|
Written by ဦးအေးချစ်(EEAC)
|
|
Wednesday, 20 June 2012 16:20 |
လူငယ်တွေ မိုင်းဆက် ပြောင်းကြမှာလား(Mindset) လူတွေမှာ မနော၊ ၀စီ၊ ကာယလို့ခေါ်တဲ့ ကံသုံးပါး ရှိပါတယ်။ မနောကံ၊ ၀စီကံ၊ ကာယကံပေါ့။ ကံသုံးပါးထဲမှာ မနောကံ ဆိုတဲ့ စဉ်းစားတွေးခေါ် မြော်မြင်မှု ကိစ္စဟာ တခြား ကံနှစ်ပါးထက် ပိုပြီးပဓာန ကျလှပါတယ်။
argaiv1981
အတွေးမှန်မှ အပြောမှန်မယ်။ အပြောမှန်မှ အလုပ်လည်း မှန်မှာ ဖြစ်ပါတယ်။ ဒီလိုအတွေး၊ အပြော၊ အလုပ် ကံသုံးပါး မှန်ကန် တိကျမှု အပေါ်မှာ မူတည်ပြီး လူ့ဘ၀တွေ အောင်မြင်ကြရတာပါ။ အလုပ်တွေ ပြီးမြောက်ကြရတာပါ။
အတွေးအခေါ် (Thinking/ Thought/ Conception) ဆိုတာ ပြင်ပအာရုံ ငါးပါးအပေါ် အခြေခံပြီး ရရှိလာတဲ့ အသိသုတ(Knowledge) တွေကို အမှီသဟဲ ပြုကာ ဆင်ခြင်သုံးသပ်ဖြစ်ပေါ်လာရတာပါ။ ဒါဟာ အခြေခံ ဖြစ်စဉ်ပါပဲ။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့တို့လို အာရုံ ခံတွေကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စတဲ့ အင်္ဂါရပ်တွေနဲ့ ထိတွေ့ ဆက်စပ်ကာ သညာ သိမှတ် သားကြရပါတယ်။ ဒီလိုမှတ်သား ကြရာ မှာကြားကူ ပစ္စည်း သဘောဆောင် ပညတ် အနေနဲ့သတ်မှတ် ရတဲ့ ဘာသာစကားတွေပဲပေါ့။
ဘာသာစကားဆိုတာ စကားလုံးဝေါဟာရ တွေ (Word/Vocabulary) တွေနဲ့ တည်ဆောက် ထားတယ်။ စကားလုံးများများ သိမှ အာရုံငါးပါး က ပေးတဲ့ အချက်အလက်(Fact)တွေ ရလာ တယ်။ အချက်အလက်တွေက တစ်ဆင့် အသိသု တ (Knowledge) တွေ ဖြစ်လာမယ်။ အသိသုတ ပေါ်အခြေခံပြီး စဉ်းစားဉာဏ်(Wisdom) ပေါ် လာမယ်။ စဉ်းစားဉာဏ် ရင့်သန်လာတဲ့ သူဟာ လူတော် (Man Smart) ပါပဲ။ ဒါကြောင့် ဒီလ မှာတော့ ဒီလိုတွေးခေါ်မှု အလေ့အထ(Mindset) နဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ဝေါဟာရမှော်ရုံ တောထဲမှာရှာဖွေလေ့လာကြည့်ကြမှာဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်ကစပြီး၊ မြန်မာ ပြည်သားတွေဟာ နိုင်ငံသားတစ်ဦး အနေနဲ့ရော၊ လူသားတစ်ဦး အနေနဲ့ပါ အကြောင်းတရား(Fear) ကင်းဝေးစွာ၊ အကောင်းမြင်စိတ်(Optimism)တွေနဲ့ မနေခဲ့ကြရ ပါဘူး။ အလားတူ သက်ဦးဆံပိုင် ဘုရင်စနစ်တွေနဲ့ ကိုလိုနီခေတ်တွေမှာလည်း စိတ်ဓာတ်တွေ ညှိုး ချုံးကျ ဆင်းခဲ့ကြရပါတယ်။ ဒီလောက်ကာလ ရှည်ကြာလာခဲ့ပြီးမှ အခုချက်ချင်းပြုဖို့ ပြင်ဖို့ ပြောင်းလဲဖို့ဆိုတာ ဘယ်လွယ်ကူနိုင်ပါ့မလဲ။
ဒါပေမဲ့ ဒီမိုကရေစီခေတ်ကို အမှန်တကယ် ဦးတည်ချီတက်ကြတော့မယ်ဆိုရင်တော့ ဟောင်း နွမ်းဆွေးမြည့်မှားယွင်းချွတ်ချော် နိမ့်ကျနေတဲ့ စိတ် ဓာတ်တွေ၊ စိတ်နေသဘောထားတွေ၊ တွေးခေါ်ပုံ အလေ့အထ(Mindset) တွေ ပြောင်းလဲပစ်ဖို့ လိုပါ လိမ့်မယ်။ ဒီမိုကရေစီခေတ်ဆိုရင် လူတိုင်းမှာ လူ့အခွင့်အရေး(Human Rights) တွေ ရှိတယ်။ ဒီမို(Demo) က အများပြည်သူ(People), ကရေစီ (Cracy) အုပ်ချုပ်မှု (Governing) ဆိုတဲ့အတိုင်း ကိုယ်နေထိုင်ရာ နိုင်ငံရဲ့အရေးအရာ မှန်သမျှ ကိုယ့်မှာ လုပ်ပိုင်ခွင့် ရှိတယ်။ ရပိုင်ခွင့်ရှိ တယ်။ အလားတူ တာဝန်ယူမှုလည်း ရှိရပါတယ်။ ဒါ တွေဟာ နိုင်ငံသားတစ်ဦး အတွက် အခြေခံအကျ ဆုံးတွေးခေါ်မှု အလေ့အထ မိုင်းဆက်တွေပါ ပဲ။
ဒီမိုင်းဆက်သီဝရီကို စတင်သုတေသနပြု ဖော်ထုတ်ခဲ့သူကတော့ အမေရိကန်နိုင်ငံ Stanford University စိတ်ပညာ (Psychology) ဌာနက၊ ပါမောက္ခ Ms Carol S Week ပဲ ဖြစ်ပါ တယ်။ ၁၉၆၇ ခုနှစ်မှာ Barnard College ကဘွဲ့ ရခဲ့ပြီး၊ ၁၉၇၂ ခုနှစ်မှာYale University ကနေPh.D ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Stanford Faculty နဲ့ မဆက်သွယ်မီ Columbia, Harvard နဲ့ Illinois တက္ကသိုလ်တွေမှာ ပညာတွေသင်ကြား ပို့ချပေးခဲ့ပါတယ်။ Carol ဟာ စိတ်ဓာတ်လှုံ့ ဆော် မ(Motivation), ပင်ကိုစရိုက်(Personality) နဲ့ ဖွံ့ဖြိုးမှု (Development) အကြောင်းအရာတွေကို စိတ်ဝင်တစားသုတေသန ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ဖြစ်ထွန်းမှု (Achievement) နဲ့ အောင် မြင်မှု (Success), တွေကိုလည်း ဆန်းစစ်လေ့လာခဲ့ ပါတယ်။ သင်ကြားပေးမှုတွေလည်း လုပ်ခဲ့ပါ သေးတယ်။ သူမရဲ့နာမည်အကျော်ကြားဆုံး စာ အုပ်ကတော့ Mindset; The New Psychology of Success ပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပုံ နှိပ် ထုတ်ဝေခဲ့တာပါ။
Carol ရဲ့အယူအဆအရ ပုံသေတွေးခေါ်မှု အလေ့အထ Fixed Mindset နဲ့ဖြစ်ထွန်းတွေးခေါ်မှု အလေ့အထ Growth Mindset ဆိုပြီး နှစ်မျိုးရှိပါ တယ်။ ပုံသေတွေးခေါ်မှုအလေ့အထမှာ လူတွေ က သူတို့ရဲ့အခြေခံအရည်အချင်းတွေကို ယုံ ကြည်ကြတယ်။ ဥပမာ အသိဉာဏ်ပညာ (Intelligence) နဲ့ ပင်ကိုစွမ်းရည် (Talent) လိုမျိုး ပေါ့။ ဒါတွေဟာ ပုံသေဉဉ် (Fixed Trait) မျိုးတွေ ပါ။ ဗီဇ (Gene) ကောင်းကြသူတွေလေ။ ဒီိလို ပုံသေ တွေးခေါ်မှု အလေ့အထ ရှိသူတွေဟာ သူတို့ရဲ့ အသိပညာနဲ့ ပင်ကို စွမ်းရည်တွေကို ဖွံ့ဖြိုးတိုး တက်လာအောင် လုပ်ရမယ့် အစား၊ မှတ်တမ်း တင် (Documenting) နေတာနဲ့ အချိန်တွေ ကုန်နေ တတ်ကြပါတယ်။ သူတို့က ကြိုးစား အားထုတ်မှု မလုပ်ဘဲ ပင်ကိုစွမ်းရည် သက်သက်နဲ့ အောင်မြင် မှုတွေ ဖန်တီးနိုင်တယ်လို့ ယူဆထားကြတာပါ။ အမှန်ကတော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စပါပဲ။
ဒီလိုမျိုးပုဂိ္ဂုလ်တွေ ကမ္ဘာအနှံ့ရှိနိုင်ပါတယ်။ ဥပမာပြောရရင် ပညာသင်ရေးအခြေအနေ ကောင်းတွေ ရှိပါလျက်နဲ့ အခြေခံပညာတက္ကသိုလ်ဝင်တန်း(ဆယ်တန်း)လောက်တောင် မအောင်မြင်တဲ့သူတွေ ဒုနဲ့ဒေးရှိကြပါတယ်။ တစ်နည်းအားဖြင့် မှတ်ဉာဏ် (Memory) ပါလျက် ပညာကိုစိတ်ဝင်စားမှု (Interest) မရှိ၊ ကြိုးစား အားထုတ်မှု (Effort) မရှိကြလို့ အောင်မြင် မှု မရရှိကြတာ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည် ရဲ့ ပညာရေး စနစ်မှာ တက္ကသိုလ် ၀င်တန်းအောင် မြင်သူတွေဟာ ဖန်တီးဆန်းသစ်တွေးခေါ်မှု (Creative thinking) သဘောမျိုး မပါရှိဘဲ မှတ် ဉာဏ်အားကိုး သက်သက်နဲ့ အတန်းအောင်၊ ဂုဏ် ထူးထွက်ခဲ့ကြတာပါ။ ဟုတ်တယ်လေ။ မေးခွန်း တွေက ပုံနှိပ် စာအုပ်ထဲကနေ တစ်လက်မမှမခွာ ဘဲဟာ။ ကျက်ပြီးဖြေရတာပဲ မဟုတ်လား။ ဒါကြောင့် မှန်မှန်ကန်ကန်ဖြေဆို အောင်မြင်သူမှန် သမျှ၊ မှတ်ဉာဏ်အရာမှာ သာမန်ထက် အထက် (Above average) ရှိကြသူတွေလို့တော့ ဆိုနိုင်ပါ တယ်။ အဆင့်မြင့် ပညာရေး တက္ကသိုလ်မှာတော့ မှတ်ဉာဏ်က အဓိကမဟုတ်တော့ပါဘူး။ ကိုယ် ၀ါသနာပါလိုက်စားမယ့် ဘာသာရပ် ပညာအပေါ် အမှန်တကယ်စိတ်ဝင်စားမှုနဲ့ ၀ီရိယ (Diligence) စိုက်ဖို့က အခရာပါပဲ။
ဖြစ်ထွန်းတွေးခေါ်မှုအလေ့အထ (Growth Mindset) မှာတော့ လူတွေက သူတို့ရဲ့အခြေခံ အကျဆုံး အရည်အချင်းတွေကို စူးစိုက်နှစ်မြှုပ် ထားခြင်း (Dedication) တစ်နည်း စိတ်ပါဝင်စား မှုနဲ့ အလုပ်ကြိုးစားလုပ်ကိုင်ခြင်း (Hard work) တစ်နည်း ၀ီရိယတွေက တစ်ဆင့်ဖွံဖြိုးတိုးတက် လာအောင်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဦးနှောက် Brain နဲ့ ပင်ကိုစွမ်းရည်ဆိုတာ တကယ် တော့ အစပျိုးမှု သက်သက်သာ ဖြစ်ပါတယ်။ ဒီလိုအမြင်မျိုး (View) က သင်ယူဆည်းပူးမှု (Learning) ကို မြတ်နိုးတဲ့ စိတ်နဲ့ ပြီးမြောက်အောင် မြင်မှု (Accomplishment) အတွက်မရှိ မဖြစ် လိုအပ်တဲ့ ဒဏ်ခံနိုင်မ (Resilience) တွေကို ဖန်တီး ပေးပါတယ်။ ထူးကဲကြီးမြတ်အောင်မြင်တဲ့ လူ တွေ အားလုံးနီးပါးမှာ ဒီလိုအရည်အသွေး (Quality) တွေ ရှိကြပါတယ်။ ဥပမာ ငယ်စဉ် တုန်းက ဉဏ်ကောင်းတယ်လို့ ပတ်ဝန်းကျင်က သိပ်အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ ရူပဗေဒပညာ ရှင်ကြီး အဲဘတ်အိုင်းစတိုင်းနဲ့ တီထွင်ပညာရှင် ကြီးသော မတ်(စ)အယ်ဗာ အက်စီဒင့်တို့လို ပုဂိ္ဂုလ် မျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်ထွန်းတွေး ခေါ်မှု အလေ့အထကို သင်ကြားပို့ချပေးတာဟာ စီးပွားရေး၊ ပညာရေးနဲ့ အားကစားနယ်ပယ်တွေ မှာ စိတ်ဓာတ်လှုံ့ဆော်မှု (Motivation) နဲ့ ဖြစ် ထွန်းမှု (Productivity) တွေကို ဖန်တီးပေါ်ပေါက် လာစေနိုင်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ Mindset အချမှန်ကန်တာကြောင့် ကလေးသူငယ် နှစ်ဦး အောင်မြင်ဖြစ်ထွန်းသွားတဲ့ သာဓကလေး တစ်ခုကို ပြောပြပါဦးမယ်။ မိတ်ဆွေအင်္ဂလိပ်စာ ဆရာတစ်ဦးရဲ့ တူနဲ့တူမကိစ္စ။ သူတို့က အခုမှ ၄ နှစ်နဲ့ ၃ နှစ် ရှိကြသေးတာ။ နွေရာသီမှာ အင်္ဂလိပ်စာအပျော်သင်ပေးဖို့ ကလေးတွေအတွက် ကျောင်းရွေးနေကြတယ်။ တိုက်ဆိုင်ချင်တော့ ဦးလေးလုပ် သူက ရန်ကုန်မြို့MCA မှာ အပျော် တမ်း ကြက်တောင်ရိုက်သွားကစားတယ်။ အပြန် မှာ ''Twinkle, twinkle, Little store, How I wonder what you are" ကလေးကဗျာကို အသံ နေအသံထားမှန်မှန်နဲ့ ရွတ်ဆိုသံကိုကြားရလို့ လှည့် အကြည့်မှာ ကချင်အမျိုးသမီးဆရာမလေးက ကလေးတွေကို အားရပါးရ သင်ပေးနေတာကိုး။ ကိုယ်တိုင်လည်း အင်္ဂလိပ် စာပြဆရာဆိုတော့ ဒက် ခနဲသိလိုက်တယ်။ ဒါ Good teaching ပဲ။ ဒါနဲ့ပဲ သူ့ရဲ့တူနဲ့ တူမလေးကို အဲဒီ သင်တန်း ပို့လိုက် တယ်။
မကြာပါဘူး။ သုံးလတည်းပါ။ ဒါပေမဲ့ အဲဒီသုံးလက တစ်သက်စာဗျို့၊ ဟန်တွေ ပန်တွေ၊ အသံတွေ၊ ဌာန်တွေအုတ်မြစ်ချပြီးသား ဖြစ်သွား ပါတယ်။ လမ်းကြောင်းမှန် သွားပါတယ်။ တူနဲ့တူမက မြန်မာပြည်တက္ကသိုလ်တွေကပဲ ဘွဲ့ ရခဲ့ကြပါတယ်။ ဒါပေမဲ့ တခြားဘ၀တူဘွဲ့ရ တွေ နဲ့ မတူဘဲ အကြီးကောင် တူတော်မောင်က UNDP မှာ၊ အငယ်တူမလေးက နိုင်ငံတကာ ပုဂ္ဂလိက အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ ထူးချွန်အောင် မြင်စွာ အလုပ်တွေ လုပ်နေကြပါပြီ။ ဒါဟာ မှန်ကန်တဲ့ ဘာသာစကား မိုင်းဆက် ချနိုင်ခဲ့လို့ပါပဲ။
တချို့ပညာရှင်တွေက အောင်မြင်မှုဆိုတာ စိတ်နေစိတ်ထား (Frame of mind) အပေါ် မဏ္ဍိုင်ပြုတယ်။ တချို့ကျတော့ ဘဘောထား (Attitude) အပေါ်မူတည်တယ်။ တချို့ကလည်း စဉ်းစားပုံစဉ်းစားနည်း (Way of thinking) အပေါ် အခြေခံတယ်လို့ အသီးသီးဆိုကြပါတယ်။ သေချာတာက တော့ စိတ် (Mind) ပါပဲ။ မြန်မာ့ယဉ်ကျေးမှုမှာလည်း ဆိုရိုးစကားတစ်ခုရှိ တယ်လေ။ “စိတ်သာရှင်စော ဘုရားဟော”တဲ့။ အရာရာမှာ စိတ်သာပဓာနလို့ ဆိုလိုပါတယ်။ စိတ်ဆောင်ရင်အောင်၊ စိတ်ခိုင်ရင်နိုင်၊ ဒီလိုဆိုရမှာပါပဲ။ နောက်ပြီး “စိတ်ထားတတ်မြတ်”ဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါ သေးတယ်။ ကျန်းမာရေး အတွက်ဆိုရင်လည်း စိတ်ထောင်းကိုယ်ကြေတဲ့။ စိတ်ပျိုရင် ကိုယ်နုတဲ့။ သိပ်မှန်ပါတယ်။ ခေတ်သစ်ဆေးသိပံ္ပပညာကလည်း လူတွေမှာ စိတ်ကြောင့်ရော ဖြစ်စေမှုပိုများတယ်လို့ သုတေသနပြု ထောက်ခံထားပါ တယ်။
မဂ္ဂင်ရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာလို့ပိုင်းဆစ်လိုက်ရင် သမ္မာဒိဋ္ဌိ- မှန်သောအမြင် (Right view) နဲ့ သမ္မာသင်္ကပ္ပမှန်သောအတွေး (Right Intention) ဆိုပြီး ပညာပိုင်းမှာ ပါဝင်နေပါတယ်။ ဒီလိုမှန်စွာသိမြင်၊ မှန်စွာ တွေးတောနိုင်ပါမှသာ ကျန်တဲ့သီလနဲ့ သမာဓိကဏ္ဍတွေမှာလည်း မှန်တာ တွေ ဖြစ်လာနိုင်မှာ မဟုတ်လား။
စိတ်အရေးကြီးကြောင်း ဒီလိုပြောဆိုရေးသားနေရတာက ဖူးငုံလေးတို့ တစ်တွေဘ၀ကို အောင်မြင်အောင် ကြိုးစားတည်ဆောက်တဲ့အခါ မှန်ကန် ကောင်းမွန်အပြုသဘောဆောင် အကျိုးဖြစ်ထွန်းစေနိုင်မယ့် စိတ်ကလေးတွေ ထားတတ်လာ၊ မွေးတတ်လာ၊ ပြုစုပျိုးထောင်တတ်လာစေဖို့ပါကွယ်။ ဒီကနေ့ ခေတ်လို သန်းပေါင်းခုနစ်ထောင်ကျော် ကမ္ဘာ့လူသားတွေထဲမှာ ဖူးငုံတို့လည်း ပါဝင်ပြီး အပြိုင်အဆိုင်ရှင်သန်နေရတာမို့ အောင်မြင်ရေးလမ်းကြောင်းရဲ့ တစ်ခု တည်းသော ဘူမိနက်သန် မြေအမှန်က စိတ်ပါပဲဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့်စိတ်အမှိုက်၊ စိတ်အညစ်အကြေး၊ စိတ်ခလုတ်ကန်သင်း၊ စိတ် အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ လိုမယ်။
ခေတ်နဲ့မလျော်ညီတော့တဲ့ ရိုးရာ အစွဲအလမ်း၊ ဓလေ့ထုံးစံ၊ အယူသီးမှုနဲ့ သမိုင်းဆိုးမွေတွေကို သုတ် သင်ပစ်ဖို့လိုမယ်။ ဒါကြောင့်ဒီလို မှားယွင်းနေတဲ့ အယူအဆတွေကို ခေတ်မီ မှန်ကန်တဲ့ အတွေးအခေါ်၊ ပညာရေး၊ နည်းပညာတွေနဲ့ အစားထိုးနေရာပေး နိုင်ရင်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုရင် ဒီကနေ့ မြန်မာပြည်သူအများ ကိုယ်တိုင်ကြိုးစားအားထုတ်ကြရမယ့် တစ်ကျော့ပြန် ဒီမိုကရေစီခေတ်ဦးမှာ Growth Mindset ရဲ့ အားထားလောက်တဲ့အနှစ်သာရ တန်ခိုးအာနိသင်တွေကို နားလည်သဘောပေါက်ပြီး အောင်မြင်မှုပန်းတိုင်ရဲ့ အစတာဦးမှာ စိတ်ဦးအောင် တာထွက်နိုင်ကြဖို့ လိုပါမယ်။
ဆယ်ကျော်သက်ဖူးငုံတို့ကို နောက်ဆုံးမှာကြားချင်တာကတော့ အတ္တဟိတ ယူချင်တဲ့မိုင်းဆက်၊ ပရဟိတပေးချင်တဲ့ မိုင်းဆက်၊ ဘာသာရေး ဝေဖန်ပိုင်းခြားလိုတဲ့ မိုင်းဆက်၊ နိုင်ငံရေးလေ့လာလုပ်ကိုင်လိုတဲ့ မိုင်းဆက် တွေဖြစ်ထွန်းအောင် ကြိုးစားနိုင်ကြပါစေ။ မြန်မာလူငယ်တွေ ဖြစ်ထွန်းမှု မိုင်းဆက်တွေ ပြောင်းနိုင်ပြီး၊ ဘ၀အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း...
ဆယ်ကျော်သက်ထက်မြက်ပါစေ ဦးအေးချစ်EEAC (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
|
Last Updated on Wednesday, 20 June 2012 17:13 |