Written by နေဘုန်းလတ်
Wednesday, 20 June 2012 14:14
ဒီနေ့(၁၂.၀၃.၂၀၁၂)ကိုယ်တို့ MIDO အဖွဲ့လေးရဲ့ ပထမဆုံး ICT နည်းပညာ ပြန့်ပွားရေး သင်ကြားမှု အစီအစဉ်လေး တစ်ခု အနေနဲ့ နာရေး ကူညီမှု အသင်း(ရန်ကုန်)က ဖွင့်ထားတဲ့ တစ်ပတ်တာ သင်တန်းလေးမှာ အချိန် နှစ်နာရီ ယူပြီး လူမှုရေး လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်နိုင်ဖို့ အတွက် ICT (သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ) ကို ဘယ်လို အသုံးပြု နေကြတယ်။
argaiv1947
ဘယ်လို အသုံး ပြုသင့်တယ် ဆိုတာလေးတွေ ဖလှယ် ဆွေးနွေးဖြစ်ခဲ့တယ်။ ကိုယ်တို့ရဲ့ အတန်းချိန် မရောက်ခင်မှာပဲ သင်တန်းသား၊ သင်တန်း သူတွေနဲ့ အိုင်စီတီ အကြားဆက်စပ် ပတ်သက်မှု ဘယ်လောက် ရှိသလဲ ဆိုတာလေးကို သိရဖို့ From လေး တစ်ခုကို ကြိုဖြည့်ခိုင်း ထားခဲ့တာကြောင့် သင်တန်းသားတွေရဲ့ အခြေအနေကို ကိုယ်တို့ အချိန် မစမီကတည်းက ကြိုသိနေခွင့် ရခဲ့တယ်။ သူတို့တွေရဲ့အဖြေတွေကို ဖတ်ရတာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ သင်တန်းမှာ ရှိတဲ့သူ ၃၂ ယောက် အနက် ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးဖူးကြတဲ့ သူက ၈ယောက်ပဲ ရှိတာကို တွေ့ရတယ်။ ပြီးတော့ မသုံးဖြစ် ကြတဲ့ အကြောင်းရင်းတွေကို ကြည့်တဲ့အခါ အချိန်မရလို့၊ အသက်အရွယ် ကြီးနေလို့၊ ပိုက်ဆံ မတတ်နိုင်လို့၊ အလုပ်နဲ့ မသက်ဆိုင်လို့ စတဲ့ ပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ ဆိုင်တာတွေ တွေ့ရသလိုပဲ၊ အင်တာနက် မရှိလို့၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလို့၊ မီးမလာလို့စတဲ့ နည်းပညာ ဖွံ့ဖြိုးမှု အတွက် မဖြစ်မနေ လိုအပ်သော အခြေခံ အဆောက်အအုံ (Infrastructure) တွေမရှိသေး ခြင်းဆိုတဲ့ အများနဲ့ပါ ပတ်သက်နေတဲ့ အကြောင်း ရင်းတွေကိုပါ တွေ့လိုက်ရတယ်။ တစ်ဦးချင်း ဆိုင်ရာ အမြင်တွေနဲ့ ပတ်သက်ပြီး အချိန် မရဘူးဆို ပေမယ့်လည်း အရေးကြီးတယ် ဆိုရင် အချိန်ရ အောင် ရှာသင့်တဲ့ အကြောင်း၊ အင်တာနက် နည်းပညာဟာ ကြီးကြီးငယ်ငယ် အသက်အရွယ် မရွေး အသုံးချတတ်ရင် တတ်သလို အသုံးဝင်တဲ့ အကြောင်း၊ ICT ဟာကလေးတွေ အပျော်သက် သက် အသုံးပြုရတာမျိုး အတွက်ချည်း မဟုတ်ပဲ လူကြီးတွေလဲ သတင်းတွေ ဖတ်တာမျိုး၊ အခြား စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ လေ့လာတာ မျိုးတွေပါ လုပ်နိုင်တယ် ဆိုတဲ့ အကြောင်း၊ ပိုက်ဆံ မတတ်နိုင်ခြင်း ကိစ္စကလည်း နောက်ပိုင်းတွေမှာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းမျိုးလေးတွေ များများ ပေါ်လာတဲ့ အခါ ICT နည်းပညာတွေကို တတ်ချင်စိတ် ရှိရုံတစ်ခုတည်းနဲ့ အခမဲ့ သင်ကြား ခွင့်ရနိုင်တဲ့ အခွင့်အရေးတွေ ရလာနိုင်တဲ့ အကြောင်း၊ အလုပ်နဲ့ မသက်ဆိုင်ဘူး ဆိုတာကလည်း အခုလောလောဆယ် မသက်ဆိုင်ဘူးလို့ ထင်နေခြင်းသာ ဖြစ်ပြီး၊ နိုင်ငံခြား တိုင်းပြည်တွေ မှာဆို လယ်စိုက်တဲ့ လယ်သမားတွေက အစ အင်တာနက် ပေါ်က ဈေးနှုန်းတွေကို ကြည့်ပြီး ပွဲစား မပါဘဲ ကိုယ်တိုင် အရောင်းအ၀ယ် လုပ်နေကြပြီ ဆိုတဲ့ အကြောင်းတွေ သိသလောက် ဆွေးနွေး ဖြစ်ခဲ့ပါတယ်။
Infrastructure ကိစ္စနဲ့ ပတ်သက်လို့ကတော့ အားလုံး ၀ိုင်းကြိုးစားကြရမှာ ဖြစ်တဲ့ အကြောင်းနဲ့ အခု လောလောဆယ်မှာတော့ ရှိတဲ့ အခြေအနေလေးနဲ့ပဲ ဖြစ်သလို လေ့လာသင်ယူ ဆည်းပူးကြရမှာပဲ ဖြစ်တယ်လို့ ကိုယ့်ရဲ့ အမြင်ကို ပြောပြခဲ့တယ်။ ပြီးတော့ သင်တန်းအတွက် ကိုယ်ပြင်ဆင်ခဲ့တဲ့ Power Point Slide Show လေးကိုပြပြီး Presentation လေးလုပ်ခဲ့တယ်။ ပန်းသီး ကွန်ပျူတာတွေကို တီထွင်ခဲ့ သူတစ်ဦးဖြစ် တဲ့ စတိပ်ဂျော့ ကွယ်လွန်သွားတဲ့ အခါမှာ ဖေ့ဘွတ် လူမှု ကွန်ယက်ကို တည်ထောင်သူ လူငယ်လေး မက်ခ်ဇူကာ ဘတ်ပြောခဲ့တဲ့ စကားလေးကိုလည်း ကြိုက်လွန်းလို့ ကိုယ်ရဲ့ Presentation လေးထဲမှာ ထည့် ပြခဲ့တယ်။ သူပြောခဲ့တာက Steven thank you for being a mentor and a friend. Thanks for showing that what you build can change the world. I will miss you.'' တဲ့။ မြန်မာလို ဆိုရင် တော့ “ဆရာတစ်ယောက် အဖြစ်နဲ့ရော မိတ်ဆွေတစ်ယောက် အဖြစ်နဲ့ပါ ရှိနေ ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ။ ကိုယ်ဖန်တီး တည်ဆောက် လိုက်တာ တစ်ခုခုက ကမ္ဘာကြီးကို ပြောင်းလဲ ပစ်လိုက်နိုင်တယ် ဆိုတဲ့ အချက်ကို မြင်အောင် ပြခဲ့တဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ စတိဗ်ရေ။ ခင်ဗျားကိုကျွန်တော် လွမ်း နေမှာပါ”တဲ့။ ဒီလို အသိမျိုး အတွေးမျိုး ကိုယ်တို့ မြန်မာ လူငယ်လေးတွေရဲ့ ရင်ထဲ၊ အသည်းထဲမှာလည်း ရှိသင့်တယ် ဆိုတာလေးကို အားမလို အားမရနဲ့ ပြောခဲ့မိ ပါသေးတယ်။ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး စနစ် တစ်ခုရဲ့ လက်အောက်မှာ ကာလ ကြာရှည် ငြိမ်ဝတ်ပိပြားခဲ့ကြရတဲ့ ကိုယ်တို့လူမျိုးတွေရဲ့ မျက်လုံး တွေထဲမှာ သိမ်ငယ်မှုတွေက နေရာယူ ထားကြပြီး မိမိကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံး နေခဲ့တာ၊ မလွှဲ မရှောင်သာခဲ့တဲ့ အရှိတရား တစ်ခုပါပဲ။ အဲဒီ့ မလိုလားအပ်တဲ့ အရှိတရား တစ်ခုကို ချေဖျက်ပစ်ဖို့၊ ကိုယ်တို့အား လုံးရဲ့ နှလုံးသားထဲမှာ We can do it. ငါတို့ လုပ်နိုင်တယ် ဆိုတဲ့ အောင်စိတ်လေးကို ပျိုးထောင် မွေးမြူထားကြဖို့ အရေးတကြီး လိုအပ်တယ်လို့လည်း ကိုယ်မြင်တယ်။ ဒါကြောင့်လည်း ကိုယ်တို့အဖွဲ့လေးရဲ့ ဆောင်ပုဒ်လေးကို လူငယ်တွေရဲ့ နှလုံးသား ထဲအောင် စိတ်တွေပေါက်ဖွားလာစေဖို့ အားပေးတဲ့ အနေနဲ့ You can do IT. လို့ ပေးခဲ့တာပေါ့။ IT ဆိုတဲ့ စကားလုံးကို Information Technology (သတင်းနည်းပညာ)လို့လဲ မြင်လို့ ရတယ်လေ။ ကိုယ့်ရဲ့ Presentation လေးအပြီးမှာ ရှိတဲ့ သင်တန်းသား ၃၂ ယောက်ကို အုပ်စုလေး စုခွဲပြီး စားပွဲတွေကိုလည်း လေးခုစာ ပြင်စီလိုက်ကြတယ်။ ပြီးတော့၊ သူတို့ကို စာရွက် အဖြူကြီးတွေ တစ်ယောက်တစ်ရွက် စီပေးပြီး အခုလို ပြောပြပြီး တာတွေကို နားထောင်ပြီးတဲ့ အခါမှာ ဘယ်လိုတွေ ခံစားကြရသလဲ၊ ဘာတွေ လုပ်ပေးဖို့လိုမယ် ထင်သလဲ၊ ဘာအခက်အခဲ တွေရှိမလဲ စတာလေးတွေကို (Group Discussion) အုပ်စုအတွင်း ဆွေးနွေး တိုင်ပင်ကြပြီး ချရေးကြဖို့ ပေးလိုက်တယ်။ သူတို့တွေ အချင်းချင်း စကားတွေ ပြောဆို ဆွေးနွေးနေကြ စဉ်မှာလည်း ကိုယ်တို့ကလည်း လုပ်ရမယ့် ပုံစံလေးကို အသေးစိတ်လိုက် ရှင်းပြ၀င် ဆွေးနွေးစတာတွေလိုက် လုပ်ကြတာပေါ့။ ပြီးတဲ့အခါ အုပ်စုလေးခုစီက တစ်အုပ်စုကို တစ်ယောက်စီထွက် လာစေပြီး သူတို့တွေ ချရေးထားတာ တွေကို ပြန်ပြီး တင်ပြဆွေးနွေးစေခဲ့တယ်။ တစ်ယောက် ထွက်လာပြီး သူတို့ တွေ ဆွေးနွေးပြောဆိုဖြစ်ခဲ့တာတွေကို ထွက်ပြီး ရှင်းပြလိုက်၊ ကျန်တဲ့သူတွေ က လက်ခုပ်တွေ တီးပြီး အားပေးလိုက်၊ နောက်တစ်ယောက်၊ နောက်တစ် ယောက်နဲ့ ကိုယ်တို့ရဲ့ သင်တန်းလေးစည်စည် ကားကားဖြစ်လာတယ်။ ရတဲ့ အချိန်နှစ်နာရီကလည်း ကုန်ဖို့တဖြည်းဖြည်းနဲ့နီးနီးလာတယ်။ သူတို့ လေးဖွဲ့လုံး Presentation လုပ်ပြီးသွားကြတဲ့ အခါ ကိုယ်က သူတို့ပြောသွား တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်တို့ဘက်က ထင်မြင်ချက်တွေ၊ လုပ်ပေး နိုင်တာတွေကို ပြန်ပြောပြတယ်။ ပြီးတော့ ကိုယ်တို့သူငယ်ချင်းတွေစုပြီးဖွဲ့ ထားတဲ့ အဖွဲ့လေးရဲ့လုပ်ဖို့ ရှိတဲ့ အစီအစဉ်လေးတွေကိုလည်း အကြမ်းဖျဉ်းရှင်း ပြလိုက်တယ်။ နယ်တွေ ဆင်းပြီးနည်း ပညာဆိုင်ရာ သင်ကြားမှုတွေ လုပ်သွားမယ် ဆိုတဲ့ ကိုယ်တို့ရဲ့ အစီအစဉ်လေးကို အားလုံးက အားတက်သရောနဲ့ မျှော်လင့်နေကြတာ တွေ့ရတဲ့ အတွက် ၀မ်းလဲ သာမိသလို တစ်ဖက်ကလည်း ဆက်လုပ်ရမယ့် အလုပ်တွေ အတွက် အားတက်မိပါတယ်။ အဲဒီ့ အစီအစဉ်လေး အပြီးမှာ နာရီကို လှမ်းကြည့်လိုက်တော့ ၅နာရီက ထိုးနေပါပြီ။
ဒါပေမဲ့ နောက်ဆုံး အစီအစဉ်တစ်ခု အနေနဲ့ အခု ပြုလုပ်သွားတဲ့ မျှဝေ ဆွေးနွေးခြင်း အစီအစဉ်လေးက နေရလိုက်တဲ့ အချက်တွေ၊ မြင်မိတဲ့ အားနည်း ချက်တွေကို တစ်ယောက်ချင်းစီ ပြောကြတာလေး လုပ်ချင်တဲ့ အကြောင်း ပြောပြပြီး၊ ဗိုက်ဆာ နေကြပြီလားလို့မေးလိုက်တော့ အားလုံးရဲ့ နှုတ်ဖျားကနေ “ရပါတယ်၊ မဆာပါဘူး”ဆိုတဲ့ အသံ ထွက်လာတာနဲ့ ကိုယ်တို့ရဲ့ နောက်ဆုံး အစီအစဉ်လေးကို အားလုံးပျော် ပျော်ရွှင်ရွှင်နဲ့ပဲ စတင်ခဲ့ကြတယ်။ စာရွက်အဖြူ တစ်ရွက်ကို White-board ပေါ်ကပ်၊ အလယ်က မျဉ်းဆွဲပြီး နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ဖက်ကတော့၊ဒီအစီ အစဉ်လေးက နေရလိုက်တဲ့ အချက်တွေရေးဖို့ ဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့၊ ဒီအစီအစဉ် လေးနဲ့ပက်သက်ပြီး မြင်မိတဲ့ အားနည်း ချက်တွေ၊ ဖြစ်စေချင်တာ လေးတွေကိုရေးဖို့ပါ။ သင်တန်း သားတွေကို တစ်ယောက်စီ ထပြောစေပြီး ကိုယ် တို့တွေကစာရွက် ပေါ်ချရေးခဲ့ပါတယ်။ ရလိုက် တဲ့ အချက်တွေထဲမှာတော့၊ အရင်ကမသိခဲ့တာ တွေသိလာတယ်၊ ICT နည်းပညာဟာ တတ်ထား ဖို့လိုမယ်လို့ မြင်လာတယ်၊ ဒီအစီအစဉ်လေး အပြီးမှာ ICT နည်းပညာကိုတတ် မြောက်ချင် စိတ်တွေ၊ သင်ယူချင် စိတ်တွေဖြစ် လာကြတယ်၊ နယ်တွေကို ဆင်းပြီးစာသင်ကြမယ်ဆိုတာ ကိုလည်း ကြိုဆိုပြီးလိုအပ်တဲ့ အကူအညီတွေ ပေး ကြမယ်လို့လည်း အချို့က ကတိပေးကြတယ်။ မြင်မိတဲ့ အားနည်းချက်တွေကို ပြောကြတဲ့ အခါမှာတော့ ICT နည်းပညာကို အခုမှစပြီး ကြားဖူးတဲ့အတွက် ဘာတွေလိုအပ်တယ်ဆိုတာ ကို မပြောနိုင်ပါဘူးလို့ တစ်ယောက်က ထ ပြောတယ်။ နောက်တစ်ခုကတော့ အချိန် ၂ နာရီက နည်းတဲ့အကြောင်းနဲ့ ဒီထက်ပိုတဲ့ အချိန် မှာ ဒီထက်ပိုတဲ့ ပညာရပ်တွေကို သင်ကြားပေးစေ ချင်တယ်လို့ပြောတယ်။ ပြီးတော့ အချိန်သာ ပိုရရင်၊ လက်တွေ့အသုံးချခြင်း အစီအစဉ် (Pritical)ပိုင်းကိုလည်း ထည့်သွင်းစေချင်တဲ့ အကြောင်း ပြောကြတယ်။ နောက်တစ်ယောက်ကတော့ ပြောသွားတဲ့ အထဲက အင်္ဂလိပ်လို စကားလုံး တွေကို တတ်နိုင်သမျှမြန်မာလို ပြန်ပေးဖို့လည်း မေတ္တာ ရပ်ခံ သွားတာကို တွေ့ရတယ်။ နောက်ပြီး၊ နယ်ဆင်းပြီး စာသင် ကြတဲ့အခါမှာ နယ်မြေခံတွေနဲ့ နက်နက်နဲနဲ တိုင်ပင် ညှိနှိုင်းကြ ပြီးမှလုပ်သင့်တဲ့ အကြောင်းလဲအကြံပြု သွားပါသေးတယ်။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပြီး ကိုယ်တို့ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်း အတွက် အများကြီး အကျိုးရှိတဲ့ အကြံပြုချက်တွေပါပဲ။ ကိုယ်တို့ရဲ့ အစီအစဉ်တွေ အားလုံး ပြီးဆုံးသွားတဲ့ အခါမှာတော့ သင်တန်းသူ၊ သင်တန်းသားတွေ အားလုံးနဲ့ ကိုယ်တို့ အဖွဲ့နဲ့ စုပေါင်းပြီး ဓါတ်ပုံ ရိုက်ကြတယ်။ အားလုံးရဲ့ မျက်ဝန်းတွေထဲက မျှော်လင့်ချက် တွေ၊ စိတ်အား ထက်သန်မှု အလင်းတွေနဲ့ ကိုယ်တို့ရဲ့ နှုတ်ခမ်းတွေပေါ်က ပီတိ အပြုံးတွေ ပေါင်းစပ်ပြီး ဓါတ်ပုံလေးကတော့ သိပ်ကို လှနေမှာပဲလို့ ကိုယ် တွေးမိတယ်။ အားတက်သရော ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ သင်တန်းသူ၊သင်တန်းသားတွေ အားလုံးကို ကျေးဇူး တင်သလိုပဲ။ ကိုယ်နဲ့အတူ စိတ်ရော ကိုယ်ပါပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးနဲ့ အတူ၊ ရှေ့ဆက်ကြစို့ ဆိုတဲ့ စကားလေးကိုပါ ထပ်ဆောင်း ပြောလိုက်ချင်ပါသေးတယ်။
နေဘုန်းလတ် (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
Current Shwe Magazine
Current Teen Magazine
Academy Special Edition
This Week's Ray of Lights