ချစ်ခြင်းတရားက စကားတွေ အများကြီး ပြောတယ်မောင် PDF Print E-mail
Written by အဲလိုထူး   
Wednesday, 13 June 2012 15:37
Share |

မောင်၊ တခြား ယောက်ျားအကြောင်း ပြောလို့ ရွှေစိတ်တော် မညှိုးလိုက်ပါနဲ့။ အကြောင်း တိုက်ဆိုင်လို့ မောင့်ကို ဥပမာ ပေးပြောတာပါ။

generic tadalafilcialis cialis buy cheap viagra online cialis black
argaiv1166

ခံယူချက်၊ ခံစားချက် ဆိုတာ မရှိမဖြစ် အရာ မောင်ရဲ့။ ကျွန်မ အွန်လိုင်း ကဗျာ တစ်ပုဒ် ဖတ်လိုက်ရတယ်။ အစအဆုံး ရွတ်ပြနေရင် မောင်နားထောင်ရတာ ပင်ပန်းမှာ စိုးလို့။ ရေးတဲ့လူက မောင်တို့ ကျွန်မတို့လို လူငယ်ထဲကပဲ။ ကြည့်စမ်းပါဦး မောင်ရယ်။ သူ့မျှော်လင့်ချက်ကို-

သိန်းတစ်ထောင်ထီလည်း မပေါက်ချင်ဘူး။ ...လောက်လည်း မချမ်းသာချင်ဘူး ဘုရားသခင်.. ထူးအိမ်သင်နဲ့ တာရာမင်းဝေကို မြန်မာပြည်ထဲ ပြန်ပို့ပေးပါ။ တဲ့

ကျွန်မလေ ကွန်ပျူတာ စခရင်ကိုကြည့်ရင် ကြက်သေ သေနေမိတယ်။ မောင်ကတော့ ပြောမှာပေါ့။ တော်တော် ပိုတဲ့မိန်းမလို့။ မဟုတ်ဘူးမောင်။ လူဆိုတာ ရည်မှန်းချက်၊ ရည်ရွယ်ချက် ဆိုတာတော့ သတ်သတ်မှတ်မှတ် ရှိထားသင့်တာပေါ့။ အဖေ ချမှတ်ပေးလိုက်တဲ့ လမ်းကြောင်းကြီးက ဖြူးလို့ ဘယ်လို အလှည့် အပြောင်းနဲ့မှ လိမ့်ကျစရာ အကြောင်း မရှိဘူးလို့တော့ မပြောနဲ့မောင်။ ကိုယ်ရည်ကိုယ်သွေး နုံ့နည်းရာကျပါတယ်။ လုပ်စမ်းပါ မောင်ရဲ့။ မောင့်မှာ အရည်အသွေးတွေ ရှိပါတယ်။ ညှစ်ထုတ်လိုက်စမ်းပါ။ ကြိုးစား ချင်စိတ်မွေးမှ ကြိုးစားဖြစ်တော့မှာပေါ့ မောင်ရာ။ မောင့်ကြည့်ရတာ အားမရဘူး။ ရေသာခိုနေတယ်။ ပြောမထွက်လို့။


မောင်၊ မောင် အခုချိန်မှာ မတောင့်မတ မကြောင့်မကြနဲ့ ခြေလှမ်းတွေ ရှေ့ဆက်နေတာ မောင့်အစွမ်းအစကြောင့် မဟုတ်ဘူးဆိုတာ နားလည်ရင် ပြင်သင့်ပြီ။ မောင့်ဖေဖေရဲ့ လက်တံ အရှိန်ရယ်။ မောင့်မေမေရဲ့ အသိုင်းအ၀ိုင်း ကြီးကျယ်တဲ့ အင်အားရဲ့  ထောက်ကန် ပေးထားလို့ မောင်ဒီလောက် လမ်းလျှောက်လို့ ရနေတာ။  ဒါချစ်သူချင်း တိုက်ခိုက်တာ မဟုတ်ဘူးနော်။ ကျွန်မကိုယ်၌က ဘာကောင်မလဲ ဆိုတော့ ဘာကောင်မမှ မဟုတ်ဘူးပေါ့။ ကုမ္မဏီ တစ်ခုရဲ့ စာရေးမ တစ်ယောက်ပဲ ပြောပါတော့။ ဒါပေမဲ့ ကျွန်မ ဦးနှောက်ကို ဖြန့်ကြက် ထားတယ်မောင်။ ကျွန်မရဲ့တိုးတက်ရာ တိုးတက်ကြောင်း နောက်ထပ်တွေ့ရင် ကျွန်မ လှမ်းဆွဲဦးမှာပဲ။ အဲဒီအတွက် ကျွန်မ လေ့လာအားကို အမြဲတမ်း တံခါး ဖွင့်ထားတယ်။

ဆိုလိုတာက မောင်ရယ်။ မောင့်ဦးနှောက်၊ မောင့်စွမ်းရည်နဲ့ အရောင်းအ၀ယ် ကလေးတစ်ခုလောက် စမ်းလုပ်ကြည့်ပါလား။  မောင့်ကိုယ်ပိုင်ကို ပြောတာပါ။ မောင်တတ်စွမ်းနိုင်တဲ့ အရင်းအနှီးကလေးနဲ့။ ကျွန်မမောင့်ရဲ့ မာကင်တင် စာရေးမ အဖြစ် မောင့်ဦးဆောင်မှု နောက်က လစာ မယူဘဲ လိုက်ပေးမယ်လေ။ ကျွန်မနဲ့ မောင်စတင် တည်ထောင်ခဲ့တဲ့ စီးပွားရေးလေးပေါ့ မောင်ရဲ့။ အဲဒီ စီးပွားရေးကလေး အောင်မြင်မှုက ကျွန်မနဲ့ မောင်ရဲ့ အောင်မြင်မှုနော်။ ဘယ်သူ့ အထောက်အပံ့၊ ဘယ်သူ အကူအညီမှ မပါဘူးလို့ လက်မထောင်လို့ ရပါတယ်။

မောင်ရယ်၊ မောင့်ဘ၀လမ်းက အားရ ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မ ဘ၀လမ်းကတော့ ခက်ခဲကြမ်းတမ်းပါ့။ (ဒါနဲ့များ မောင်ကျွန်မကို ချစ်ရတယ်လို့) အချိန်တန် အရွယ်ကျလာတဲ့ တစ်နေ့မှာတော့ ကျွန်မ သူများ ၀န်ထမ်း ဘယ်တော့မှ မလုပ်ဘူးလို့ မှတ်ချက် ရေးထားတယ် မောင်၊ (မောင့်ရဲ့ကိစ္စအ၀၀ကို တာဝန် ယူရတဲ့ ၀န်ထမ်းမျိုးကတော့ ခြွင်းချက်ပေါ့)၊ တိုက်ဆိုင်လို့ ပြောရဦးမယ် မောင်။ ဟိုတစ်နေ့က ဂျာနယ် တစ်စောင်မှာ လူရွှင်တော် သရုပ်ဆောင်တစ်ယောက် ဘာပြောလဲ ဆိုတော့။

“ကျွန်တော့်အမေက ကျွန်တော်ငယ်ငယ်တုန်းမှာ ပြောတယ်။ ပညာမ တတ်ရင် သူများ ၀န်ထမ်း လုပ်ရလိမ့်မယ် ငါ့သားတဲ့။ ကျွန်တော်လည်း စိတ်ထဲမှာ အလိုလို ပေါ်တာ ပြန်ပြောမိတယ်။ အမေလည်း ပညာတတ် ဖြစ်ပြီး အစိုးရ ၀န်ထမ်း လုပ်နေတာပဲ မဟုတ်လား”လို့။

ကျွန်မ မိဘနှစ်ပါးလည်း အစိုးရ ၀န်ထမ်းတွေပါပဲ မောင်ရယ်။ မောင် သိပါတယ်။ ဘယ်မှာ ဖြစ်ထွန်းလို့လဲ။ မိဘကို အပြစ်မြင်တာ မဟုတ်ဘူးနော်။ ဒဂုံမြို့သစ်မှာ မြေကွက်ကလေး တစ်ခု အဖတ်တင်တာက လွဲပြီး သားသမီးတွေ ခမျာ မြို့သစ်သူ မြို့သစ်သားတွေ ဖြစ်ရတာပဲ ပြောစရာ ရှိတယ်။ တခြား မကြည့် နဲ့မောင်၊ မောင့်ဖေဖေနဲ့ ကျွန်မ ဖေဖေကိုပဲ ယှဉ်ကြည့်၊ မောင့်ဖေဖေ ရထားတဲ့ ပညာ အရည်အချင်းနဲ့ ကျွန်မဖေဖေ ကြိုးစားထားတဲ့ ဘွဲ့တွေ အများကြီး ကွာခြားတာပေါ့။ ဒါပေမဲ့ လက်ရှိဂရပ် အရတိုင်းမယ်ဆို မောင့်ဖေဖေ လာရင် ကျွန်မ ဖေဖေက မျက်နှာ မော်ဖူးရမယ့် ကိန်းမျိုး။

အတွေး မများစေနဲ့မောင်။ ကျေးဇူးပြုပြီး မောင့်ဖေဖေလိုမျိုး မောင် ဖြစ်မသွားပါစေနဲ့။ ကျွန်မ အနေနဲ့ အဲဒီလို တည်နေရာ အကျယ်အ၀န်းမျိုးကို မမက်မောတာ အမှန်ပါမောင်၊ ကျွန်မ ချစ်သူဆီကို ဦးနှောက် အကူအညီ လာတောင်းခံ ကြတဲ့ နည်းယူကြတဲ့ လူမျိုးတွေနဲ့ပဲ ပတ်သက်စေချင်တယ်။ လက်တံအောက် ခိုဝင် ပြီး အင်အား သုံးတာမျိုး ကျွန်မ တစ်သက်လုံး မလိုလားဘူး။ အဲဒီလိုမျိုးအငွေ့ အသက်တွေနဲ့လည်း မောင်နဲ့ကျွန်မ မိသားစုကလေး မတည်ဆောက်ပါရစေနဲ့ မောင်။


ခေတ်ကို သေသေချာချာ နားစွင့်ပါမောင်။ နောင် ငါးနှစ်မှာ ဘာတွေဖြစ် လာမလဲ။
အဲဒါနဲ့ အတူ ဘာတွေ ပျက်သွားမလဲ ဆိုတာ ထည့်တွက်ရမယ် မောင်ရဲ့။ ကျွန်မတွေးထင်တာ မမှားဘူးဆိုရင် နောင်ငါးနှစ် နောင်ဆယ်နှစ်မှာ မောင့် ဖေဖေရဲ့ကိုယ်ရောင်ကိုယ်ဝါတွေ အသုံးမတည့်ဖြစ်သွားလိမ့်မယ်လို့ ကျွန်မခန့် မှန်းမိတယ်။ စိတ်မဆိုးနဲ့နော် မောင်၊ အဲဒီအခါကျရင် မောင်တို့သားသမီးတွေ မလုပ်တတ် မကိုင်တတ်နဲ့ သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာကလေးတွေလို...။

အဲဒါ ပြောတာပေါ့ မောင်ရယ်။ အဲဒီလိုမျိုးအခြေအနေမှာ မောင့်မိသားစုကို မောင်ဦးဆောင်နိုင်ရမှာပေါ့။ ကိုယ်ပိုင် စွမ်းရည်နဲ့လေ။ အဲဒီ အချိန်ကျရင် ကျွန်မလည်း မောင့်ဇနီးမယား ဖြစ်ချင် ဖြစ်နေမှာပေါ့။ လုပ်ပါ၊ ဘယ်လိုအခြေ အနေမျိုးပဲ ဖြစ်ဖြစ် အားလုံး လက်မဲ့ ဖြစ်သွားခဲ့ရင်တောင် ကျွန်မတို့ ကြိုးစား ကြတာပေါ့။ မြဲတဲ့ အမှန်တရား တစ်ခုအတွက် သက်သေပြရာလည်း ရောက်ပါလိမ့်မယ်။

မောင့်ကို ဖျက်လိုဖျက်ဆီး လုပ်တာ မဟုတ်ဘူးနော်။ ချစ်သူချင်း ရင်ဘတ်ထဲက နားလည်ပေးပါ။ အခု မောင့်အနောက်မှာ ကပ်နေတဲ့ အဆွယ်အပွား တွေ ကျွန်မ ခန့်မှန်းထားတဲ့ အချိန်မှာ မောင့်အနေ အထား ပျက်ယွင်း သွားတာနဲ့ အားလုံး ဖယ်ခွာ သွားကြမှာပဲ။ ရှေ့မှာ နမူနာတွေ အများကြီးပါ မောင်။ ကလင်ဒါကျတွေကို သေသေချာချာ ထွက်ချက်ကြည့်ပါ။

ဒါကြောင့် မောင့်ကို တကယ် လိုအပ်မယ့် အတတ်ပညာ တစ်ခုခု တတ်စေချင်တာပါ။ ဘ၀ ကို လက်တွေ့ အသုံးချလို့ရမယ့် အတတ်ပညာ အစစ် ကို ပြောတာနော်။ ကောင်းတော့မကောင်း ဘူးပေါ့ မောင်ရယ်။ မောင့်ဖေဖေရဲ့ လက်ရှိအနေ အထားနဲ့ဆို ဘယ်အရာမဆို သင်ယူဖို့ အခွင့်အလမ်း တွေ မောင့်အတွက် အသာလေးပါ။ မောင်သာ တကယ် တတ်မြောက်အောင် သင်ယူဖို့ လိုလိမ့်မယ်။ နောက်တစ်ခု ပြောချင်တာက အတန်းပညာနဲ့ ပတ်သက်လို့ပဲ မောင်၊ စာတတ်နဲ့ ပညာတတ် နည်းနည်း ကွာသလားလို့။ တကယ်တမ်း ပြောရရင် ပညာရေးနဲ့ ပတ်သက်ရင်လည်း မောင်ကျွန်မ ထက်နိမ့်ပါတယ်။

နောင်တ မရပါဘူး မောင်။ ကျွန်မ ကိုယ်၌လည်း စူးစူးနစ်နစ်ချစ်မိပြီပဲ။ ဒီတော့ ကျွန်မနောက်ဆုတ်မှာ မဟုတ်ပါဘူး မောင်။ ကျွန်မလိုချင်တဲ့ဘက်ကို မရမက ဆွဲခေါ် နေမှာပဲ။ ကုန်ကုန်ပြောရရင် မောင့်အုပ်ထိန်းသူတွေ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ မောင့်ဖေဖေနဲ့ မေမေက ကျွန်မကို နည်းနည်းမှ သဘောမကျတာ ကျွန်မ သိပါတယ်။ သိလျက်နဲ့ အရှက်နည်းနည်း ရှေ့ဆက်တိုးတယ်ဆိုရင်လည်း မောင့်ကိုချစ်လို့ မောင့်ကိုနှမြောလို့ လူတစ်ယောက်ကို ပြုပြင်ကြည့် ချင်လို့ လို့    ပြောရပါလိမ့်မယ်။ ကျွန်မ အစွမ်းအစကို ကိုယ်တိုင်ချ သုံးကြည့်ချင်တာလည်းပါတာ ပေါ့ မောင်ရယ်။ ရင်ဘတ်နဲ့ရင်းပြီးတော့နော်။

နောက်ထပ်ဘ၀တွေအတွက် ချစ်သူနဲ့စရာ မှာ မလိုတမာ ပြက်ရယ်ပြုစရာတစ်ချက်မှာ မရှိ ဘူး။
ဘ၀မှာ အိမ်ထောင် တစ်ခုတော့ မဖြစ်မနေ တည်ထောင်ကြရမယ်ဆိုရင် ရည်းစားထားတယ် ဆိုတဲ့ ခေါင်းစဉ်က အင်မတန် အရေးပါ အရာရောက် သွားပြီ။ အဲဒီရည်းစားဆိုတာကို အခြေတည်ပြီးကျန်တဲ့ သက်တမ်း တစ်ခုလုံး မောင်းနှင် သွားရမှာ။အဲဒီတော့ နေရင်လာမယ့် နေ့ရက်တွေအတွက် ကျွန်မရဲ့အခန်းကဏ္ဍက အထူး ဖြစ်သွားပြီ၊ သက် တမ်းအရတွက်ကြေးဆိုရင် မောင့်ဖေဖေ ကျွန်မ ဖေဖေတို့က အစောဆုံး ကြွေလွင့်ကြရမှာပါ။ ရောက်လာမယ့် အနာဂတ်ရက်စွဲ အားလုံး ကျွန်မ တို့နှစ်ယောက် ပခုံးပေါ်မှာ ရှိတယ်။

မောင်ရယ်။ မောင် ကျွန်မအနားကို ရောက်လာတုန်းက ဖြူဖြူစင်စင်၊ အူအူအအကလေးပါ။ သင်တန်း တစ်ခုမှာ ကားအကောင်းစားကြီး စီးလာတဲ့ မောင်က အညံ့ဆုံး၊ ကျွန်မက အကူအညီရဆုံး၊ ဒါကပဲ ကျွန်မတို့ နှစ်ယောက်ကို နီးစပ်သွားစေ တာပေါ့။ တကယ်တမ်း ကျတော့လည်း အဲဒီသင်တန်းက ပညာတွေကို အသုံးချတာလည်း မဟုတ်ဘဲနဲ့၊ မောင့်ဟာက ပေါ်ပြူလာ သက်သက် လာတက်တာမျိုးကြီး၊ ကျွန်မမှာ အဲဒီ ပညာကလေး ရဖို့ အလုပ်အချိန် တစ်ဝက်ကို ဖဲ့ပြီး ပြေးကာလွှားကာနဲ့ မောင်ရယ်၊ မောင်လိုက်ပို့ပေးတဲ့ မောင့်ကားကြီးကို မစီးရဲတာလည်း ပါသလို၊ မစီးချင်တာလည်း ပါတယ်မောင်။ ဒါနဲ့မောင်လည်း ဒုက္ခခံပြီးလိုင်း ကားတိုး စီးခဲ့ရပါလေရော။ ကျွန်မအပေါ် အဲဒီလို ချစ်ပေးတဲ့ မောင့်ကို ကျေးဇူးကမ္ဘာပါပဲ မောင် ရယ်။ ကျွန်မမောင့်ကို လှိုက်လှိုက်လှဲလှဲ ချစ်မိသွားတာ အဲဒါတွေလည်း ပါတယ်မောင်ရဲ့။

ကျွန်မတို့နှစ်ယောက် တပူးပူး တတွဲတွဲ အဖြစ်သည်းသွားတဲ့ အကျိုးဆက်က တစ်ဆင့်က နေ တစ်ဆင့် မောင့်ဖေဖေ နားပေါက်သွားတာပဲ မဟုတ်လား။ အဲဒီမှာ ကျွန်မကို တိုက်ရိုက် ပြောပါ့ လား မောင်ရယ်။ ကျွန်မ သူဌေးကို ဘာဖြစ်လို့ ဖိအား ပေးရတာလဲ။ ကျွန်မ အဲဒီဌာနမှာ ခိုကပ်နေရတဲ့ အကြောင်းရှိတယ် မောင်ရဲ့။ ကျွန်မ သင်ယူချင်တဲ့ ပညာတချို့က သူဆီကနေ သွားရမှာ။ ဒါပေမဲ့ ကျွန်မ အလုပ်ပြုတ်ခဲ့တယ်မောင်။

လူဆိုတာ မင်းသား မလုပ်ရတာနဲ့ ပတ်မကြီး ထိုးဖောက်မယ် မကြံစည်ရဘူး မောင်ရဲ့။ ကျွန်မ စိတ်ဆိုးလို့ ပြောတာ မဟုတ်ဘူးမောင်။ မောင်က အထင်ကြီး တလေးတစားနဲ့ အဲဒီလမ်း လိုက်မှာစိုး လို့ ခင်းကျင်းပြတာပါ။ ပြောလက်စနဲ့ မထူးပါ ဘူးမောင်ရယ်။ မောင်လက်လှမ်းမမီ စိတ်မ၀င်စားတဲ့ နိုင်ငံရပ်ခြား အသံလွှင့်ဌာနက သတင်း တစ်ခုကို ပြောပြမယ်၊ မြန်မာသတင်းနော်၊ မြန်မာနိုင်ငံမှာ တစ်ခါကသဘာဝ ဘေးအန္တရာယ် ဆိုးကြီး ဒေသတစ်ခုမှာ ကျရောက်တယ်။ သေလိုက်တာမှ သောက်သောက်လဲမောင်ရယ်။ မောင်လည်း နားစွန်နားဖျားလောက်တော့ ကြားမှာပေါ့။ အဲဒီ ဒုက္ခသည်တွေနေရာကို  မောင့်ဖေဖေ အရင်ဆုံး ရောက်သွားရမှာ။ မောင့် ဖေဖေ အဲဒီဇာတိ၊ အဲဒီမှာကြီး၊ အဲဒီကထွက်တဲ့ ထမင်းကိုစား အဲဒီနေရာက ကျောင်းမှာစာသင်၊ အဲဒီကရေကို သောက်ခဲ့ရတာလေ။ ဒါပေမဲ့ သူများတွေ ရောက်ပြီး အခြေအနေတည်ငြိမ်မှ မောင့်ဖေဖေ ရောက်သွားခဲ့တယ်။ အဲဒီအချိန်အထိ အလောင်းတွေကို ကုန်စင်အောင် မဖယ်ရှားနိုင်သေးဘူး မောင် ရဲ့။ ဒါကိုမောင့်ဖေဖေက သူ့နောက်လိုက်နောက်ပါတွေ မြေမြုပ်သင်္ဂြိုဟ် ပေး ရအောင်လို့ အကြုံပြုတာကို ဘာပြန်မိန့်တယ်မှတ်လဲ။

“ထားလိုက်ကွာ...”ဘာညာဆိုပြီး တာဝန် မဲ့ပြောသွားတယ်။ လူဆိုတာ ကိုယ်နဲ့ချိန်ပြီး တွေးရတယ်။ လူ့စိတ်ရှိမှ လူပီသတော့မပေါ့။ မဆီမဆိုင် ကျွန်မအသည်းတွေ ဆတ်ဆတ်ခါခဲ့ရတယ် မောင်။ ကျွန်မက ရန်ကုန်သူ၊ အဲဒီအထဲမှာ ကျွန်မအမျိုးအဆွေ တစ်လောင်းမှ မပါဘူး။ နောင်တစ်ချိန်မှာ ဒီပတ်ဝန်းကျင်က ကိုယ့်ကို အကျိုးပြုမယ်ဆိုတာမျိုး တွေးပြီး လုပ်ပေးခဲ့ရင်တောင် လျှော့ပေါ့ပြီး ကျွန်မ စဉ်းစားပေးလို့ရတယ်။

ဖြစ်ချင်တော့ ကျွန်မချစ်သူက အဲဒီလူရဲ့သားတဲ့။ မောင်ရယ် စိတ်ဓာတ် ကလေးဖြူဖြူစင်စင်နဲ့ လူပီသအောင်နေမယ်ဆိုရင် ဘ၀က မတင့်တယ်စရာ အကြောင်း မရှိပါဘူး။ အမှီအတွယ် အရိပ်အာဝါသဆိုတာ မှတ်တမ်းအချက် အလက်တွေနော်။ ကိုယ့်စွမ်း ကိုယ်စနဲ့ ကိုယ့်ဦးနှောက်ကို အမှန်တကယ် အသုံးချ လိုက်စမ်းပါ။ အဲဒီအတွက် ကျွန်မ ဘာလုပ်ပေးရမလဲ။

ဖြစ်ခဲ့ပြီးတာတော့ အပြစ်ပြောမနေတော့ပါဘူး မောင်။ ကျွန်မမောင့်ကို အရမ်းချစ်တယ်။ အဲဒီအတွက် ကျွန်မမောင့်ကို မရမကဆွဲခေါ်မယ်။ အခုချိန်မှာ မောင်နားမလည်သေးရင်တောင် သေချာပေါက် အမှန်တရား တစ်ခုဖြစ်နေလို့ ကျွန်မလုပ်ရပ် ကျွန်မယုံကြည်တယ် မောင်။

ကျွန်မတို့က လူငယ်တွေပါ မောင်ရယ်။ ဒါပေမဲ့ အတွေးအမြင် နုံချာတဲ့ ကလေးတွေတော့ မဟုတ်ဘူး။ မောင့်မှာ မောင်နဲ့ထိုက်သင့်တဲ့ အရည်အသွေး တွေ ရှိနေတယ်ဆိုတာ ကျွန်မသိသလို ကျွန်မမှာလည်း ကျွန်မနဲ့ထိုက်သင့်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေတယ်ဆိုတာ ယုံစေချင်တယ်။ အဓိကအားဖြင့် မောင့်ဖေဖေ၊ မောင့်မေမေလည်း သိစေချင်ပါတယ်။ ဒီလိုပဲမောင့်အနေအထား နဲ့ မောင်ဒီလောက်ကလေး ဖြစ်နေတာကို ချင့်ချိန်တွက်ဆမယ်ဆိုရင်ပေါ့။ အနာဂတ်ချင်းယှဉ်ချင်သလို ယှဉ်၊ ကျွန်မဘက်က စိန်ခေါ်ရဲတယ်။ ဒါကို။

“ဒီမယ်ကလေးမ တန်ရာတန်ရာ လုပ်ပါ။ မနှောင့်ယှက် မဖျက်ဆီးပါ နဲ့”

အဲဒီဖုန်းတစ်ကောလ်ကို ကျွန်မနားနဲ့ ဆတ်ဆတ် လက်ခံရချိန်မှာ ကျွန်မ အသက်ရှူ ရပ်သွားသလား မသိဘူးမောင်။ “တန်ရာ၊ တန်ရာ”ဆိုတဲ့ စကားလုံး နဲ့ ပတ်သက်ပြီး ကျွန်မ ဒီလောက် မထိခိုက် မရှနာဘူးမောင်၊ လက်ရှိပြယုဂ် အတိုင်း ချိန်တွက်မယ်ဆို မောင့်မေမေ သဘောထားက မှန်သင့်သလောက် မှန်ပါလိမ့်မယ်။ “မနှောင့်ယှက် မဖျက်ဆီးပါနဲ့”ဆိုတာကတော့ လွန်လွန်းမက လွန်လွန်းသွားပြီ။ မောင့်ကို ကျွန်မချစ်နေတာ၊ ကျွန်မ မောင့်ကိုပြုပြင်နေတာ မောင့်အနာဂတ်ကောင်းရာကောင်းကျိုးနည်းလမ်းတွေကို ချိန်တွက်ပြီးလမ်းခင်း ပေးနေတာ။ အရိပ်မည်းတွေ အောက်ကလွတ်ကင်းပြီး အမှန်တကယ်အဖိုး တန်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်စေချင်နေတာ။

အခုတော့ ကျွန်မ ဆုံးဖြတ်လိုက်ပြီမောင်။ ကျွန်မ နောက်ကို ဖြစ်တဲ့နည်း သုံးပြီး မရမက ဆွဲခေါ်တော့မယ်လို့။

အဲလိုထူး
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)