(June-2012)တိုးတိုးဖော် PDF Print E-mail
Written by အယ်ဒီတာ   
Wednesday, 20 June 2012 16:45
Share |

တိုးတိုးဖော်ရေ…
မေးချင် နေတာတော့ ကြာပါပြီ။ အခုမှပဲ မေးဖြစ်တယ်။ဒီလိုပါ။ သမီး က နယ်ကနေ ရန်ကုန်မှာ အဆောင် လာနေပြီး အလုပ် လုပ်နေတာပါ။

argaiv1559
argaiv1746

ပြောရရင် နေရေးထိုင်ရေး အဆင်မပြေသလို ၀င်ငွေအနေနဲ့လည်း သိပ်မလုံလောက် ပါဘူး။ သာမန်ဘွဲ့လေး တစ်ခုလောက်နဲ့ တိုးမပေါက်တာကို သိပေမဲ့ အခုမှ တော့ ပညာထပ် သင်နေလို့လည်း မဖြစ်ဘူးလေ။ အိမ်အတွက် ရှာမပေးနိုင် ရင်တောင် ကိုယ့်ဘာသာကိုယ် တာဝန်ယူရဦးမှာကိုး။ ဒီတော့ ဘွဲ့လွန်ဆိုတာ အသာထားပြီး တခြားသင်တန်း ဆိုတာတွေတောင် မတက်နိုင်တော့ပါဘူး။ အဲဒီမှာ သမီး သိလိုက်တာကတော့ အနာဂတ်ဟာ သိပ်မျှော်လင့်စရာ မရှိတော့ဘူး ဆိုတာပါပဲ။ နယ်မှာပညာရေးက အကန့်အသတ် ရှိခဲ့သလိုသမီးကိုယ်တိုင် ကလည်း ဘွဲ့ရရင်ပြီးရောလို့ သဘောထားပြီး ပညာရေးကို အလေးအနက် မထားခဲ့တာကိုတော့ ၀န်ခံပါတယ်။ တိုးတိုးဖော်ကို မေးဖို့မဟုတ်ပါဘူး။ အဲဒါ တွေးမိတော့ သမီးလို လူငယ်တွေကို စဉ်းစားစေချင်လို့ပါ။ အခုသမီး နောင်တရသလို ဖြစ်နေတာမျိုးကို တခြား လူငယ်တွေ မဖြစ်စေချင်တော့ပါဘူး။ အဲဒီအတွက် တိုးတိုးဖော်ကပဲ ဖူးငုံ ဆယ်ကျော်သက်တွေကို ပြောပြပေး စေချင်ပါတယ်။ ဘ၀မှာ ပညာရေးကို အလေးအနက် ထားဖို့ပေါ့။ ကျေးဇူးနော်။
အိအိနိုင်

အိအိနိုင်သို့...
စာအတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ တိုးတိုးဖော် စာမျက်နှာတွေဟာ မေးခွန်းတွေ အတွက်သက်သက် မဟုတ်ပဲ အခုလိုရင် ဖွင့်ပြောကြားဖို့  အတွက်လည်း ဖြစ်ပါတယ်။ သမီး ပြောတာတွေ အားလုံးက အမှန်ပါ။ ဒီက လူငယ်အများစုဟာ မြို့ကြီးမှာနေနေ နယ်မှာနေနေပညာရေးကို သိပ်အလေး မထားကြတာကို သတိထားမိတာ ကြာပါပြီ။ ပညာရေး စနစ်တစ်ခုလုံးရဲ့ အားနည်းချက်နဲ့ ကျောင်းဆရာ ဆရာမများရဲ့ အားနည်းချက်တွေကြောင့် ကလေးတွေ ပညာရေးကို စိတ်မ၀င်စားကြတာလို့ ပြောချင်ရင် ရပေမယ့် ကလေးတစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့ မိဘတွေရဲ့ ဖေးမလမ်းညွှန်မှုတွေကလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးမှာ အပြောင်း အလဲတချို့ စတင်ဖြစ်လာနေပါပြီ။

အဲဒီအပြောင်းအလဲက စီးပွားရေး အပြောင်း အလဲကိုပါ ဖြစ်စေပါမယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာတင် စီးပွားရေး ပိတ်ဆို့မှုတွေ ရပ်ဆိုင်းသွားတဲ့ အတွက် နောက်ဆက်တွဲ ရလာဒ် အဖြစ် ပြည်ပက နိုင်ငံတကာ စီးပွားရေး နယ်ပယ်က  ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံထဲ ၀င်ရောက်လာဖို့ ရှိ နေပါပြီ။ အဲဒီလိုပဲ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို တိုးဝင်နိုင်ဖို့ ကြိုးစားလာကြရမှာ ဖြစ်ပါတယ်။ အဲဒီ အခါမှာ အရေးပါတဲ့ အရင်းအနှီးဟာ လူသား ရင်းမြစ်လို့ ခေါ်တဲ့ ပညာရှိ အလုပ်သမားများပါပဲ။ ဈေးကွက် စီးပွားရေး စန်စကို ပိုပြီး ကျယ်ကျယ် ပြန့် ပြန့် ကျင့်သုံးလာနိုင်တာနဲ့အမျှ ပညာတတ်ဝန်ထမ်း များဟာ အင်မတန်ဈေးခေါ် ကောင်းတဲ့လူသား ရင်းမြစ်များ ဖြစ်လာသလို ကော်လာပြာဝန်ထမ်း လို့ခေါ်ရမယ့်ပညာကို အခြေမခံတဲ့ လုပ်ငန်းကျွမ်း ကျင်ဝန်ထမ်းတနည်းကာယ အားကိုး ၀န်ထမ်းများရဲ့အခန်းကဏ္ဍဟာ ကျဉ်းမြောင်းလာမှာ ဖြစ်ပါတယ်။
ကမ္ဘာမှာ နည်းပညာ တိုးတက်လာတာနဲ့ အမျှ ခေတ်မီ စက်ပစည်းတွေ တပ်ဆင်သုံးစွဲလာ နိုင်တာနဲ့အမျှ ကာယအားကိုး ၀န်ထမ်းများရဲ့ အခန်းကဏ္ဍဟာ ကျဉ်းမြောင်း လာမြဲဖြစ်ပါတယ်။ အနိမ့်ဆုံး ဥပမာပြရရင် အမေရိကမှာ ပြည်တွင်း လေယာဉ်တွေအတွက် လေယာဉ်စီးလက်မှတ်ကို အင်တာနက်ကဖြစ်စေ၊ လေယာဉ်ကွင်းကောင်တာ ရှိစက်ထဲကဖြစ်စေ လေယာဉ်စီးခရီးသွားကိုယ် တိုင် ထုတ်ယူကြရကာ ခရီးဆောင်သေတာကို လည်း သက်ဆိုင်ရာနေရာကို ကိုယ်တိုင်ပဲသွား ထားပေးရတာမျိုးမို့ ကာယအားနဲ့ ထမ်းပိုးရတဲ့ ၀န်ထမ်းရော၊ လေယာဉ်လက်မှတ် ထုတ်ပေးရတဲ့ နည်းပညာ အများကြီးတတ်စရာ မလိုတဲ့ဝန်ထမ်း တွေပါ အလုပ်လုပ် စရာမရှိ ဖြစ်သွားကြပါတယ်။ ဒီလိုနဲ့စီးပွားရေး ကျဆင်းလာချိန်မှာ အလုပ်ပြုတ် သွားတဲ့ ၀န်ထမ်း အများစုမှာ ကာယအားကိုးဝန် ထမ်းတွေ ပါလာခဲ့တာပါ။

ဒါကြောင့်လည်း သူ တို့ဆီမှာ လူငယ်တွေက ဘ၀အာမခံချက်ပိုကောင်း သထက်ကောင်းအောင် ပညာရေးကို သာမန်ဘွဲ့ တစ်ဘွဲ့လောက်နဲ့ မတင်းတိမ်ရဲကြတော့ပါဘူး။ သာမန်ဘွဲ့လေး တစ်ဘွဲ့ဆိုရင် သာမန်အလုပ်မျိုး လေးပဲ ရနိုင်သလို ဘွဲ့များများရသူတွေ၊ ပညာ များများတတ်သူတွေနဲ့ ပြိုင်ရွေးတဲ့အခါမှာလည်း အလုပ်ရာထူး အတူတူရရင်တောင် လခအရာမှာ သူတို့ထက် လျော့ရတတ်တာကြောင့် ကိုယ့်ပညာ အရည်အချင်းကို ကောင်းသထက်ကောင်းအောင် ပြင်ဆင်ပြီးမှပဲ အလုပ်ရှာဖို့ ကြိုးစားတတ်ကြပါ တော့တယ်။

ဒီမှာလည်း နိုင်ငံတကာစီးပွားရေး လုပ်ငန်း တွေ ၀င်ရောက်လာခဲ့ရင် တိုင်းရင်းသားပိုင် စီးပွား ရေးလုပ်ငန်းတွေမှာလို အသိအကျွမ်း အားကိုး ပြီး အလုပ်နေရာရအောင် ကြိုးစားဖို့ မဖြစ်နိုင်တော့ပဲ ကိုယ့်ကိုယ်ပိုင် ပညာ အရည်အချင်းများ၊ လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများနဲ့သာ အရွေး ချယ်ခံရအောင် ကြိုးစားရမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ပိုင် ပညာအရည် အချင်းဆိုတာတွေ၊ လုပ်ငန်းကျွမ်းကျင်မှုအရည် အချင်းဆိုတာတွေ ဟာ ရက်ပိုင်း၊ လပိုင်းလောက်နဲ့ ဖြည့်ဆည်းဖို့ မဖြစ်နိုင်တာ ကိုတော့ သတိပြုသင့်ပါတယ်။ အသက် ၃၀ မှာ ကိုယ်ပိုင်စီးပွားရေးသမား တစ်ယောက်ဖြစ်ချင်ရင် ဒါမှမဟုတ် အဆင့်မြင့် ရာထူး တစ်နေရာရာကို ရချင်ရင် အသက် ၂၉ နှစ်မှာစပြီး ကြိုးစားလို့ မဖြစ်တာကိုတော့ သိကြမှာပါ။ အတွေ့ အကြုံဆိုတာ ပညာအရည်အချင်းနဲ့ ဆတူအရေးပါသလို ပညာအရည်အချင်း ကလည်း မရှိမဖြစ်ပါ။

ဒီတော့ အသက် ၂၀ လောက်ကတည်းကမှ နှစ်ခုလုံး ကိုပြည့်ဝအောင် မကြိုးစားခဲ့နိုင်ရင် အသက် ၃၀မှာ ကိုယ့်ရည်မှန်းချက်ပြည့်ဝ ဖို့မဖြစ်နိုင်တော့ဘူးပေါ့။ အိအိနိုင်က အခုအသက်ဘယ် လောက်ရှိတယ်ဆိုတာ မသိပါဘူး။ သေချာတာကတော့ အသက် ၂၀ ကျော်နေပြီ ဆိုတာပါ။ သမီး နောင်တရသလို ဖြစ်နေတာက အသက် ၁၄-၅နှစ်ကစပြီး ထူးချွန်တဲ့ပညာ အရည်အချင်းမျိုး ရအောင် မကြိုးစားခဲ့တာကို မဟုတ်လား။ ဒါဟာ သိပ်မှန်ပါ တယ်။ ဆယ်ကျော်သက် အရွယ်က စပြီး ပညာရေးကို အလေးအနက်ထားခဲ့ရင် သာမန်ဘွဲ့လေးတစ်ဘွဲ့ ဆိုတာတောင်မှ သူများတကာထက် သာလွန်တဲ့ အတွေးအမြင်နဲ့ ဗဟုသုတတွေ ရှိနေအောင် ကြိုးစား ဖြစ်မှာပါ။ အဲဒီလိုဆိုရင် လည်း နောင်အသက်ရလာလို့ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ အခုလောက် နောင်တတွေ မရနိုင်တော့သလို ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကလည်း မညံ့၊ ပညာအရည် အချင်းကလည်း အထင် သေးချင်စရာ မရှိ ဆိုတဲ့အတွက်အနာဂတ်အဖို့ မျှော် လင့်စရာတွေလည်း ရှိနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မြို့နဲ့နယ်ကြား ပညာရေးနဲ့အလုပ်အကိုင်အခွင့် အလမ်း ကွာဟချက်ပေါ့။ဒါကလည်း စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေ ပြီးသွားရင် ကွာဟချက်တွေ လျော့ကျလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေရာမှာ လူငယ်တစ်ဦးချင်းစီရဲ့ပညာရေးအပေါ် အလေးအနက်ထားတတ်မှု အပြင် လူငယ်ထုရဲ့ပညာရေးကောင်းကို ဆည်းပူးခွင့်အပေါ် စိတ်အားထက် သန်မှုနဲ့ အလေးထားတောင်းဆိုမှု၊ ရလာခဲ့ရင်လည်း အလေးအနက်ထား ဆည်းပူးသင်ကြးမှု စတာတွေပေါ်မှာပါ မူတည်နေပါတယ်။ ကိုယ်လက်ရှိ ရနေတဲ့ ပညာရေးကို မတင်းတိမ် မကျေနပ်နိုင်ဘဲအပြစ်ပြောနေရုံနဲ့မပြီးတာ ကိုလည်း လူငယ်တွေသိစေချင်ပါတယ်။

ဒီပညာရေးက အသုံးမကျလို့ အလေး အနက်ထား မဆည်းပူးတော့ဘဲ ကြုံသလိုလေးပဲဆည်းပူးမယ်၊ ဖြစ်သလိုလေး ပဲ လေ့လာသင် အံမယ်လို့ သဘောထားမယ် ဆိုရင်တော့ ကိုယ့်ပညာအရည်  အချင်းပဲ ထိခိုက် နစ်နာမှာ ဖြစ်ပါတယ်။ နောင်မှ နောင်တရရမယ့်အဖြစ်မျိုး ပေါ့။ ဒီတော့ လူငယ်ထုအနေနဲ့ ကိုယ်ဆည်းပူး နေရတဲ့ ပညာရေး အပေါ် မတင်းတိမ်နိုင်ရင်တောင် တစ်ဘက်မှာ ကိုယ့်လေ့လာ ဆည်းပူးမှုအားကို မလျော့ လိုက်ဘဲ တစ်ဘက်မှာလည်း ကိုယ့်လိုဘ၀တူ လူငယ်တွေ စုပေါင်း ကာ ဘယ်လို ပညာရေးမျိုးကို ဆည်းပူးလိုကြောင်း၊ အဲဒီလို ကိုယ့်စိတ်ကြိုက် ပညာရေးမျိုးကို ဆည်းပူးခွင့်ဟာ ကိုယ့်လူငယ်ထု အတွက် ဘာကြောင့်ထိုက် တန်ပါကြောင်းတွေအတွက် ပြင်ဆင်သင့်၊ သက်သေပြသင့် လှပါတယ်။ ဒါဆို ရင်လူငယ်တွေတစ်ဦးတစ်ယောက်ချင်း နောင်တရနေစရာ မလိုတော့ဘဲ နောင် မျိုးဆက် လူငယ်တွေ အတွက်လည်း ကောင်းမွန်တဲ့ နမူနာစံပြုစရာဖြစ်လာနိုင် မှာပါ။ ပညာရေး အလေးထားတဲ့ လူငယ်များ ဖြစ်နိုင်ကြကာ အနာဂတ်မှာ နောင်တဆိုတာ မရှိဘဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ကြပါစေ။

 

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)