(June-2012)Message to teen PDF Print E-mail
Written by အယ်ဒီတာ   
Friday, 15 June 2012 16:28
Share |

ကျမ်းကျိန်လွှာ ဆိုတာကို သာမန် ကတိက၀တ် တစ်ခုထက် ပိုပြီး အလေးအနက် ထားတတ်ကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။

argaiv1027
argaiv1010

တကယ်တော့ ကျမ်းကျိန်တယ် ဆိုတဲ့ စကားလုံးဟာ ရုံးသုံး ဖြစ်သလို သာမန်လူတွေ အနေနဲ့ လုပ်ရဖို့ အခွင့်အလမ်း နည်းပါးတဲ့ အလုပ်မျိုးလည်း ဖြစ်ပါတယ်။ တရားရုံးလို နေရာမျိုးကို ရောက်ရပါမှ ကျမ်းကျိန် ဆိုရတာမျိုးပါ။ ဒါပေမဲ့ အရပ်ထဲမှာလည်း ကတိ က၀တ် ဆိုတာမျိုးကတော့ လုပ်ရလေ့ ထုံးစံ ရှိပါတယ်။ ကျမ်းကျိန်တယ် ဆိုတာ သာမန်လူတွေ လုပ်တဲ့ ကတိက၀တ် ပြုတာ၊ မှန်ကန်ကြောင်း သစ္စာ ဆိုတာမျိုးကို နတ်သိကြားလို၊ ကမ္ဘာ မြေကြီးလို မြင့်မြတ် တည်ကြည်သူတွေကို သက်သေ တည်ပြီး ပြောဆိုတာပဲလို့ ဆိုရမှာပါ။

ကျိန်ဆိုရတာမျိုး ဖြစ်ပေမဲ့ အခြေခံထား တာကတော့ ကျိန်ဆိုသူရဲ့ ရိုးသား ဖြောင့်မတ်မှု၊ သစ္စာရှိ တည်ကြည်မှုပဲ ဖြစ်ပါတယ်။ ကျိန်ဆိုသူဟာ ကျမ်းပါစာသား အတိုင်း ကတိက၀တ်ကို မတည်ဘဲ ဖောက်ဖျက်ရင် ကျမ်းစူးတယ် ဆိုတာမျိုး သုံးတတ်ကြပေမဲ့  အဓိကကတော့ ကိုင်ဆို ကျိန်တွယ်ခဲ့တဲ့ ကျမ်းက ကျိန်ဆိုခဲ့သူကို မျက်မြင်ဒုက္ခ ပေးတာမျိုး မဟုတ်ဘဲ ကျိန်ဆိုခဲ့ သူရဲ့ ကတိသစ္စာရှိမှုနဲ့ ရိုးသားမှု အရာ ချို့ယွင်း ပျက်ပြားသွားတာကြောင့်ပဲ ကျိန်ဆိုခဲ့ သူရဲ့ ဂုဏ်သိန်သရေ ပျက်ယွင်းတာမျိုးကို ဆိုလိုပါတယ်။

ကျမ်းကျိန်မှုတွေကို အများအားဖြင့်တော့ ဘာသာရေးအပြုအမူအနေနဲ့ လုပ်ကြတာများ ပါတယ်။ ကျမ်းကျိန်မှုတိုင်းမှာ အလေးအမြတ် ထားရသူ တစ်ဦးဦးကိုဖြစ်စေ၊ အလေးအမြတ် ထားစရာ အရာဝတ္ထု တစ်ခုကိုဖြစ်စေ ထိတွေ့ကိုင်တည် သက်သေ တည်ပြီးကာမှ အာမခံရမယ့် ကတိက၀တ်ကို ကျိန်ဆို ပြောကြားရတာ ဖြစ်ပါ တယ်။ အမေရိကလို နိုင်ငံမျိုးမှာတော့ ဘယ်ဘက် လက်က သမ္မာကျမ်းစာ စာအုပ်ကို လက်နဲ့ထိကိုင် ထားပြီး ညာဘက်လက်ကို မြှောက်ကာ ကျမ်းကျိန်လွှာ ရွတ်ဆိုရပါတယ်။ တချို့နိုင်ငံတွေမှာ တော့ ညာလက်က သမ္မာ ကျမ်းစာကို လက်နဲ့ ထိကိုင် ထားရတာပါ။ ဒါဟာ ဘာသာရေး အခမ်းအနား မျိုးတွေမှာသာ မကဘဲ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲလို တရားရုံးနဲ့ အဆင့်မြင့်ရုံးတော် ဆိုင်ရာ ကိစ္စမျိုးတွေမှာပါ သမ္မာ ကျမ်းစာကို သက်သေအဖြစ် အသုံးပြုပြီး ကျိန်ဆိုကြလေ့ ရှိ တာပါ။

တကယ်လည်း ကျမ်းကျိန်တယ်ဆိုတာ ဘာသာရေးအလေ့အထကနေ ဆင်းသက် လာလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းကျိန်မှုကို ဘာသာ ရေးအပြုအမူအဖြစ်သာ တချို့က သဘောထား ကြပြီး ကျမ်းကျိန်လွှာ မှန်ရင်လည်း ဘာသာရေး ဆိုင်ရာ ကတိက၀တ်လို့ပဲ သဘောထားကြပါ တယ်။ တကယ်တော့ Oath ခေါ်တဲ့ ကျမ်းကျိန် လွှာဆိုတာ ဆေးပညာရှင်တွေအတွက် ကျင့်ဝတ် ဖြစ်တဲ့ Hippocratic Oath  လို၊ တပ်မတော်သား တွေအတွက် ကျင့်ဝတ်တစ်မျိုးဖြစ်တဲ့ Hittite Military Oath  လို၊ နိုင်ငံသားတွေ အတွက်  Oath of  Citizenship  လို၊ နိုင်ငံသား ပြောင်းလဲခံယူ သူတွေအတွက် Oath of Allegiance  လို၊ ရုံးတော် လွှတ်တော်များအတွင်း ၀င်ရောက် တာဝန်ယူသူ တွေအတွက် ကျင့်ဝတ် တစ်မျိုးဖြစ်တဲ့ Oath of Office လို ကျမ်းကျိန်လွှာတွေ အမျိုးမျိုးရှိပါ တယ်။

ဘာသာရေးကျမ်းကျိန်လွှာတွေမှာတော့ ကျမ်းသစ္စာကျိန်ဆိုမှုကို ကိုယ့်အသက်၊ ကိုယ့် ဘ၀ထက် ပိုပြီး အလေးထားရတာမျိုးတွေ ရှိပါ တယ်။ ဥပမာ-အစ္စလာမ်ဘာသာမှာပေါ့။ ဂရိ-ရောမခေတ်မှာတော့ ကျမ်းကျိန်လွှာကို ဂျူပီတာ ကျောင်းတော်ထဲက ဂျူပီတာကျောက်တုံးကို ကိုင်ပြီး ကျိန်ဆိုရကာ ဘာသာရေး၊ စာရိတ္တရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကို အဲဒီကျမ်း ကျိန်လွှာနဲ့ စုစည်းချိတ်ဆက်ထားတာပါ။ ဒါ ကြောင့် ဒီကျမ်းကျိန်မှုကို ပြုနိုင်ဖို့ အခြေခံတဲ့အရာ ကတော့ တရားမဥပဒေ၊ ရာဇ၀တ်ဥပဒေနဲ့ နိုင်ငံ တကာဥပဒေတွေပဲ ဖြစ်ပါတယ်။ ဂျူးဘာသာ ၀င်တွေအဖို့လည်း ကျမ်းကျိန်လွှာဓလေ့ဟာ အလွန်ကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေတဲ့ ဓလေ့ပါ။

သူတို့ကလည်း ခရစ်ယာန်တွေလိုပဲ ကျမ်းစာအုပ်ကို လက်တစ်ဖက်က ကိုင်ပြီး သက်သေထား ကျမ်းကျိန်ကြရပါတယ်။ ခရစ်ယာန် ဘာသာဝင်တွေမှာတော့ ကျမ်းကျိန်မှုကို မပြုနိုင်လို့ ငြင်းဆိုတဲ့ Quaker  နဲ့ Mennonite  အုပ်စုတွေ ရှိနေပြီး သမိုင်း တစ်လျှောက်မှာ တရားရုံး ဆိုင်ရာ အငြင်းပွားမှုနဲ့ အရေးယူမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေ့ အချိန်အခါမှာတော့ ဗြိတိန်မှာ ကျမ်းကျိန်လွှာ အစား ခိုင်မာတဲ့ ကတိက၀တ် ပြုမှု ဆိုတာကို အစားထိုး လုပ်ဆောင်ခွင့် ပေးထား ရပြီ ဖြစ်ပါတယ်။ အမေရိက နိုင်ငံမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာကို ခိုင်မာတဲ့ ကတိက၀တ် ပြုမှုကို လုပ်ပိုင်ခွင့် ရှိတယ်လို့ ထည့်သွင်း ပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ တော့ သမ္မတ Franklin Pierce  သူ့ရဲ့သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ကျမ်းမကျိန်ဘဲ ခိုင်မာတဲ့ ကတိက၀တ်ပြုမှု Affirmation   ကို ဆောင်ရွက် ခဲ့ပါတယ်။

တရားရုံးဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုမှုတွေမှာ ဘာသာရေး ဆိုင်ရာ အရာဝတ္ထု ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီး ကျိန်ဆိုတာမျိုး မလုပ်ကြဘဲ ဥပဒေ စာအုပ်မျိုးကို ကိုင်တွယ် ကျိန်ဆိုခိုင်းတာမျိုးတွေ သာ ရှိတတ်ကြပါတယ်။ သက်သေအရာ အဖြစ် လည်း နတ်သိကြားများဆိုတာထက် ကမ္ဘာမြေ ကြီးကိုဖြစ်စေ၊ မွေးသမိခင်ကို ဖြစ်စေ တိုင်တည် သက်သေတည်ကာ ကျိန်ဆိုခိုင်းတာမျိုး ရှိတတ် ကြပါတယ်။ တကယ်တော့ ကျမ်းသစ္စာ ကျိန်ဆို မှုအားလုံးဟာ လူတစ်ယောက်ရဲ့ ရိုးသား ဖြောင့်မတ်မှု၊ တည်ကြည် သစ္စာ ရှိမှုတွေကို ပိုပြီး ခိုင်မာသွားအောင်၊ အတည်တကျ အတိအလင်း ဖြစ် သွားအောင်နဲ့ အများကပါ အဲဒီ အချက်ကို လက်ခံ သဘော တူသွားအောင် ကြိုးပမ်းမှုသာ ဖြစ်ပါ တယ်။ ကျမ်းစူးမစူး ဆိုတာထက် ကိုယ့် သစ္စာခိုင် ကြည်မှု ရှိ မရှိနဲ့ ရိုးသားမှု ရှိ မရှိဆိုတဲ့အချက်ကပဲ အရေးပါနေဆဲပါ။

တကယ်တော့ အဆင့်မြင့်တာဝန်ကို ထမ်းရ သူဖြစ်ဖြစ်၊ ဘယ်လိုတာဝန်မျိုးကို ထမ်းရသူပဲ ဖြစ်ဖြစ် အရေးကြီးတာက ကျမ်းသစ္စာ ကျိန်ဆိုမှု ဆိုတာထက် ကိုယ် ထမ်းဆောင်ရမယ့် တာဝန် ၀တ္တရားနဲ့ ကိုယ် ကိုယ်စားပြုရမယ့် လူထုနဲ့နေရာ ဒေသစတာတွေ အပေါ် အရိုးသားဆုံးနဲ့ သစ္စာအရှိ ဆုံး ကျေပွန် ထမ်းဆောင်ဖို့ကပဲ ပိုအရေးကြီး ပါတယ်။ ဖူးငုံတို့ အနေနဲ့လည်း နိုင်ငံသား တစ် ယောက်ရဲ့ ထမ်းဆောင် သင့်တဲ့ တာဝန်ကို ကျရာ နေရာ၊ ကြုံရာ ဇာတ်ရုပ်များကနေ အကောင်းဆုံး၊ အရိုးသားဆုံးနဲ့ သစ္စာ အရှိဆုံး ထမ်းဆောင်ကြခြင်း အားဖြင့် နိုင်ငံသား သစ္စာကို အစွမ်းကုန် ကျိန်ဆို နိုင်ကြပါစေကြောင်း အသိ ပေးလိုက်ရပါတယ်။

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)