသာစကားအသုံးအနှုန်းကို စားသောက်ဆိုင်ထဲတွင် မည်သူမဆို ပြောဆိုနိုင်ပေမည်။ ပြောဆိုရာတွင် စာပေကို တန်ဖိုးထားတတ်သဖြင့် စာပေ၏ တန်ဖိုးကို သိသဖြင့် မဟုတ်။

အသွင်သဏ္ဌာန် အဓိက၀ါဒီများ တွေးခေါ်လက်ခံထားသည့် အတိုင်း စာပေကို ရှုမြင်လက်ခံရမည်ဆိုလျှင် စာပေကို ကဗျာအဖြစ် လက်ခံကြရပေတော့မည်။ ထူးခြားသည်မှာ အသွင်သဏ္ဌာန် အဓိက၀ါဒီများ စကားပြေအရေးအသားနှင့် ပတ်သက်၍ ဆင်ခြင်လေ့လာကြည့်ကြရာတွင် ကဗျာအရေး အသားကို လေ့လာရာတွင် အသုံးပြုသော နည်းပညာများကို သုံးစွဲခဲ့ကြသည်။ သို့သော် စာပေဟူသည်ကို ဆုံးဖြတ်ပြောဆို ဆွေးနွေးကြရာတွင် ကဗျာချည်းကိုသာ ပြောဆိုကြသည် မဟုတ်။ ဥပမာ ဆိုရသော် သဘာဝတရား အခြေခံသော အကြောင်းများ၊ နေ့စဉ်ဘ၀နှင့် ဆက်စပ်နေသောအကြောင်း များကို ရေးသားသော စာပေဆိုသည်များတွင် ဘာသာစကား ကို ဖန်တီးနိုင်စွမ်းရှိခြင်းတွင် အခြေခံကာ ရေးသားခဲ့ကြသည် မဟုတ်ကြောင်း တွေ့ရသည်။ ရံဖန်ရံခါ အရေးအသားများကို ညက်ပါပေ့ဟု လူများက ဆိုကြသည်မှာ အရေးအသားထဲတွင် မလိုအပ်သည်များဖြင့် ဇာချဲ့မထားသောကြောင့်ဖြစ်သည်။ လိုရင်းတိုရှင်း ရိုးရိုးရေးထားခြင်း၊ ထွေလီကာလီများ ပါမနေ ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် (ထည့်သွင်းစဉ်းစားကြည့် သင့်သည်မှာ) ပြက်လုံးများ၊ ဘောလုံးပွဲ (အားကစား)များ တွင် ပြိုင်တူအော်ဟစ်ကြခြင်းမှာ သံပြိုင်ကြွေးကြော် ကြခြင်းများ၊ သတင်းစာခေါင်းကြီးပိုင်းများ၊ ကြော်ငြာ စသည်များသည် ဘာသာစကားအရ ပေါ်လွင်ထင်ရှားစွာ ရှိကြ (ရပ်တည်နေကြ)သည်။ သို့သော် စာပေအဖြစ် မသတ် မှတ်ကြ (ဆိုလိုသည်မှာ ဘာသာစကားအရ ပြောင်မြောက်မှု ထူးခြားမှုရှိတိုင်းစာပေဟု မသတ်မှတ်ကြခြင်းကို ဆိုလိုသည်)။

ရင်းနှီးမှုမရှိခြင်း(ကင်းကွာနေခြင်း အဆန်းတကြယ် ဖြစ်နေခြင်း) နှင့် ပတ်သက်၍ အခြားပြဿနာတစ်ခု ရှိနေ ပြန်ပါသေးသည်။ ၎င်းမှာ မည်သည့်အရေးအသားမဆို သဘောရိုးနှင့် ဖတ်ကြည့်သည့်တိုင် ဆန်းနေတတ်သည်ချည်း ဖြစ်သည်။ လန်ဒန်က မြေအောက်မီးရထားဘူတာများတွင် တွေ့ရတတ်သော စာတစ်ကြောင်းရှိသည်။ ထွေထွေထူးထူး မပါ။  အနက်ထွေပြားစရာမရှိ။ ဖတ်ရှုပြီး ဆင်ခြင်ကြည့် ပါ။ (မူရင်းအတိုင်း အင်္ဂလိပ်လိုပင် ရေးပြပါစေ) Dogs must be carried on the escalator ဟူ၍ ဖြစ်သည်။ ဖတ်ကြည့်လိုက် သော် ရှင်းရှင်းလင်းလင်းရေးထားသည်ဟု ထင်စရာရှိသော် လည်း မရှင်းလှ။ (ရေးသားထားပုံအရသော်) ခွေးမပါလျှင် ဓာတ်လှေကား (Escalator ကို လွယ်လွယ်ဘာသာပြန်ထား ခြင်း ဖြစ်သည်) ပေါ်မတက်ရဟု ဆိုလိုပါသည်လား။ ဓာတ်လှေကားစီးရန်အတွက် လမ်းပေါ်တွင် သွားနေသော ခွေး လေခွေး လွင့်တစ်ကောင်ကောင်ကို ဖမ်းပြီးပွေ့ချီသွားရတော့ မည်ကဲ့သို့ ဖြစ်နေသည်။

တည့်တည့်ကြီး ရေးထားသည်ဟု ထင်ရသော ကြေညာစာများတွင် ထွေပြားနိုင်မှုများ ပါဝင် နေတတ်ကြလေသည်။ ဗြိတိန်နိုင်ငံတွင် သုံးလေ့ရှိသော ‘Rufuse to be put in this basket’ ဟူသော ကြေညာချက်မျိုး။ သို့မဟုတ် လမ်းညွှန်သဘောဖြင့် ရေးထားသောဆိုင်း ဘုတ်မှ ‘Way Out’  (မြန်မာဘာသာစကားအရသော် ထွက်ပေါက်ဟု ဆိုနိုင်သည်) ဟူသော အရေးအသားမျိုးမှာ အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားပြည်မှတစ်ဦး တစ်ယောက်က ဖတ်ရှုသော် အနက်တစ်မျိုး ဆောင်နေပေမည်။ ထိုသို့သော ထွေပြားနေမှုများကို ဘေးသို့အသာ ဖယ်ထား သည့်တိုင် လမ်းညွှန်ဆိုင်းဘုတ်မှ ရေးသားထားချက်ကို  စာပေအဖြစ် ဖတ်ရှုကြည့်နိုင်သည်မှာ ပေါ်လွင်နေပြန်သေး သည်။ ဖတ်သည့် လူအနေဖြင့် လမ်းညွှန်ဆိုင်းဘုတ်မှ တစ်သံ တည်းစီသာထွက်သော စာလုံး (ဤတွင် Dog must be ဆိုလို သည်)ကို ဖတ်မိလိုက်ပြီး အငိုက်မိသွားနိုင်သည်။ စာလုံး များ၏ အနက်နောက်သို့ ကောက်ကောက်ပါ အောင်လိုက်ကာ စဉ်းစားကြည့်နေမိကာ စိတ်အစဉ်ပျံ့လွင့်နေ ပေတော့မည်။ ဃမေမငနိ ကဲ့သို့သော စာလုံးဆီသို့ ရောက်သော် တွေးဆစရာ (တွေးဆကြည့်နိုင်စရာ) အနက်များမှာ အများရှိလာတော့ သည်။ လမ်းကောင်းကောင်းမလျှောက်နိုင်သည့် ခွေးများကို ကယ်တင်စောင့်ရှောက်ရေးလုပ်ရန်ပင် သတိပေးသလိုလို။ တွေးဆကြည့်ရန်လိုလို ဖြစ်နေသည်။

အက်စ်ကလေတာ Escalator ဟူသော စာလုံး၏ အသံထွက်ကိုက တက်သံ ကျသံများဖြင့် တည်ဆောက်ထားလေရာ တကယ့်အက်စက လေတာကဲ့သို့ပင် ဆင်းချည်တက်ချည်ပါတကားဟု တွေး ကြည့်ရတော့မည်လိုလို ဖြစ်နေပြန်တော့သည်။ ဤသို့ တွေး ဆကြည့်မိကြပုံများမှာ အချည်းအနှီးပင်ဖြစ်သည်ဟု ဆိုလို သော် ဆိုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကဗျာအရာ မြောက်သည်ဟုဆိုသည့် ရေးသားဖော်ထုတ်ချက်များတွင် တွေ့ရတတ်သည့်စာလုံး အတိုအပြတ်များကို ဖတ်ရှုရခြင်း ထက်ပို၍ အချည်းအနှီး ဖြစ်သည်ဟူ၍ကား မဆိုသာချေ။ ထိုသို့ဖြစ်ရကား စာပေဆိုသည်ကို စဉ်းစားကြည့်ရာတွင် လူများ အနေဖြင့် ရေးသား ဖော်ထုတ်မှု ဆိုသည်ကို ဘာလုပ် လိုက်ကြပါသလဲ ဟူသော မေးခွန်းထက် ရေးသားဖော်ထုတ် မှုဆိုသည်က လူများကို ဘာလုပ် လိုက်ပါသလဲ ဆိုသည်ကို ဦးစားပေး စဉ်းစားကြည့်ရန် ဖြစ်လာသည်။
(ဆက်လက်ဖော်ပြပါမည်)

မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
အောက်ခြေမှတ်စု ။ ။
1-    Shakespeare, Webster, Marvell and Mitlton
2-    Francis Bacon
3-    John Donne
4-    Bunyan
5-    Sir Thomas Browne
6-    Hobber’s Leviahan
7-    The First Earl of Clarendon ကိုဆိုလိုသည်။
Edward Hyde အမည်ဖြင့် သမိုင်းစာများရေးခဲ့သည်။
8-    The History of Rebellion and Civil Wars in Ireland နှင့် The History of rebellion and Civil Wars in England: Begun ib the Year 1641 တို့ကို ဆိုလိုသည်။
9-    Comeille and Racine
10-    Due de laRochefoucauld
11-    Jacques Benigne Bossuet
12-    Nicolas Boileau-Despreaux
13-    Madame de Sevigne
14-     Rene Descarte
15-     Pascal
16-     Lamb
17-     Bentham
18-     Macaulay
19-     Marx, Karl
20-     Mill
21-     Darwin
22-     Herbert Spencer
23-     Icelandic
24-     Edward Gibbon,
The History of the Decline and the Fall of Roman Empire  ကိုရေးသားခဲ့သူ။
25-    John Henry Newman
26-     Superman comic
27-     Mills and Boon အပေါစား၊ အပျော်ဖတ် မိန်းမ ကြိုက် အချစ်ဝတ္ထုများကို ရည်ညွှန်းခြင်းဖြစ်သည်။
28-    Roman Jacobson
29-     Vicktor Shlovsky
30-     Osip Brik
31-     Yury Tynyanov
32-     Boris Eichenbaum
33-     Boris Tomashevsky
34-     Pushkin’s Eugene Onegin
35-     Don Quixote
36-     Allegory- A story with second distinct meaning partially hidden behind its literal or visible meaning. Chris Baldick. 1991. Oxford Concise Dictionary of Literary Terms. P.5
37-     Gerard Manley Hopkins
38-     Viktor Shlovsky
39-     Laruence Sterne
40-     Tristram Shandy
41-     Glaswegian
42-     Brighton
43-     Metaphor
44-     Knut Hamsun
45-     Hunger