|
Written by ထွန်းတောက်ထွဋ်
|
|
Friday, 29 June 2012 13:44 |
၁။ “စိတ်ညစ်တယ် အစ်ကိုရာ။ ဘယ်လိုက ဘယ်လို ရိပ်မိပြီး ဘယ်သူများ ချွန်လိုက်တယ် မသိဘူး။
argaiv1997
အန်တီစန်းက “ခုရက်ပိုင်းအတွင်း ရပ်ကွက်ထဲမှာ ဧည့်စာရင်းတွေ စစ်ဖို့ ရှိတယ်။ မင်းလည်း ကိုယ့်အိမ်ကိုယ်ပြန် အိပ်ဦး” တဲ့။ ကျွန်တော်လည်း ဆယ်တန်းသာ မအောင်တယ် “ငတုံး” မှ မဟုတ်တာ။ ဒါပညာ ရှိနည်းနဲ့ ကျွန်တော့်ကို သူတို့ အိမ်မှာ မနေတော့ဖို့ သတိ ပေးခြင်းပဲလို့ ထင်တယ်။ ငါးလလောက် ရင်းနှီး ခဲ့ပြီးမှဗျာ။ သန္တာ့အချစ်ကို ရဖို့ ဝေးပြီ ထင်ပါတယ် အစ်ကိုရယ်”
စိတ်ရှုပ်နေတဲ့ ပုံစံနဲ့ ခေါင်းတဗျင်းဗျင်း ကုတ်ရင်း ကျွန်တော့်ကို ရင်ဖွင့်နေတဲ့ မောင်ဦးရဲ့ ခပ်ဖြောင့်ဖြောင့် ရုပ်ကို ကြည့်ပြီး ကျွန်တော်လည်း ခေါင်းယမ်း နေမိပါတယ်။ အသက်နှစ်ဆယ့်ငါးနှစ် အရွယ် လူငယ်တစ်ယောက် ဖြစ်တဲ့ မောင်ဦးဟာ ကြုံရာကျပန်း အလုပ်တွေ လုပ်ကိုင်နေရသူပီပီ အလုပ် ပင်ပန်းတာကို အကြောင်းပြပြီး မကြာမကြာ အရက်သောက်လေ့ ရှိပါတယ်။ ဖြစ်ချင်တော့ အရက်ဆိုင်မှာ ခဏခဏ ဆုံရလေ့ ရှိတဲ့၊ မူးလာရင် သွေးဆိုးတတ်တဲ့၊ အန်တီစန်းရဲ့တူ အလုပ်လက်မဲ့ ကျော်စိုးကို ပုလင်းတူဘူးဆို့ပေါင်းသင်း၊ ထိန်းကွပ်ပေးရာက စပြီး အန်တီစန်းအိမ်ကို အ၀င်အထွက် ရှိလာတယ်လို့ ပြောရမှာပါ။
ဘာပဲဖြစ်ဖြစ် ဆတ်ကော့လတ်ကော့ ကောင်မလေးတွေနဲ့ ငြိစွန်းခဲ့ ဖူးတဲ့ မောင်ဦးဟာ ကျော်စိုးရဲ့ တစ်ဝမ်းကွဲ ညီမ၊ အန်တီစန်း ရဲ့သမီး တက္ကသိုလ် ကျောင်းသူ သန္တာကို စိတ်ဝင် စားခဲ့ပါတယ်။ စိတ်ဝင်စားဆို သန္တာ ကလည်း လှပ၊ ဖော်ရွေတာကိုး။ ရပ်ကွက်ထဲမှာ အသင့်အတင့် အဆင်ပြေတဲ့ အန်တီစန်းကလည်း တူနဲ့ ပတ်သက်မှ ခင်မင်ရတဲ့ မောင်ဦးကို “ငါ့ တူနဲ့ မပေါင်းနဲ့၊ ငါ့ အိမ်ထဲ မ၀င်နဲ့” ဆိုပြီး အထက်စီး စကားဆိုလေ့ မရှိသလို လူမှုရေးကို ထောက်ထား ငဲ့ညှာ တတ်တဲ့ အထက်တန်းပြ ဆရာမ တစ်ဦးလည်း ဖြစ်နေ ပြန်ပါတယ်။ အန်တီစန်း ယောက်ျားက နိုင်ငံခြားမှာပါ။ သန္တာအောက်က သားတစ်ယောက်ကတော့ ရှစ် တန်းကျောင်းသားပါ။
ဘာပဲဖြစ်ဖြစ် မောင်ဦးနဲ့ အန်တီစန်းတို့ မိသားစု ပိုမို ရင်းနှီးလာတဲ့ ကာလတစ်ခုမှာ တော့ အရာရာ ကြိုမြင်တတ်တဲ့ အန်တီစန်းဟာ အမျိုးကောင်းသား တစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ပြရင်း သန္တာနဲ့ စေ့စပ်ထားသူ ဆိုပြီး ကြေညာလို့ မောင်ဦးဘက်က ဖြစ်ပေါ် လာနိုင်တဲ့ အချစ်တစ် ခုကို ကြိုတင်တားဆီးခဲ့ပါ တယ်။ သူငယ်ချင်းနှစ် ယောက် အရက် အတူသောက် ဖြစ်ကြတဲ့ အခါတွေမှာတော့ မောင်ဦးဘက်က ကျော်စိုးကို “စ” နောက်လိုတဲ့သဘောနဲ့ “ချစ်ယောက်ဖ” လို့ခေါ်တတ် သလို သန္တာ့အပေါ် ဘယ် လောက်အထိ ချစ်တယ်ဆို တာတွေပါ ပြောတတ်လာပါ တယ်။ မောင်ဦး စကားမှန် သမျှကိုတော့ ကျော်စိုးဘက် က အပျော်အပြက် သဘောပဲ ထားခဲ့ပါတယ်။
တကယ်တော့ မိဘမရှိဘဲ ဆွေမျိုး နီးစပ် အိမ်မှာ ကပ်နေရင်း ကြုံရာ အလုပ်တွေ လုပ်ရတဲ့ မောင်ဦးဟာ အလုပ် မရှိတဲ့ ရက်တွေတိုင်း အချိန်ကုန် အခါကုန် အန်တီစန်းမှာ ဗီဒီယို ထိုင်ကြည့်လေ့ ရှိပါတယ်။ အဲဒီကမှတစ်ဆင့် လူတစ်ဖက်သားကို ကူညီတတ်တဲ့၊ ဖင်ပေါ့တဲ့ မောင်ဦးအဖို့ အန်တီစန်းအိမ်ဟာ စားအိမ်၊ သောက်အိမ်လို ဖြစ်လာပါတယ်။ အန်တီစန်းကလည်း သဘော ကောင်းတာကိုး။ တစ်ခါတလေမှာတော့ အမူး လွန်ပြီး ရပ်ကွက်ထဲလှည့် သောင်းကျန်းနေတဲ့ ကျော်စိုးကို ထိန်းရင်းသိမ်းရင်းကပဲ အန်တီစန်းအိမ်မှာ အိပ်တဲ့ရက် တွေရှိလာပါတယ်။
“သိသာသိစေ မမြင်စေ နဲ့” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ အန်တီစန်း အနေ နဲ့ကလည်း တူဖြစ် သူကိုရော မောင်ဦးကိုပါ အရက် မသောက်ဖို့၊ လူငယ်တွေပီပီ အလုပ် ကြိုးစားကြဖို့ ဆုံးမ စရာရှိ ဆုံးမ၊ ခိုင်းစရာရှိခိုင်း၊ ကျွေးစရာရှိ ကျွေးပါတယ်။ တဖြည်းဖြည်းနဲ့ အလုပ် မရှိတဲ့ ရက်များလာလို့ ဆွေမျိုး နီးစပ်တွေရဲ့ ငြိုငြင်သမျှ ခံလာရတဲ့ မောင်ဦးဟာ အန်တီစန်း အိမ်မှာပဲနေတာ၊ စားတာ၊ အိပ်တာတွေများ လာပြီး မိသားစုဝင် တစ်ယောက်လို ဖြစ်သွားတာပါ ပဲ။ အန်တီစန်း လျှော်စရာရှိ တဲ့ အ၀တ်တွေ လျှော်ပေး လိုက်တာမျိုး။ သန္တာဆေး ဖို့ချထားတဲ့ အိုး၊ ခွက်၊ ပန်း ကန်တွေကို ခပ်သွက်သွက် ဆေးပေးလိုက်တာမျိုး။ နောက်ဆုံး ဟိုနားခိုင်းလည်း မောင်ဦး၊ ဒီနားခိုင်းလည်း မောင်ဦးနဲ့၊ ဖြူးစ်ပြတ်၊ မီးချောင်းလဲ၊ မီတာဆောင်တာ ကအစ ထမင်းဟင်းပါဝင် ချက်တဲ့အထိ ဖြစ်လာတဲ့ မောင်ဦးဟာ ထမင်း နပ်မှန်အောင် ကျွေးထားတဲ့ အန်တီ စန်းရဲ့မျက်နှာကိုမှမထောက် သန္တာ့ဆီက အချစ်ကို ရဖို့ တိတ်တဆိတ် ကြိုးစားပါ တော့တယ်။
အဲဒီ ကိစ္စနဲ့ ပတ် သက်ပြီး ဘာမှမသိသေးတဲ့ အန်တီစန်းနဲ့ မောင်ဦးတို့ကြားမှာ ဘာပြဿနာမှ မရှိခဲ့သလို စေ့စပ် ထားပြီးသား သန္တာနဲ့ မောင်ဦးတို့ကြားမှာတော့ မရိုး မဆန်းကလေးတွေ ဖြစ်လာ ကြပါတယ်။ အဲဒီ ကိစ္စတွေ အားလုံးကို ခြုံငုံသိုင်းဝိုင်း ရိပ် မိနေသူကတော့ ကျော်စိုး ပေါ့။
ဘာပဲပြောပြော မဂ္ဂဇင်း တွေထဲမှာ ၀တ္ထုတို ကလေးတွေ ရေးစ ပြုနေတဲ့ လူပျိုကြီး ကျွန်တော်ဟာ မောင်ဦးနဲ့ ကျော်စိုးကို တစ်ပတ်တစ်ခါ လောက်တော့ အရက်ဆိုင်မှာ ဆုံတွေ့လေ့ ရှိပါတယ်။ ဆုံဆို ကျွန်တော်ကလည်း တစ်ပတ်မှ တစ်ရက်ပဲ သောက်တတ် သူကိုး။ အဲဒါကြောင့် ဒီကောင်လေး နှစ်ယောက်ကြား မှာ လောလောဆယ် ဖြစ်ပေါ် နေတဲ့ ပြဿနာတချို့ကို သိသ့င် သလောက် ကျွန်တော် သိထားတယ်ပဲ ဆိုပါတော့။
“အစ်ကို မင်းကို သတိ ပေးခဲ့ဖူးတယ် မောင်ဦး။ အရိပ်ခိုပြီး အခက်မချိုးရဘူး ကွ။ မင်းဒုက္ခရောက်လို့ သူ့ အိမ်မှာ မှီခို၊ စားသောက်နေခဲ့ ပြီးမှ သူ့သမီးရဲ့အချစ်ကို ရယူ ချင်တဲ့စိတ်ဟာ မကောင်းပါ ဘူး ညီရာ။ ပြီးတော့ သန္တာ့ မှာက စေ့စပ်ထားသူရှိပြီး သားကြီး။ ဒီကိစ္စ ဘယ်သူမှ ချွန်တာ မဖြစ်နိုင်ဘူး။ အန်တီစန်း ကိုယ်တိုင် ရိပ်မိသွားတာ ပဲဖြစ်မှာပါ။ ကျော်စိုးကိုလည်း အချိန်ပြည့် မူးရူးနေသူ ဆိုပြီး လျှော့မတွက် ထားသင့်ဘူး”
“မဟုတ်ဘူး အစ်ကို။“မင်းညီမ အပြောအဆို မှားရင်၊ အနေအထိုင် မတတ်ရင် ဆုံးမ” ဘာညာနဲ့ ကျွန်တော့်ဆို ယုံကိုယုံတာ။ သူယုံ ကြည်လောက်အောင်လည်း သူ့ရှေ့မှာဆိုရင် သန္တာနဲ့တောင် ခပ်ကင်းကင်းပဲ နေပါတယ်။ အန်တီစန်းမရှိရင်တော့ ကျွန်တော်လည်း ကျွန်တော့် နှလုံးသား အတွက် ကြိုးစား ကြည့်တာပေါ့။ ကျော်စိုး အလစ်ကိုတော့ ကျွန်တော် စောင့်ပါတယ်”
“သန္တာကရော မင်း အပေါ် ဘယ်လိုသဘောထား ရှိခဲ့တယ်လို့ မင်းထင်သလဲ”
“ကျွန်တော့်ကို ပြန်ချစ် လာနိုင်တယ်လို့ ထင်တယ် အစ်ကို”
“ကျွတ်။ မင်းတို့ဟာ တွေကလည်းကွာ” ၂။ အန်တီစန်းနဲ့ ကျော်စိုးတို့ရဲ့ မျက်ကွယ်ကို မောင်ဦး ဘက်က ဘယ်လိုပဲ စောင့်စောင့် ကျော်စိုးနဲ့ နှစ်ယောက် အတူ မူးပြီး ပြန်လာတဲ့ည တစ်ညမှာ ခေါင်းမတည်နိုင် ရှာတဲ့ ကျော်စိုးကို ဗီဒီယို ပြစက်ရှိရာ ဧည့်ခန်းထဲမှာပဲ ချသိပ် ထားခဲ့ပြီး သန္တာနဲ့ အတူ မောင်ဦးတစ်ယောက် ဗီဒီယို ထိုင်ကြည့် နေခဲ့ပါတယ်။ အန်တီစန်းနဲ့ အငယ်ကောင်လေးကတော့ သူတို့ အခန်းထဲ မှာ အိပ်မောကျနေတာပေါ့ လေ။ ဖြစ်ချင်တော့ အရက် ကလေး ခပ်ထွေထွေနဲ့ ဧည့်ခန်းကြီးထဲမှာ နှစ်ယောက် တစ်ကမ္ဘာ ထင်သွားရှာတဲ့ မောင်ဦးဟာ ဖျတ်ခနဲ မီး ခလုတ် ထပိတ်ရင်း သန္တာ့ကို ဖက်ယမ်း၊ နမ်းရှုပ် လုပ်ပြီးမှ မီးပြန် ဖွင့်လိုက်တာကို မူးချင် ယောင်ဆောင်ပြီး အိပ်နေတဲ့ ကျော်စိုး မြင်သွားရာက အစ ဒီပြဿနာတွေ ဖြစ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ထင်တာ မဟုတ်ပါဘူးလေ။ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာ ပါ။ မောင်ဦး မပါတဲ့ တစ်ရက် ကျော်စိုးကိုယ်တိုင် အရက်ဆိုင်မှာ ကျွန်တော့်ကို ရင်ဖွင့် သွားခဲ့တာပါ။
“ကျွန်တော် ခေါင်း မတည်နိုင်အောင် မူးနေပြီလို့ ဒီကောင် ထင်မှာပေါ့။ အမှန် တော့ ဒီကောင် မရိုးမသား ဖြစ်နေတာကို ဖမ်းချင်လို့တမင်ပဲ မူးချင် ယောင်ဆောင်ခဲ့တာပါ။ စဉ်းစားကြည့်ပါ အစ်ကို ရယ်။ ဘယ်သူမဆို ကိုယ့် ညီမဘ၀ ကောင်းစား၊ ဖြောင့်ဖြူးတာကို မြင်ချင်ကြမှာပါ။ သန္တာ့မှာ စေ့စပ်ထားသူ မရှိဘဲ သူတို့နှစ်ယောက် ကြိုက်ကြတယ် ဆိုရင်တောင် ဒီကိစ္စ အန်တီစန်းနဲ့ပဲ ဆိုင်တယ်ဆို ပြီး ကျွန်တော်လည်း ဘာသိ ဘာသာ နေမိမှာပါ။ ကျွန်တော့်လို အရက်သမား တစ်ယောက်အတွက် ဒီကောင်ဟာ သူငယ်ချင်း ကောင်း ဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော့်ညီမ အတွက်တော့ အိမ်ထောင်ဖက်ကောင်းတစ် ယောက် မဖြစ်နိုင်ပါဘူး။ အခွင့်အရေး ရရင် ဒီကောင် ဘယ်လောက်အထိ ရှုပ်ပွေတတ်သလဲ ဆိုတာ ကျွန်တော် အသိဆုံးလေ။ အဲဒါကြောင့် နေ့စဉ်နဲ့ အမျှ ကျွန်တော့်လိုပဲ မူးရူး သောက်စားနေတဲ့၊ ဘာ အလုပ်အကိုင်မှ မည်မည်ရရ မရှိတဲ့လူရဲ့လက်ထဲ ကျွန်တော့် ညီမကို “၀” ကွက် မအပ်နိုင်တာပါ အစ်ကို။ ကျွန်တော့် အဒေါ်ကိုတော့ အဲဒီ ကိစ္စတွေ သေချာပြောပြ လိုက်ပါပြီ”
“အန်တီစန်းကရော ဘာပြန်ပြောသလဲကွ”
“ဒီကိစ္စအတွက် ငါ့တူ မသိသလိုသာ နေနေပါတဲ့။ ဒါအနေ နီးစပ်မှုကြောင့် ခဏ တာ စိတ်ကစား ကြတာပါတဲ့။ အမှန်က သန္တာ့ကို ခပ်တန်းတန်း နေခိုင်းထားရမှာတဲ့။ အန်တီစန်းဘက်က ထိန်းချုပ် မှုနည်းနည်း လိုသွားတယ်တဲ့။ ပညာရှိ သတိဖြစ်ခဲပေါ့လေတဲ့။ သူစိမ်း တစ်ယောက်ကို လက်ပေါ့၊ ခြေပေါ့ ခိုင်းလို့ ရတာ ကလေးတွေနဲ့ သာယာပြီး၊ ငါ့တူလိုပဲ သဘောထားပြီး၊ မိသားစု စိတ်ဓာတ်နဲ့ ခိုင်းတန် ခိုင်း၊ ကျွေးတန်ကျွေး လုပ်ခဲ့မိ တာကိုက အန်တီစန်း မှားတာ ပါတဲ့။ မင်းညီမကိစ္စ အန်တီ စန်းကြည့် လုပ်မှာပါတဲ့။ မောင်ဦးကိုလည်း ပြဿနာ သွားမရှာ နေနဲ့ဦးတဲ့။ မင်းလည်း အရက်ပြတ်သင့်ပြီ ဆိုပြီး မျက်ရည်ဝဲ၀ဲနဲ့ ပြောရှာ တာ အစ်ကို။ ကျွန်တော်လည်း အရက်ပြတ်နိုင်အောင် ကြိုးစားနေပါတယ်။ အနေ အထိုင်မတတ်တဲ့ သန္တာ့ကို လည်း အန်တီစန်း ဆုံးမပါတယ်။ အန်တီစန်းလည်း လူကို လူလို သဘောထားပါ တယ်လေ။ “သားရေပေါ် အိပ်၊ သားရေနားစား မင်းလို ကောင်မျိုးကို ငါ့သမီးနဲ့ လုံးဝ သဘော မတူနိုင်ဘူး။ မင်းငါ့ အိမ်ကို နောက်မလာနဲ့တော့။ ငါ့တူနဲ့လည်း မပေါင်းနဲ့” လို့ အန်တီစန်းနှုတ်က ဘယ်တော့မှ ပြောမှာမဟုတ်ဘူးဆို တာ ကျွန်တော် သိနေတယ် အစ်ကိုရယ်” ၃။ အန်တီစန်း သတိပေး လိုက်တဲ့နေ့ကစပြီး ကျော်စိုးတို့ အိမ်ဘက်ခြေဦး မလှည့် တော့တဲ့ မောင်ဦးဟာ ကျွန်တော့်အိမ်ဘက် စက်ကျ ခဲ့တာ သေချာပါတယ်။ သန္တာနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ရင်တွင်း ဝေဒနာတွေကတော့ မောင်ဦးဆီမှာ အများကြီး ရှိ နေတယ်ဆိုတာ ကျွန်တော် ယုံ ပါတယ်လေ။ ယုံဆို စိတ် အလိုလိုက်ပြီး နေ့စဉ်နီးနီး ဟို လူ့အရက်တိုက်ခိုင်း၊ ဒီလူ့ အရက်တိုက်ခိုင်းနဲ့ မူးရူး ပေါက်ကွဲတတ်လာတာကိုး။
“ဒီမှာ ညီလေး။ သန္တာနဲ့ မင်းဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ သိသင့်ပါပြီကွာ။ မင်း ရဲ့ ကူညီတတ်တဲ့ စိတ်ကို သူတို့ လေးစားပေမဲ့ မင်းရဲ့ မရေရာတဲ့ဘ၀၊ ပုံမှန်မရှိတဲ့ အလုပ်နဲ့ နေ့စဉ်နီးနီးသောက် နေတဲ့ အရက် ကိစ္စတွေဟာ သမီးရှင်တွေဘက်က “လုံးဝ” ထည့်တွက်ရမယ့် လူမှုရေး ချို့ယွင်းချက်တွေပဲ။ ပြီးတော့ သန္တာ့ဆီမှာ ထိုက်တန်တဲ့ အိမ်ထောင်ဖက် ရှိပြီးသားလေ။ အရက်တောင် ကျော်စိုးတိုက် လို့ မင်းနပ်မှန်ခဲ့တာ မဟုတ် လား။ အစ်ကို့စကားရိုင်းသွား ရင် ဆောရီးပါ ညီလေး”
“ရပါတယ် အစ်ကိုရာ။ အစ်ကိုက စာရေးဆရာလို့ မပြောရဘူး၊ စကားတတ် တယ်။ ဒါဆို ကျွန်တော် ဘာ ဆက်လုပ်သင့်သလဲ အစ်ကို”
“သန္တာနဲ့ ပတ်သက်ပြီး အရာအားလုံးကို မင်းမေ့ပစ် လိုက်တော့။ အရက်ဖြတ်ပြီး မင်းဘ၀မင်းကြီးပွားတိုးတက် အောင် ကြိုးစား။ အချိန်တန် ရင် ထိုက်တန်တဲ့မိန်းကလေး တစ်ယောက်တော့ မင်းရမှာ ပါကွာ။ မင်းတို့ပြဿနာတွေ ကို အစ်ကိုဉဏ်မီသလောက် ဝေဖန်ကြည့်ရရင်တော့ ဆွေ မျိုးသားချင်းလို စောင့်ရှောက် ကူညီစေချင်တာသက်သက်နဲ့ အိမ်ထဲအထိအ၀င်ခံပြီး မင်းကို ကျွေးခဲ့၊ မွေးခဲ့တာပါ။ အဲဒါ ကို မင်းက အခွင့်အရေးယူ လိုက်သလို ဖြစ်နေတယ်။ မင်းအပြစ်ချည်းလည်း မဟုတ်ပါဘူး။ ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်သူ တွေအားလုံးမှာ အပြစ်ရှိကြ ပါတယ်။ အဲဒီလူတွေ အား လုံး မေ့ထားခဲ့ကြတာက တော့ သူစိမ်းယောက်ျားတစ် ယောက်နဲ့ မိန်းမတစ်ယောက် ကြားမှာ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရှိသင့်ရှိအပ်၊ ထားသင့်ထားအပ်တဲ့ တင့် တယ်ခြင်း၊ မတင့်တယ်ခြင်း၊ သင့်တော်ခြင်း မသင့်တော် ခြင်း၊ အပ်စပ်ခြင်း၊ မအပ် စပ်ခြင်းဆိုတဲ့ “စည်း” တစ် မျိုးပဲ ညီလေး”
“ဗျာ”
“ဟုတ်တယ် ညီလေး။ အစ်ကို့သူငယ်ချင်းဘုန်းကြီး ကျောင်းသားတစ်ယောက် အစ်ကို့ကို ရင်ဖွင့်ခဲ့ဖူးတယ်။ “သူ့ဘကြီး ဘုန်းကြီး ကျောင်း” ကို ဆွမ်းချိုင့်လာ လာပို့တဲ့ ဆွမ်းဒကာရဲ့သမီး က တော်တော်လှတာတဲ့။ သဘောလည်း ကောင်း တယ်တဲ့။ အဲဒီကောင်မလေး က သူ့ကိုအခွင့်အရေးတွေ ပေးတာလည်း မကြာမကြာ တဲ့။ ဒါပေမဲ့ ဆွမ်းဒကာက တော့ သူ့သမီးနဲ့ သဘောမတူ တဲ့ပုံစံရှိတယ်တဲ့။ အဲဒါ ကြောင့် အဲဒီကောင်မလေးကို သူ့ဘက်က ဘယ်လောက်ပဲ အသည်းအသန် ချစ်မိနေပါ စေ၊ ဆရာတော်ဘုရားဆွမ်း၊ ကွမ်းပြည့်စုံရေးအတွက် သူ့ အချစ်တွေကို မျိုသိပ်ထား လိုက်တော့တယ်တဲ့။ အစ်ကို ကိုယ်တိုင်တွေ့ဖူးတဲ့ နောက် တစ်ယောက်ကျတော့တစ် မျိုး။ ညီဖြစ်သူရဲ့ ရည်းစားနဲ့ ပထမဆုံးအကြိမ် အိမ်လည် လိုက်လာတဲ့ညီမအရင်းခေါက် ခေါက်ကို အဲဒီနေ့မှာပဲ ရည်း စားစကားပြောပစ်တာမျိုး။ ဒါတွေဟာ မလုပ်သင့် မလုပ် အပ်တဲ့ လူမှုရေးတစ်မျိုးပဲ။ ဘုန်းကြီးကျောင်းသားရဲ့ အဖြစ်ကတော့ လုပ်သင့်လုပ် အပ်၊ စောင့်ထိန်းသင့် စောင့် ထိန်းအပ်တဲ့ လူ့ကျင့်ဝတ် ပေါ့လေ။ ဒီမှာ ညီလေး အပွေးမြင်ရင် အပင်သိရ တယ်ကွ။ မင်းနဲ့ သန္တာ့ကိစ္စ မှာလည်း သူတို့မိသားစုနဲ့ စတင် ရင်းနှီးကတည်းက သန္တာ့ကောင်လေးရဲ့ဓာတ်ပုံ ထုတ်ပြပြီး ကြိုတင်ကာဗာယူ ခဲ့တာပဲ။ မင်းဘက်က သင့် မသင့် တော်မတော်စဉ်းစား တတ်ခဲ့ရမှာပေါ့”
“ဒါကတော့ အစ်ကိုရယ်၊ လူပျိုနဲ့ အပျို သူလည်း အိမ်ထောင် မကျသေးဘူး ဆိုတော့ ဒီဓာတ်ပုံကလေး တစ်ပုံ ဟာ သိပ်ပြီး အရေးမပါဘူး ဆိုပြီး ကျွန်တော်လည်း”
“ဒီလို မပြောရဘူး ညီလေး။ မင်းဘက်က အရေး မပါပေမဲ့ သူတို့ဘက်မှာ အရေး ပါနေတယ်လေ။ လူ့စည်း၊ ဘီလူးစည်းတဲ့။ လူ မှန်ရင် စည်းစောင့်တတ်ကြ ရတယ်။ သန္တာကိုယ်တိုင် စေ့စပ်ထားသူ ရှိရဲ့နဲ့ မင်းဘက် ညွတ်လာလို့ ဆွတ်ကြည့်တာပါ အစ်ကို ဆိုပြီး ငါ့ကို စောဒက မတက်နဲ့။ မင်းနဲ့ သန္တာချစ်သူ ဖြစ်သွားကြပါစေ ဦး။ အချိန်တန်ရင် သူ့ရဲ့အိမ် ထောင်ဖက်အဖြစ် ဘယ်သူ့ကို ရွေးမယ်လို့ မင်းထင် သလဲ”
“ဓာတ်ပုံထဲက လူကိုပဲ ရွေးမှာပေါ့။ အဲဒီလူက ပညာ တတ်တယ်။ ကျွန်တော့်ထက် အဆပေါင်းများစွာ အဆင်ပြေ တယ်လေ။ သန္တာကိုယ်တိုင် ကျွန်တော့်ကို ပြောဖူးပါ တယ်။ “အစ်ကို့ကို သန္တာ သံယောဇဉ်ရှိပါတယ်တဲ့။ ချစ် တော့မချစ်ရဲဘူးတဲ့၊ အစ်ကို့ မှာ ဘာအစွမ်းအစမှမရှိတာ တဲ့” ကျွန်တော် သိပါပြီ အစ်ကို။ နောက်ဆုံးတော့ လည်း ကျွန်တော့်ဘက်ကပဲ “ဖောင်း” တာပါ အစ်ကို ရယ်။ ငါးလတိတိ နေ့စဉ်မြင် နေရလို့ ရင်နဲ့အမျှ ချစ်ခဲ့ရတာ ပါဗျာ။ ကျွန်တော့် ကံကိုက ဆိုးလွန်းပါတယ် အစ်ကို ရယ်။ အီး...ဟီး...ဟီး”
ပြောရင်း ဆိုရင်း ယူ ကျုံးမရ ငိုချလိုက်တဲ့ မောင်ဦးကို ကြည့်ပြီး စိတ် မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ တကယ် တော့ ဘ၀အခြေအနေ နိမ့်ပါး တဲ့လူတွေဟာ ကိုယ့်ဆန္ဒ ကိုယ့်အတ္တကို ဦးစားပေးခြင်း ထက် ကိုယ့်ကိုကူညီပံ့ပိုးလေ့ ရှိတဲ့ လူတွေရဲ့ဆန္ဒ၊ အတ္တတွေ နဲ့ သဟဇာတဖြစ်အောင် နေ ထိုင်ကြတာ အကောင်းဆုံးပဲ မဟုတ်လား။ နောက်ဆုံးမှာ တော့ အရိပ်ခိုပြီး အခက်ချိုး လိုက်မိတဲ့ မောင်ဦးဟာ အရင်ကထက် ပိုမိုပျက်စီး လာခဲ့ပြီး “လုံးဝ” သုံးစားလို့ မရတဲ့ လူပေ၊ လူတေတစ် ယောက်ဖြစ်သွားခဲ့ချိန်မှာ သန္တာရဲ့မင်္ဂလာပွဲလည်း ကျင်းပ ပြီးစီးသွားခဲ့ပါတယ်။ သန္တာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း တစ်နှစ်လောက်အကြာမှာ တော့ ဘ၀ပေးအသိနဲ့ ဦးနှောက်ရဲ့ ချင့်ချိန်စဉ်းစား တတ်တဲ့ဉဏ်ကို အကျိုးရှိရှိ အသုံးချဖို့ ကြိုးစားလာတဲ့ မောင်ဦးဟာ အရက်သေစာ ကို တိခနဲဖြတ်ချပြီး နေပြည် တော်(ပျဉ်းမနား) က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုဆီကို အချစ်ဒဏ်ရာနဲ့ ဘ၀ ဝေဒနာတွေ ကုစားဖို့အတွက် ရောက်ရှိ သွားခဲ့ပါတော့တယ်။
၎။ “ကိုထွန်းတောက်ထွဋ် (သင်္ချာ)။ ဖုန်းလာနေပါ တယ်”
လွန်ခဲ့တဲ့ သုံးနှစ် လောက်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဖြစ်ပျက်သွား ခဲ့ဖူးတဲ့ ဇာတ်လမ်းလေးတစ် ခုကို စာမူအဖြစ် ချရေးရင်း သမားရိုးကျပုံစံနဲ့ ဇာတ် မသိမ်းချင်တဲ့အတွက် ဘယ် လိုပုံစံနဲ့ ဇာတ်သိမ်းရမလဲဆို ပြီး ကြံရာမရာဖြစ်နေတဲ့ ကျွန်တော်ဟာ ဖုန်းဆိုင်က ကောင်မလေးရဲ့ခေါ်သံကြောင့် ကိုင်ထားလက်စဘောပင်ကို စာရွက်ပေါ်ပစ်ချ၊ ပုဆိုးပြင် ၀တ်၊ ပိုက်ဆံအိတ်ထဲက နှစ် ရာတန်တစ်ရွက်နှိုက်ပြီး ဖုန်း ဆိုင်ရှိရာကို ခပ်သွက်သွက် ပြေးသွားခဲ့မိပါတယ်။
“ဟယ်လို။ ကျွန်တော် ထွန်းတောက်ထွဋ်(သင်္ချာ) ပါ ခင်ဗျာ” “ဟုတ်ကဲ့။ ကျွန်မ ရွှေ အသစ် သဉ္စာလှိုင်(လားရှိုး) ပါ ဆရာ”
“သြော် ဟုတ်ကဲ့ ဆရာမ။ ဘာများအရေး တကြီးကိစ္စရှိလို့လဲ မသိဘူး။ ပြောပါ ဆရာမ”
“အရေးကြီးကိစ္စတော့ မရှိပါဘူး။ ဒီလို ဆရာရေ။ “ဒီလ” က ကျွန်မ “မွေးလ” မို့ လားရှိုးက ဆင်းလာပြီး ရန်ကုန်က ကျွန်မမိဘနှစ်ပါး ကိုလည်း ကန်တော့ရင်း ဆရာ ဦးဝင်းငြိမ်းရဲ့ ရွှေအမြု တေမဂ္ဂဇင်းတိုက်ကို ၀င် လည်ပြီး ဆရာ့ကိုပါ ၀င်ကန် တော့ဖြစ်ခဲ့တယ်လေ။ ကျွန်မ ကလည်း ဆရာထွန်းတောက် ထွဋ်(သင်္ချာ) ရေးတဲ့ “ရင်လှိုင်းဘောင်ဘင် ခတ်သောနေ့” ရသစာတမ်းကို ဖတ်ပြီး ဆရာ ရွှေပြည်သာမှာနေတယ် ဆိုတာ သိထားတော့ ဆရာ ဦးဝင်းငြိမ်းဆီက ဆရာ့ လိပ်စာနဲ့ ဖုန်းနံပါတ်မေး ကြည့်လိုက်တာပေါ့”
“သြော်...သြော်” “ဟုတ်တယ် ဆရာရေ။ ကျွန်မမိဘတွေကလည်း ရွှေ ပြည်သာမှာပဲ နေတာလေ။ အဲဒါဆရာ့ဆီဝင်လည်ရင်း စာပေညီအစ်ကိုမောင်နှမတစ် ယောက်အနေနဲ့ တွေ့ချင်၊ စကားပြောချင်တာတွေရှိလို့ လာခဲ့ပါရစေနော်။ ဆရာ့အိမ်က ဘယ်မှတ်တိုင်နားမှာလဲရှင်”
“ကားကြီးဂိတ်ပါ ဆရာမ။ ဆရာမမိဘတွေက ရော”
“ထန်းခြောက်ပင် လမ်း ဆုံလေ။ ခု ကျွန်မ အဲဒီကနေ ပြီး ဆရာ့ဆီဖုန်းဆက်နေတာ။ ကျွန်မ လာလည်လို့ အဆင် ပြေပါ့မလားရှင်”
“ဟောဗျာ။ သုံးမှတ် တိုင်ပဲခြားတယ်။ နီးနီးကလေးနဲ့ ဝေးနေကြတာပဲ။ လာ ခဲ့ပါ ဆရာမ၊ လာသာလာခဲ့ ပါ။ လမ်းထိပ်မှာ ကျွန်တော် ထွက်ကြိုပေး ရမလား”
“မကြိုပါနဲ့ ဆရာ။ ကားကြီးဂိတ်က မီတာရုံးကို ကျွန်မ ရောက်ဖူးပါတယ်။ ဆရာ့အိမ်နဲ့ မီတာရုံးဝေး သလား”
“မျက်စောင်းထိုး လောက်မှာ ရှိတယ်။ လာသာ လာခဲ့ပါ ဆရာမ။ ဘယ်သူ မေးမေး ကျွန်တော့်ကို သိကြ ပါတယ်”
“ကျေးဇူးပါပဲ ဆရာ။ သြော် ဒါနဲ့ဆရာ။ ဆရာ့မှာ အိမ်ထောင် ရှိသလားရှင်။ ဒီလို မေးရတာကို တစ်မျိုး မထင်ပါနဲ့နော်။ ကျွန်မ ရောက်လာရင် ဆရာ့ဇနီး ဘက်က အထင်အမြင် လွဲမှား စရာတွေဖြစ်လာ၊ ကြုံလာမှာ စိုးလို့ ကြိုမေးထားရတာပါ။ ဆရာ့ရဲ့လူမှုရေးကို ငဲ့ရမယ် လေ။ အိမ်ထောင် ရှိတယ်ဆို ရင်တော့ ဆရာ့ဇနီးကို ကျွန်မ လာမယ့်အကြောင်း ကြိုအသိ ပေးထားဖို့ပါ။ လူ့စည်း၊ ဘီလူးစည်းပေါ့ ဆရာရယ်”
“ဟား ဟား ဟား ဟား ဟား။ ကျွန်တော့်မှာ ဘာအိမ်ထောင်မှ မရှိပါဘူး ဆရာမရယ်။ တစ်ယောက် တည်းနေတာ။ လူပျိုကြီး လူပျိုကြီး ဟား ဟား ဟား ဟား”
ဆရာမ သဉ္စာလှိုင် (လားရှိုး) ရဲ့ အမေးစကားကို ခပ်ပေါ့ပေါ့ရယ်မောပြီးတော့ ပဲ ကျွန်တော် ပြန်ဖြေဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့.... “သြော် အဲဒါဆိုရင် လည်း ကျွန်မသမီးကို အဖော် ခေါ်လာပါရစေနော် ဆရာ” “ဗျာ”
ထွန်းတောက်ထွဋ်၊သင်္ချာ၊
မှတ်ချက် ။ ။ ရေးဖော်၊ ရေးဖက် ဆရာမ သဉ္စာလှိုင်(လားရှိုး) နှင့် ဖုန်းပြောခဲ့သည်များကို ဇာတ်ကွက်တစ်ခု အနေဖြင့် ထည့်သုံးခဲ့မိခြင်း အတွက် ခွင့်လွှတ်ပေးပါရန် ဆရာမအား မေတ္တာရပ်ခံအပ်ပါသည်။
|