|
ကျန်းမာရေးနှင့် ပညာရေးကို ဦးစားပေးတဲ့ မေတ္တာမိုး |
|
|
|
|
Written by ခင်ဆုမြတ်ထွန်း
|
|
Monday, 18 June 2012 15:17 |
ဇွန်လ အုတ်တစ်ချပ် သဲတစ်ပွင့် ကဏ္ဍကိုတော့ မေတ္တာမိုးနဲ့ စတင် လိုက်ချင်ပါတယ်။
argaiv1241
မေတ္တာ မိုးမြန်မာ ပရဟိတ လူငယ် အဖွဲ့ဟာ အဖွဲ့အနေနဲ့ ဖွဲ့စည်း ခဲ့တာလည်း ကြာပြီ ဖြစ်သလို၊ အတွေ့အကြုံ များစွာရှိတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။ မေတ္တာမိုး မြန်မာ ပရဟိတ လူငယ် အဖွဲ့ကို ရွေးချယ်ဖြစ်လိုက်တယ် ဆိုတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းတွေ ရှိနေမှာ သေချာပါတယ်။ မေတ္တာမိုး မြန်မာအဖွဲ့ကို စေတနာ့ ၀န်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူငယ်ချင်း ၉ ယောက်က ၂၀၀၉ ခုနှစ်မေလမှာ ကိုယ်ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် ပရဟိတ လူငယ်အဖွဲ့လေးတစ်ခု အဖြစ် စတင်ဖွဲ့စည်းခဲ့ပါတယ်။
မေတ္တာမိုး မြန်မာ အဖွဲ့ကို လက်ရှိ အချိန်မှာတော့ ကိုရန်ထိုက်စံ၊ မရွှေဝတ်မှုံ၊ ကိုဝင်းနိုင်ဦးနဲ့ ကိုဝေလင်းအောင်တို့ သူငယ်ချင်း ၄ယောက်က ဦးဆောင် လုပ်ကိုင်လျက် ရှိပါတယ်။ အဖွဲ့ အနေနဲ့ လှုပ်ရှားဖြစ်တဲ့ အဓိက လုပ်ငန်း ၂ ခုကတော့ အပတ်စဉ် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနဲ့ ပညာရေးတို့ ဖြစ်ပါတယ်။
“ကျွန်တော်တို့ အဖွဲ့ မလုပ်ခင်ကတည်းက ပြည်တွင်း NGO တစ်ခုမှာ စေတနာ့ဝန်ထမ်း အဖြစ် ၀င်လုပ်ကြပါတယ်။ အလုပ် အတူတူ လုပ်ဖြစ်ကြတဲ့ သူငယ်ချင်းတွေ စုပြီး ကိုယ့်အနေနဲ့ ပိုကောင်းမယ် ထင်တဲ့ အလုပ် ကလေးတွေ တွဲလုပ်ဖြစ်ကြတယ်။ အဲဒီလို လုပ်ရင်းကနေ တစ်ဖြည်းဖြည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လာတယ် ထင်ပါတယ်။ အဲဒါနဲ့ မေတ္တာမိုး ဖြစ်လာတာပါ။ မေတ္တာ ဆိုတာကတော့ တစ်ယောက်ချင်းစီ ပေးရင် နည်းနည်းပဲ ရတယ်လေ။ မေတ္တာတွေကို မိုးအဖြစ် ရွာချလိုက်တော့ လူတွေ အများကြီးကို မေတ္တာတွေ များများ ပေးနိုင်တာပေါ့” လို့ ကိုဝင်းနိုင်ဦးက မေတ္တာမိုး ဖြစ်ပေါ်လာပုံကို ပြောပြခဲ့ပါတယ်။ ကိုဝင်းနိုင်ဦးက မေတ္တာမိုး အဖွဲ့ရဲ့ ကျန်းမာရေး စောင့်ရှောက် မှုပေးတဲ့ လုပ်ငန်းကို အဓိက လုပ်ဆောင် ပေးနေတဲ့ သူလည်း ဖြစ်ပါတယ်။

မေတ္တာမိုး မြန်မာ အဖွဲ့ဟာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ ရွှေဝါ၀င်း ဘုန်းတော်ကြီး ကျောင်းမှာ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိပါတယ်။ ရွှေဝါ၀င်း ဘုန်းတော်ကြီး ကျောင်းမှာ အခုလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ လုပ်ငန်းကို ၂၀၁၀ ခုနှစ်ကတည်း အပတ်စဉ် လုပ်ဆောင် ခဲ့တာပါ။ ကျန်းမာရေး စောင့် ရှောက်မှုပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး “ဆေးဝါးနဲ့လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ တောင်ဒဂုံကို သွားတဲ့ အသွားအပြန် ကုန်ကျစရိတ်တွေကို ကျောင်း ကပဲ ဘုန်းဘုန်းက ပံ့ပိုးပေးပါတယ်။ တစ်ပတ်တစ်ခါ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အတွက် ကုန်ကျ စရိတ်ကို တတ်နိုင်ပေမဲ့၊ ဆေးရုံတက်ပြီး ကုသမှု ခံယူဖို့အထိ လိုအပ်နေတဲ့ လူနာတွေ အတွက်တော့ ငွေအင်အား မလုံ လောက်သေးဘူး”လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။
မေတ္တာမိုး အဖွဲ့ဟာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ရွှေဝါ၀င်း ဘုန်းတော်ကြီး ကျောင်းမတိုင်ခင်ကလည်း တွံတေးမြို့နယ် ရေတိမ်ကျေးရွာနဲ့ ဧရာဝတီတိုင်း မော်ကျွန်းမြို့တို့မှာလည်း သွားရောက် လုပ်ဆောင်ပေးခဲ့ ဖူးပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အခါ လူငယ်ပရဟိတ အဖွဲ့တွေ ကြုံ တွေ့ကြရလေ့ ရှိတဲ့အတိုင်း အခက်အခဲ တချို့နဲ့ ကြုံရပါတယ်။ မေတ္တာမိုး ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အဖွဲ့ဟာ ရွှေဝါ၀င်း ဘုန်းတော်ကြီး ကျောင်းမှာ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း သွားရောက် ကူညီပေးနိုင်ဖို့ အတွက် စနေနေ့ တွေမှာ လိုက်ပါ ကူညီပေးနိုင်မယ့် ဆရာဝန်တွေကို စုစည်း ရပါတယ်။
လက်ရှိမှာ လူနာ အယောက် ၁၅၀ ၀န်းကျင် ရှိတာကြောင့် အနည်းဆုံးကြည့်ရှု ပေးမယ့် ဆရာဝန် ၄၊ ၅ ယောက်ခန့် လိုအပ်တယ် လို့ ဆိုပါတယ်။ ပုံမှန်လိုက်ပြီး ကြည့်ရှုပေးနေကျ အမာခံဆရာဝန်တွေ ရှိတယ်လို့ ဆိုပေမဲ့လည်း အားလုံးက စေတနာ့ ၀န်ထမ်း အဖြစ် ကူညီ ပေးနေ ကြတဲ့ လူငယ်တွေ ဖြစ်တာမို့ သူတို့တွေ မအားလို့ မလိုက်ဖြစ်ဘူး ဆိုတဲ့ နေ့တွေလည်း ရှိတတ်ပါ တယ်။ ဆရာဝန် စုဆောင်းရတဲ့အခက်အခဲ တချို့ နဲ့ပတ်သက်ပြီး “တစ်ခါတလေ လိုက်ပြီး ကူညီပေးတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ အဲဒီဆရာ ၀န်တွေကိုလည်း ခေါ်ချင်ပါတယ်။ တောင်ဒဂုံကို သွားတဲ့ တက္ကစီက လူ ၅ ယောက်ပဲ ဆံ့တာ ဆိုတော့။ တစ်ခါတလေ ဆရာဝန်က ၇ ယောက်၊ ၈ ယောက် လောက် ဖြစ်နေတယ်။ တစ်ခါတလေ ကျတော့လည်း ဆရာဝန် ၅ ယောက်လောက် ရှိရမှာ။ ၂ ယောက် ၃ ယောက်တောင် မနည်းစုရ တယ်”လို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အစီအစဉ်ကို အဓိက တာဝန် ယူထားရသူ တစ်ယောက် ကြုံတွေ့ရတတ်တာတွေကို ကိုဝင်းနိုင်ဦးက ပြောပြပါတယ်။
ဆရာဝန်စုဆောင်းရတဲ့ အခက်အခဲတွေ ရှိ သလို လူနာတွေနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ လူနာတွေနဲ့ ပတ်သက်ပြီးကြုံတွေ့ရတတ်တဲ့ ပြဿနာကတော့ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အတွက် အလှည့်ကျ တိုကင်နံပါတ်တွေကို စနစ်တကျယူ မထားတာပဲ ဖြစ်ပါတယ်။ ကိုဝင်းနိုင်ဦးက လူနာ တွေနဲ့ ပတ်သက်ပြီး “မနက်ပိုင်းမှာ အလှည့်ကျ တဲ့သူတွေကို မနက်ပိုင်းမှာပဲ လာပြစေချင်တယ်။ မနက်က လူနာတွေက ညနေပိုင်း လာပြကြတော့ အချိန်က မှန်းထားတာထက် ပိုကြာပြီး ကျွန်တော်တို့လည်း အိမ်ပြန်ရတာတွေ ခက်ကုန်တယ်။ စနစ်တကျလေး ဖြစ်စေချင်တယ်။
တချို့ကလည်း အလကား ရတာဆိုတော့ တန်ဖိုး မထားတာလား မပြောတတ်ဘူး။ ကျွန်တော်ကတော့ စိတ်မပျက်ပါဘူး။ စနေနေ့လို နေ့မျိုးမှာ စိတ်ရှုပ်နေရပေမဲ့ တနင်္ဂနွေနေ့မှာ အားလုံး ပြီးသွားရင် အားလုံးမေ့ ပြီး စိတ်ထဲမှာလည်း ကျေနပ်မိတယ်”လို့ ဆိုပါတယ်။ နောက်ထပ် အခက်အခဲ တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းရဲ့ လက်ရှိ ငွေကြေး အခြေအနေကြောင့် အကူအညီ ပေးချင်သလောက် မပေးနိုင်တာပဲ ဖြစ်ပါတယ်။ ရောဂါ အခြေအနေပေါ် မူတည်ပြီး ပုံမှန် စွဲသောက် သွားသင့်တဲ့ ဆေးတွေ ရှိပါတယ်။ အဲဒီဆေးတွေကို သောက်ကို သောက်ရမယ့် အခြေအနေလည်း ဖြစ်တယ် ဆေးတွေကလည်း ဈေးကြီးတဲ့ အခါ ငွေကြေး အခက်အခဲကြောင့် အကူအညီ ပေးနိုင်ဖို့ အခက်အခဲ ဖြစ်ရပါတယ်။ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး စေတနာ့ဝန်ထမ်း အဖြစ် လာရောက် အကူအညီ ပေးကြတဲ့ ဆရာဝန်တွေ အားလုံး စုပေါင်း ထည့်ဝင်ထားတဲ့ ငွေတချို့ထဲကနေ ဆေးဖိုးရဲ့တစ်ဝက်ဖြစ်စေ၊ အပြည့်အ၀ဖြစ်စေ လစဉ် ကူညီ ပေးကြပါတယ်။
ဆေးရုံတက်ပြီး ဆေးကုသဖို့ လိုအပ်တဲ့ လူနာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး”ဆေးရုံ တင်မှရမယ့် အခြေအနေ ရှိတဲ့ လူနာတစ်ယောက် အတွက် ဆိုရင်တော့ တောင်ဒဂုံလို နေရာကနေ အနီးဆုံးက စံပြ ဆေးရုံပါပဲ။ ဆေးရုံ အထိ ရောက်အောင် သွားရင် ကုန်ကျမယ့် ကုန်ကျစရိတ်လောက်ကိုပဲ ကျွန်တော် တို့က ကူညီ ပေးနိုင်တာပါ။ ကျွန်တော်တို့ အကူအညီ ပေးနိုင်တယ် ဆိုတာကလည်း Budget ပေါ်မူတည်ပြီး ကူညီ ပေးနိုင်တာဆိုတော့ အတိုင်းအတာ တစ်ခုအထိပဲ ပေးနိုင်ပါတယ်။ ဆေးရုံ သွားဖို့ တချို့လည်း မတတ်နိုင်ကြဘူး။ ဆေးရုံက စတက်ပြီ ဆိုကတည်းကိုက ဆေးနဲ့ဆက်စပ်ပစ္စည်းတွေကို ၀ယ်ရ ပြီလေ။ အဲဒါတွေကို မတတ်နိုင်တဲ့ လူနာတွေကျတော့ ပြန်ဆင်းပြေးတာပေါ့။
အဲဒီလို ဆိုတော့လည်း ကျွန်တော်တို့အကူအညီ ပေးရတာ အလကား ဖြစ်သွား တာပေါ့။ ကျွန်တော် တို့ကတော့ ဆေးရုံ ပို့ပေးတဲ့ အထိပဲ သူတို့အခြေအနေကို သိရတာပါ။ ဆေးရုံပေါ် ရောက်ပြီး နောက်ပိုင်းကတော့ မသိရတော့ဘူး”လို့ ကိုဝင်းနိုင်ဦးက သူ့ရဲ့ အတွေ့အကြုံတွေကို ရှင်းပြပါတယ်။ ကိုဝင်းနိုင်ဦးရဲ့ ပြောပြချက် အရ လူနာတွေရဲ့ ဆေးရုံ ကြောက်ရတဲ့ အကြောင်းကိုလည်း သိခဲ့ရ ပါတယ်။“ကျွန်တော့် အတွေ့အကြုံ အရ အခြေခံ လူတန်းစား ပြည်သူတွေ၊ လူနာတွေပေါ့။ သူတို့က ဆေးရုံကို အရမ်းကြောက်တယ်။ တောင်ဒဂုံမှာ ဆေးကုရင်းနဲ့ပဲ ဆုံတဲ့ နှလုံးရောဂါသည် လူနာ တစ်ဦးဆိုရင် သူရဲ့အခြေအနေက တော်တော်ဆိုးတယ်။ ကျွန်တော်က သူ့ကို ဆေးရုံ တက်စေချင်တယ်။ ဆေးရုံသွားမှ ရမယ်။ ကျွန်တော် တတ်နိုင်သလောက် ကူညီပါမယ်လို့ ပြောတာကို သူက ဆရာရယ် ဆေးရုံ မတက်ပါရစေနဲ့။ ဆရာ ကုချင်သလို ကုပါ။ ကျွန်တော် သေသွားလည်း ဆရာ့ကို စိတ်မဆိုးပါဘူး။ ဆေးရုံ မသွားပါရစေနဲ့လို့ ပြောတာ။ သူ့စိတ်ထဲမှာ ဖြစ်နေတာက ဆေးရုံ သွားရ မှာကို သေရမှာထက် ကြောက်နေတာ”လို့ သူနဲ့ ဆုံခဲ့ရတဲ့ လူနာတစ်ဦး အကြောင်းကို စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။
ကျွန်တော်တို့လည်း ဆေးရုံကို လူနာရှင် အနေနဲ့ရော ဆရာဝန် အနေနဲ့ပါ သွားဖူးပါတယ်။ ဆေးရုံ ရောက်တာနဲ့ ဂိတ်ပေါက်ကနေ စပြီး ဟောက်တာပဲ။ ဆေးရုံကို ပထမဆုံး လာတဲ့သူအနေနဲ့ဆိုရင် မသိရင်တော့ မေးမှာပေါ့။ ဆေးရုံ ဆိုတာမျိုးက လူတိုင်း သွားနေကျ နေရာမျိုး မဟုတ်ဘူးလေ။ လူနာဖြစ်လာပြီ ဆိုကတည်းက သူ့မှာ ကြောက်စရာ အကြောင်းတွေ တစ်ပုံကြီးနဲ့လေ။ အဲဒီတော့လည်း ဆေးရုံ ကြောက်တာ သိပ်တော့ မဆန်းပါဘူး”လို့ သူ့ရဲ့ဆေးရုံနဲ့ လူနာအပေါ် ထင်မြင်ချက်တွေကို ထပ်မံဖြည့်စွက် ပြောပြခဲ့ပါတယ်။
အခု အချိန်အထိ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေ အဆင် ပြေနေတာဟာ ဂျုနီယာ မောင်နှမတွေကြောင့်လို့ ဆိုပါတယ်။ ဘတ်ဂျက်ကို လူနာတွေ အတွက် သုံးတဲ့အခါလျော့ မသွားရစေ အောင်လည်း သွားလာရေး ခရီး စရိတ်တွေကို တတ်နိုင်သလောက် လျှော့ချပြီး သွားလာ ကြပါ တယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အခါ အဖြစ် အများဆုံး ရောဂါတွေကတော့ သွေးတိုး၊ ဆီးချိုနဲ့ အရေပြား ကူးစက် ရောဂါတွေ ဖြစ်ပြီး၊ လေဖြတ် ဝေဒနာ ခံစား နေရတဲ့ လူနာ အများစုလည်း ပါဝင်တယ်လို့ သိရပါတယ်။ မေတ္တာမိုး အဖွဲ့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ လုပ်ငန်းတွေ အပြင် Health Education ပိုင်းကို လည်း ပေးနိုင်အောင် စီစဉ် နေပါတယ်။
Health Education အစီအစဉ် စတင်နိုင်ဖို့ ငွေကြေးနဲ့ လူ အင်အား လိုအပ်နေတာကြောင့် ၂၀၁၂ ဇန်န၀ါရီ လကတည်းက စတင်ဖို့ ကြိုးစား ခဲ့ပေမဲ့လည်း အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ Health Education ပေးချင်တဲ့ ရည်ရွယ်ချက်ကတော့ နာတာရှည် ရောဂါသည်တွေ အတွက် ဖြစ်ပါတယ်။ Health Education ပေးခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးအမြတ်တွေကတော့ မိသားစုတွေရဲ့ထွက်ငွေတွေ သိသိသာသာ လျော့သွားမှာ ဖြစ်ပြီး၊ ဆေးခန်းလည်း ခဏခဏ သွားစရာ မလိုတော့ဘဲ နေထိုင်၊ စားသောက်မှု ပုံစံမှန်လာပြီး၊ ကိုယ်ကိုယ်တိုင် ကျန်းမာရေးကို Control လုပ်နိုင် သွားတဲ့အခါ သိပ်ပြင်းထန်တဲ့ ရောဂါမျိုး မဟုတ်ရင် ဆရာဝန်နဲ့ဆေးမရှိလည်း ဖြစ်တဲ့ အခြေအနေကို ရရှိနိုင်မှာပါ။
အဲဒီလို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရှိသွားတဲ့ အခါ သွေးတိုး၊ ဆီးချိုလို ရောဂါမျိုးတွေလည်း အဖြစ် နည်းသွားနိုင် ပါတယ်။ Health Education ပေးချင်တာက ကျွန်တော်တို့ ဆေးကုသတဲ့ အခါ လူနာတွေ သိပ် များနေရင် သေချာ ရှင်းပြနေရင်းနဲ့ ကျန်သွားတာ တွေ ရှိနိုင်တယ်။ သွေးတိုး ရောဂါရှိတဲ့ လူနာမျိုး ဆိုရင် ပေးထားတဲ့ ဆေးကလည်း ရှိတော့ အငန် လေးစားလိုက်၊ ဆေးလေး သောက်လိုက်နဲ့ဆိုတော့ ရုတ်တရက် လေဖြတ် သွားနိုင်တယ်။ အဲဒီလို သူတို့အရင် သိထားတဲ့ အတွေးအမြင် မှားတွေ ရှင်းသွားအောင် လုပ်ပေးချင်တာပါ”လို့ ကိုဝင်း နိုင်ဦးက Health Education ပေးချင်တဲ့အကြောင်း နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
မေတ္တာမိုး မြန်မာ ပရဟိတ လူငယ်အဖွဲ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအပြင်ပညာ ရေးActivity တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုဝေလင်းအောင်က ဆက်လက် ရှင်းပြပေးခဲ့ပါ တယ်။ “ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကရည်ရွယ် ချက်က အနာဂတ်မှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ Change Agent တွေအဖြစ် လုပ်ဆောင်ချင် တယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေပေါ့ ဖွံ့ဖြိုးရေး ကို ပိုပြီး စိတ်ဝင်စား လာစေချင်တယ်။ ဘယ်လိုDevelopment မျိုးလဲဆိုရင် ညီမျှမှု ရှိရမယ်၊ ရေရှည်တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးရေးမျိုးလည်း ဖြစ်ရမယ်။
အဲဒီလို လုပ်တဲ့ အခါမှာလည်း လူငယ်တွေ ကို အဓိကထားမယ်။ ဒါကျွန်တော်တို့ရဲ့ အနာဂတ် ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ အဓိက လုပ်နေတဲ့ အပိုင်းနှစ်ပိုင်း ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ လုပ်ငန်းနဲ့ပညာရေးပေါ့။ ပညာရေးမှာ ဆိုရင် Capacity Building နဲ Psychosocial Support ဆိုပြီး နှစ်ခု ထပ်ခွဲထားပါတယ်။ နောက်ထပ် Community Mobilize လုပ်ပေးတာလည်း ရှိပါတယ်။ Community Mobilize ကိုတော့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖူးတဲ့ နေရာတွေမှာပဲ လုပ်တာ များပါတယ်။ ဒါမှလည်း အဲဒီဒေသမှာ ရှိတဲ့ သူတွေနဲ့ ရင်းနှီးပြီးသားလည်း ဖြစ်တယ်။ သူတို့လည်း ကျွန်တော်တို့အပေါ်ယုံကြည်ပြီးသားဖြစ် တယ်”လို့ဆိုပါတယ်။
Community Mobilize လုပ်တယ် ဆိုတာကတော့ ရပ်ရွာမှာ ရှိတဲ့သူတွေနဲ့ ဆွေးနွေးပြီး ရပ်ရွာမှာ အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင် ဖော်ထုတ် တတ်လာစေပြီး၊ အဲဒီလို လိုအပ်ချက်တွေကို သိလာတဲ့အခါ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း တဖြည်းဖြည်း လုပ်ဆောင် လာနိုင်အောင် ကူညီ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ မေတ္တာမိုး မြန်မာ အဖွဲ့ကို ပြင်ပက စိတ်ဝင်စားလို့ ဆက်သွယ်လာတဲ့ အဖွဲ့အစည်းတွေက Capacity Building ပေးဖို့ တောင်းဆိုလာတဲ့ အခါမှာလည်း သင်တန်းတွေ ပေးပါတယ်။ Capacity Building ပေးတဲ့အခါ Leadership (ခေါင်းဆောင်မှု စွမ်းရည်)၊ Team Building, Problem Solving? Negotiation Skills နဲ့ Proposal Writing တို့ကို သင်ကြား ပေးပါတယ်။
အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့အခါ ကိုယ်ခန္ဓာပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုလည်း အကူအညီ ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အတွက် ကိုတော့ Counselling Services တွေပေးပါတယ်။ မေတ္တာမိုး အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ အရင်ကလည်း စေတနာ့ ၀န်ထမ်းအဖြစ် လုပ်ကိုင် ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ကွမ်းခြံကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ရွာတစ်ရွာမှာလည်း မူလတန်းလွန် ကျောင်းတစ်ခု စတင် တည်ထောင်နိုင်အောင် လုပ်ဆောင်ခဲ့ပါ သေးတယ်။
“နာဂစ် အပြီးမှာ Burmese Medical Association of Australia (BMAA) အဖွဲ့နဲ့အတူ ကွမ်းခြံကုန်းမြို့နယ်က ရွာတစ်ရွာကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့သွားတယ်။ အဲဒီလိုသွား ရင်းနဲ Community Mobilize လုပ်ပါတယ်။ ရွာက လူတွေနဲ့ စကား ပြောဖြစ်တယ်။ အဲဒီရွာက သွားလာရေး လုံးဝ အဆင်မပြေဘူး။ ရွာမှာ ကုန်းလမ်းခရီးက လုံးဝ မပေါက်ဘူး။ ရေလမ်း တစ်ခုပဲ ရှိတယ်။ ရေလမ်းကလည်း ရေအတက်အကျ ရှိတော့သွားလာ ရေးကခက်ခဲတယ်။ အရေးပေါ် အခြေအနေ ကြုံတွေ့ရတဲ့ လူနာတွေ ဆိုရင် အနီးဆုံး ကျန်းမာရေး ဒေသန္တရဌာနကိုတောင် အချိန်မီ မသွားနိုင်ပါဘူး။
သူတို့ကတော့ လမ်းပန်း ဆက်သွယ်ရေးကို အဓိက ထားတာပေါ့။ လမ်းပန်းဆက် သွယ်ရေးကတော့ သိန်းရာနဲ့ချီပြီး ကုန်ကျမှာဆို တော့ ကျွန်တော်တို့လည်း မတတ်နိုင်ပါဘူး။ နောက်တစ်ချက်ကတော့ အဲဒီရွာမှာ မူလတန်း ကျောင်းပဲ ရှိတယ်။ ကျောင်းသူကျောင်းသားတွေ ရဲ့ ငါးရာခိုင်နှုန်းလောက်ပဲ ကွမ်းခြံကုန်းမြို့နယ်ကို သွားပြီး အလယ်တန်း အဆင့်ပညာကို ဆက်လက် သင်ယူနိုင်ပါတယ်။ အများစုကတော့ ကျောင်း လုံးဝ ဆက်မတက်ကြတော့ လေးတန်းမှာပဲ အများစုက ပြီးသွားတယ်။ အများစုကလည်း ကျောင်းစာ ဆက်သင်ကြတဲ့ ရည်ရွယ်ချက် ရှိကြတယ်။ အဲဒါကြောင့် ကျောင်းထိုင် ဆရာတော် ရယ်၊ ကျောင်းအုပ် ဆရာမကြီးနဲ့ ဆရာမတွေရယ်၊ ကျွန်တော်တို့တွေရယ် တိုင်ပင်ကြပြီး ပထမ ခြေလှမ်း အနေနဲ့ ဒီကျောင်းလေးကို လုပ်ဖြစ်သွားတာပါ”လို့ ကိုဝေလင်းအောင် ဆိုပါတယ်။
မေတ္တာမိုး အဖွဲ့ အနေနဲ့ အဲဒီရွာမှာ အစိုးရ မူလတန်း လွန်ကျောင်း လိုင်စင် လျှောက်ထားစဉ် အတွင်း ၃နှစ်တာ ပညာသင်နှစ် အတွက်လည်း ငွေကြေး အပြင် ကျောင်းသုံး ပစ္စည်းများကိုလည်း အကူအညီ ပေးခဲ့ပါသေးတယ်။ မူလတန်းလွန် ကျောင်းအဖြစ် မဖွင့်လှစ်နိုင်ခင်မှာတော့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအဖြစ် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်ကနေ စပြီး အလယ်တန်း အဆင့်ပညာ (အတန်းပညာ)ကို သင်ယူနိုင်အောင် ၀ိုင်းဝန်း ကြိုးစားခဲ့ကြပါတယ်။ ပထမ စာသင်နှစ် အဖြစ် စတင်ချိန်မှာ ပဉ္စမတန်းမှာ တက်ရောက် သင်ကြားသူ ကျောင်းသား/သူ ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။
ပဉ္စမတန်းကို သင်ကြားပေးဖို့ အတွက် ဆရာမကိုတော့ ကွမ်းခြံ ကုန်းမြို့နယ် မန်ကျည်းကန်ရွာကခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ စာသင်ပေးတဲ့ ဆရာမတွေအတွက် လစာကို တစ်လငါးသောင်းကျပ် သတ်မှတ်ပြီး၊ အစိုးရ၀န်ထမ်းများ အတိုင်း ကျောင်းပိတ်ချိန်များ အတွက်ပါ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ မေတ္တာမိုးအဖွဲ့နဲ့အတူ တစ်ဦးချင်း စေတနာရှင်များ သာမက အဖွဲ့အစည်းတွေကလည်း အကူအညီ ပေးကြပါတယ်။ “ကျွန်တော်တို့ ဘာလို့ ၃ နှစ် ပရောဂျက် လုပ်ဖြစ်တာလဲ ဆိုတော့ ၃ နှစ်ပြည့်တာနဲ့ အစိုးရက မူလတန်းလွန်ကျောင်း ချပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် အစိုးရ၀န်ထမ်း ဆရာတွေ လွှတ်ပေးပါမယ်။ အခုကျွန်တော်တို့ ဆရာတွေ အတွက် ပေးရတဲ့လစာစရိတ်သက်သာ သွားပါမယ်။ အဲဒါကြောင့် ၃ နှစ်ကို ကျွန်တော်တို့ မရမက အကူအညီ ပေးခဲ့ပါတယ်။ စုစုပေါင်း ၃ နှစ်ပရောဂျက်အတွက် ၃၆ သိန်းကုန်ပါတယ်။ ကျောင်းသားတွေဆီက တစ်နှစ်လုံးစာ အတွက် ကျောင်းလခ ၂ သောင်းကောက်ပါတယ်။
ကျွန်တော်တို့က ကျောင်းနဲ့ပတ်သက်ပြီး ဘာကိုမှ ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ပါဘူး။ ရွာကပဲ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့ က အဓိက ကျတဲ့ ကနဦးငွေကို ချပေးရုံသက် သက်ပါပဲ။ တစ်နှစ်ပြီး တစ်နှစ် အတန်းတွေ တိုး လာတော့ ဆရာမ အရေအတွက်လည်း တိုးလာ တာပေါ့။ ပထမနှစ် အတွက် ၆ သိန်း၊ ဒုတိယနှစ် အတွက် ၁၂ သိန်းနဲ့ တတိယနှစ် အတွက် ၁၈ သိန်း ကျသွားပါတယ်။ နောက်ဆုံး တတိယနှစ် အတွက် ၁၈သိန်းတော့ မပေးနိုင်တော့ပါဘူး။ ဒီနှစ်အတွက် တစ်ဦးချင်း အလှူရှင်တွေ ပါဝင်တာ ရှိတယ်။ ကျွန်တော်တို့က ၁၀ သိန်းပေးတယ်၊ ရွာက ၅ သိန်း စိုက်တယ်။
အဲဒီ ကျောင်းလေးက နာဂစ်ဝင်ပြီး သွားသွားချင်းမှာ ဘာမှရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့ သက်ကယ်မိုးတွေ၊ ထရံတွေ နဲ့ ကြမ်းခင်းတွေကို နည်းနည်းစီ ပြင်ရတယ်။ ပထမ စတဲ့ နှစ်မှာတော့ တော်တော်လေး ခက်ခဲပါ တယ်။ နောက်နှစ်တွေကျတော့ ဘယ်လို ဖြေရှင်းရမယ် ဆိုတာတွေလည်း သိလာတာပေါ့။ ကျောင်း သားမိဘတွေက တစ်နှစ်လုံးစာ ကျောင်းလခ ၂ သောင်းပဲ ပေးနိုင်တာ။ ဗလာ စာအုပ်နဲ့ ကျောင်း သုံးပစ္စည်းတွေ၊ ဖတ်စာအုပ်တွေ မရှိဘူး။ ပထမ နှစ်မှာတက်ခဲ့တဲ့ ပဉ္စမတန်း ကျောင်းသား အားလုံး စာမေးပွဲအောင်တယ်။ ဆဋ္ဌမတန်းကိုတော့ ကျောင်းသားတစ်ယောက်က ကျောင်းလခ မပေး နိုင်တော့လို့ ၁၇ ယောက်ပဲ တက်နိုင်တော့တယ်။ ဒုတိယနှစ်မှာ ပဉ္စမတန်းကိုအသစ် တက်လာတဲ့ သူအယောက် ၂၀ ကျော်သွားတယ်။ BMAA ဒေါက်တာ သန္တာဝင်းရဲ့အမေကလည်း ကျွန်တော် တို့ကို တော်တော်လေး ကူညီပေးပါတယ်”လို့ ဒေါက်တာဝေလင်းအောင်က သူ တာဝန် ယူရတဲ့ ကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
ကွမ်းခြံကုန်းမြို့နယ် မူလတန်းလွန်ကျောင်း လျှောက်ထားစဉ် အတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၃ နှစ် ပရောဂျက်ဟာ မေတ္တာမိုး မြန်မာ အဖွဲ့ရဲ့ ပညာရေးဆိုင်ရာ ဒုတိယ Activity တစ်ခု ဖြစ်ပါတယ်။ ပထမဆုံး ပညာရေး လှုပ်ရှားမှုကတော့ ကျောက်တန်းမြို့နယ် ဇမ္ဗူဦးသျှောင် သီလရှင် စာသင်ကျောင်းမှာ စာသင် ကြားပေးတဲ့ ဆရာတွေအတွက် လစာစရိတ်နဲ့ ၂ ထပ် စာသင်ကျောင်းတို့ကို ဆောက်လုပ် လှူ ဒါန်းခဲ့တာ ဖြစ်ပါတယ်။ Psychosocial Suppport ကိုတော့ နေရာ အခက်အခဲကြောင့် သီးသန့်မလုပ် ဆောင် ဖြစ်တော့ပေမယ့်၊ Capacity Building သင်တန်းများကိုတော့ စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ လုပ်ဆောင်ပေးလျက် ရှိပါတယ်။ မေတ္တာမိုး မြန်မာ အဖွဲ့ဟာ ပညာရေးနဲ့ပတ်သက်ပြီး အခုလိုပဲ အလယ်တန်း အဆင့် ပညာ သင်ယူဖို့ အခက်အခဲရှိတဲ့ နေရာတွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့ရှိ တယ်လို့ ဆိုပါတယ်။ မေတ္တာမိုး မြန်မာ အဖွဲ့ကို စိတ်ဝင်စားလို့ ဆက်သွယ်ချင်သူများ အနေနဲ့ ဖုန်း-၀၉ ၅၁၀ ၃၃၄၂ (ကိုဝင်းနိုင်ဦး) နဲ့ ၀၉၇၃၀ ၅၁၃၈၈(ကိုဝေလင်းအောင်)သို့ ဆက်သွယ်နိုင် ပါတယ်။ မေတ္တာမိုးမြန်မာအဖွဲ့ရဲ့ ရည်ရွယ်ချက် အတိုင်း လူငယ်တွေရဲ့ပူးပေါင်းစွမ်းအားနဲ့ တိုင်း ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို ဆောင် ရွက်နိုင်တဲ့ လူငယ်များ များစွာပေါ်ပေါက်လာ နိုင်ပါစေ...။
ခင်ဆုမြတ်ထွန်း (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
ခင်ဆုမြတ်ထွန်း |
| About the author: |
| | |