တရုတ်ပြည်မှာ ခဏတာ PDF Print E-mail
Written by ခင်ဆုမြတ်ထွန်း   
Wednesday, 20 June 2012 13:35
Share |

ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းရဲ့ ကိုယ်တွေ့ခရီး ကဏ္ဍမှာ ဖူးငုံ အဖွဲ့သား များနဲ့ အတူ သွားခဲ့ဖူးတဲ့ မွန်ပြည်နယ် ခရီးစဉ် အကြောင်း အဖွဲ့သားများ အားလုံး အမှတ်တရ ရေးသားရာမှာ ပါဝင် ခဲ့ဖူးတာက လွဲလို့ ကိုယ်တိုင် သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေ အကြောင်းကိုတော့ မရေးဖြစ်ခဲ့သေးပါဘူး။

argaiv1802

အခု တစ်လမှာတော့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၊ အလင်းတန်း ဂျာနယ်နဲ့ Envoy ဂျာနယ်တို့ကို ကိုယ်စားပြုကာ မြန်မာမီဒီယာ မောင်နှမ တချို့နဲ့ အတူ မီဒီယာ ခရီးစဉ်အဖြစ် တရုတ် နိုင်ငံကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။

ဒီမီဒီယာခရီး စဉ်ကို ပေါ်ပြူလာ(အနုပညာ)ဂျာနယ် အယ်ဒီတာချုပ် ဆရာကိုမျိုး(မြန်မာစာ)၊ အလင်္ကာဝတ်ရည် မဂ္ဂဇင်းက စီနီယာ အယ်ဒီတာ မရည်မွန်၊ Skynet up to Date ရုပ်သံလိုင်းက ပရိုဂျူဆာ ကိုကောင်းမြတ်ထွဋ်၊ အယ်ဒီတာ မမိုးသီရိချိုနဲ့ အစီအစဉ် တင်ဆက်သူ မမြကေခိုင်တို့နဲ့ အတူ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီခရီးစဉ်ဟာ အားလုံးအတွက် တကယ့်ကို မမျှော်လင့်ထားတဲ့ ရုတ်တရက် ခရီးစဉ်တစ်ခုပါ။ မီဒီယာ ခရီးစဉ် အတွက် နှစ်ဆန်း တစ်ရက်နေ့မှာတော့ သက်ဆိုင်ရာ မီဒီယာများရဲ့ တာဝန် ရှိသူတွေဆီကို မြန်မာနိုင်ငံ တရုတ် သံရုံးက တာဝန်ရှိသူ မစ္စတာ ဂေါင်မင်ဘိုကနေ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ဟာ ဧပြီလ ၁၇ ရက်နေ့ ဖြစ်နေပါပြီ။ အဲဒါကြောင့် ရတဲ့အချိန် ၂ ရက်၊ ၃ ရက် အတွင်းမှာ ဗီဇာ အပါအ၀င် လိုအပ်တဲ့ အချက်အလက်တွေကို အချိန်လုပြီး ပြင်ဆင်ကြရပါတယ်။

ရုတ်တရက် ပေါ်လာတဲ့ ခရီးစဉ် ဖြစ်တာကြောင့် ကျွန်မလည်း မသွားခင်ရက်တွေ အတွင်းမှာ လက်ရှိ အလုပ်တွေကို လေယာဉ်ကွင်းထဲ သယ်သွားရတဲ့ အထိ ရှုပ်ယှက် ခတ်နေပါတော့တယ်။ ကျွန်မတို့ မသွားခင် ညမှာ တရုတ် သံရုံးကနေ ညစာ စားပွဲ ဖိတ်ကြားပြီး အသေးစိတ် အစီအစဉ်၊ ရာသီဥတုနဲ့ ကြိုတင် သိလိုတာ တွေကို မေးမြန်းနိုင်အောင် စီစဉ် ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ အတွင်းမှာတော့ အများအားဖြင့် အပူချိန်ဟာ စင်တီဂရိတ် ၁၇ နှင့် ၂၀ ကြားမှာ ရှိပြီး၊ လေ တိုက်နှုန်းများတဲ့ အတွက် အနွေးထည်များ ယူသွားသင့်တဲ့ အကြောင်း သံရုံးက တာဝန်ရှိသူတွေက အသိပေးစကား ဆိုပါတယ်။ ကျွန်မတို့ မီဒီယာ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် မရည်မွန်ကို အားလုံးက သဘောတူ ရွေးချယ်ခဲ့ကြ ပါတယ်။ ကျွန်မတို့လည်း မြန်မာနိုင်ငံက စတင် ထွက်ခွာရမယ့် အချိန်ကို ဘယ်သူက ပြောမှန်းမသိပေမယ့် အားလုံး တစ်ပြိုင်နက်တည်း ညနေ ၅ နာရီကို လေယာဉ် ထွက်ခွာမယ်လို့ သိထားကြတာမို့၊ လေယာဉ်ကွင်းကို ညနေ ၃ နာရီ အရောက် လာကြဖို့ တိုင်ပင် ခဲ့ကြပါတယ်။

လေယာဉ်ကွင်းကို ညနေမှ ဆင်းရမှာဖြစ်တဲ့ အတွက် စိတ်အေးလက် အေးနဲ့ လုပ်လက်စ အလုပ်တွေကို လုပ်နေရင်းကနေ လေယာဉ်လက်မှတ် မှာပါတဲ့ အချိန်ကို တစ်ခေါက်ပြန်စစ်ဆေးကြည့်တဲ့ အခါ ကျွန်မတို့ တကယ် ထွက်ခွာရမယ့် အချိန်ဟာ ၂ နာရီ ၀န်းကျင်(အသေအချာ မမှတ်မိတော့ပါ) ဖြစ်တာကြောင့် နေ့လယ် ၁၂ နာရီလောက်ကိုတော့ လေယာဉ်ကွင်းကို အရောက် သွားကြရတော့မှာပါ။ ကျွန်မလည်း မရည်မွန်ဆီ ဖုန်းလှမ်းဆက် ပြီး ကျန်တဲ့ သူတွေကိုလည်း ဆက်သွယ် နိုင်စေဖို့ ပြောရပါတယ်။ အဲဒီလို ပြန်စဉ်းစားကြည့်တဲ့ အခါ ကျွန်မတို့အားလုံး ဒီခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက မထွက်ခွာခင် ကတည်းကကို စပြီး အလွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ကျွန်မ လေယာဉ်ချိန်ကို အတိအကျ သိတဲ့ အချိန်ဟာ ၉နာရီနဲ့ ၁၀ နာရီ ၀န်း ကျင်ဖြစ်တာမို့ ကျွန်မလည်း အပြေးအလွှား အလုပ်တွေဖြတ်၊ အမေနဲ့ အစ်မကိုလည်း အလုပ် ပေးလိုက်ရပါတယ်။ နောက်ဆုံးတော့ အချိန်လည်းမရှိတော့ တာမို့ အမေနဲ့ အစ်မကို ကျွန်မ ခရီး သွားနေချိန် အတွင်း အင်တာနက် သုံးဖို့၊ မေးလ်စစ်ဖို့ကို တဖွဖွ မှာရပါသေးတယ်။ ကျွန်မတို့ အားလုံး ၀ရုန်းသုန်းကားနဲ့ လေယာဉ် ကွင်းကို ရောက်လာကြပြီး၊ လေယာဉ် ကွင်းထဲက စားသောက်ဆိုင် မှာပဲ နေ့လယ်စာ စားခဲ့ရတဲ့ အဖြစ်ပါ။

ဒီလိုနဲ့ ကျွန်မတို့ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လိုက်ပို့ပေးမယ့် Air China ဟာ အေးတိအေးစက် လှုပ်တုတ်လှုပ် တုတ်နဲ့ ထွက်ခွာ လာခဲ့ပါတယ်။ ကျွန်မကတော့ လေယာဉ်ပေါ်မှာကတည်းကစပြီး အစား အသောက်ဒဏ်ကို ခံရပါပြီ။ အတူသွားတဲ့ အစ်မ တွေကတော့ လေယာဉ်ပေါ်မှာ ကျွေးတဲ့ ညစာ ဟာ ကျွန်မတို့ ငယ်ငယ်က ထမင်းချက်တမ်း ကစားနေသလိုပါပဲတဲ့။ ကျွန်မစိတ်ထင် တရုတ် လူမျိုးတွေဟာ အရယ်၊ အပြုံး အတော်နည်းပါတယ်။ နောက်ထပ် တစ်ခုရှိတာက ကျွန်မတို့ကို တရုတ်လူမျိုး မဟုတ်မှန်း သိရဲ့သားနဲ့ (တစ်နည်း အားဖြင့် အသားအရောင်ကိုကြည့်၍ ခွဲခြားနိုင်) တရုတ် လေယာဉ်မယ်တွေဟာ အင်္ဂလိပ်လို မပြောဘဲ တရုတ်လိုပဲ ပြောပြော နေတာပါ။

ဘာ အကြောင်းအရာပဲဖြစ်ဖြစ် တရုတ်လိုပဲ ပြောပါ တယ်။ ကျွန်မတို့ဟာ ဘေဂျင်းမြို့ကိုသွားဖို့ ကူမင်းမြို့လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးကို တစ်ဆင့် ဖြတ်ရပါတယ်။ ကူမင်းလေဆိပ်မှာ ကျွန်မ တို့လည်း အချိန်အတော် ရတယ် အမှတ်နဲ့ ကြည့်သည်ကြည့်၊ ဟိုငေးသည်ငေးနေပြီး၊ ဓာတ်ပုံတွေ နေရာတိုင်းလိုလိုမှာ ရိုက်ကြပါတယ်။ အဲဒီ အချိန်မှာ ဆရာမျိုး (ကိုမျိုး(မြန်မာစာ))က လေကြောင်း လိုင်းတွေနဲ့ ပျံသန်းမယ့် အချိန်တွေကို ကြည့်ပြီး၊ ကျွန်မတို့ စီးလာခဲ့တဲ့ Air China ဟာ မကြာ ခင်မှာ ထွက်တော့မှာ ဖြစ်တဲ့ အကြောင်း သိရပြီး၊ လေယာဉ် ရပ်ထားတဲ့ ၀င်ပေါက်ကို အတော်လေး ပြေးပြီး၊ ရှာဖွေခဲ့ ရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ အဖွဲ့ဟာ အစီအစဉ်ထဲမှာ ပါတဲ့ အချိန်ထက် တော် တော်လေး နောက်ကျပြီးမှ ဘေဂျင်းမြို့ကို ရောက် ရှိခဲ့ပါတယ်။

ကျွန်မအထင် ကျွန်မတို့ ဘေဂျင်း မြို့ကို ဒေသ စံတော်ချိန် ည ၁၂ နာရီကျော် မနက် ၁ နာရီခန့်လောက်မှာ ရောက်ရှိပြီး၊ လာကြိုမယ့် သူတွေကိုလည်း ရှာတာ တစ်ယောက်မှ မတွေ့တဲ့ အဆုံး လေယာဉ်ကွင်းမှာပဲ ပိုက်ဆံလဲပြီး လေဆိပ်က တာဝန်ရှိသူ တွေရဲ့ အကူအညီနဲ့ တက္ကစီ ၂ စီးငှားကာ အစီအစဉ်ထဲမှာ ပါတဲ့ ဟိုတယ်ကို စိတ် တထင့်ထင့်နဲ့ သွားခဲ့ကြပါတယ်။

လေဆိပ်က တာဝန် ရှိသူတွေရဲ့ အကူအညီ အရ ဆိုတာက တက္ကစီကို ကိုယ်တိုင်ငှားတဲ့ အခါ ဘယ်လိုမှ အဆင်မပြေပါဘူး။ အဆင် မပြေတာ ကလည်း ကားမောင်းတဲ့ သူတွေ အားလုံးဟာ လုံးဝ အင်္ဂလိပ်လို တစ်လုံးမှ မပြောကြပါဘူး။ လေယာဉ် ကွင်းမှာရော၊ လမ်းမှာပါ ကျွန်မတို့ အချိန် တော်တော်လေး ယူပြီးတဲ့နောက် Beijing International ဟိုတယ်ကိုရောက်ပြီး၊ ကျွန်မတို့ အားလုံးရဲ့ နာမည်နဲ့ အခန်းတွေကို ဘွတ်ကင် လုပ်ထားပေးတာ တွေ့ရတော့မှ စိတ်အေး ရပါတော့တယ်။

အဲဒီညမှာပဲ တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေက မရည်မွန်ကို ဆက်သွယ်ပြီး၊ နောက်တစ်နေ့ မနက် အစီအစဉ်အတွက် ဘယ်အချိန်မှာ ဆုံမယ် ဆိုတာတွေကို ပြောခဲ့ကြပါတယ်။ နောက်တစ်နေ့ ဧပြီလ ၂၂ ရက် မနက်မှာ တော့ ၆နာရီလောက်ထပြီး ပြင်ဆင် ခဲ့ရတာမို့ အိပ်ချိန် ၄ နာရီလောက်သာ ရခဲ့ပါတယ်။ ဟိုတယ်မှာ မနက်စာ စားအပြီး၊ အခန်းထဲမှာ အင်တာနက် သုံးမရတာမို့ Lobby မှာ အင်တာနက် ခဏ သုံးရပါသေးတယ်။ ဒါဟာ ကျွန်မရဲ့ လက်ရှိ အလုပ်တွေနဲ့ ကျွန်မကို ဆက်သွယ် ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။

ကျွန်မတို့ ခရီးစဉ် အစအဆုံးကို လိုက်ပါကူညီ စီစဉ်ပေးတဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာနက မစ္စတာဇူဗင် (Zhu Bin), Miss Luo Zhen Zhen (မစ္စလူ)တို့နဲ့အတူ တရုတ်နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပြီး၊ ကမ္ဘာ့ အံ့ဖွယ်များထဲမှာ တစ်ခုပါတဲ့ မဟာတံတိုင်းကို မနက်ပိုင်းမှာ သွားရောက် ခဲ့ကြပါတယ်။ မဟာ တံတိုင်းပေါ် ခြေမချခင်ကတည်းက ဘယ် အချိန်မှာ ပြန်ဆုံမယ်ဆိုတာ ပြောလိုက်ပြီးသားပါ။ ဒီကြားထဲမှာ ကျွန်မတစ်ခု ဖြတ်ပြီး ပြောချင်တာက မစ္စတာ ဇူဗင်အကြောင်း ဖြစ်ပါတယ်။ သူဟာ မြန်မာဘာသာစကားကို ဘေဂျင်းမြို့ နိုင်ငံတကာ ဘာသာစကား တက္ကသိုလ် မှာ သင်ယူခဲ့သူ တစ်ယောက်ဖြစ်ပြီး၊ မြန်မာ နာမည်လည်း ရှိပါတယ်။ သူရဲ့မြန်မာ နာမည်က ကိုရဲမင်းကျော်ဆိုတော့ ကျွန်မတို့အားလုံးက သူ့ကို ကိုရဲလို့ ခေါ်ကြပါတယ်။

ကျွန်မတို့ ဘေဂျင်းမြို့ကို ရောက်နေစဉ် အတွင်းမှာလည်း တောင်အာဖရိကနိုင်ငံ၊ ဆူဒန်က တာဝန် ရှိသူတွေ ရောက်ရှိနေတဲ့အပြင်၊ ကန်တုံကုန်စည်ပြပွဲ ကျင်းပမယ့် အချိန်နဲ့လည်း အရမ်းကို နီးကပ်နေတာကြောင့် တရုတ်နိုင်ငံမှာ နိုင်ငံခြားသား ဧည့်သည်တွေ များပြားနေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း မဟာတံတိုင်းကို လာရောက် လည်ပတ်သူ ဧည့်သည်တွေ အင်မတန် များပါတယ်။ တကယ့်ကို ဧည့်သည်များတာဟာ တက်နေရင်း နဲ့တစ်ယောက် ဟန်ချက်ပျက်ရင် လူပိမှာတောင် စိုးရပါတယ်။ လူများတယ် ဆိုတာကလည်း ကျွန်မတို့ သွားရောက် လေ့လာနိုင်အောင် စီစဉ်ထားတဲ့နေရာ ဟာ မဟာ တံတိုင်းပေါ်ကို တက်ရောက်နိုင်တဲ့ နေရာတွေရှိတဲ့ အနက် အလှဆုံး နေရာတစ်ခု ဖြစ်နေတာကြောင့်လည်း ပါမယ် ထင်ပါတယ်။ လူများတာက တစ်ကြောင်း၊ အချိန် မရတာက တစ်ကြောင်းနဲ့ ထိပ်ဆုံးအထိ ရောက်အောင် လည်း မတက်နိုင်ခဲ့ကြပါဘူး။ 

ကျွန်မတို့ မီဒီယာ အဖွဲ့အတွက် စီစဉ်ထားတဲ့ အစီအစဉ်တွေကတော့ ဘယ်အစီအစဉ်အတွက်မှ အချိန်သေချာ မရနိုင်ဘူးဆိုတာ တရုတ် နိုင်ငံမရောက် ခင်ကတည်းက သိသလောက်တော့ သိနှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အချိန်မှာ ခေတ်စကားနဲ့ပြောရရင် မြန်မာနိုင်ငံနဲ့ အဓိက ပတ်သက်မှု အကြီးကြီးရှိတဲ့ CPI(China Power Investment Corporation) နဲ့ CNPC (China National Petroleum Corporation) တို့ဆီကို သွားရောက် လေ့လာနိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တာကြောင့် မသွားခင်ညမှာတော့ ကျွန်မမှာ ၀မ်းနည်း၊ ၀မ်းသာကြီးတောင် ဖြစ်ရပါတယ်။

ပထမနေ့အစီအစဉ်ဟာ  Skynet လို ရုပ်သံလိုင်း အတွက် ရိုက်ကူးစရာတွေရှိပေမယ့်၊ ပုံနှိပ်မီဒီယာ သတင်းသမားတွေအတွက်ကတော့ လည်ပတ်ရုံ သက်သက်ပါပဲ။ ကျွန်မတို့ရဲ့ အပြေးအလွှား အစီ အစဉ်ဟာ ပထမဆုံးနေ့မှာပဲ စတင်ခဲ့ပါပြီ။ မဟာ တံတိုင်းကနေ နေ့လယ် ၁၁ နာရီကျော်လောက် မှာ ထွက်ခွာရတာဆိုတော့ မဟာတံတိုင်းကို ကြည့်ရှု လည်ပတ်ခွင့်ဟာ ၁ နာရီသာသာလောက် ပဲရတာ ဖြစ်ပါတယ်။ နေ့လယ်စာစားအပြီး Forbidden City လို့ခေါ်တဲ့ ချင်မင်းဆက်နဲ့ မင် မင်းဆက်တို့ နေထိုင်ခဲ့ရာ ရှေးဟောင်းနန်းတော် ကိုလည်း သွားခွင့် ရခဲ့ပါသေးတယ်။ ဒီနန်းတော်ဟာ ချင်မင်းဆက် လက်ထက်မှာ မီးလောင်မှု ကြောင့် ပျက်စီးသွားခဲ့ပြီး၊ မင်မင်းဆက်လက် ထက်မှာ ပြန်လည် တည်ဆောက်ကာ ဒီနေ့အထိ အသေးစားပြုပြင်မှုများကလွဲလို့ မူလအတိုင်း ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကျွန်မ အနေနဲ့ ကတော့ နန်းတော်ထဲမှာ အနည်းငယ် လေ့လာပြီး၊ လက်ရှိ တရုတ်နိုင်ငံရဲ့ လူနေမှု ပုံစံအကြောင်းတွေ နှင့် ကျွန်မ သိလိုသမျှတွေကိုသာ မစ္စလူနဲ့ ပြော ဖြစ်ခဲ့ပါတယ်။ မစ္စလူက တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြန်ကြားရေးဌာနမှာ တာဝန် ထမ်းဆောင်နေတဲ့ အစိုးရ၀န် ထမ်းတစ်ဦး ဖြစ်ပြီး၊ အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦး ဖြစ်ပါတယ်။ လေ့လာမိသလောက် တရုတ် လူငယ်တွေ ဟာ အစိုးရ ဌာနတွေမှာ အလုပ် ၀င်ဖို့ကိုလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။ ကိုရဲ ပြောပြချက် အရဆိုရင်လည်း ပုဂ္ဂလိက ကုမ္ပဏီ ၀န်ထမ်းရယ်၊ အစိုးရဌာနတွေမှာ လုပ်တဲ့ ၀န်ထမ်းရယ်ဆိုပြီး သူတို့တွေရဲ့ လူနေမှု ပုံစံတွေဟာ သိပ်ပြီး ကွာခြားချက် မရှိဘူးလို့ သိရပါတယ်။ ကိုရဲကလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အာရှဌာနမှာ တာဝန်ထမ်း ဆောင်နေသူ တစ်ဦးဖြစ်ပြီး၊ အသက် ၂၆ နှစ် အရွယ်ရှိ လူငယ် တစ်ဦးပါပဲ။

တရုတ်နိုင်ငံမှာတော့ ကျွန်မအတွက် စိတ်ဝင် စားစရာတွေချည်းပါပဲ။ တရုတ်နိုင်ငံရဲ့ အကြီး ဆုံး လုပ်ငန်း တော်တော် များများဟာ နိုင်ငံတော်ပိုင် (သို့မဟုတ်) နိုင်ငံတော်နဲ့ ဖက်စပ် (Joint Venture) လုပ်ငန်းတွေသာ ဖြစ်ပါတယ်။ တွေ့ခဲ့ရ သလောက်ထဲမှာတော့ ပုဂ္ဂလိကပိုင် သီးသန့်လုပ် ငန်းရယ်လို့ မရှိပါဘူး။ ဒါကြောင့်လည်း ကုမ္ပဏီ အဆောက်အအုံကြီးတွေနဲ့ အစိုးရ ဌာနပိုင် အဆောက် အဦးတွေရဲ့ ရှေ့တွေမှာ စစ်သားတွေက လုံခြုံရေး တာဝန် ယူထားတာကို တော်တော်များများ တွေ့မြင် ခဲ့ရတာ ဖြစ်နိုင်ပါတယ်။ သွားရင်း လာရင်းနဲ့ တစ်ယောက်ရဲ့ အမေးကြောင့် နိုင်ငံတော်နဲ့ အစိုးရ ကွာခြားပုံကို ရေးဖို့ တေး ထားလိုက်မိပါတယ်။

နိုင်ငံတော်နဲ့ အစိုးရကို အတူတူပဲလို့ ရောပြီး နားလည် လိုက်လို့ မရပါဘူး။ နိုင်ငံတော် ဆိုတာကတော့ နိုင်ငံတစ်ခုရဲ့ တည်နေရာ၊ အကျယ်အ၀န်း၊ သယံဇာတများ၊ အစိုးရနဲ့ ပြည်သူများ အားလုံးပါဝင်ပါ တယ်။ အစိုးရဆိုတာကတော့ အလွယ်တကူ ဥပမာ ပေးရရင် ကျွန်မ ဆရာ ပြောသလို နိုင်ငံတော်ဟာ ယာဉ်ကြီး တစ်စင်းဆိုရင် အစိုးရဟာ အဲဒီယာဉ်ကြီးကို တက်မောင်းသူ ဒရိုင်ဘာသာ ဖြစ်ပါတယ်။ အခုတော့ မီဒီယာ အဖွဲ့ရဲ့ ခရီးစဉ် အကြောင်းကို ပြန်ဆက် လိုက်ပါဦးမယ်။ တစ်နေကုန် သွားနေတဲ့ တစ်လျှောက်မှာ သတိ ထားမိတာကတော့ နေရာတိုင်းမှာ မြေနေရာ ရရင် ရသလို အပင်တွေ စိုက်ထားတာ တွေ့ရပါတယ်။ လူသွားလမ်းနဲ့ စက်ဘီး စီးဖို့ လမ်းတွေကိုလည်း ကားလမ်းတွေရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာ အသေအချာ ထည့်သွင်း စီစဉ်ပေးထားတာကတော့ ကျေနပ်စရာပါ။ ဘေးဂျင်းမြို့မှာလည်း တခြားမြို့ကြီးတွေမှာလို ယာဉ်ကြောပိတ်ဆို့မှုရှိပေမယ့် သိပ်ဆိုးဆိုး ရွားရွားကြီးတော့ မဟုတ်ပါဘူး။

လမ်းဘေးဆေးဆိုင်တွေလည်း ရှိပေမယ့် ရန်ကုန်မှာလို လူသွားလမ်းပေါ် လူသွားမရအောင် များနေတာမျိုး မဟုတ်တော့ ရန်ကုန်မှာ ကားလမ်းပေါ် တက်လျှောက်နေရတဲ့ ကိုယ်တွေ ဘေဂျင်းရဲ့ လူသွားလမ်းပေါ် လျှောက်ရင်း စွဲနေတဲ့ အကျင့်အတိုင်း နောက် ကို လှည့်ကြည့်၊ လှည့်ကြည့်နဲ့ သွားနေမိတာ ကိုယ့်ကိုယ်ကို သတိထားမိတဲ့ အခါကျမှပဲ ပြုံးမိရပါသေးတယ်။ ကျွန်မက ဆေးသိပ်မ၀ယ် တတ်တဲ့သူဆို တော့ ဆေးဝယ်ရတာထက် ပတ်ဝန်းကျင် အသစ်ကို လေ့လာရတာကိုပဲ ပိုသဘောကျပါတယ်။ နောက်ထပ် သဘောကျတာတစ်ခုက လျှပ်စစ်ဘတ်စ် ကားတွေပါ။ ကိုရဲကိုတော့ ရန်ကုန်မှာ ဒီလို လျှပ်စစ် ဘတ်စ်ကားတွေ ဆွဲရင် ကားတွေ ခဏ၊ ခဏ ရပ်သွားတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတော်တော်လေး ဖြစ်မှာလို့ ဘာဖြစ်လို့လဲ ဆိုတော့ မီးက ခဏ၊ ခဏ ပျက်တယ်လေလို့ပြောမိပါသေးတယ်။မြေအောက် ရထားလည်း ရှိပေမယ့် ကျွန်မတို့မှာ ကိုယ်ပိုင် အချိန် နည်းတာကြောင့် စမ်းသပ်ပြီး စီးကြည့်ဖို့ အခြေ အနေ မပေးခဲ့ပါဘူး။ ညနေဘက် ဟိုတယ်ကို ပြန် ရောက်ချိန်မှာတော့ အနားယူ၊ ညစာစားပြီး၊ နောက် တစ်နေ့တွေမှာ သွားရောက် လေ့လာရမယ့် နေရာ တွေရဲ့အကြောင်းတွေ Googling လုပ်ရပါတယ်။  ဆရာတစ်ယောက်ကိုလည်း မေးခွန်းတွေ ကြိုတင် ပြင်ဆင်နိုင်ဖို့အတွက် အပူကပ်ရပါသေးတယ်။

ကျွန်မတို့အဖွဲ့ ဒုတိယမြောက်နေ့မှာ ပထမဆုံး သွားဖြစ်ခဲ့တဲ့ နေရာက CRI(China Radio International) ဖြစ်ပါတယ်။ CRI ဟာ မီဒီယာ မျိုးစုံကနေ အစီအစဉ် မျိုးစုံကို တင်ဆက်ပါတယ်။ ဆိုလိုတာက ပုံနှိပ်မီဒီယာရော၊ အီလက်ထရောနစ် မီဒီယာပါ နှစ်မျိုးလုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့အပြင် လိုအပ်တဲ့ ဆောဖ်ဝဲလ်များ ကိုလည်း ကိုယ်တိုင်ရေးကြောင်း သိရပါတယ်။ CRI မီဒီယာလုပ်ငန်းကို ၁၉၅၀ ပြည့်နှစ်ကတည်း က စတင်တည်ထောင်ခဲ့ပြီး၊ ဘာသာစကားပေါင်း ၆၂ မျိုးနဲ့ အစီအစဉ်တွေကို နေ့စဉ်ထုတ်လွှင့်လျက် ရှိရာ မြန်မာဘာသာစကားနဲ့ ထုတ်လွှင့်နေတဲ့ အစီအစဉ်လည်းရှိပါတယ်။ မြန်မာဘာသာ ထုတ် လွှင့်မှုအတွက် သီးခြားဌာန ငယ်လေးတစ်ခုရှိပြီး၊ အဲဒီဌာနမှာ စုစုပေါင်း ၀န်ထမ်း ၁၄ ယောက် ရှိပါတယ်။ မြန်မာဘာသာ ထုတ်လွှင့်မှု ဌာနမှာ မြန်မာ စစ်စစ် အမျိုးသမီး ၀န်ထမ်းတစ်ဦးသာ ရှိပြီး၊ ကျန်ဝန်ထမ်းတွေဟာ မြန်မာဘာသာ စကား ကျွမ်းကျင်တဲ့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

CRI မရောက် ခင်က တရုတ် လူမျိုးတစ်ချို့နဲ့ ဆုံခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာ မီဒီယာ လုပ်ငန်းတွေနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံလောက် မခက်ခဲဘူး။ ကန့်သတ် ချက် အနည်းငယ်ရှိပေမယ့်လည်း ပြောလောက် စရာ မဟုတ်ဘူးလို့ တရုတ်မိတ်ဆွေ တစ်ယောက်က ဆိုပါတယ်။ CRI ကိုသွားရောက်လေ့လာ ပြီးမှပဲ သဘောပေါက်ရပါတယ်။ CRI ဟာ နိုင်ငံပိုင် မီဒီယာ လုပ်ငန်း တစ်ခုပါ။ အဲဒီမိတ်ဆွေက တော့ ပြောလည်း ပြောတတ်ပါတယ်။ နိုင်ငံပိုင် မီဒီယာ လုပ်ငန်းဆိုမှတော့ အထူးတလည် စာပေ စီစစ်ရေး တင်စရာ ဘယ်လို တော့မှာလဲ။ CRI မှာတော့ ကိုယ်လည်း အင်တာဗျူး၊ သူလည်း အင်တာဗျူးနဲ့ အပြေးအလွှား ဗျူးကြပါတယ်။ သူတို့ဆီကလည်း တော်တော်လေး ကြိုးစားပါတယ်။ ကားအနား ရောက်ခါနီး အထိ ရီကော်ဒါ ကိုင်ပြီး အပြေးတစ်ပိုင်း လိုက်ပြီး အင်တာဗျူးတာ ပါ။ သိတဲ့အတိုင်း ကိုယ်တွေက သူများကိုသာ အင်တာဗျူးချင်တာ ကိုယ့်ပြန်ဗျူးတော့ နေတတ် တာ မဟုတ်ပါဘူး။

CRI ကပြီးတော့ နောက်ထပ် အစီအစဉ် တစ်ခုဟာ နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ပြန်ကြား ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး Mr.Hong Lei နဲ့ နေ့လယ်စာ အတူစားရမယ့်အစီအစဉ် ဖြစ်ပါတယ်။ သူဟာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ တယ်။ ကိုယ်တွေကလည်း ပြန်ကြားရေးလိုဌာန မျိုးနဲ့ဆိုရင် သိပ်တွေ့ချင်ပါတယ်။ အထူးသဖြင့် ကတော့ နေ့စဉ်ပြုလုပ်နေတဲ့ သတင်းစာ ရှင်းလင်း ပွဲတွေအကြောင်း၊ ပြန်ကြားရေး ဌာနရဲ့ အဓိကလုပ် ငန်းတာဝန်တွေနဲ့ အဲဒီလုပ်ငန်း တာဝန်တွေဟာ မြန်မာနိုင်ငံနဲ့ ကွာခြားချက်ရှိ၊ မရှိ ဆိုတာတွေပါ။ တရုတ်နိုင်ငံမှာ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန တစ်ခုတည်းကသာ နေ့စဉ် ဒေသ စံတော်ချိန် ညနေ ၃ နာရီမှာ ကျင်းပလေ့ ရှိပါ တယ်။

ကျန်းမာရေး ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ လုံခြုံရေး ၀န်ကြီးဌာနတွေကလည်း သတင်းစာ ရှင်းလင်းပွဲတွေကို အခါ အားလျော်စွာ ကျင်းပလေ့ ရှိတယ်လို့ သိရပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေနဲ့ ပတ်သက်ပြီး မေးခွန်းများ ကြိုတင် ပေးထားစေလိုခြင်းက လွဲလို့ တခြား လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ မေးခွန်းများကို ကြိုတင် သိထားတာ မဟုတ်တဲ့အတွက် မဖြေနိုင်တဲ့ မေးခွန်းများနဲ့ ကြုံတွေ့ရတဲ့အခါ ပွင့်ပွင့်လင်း လင်းမသိဘူးလို့ ဖြေကြားသလို၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို လွှဲပြောင်းပေးတယ်လို့ သိရ ပါတယ်။ သတင်းစာရှင်းလင်းပွဲများနဲ့ ပတ်သက် ပြီး၊ Mr.Hong Lei အပါအ၀င် ပြောရေးဆိုခွင့် ရှိ သူ ၄ ဦး ရှိပါတယ်။

တကယ်တမ်း ကျွန်မတို့ အဖွဲ့ရဲ့ နောက်အစီအစဉ် တစ်ခုဟာ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲကို သွားရောက် လေ့လာဖို့ ဖြစ်ပေ မယ့်လည်း အချိန် မရတာကြောင့် လေ့လာခွင့် မရ ခဲ့ပါဘူး။ အဲဒီ နောက်မှာတော့ နိုင်ငံခြားရေး ၀န်ကြီး ဌာနရဲ့ အာရှရေးရာ ဌာန ညွှန်ကြားရေးမှူး Mr.Chen Chen ခေါ် ဦးခင်စိန်နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဦးခင်စိန်ဟာ မြန်မာနိုင်ငံမှာ လည်း ၇ နှစ်ကြာ နေထိုင်ခဲ့တာကြောင့် မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့် အကြောင်း၊ တရုတ် ဇာတ်လမ်းတွဲများနဲ့ ကိုရီးယား ဇာတ်လမ်း တွဲများ အကြောင်းနဲ့ မြစ်ဆုံ ဆည် တည်ဆောက်ရေး လုပ်ငန်းအကြောင်းတို့ကို ပြောဆိုဖြစ်ခဲ့ပါ တယ်။ မီဒီယာ လွတ်လပ်ခွင့်များ အကြောင်းနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က တည်းက ကန့်သတ်မှုများ တဖြည်းဖြည်းလျော့ နည်းလာကြောင်းနဲ့ နောက်ပိုင်းမှာ အခု ထက်ပိုပြီး ကန့်သတ်ချက်တွေ လျော့နည်းလာနိုင်ကြောင်း ပြောဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတွေအကြောင်း ပြောဆိုရာမှာတော့ ဦးခင်စိန်ရဲ့ စကားတွေဟာ ကလေးဆန်တယ်လို့ ထင်မိပါတယ်။ မြန်မာ ပရိတ်သတ်တွေဟာ ကိုရီးယားကားတွေကို ကြိုက်ကြတာဟာ ကိုရီးယားသရုပ်ဆောင်တွေ ချောလို့ဆိုပေမယ့် အပြင်မှာ တကယ့် ကိုရီးယား လူမျိုးတွေဟာ သရုပ်ဆောင်တွေလို ချောတဲ့သူ တွေချည်းပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာက အများအားဖြင့် တရုတ်သိုင်းနဲ့ ကွန်ဖူးကားတွေပဲ ပြတယ်ဆိုတော့ တရုတ်လူမျိုးတွေကို ရန်ဖြစ် လွယ်တဲ့သူ၊ မကြာခဏ တိုက်ခိုက်သူတွေလို့ မြင်နေမှာစိုးတဲ့ အကြောင်း နှစ်နိုင်ငံဇာတ်လမ်း တွဲတွေအကြောင်းကို နှိုင်းယှဉ်ပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ ဒါကြောင့်ခေတ်နဲ့ လျော်ညီတဲ့ ဇာတ်လမ်းတွဲတွေကို ရုပ်သံလိုင်းတွေကို လက်ဆောင်ပေးချင်တဲ့ အကြောင်းလည်း ပြောပါသေးတယ်။ ကျွန်မကတော့ ဇာတ်လမ်းတွဲတွေ အကြောင်း သိပ်သိတဲ့ သူမဟုတ်တော့ ပြောစရာသိပ်မရှိပါဘူး။

ဒီလို ပြောနေရင်းကနေ မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ရောက်သွားပါတယ်။ လူငယ်ပီပီ စိတ်ထဲ ထောင်း ခနဲဖြစ်သွားပြီး၊ မြစ်ဆုံနဲ့ သူနဲ့ ဘာဆိုင်လို့လဲလို့ ထင်မိပြီးမှ၊ မြစ်ဆုံမှာ ဆည်တည်ဆောက်မယ့် CPI (China Power Investment Corporation) ဟာ နိုင်ငံပိုင် လုပ်ငန်းတစ်ခုဆိုတာ ပြန်သတိရမိပါတယ်။ ဦးခင်စိန်ဟာ CPI အနေနဲ့ မြစ်ဆုံဆည် တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ် များစွာ စိုက်ထုတ် ထားရကြောင်း စတာတွေကို ပြောဆိုပါတယ်။ တကယ်တော့ CPI ဟာ ဗဟို အစိုးရနဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် ယူနန်ပြည်နယ် အစိုးရနဲ့ ပူးပေါင်းကာ ယူနန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို အကြိုးတူ ပူးပေါင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစု တစ်ခုဖြစ်ပါတယ်။

ကျွန်မကတော့ မြစ်ဆုံအကြောင်းကို ပြောမယ်ဆိုရင် မြစ်ဆုံ တည်ရှိရာ ကချင်ပြည်နယ် တစ်ခုတည်းကို စဉ်းစားလို့ မရပါဘူး။ ဧရာဝတီမြစ်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကသာ ပိုင်ဆိုင်ပြီး၊ ဒီမြစ်ကြီးပေါ်မှာ မှီခိုနေတဲ့ မိသားစုပေါင်း များစွာရှိတဲ့ အပြင် ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော တစ်ခုပါပဲ။ ဒီမြစ်ကြီးပေါ်မှာ မှီခိုပြီး အသက် မွေးဝမ်းကျောင်း ပြုနေတဲ့ ပြည်သူ အများစုဟာ သူတို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ကို စဉ်းစားပါတယ်။ သူတို့အသက် ရှင်ရပ်တည်ရေး အတွက် ရှေ့ ရေးကို တွေးကြောက်ပါတယ်။ ဒါကြောင့်လည်း မြစ်ဆုံဆည် တည်ဆောက်ရေးဟာ ပြဿနာကြီး တစ်ရပ် ဖြစ်သွားတာပါလို့ ရှင်းပြခဲ့ပါတယ်။ စိတ်အေး အေးထားပြီး ပြောတဲ့ကြားက အသံနည်းနည်း ကျယ်ပြီး ဒေါသသံ နည်းနည်း ပါသွားတာကိုတော့ ကိုရဲရဲ့ စိတ်ပူနေတဲ့ မျက်နှာကို ကြည့်လိုက်မိတဲ့ အခါ သတိ ထားမိသွားပါတယ်။
ဆက်လက်ဖော်ပြပါမည်။

ခင်ဆုမြတ်ထွန်း
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


ခင်ဆုမြတ်ထွန်း
About the author:
Last Updated on Wednesday, 20 June 2012 14:05